Thursday, November 5, 2009

အမေရိကန်ကိုယ်စားလှယ် ၂ဦး (ကာ့တ် ကမ်းဘဲလ် နှင့် စကော့ မာစီယယ်) တွေ့ဆုံမှု မှတ်တမ်း

( ၄ နိုဝင်ဘာ။ ၂၀၀၉)

၁။ နိုဝင်ဘာလ ၄ ရက်၊ နံနက်တွင်၊ နေပြည်တော်၌၊ ၀န်ကြီးချုပ်သိန်းစိန်နှင့် ၁နာရီခွဲကြာ တွေ့ဆုံစကား ပြောကြသည်။

၂။ ၄င်းနောက်၊ အမေရိကန်ကိုယ်စားလှယ်များသည် ရန်ကုန်သို့ လေယာဉ်ဖြင့် ထွက်ခွာလာပြီး၊ ရန်ကုန်မြို့၊ အင်းယားကန် ဟိုတယ်၌၊ ဒေါ်အောင်ဆန်း စုကြည်နှင့် နံနက် ၁၁နာရီ ၄၅ မိနစ်မှ နေ့လည် ၁နာရီ ၄၅ မိနစ်ထိ၊ ၂ နာရီ ကြာ တွေ့ဆုံ စကားပြောခဲ့သည်။

၃။ ထို့နောက် အမေရိကန်ကိုယ်စားလှယ်များသည် အမေရိကန် စင်တာ၌ တိုင်းရင်းသား ခေါင်းဆောင်များနှင့် နေ့လည်စာ စားရင်း ၁နာရီကြာ တွေ့ဆုံ စကားပြောကြသည်။ တိုင်းရင်းသား ခေါင်းဆောင် ၈ ဦး တက်ရောက်ခဲ့သည်။ ၄င်းတို့မှာ---
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)မှ အဖွဲ့ဝင် ၄ဦး ဖြစ်သည့်
၁။ မွန်အမျိုးသားဒီမိုကရေစီတပ်ဦး ( MNDF) မှ နိုင်ထွန်းသိန်း
၂။ ဇိုမီးအမျိုးသားကွန်ဂရက် (ZNC) မှ ပုကျင့်ရှင်းထန်
၃။ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ဦးအေးသာအောင်
၎။ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ စိုင်းစိုးအောင် နှင့်
အခြား ၄ ဦးမှာ
၁။ ဦးရွှေအုန်း (၀ါရင့်ရှမ်းနိုင်ငံရေးသမားဟောင်းကြီး၊ ယခု ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် စီစဉ်နေ)
၂။ ဒေါက်တာ ဆဗွိုင်းဂျွန် (ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်)
၃။ ဒေါက်တာ ရီဘက်ကာသာ ( ကရင်ငြိမ်းချမ်းရေး အကျိုးဆောင်၊ ဒေါက်တာ စောဆိုင်မွန်သာ၏ ဇနီး)
၎။ ဦးမျိုးသန့် (ရိုဟင်ဂျာ)
တို့ဖြစ်ကြသည်။

၎။ ၃နာရီ၃၀မီးနစ်တွင် အမေရိကန်ကိုယ်စားလှယ်များသည် အဖွဲ့ချုပ် ရုံးသို့ သွားရောက်ခဲ့ပြီး ဗဟို အလုပ်အမှု ဆောင် ၆ ဦးနှင့် ၁နာရီကြာ တွေ့ဆုံ စကားပြောကြသည်။ တက်ရောက်လာသည့် ဗဟို အလုပ်အမှုဆောင် ၆ ဦးမှာ ၁။ ဦးဝင်းတင် ၂။ ဦးညွန့်ဝေ ၃။ ဦးလှဖေ ၄။ ဦးသန်းထွန်း ၅။ ဦးစိုးမြင့် ၆။ ဦးခင်မောင်ဆွေ တို့ဖြစ်ကြပြီး ဦးဟံသာမြင့်က စကားပြန်အဖြစ် ဆောင်ရွက်သည်။

၅။ ညနေ ၅နာရီတွင် အမေရိကန်ကိုယ်စားလှယ်များသည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (NUP) မှ ခေါင်းဆောင်များနှင့်လည်း ၄င်းတို့၏ ဌာနချုပ်ရုံး၌ ၁နာရီကြာ တွေ့ဆုံ စကားပြောကြသည်။

၆။ ကာ့တ်ကမ်းဘဲလ်သည် ရန်ကုန်မှ မထွက်ခွာမီ အမေရိကန် သံရုံးမှ တဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တွေ့ဆုံပွဲနှင့်ပတ်သက်သည့် အဖြစ်အပျက်များ

၁။ နိုဝင်ဘာလ ၂ရက်နေ့က ရဲအထူးသတင်းထပ်ဖွဲ့ (Special Branch) အရာရှိများသည် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေအိမ်သို့ ရောက်ရှိလာပြီး၊ အမေရိကန် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် အဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင် ၄ဦး ကိုသာ ခွင့်ပြုမည် ဖြစ်ကြောင်း၊ ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေကို တွေ့ဆုံမည့် စာရင်းမှ ဖယ်ပေးရန် တောင်းဆိုခဲ့ရာ၊ ဦးအောင်ရွှေက ဗဟို အလုပ်အမှုဆောင် ၆ ဦးစလုံး တွေ့ခွင့် မပေးလျှင် အဖွဲ့ချုပ် အနေဖြင့် အမေရိကန် ကိုယ်စားလှယ်များနှင့် လုံးဝ တွေ့မည် မဟုတ်ကြောင်း ငြင်းဆန် ပြောဆိုခဲ့သည်။

၂။ အမေရိကန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် KIO က ဒေါက်တာ ဆဗွိုင်းဂျွန်အား အဖွဲ့ကိုယ်စား နေပြည်တော်သို့ လွှတ်ခဲ့ကြောင်း ဧရာဝတီ မဂ္ဂဇင်းက ထုတ်ပြန်ခဲ့သည့် သတင်း အချက်အလက်သည် မမှန်ကန်ကြောင်း ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) မှ အရာရှိများက ငြင်ဆန်လိုက်ပြီး၊ ဒေါက်တာ ဆဗွိုင်ဂျွန်သည် KIO ကို ကိုယ်စား မပြုကြောင်း KIO က အခိုင်အမာ ထပ်လောင်း ပြောဆို လိုက်သည်။

၃။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏တောင်းဆိုချက် အရ ကာ့တ်ကမ်းဘဲလ် နှင့် မတွေ့မီတွင် ဒေါ်အောင်ဆန်းစု ကြည်နှင့် ဗဟို အလုပ်အမှုဆောင် များအား တွေ့ခွင့်ပေးမည်ဟု စစ်အစိုးရက ကမ်းလှမ်းခဲ့သည်။ သို့သော် စစ်အစိုး ရက နေအိမ် အကျယ်ချုပ် ကျခံနေရသော အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအား အစည်းအဝေးတွင် တက်ရောက်ခွင့် မပြုသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်က ဤကမ်းလှမ်းချက်ကို ပယ်ချခဲ့သည်။

၎။ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များနှင့် တွေ့ဆုံစဉ်က ၄င်းအနေဖြင့် မကြာမီ ပြန်လာမည် ဖြစ်ကြောင်း၊ ၄င်းတို့၏ ပြောဆို ဆွေးနွေးချက်များကို သတင်း ဌာနများသို့ သတင်း မထုတ်ပြန်ရန် ဆက်လက် လျှို့ဝှက် ထိန်းသိမ်းထားရန် ကာ့တ်ကမ်းဘဲလ်က ပြောဆိုခဲ့သည်။

၅။ ကာ့တ်ကမ်းဘဲလ်နှင့်တွေ့ဆုံမှုကို ၄င်းတို့အနေဖြင့် ကျေနပ်မိကြောင်း၊ အမေရိကန် အနေနှင့် တိုင်းရင်းသားလူ နည်းစုများ၏ အခြေအနေကို အလေးထား ဂရုစိုက်သည်ဟု ထင်မြင်ကြောင်း UNA ခေါင်းဆောင်များက ပြောဆိုသည်။

၆။ ညနေတွင် အဖွဲ့ချုပ်က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီး ကြေညာချက် ထုတ်ပြန်ခဲ့သည်။




Ref: ၀ိမုတ္တိ

0 comments:

အပေါ်သို့