Friday, December 24, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် စကားဝိုင်း မြန်မာပြန် အနှစ်ချုပ်

Dec 24, 2010

မြန်မာ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက် ဆက်သွယ် စကားပြောခြင်း အစီအစဉ် တခုကို အယ်လ်ဂျာဇီးယား ရုပ်သံမှ ဒီဇင်ဘာ ၂၂ ရက် (ဗုဒ္ဓဟူးနေ့) ဂရင်းနစ် စံတော်ချိန် မနက် ၁၂ နာရီ ၃၀ မိနစ်၊ ဒီဇင်ဘာ ၂၃ ရက် (ကြာသပတေးနေ့) ဂရင်းနစ် စံတော်ချိန် နေ့လည် ၁၂ နာရီ ၃၀ မိနစ်၊ ည ၇ နာရီတွင် ထုတ်လွှင့် ပြသကြောင်း သိရှိရပါတယ်။

အဲဒီအစီအစဉ်ကို လန်ဒန် စီးပွားရေးကျောင်း (School of Economic) တွင် ရိုက်ကူးခဲ့တာ ဖြစ်ကာ ကျောင်းသားပေါင်း ၄၀၀ ပါဝင် ကြည့်ရှု ဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှနေ အင်တာနက်က တဆင့် တိုက်ရိုက် ရုပ်သံနဲ့ ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒီ အစီအစဉ် အတွက် ဒီမိုကရက်တစ် မြန်မာ့ အသံက အကူအညီ ပေးခဲ့ပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး တိုက်ရိုက် ရုပ်သံ မေးမြန်းမှု ထုတ်လွှင့်ခြင်း ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို `ဆုံးဖြတ်ချက်ရဲ့ လမ်းဆုံမှာ - ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခြင်း ( At the Crossroads: Dialogue with Aung San Suu Kyi)’ လို့ အမည်ပေးထားပြီး အစီစဉ်မှုး အဖြစ် ဗရော်နီကာ ပက်ဒရိုဇာ (Veronica Pedrosa) က ဆောင်ရွက်ကာ လန်ဒန် စီးပွားရေးကျောင်းတွင် သုတေသန ပညာရှင်အဖြစ် ဆောက်ရွက်နေတဲ့ ဒေါက်တာဇာနည်၊ လန်ဒန် စီးပွားရေးကျောင်း ပါမောက္ခ တဦးဖြစ်ပြီး Global Governance အဖွဲ့ရဲ့ တွဲဘက် ဒါရိုက်တာအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ မယ်ရီ ကယ်ဒေါ (Mary Kaldor) နဲ့ ဗြိတိန် ဂါးဒီးယန်း သတင်းစာ ပုံမှန်ကလောင်ရှင်၊ သမိုင်းသုတေသီ၊ နိုင်ငံရေး ဝေဖန်သုံးသပ်သူ တင်မသီ ဂါတွန် အက်ရှ် (Timothy Garton Ash) တို့လည်း ပါဝင် ဆွေးနွေးခဲ့သည်။

ထိုဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေး၊ စီးပွားရေး ပိတ်ဆို့မှု အပါအဝင် မြန်မာ့အရေး ဆိုင်ရာ ကိစ္စ အတော်များများကို ဆွေးနွေး သွားခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ရှေးဦးစွာ ဗရော်နီကာ ပက်ဒရိုဇာက အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မေးမြန်း သွားသလို ဒေါက်တာဇာနည်က စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ အဲဒီနောက် မယ်ရီ ကယ်လ်ဒေါ က နိုင်ငံတကာ ပြည်သူတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကွန်ယက်တွင် ဘယ်လို ပါဝင်နိုင်မလဲ ဆိုတဲ့ အချက်ကို မေးမြန်းကာ တင်မသီ ဂါတွန် အက်ရှ် ကတော့ မြန်မာ စစ်အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့ အမှုတွေကို စုံစမ်း စစ်ဆေးမယ့် ကိစ္စကို မေးမြန်းခဲ့ပါတယ်။ ထို့နောက် ဗရော်နီကာ ပက်ဒရိုဇာက စည်းလုံးမှု တည်ဆောက်ပြီး ပြောင်းလဲမှုကို လုပ်နိုင်မလားလို့ မေးမြန်း သွားပါတယ်။ ဒါ့အပြင် မန္တလေးတွင် မွေးဖွားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းနဲ့လည်း သိကျွမ်း ရင်းနှီးသူ ၁၉၉၈ စီးပွားရေး နိုဘယ်လ်ဆုရှင် အမာတီရာစန် (Amartya Sen) က ဒေါ်အောင်ဆန်းစုကြည် ခင်ပွန်း မကွယ်လွန်မီက တွေ့ဆုံ ကြုံခဲ့ရပုံများကို ပြောပြခဲ့ပါတယ်။ အဲဒီနောက်တက်ရောက်လာကြတဲ့ ကျောင်းသားများက မေးခွန်းများကို မေးမြန်းသွားရာ မြန်မာ ရိုဟင်ဂျာ အဖွဲ့က ဦးထွန်းခင်လည်း ပါဝင် မေးမြန်းခဲ့ပါတယ်။

အခုလို မေးမြန်းမှုများအား ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဖြေကြားခဲ့ပုံများကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖေါ်ပြလိုက်ပါတယ်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး

ကျမတို့အနေနဲ့ အမြဲတမ်းပဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ယုံကြည်ပါတယ်။ မြန်မာပြည်မှာ လိုက်လျော ညီထွေမှု မရှိတဲ့ အမြင် နှစ်ခု ရှိပါတယ်။ ကျမတို့က ပြောင်းလဲမှု လုပ်ချင်ပါတယ်။ စစ်အာဏာပိုင် တွေကတော့ ပြောင်းလဲမှု မလုပ်ချင်ပါဘူး။ ဒါဟာ အဓိက ပြဿနာ ဖြစ်ပါတယ်။ ကျမတို့က မလွတ်လပ်တဲ့ ဘ၀ကနေ လွတ်လပ်ခြင်းကို ပြောင်းလဲ ချင်ပါတယ်။ ကျမတို့ မြန်မာ စစ်အစိုးရနဲ့ အတူတူ ပြောင်းလဲမှုတွေ လုပ်ချင်ပါတယ်။

စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ

ရွေးကောက်ထားတဲ့ ဒီမိုကရေစီကို မလိုချင်ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားပါတယ်။ ဒါဟာ တွေ့ဆုံ ဆွေးနွေးရေး ကိုပဲ ပြန်ရောက် သွားပါတယ်။ တွေ့ဆုံ ဆွေးနွေးတဲ့ အခါ ဒီမိုကရေစီ ဆိုတာကို ဘယ်လို မြင်သလဲဆိုတာ အမြင် ဖလှယ်ကြရပါမယ်။ သူတို့ အနေနဲ့ ဒီမိုကရေစီ တခုခုကို လိုလားတဲ့ သဘော မြင်ရပါတယ်၊ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီပုံစံ ဆိုပါစို့။ ကျမတို့က ပြောပြ ချင်ပါတယ်၊ ကျမတို့ ဘာကို မျှော်လင့်သလဲ ဆိုတာကို။

စီးပွားရေး ပိတ်ဆို့မှု

စီးပွားရေး ပိတ်ဆို့မှုဟာ မြန်မာပြည်သူတွေရဲ့ လူသားချင်းဆိုင်ရာ အကူအညီ တွေနဲ့ ပတ်သက်ပြီး ဘာမှ မသက်ဆိုင် ဘူးလို့ ထင်ပါတယ်။ လူသားချင်း ဆိုင်ရာ အကူအညီ ပတ်သက်ပြီး ကျမတို့ ပြောတဲ့အခါ ပွင့်လင်း မြင်သာမှု ရှိရမယ်၊ တာဝန်ခံမှု တာဝန်ယူမှု ရှိရတယ်၊ လွတ်လပ်စွာ လေ့လာ စောင့်ကြည့်မှု ရှိရမယ်လို့သာ ပြောတာပါ။ ကျမတို့ လူသားချင်း ဆိုင်ရာ အကူအညီတွေကို ဘယ်တုန်းကမှ ပိတ်ဆို့ မထားပါဘူး။ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်ဟာ အစိုးရ အသုံးစရိတ်ရဲ့ ငါးရာခိုင်နှုန်း အောက်မှာပဲ ရှိတယ် ဆိုတာကို ကြည့်ရင် လူသားချင်း ဆိုင်ရာ အကူအညီတွေ ရဖို့ဆိုတာဟာ စီးပွားရေး ပိတ်ဆို့မှုကို ပြောတာထက် အစိုးရမူဝါဒကို ပြောတာက ပိုကောင်းမယ် ဆိုတာကို စဉ်းစား ကြည့်နိုင်ပါတယ်။

နိုင်ငံတကာပြည်သူတွေအနေနဲ့ ဘယ်လို ကူညီနိုင်မလဲ

အားလုံးအနေနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲမှာ သက်ဆိုင်သူတွေ အားလုံး ပါဝင်ဖို့ ကိစ္စကို တောင်းဆို စေလိုပါတယ်။ ဒါဟာ ပထမဆုံး ခြေလှမ်း ဖြစ်ပြီး အခုပဲ တောင်းဆို စေလိုပါတယ်။ နိုင်ငံရေးမှာ အားလုံး ပါဝင်ဖို့ဆိုရင် ပထမအဆင့် အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ဖို့ လိုအပ်ပါတယ်။ မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲလိုသူ ကမ္ဘာသားတွေ အားလုံး အနေနဲ့ ဒီ အချက် အပေါ်မှာ ရပ်တည် စေလိုပါတယ်။ အခုအချိန်ဟာ ကျမတို့အနေနဲ့ အဲဒီအချက်ကို စတင် လုပ်ဆောင် နေပါတယ်။ ကျမတို့ အနေနဲ့ လက်တွေ့ ကျတဲ့ တိုးတက်မှု ရလိမ့်မယ်လို့ ယူဆပါတယ်။

စစ်အစိုးရရဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးရေးကော်မရှင် နဲ့ စစ်ဆေးဖို့

ပါမောက္ခ ကင်တားနားက ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ တောင်းဆိုတယ်လို့ ကျမ ထင်ပါတယ်။ ဒါဟာ လိုအပ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အဲဒီ အတွေးအခေါ်ကို ထောက်ခံပါတယ်။ ဒါဟာ စုံစမ်း စစ်ဆေးဖို့ တောင်းဆိုတာပါ။ တချို့လူတွေ ထင်နေတဲ့ စစ်ဗိုလ်ချုပ်တွေကို စွဲချက်တင် တရားစွဲဖို့ ဆိုတာနဲ့ ကွဲကွဲပြားပြား သိစေလိုပါတယ်။ မြန်မာပြည်က လူ့ အခွင့်အရေး အခြေအနေတွေ ပြောင်းလဲဖို့ အတွက် ဆိုရင် ကမ္ဘာ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ ပါမောက္ခ ကင်တားနားက ယူဆပါတယ်။

စည်းလုံးညီညွတ်မှု

ကျမတို့ ဘာတွေ ကြိုးစားပြီး လုပ်ကိုင်ချင်သလဲဆိုတော့ တိုင်းရင်းသားများရဲ့ ပြင်းပြတဲ့ ဆန္ဒ၊ မျှော်လင့်ခြင်းတွေနဲ့ ဦးတည်ချက် တခုကို သွားပြီး အဲဒီ ပြင်းပြတဲ့ ဆန္ဒတွေကို အခြေခံတဲ့ ပြည်ထောင်စု စိတ်ဓါတ် တခုကို တည်ဆောက် ရမှာပါ။ ဆွေးနွေးမှုတွေ၊ တွေ့ဆုံပွဲတွေ အများကြီး လုပ်နေပါတယ်။ ကျမတို့ကို တိုင်းရင်းသား အဖွဲ့ အများအပြားက ထောက်ခံ နေပါတယ်။ ပိုမို ကျယ်ပြန့် လာအောင်လည်း ကြိုးစား နေပါတယ်။ အားလုံး ပါဝင်ရမယ် ဆိုတာ ဒီကနေ့ ကျမတို့ ပြောနေတဲ့ အချက် ပါ။ အားလုံး ပါဝင်ရမယ် ဆိုတာက တိုင်းရင်းသားတွေတင် မကပါဘူး၊ မြန်မာပြည်က နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်သူ အားလုံး ပါဝင်ပါတယ်။

နောက် ဆယ်နှစ်အကြာ မြန်မာပြည်ကို ဘယ်နေရာမှာ မြင်လိုပါလဲ

ကျမကတော့ ဒီနေရာမှာပဲ ရှိမှာပါ။ နိုင်ငံရေးအရ ဘယ်နေရာမှာ ရှိမလဲ ဆိုရင်တော့ ကျမအနေနဲ့ ရုပ်ခန္ဓာ အရ ဒီနေရာမှာ ရှိနေပေမယ့် မျှော်လင့် တာကတော့ ကျမတို့ ဒိထက် အများကြီး အရှေ့ကို ရောက်နေမှာပါ။ ဆယ်နှစ်အကြာ ကျရင် ကျမ အနေနဲ့ ရဲရင့်တဲ့ မြန်မာ လူငယ်တွေအတွက် သူတို့ မျှော်လင့်တဲ့ လွတ်လပ်ခြင်းနဲ့ လုံခြုံခြင်းတွေ ပြည့်စုံတဲ့ မြန်မာပြည်မှာ ပျော်ရွှင်စွာ နေထိုင်နိုင်ကြမယ်လို့ မြင်လိုပါတယ်။

အခု ဖော်ပြခဲ့တာတွေကတော့ ဆွေးနွေးမှုတွေကို ပြန်လည် ဖြေကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေတချို့ ဖြစ်ပါတယ်။ အခုလို ဖော်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးမှုကို အပြည့်အစုံ ဘာသာပြန်ဖော်ပြခြင်း မဟုတ်ဘဲ အဓိက အချက်များ ကိုသာ ကောက်နှုတ်ပြီး အဓိပ္ပါယ် ခြုံငုံအောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။


Ref: Burma Today

0 comments:

အပေါ်သို့