Friday, December 24, 2010

ကုလ အနုမြူ စောင့်ကြည့်ရေးအဖွဲ့က စစ်ဆေးခွင့်ပေးရန် စစ်အစိုးရကို တောင်းဆို

သောမတ်စ်မောင်ရွှေ
ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကုလသမဂ္ဂ၏ အနုမြူ စောင့်ကြည့်ရေးအဖွဲ့ကြီး ဖြစ်သော အပြည်ပြည်ဆိုင်ရာ အနုမြူ စွမ်းအင် အေဂျင်စီ (IAEA) က မြန်မာနိုင်ငံတွင် အနုမြူ စက်ရုံများ ရှိနေသည်ဟု စွပ်စွဲ ပြောဆိုခြင်း ခံနေရသော နေရာများသို့ လာရောက် စစ်ဆေးခွင့် ပြုပါရန် မြန်မာ စစ်အစိုးရကို မကြာသေးမီက စာရေးသား တောင်းဆိုခဲ့သည်ဟု အမည် ဖော်ပြမထားသော အမေရိကန် အရာရှိများကို ကိုးကားပြီး ဝေါလ်စထရိ ဂျာနယ်က ရေးသားသည်။

`မြန်မာနိုင်ငံ မြောက်ပိုင်းရှိ စက်ရုံများတွင် အနုမြူ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းမှုများ ရှိနေသည် ဟူသော စွပ်စွဲချက် အပေါ် ရှင်းလင်းမှုများ လုပ်ပေးပါရန်´ မြန်မာနိုင်ငံ အစိုးရသို့ ယခင်စာနှစ်စောင် ပေးပို့အပြီး ယခု တဖန် အိုင်အေအီးအေ ကာကွယ် လုံခြုံရေးဌာန အကြီးအကဲ Herman Nackaerts က ထပ်မံ ပေးပို့ အကြောင်းကြား ခဲ့သည်ဟု အဆိုပါဂျာနယ်က အမေရိကန် အရာရှိများကို ကိုးကား ဖော်ပြခဲ့ပါသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အနုမြူလက်နက် မပြန့်ပွားရေး စာချုပ်ကို လက်မှတ် ရေးထိုးထားသော နိုင်ငံတနိုင်ငံ ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ရှိသည်ဟု စွပ်စွဲ ပြောဆိုနေကြသော အနုမြူ စက်ရုံနေရာများသို့ စစ်ဆေး ကြည့်ရှုခွင့် ပေးရန် အိုင်အေ အီးအေက မေတ္တာရပ်ခံပိုင်ခွင့် ရှိပါသည်။ သို့သော် နိုင်ငံတကာ ဥပဒေများအရ အဆိုပါ မေတ္တာရပ်ခံချက်များကို မြန်မာနိုင်ငံက ငြင်းပယ်ခွင့်လည်း ရှိပါသည်။

အိုင်အေအီးအေ၏ ယခုနောက်ဆုံးစာသည် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့အကြား အနုမြူဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေ၍ အမေရိကန် အစိုးရက စိုးရိမ် ပူပန်နေသည် ဟူသော သတင်းများပါသည့် လျှို့ဝှက် ကြေးနန်းများကို ဝီကီလိ ဝက်ဘ်ဆိုက်က ထုတ်ပြန် ခဲ့ပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

မသင်္ကာဖွယ် ပစ္စည်းအများအပြားကို မကွေးတိုင်း မင်းဘူးအနီးရှိ အနုမြူဓာတ်အားပေး စက်ရုံ ဆောက်လုပ် နေသည်ဟု ကောလ ဟလများ ထွက်ပေါ်နေသည့် နေရာသို့ သယ်ဆောင်နေကြောင်း သတင်းရင်းမြစ် တခုက ရန်ကုန်ရှိ အမေရိကန် သံရုံးသို့ ပြောကြား ခဲ့သည်ဟု အဆိုပါ ကြေးနန်းတွင် ဖော်ပြထားသည်။

အဆိုပါကြေးနန်းများတွင် ရန်ကုန်ရှိ သြစတြေးလျ သံအမတ် မီရှဲလ်ချန်းကိုလည်း မြန်မာအစိုးရ အရာရှိတဦးက `မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံတို့ရဲ့ ဆက်ဆံမှုဟာ သမရိုးကျ လက်နက်များ အတွက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံတွင် ကြာမြင့်စွာ ဖြစ်ပေါ်နေခဲ့သည့် လျှပ်စစ်ဓာတ်အား မလုံလောက်သည့် ပြဿနာကို ဖြေရှင်းရန် ရည်ရွယ်သည့် ငြိမ်းချမ်းစွာ အနုမြူစွမ်းအင် အသုံးပြုရေးလဲ ပါဝင်ကြောင်း´ လွန်ခဲ့သော သြဂုတ်လက ပြောဆိုခဲ့သည်ဟုလည်း ဖော်ပြထားသည်။

သို့သော် ထူးထူးခြားခြားပင် အထက်ပါ ပြောဆိုချက်ကို အဆိုပါသတင်းရင်းမြစ်က ပြန်လည် ရုတ်သိမ်း သွားခဲ့ပြီး မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံအကြား အနုမြူ အစီအစဉ်တရပ် အမှန်စင်စစ် လုပ်ကိုင်နေခြင်း မရှိကြောင်း ပြောဆိုသွားခဲ့သည်ဟု နောက်ပိုင်း ပေးပို့သော ကြေးနန်းများတွင် ဆက်လက် ဖော်ပြခဲ့သည်။

ဤသို့ပထမပြောဆိုချက်ကို ပြန်လည် ရုတ်သိမ်းသွားမှုကို တုံ့ပြန်သည့် အနေဖြင့် ရန်ကုန်ရှိ အမေရိကန် သံရုံး၏ ဝန်ထမ်း တဦးက လွန်ခဲ့သည့် နိုဝင်ဘာလက ကောက်ချက်ချရာတွင် `လိုရင်းအချက် - မြန်မာ အစိုးရနှင့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများသည် ဆက်လက်၍ လျှို့ဝှက်နေဆဲပင် ဖြစ်သည်။ တခုခု ဖြစ်ပွား နေသည်မှာတော့ သေချာသည်။ အဆိုပါ တစုံတခုတွင် အနုမြူ လက်နက်များလည်း ပါဝင်ပြီး သံရုံးက အစီရင်ခံရမည့် အထူးဦးစားပေး အဆင့်အတန်းတွင် ဆက်လက် ရှိနေသည်´ ဟု ရေးသားထားသည်။

ပေါက်ကြားလာသော ရန်ကုန်အမေရိကန်သံရုံးက ၂၀၀၄တွင် ပို့ခဲ့သော ကြေးနန်းများတွင် `မြောက်ကိုးရီးယား ပညာရှင် များသည် မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက် (SAM) များ တပ်ဆင် ထုတ်လုပ်နေပြီး မကွေးတိုင်းအတွင်း စစ်ဘက် တနေရာတွင် မြေအောက် အဆောက် အဦးများကိုလည်း တည်ဆောက်နေသည်´ ဟု ရေးသားထားသည်။

နယူးဒေလီသို့ ၂၀၀၄ အတွင်း လာရောက်လည်ပတ်ခဲ့ကြသော မြန်မာစစ် အာဏာရှင် ဦးသန်းရွှေ၏ ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်ခဲ့သူများက `အမေရိကန်က အာရုံ စိုက်လာအောင် အနုမြူ လက်နက် ပိုင်ဆိုင်ရေး လုပ်ရရင် ကောင်းမလားလို့ သူတို့ တွေးနေကြောင်း´ အိန္ဒိယအစိုးရကို ပြောကြားခဲ့သည် ဟု ယခင်အပတ်က ထုတ်ပြန်ခဲ့သော ၂၀၀၄ နိုဝင်ဘာလက ပေးပို့ခဲ့သည့် အမေရိကန် သံတမန် ကြေးနန်းတွင် ရေးသားထားသည်။

ဒေလီရှိ အမေရိကန် သံရုံးမှ ပေးပို့ခဲ့သော အဆိုပါကြေးနန်းမှာ ဗိုလ်ချုပ်သန်းရွှေ ၂၀၀၄ အောက်တိုဘာလ အတွင်း အိန္ဒိယနိုင်ငံ မြို့တော်သို့ လာရောက် လည်ပတ်ခဲ့သည့် ခရီးစဉ်အကြောင်း အဆင့်မြင့် အိန္ဒိယသံတမန် တဦးက အမေရိကန် သံတမန်များကို ပြောပြခဲ့သည့် သတင်းများအပေါ် အဓိက အခြေခံ ရေးသားထားသည်။

အနုမြူ စီမံကိန်းတရပ် မြန်မာနိုင်ငံက လုပ်ဆောင်နေနိုင်ဖွယ်ရှိဟု အိုင်အေအီးအေ ညွှန်ကြားရေးမှူး ဟောင်းက ယုံကြည်

ပြည်ပရောက် သတင်းဌာနတခုဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ယခုနှစ် မေလက သတင်းတရပ် ထုတ်လွှင့် ခဲ့ရာတွင် မြန်မာနိုင်ငံသည် ဒုံးပျံ နှင့် အနုမြူ အစီအစဉ်များကို လုပ်ကိုင်လျက် ရှိကြောင်း စစ်တပ်မှ ထွက်ပြေး ဘက်ပြောင်းလာသည့် သူတဦး၏ ထွက်ဆိုချက်များ ပါဝင်ခဲ့သည်။ ဘက်ပြောင်း လာသူ ဗိုလ်မှူးစိုင်းသိန်းဝင်းမှာ မြန်မာ စစ်တပ်မှ အကြီးတန်း သိပ္ပံပညာရှင် တဦးဖြစ်ပြီး စာရွက်စာတန်း အထောက်အထား အများအပြား ယူဆောင်ကာ တိုင်းပြည်မှ ထွက်ခွာလာ၍ နောက်ပိုင်းတွင် အဆိုပါ စာရွက် စာတန်းများကို အိုင်အေအီးအေ ညွှန်ကြားရေးမှူးဟောင်း ရောဘတ်ကယ်လီ သို့ DVB က ပြသခဲ့သည်။

ဘက်ပြောင်း ခိုလှုံလာသူ ပေးအပ်သည့် သတင်းအချက်အလက်များ အရ `မြန်မာနိုင်ငံသည် ယူရေနီယံ သတ္တုများကို တူးဖော်နေကြောင်း၊ အဆိုပါ သတ္တု များကို ဓာတ်ပေါင်းဖိုများနှင့် အနုမြူ ဗုံးများတွင် အသုံးပြု နိုင်သည့် ယူရေနီယံ ဒြပ်ပေါင်းများ အဖြစ်သို့ ပြောင်းလဲနေကြောင်း၊ ဓာတ်ပေါင်းဖို တခုနှင့် ယူရေနီယံ သန့်စင်သည့် စက်ရုံတရုံကို ဆောက်လုပ်ရန်လည်း ကြိုးစားနေပြီး ယင်းက အနုမြူဗုံး လုပ်ရန် သက်သက်သာ ဖြစ်ကြောင်း ပြသနေသည်။

ယင်း ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် သက်သက် အတွက် မဖြစ်နိုင်ပါ။ ဤကိစ္စသည် မြန်မာနိုင်ငံ၏ အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ စွမ်းပကားနှင့် အလှမ်း ကွာပါသည်။ ဤအခြေ အနေများ ပြောင်းလဲသွားလျှင် အိုင်အေအီးအေသို့ အကြောင်းကြားရေး ကိစ္စမှာ မြန်မာနိုင်ငံ၏ သဘော အတိုင်းသာ ဖြစ်ပါသည်။ သေချာသည်မှာ ဤစည်းကမ်းများကို ချိုးဖောက်ပြီး အနုမြူဗုံး တလုံးကို လျှို့ဝှက် တည်ဆောက်နေသည် ဆိုပါက အိုင်အေအီးအေသို့ သူတို့ အလိုအလျောက် အကြောင်းကြား လိမ့်မည် မဟုတ်ပါ´ဟု ကယ်လီက ရေးသားထားသည်။

DVB က ကယ်လီ၏ ပြောဆိုချက်ကို အသံလွှင့်အပြီးတွင် မြန်မာအစိုးရ မီဒီယာ က `မြန်မာနိုင်ငံတွင် ယူရေနီယံ သတ္တုများကို ပြောင်းလဲ ထုတ်လုပ်ခြင်း၊ သန့်စင်ခြင်း၊ ဓာတ်ပေါင်းဖို တည်ဆောက်ခြင်း၊ သို့မဟုတ် လည်ပတ် လုပ်ကိုင် နေခြင်းများကို ယခင်ကလည်း မလုပ်ခဲ့၊ ယခုလည်း လုပ်ကိုင်နေခြင်း မရှိ၊ နောင်ကိုလည်း လုပ်ကိုင်ရန် အစီအစဉ် မရှိပါ´ ဟု မြန်မာ ကိုယ်စားလှယ် ဦးတင်ဝင်းက အိုင်အေအီးအေသို့ ပေးပို့ အကြောင်းကြား ခဲ့သော စာကို ကိုးကားပြီး ဇွန်လ အတွင်းက ရေးသားဖော်ပြခဲ့သည်။

စွပ်စွဲပြောဆိုနေသော အနုမြူ အစီအစဉ်နှင့် စပ်လျဉ်း၍ အိုင်အေအီးအေ ကျွမ်းကျင်သူ နှစ်ဦး အချင်း များကြခြင်း။
ကယ်လီ၏ ကောက်ချက်များကို အိုင်အေအီးအေရှိ သူ၏ အကြီးအကဲဟောင်း အော်လီဟိုင်နိုနင် (Olli Heinonen) အပါအဝင် အခြား အနုမြူကျွမ်းကျင် သူများက ငြင်းချက် ထုတ်ခဲ့ကြသည်။ အိုင်အေအီးအေ ညွှန်ကြားရေးမှူးဟောင်း ပြောဆိုချက်များ ပါဝင်သည့် ၁၅ မိနစ်ကြာ မှတ်တမ်းရုပ်ရှင်ကို အမေရိကန် ရုပ်သံ အစီအစဉ် တခုက လွန်ခဲ့သောလက ထုတ်လွှင့်ပြသခဲ့သည်။ ဤမှတ်တမ်း ရုပ်သံအစီအစဉ်ကို PBS နှင့် အမြတ်အစွန်း အတွက် မဟုတ်သည့် စုံစမ်း ထောက်လှမ်း သတင်းများ ရေးသား တင်ဆက်နေသည့် ProPublica တို့က ပူးတွဲ တင်ဆက်ခဲ့သည်။ မြန်မာနိုင်ငံ၏ အနုမြူ အစီအစဉ်များ အပေါ် ကယ်လီ၏ စိုးရိမ် ပူပန်မှုများမှာ ပိုလွန်းသည်ဟု အဆိုပါ ရုပ်သံမှတ်တမ်းက စွပ်စွဲ ပြောဆိုထားသည်။

ဘက်ပြောင်း ခိုလှုံလာသူက ပေးအပ်ခဲ့သော သတင်းအချက်အလက်များနှင့် ယင်း အထောက် အထားများ အပေါ် ကယ်လီ၏ ကောက်ချက်များ ရှိခဲ့သော်လည်း `ယခုအဆင့်တွင် ရှိနေသည့် အနုမြူ လက်နက် အစီအစဉ် များမှာ သံသယ ဖြစ်စရာ ကောင်းလောက်အောင် မရှိသေးပါ´ ဟု ဟိုင်နိုနင် က ပရို ပတ်ဘလစ်ကာ ရုပ်သံ သတင်းဌာနကို ပြောကြားခဲ့သည်။

သို့သော် အဆိုပါရုပ်သံ အစီအစဉ်တွင် ကယ်လီအပေါ် စွပ်စွဲပြောဆိုထားသော အဓိက အချက် တချက်ကို ဟိုင်နိုနင်နှင့် ပရိုပတ်ဘလစ်ကာ တို့က ထုတ်လွှင့် အပြီး ရက်သတ္တပတ်ပေါင်း များစွာ အကြာတွင် ပြန်လည် ရုတ်သိမ်း ခဲ့ရသည်။

အဆိုပါ မှတ်တမ်းခွေနှင့်အတူ ပရိုပတ်ဘလစ်ကာ၏ မန်နေဂျင်း အယ်ဒီတာ စတီဖင် အိန်ဂယ် လဲဘတ်နှင့် နာတန်ဒိုတန် တို့ ပူးတွဲ ရေးသားထားသော ဆောင်းပါး တစောင်ကိုလည်း ပရိုပတ်ဘလစ်ကာ ဝက်ဘ်ဆိုက်တွင် တင်ထားသည်။ အဆိုပါ ဆောင်းပါးတွင် အထူး ပြုလုပ်ထားသော `လက်အိတ်သေတ္တာ´ ဆိုသည့် ဓာတ်ပုံအပေါ် ကယ်လီ၏ ကောက်ချက်ကို ဟိုင်နိုနင်ကို ကိုးကားကာ ငြင်းပယ် ချေပထားသည်။

ယူရေနီယံ သတ္တု ထုတ်လုပ်ရာတွင် အပူချိန်မြင့်မားစွာ လိုအပ်သဖြင့် ဤ ကိရိယာသည် ဤ လုပ်ငန်းနှင့် သင့်လျော်ခြင်း မရှိပါ´ ဟု သူတို့က ရေးသားထားသည်။ `ဒီပုံကို ကြည့်ရင် ခင်ဗျားတို့ တွေ့လိမ့်မယ်။ ဥပမာ ဒီသေတ္တာထဲမှာ ရာဘာ လက်အိတ်တွေ ရှိတယ်။ ဒီလုပ်ငန်းမျိုး လုပ်ဖို့အတွက် ရာဘာ လက်အိတ်ပါတဲ့ သေတ္တာ တလုံးနဲ့ လုပ်လို့မရဘူး´ ဟု ဟိုင်နိုနင်၏ ပြောကြားချက်ကို ကိုးကား ရေးသားထားသည်။

`ဒါသာသုံးရင် ဒီလူလက် လောင်သွားမှာပေါ့။ ဒီသေတ္တာဟာ ဒီလုပ်ငန်း အတွက်လို့ ကျနော် မထင်ဘူး´ ဟု သူက ပြောကြားခဲ့သည်။ ကယ်လီ၏ ပြောဆိုချက်ကို ပရိုပတ်ဘလစ်ကာ၏ ချေပချက်ဟု ထင်ရသော အချက်တွင် မှားယွင်း သွားသည့် အချက်မှာ အဆိုပါ လက်အိတ် သေတ္တာကို အပူချိန် အလွန်မြင့်မားစွာ လိုအပ်သည့် ယူရေနီယံ သတ္တု ထုတ်လုပ်သည့်နည်း ထိုအဆင့်၌ အသုံးပြုခဲ့သည်ဟု ကယ်လီကရော DVB ကပါ အမှန်တကယ် မပြောကြားခဲ့ခြင်း ဖြစ်သည်။

ကယ်လီကလည်း ပရိုပတ်ဘလစ်ကာ သို့ ပက်ပက်စက်စက် တုံ့ပြန်ချက် တရပ်ကို ပြန်လည် ပေးပို့ခဲ့ရာ `ဒီလက်အိတ် သေတ္တာကို ယူရေနီယံ သတ္တု ထုတ်လုပ်ရာမှာ အသုံးပြုလို့ ရတယ်လို့ ကျနော် ပြောခဲ့တယ်လို့ ခင်ဗျားတို့က ပြောထားတယ်။ ကျနော် ဒီလို မပြောခဲ့ပါဘူး။ ဒီလို အလွယ်တကူ စစ်ဆေးလို့ရတဲ့ အချက်ကို မိုက်မိုက်မဲမဲ မှားယွင်း ကိုးကားခဲ့တဲ့ ခင်ဗျားတို့အဖြစ်က ဘယ်လိုမှ ကာကွယ်လို့ မရတော့ဘူး။

စာနဲ့ရေးထားတဲ့ မှတ်တမ်းက ဒါတလွဲကြီးဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေတာ။ ကျနော့် တင်ပြချက် တွေမှာ လက်အိတ် သေတ္တာနဲ့ ဗုံးထုတ်မယ့် ဓာတ်ပေါင်းဖို နှစ်ခုလုံးကို ပြထားပါတယ်။ ရှင်းရှင်းလေး ခွဲခြားနိုင်ပါတယ်´ ဟု ရေးသားထားသည်။

ကယ်လီက သူ၏ အကြီးအကဲဟောင်းကိုလည်း ပြန်ပက်ခဲ့သည်။ `လက်အိတ် သေတ္တာနဲ့ ဗုံးဓာတ်ပေါင်း ဖိုကို ခွဲခြားနိုင်ဘို့ ခင်ဗျားဆီမှာ အော်လီဟိုင်နိုနင် ရှိတယ်။ ကျနော့်ရဲ့ မြန်မာနိုင်ငံ အပေါ် စွပ်စွဲ ပြောဆိုချက် တွေကို စစ်ဆေး အကဲဖြတ်ဘို့ အိုင်အေအီးအေက တာဝန် ပေးထားတဲ့ အဖွဲ့မှာ ဟိုင်နိုနင်က အကြီးတန်း အရာရှိပါ။ ဒီယူရေနီယံနဲ့ ဆိုင်တဲ့ စက်မှုလုပ်ငန်းသုံး ကိရိယာနှစ်ခုရဲ့ ခြားနားချက်ကို သိဘို့ သူကျနော့် အစီရင်ခံစာကို ကောင်းကောင်း မဖတ်ခဲ့ဘူး။ ကျနော် အတိအကျ ရှင်းလင်း ရေးသားထားတဲ့ အစီရင်ခံစာနဲ့ ကျနော် ဘယ်တုံးကမှ မပြောခဲ့တာကို ရှင်းပြဘို့လုပ်တဲ့ သူ့ရဲ့ ကိုးရိုးကားယား ကြိုးပမ်းချက်နဲ့ ရောထွေး မပစ်ပါနဲ့။ သူဟာ ကျနော့်ကို ဝေဖန်ဘို့ ခင်ဗျားသုံးတဲ့ တဦးတည်းသော `နည်းပညာပုဂ္ဂိုလ်´ ပါ။ ဒါပေမဲ့ ဒီအချက်မှာတော့ သူရှုံးပြီ။ ကျနော်မှားတယ် ဆိုတာပြောနိုင်ဘို့ ကိုးစား ယုံကြည်နိုင်တဲ့ ပုဂ္ဂိုလ်ကို ခင်ဗျား မပြနိုင်ခဲ့ဘူး´ ဟု ထိုစာတွင် ရေးသားထားသည်။

ကယ်လီ၏ စာကိုရရှိပြီးနောက် ကယ်လီအပေါ် ကနဦး စွပ်စွဲထားသော အချက်ကို မှိန်ပစ်ရန် အတွက် အပိုဒ်တပိုဒ်ကို ဆောင်းပါး အဆုံးတွင် ပရိုပတ်ဘလစ်ကာ က ထည့်သွင်း ထားသည်။ မြန်မာနိုင်ငံ၏ ဖြစ်နိုင်ဖွယ် ရှိသော အနုမြူ လက်နက် ထုတ်လုပ်ရေး လုပ်ငန်းအပေါ် ရောဘတ်ကယ်လီ ရေးသားထားသော အစီရင်ခံစာတွင် ပါရှိသည့် `လက်အိတ်သေတ္တာ´ ဟု သိထားသော ကိရိယာ ကို ပိုမို တိတိကျကျ ရှင်းလင်း တင်ပြပါသည်´ ဟု ရေးသားထားသည်။

ပြန်လည် ပြင်ဆင်ထားသော ဆောင်းပါးတွင် `လက်အိတ်သေတ္တာ´ ဟု သုံးနှုန်းရန် `ကိုးရိုးကားယား နိုင်ပါသည်´ ဟု ဟိုင်နိုနင် ၏ ပြောစကားကို ကိုးကား ရေးသားထားသည်။
ကယ်လီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ သူတို့၏ သတင်းထောက် ဒက်ဖ်နာ လင်ဇာ (Dafna Linzer) က အမည် ဖော်ပြ မထားသည့် အမေရိကန် အစိုးရ အဖွဲ့တွင်းမှ ပုဂ္ဂိုလ်များကို မေးမြန်းခဲ့သည်ဟု ပရိုပတ်ဘလစ်ကာ က ဆိုသည်။ အစီရင်ခံစာကို စစ်ဆေး ကြည့်ရှုခဲ့သော စီအိုင်အေနှင့် စွမ်းအင်ဝန်ကြီးဌာန အနုမြူ ဌာနခွဲ မှ ကျွမ်းကျင် သူများက `မြန်မာနိုင်ငံတွင် အနုမြူစီမံကိန်း အချို့ ရှိနိုင်ပါသည်။ သို့သော် အနုမြူ လက်နက်များနှင့် ဆက်စပ်မှု မရှိပါ´ ဟု ပြောကြားခဲ့ကြောင်း သူက ထိုရုပ်သံ မှတ်တမ်းရုပ်ရှင်တွင် ပြောဆို ထားသည်။ ပရိုပတ်ဘလစ်ကာမှ အင်ဂယ်လ်ဘတ်ခ် (Engelberg) ကလည်း ကယ်လီ၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး DVBကို ထောက်ပံ့ နေသူများကို ရဲရဲတင်းတင်း အခိုင်အမာ အတိုက်အခံလုပ် ပြောကြားခဲ့သည်။

`ဒီအစီရင်ခံစာကို စိစစ်ဘို့ ပထမအဆင့်အနေနဲ့ အမေရိကန် ထောက်လှမ်းရေး အသိုင်း အဝိုင်းကို သွားပြခဲ့ ပါတယ်။ ဒီစွပ်စွဲချက်တွေ အပေါ် သူတို့က သိပ်မယုံကြည်ကြောင်း ပွင့်ပွင့်လင်းလင်းဘဲ ပြောပြ ခဲ့ပါတယ်။ ဒါတွေကို ခင်ဗျားတို့ သိပါသလား´ ဟု အင်ဂယ်လ် ဘတ်ခ် က အစီရင်ခံစာကို ရည်ညွှန်းပြီး အဆိုပါ ရုပ်သံ မှတ်တမ်း ရုပ်ရှင်တွင် ပြောဆိုခဲ့သည်။

`စွမ်းအင်ဝန်ကြီးဌာနနဲ့ စီအိုင်အေ က ကျနော့်အစီရင်ခံစာကို တကြောင်းချင်း ဖတ်ကြည့်ပြီး ကျနော့် တွေ့ရှိချက် တွေကို ငြင်းဆိုတယ်လို့ ခင်ဗျားက ပြောတယ်။ ခင်ဗျားပြောပုံက အမေရိကန် အစိုးရထဲက ထောက်လှမ်းရေး အသိုင်း အဝိုင်းကြားမှာ အမြင်တွေ တထပ်ထဲကျနေသလို ပြောသွားတယ်။ ဒါပေမဲ့ ယူရေနီယံ ဗုံးလုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ စွမ်းအင် ဝန်ကြီးဌာန ထောက်လှမ်းရေး အရာရှိအချို့က ကျနော့် အစီရင်ခံစာကို ဖတ်ပြီး ကျနော့် တွေ့ရှိချက်တွေဟာ ယုတ္တိ တန်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အိုင်အေအီးအေက ပါရဂူတွေ ကလဲ ကျနော့်အမြင်ကို သဘောတူပါတယ်။ နောက်ပြီးတော့ ဒီအစီရင်ခံစာကို ဖတ်ခဲ့ရတဲ့ ဒီအသိုင်း အဝိုင်းက ဘယ်သူကမှ ကျနော် တင်ပြခဲ့တဲ့ နည်းပညာ ဆိုင်ရာ အထောက် အထားတွေကို ငြင်းချက်ထုတ်တာ မလုပ်ခဲ့ကြဘူး´ ဟု ကယ်လီက ပြောသည်။

မြန်မာ့အနုမြူ အစီအစဉ်များရှိကြောင်း ပြောဆိုချက်များကို ထိုင်းဝန်ကြီးချုပ် ငြင်းဆို

မြန်မာနိုင်ငံက အနုမြူလက်နက် ပိုင်ဆိုင်ရေး လုပ်ဆောင်နေသည် ဟူသော သတင်းများကို ထိုင်းဝန်ကြီးချုပ် အဖိစစ် ဝိချချိဝ ကလည်း ခပ်ပေါ့ပေါ့ ပြောဆိုခဲ့သည်ဟု ဒီဇင်ဘာ ၁၂ ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။ `အာဆီယံကို အနုမြူကင်းမဲ့ ဒေသကြီး အဖြစ်နဲ့ မြင်လိုပါတယ်လို့ မြန်မာနိုင်ငံက အာဆီယံ-အမေရိကန် ထိပ်သီး အစည်းအဝေးမှာ ပြောဆိုခဲ့တာကို ကျနော် မှတ်မိနေပါတယ်´ ဟု အဖိစစ် က ပြောခဲ့သည်ဟု ဆိုသည်။

ဒေသတွင်းရှိ မည်သည့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) ဝင်နိုင်ငံမျှ အနုမြူလက်နက် မလိုချင် ကြကြောင်း၊ သို့သော် အမျိုးသား လုံခြုံရေး အတွက် အနုမြူလက်နက် ပြဿနာကို ထိုင်းနိုင်ငံက အမြဲတမ်း စောင့်ကြည့် လေ့လာနေကြောင်း အဖိစစ်က ပြောဆိုသွားခဲ့သည်။

သို့သော် နောက်တနေ့တွင် အဖိစစ်ကို နိုင်ငံရေးအရ အမြဲတမ်းလို ထောက်ခံခဲ့သော ဘန်ကောက်ပို့စ် သတင်းစာ ကြီးက သတင်းစာ ခေါင်းကြီးမှ ပြန်လည် ဝေဖန်ခဲ့သည်။

`လျို့ဝှက် အနုမြူ စီမံကိန်းတွေနဲ့ ပတ်သက်လို့ နောက်ထပ် စွပ်စွဲချက်ကို မြန်မာ အစိုးရ အတွက် ဝန်ကြီးချုပ် အဖိစစ်ဝိချာချိဝ က ကာကွယ် ပေးခဲ့တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီပြဿနာနဲ့ ပတ်သက်လို့ ဝီကီလိ က နောက်ဆုံး ဖွင့်ချခဲ့တဲ့ ကြေးနန်းတွေ အပေါ် မစ္စတာအဖိစစ် ချေပဖို့ ကြိုးစားတာတွေကတော့ မခိုင်လုံ လှပါဘူး။ သူက မြန်မာ ခေါင်းဆောင်တွေ ပြောတာကို ကိုးကား ပြောတယ်။ သူတို့မှာ ပွင့်လင်းမှုတို့ အစဉ်အလာ ကောင်းတို့ ဆိုတာ သိပ်ရှိတာ မဟုတ်ဘူး။ ရန်ကုန်က အမေရိကန် သံရုံးက လွန်ခဲ့တဲ့ ၆ နှစ်က ပို့ခဲ့တဲ့ ကြေးနန်းကလဲ သူ့ရဲ့ အနုမြူ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရဟာ ကမ္ဘာကို လိမ်ညာခဲ့တယ် ဆိုတဲ့ အထောက်အထား မပြနိုင်ပါဘူး။ ဒီလိုပါဘဲ၊ မြန်မာ စစ်အစိုးရရဲ့ ဝါဒဖြန့် ပြောကြားချက်တွေ အပေါ် မစ္စတာ အဖိစစ်က စိတ်ကောင်း နှလုံးကောင်းထားပြီး ယုံကြည်နေတာ ကလဲ အဓိပ္ပာယ် မရှိလှပါဘူး´ ဟု အဆိုပါ သတင်းစာေ ခါင်းကြီးတွင် ရေးသားထားသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့