Monday, December 13, 2010

ဝီကီလိစ်တွင် မြန်မာ့ နျူကလီးယားအရေးများ ပေါက်ကြား

ရန်ပိုင်
Saturday, 11 December 2010

အမေရိကန် အစိုးရသည် မြန်မာ့ နျူကလီးယားနှင့် ဒုံးလက်နက် စီမံကိန်းများ ပတ်သက်ပြီး ၂၀၀၄ ခုနှစ် ကတည်းက သံသယ ရှိနေကြောင်း ၀ီကီလိစ်က ယမန်နေ့က ဖော်ထုတ် လိုက်သည်။

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ မြန်မာစစ်အစိုးရ၏ နျူကလီယားနှင့် ပတ်သက်သော လျှို့ဝှက် အစီရင်ခံစာတွင် စစ်အစိုးရသည် မြောက်ကိုရီးယား နိုင်ငံ၏ အကူအညီဖြင့် မြေအောက် ဥမင် လိုဏ်ခေါင်းများ တည်ဆောက် လုပ်ကိုင်နေကြောင်း၊ လုပ်ငန်းခွင်တွင် မြောက်ကိုရီးယား နိုင်ငံသား ၃၀၀ ခန့် လုပ်ကိုင် နေသည်ဟု မျက်မြင် သက်သေတဦးက ပြောကြောင်း ဖော်ပြထားသည်။

အဆိုပါ ကွန်ကရစ် မြေအောက်လိုဏ်ခေါင်းများသည် ပေ ၅၀၀ (၇၅မီတာ) ခန့်မြင့်ကြောင်း၊ မြောက်ကိုရီးယား နိုင်ငံသားများ အကူ အညီဖြင့် မြန်မာ အလုပ်သမားများက ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း၊ ထို့အပြင် မည်သည့်နိုင်ငံမှ ထုတ်လုပ်သည်ဟု မသိရသော ဒုံးလက်နက် များကိုလည်း ယင်း မြောက်ကိုရီးယား များက တပ်ဆင် နေသည်ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။


ဝီကီလိစ် စာမျက်နှာတွင် ပေါက်ကြားနေသော ရန်ကုန်ရှိ အမေရိကန် သံရုံးမှ မြန်မာနိုင်ငံ နျူကလီးယားဆိုင်ရာ လျှို့ဝှက်ပေးစာ


ထို့အပြင် ပြည်ပရောက် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တဦးက စစ်အစိုးရသည် သာမန် စက်ရုံတရုံတွင် အသုံးပြုရန်ထက် ကြီးမားသည့် စက်ပစ္စည်းများကို တွဲသင်္ဘောကြီးများဖြင့် သယ်ယူမှုများ ရှိကြောင်း၊ ယင်းပစ္စည်းများသည် မကွေးတိုင်း အတွင်း တည်ဆောက်နေသည် ဆိုသော နျူကလီးယား စီမံကိန်းအတွက် ဖြစ်နိုင်သည်ဟု အမေရိကန်သံရုံးသို့ ပြောဆိုမှုများလည်း ဖော်ပြပါရှိသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာစစ်အစိုးရနှင့် မြောက်ကိုရီယား အကြား နျူကလီးယား အစီအစဉ်များနှင့် ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်ရသည်ဟု ယခုနှစ် ဇူလိုင်လအတွင်းက ပြောကြားခဲဖူးသည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် မြန်မာ၊ အီရန်၊ ဆီးရီးယား စသည့် နိုင်ငံများသို့ နျူကလီးယားနှင့် ဒုံးလက်နက် ဆိုင်ရာ အစိတ်အပိုင်း များကို ပေးပို့ခြင်းမပြုရန် တားမြစ်သည့် အစီရင်ခံစာကို ကုလသမဂ္ဂမှ ပြီးခဲ့သည့်လ အတွင်းက ထုတ်ပြန်ခဲ့သည်။

မြန်မာ့နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ထပ်မံထွက်ပေါ်လာသည့် ၀ီကီလိစ် သတင်းတပုဒ်မှာ ၂၀၀၈ ခုနှစ်က မြန်မာစီးပွားရေး လုပ်ငန်းရှင် တဦးက ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသို့ ပုလင်းတလုံး အတွင်း ထည့်ထားသည့် ယူရေနီယံများကို လာရောက် ရောင်းချကြောင်း၊ ယင်း ယူရေနီယံသည် ရေဒီယို သတ္တိကြွ အမှုန့်များဖြစ်ကြောင်း တရုတ်နိုင်ငံရှိ တက္ကသိုလ်တခုမှ ၁၉၉၂ ခုနှစ်က ထောက်ခံထားသည့် လက်မှတ်မိတ္တူ တစောင်လည်း ပါရှိကြောင်း၊ ထိုပစ္စည်းကို အမေရိကန် သံရုံးက စိတ်မ၀င်စားလျှင် ထိုင်းနိုင်ငံ သို့မဟုတ် တခြားသော နိုင်ငံများသို့ ရောင်းချရန် ကြိုးစားမည်ဟုလည်း ပြောဆိုသည့် အတွက် အမေရိကန်သံရုံးမှ ၀ယ်ယူ ထားရကြောင်းလည်း ပါရှိသည်။

မြန်မာနိုင်ငံတွင် ထွက်နေသည့် ယူရေနီယံသတ္တုများကို စီးပွားရေးလုပ်ငန်းရှင်များက ပြည်ပသို့ ရောင်းချရန် ကြိုးစားမှု များနှင့် ပတ်သက်၍ စီပွားရေး လုပ်ငန်းရှင် တဦးဖြစ်ခဲ့သူ ဦးမင်းဒင်၏ မင်းဒင်ရဲ့သက်ခိုင် စာအုပ်တွင်လည်း ယခုကဲ့သို့ ရေးသား ဖော်ပြခဲ့ဖူးသည်။

၁၉၉၅ ခုနှစ်ခန့်က ဦးစံလင်းဆိုသူက Hosting Flag ဟု အမည်ပေးထားသည့် သတ္တု ရှာဖွေရေး ကုမ္ပဏီတခုကို တည်ထောင်ပြီး အစိုးရနှင့် ဖက်စပ် အကျိုးတူ ပူးပေါင်း၍ မန္တလေးတိုင်း သပိတ်ကျင်းဒေသ တ၀ိုက်တွင် ရှာဖွေရာ ဓာတ်သတ္ထု တမျိုးကို တူးဖော် ရရှိကြောင်း၊ ယင်းနမူနာကို သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန၏ ဓာတ်ခွဲခန်းသို့ ပို့ပြီး စစ်ဆေးခဲ့ရာ ရွှေ၊ အလျူမီနီယမ်၊ ယူရေနီယမ်၊ တိုက်တေနီယမ်နှင့် ပလူတိုနီယမ် စသည့် အမျိုးအစား ရှစ်မျိုး ပါဝင်သည်ဟု အဖြေထွက်ကြောင်း၊ ယင်းသတ္တုများကို ဦးစံလင်းက ပါကစ္စတန် နိုင်ငံမှ ကုန်သည်တဦးသို့ ရောင်းချရန် ကြိုးစားဖူးကြောင်း ဦးမင်းဒင်၏ စာအုပ်တွင် ရေးသားထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် ဦးမင်းဒင်က နောက်ပိုင်းတွင် ထိပ်ပိုင်း အာဏာပိုင်များက ယင်းတူးဖော်ရေး စီမံကိန်းကို သတ္တုတွင်း ဝန်ကြီးဌာသို့ လွှဲပြောင်းပေးရန် ညွှန်ကြားစာ ထွက်လာသဖြင့် ဦးစံလင်းက လုပ်ငန်းကို ရပ်ပြီး လွှဲပေး လိုက်ရကြောင်း ဖြေကြားသည်။

ယခုရက်ပိုင်း ရန်ကုန်ရှိ အမေရိကန်သံရုံး၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော လျှို့ဝှက်ချက် အစီရင်ခံ ပေးစာများ ဆက်တိုက် ထွက်ပေါ်နေရာ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် အဖြစ် တာဝန် ယူထားစဉ်က အစိုးရနှင့် အတိုက်အခံတို့ အကြား တွေ့ဆုံ ဆွေးနွေးမှုများ ဖြစ်ပေါ်စေရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးစသည့် အရေးကြီးသည့် ကိစ္စများတွင် တိုးတက်အောင် မဆောင်ရွက် နိုင်သည့် အတွက် မစ္စတာ ဂမ်ဘာရီကို ထိုရာထူးမှ ဖယ်ရှားရန် ထိုစဉ်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ကွန်ဒိုလီဇာရိုက်က ၂၀၀၈ ခုနှစ်တွင် ပြောဆို ခဲ့ကြောင်းလည်း ထွက်ပေါ်ခဲ့သည်။

ထို့အပြင် တရုတ်အစိုးရ အနေဖြင့် မြန်မာစစ်အစိုးရ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ နှေးကွေး နေခြင်းကို စိတ်ပျက် မိကြောင်း ပြောဆိုသည် ဟုလည်း ပေါက်ကြားလာသည့် ပေးစာများတွင် ပါရှိသည်။

ဝီကီလိစ်၏ ပေါက်ကြားချက်များတွင် မြန်မာစစ်အစိုးရကို ယူကရိန်းနိုင်ငံမှ စစ်လက်နက်ပစ္စည်း ထောက်ပံ့နေမှု အပေါ် အမေရိကန်က ဖိအားပေးခြင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ် အမှုဆောင်များအား “ပါတီကို အမြဲ ထိန်းချုပ် ထားချင်သည့် အလုပ် မဖြစ်သော အန်ကယ်ကြီးများ” စသည်ဖြင့် အမေရိကန် သံရုံး၏ ဝေဖန်မှု၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အင်္ဂလန် ပရီးမီးယားလိဂ်မှ နာမည်ကြီး မန်ချက်စတာ ယူနိုက်တက်အသင်းကို ၀ယ်ယူရန် စိတ်ကူးရှိခဲ့ခြင်း၊ စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုက မြန်မာ၊ လာအို၊ ကမ္ဘောဒီယား နိုင်ငံများသည် အာဆီယံ အတွင်းမှ လျှို့ဝှက်ချက်များကို တရုတ်နိုင်ငံသို့ လက်ထောက်ချနေခြင်း စသည့် အကြောင်းများ ပါဝင်သည်။

ဝီကီလိစ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အချက်အလက် ပေါင်း ၁၈၆၄ ခု ရှိထားကြောင်း သိရသည်။

ဝီကီလိစ်သည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းမှ စတင်ပြီး နိုင်ငံတကာ အစိုးရများ၏ သံတမန်ရေးဆိုင်ရာ သတင်းပို့သည့် လျှို့ဝှက်ချက် များကို ဖွင့်ချလာခဲ့ရာ ယခုအခါတွင် ဘာသာရေး ခေါင်ဆောင် တဦးဖြစ်သည့် ပုပ်ရဟန်းမင်းကြီးနှင့် ပတ်သက်သည့် အချက်အလက်များ အထိ ဖွင့်ချလာသည်ကို တွေ့ရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့