Monday, January 24, 2011

ကိုယ်ကျိုးရှာသမားများနဲ့ မအပ်စပ်တဲ့အလုပ်


လူထုစိန်ဝင်း


လတ်တလော ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်း ၁၇၀ လောက်ရှိတယ်လို့ သိရတယ်။ အဲဒီ ၁၇၀ လောက်ထဲက စတုတ္ထ မဏ္ဍိုင်ထဲ အကျုံးဝင်တဲ့ သတင်း ဂျာနယ်ပေါင်း ၆၀ လောက် ရှိတယ်။

အခါမလပ်စောင့်ကြည့်
သတင်းဂျာနယ် ၆၀ လောက်ပဲ စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးဝင်တယ်လို့ ဆိုခဲ့လေတော့ ကျန်တာတွေကို စတုတ္ထ မဏ္ဍိုင်ထဲ ထည့်သွင်းမထား ဘူးလားလို့ မေးစရာရှိတယ်။ ဘယ်နိုင်ငံမှာမဆို သတင်းစာနဲ့ သတင်းဂျာနယ်၊ မဂ္ဂဇင်းများကိုပဲ စတုတ္ထ မဏ္ဍိုင်ထဲ ပါဝင်တယ်လို့ သတ်မှတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရား စီရင်ရေး ဆိုတဲ့ မဏ္ဍိုင်ကြီး သုံးရပ်ရဲ့ လုပ်ရပ်တွေကို နေ့စဉ် အခါမလပ် စောင့်ကြပ် ကြည့်ရှုပြီး နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဖြစ်တဲ့ ပြည်သူလူထုကြီးကို အစီရင်ခံ တင်ပြတဲ့ တာဝန်ကို ထမ်းဆောင် နေရတဲ့ အတွက်ဖြစ်တယ်။ ဒါကြောင့် သတင်းစာနဲ့ သတင်း မီဒီယာတွေကို ‘watch dog’ အိမ်စောင့်ခွေးလို့ ခေါ်ခဲ့ကြတာ ဖြစ်တယ်။

ဘ၀ချင်းမတူ
စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးမ၀င်ဘူးလို့ဆိုတဲ့ အတွက် ကျန်တဲ့ဟာတွေက အလကားပဲ အသုံး မကျဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ နိုင်ငံတိုင်း၊ လူမျိုးတိုင်း အတွက် ပညာရေး၊ ကျန်းမာရေး၊ အားကစား ကဏ္ဍများ အရေးကြီးသလို ဖျော်ဖြေရေးလည်း လိုအပ်တယ်။ ဒါပေမယ့် အဲဒီကဏ္ဍများရဲ့ သဘာဝက အဓိက မဏ္ဍိုင်ကြီး သုံးရပ်ကို စောင့်ကြပ် ကြည့်ရှုတဲ့ ‘watch dog’ သဘာဝ မဟုတ်ဘူး။ သတင်းစာနဲ့ သတင်းမီဒီယာ လုပ်ငန်းတွေကသာ စောင့်ကြည့်ပြီး ပြည်သူကို အစီရင်ခံ တင်ပြတဲ့ အလုပ်ကို လုပ်တာဖြစ်လို့ စတုတ္ထ မဏ္ဍိုင်လို့ ခေါ်တာဖြစ်တယ်။

လူသူတော်ကောင်းကြီးတွေ
စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ထားတဲ့အတွက် သတင်းမီဒီယာအလုပ်ဟာ အင်မတန်မှကို တာဝန် ကြီးတယ်။ နိုင်ငံသားတိုင်း လိုက်နာ ကျင့်ကြံရတဲ့ နိုင်ငံသား ကျင့်ဝတ်အပြင် အင်မတန် တင်းကြပ်တဲ့ သတင်းသမား ကျင့်ဝတ် တွေကိုလည်း လိုက်နာ စောင့်ထိန်းရတယ်။ သတင်းသမား ကျင့်ဝတ်တွေကို အတိအကျ အမှန်အကန် လိုက်နာ စောင့်ထိန်းနိုင်ရင် အဲဒီပုဂ္ဂိုလ်ဟာ အလွန့်အလွန် ဖြူစင်တဲ့ ပုဂ္ဂိုလ် တစ်ယောက်လို့ သတ်မှတ် နိုင်ပါလိမ့်မယ်။ ဆရာ ဂျာနယ်ကျော် ဦးချစ်မောင်လို၊ ဆရာ လူထုဦးလှလို ပုဂ္ဂိုလ်များဟာ လူတွေကြားမှာ အင်မတန် ရှားတဲ့ လူသူတော်ကောင်းကြီးတွေပါ။ အင်မတန် ထူးချွန် ထက်မြက်တဲ့ သတင်းစာ ဆရာကြီးများလည်း ဖြစ်ကြတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးက ဒီခေတ်မှာ ရှားတယ်။ ကမ္ဘာမှာကို ရှားတာ။ တော်သူတွေ ပေါပါတယ်။ တော်လည်းတော်ပြီး လူ သူတော်ကောင်း ကြီးတွေလို့လည်း ခေါ်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးကတော့ တွေ့ဖို့ မလွယ်ပါဘူး။

လူတော်ဆိုတာ
လူတော်လူကောင်းလို့ပြောတဲ့အခါမှာ အကျယ်ဝိတ္တာရချဲ့ပြီး ပြောဖို့ နည်းနည်းတော့ လိုအပ်တယ်။ လူတော် ဆိုတာနဲ့ ပတ်သက်လို့ ကတော့ ပြောစရာ မရှိပါဘူး။ ပညာရပ် နယ်ပယ် တစ်ခုခုမှာ ထူးထူးချွန်ချွန် ကျွမ်းကျင် တတ်မြောက် ထားသူကို လူတော်လို့ ခေါ်ကြတာပါပဲ။ နိုင်ငံ လူမျိုး ကွဲပြားခြားနားမှု မရှိ၊ စံနှုန်း တစ်ခုတည်းပါပဲ။ တောင်အာဖရိက နိုင်ငံသား နှလုံး အစားထိုး ခွဲစိတ်ကုသမှု လုပ်ခဲ့တဲ့ ဆရာဝန်ကြီး ခရစ္စတီယန်ဘားနာ့ဒ်ဟာ အမေရိကန် ရောက်တော့လည်း နှလုံးခွဲစိတ်ကုသ ဆရာဝန်ကြီး အဖြစ် အသိအမှတ် ပြုကြတာပါ။ အင်္ဂလန်က တွေးခေါ်ပညာရှင်ကြီး ဘာထရန်ရပ်ဆဲလ်ကို ကမ္ဘာ တစ်ခုလုံးကလည်းတွေး ခေါ်ပညာရှင်ကြီး အဖြစ် လေးစားကြပါတယ်။

လူကောင်းဆိုတာ
လူကောင်းဆိုတာကျတော့ ပြောစရာနည်းနည်း ရှိလာတယ်။ ဘာကြောင့်လဲ ဆိုတော့ လူကောင်းလို့ သတ်မှတ်တဲ့ နှုန်းစံက လူမျိုး တစ်မျိုးနဲ့ တစ်မျိုး၊ နိုင်ငံ တစ်ခုနဲ့တစ်ခု မတူကြလို့ ဖြစ်တယ်။ အလွယ်ဆုံး ဥပမာပေးရရင် အရက်ကိစ္စကို ပြချင်တယ်။ အရက်သောက်တာကို ကမ္ဘာ့ လူမျိုးတိုင်းလိုလိုက အပြစ်ကြီး တစ်ခုလို့ မယူဆကြတော့ဘူး။ အရက် သောက်တတ်လို့ လူကောင်း မဟုတ်ဘူးလို့ မသတ်မှတ်ဘူး။ ဗုဒ္ဓဘာသာ လက်ခံကျင့်သုံးတဲ့ မြန်မာ လူမျိုးတွေကတော့ အရက် သောက်တာကို အပြစ်ကြီး တစ်ခု၊ သီလ ပျက်ယွင်းမှု တစ်ခုလို့ သဘောထားတယ်။ အရက်သောက်သူကို လူကောင်းလို့ မမြင်နိုင်ကြဘူး။ ဘုရားဂေါပက ရွေးရင် တခြား စာရိတ္တပိုင်းမှာ ဘယ်လောက်ပဲ ကောင်းကောင်း၊ အရက်သေစာ သောက်စားသူ ဆိုရင် ၀င်ရောက် အရွေးခံခွင့်တောင် မရှိပါဘူး။ ဂေါပက အဖွဲ့တိုင်းရဲ့ စည်းမျဉ်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြ ထားကြတယ်။

တောင်ပေါ်မြေပြန့်ခြားနားမှု
ဒါပေမဲ့ မြန်မာပြည်မှာလည်း တောင်ပေါ်နဲ့မြေပြန့် မတူတာမျိုးတော့ ရှိသေးတယ်။ မြေပြန့် သားတွေက အရက် သောက်တာကို သီလ ပျက်ယွင်းမှု အဖြစ် ရှုမြင်ပေမယ့် အလွန် ချမ်းအေးတဲ့ တောင်ပေါ် ဒေသတွေမှာတော့ ဒီလို မမြင်တော့ဘူး။ အအေးဒဏ်ကို ကာကွယ်ဖို့ လူကြီး လူငယ် ကျားမ မရွေး အရက်သောက်ကြတယ်။ အနောက် နိုင်ငံတွေမှာလည်း ဒီလို ကွဲပြားမှုတွေ ရှိကြတာပဲ ဖြစ်တယ်။ အင်္ဂလိပ် ဘောလုံး သမားတွေ အိမ်ထောင်ဖက် အပေါ် သစ္စာ မစောင့်မှုကြောင့် ပြဿနာ ဖြစ်ရတဲ့ သတင်းတွေ အမြဲမပြတ် သတင်းစာတွေမှာ ဖတ်နေရတယ်။ အင်္ဂလိပ်တွေက ဒီကိစ္စကို တော်တော် ရေးကြီးခွင်ကျယ် သဘောထားတယ်။ ပြင်သစ် ဘောလုံး လောကမှာတော့ ဒါမျိုးတွေကို သတင်းစာတွေက ရေးကြီးခွင်ကျယ် လုပ်ပြီး ရေးလေ့ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပြင်သစ်နိုင်ငံမှာက အိမ်ထောင်ဖက် အပြင် ချစ်သူ(Lover) ထားတာမျိုးက မဆန်းတော့တဲ့ ကိစ္စအဖြစ် သဘောထားကြလို့ ဖြစ်တယ်။ ယောက်ျား၊ မိန်းမ ဘယ်သူမဆို 'ချစ်သူ' ထားကြတာပဲလို့ ပြောလေ့ရှိတယ်။

မတားပါဘူး
အတိအကျ အခိုင်အမာပြောချင်တာ တစ်ခုတော့ရှိတယ်။ မြန်မာလူမျိုး အဖြစ်နဲ့ မြန်မာနိုင်ငံမှာ နေထိုင်နေသမျှ ကာလ ပတ်လုံး မြန်မာ လူမျိုးတို့ရဲ့ ရိုးရာ အစဉ်အလာ ဓလေ့ ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေကို စောင့်ထိန်း လိုက်နာရမယ် ဆိုတဲ့ အချက်ဖြစ်တယ်။

မျက်စိရှက်လို့
အထက်မှာပြောခဲ့တဲ့ စတုတ္ထမဏ္ဍိုင် ကိစ္စမှာလည်း နိုင်ငံနဲ့ လူမျိုး အလိုက် ကွဲပြား ခြားနားတဲ့ နှုန်းစံတွေ ရှိကြတယ်။ သတင်းသမား ဆိုတာ အဖြစ်မှန်၊ သတင်းမှန်ကို အတိအကျ အမှန်အကန် ရေးသား တင်ပြရတယ်။ ဒါပေမဲ့ နိုင်ငံနဲ့ လူမျိုးရဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှု အလိုက် ခြားနားချက်တော့ ရှိကြတယ်။ မှုခင်း သတင်းတစ် ပုဒ်ကို ဖော်ပြရာမှာ အနောက် နိုင်ငံများ က မှုခင်း ကျူးလွန်သူရော၊ ကျူးလွန် ခံရသူကိုပါ နာမည် လိပ်စာ အတိအကျ ဖော်ပြလေ့ရှိတယ်။ ဂျပန်နိုင်ငံမှာတော့ သတင်း မီဒီယာ အများစုက နာမည်နဲ့ လိပ်စာနေရာမှာ ကွက်လပ်ထား ဖော်ပြကြတယ်။ အနောက်နိုင်ငံ သတင်းစာတွေမှာ မျက်နှာဖုံး သတင်း အဖြစ် အသားပေး ဖော်ပြလေ့ ရှိတဲ့ သတင်းတစ်မျိုး ဆိုရင် မြန်မာလူမျိုး တစ်ယောက်အနေနဲ့ ရေးသား ဖော်ပြဖို့ ဆိုတာထား။ ဖတ်ရမှာတောင် မျက်စိရှက်လို့ ကျော်ဖတ် သွားရတယ်။

စာနယ်ဇင်းကျင့်ဝတ်နဲ့ ပတ်သက်လို့ မကြာခဏလာမေးကြတဲ့ လူငယ်တွေကို မြန်မာနိုင်ငံမှာ စာနယ်ဇင်း သမားကောင်း တစ်ယောက် အခေါ်ခံရဖို့က နိုင်ငံခြားမှာထက် ပိုခက်တဲ့ အကြောင်း အမြဲ ပြောပြဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဗုဒ္ဓဘာသာရဲ့ သြဇာရိပ် ကြီးမားတဲ့ နိုင်ငံဖြစ်တော့ မြန်မာတွေက 'သီလ' ပိုင်းကို သိပ်အလေးထားတဲ့ အတွက် ဖြစ်တယ်။

သာသနာပြုနဲ့တူတဲ့အလုပ်
အရက်သောက်တာကြောင့် စာနယ်ဇင်းသမားကောင်း မဟုတ်ဘူးလို့ မပြောနိုင်ပါဘူး။ အရက် လုံးဝ မသောက်ပေမယ့် တခြား နည်းမျိုးစုံနဲ့ ပျက်စီးနေတဲ့ စာနယ်ဇင်း သမားတွေလည်း အများကြီး ရှိပါတယ်။ အဓိက အကျဆုံးကတော့ စာနယ်ဇင်း သမား အလုပ်ကို ခုတုံးလို အသုံးချပြီး ကိုယ်ကျိုးစီးပွား ရှာတဲ့ အလုပ်မျိုး မလုပ်ဖို့ ဖြစ်ပါတယ်။ စာနယ်ဇင်း အလုပ်ဆိုတာ သာသနာပြု လုပ်ငန်းနဲ့တူတဲ့ မွန်မြတ်တဲ့ အလုပ်ဖြစ်တယ်၊ ကိုယ်ကျိုးရှာ သမားများနဲ့ လုံးဝ မအပ်စပ်တဲ့ အလုပ်ဖြစ်တယ်လို့ပဲ ဆိုလိုက် ချင်ပါတယ်။

0 comments:

အပေါ်သို့