Friday, January 28, 2011

တိုင်းနှင့် ပြည်နယ် လွှတ်တော်နေရာ မသိသေး

ကိုပေါက် |
ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၁။

နယူးဒေလီ (မဇ္ဈိမ) ။ ။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများ ကျင်းပရန် ၄ ရက်သာ ကျန်ရှိချိန်တွင် မည်သည့် အဆောက်အအုံ၌ ပြုလုပ်မည်ကို ပါတီအချို့ ယခုတိုင် မသိသေးဘဲ ဖြစ်နေသည်။

ယခုလ ၃၁ ရက်နေ့တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် အစည်းအဝေး များကိုပါ တပြိုင်တည်း ကျင်းပရန် ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော် အမတ်များကို ဖိတ်ကြားထား လင့်ကစား မည်သည့် နေရာ၌ ကျင်းပမည်ကို ဖိတ်စာထဲတွင် ဖော်ပြမထားဘဲ ယနေ့တိုင် မသိရသေးခြင်း ဖြစ်သည်။

“လွှတ်တော်ကျင်းပမယ့် နေရာတော့ ဖော်ပြမထားဘူး။ ပြည်ထောင်စု ရိပ်သာမှာပဲ တည်းလို့ရတယ် ဆိုတဲ့ အနေအထားပေါ့” ဟု ချင်းအမျိုးသား ပါတီ CNP မှ ဥက္ကဋ္ဌ ဦးဇိုဇမ် ခေါ် ဦးဇမ်ကျင်ပေက မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးခက်ထိနန် ကလည်း “အရင် ပြည်နယ် ရုံးကိုပဲ ခေါ်မယ်ထင်တယ်။ ကချင်ပြည်နယ် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီရုံးပေါ့။ အားလုံး စီစဉ်ထားမှာပါ။ ဒါပေမယ့် အဲဒီနေရာက ပြည်နယ် အစိုးရသစ်က ပြန်ထိုင်မယ့် နေရာပဲ။ လွှတ်တော်ရုံးကတော့ အခုမှ သူတို့ ဆောက်ဖို့ စီစဉ်နေတယ်” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကို မုံရွာမြို့တွင် ကျင်းပမည်ဖြစ်ကာ၊ အဆောက်အအုံဆောက်ရန် မုံရွာနှင့် အလုံကြားမှ အိုးဖိုတောင် မြို့သစ်တွင် လူနေအိမ်ယာ သိမ်းယူမှုများ ရှိခဲ့ပြီး လက်ရှိ ကျင်းပမည့် နေရာကိုမူ အတိအကျ မသိသေးပါ။

“ဂေါက်ကွင်းနဲ့ မြစ်ကမ်းဘေးကြားမှာ ဆောက်နေဆဲဗျ။ လောလောဆယ် ခေါ်မယ်ဆိုရင်တော့ အရင် တိုင်းကောင်စီ ရုံးမှာပဲ ရှိမှာပဲ။ သိပ်တော့ အဆင် မပြေနိုင်ဘူး။ ကျယ်လှတယ် လို့တော့ မဟုတ်ဘူး။ မြို့တော် ခန်းမလည်း ဖြစ်လောက်တယ်။ အဲဒီနေရာကတော့ ဆံ့တယ်” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ မြင့်ဝေက မဇ္ဈိမကို ပြောသည်။

ကယားပြည်နယ် လွှတ်တော်ကိုမူ လွိုင်ကော်မြို့တွင် ပြုလုပ်မည် ဖြစ်သော်လည်း နေရာ အသေအချာ မသိကြောင်းနှင့် ဤလွှတ်တော်တွင် ကြံ့ခိုင်ရေး ပါတီနှင့် တပ်မတော်သား ကိုယ်စားလှယ်များသာ ပါဝင်မည် ဖြစ်ကြောင်း ကယန်း အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးပေါလုချမ်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွက် ယခင် မဆလ ခေတ်ကကတည်းက အသုံးပြုခဲ့သည့် ပြည်သူ့ လွှတ်တော် အဆောက်အအုံ၌ပင် ကျင်းပသွားမည် ဖြစ်သည်။

ရခိုင်ပြည်နယ် လွှတ်တော်ကို စစ်တွေမြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပရန် စီစဉ်ထားပြီး မွန်ပြည်နယ်တွင် မော်လမြိုင် မြို့ရှိ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသွားမည်။

“(ပြည်နယ် ထွေ/အုပ်) ပယက ရုံးမှာပဲ လုပ်မှာပါ။ ဒီမှာ လွှတ်တော် အဆောက်အအုံ အသစ် ဆောက်တာကတော့ မကြားရ သေးဘူးခင်ဗျ။ တခြားမှ ရှိမှ မရှိတာ။ ဖိတ်စာတော့ ရထားပါတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။ စည်ပင်ရုံးတွင် တည်းခိုရန် ဖိတ်စာတွင် ရေးထားသည်ဟု ဆိုသည်။

ရှမ်းပြည်နယ် လွှတ်တော်ကို တောင်ကြီးမြို့တွင် ကျင်းပမည်ဟု ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

“ကျားခေါင်း အဆောက်အအုံမှာ လုပ်မယ်လို့ ကြားတယ်။ အဲဒီအဆောက်အအုံက ကြီးတယ်လေ။ အခု လောလောဆယ် အဲဒီမှာပဲ လုပ်မှာပဲ။ နောက်တော့ မပြောတတ်ဘူးခင်ဗျ။ သပ်သပ်လုပ်ရင် လုပ်မှာပေါ့” ဟု သူက ပြောသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက် အဆောက်အအုံသစ်ကို နေပြည်တော်၌ ၂ဝဝ၇ ခုနှစ် ကတည်းက စတင် တည်ဆောက်ခဲ့ပြီး ယခုအခါ အဆင်သင့်ဖြစ်နေသော်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များအတွက် အသစ်ဆောက်လုပ်မှု မရှိသေးခြင်း ဖြစ်သည်။

၎င်းကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက “နေရာတွေသိမ်း၊ ဆိုင်တွေသိမ်း၊ လူနေတဲ့ အိမ်တန်းတွေ ဘာတွေ လုပ်နေတယ်။ နေရာရှိတာ၊ မရှိတာက ကိစ္စမရှိဘူး။ စစ်တပ်က သုံးနေတဲ့ စကားအတိုင်း ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတာပဲ” ဟု ပြောဆိုသည်။

ဦးနိုင်ငွေသိန်းက ယခုစီစဉ်ထားသည့် နေရာများမှာ လွှတ်တော်အစည်းအဝေး ကျင်းပရန် ကျဉ်းကျပ် နိုင်သော်လည်း အဆောက် အအုံမှာ ဒုတိယသာ ဖြစ်ပြီး၊ မူဝါဒဆိုင်ရာ သဘောထားများသာ ပထမ ဖြစ်ကြောင်း ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပထမဦးဆုံး ခေါ်ယူ ကျင်းပခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့