Monday, January 24, 2011

လွှတ်တော်မှတဆင့် ပုဂ္ဂလိကပိုင် ပြုသင့်ဟု NDF ဆို

မျိုးသန့်
စနေနေ့၊ ဇန်နဝါရီလ ၂၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကလက် လွှဲခြင်းကို လွှတ်တော်တွင် ဆွေးနွေးပြီးမှသာ ပြုလုပ် သင့်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး၊ စွမ်းအင်၊ စက်မှုနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက် များရှိ စီးပွားရေး လုပ်ငန်း ၇၆ ခုကို ရောင်းချမည်ဟု ယမန်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ပါရှိအပြီး NDF က ဝေဖန် ပြောဆိုခြင်း ဖြစ်သည်။

“ပုဂ္ဂလိကပိုင်လုပ်တဲ့ ကိစ္စတွေမှာ လက်ရှိအစိုးရ လက်ထက်မှာပဲ အပြီးအပြတ် လုပ်ချင်လို့ လုပ်တယ် ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ အဲဒီလိုမဟုတ်ဘဲ လွှတ်တော်ထဲမှာ မတင်ပြဘဲနဲ့ လက်သိပ် ထိုးပေးဖို့ စဉ်းစားတယ် ဆိုရင်တော့ ဝေဖန်စရာတွေ ရှိပါတယ်” ဟု NDF လွှတ်တော်ရေးရာ ကော်မတီဝင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။ လွှတ်တော်တွင် ဆွေးနွေးကာ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် ဥပဒေ ချမှတ်ပြီးမှသာ လုပ်သင့်သည်ဟု ဆိုသည်။

ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း ၁၅ ခု၏ စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကလက် လွှဲရန် မြန်မာနိုင်ငံ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က အဆိုပြုလွှာ ခေါ်ခြင်းမှာ ယခုနှစ်တွင် ပထမဆုံး ဖြစ်သည်။ နိုင်ငံပိုင် စက်မှုလုပ်ငန်း ၉၀ ရာခိုင်နှုန်းကို လွှဲမည်ဟု အမှတ် ၂ စက်မှုဝန်ကြီး ဦးခင်မောင်ကျော်က ပြောကြောင်း တရုတ် ဆင်ဟွှာ သတင်းဌာနက ယခုလ ၁၃ ရက်နေ့တွင် ဖော်ပြခဲ့သေးသည်။

လွှတ်တော်ပြင်ပ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း လက်ရှိအစိုးရသည် အခွင့်ထူးခံ အသိုင်းအဝိုင်းကို စီးပွားရေးအခွင့်အလမ်းများ ပေးအပ်ထားခြင်းကြောင့် ပုဂ္ဂလိက လက်ဝါးကြီးအုပ် စီးပွားရေးစနစ်ကို ကြီးထွားစေသည်ဟု ယခုလ ၄ ရက်နေ့ထုတ် ကြေညာချက်တွင် ပါရှိသည်။

လူတစုမှ စီးပွားရေးလုပ်ငန်းများ လက်ဝါးကြီးအုပ် လုပ်ကိုင်ခြင်းမျိုး မဖြစ်စေဘဲ ဈေးကွက်စီးပွားရေးစနစ် အပြည့်အဝ လည်ပတ်နိုင်ရန် လွှတ်တော်တွင် တင်ပြဆွေးနွေးမည်ဟု လွှတ်တော်အမတ် ၁၅ နေရာ ရရှိသည့် NDF က ဆိုသည်။

“လက်ဝါးကြီးအုပ်တဲ့ ပုံစံမျိုး လူတစုလက်ထဲမှာပဲ ဒီအခွင့်အလမ်းတွေ အများဆုံး ရောက်နေတာ တွေ့နေရတော့ကာ ဈေးကွက်စီးပွားရေးကို အပြည့်အဝ လည်ပတ်နိုင်အောင် လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် ဥပဒေတရပ်ကို ထုတ်ပြန်ပေးဖို့ လိုတယ်ဆိုတာကို ကျနော်တို့က တင်ပြသွားမှာပါ။ နိုင်ငံသားအားလုံးဟာ ဥပဒေ ခွင့်ပြုချက်အရ အားလုံးပါဝင်နိုင်တဲ့ ဈေးကွက်စီးပွားရေးဖြစ်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

ပုဂ္ဂလိကလွှဲရာ၌ တိုင်းပြည်အတွက် လုပ်ကိုင်နိုင်သူများထံ ရောက်ရှိရန် အရေးကြီးပြီး၊ လူတစု လက်ဝါးကြီးအုပ်ခြင်းမျိုး ဖြစ်လာမည်ကို စိုးရိမ်သည်ဟု ရန်ကုန် စီးပွားရေးတက္ကသိုလ်၌ ဘွဲ့လွန်ပညာအထိ သင်ယူခဲ့ဖူးသူ ချင်းအမျိုးသားပါတီ CNP မှ ဦးဇိုဇမ်က ဆိုသည်။

“လွှဲပုံလွဲနည်း လိုအပ်တယ်ဗျ။ တိုင်းပြည်အတွက် အမှန်တကယ် အလုပ်လုပ်ပေးချင်တဲ့ ပုဂ္ဂိုလ်တွေ လက်ထဲရောက်ဖို့ အရေးကြီးတယ်။ ကျနော်စိုးရိမ်တာက အုပ်စုလိုက်ဖွဲ့ပြီး စီးပွားရေး လုပ်ငန်းတခုကို သူများတွေ နေရာယူလို့ မရအောင် အုပ်စုဖွဲ့ပြီး နေရာယူတဲ့ပုံစံ အဲဒီစနစ်မျိုး ဖြစ်မှာကို စိုးရိမ်တယ်” ဟု သူက ပြောသည်။ ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရည်အသွေး ထိန်းချုပ်ရန် လိုအပ်သည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့်နှစ်ထဲတွင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းနှင့် အဆောက်အဦ၊ စက်သုံးဆီ အရောင်းဆိုင် စသည့် စီးပွားရေး လုပ်ငန်း ၃၈၈ ခု၊ ရန်ကုန်မြစ်ကမ်းတလျှောက်ရှိ ဗိုလ်အောင်ကျော်၊ ဗိုလ်တထောင်၊ ပန်းဆိုးတန်း-နန်းသီတာ၊ ဆူးလေ၊ ကျန်းမာရေးအပြင် အလုံဆိပ်ကမ်းမှ ဗိုလ်တထောင် သံလျက်စွန်းအထိ ဆိပ်ကမ်းမြေများကဲ့သို့ နေရာအများအပြား ဈေးပြိုင်အိတ်ပိတ်စနစ်ဖြင့် ရောင်းချခြင်း၊ အဆိုပြုလွှာ ခေါ်ဆိုရောင်းချခြင်းများ ပြုလုပ်ပြီး ဖြစ်သည်။

ပုဂ္ဂလိကပိုင်လုပ်ငန်းများကို ကွယ်လွန်သူ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆၃ ခုနှစ်တွင် ပြည်သူပိုင် သိမ်းယူခဲ့သည်။ အမေရိကန် နိုင်ငံအခြေစိုက် The Heritage Foundation ၏ အင်တာနက် စာမျက်နှာတွင် ၂ဝ၁၁ အတွက် စီးပွားရေးလွတ်လပ်ခွင့် အညွှန်းကိန်းအဆင့် သတ်မှတ်ရာတွင် ၁၇၉ နိုင်ငံအနက် မြန်မာက ၁၇၄ အဆင့်တွင် ရှိနေသည်ဟု ဖော်ပြထားသည်။

ရန်ကုန် အမေရိကန်သံရုံးမှ ၎င်းတို့နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ၂ဝဝ၉ ဇူလိုင်တွင် ပို့ခဲ့သည့် လျှို့ဝှက်သတင်းပို့ချက်၌ မြန်မာအစိုးရ၏ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ အနည်းဆုံး ၅ နှစ်ဆက်တိုက် အရှုံးပေါ်နေကြောင်း ပါရှိသည်ဟု ဝီကီလိခ် ဝဘ်ဆိုဒ်က ဖော်ပြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့