Monday, January 24, 2011

တူနီးရှား နိုင်ငံ၏ လူထု အုံကြွမှု အပိုင်း (၂)

January 20, 2011

တင်ကျော်ကျော်စိုး။ ။


တူနီးရှား နိုင်ငံ၏ သမိုင်းကြောင်း

နိုင်ငံကာတွင် နာမည် သိပ်မကြီး လှသော်လည်း ကမ္ဘာကျော် Star Wars ရုပ်ရှင် ဇာတ်ကားများ၊ English Patient၊ Sahara စသည့် ဇာတ်ကားများ မှာ တူနီးရှား နိုင်ငံတွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

အာဖရိက နှင့် အာရပ်ကမ္ဘာ မှ လွဲ၍ အခြား နိုင်ငံများ တွင် မူ တူနီးရှား နိုင်ငံ သည် လူသိများခြင်း သိပ်မရှိသည့် မြောက်အာဖရိက နိုင်ငံတစ်ခု ဖြစ်သည်။ ကာသေ့ ယဉ်ကျေးမှု ၏ ဘူမိနက်သန် နေရာ ဖြစ်သောကြောင့် ယခုတိုင် ကာသေ့ မြို့ပြ နိုင်ငံ၏ ယဉ်ကျေးမှု အမွေ အနှစ် များကို ယူနက် စကို၏ စောင့်ရှောက်မှုဖြင့် တွေ့ရှိနိုင်သည်။ နိုင်ငံသာ ငယ်သော်လည်း ကာသေ့ မြို့ပြ ယဉ်ကျေးမှု အမွေ အနှစ် များကို ရှုမျှော်မဆုံး တွေ့နိုင်သည်။

ဘီစီ ၁၁၀၀ တွင် ဖိုနီးရှန်း လူမျိုး တို့  အာဖရိက မြောက် ပိုင်း တွင် အခြေချ ခဲ့ရာမှ ကာသေ့ မြို့ပြ နိုင်ငံများ ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဘီစီ ၁၄၆ တွင် ရောမတို့ ကျူးကျော် ခံရပြီးနောက် နာမည်ကျော် တတိယ ပြူးနစ် စစ်ပွဲ (Battle of Carthage ၁၄၉ ဘီစီ ) ဖြစ်ပွားပြီးနောက် ကာသေ့ တို့၏ အဆောက်အဦများ ယဉ်ကျေးမှု များမှာ ရောမ အင်ပါယာ လက်အောက် ကျရောက်ကာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။


ရောမခေတ် မတိုင်မှီက နိုင်းမြစ်ဝှမ်း နှင့် မြေထဲပင် လယ်အကြား နေထိုင်ပြီး အာဖရိက မြောက်ပိုင်းတွင် ကျင်လည် ကျက်စားသည့် ဘာဘာလူမျိုး တို့သည် ယခု တူနီရှန်း တို့၏ ဘိုးဘေး ဘီဘင်များ ဖြစ်သည်။ (ပြင်သစ်ဘောလုံးသမား ဇီဒန်း သည် ဘာဘာ လူမျိုး ဖြစ်သည်)

ခရစ် သက္ကရာဇ် ၆၀၀ တွင် အာရပ် တို့  တူနီးရှားကို သိမ်းသွင်း ပြီး နောက် ဘာဘာတို့ ကစဥ့်ကလျှား ဖြစ်သွားခဲ့ရ ပြန်သည်။ ၁၆၀၀ တွင် အော်တိုမန် အင်ပါယာ လက်အောက်သို့ ကျရောက် သွားခဲ့သည်။

၁၈၈၃ ခုနှစ် တွင် ပြင်သစ် တို့က တူနီရှား နိုင်ငံကို သိမ်းပိုက် ခဲ့သည်။ ၁၉၃၄ ခုနှစ် တွင် ဟာဘစ် ဘိုဂီဘာက နီယို ဒေါ်စတာ ပါတီကို တည်ထောင်ပြီး တူနီးရှား နိုင်ငံအား ပြင်သစ် လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်း ခဲ့သည်။

၁၉၅၆ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် တူနီရှား နိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည်။ လွှတ်လပ်ရေး ကြိုးပမ်းမှု၏ ခေါင်းဆောင် ဟာဘစ် ဘိုဂီ ဘာက ၀န်ကြီးချုပ် အဖြစ် တာဝန်ယူသည် ။ နောက် တစ်နှစ်တွင် ဘုရင် စနစ်ကို ဖျက်သိမ်း ပြီးနောက် ဘိုဂီဘာ သမ္မတ ဖြစ်လာသည်။]

၁၉၈၀ ပြည့်လွန် နှစ် များ တွင် PLO အပါအ၀င် ပါလက် စတိုင်း လွတ်မြောက်ရေး အဖွဲ့အစည်း များကို ပါလက်စတိုင်းတွင် အခြေစိုက်ခွင့် ပေးသည်။ ပါလက်စတိုင်း ခေါင်းဆောင် ယာဇာ အာရဖတ်သည် တူနီးရှားတွင် နှစ်အတန်ကြာ နေထိုင်ခဲ့သည်။

၁၉၈၅ တွင် အစ္စရေး ကွန်မန် ဒို များက မြို့တော် တူနစ်ရှိ ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ (PLO) ဌာနချုပ်ကို ၀င်ရောက် စီးနင်းရာ လူခြောက်ဆယ်ကျော် သေဆုံး ခဲ့သည်။

၁၉၈၇ ခုနှစ်တွင် ၀န်ကြီးချုပ် ဘင်အလီ က သမ္မတ ဖြစ်သူ ဟာဘစ် ဘိုဂါဘီသည် နိုင်ငံကို အုပ်ချုပ် နိုင်စွမ်း မရှိတော့ဟု အကြောင်းပြကာ အာဏာ သိမ်းယူခဲ့သည်။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် အမေရိကန် ၏ အကြမ်းဖက် တိုက်ဖျက်ရေး စစ်ပွဲဉ် အမေရိကန် လေယာဉ်များ ဆင်းသက်ခွင့်ကို တူနီရှား နိုင်ငံတွင် ခွင့်ပြုထားပြီး အမေရိကန် နှင့် ဆက်ဆံရေး ကောင်းခဲ့သည်။

တူနီရှား အစိုးရသည် သတင်းစာ ဆရာ တော်ဖစ် ဘန် ဘရခ် အပါအ၀င် သတင်းစာ ဆရာ ရှစ်ဦး ခန့်ကို ထောင်သွင်း အကျဉ်း ချထားခဲ့သည်။ တူနီရှား အစိုးရ၏ လူ့အခွင့် အရေး ချိုးဖောက်မှု များနှင့် အစိုးရက အကျင့်ပျက် ချစားခြင်း ကို အမေရိကန်က လစ်လျူရှု ထားသည် ဟု ဝေဖန် မှုများ ရှိခဲ့သည်။

၂၀၀၉ ခုနှစ် တွင် ဘင်အလီ သည် ငါးကြိမ်မြောက် သမ္မတ အဖြစ် အရွေးခံရပြီးနောက် ပြည်သူတို့၏ မကျေနပ်မှုများ စတင်ခဲ့သည်။

တူနီးရှား နိုင်ငံ၏ ယဉ်ကျေးမှု

အနောက်ယဉ်ကျေးမှု ကို နိုင်ငံတွင်း ခွင့်ပြုထားသည် တစ်ခုတည်းသော အာရပ် နိုင်ငံဖြစ်သည့် တူနီရှားတွင် အမျိုးသမီးများ မှ အစ္စလာမ် ဘာသာဝင်တို့၏ ဓလေ့ဖြစ်သည့် ဘာကာ ခေါ် မျက်နှာဖုံးများ တပ်ဆင်ရခြင်း မရှိပါ။ မြေထဲ ပင်လယ် ကမ်းခြေ အာဖရိက နိုင်ငံ ငယ်လေးသည် ဥရောပ နိုင်ငံများနှင့် မခြား လူမှုရေး လွတ်လပ်မှု ရှိသည်။ ပြင်သစ် ဘောလုံး အကျော်အမော် ဘားသက်ဇ် ၊ ဖက်ရှင် အကျော်အမော် ဒိုနာ တယ်လာဗက်ဆက်ချီ တို့၏ ဇိမ်ခံအိမ် အကောင်းစားများလည်း တူနီရှားတွင် ရှိသည်။

သို့သော် …….နိုင်ငံရေး၊ စီးပွားရေး များကတော့ လွတ်လပ်မှုမရှိ ၊ နိုင်ငံ အာဏာကို ၁၉၈၇ ခုနှစ် ကတည်းက အာဏာသိမ်းပြီး ရယူလာသည့် သမ္မတ ဇင်အယ် အဘီဒင်း ဘင်အလီ က အုပ်ချုပ်သည်။ ဘင်အလီသည် တူနီရှား နိုင်ငံကို ပြင်သစ် ကိုလိုနီ လက်အောက်မှ လွတ်မြောက်အောင် တိုက်ပွဲဝင်ခဲ့သူ သမ္မတ ဟာဘစ်ဘော်ဂီဘာ ကို ဖြုတ်ချပြီး အာဏာသိမ်း ခဲ့သူ ဖြစ်သည်။ အာဏာရပြီး နောက်တွင် ၎င်း၏ အာဏာကို တည်မြဲအောင် လုပ်ပြီး အတိုက်အခံများ ကို ဖမ်းဆီး ထောင်ချခြင်းများ ပြုလုပ်သည်။ နောက်ပိုင်းတွင် သတင်းစာ ဆရာများ ၊ဘလောက်ဂါများ၊ ပညာရှင်များ ကိုပါ ဖမ်းဆီး ထောင်ချခဲ့သည်။

၂၀၀၉ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံတွင်း လွတ်လပ်စွာပြောဆိုခွင့်များ ကို ပိုမို ချုပ်ချယ်ကန့်သတ် လာသည်။ ဘလောက်ဂါ များ ကို ဖမ်းဆီးထောင် ချခဲ့ပြီး နှိပ်စက် ညှင်းပန်း မှုများ ပြုလာခဲ့သည်။ တူနီရှား အစိုးရ အဖွဲ့သည် လာဘ်စားမှု များမှ ပိုမို ဆိုးရွားလာပြီး ၂၀၀၉ ခုနှစ်တွင် ဘင်အလီ ၏ ဇနီးဖြစ်သူ လိုင်လာ ဘင်အလီက ဆွစ်ဘဏ် နှင့် ဂျာမဏီဘဏ် တို့တွင် ဒေါ်လာ သိန်း ၈၀၀ ကျော် အပ်နှံခဲ့သည် ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

တူနီရှား နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရောဘတ် ဂိုဒက် က တူနီရှား သမ္မတ ဘင်အလီ ၏ ဆွေမျိုး မိသားစု ကို “ကွေဇိုင်း မာဖီးယား” ဟု ခေါ်ဆို ခဲ့သည်။ ဘင်အလီ ၏ ပထမ အိမ်ထောင် မှ သားသမီး များသည် တူနီရှား နိုင်ငံ၏ ပင်လယ် ကမ်းခြေ များတွင် ဟိုတယ် နှင့် ရီဆော့ များကို ပိုင်ဆိုင်သည်။ ၎င်း၏ ယောက်ဖ ဆခ်ခါ မာတာရီသည် ဇိုင်တိုနာ ရေဒီယို နှင့် ရုပ်သံကို ပိုင်သည်။ ဘင်အလီ ၏ ဆွေမျိုးများသည် တူနီးရှား နိုင်ငံတွင် အဖိုးတန် အိမ်များ အလုံး ၁၀၀ ထက်မနည်း ပိုင်ဆိုင်ပြီး နိုင်ငံ၏ အိမ်ခြံမြေ လုပ်ငန်း ကို လက်ဝယ်ကြီး လုပ်ထား သည်။ မြို့တော် တူနစ် ရှိ ကာသေ့ နိုင်ငံတကာ ကျောင်း ကို ဘယ်(လ)ဂျီယန် ကုမ္ပဏီ တစ်ခုသို့  ဒေါ်လာ တစ်သန်းခွဲဖြင့် ရောင်းချသည်။

ဘင်အလီ၏ ယောက်ဖ တစ်ဦးသည် ဗဟိုဘဏ်၏ ရှယ်ယာ အများစုကို ပိုင်ဆိုင်ပြီး ကိုယ်ပိုင်ဘဏ် တစ်ခု ရှိကာ ဆွစ်ဇာလန် နိုင်ငံ ရိုဒူဟွန်တွင် ဒေါ်လာ လေးသန်းကျော်တန် အိမ်နှင့် ကိုယ်ပိုင် ပြင်သစ်လုပ် Falcon 9000 Jet လေယာဉ် တစ်စီးရှိသည်။

တူနီရှား ပြည်သူများ မှာ ၂၀၀၈ ခုနှစ် အမေရိကန် စီးပွားပျက်ကပ် ဂယက်ကြောင့် အလုပ်အကိုင်များ ရှားပါး လာပြီး ပို၍ ဆင်းရဲတွင်း နက်လာကြသည်။ တိုင်းသူ ပြည်သား များမှာ ဆင်းရဲတွင်း နက်သော်လည်း ဘင်အလီ နှင့် မိသားစုက အနောက်တိုင်း သံတမန်များကို ပြင်သစ် နိုင်ငံမှ မှာယူထားသည့် ၀ိုင် အကောင်းစား များဖြင့် တည်ခင်း ဧည့်ခံသည်။ သံအမတ် များကလည်း အလွန် သဘောကျသည် ပြင်သစ် နိုင်ငံခြားရေး ၀န်ထမ်းများ ဆိုလျှင် တူနီရှား နိုင်ငံတွင် သံဝန်ထမ်း အဖြစ် စေလွှတ်ခြင်း ခံရလျှင် အလွန် သဘောကျသည်။

အုံကြွှမှု ၏ နိဒါန်း

၂၀၁၀ ခုနှစ် ဒီဇင်ဘာ လ ၁၇ ရက်နေ့တွင် အသက် ၂၆ နှစ် အရွယ် မိုဟာမက် ဘူဇာဇီ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြသည့် ပြည်သူတို့၏ ဒေါသသည် ဘူဇာဇီ၏ ကိုယ်ပေါ်မှ မီးတောက် ကဲ့သို့ ဟုန်းကနဲ တောက်လောင်သည်။

ထိုနေ့တွင် ပင် ဘူဇာဇီ မီးရှို့ ဆန္ဒပြသည့် ဓာတ်ပုံများ ၊ ဗီဒီယို များအား တူနီရှန်း ဘလောက်များတွင် ဖော်ပြ ထားသောကြောင့် အခြား မြို့များ တွင်လည်း ပြည်သူများ က မော်တော်ကား တာယာများကို မီးရှို့ ပြီး ဆန္ဒပြကြသည်။

မီးရှို့ ဆန္ဒပြမှု ဖြစ်ပေါ်ပြီးနောက် ဆစ်ဒီ ဘိုဇီ မြို့ငယ်လေးတွင် လူ ၄၀ ကျော်မှ စတင်ကာ လမ်းပေါ်ထွက် ဆန္ဒပြမှု စတင်ပြီး နောက် အခြား မြို့များသို့ ကူးစက် သွားခဲ့သည်။

ပြည်သူ တို့၏ တောင်းဆိုမှု မှာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး ဖြစ်သည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် အစိုးရ အဖွဲ့ မှ ဖွံ့ဖြိုးရေး ၀န်ကြီးက ဆစ်ဒီ ဘိုဇီ မြို့ငယ်သို့ သွားရောက်၍ အလုပ်အကိုင် နေရာများ အတွက် ဒေါ်လာ ၁၀ သန်း အကုန် အကျခံကာ ဖန်တီးပေးမည် ဟု စီစဉ် ခဲ့သော်လည်း ဆန္ဒပြမှုများမှာ အခြား တူနီးရှား မြို့များ ဆီသို့ ကူးစက် သွားသည်။

ဒီဇင်ဘာ လ ၂၁ ရက်နေ့ တွင် အသက် ၂၂ အရွယ်ရှိ လူငယ် တစ်ဦးက မိမိ ကိုယ်ကို သတ်သေ ဆန္ဒပြမှု ထပ်မံ ပေါ်ပေါက် ခဲ့ပြီးနောက်တွင် တူနီးရှား တောင်ပိုင်း မြို့များ သို့ပါ ဆန္ဒပြမှု စတင် ကူးစက်သည်။

နိုင်ငံအလယ် ပိုင်း ရှိ မြို့တစ် ခု ဖြစ်သော မန်ဇယ် ဘိုဇီယန်း တွင် အသက် ၁၈ နှစ် အရွယ် ဆန္ဒပြသူ မိုဟာမက် အာမာရီ ကို ရဲတပ်ဖွဲ့က ပစ်သတ် ခဲ့ပြီး အသက် ၄၄ နှစ် အရွယ်ရှိ ချောကီ အယ်ဟာဇီ ကိုလည်း ပစ်သတ် ခဲ့သည်။

အစိုးရ၊ လုံခြုံရေး အဖွဲ့များ နှင့် ဒေသခံ အာဏာပိုင် များက ဆန္ဒပြသူများသည် တိုင်းပြည် စီးပွားရေးကို အထိနာ အောင် လုပ်သူများ ဖြစ်သောကြောင့် ဖြို ခွဲမှုများ ပြုလုပ်မည်ဟု သတိပေးကာ ပစ်ခတ်မှုများ ပြုလုပ်သော်လည်း ကျောင်းသားများ၊ ရှေ့နေ များနှင့် အတိုက်အခံ ခေါင်းဆောင် များက ဦးဆောင်ပြီး ဆန္ဒပြ သောကြောင့် ပြည်သူများ ပါဝင်လာရာ လူထု အုံကြွှမှု အသွင် ဆောင်လာခဲ့သည်။

ခရစ္စမတ် နေ့တွင် တူနီးရှား နိုင်ငံ၏ အကြီးဆုံးသော အတိုက် အခံ ပါတီ ဖြစ်သည့် Progressive Democratic Party မှ ခေါင်းဆောင် များက ဦးဆောင်ပြီး လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြရာ ပြည်သူများ က အားတက် လာပြီး ဆစ်ဖစ် မြို့တွင် ဆန္ဒပြသူများက ရဲများ ၏ သေနတ်များ ကို ၀င်ရောက် လုကြသည်။

အခြား မြို့ငယ်များ တွင်မူ စစ်တပ် နှင့် လုံခြုံရေး အဖွဲ့များ ကို ပြန်လည် ပစ်ခတ်ကြရာ လက်နက်ကိုင် အဖွဲ့များက ပြန်လည် ပစ်ခတ်သော် လည်း ဆန္ဒပြမှု များက နေ့ရော ညပါ အားကောင်းလာသည်။

နာမည်ကျော် တူနီးရှား ရှေ့နေ Abderrahman Ayedi ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ပြီး နှိပ်စက် ညှင်းပန်းသည့် သတင်း ထွက်လာသည့် အခါ ပြည်သူများက ရဲစခန်းကို ၀ိုင်းပြီး အေဒီကို ကယ်ဆယ်ခဲ့သည်။

အယ်(လ) ဂျီးယား နှင့် နယ်စပ်ခြင်း ကပ်နေသည့် မြို့တော် တာလာတွင် ဆန္ဒပြမှု ဖြစ်ပွားပြီး နောက်တွင် ရဲတပ်ဖွဲ့က သက်ကြီးရွယ်အို အမျိုးသမီး နှစ်ဦးကို ပစ်သတ်သည့် အခါ အုံကြွှမှုမှာ မြို့တော်တူနစ် သို့ပါ ကူးစက် သွားသည်။

ဇန်န၀ါရီ လ ၄ ရက်နေ့တွင် တူနီးရှား ရှေ့နေများ ကောင်စီ၊ အတိုက်အခံ ပါတီနှင့် ကျောင်းသားများ က အထွေထွေ သပိတ် တိုက်ပွဲ ဆင်နွှဲရန် ကြေငြာပြီး နောက် မြို့တော် တူနစ် တွင် ပြည်သူများက လမ်းပေါ် ထွက်၍ ဆန္ဒပြကြသည်။

တူနစ် အပါအ၀င် တူနီရှား နိုင်ငံ တစ်ခု လုံး ဘင်အလီ ကို အုံကြွှ တွန်းလှန် ရာတွင် စီးပွားရေး လုပ်ငန်းရှင် များက ထောက်ပံ့ကူညီမှု များ ပြုလုပ်ခဲ့သည်။

၂၀၁၁ ခုနှစ် နှစ်သစ်ကူးနေ့ ဇန်န၀ါရီလ ၁ရက်နေ့ အထိ ဆန္ဒပြသူ ၅၀ ကျော်ခန့် အသက် ဆုံးရှုံးခဲ့ပြီး လူ ၂၀၀ ကျော်ကို ဖမ်းဆီး ထားသည်။ ဆန္ဒပြသူများ ကို စစ်တပ် နှင့် ရဲတပ်ဖွဲ့များ က ပစ်ခတ် ခဲ့သော်လည်း မြို့တော် တူနီးရှား တွင် နေ့ရော ညပါ ဆက်လက် ဆန္ဒ ပြခဲ့ကြသည်။

ဇန်န၀ါရီလ ၄ ရက်နေ့တွင် တူနီရှား ကွန်ပြုတာ ကျွမ်းကျင်သူများက အစိုးရ ၀ဘ်ဆိုတ် များကို တိုက်ခိုက် မှုများ စတင် ပြုလုပ်ခဲ့သဖြင့် အစိုးရ ၀ဘ်ဆိုတ် လေးဆယ်ကျော် ပိတ်လိုက်ရသည်။

တူနီးရှား ပုဂ္ဂလိက ရုပ်သံ Nessma TV က အစိုးရ အမိန့် ကို ငြင်းဆန်ပြီး ပြည်သူများ ၏ ဆန္ဒပြမှု များကို အချိန်ပြည့် ထုတ်လွှင့် ခဲ့ရာ ဆန္ဒပြမှု မှာပိုမို အားကောင်းလာပြီး ကမ္ဘာ က သိလာခဲ့သည်။

ကိုးကား၊ အယ်(လ)ဂျာဇီးယား၊ ဘီဘီစီ၊ ဂါဒီးယန်း၊ ၀ီကီပီဒီးယား ၊ ၀ီကီလိခ် ၊ အာရပ်နှင့် တူနီးရှား ဘလောက်များ။

Ref: Freedom News Group

0 comments:

အပေါ်သို့