Friday, September 23, 2011

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ၀န်ကြီး ဌာန၏ အခန်းကဏ္ဍ

ဒေါက်တာထွန်းဝင်း
Saturday, 17 September 2011

ဤဆောင်းပါးကို ရေးသားရသော အကြောင်းရင်းကတော့ Weekly Eleven ဂျာနယ် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ထုတ်၌ မြစ်ဆုံစီမံကိန်းနှင့် စပ်လျဉ်း၍ သဘောထား ကွဲလွဲမှုများကို ဖတ်ရှုရပါသည်။ အမှတ် (၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်မည် ဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟု ဆိုပါသည်။ ရှင်းပြခဲ့သော နေရာကတော့ ပြည်ထောင်စု ၀န်ကြီးများနှင့် မီဒီယာများ တွေ့ဆုံပွဲ တစ်ခုဖြစ်သော စက်တင်ဘာ ၁၁ ရက်နေ့ တွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်ပါ၏။ ဤကိစ္စနှင့် စပ်လျဉ်း၍ နာမည်ကျော် စာရေးဆရာကြီးများ၊ အငြိမ်းစား ပါမောက္ခ၊ အယ်ဒီတာချုပ်များက ဤစီမံကိန်းကြောင့် ဧရာဝတီမြစ်ကြီး တိမ်ကောသွားမှာကို စိုးရွံ့ကြပါသည်။ တိုင်တိုက်ဆိုင်ဆိုင် SAVE THE IRRAWADDY ဟူသော ဟောပြောပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး စာရေးဆရာများနှင့် မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်တို့က ဧရာဝတီမြစ် ထိခိုက်မှာကို စိုးရိမ်ကြကြောင်း သိရပါ၏။

သို့သော် အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီးကတော့ ကန့်ကွက်မှုတွေ ရှိစေကာမူ စီမံကိန်းကို ဆက်လက် လုပ်ကိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ၏။ ထို့ပြင် Weekly Eleven ပါ သတင်းအရ စီမံကိန်း ဆက်လက်လုပ်ကိုင် နေကြောင်း သိရပါ၏။

သို့ပါ၍ ဧရာဝတီမြစ်ကြီးအတွက် စိုးရိမ်နေကြသူတို့မှာ စိတ်မချမ်းသာမှုကို ခံစားရမည် ဆိုတာကတော့ ယုံမှား သံသယဖြစ်ဖွယ် မရှိပါ။

ဧရာဝတီကို စောင့်ရှောက်လိုသူတွေအတွက် မျှော်လင့်ချက် ရောင်ခြည်သစ် (သို့) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန
စာရေးသူ ကျွန်တော်သည် လက်လှမ်းမီသည့် ဂျာနယ်များကို ဖတ်ရှုရာ ဤကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားရာတွင် နိုင်ငံတော်က ပြည်သူတွေ ထိခိုက်မည့် ကိစ္စကို လုပ်မှာ မဟုတ်ဟု ပြောကြားခဲ့ပါ၏။ တစ်ဖန် လျှပ်စစ်စွမ်းအား အမှတ် (၁) ၀န်ကြီးက စီမံကိန်းကို ဆက်လုပ်မည်ဟု ဆိုပါ၏။ အထက်ပါ ၀န်ကြီးနှစ်ဦး၏ ပြောကြားချက်သည် ဆန့်ကျင်ဘက်ဟု မဆိုသာပါ။ ၀န်ကြီး ဦးကျော်ဆန်းက စီမံကိန်းကို ရပ်မည်ဟု ပြောတာမဟုတ်။ ပြည်သူထိခိုက်ရင် မလုပ်ဘူး၊ မထိခိုက်ရင် လုပ်မယ်ဟုဆိုရာ ယခုအမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးက စီမံကိန်းဆက်လုပ်မယ် ဆိုပါ၍ ဤကိစ္စသည် ပြည်သူကိုမထိခိုက်ဟု ယူဆသည်ဟု ကောက်ချက်ဆွဲရပါမည်။ တခြား တစ်ဖက်ကလည်း ဧရာဝတီ မြစ်ကြီးကို ထိခိုက်ပါပြီဟု ယူဆကြရာ ထိုသို့ ယူဆသူတွေ မျှော်လင့်ချက် မှေးမှိန်လာပါသည်။ သို့သော် တိုက်ဆိုင်မှု တစ်ခုမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနဟူ၍ ပေါ်ပေါက်လာရာ ဤကိစ္စနှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက ဘယ်လိုမှတ်ချက် ပေးမလဲ ဆိုတာကတော့ ပတ်ဝန်းကျင် ၀ါဒီတို့သည် မျှော်လင့်ချက်တစ်ခု အဖြစ် စောင့်စားနိုင်ပါသည်။ ၀န်ကြီး၏ ယခင် တာဝန်မှာ သစ်တောရေးရာ ၀န်ကြီးဖြစ်၍ သစ်တောကိုပဲ ကာကွယ်ရန် အဓိကကျပြီး ဧရာဝတီမြစ်ကို ကာကွယ်ရန် အဓိကမကျပါ။ ယခုတော့ အဓိက ကျလာပါပြီ။

စာရေးသူကျွန်တော်သည် တစ်ခါတုန်းက ရနံ့သစ်မဂ္ဂဇင်း ၂၀၁၁ ခုထုတ် အမှတ် ၂၈ တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ရင်ရင်လေးနှင့် တွေ့ဆုံခြင်း ကဏ္ဍကို ဖတ်ခဲ့ဖူးပါ၏။ ဒေါ်ရင်ရင်လေး ဆိုသူမှာ ၁၉၉၂ မှ ၂၀၀၅ အထိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမျိုးသား ကော်မရှင်တွင် အမှုထမ်းခဲ့သူ ဖြစ်ပါသည်။

ဒေါ်ရင်ရင်လေး၏အဆိုအရ "သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ ရေတိုသာ မကဘူး၊ ရေရှည်လည်း ကြည့်ရမယ့် အလုပ်၊ နိုင်ငံတိုင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှု၊ လူမှုရေး ဖွံ့ဖြိုးမှု ရှိရမှာဖြစ်သလို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာလည်း ရှိကိုရှိရမည်"ဟု ဆိုပါ၏။ "စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဟာ ဟန်ချက်ညီရမယ်။ Balance ရှိရမယ်"ဟု ဆိုပါသည်။

ဘယ်ဝန်ကြီးဌာနမှာမဆို ဖွံ့ဖြိုးရေးစီမံကိန်းလုပ်သည့်အခါ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တစ်ပါတည်း တွဲလုပ်သင့်တယ်ဟု ဆိုပါ၏။ ဒေါ်ရင်ရင်လေး၏ အဆိုအရ တရုတ်ပြည်ကို ဥပမာ ပေးရာတွင် ယခင်က တရုတ်ပြည်မှာ စီးပွားရေး တိုးတက်ဖို့ တွန်းလုပ်ခဲ့ပြီး ယခု ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ပြန်ကြည့်နေရတယ်ဟု ဆိုပါ၏။

အာဆီယံရည်မှန်းချက်မှာ ဆိုရင်လည်း ခရစ်နှစ် ၂၀၂၀ မှာ အာဆီယံ ဒေသကြီး တစ်ခုလုံး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး သန့်ရှင်းတဲ့ ပတ်ဝန်းကျင်၊ စိမ်းလန်းတဲ့ ပတ်ဝန်းကျင် ဖြစ်ရမယ် ဟုဆိုပါ၏။ အာဆီယံ နိုင်ငံများတွင် စင်ကာပူသည် ၁၉၇၂ ခုနှစ်ကတည်းက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ရှိနေပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့မှာ ၁၉၈၀ ခုနှစ် ကတည်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနဆိုတာ ရှိနေပါပြီဟု ဆိုပါ၏။

အထက်ပါစကားရပ်များကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမျိုးသား ကော်မရှင်၌ အလုပ် လုပ်ခဲ့သော ၀န်ထမ်းတစ်ဦး၏ အသံ (voice) သာလျှင် ဖြစ်ပါ၏။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဆိုသည်ကတော့ ပိုမို အဆင့်မြင့်သွားပြီ ဖြစ်ရာ ၎င်းထက်ကျယ် လောင်သော Voice တစ်ခု ထွက်လာလိမ့်မည်ဟု မျှော်လင့်စရာ ရှိပါသည်။ တကယ်တော့လည်း ဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် ဌာနအချင်းချင်း နည်းဗျူဟာ သဘော ကွဲလွဲမှု ဆိုတာ ရှိစမြဲဖြစ်ပါ၏။ ဥပမာ တစ်ခါက အာဆီယံ နိုင်ငံတစ်ခုတွင် HIV ကာကွယ်ရေး စီမံကိန်း လုပ်ရန် မြို့နယ်စီမံကိန်း အရာရှိနှင့် မြို့နယ်ဆရာဝန်တို့ ပူးပေါင်းမိပြီး ပြည့်တန်ဆာမလေးများကို မြို့နယ် ဆရာဝန်ရုံးသို့ ဖိတ်၍ ကွန်ဒုံးဝေပါသည်။ ကျန်းမာရေး ဆွေးနွေးပွဲ လုပ်ကြ၏။ ရက်အနည်းငယ် ကြာတော့ ရဲဌာနက ဒါကိုသိသွားပြီး ကွန်ဒုံးဝေတာ လက်ခံခဲ့သော ပြည့်တန်ဆာမလေးများကို မသင်္ကာမှုနဲ့ ခေါ်စစ်ပါတယ်။ ဒါနဲ့ ကွန်ဒုံးဝေတဲ့ ကိစ္စလည်း ပျက်သွားပါတယ်။ ရဲလည်း မြို့နယ်ဆရာဝန်ကို ၀မ်းနည်းစကား ဆိုတာက သူ့ကိုခွင့်လွှတ်ပါ။ သူ့တာဝန် သူ လုပ်တာပါလို့ ဆိုပါတယ်။ မြို့နယ် စီမံကိန်း ဆရာဝန်နဲ့ မြို့နယ် ဆရာဝန်ကလည်း သူတို့တာဝန် သူတို့လုပ်ရတာပါ။ ဒီတော့ တာဝန်နှစ်ခု ပဋိပက္ခ ဖြစ်ပါတယ်။ ဒီကိစ္စမျိုးကို မြို့နယ်အဆင့် ညှိနှိုင်းဆွေးနွေးပွဲတွေမှာ ဖြေရှင်း ညှိနှိုင်းရပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စဆိုလျှင်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနနှင့် ၀န်ကြီးဌာနပေါင်းစုံ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ တင်ပြရမည်ဆိုပါသော် ကျွန်တော်သည် ပန်းနာရင်ကြပ် အက်စမာ ရောဂါသမား တစ်ယောက်ဖြစ်ပါ၏။ ပန်းနာ ရင်ကြပ်သမား များသည် အောက်ဆီဂျင်ကို အလွန်မြတ်နိုး၏။ ထိုကမ္ဘာကြီး ပူနွေးလာမှာ၊ သစ်တောတွေ ပြုန်းတီးမှာ၊ မော်တော်ကား မီးခိုးတွေများမှာ သိပ်ကြောက်ပါတယ်။ ပတ်ဝန်းကျင် ယိုယွင်းလာလို့ ပန်းနာရင်ကြပ် သမားတွေဟာ အသက် ငါးနှစ်လောက်စီတော့ တိုကြလိမ့်မယ် ထင်ပါတယ်။ တလောက စာရေးဆရာကြီး နန္ဒသိန်းဇံသည် အသက် ၆၅ နှစ်မှာ ရင်ကြပ်ရောဂါနဲ့ ကွယ်လွန်ရာ အကယ်၍ ပတ်ဝန်းကျင်သာ မယိုယွင်းရင် အသက် ၇၀ လောက်တော့ နေနိုင်လိမ့်မည် ထင်ပါသည်။

နိုင်ငံတစ်ခုမှာ ဖွံ့ဖြိုးရေးစီမံကိန်းကြီးတွေ လုပ်မယ်၊ ပတ်ဝန်းကျင် ယိုယွင်းမယ် ဆိုရင် ပန်းနာရင်ကြပ် သမားတွေဟာ စိုးရိမ်စိတ်နဲ့ ကတုန်ကရင် ဖြစ်တတ်ပါတယ်။ ဧရာဝတီမြစ်ကြီး ထိခိုက်မယ် ဆိုရင်တော့ ပို၍တောင် ကြောက်မိပါ၏။ ဘာကြောင့်လဲ ဆိုတော့ ပတ်ဝန်းကျင် ထိခိုက်မယ့် နောက်ဆက်တွဲ အကျိုးဆက်တွေ အများကြီး လာမှာပါ။

စိတ်သက်သာရာတစ်ခုတော့ တွေ့မိတာက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနရယ်လို့ ပေါ်ထွန်းလာခြင်းပါပဲ။ ကျွန်တော်တို့လို ပန်းနာ ရင်ကြပ်သမားတွေ ကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနကို မိမိတို့၏ အနာဂတ် ကယ်တင်ရှင် အဖြစ် မျှော်လင့် စောင့်စားမိပါကြောင်း။

Ref: EMG

0 comments:

အပေါ်သို့