Friday, September 23, 2011

ရွှေတြိဂံမှသင်္ဘောတစီး ပစ်ခတ်ခံရ

သန်းထိုက်ဦး
22 September 2011

လက်နက်ကိုင်တစုက ရွှေတြိဂံ ဒေသ မဲခေါင်မြစ်အတွင်း ခုတ်မောင်းနေသည့် ကုန်တင်သင်္ဘော တစီးကို ယမန်နေ့ညက တိုက်ခိုက် သဖြင့် သင်္ဘောပေါ်ရှိ မြန်မာပြည်သား ၄ ဦး ဒဏ်ရာ ရရှိသွားသည်။

ဒဏ်ရာရရှိသူများသည် အသက် ၃၀ ခန့် အရွယ်ရှိပြီး ရှမ်းတိုင်းရင်းသားများ ဖြစ်ပြီး ယခုအခါ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် ဆေးရုံ တခုတွင် ရောက်ရှိနေသည်။

“၃ ယောက်ကတော့ ချင်းစန် ဆေးရုံမှာ ကုသနေပါတယ်၊ ကျန်တဲ့ တယောက်ကတော့ သူရဲ့ တင်ပါးက ကျည်ဆံကို ခွဲစိတ်ဖို့ အတွက် ချင်းရိုင်မြို့နယ်က ဆေးရုံမှာ ပို့ထားပါတယ်” ဟု ချင်းစန်မြို့နယ် ရဲစခန်းမှ တာဝန်ကျရဲသားတဦးက ဧရာဝတီသို့ ပြော သည်။


ကုန်တင်သင်္ဘောသည် တရုတ် နိုင်ငံမှဖြစ်ပြီး တိုက်ခိုက်ခံရသည့် အကြောင်းရင်းကို မသိရသေးပေ။

ပစ်ခတ်သူတို့မှာ ယင်းဒေသတွင် လှုပ်ရှားနေသည့် မူးယစ်ရာဇာ နော်ခမ်း၏ အဖွဲ့များ ဖြစ်နိုင်သည်ဟု ထိုင်းနှင့် မြန်မာ ဒေသခံ အာဏာပိုင်များ၊ ထိုင်းသတင်းသမားများက သုံးသပ် နေကြသည်။

၂၀၁၀ ဖေဖော်ဝါရီလက မဲခေါင်မြစ်အတွင်း နော်ခမ်း၏ တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုကြောင့် တာချီလိတ်မြို့နယ် ရဲစခန်းမှူး ဦးခင်မောင်ရင် အပါအ၀င် တပ်သား ၁၅ ဦး သေဆုံးခဲ့သည်။

ရှမ်းတိုင်းရင်းသား တဦးဖြစ်သည့် နော်ခမ်းသည် ရွှေတြိဂံ ဒေသတွင် မူးယစ် ဆေးကုန်ကူးနေသူဟု ကျော်ကြားပြီး မြန်မာ၊ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများက အလိုရှိနေသူ ဖြစ်ကြောင်း သိရသည်။

နော်ခမ်းသည် ၁၉၉၆ ခုနှစ်တွင် လက်နက်ချခဲ့သော ဦးခွန်ဆာ ခေါင်းဆာင်သည့် မော်ထိုင်း တပ်မတော်(MTA) တပ်ဖွဲ့ဝင်ဟောင်း ဖြစ်သည်။

၂၀၀၆ ခုနှစ်မှ စတင်၍ လက်နက်ကိုင်ပြီး ရွှေတြိဂံနယ်မြေ၌ ပြန်လည် လှုပ်ရှားခဲ့ကြောင်း သိရသည်။ သူ၏တပ်ဖွဲ့ကို လားဟူ၊ ရှမ်း တိုင်းရင်းသားတို့နှင့် ဖွဲ့စည်းထားသည်ဟု ဆိုသည်။

မူးယစ်ဆေးဝါးများကို ရွှေတြိဂံဟု ထင်ရှားသော ထိုင်း၊ မြန်မာ၊ လာအို သုံးနိုင်ငံနယ်စပ် အထူးသဖြင့် ရှမ်းပြည်နယ် အတွင်းရှိ တချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ထုတ်လုပ်နေကြပြီး ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင် ရောင်းချမှု များ လည်း ရှိကြောင်း သတင်းဖော်ပြချက်များ အရ သိရှိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့