Tuesday, September 20, 2011

ဘယ်သူအာဏာပိုင်လဲ

လူထုစိန်ဝင်း
Saturday, 17 September 2011

အာဏာပိုင်များ၊ အာဏာပိုင်အဖွဲ့အစည်းများ ဆိုတဲ့ စကားဟာ မြန်မာစကားမှာ အတော် တွင်တွင် ကျယ်ကျယ် သုံးစွဲ နေကြတဲ့ စကားများ ဖြစ်တယ်။ အစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရ ၀န်ထမ်းတွေကို ရည်ညွှန်း ပြောဆို ကြတာပါ။

တစ်ချက်လွှတ်အမိန့်
တစ်ပါတီ တစ်ဖွဲ့တစ်စည်းက အာဏာ သုံးရပ်စလုံးကို ချုပ်ကိုင်ထားပြီး တစ်ချက်လွှတ် အမိန့် ပြန်တမ်းများနဲ့ အုပ်ချုပ်တဲ့ အာဏာရှင်စနစ် အောက်မှာတော့ ဒီ အသုံးအနှုန်းများဟာ လျော်ကန် သင့်မြတ်တယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေ၊ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေလို ဒီမိုကရေစီ ပြယုဂ်တွေ အစုံအလင်နဲ့ အစိုးရမျိုး လက်ထက်မှာတော့ ဒီအသုံးအနှုန်း တွေဟာ ဆီလျော် အပ်စပ်ခြင်း မရှိတော့လို့ မသုံးသင့်တော့ဘူး။ သက်ဆိုင်ရာ ဌာနများ၊ အစိုးရ ၀န်ထမ်းများ ဆိုတဲ့ စကားလုံးတွေနဲ့ အစားထိုး သုံးစွဲ သင့်ကြတယ်။

ဖျောက်ဖို့ခက်ပေမယ့်
နှစ်ပေါင်းငါးဆယ်လောက် ပါးစပ်ထဲမှာစွဲနေတာတွေမို့ ရုတ်တရက် ဖျောက်ဖို့ ခက်တာ မှန်ပေမယ့် နေ့စဉ် တဖွဖွ ပြောနေကြတဲ့ ဒီမိုကရေစီ ဆိုတဲ့ အသံနဲ့နည်းနည်းမှ မအပ်စပ်ပါဘူး။ ပျောက်အောင် ဖျောက်ရပါလိမ့်မယ်။ အာဏာပိုင် ဆိုတဲ့ စကားဟာ ကိုလိုနီခေတ်မှာ အတော်လေး သုံးစွဲကြတယ်။ အထူး အာဏာရ ရာဇ၀တ် တရားသူကြီးတို့ အထူး အာဏာရ ငွေဓားလွယ်ဆုရ သူကြီးမင်းတို့ စသဖြင့် သုံးကြတယ်။ မြို့အုပ်မင်း ရုံးထိုင်လို့ သူကြီးမရှိတဲ့ မြို့နယ်လေးတွေမှာတော့ အရပ်ထဲက လူရိုသေ ရှင်ရိုသေပုဂ္ဂိုလ် တစ်ယောက်ယောက်ကို ရွေးပြီး သမာဓိ မြို့ဝန်မင်းတို့၊ အထူး အာဏာရ သမာဓိမြို့ဝန်မင်း တို့ဆိုပြီး ခန့်ထားခဲ့ကြတယ်။

မတော်လှန်ရဲအောင်
ကိုလိုနီလက်အောက်ခံနိုင်ငံတိုင်းမှာ အုပ်ချုပ်သူ မျက်နှာဖြူ အရှင်သခင်ကြီးတွေက အာဏာပိုင် သခင်ကြီးတွေ ဖြစ်ပြီး ဌာန တိုင်းရင်းသား အုပ်စိုးခံတွေက ကျွန်တွေ အစေအပါးတွေ ဖြစ်ကြတယ်။ အုပ်စိုးခံတွေ ကြောက်လန့်ပြီး မတော်လှန်ရဲအောင် အနိမ့်ဆုံး အဆင့် သူကြီးလောက်ကို အထူး အာဏာရ သူကြီးမင်းတို့၊ ငွေဓားလွယ်ဆုရ သူကြီးမင်းတို့ လုပ်ထားကြတယ်။ မျက်နှာဖြူ ဘုရင်ခံနဲ့ အပေါင်းပါတွေ တောပစ် ထွက်ရာမှာ လူတွေ မောင်းထုခေါ်ပြီး တောခြောက်ပေးတဲ့ သူကြီးကလည်း 'ဘုရင်ခံ မင်းတရားကြီး၏ ခြောက်လုံးပြူး ဆုတော်မြတ် ပေးသနားခြင်း ခံရသော အထူးအာဏာရ တိုက်သူကြီးမင်း' ဆိုတာမျိုး ဖြစ်နေတယ်။ အဓိကကတော့ သာမန် တိုင်းသူပြည်သားတွေ ခေါင်းမဖော်ရဲအောင် ချိုးနှိမ် ဖိနှိပ်ထားဖို့ဖြစ်တယ်။

ကြောက်စိတ်မပျောက်
ကိုလိုနီနယ်ချဲ့သမားတွေရဲ့ အကြောက်တရားနဲ့ အုပ်စိုးခြင်း နည်းဗျူဟာက တော်တော် ထိရောက်တယ်။ ကိုလိုနီ လက်အောက်ခံ ဘ၀ လွတ်မြောက် လာခဲ့တာ နှစ်ပေါင်း ခြောက်ဆယ် ကျော်နေပြီ ဖြစ်တာတောင် မြန်မာ လူမျိုးများဟာ ရုံးပြင် ကနားသွားရမှာ အင်မတန် ကြောက်ကြတယ်။ သခင်မျိုးဟေ့ တို့ဗမာလို့ ပါးစပ်က ဘယ်လောက် အော်နေ အော်နေ ကြောက်စိတ်က ဘယ်လိုမှ ဖျောက်လို့ မပျောက်သေးဘူး။ ရုံးနား ဂါတ်နားရောက်ရင် အလိုလိုနေရင်း ကျောထဲက စိမ့်စိမ့် လာတတ်ကြတယ်။ ဘယ်လောက်ပဲ ပြောပြော ယူနီဖောင်းဝတ်နဲ့ ရဲစာသင်(ဆာဂျင်)လောက် လာရင်ကို အာဏာပိုင် ပုဂ္ဂိုလ်ကြီးလာတယ်၊ အာဏာပိုင် အဖွဲ့အစည်းတွေ လာတယ်ဆိုပြီး ခြေမကိုင်မိ လက်မကိုင်မိ ပျာပျာသလဲ ဖြစ်နေကြရတယ်။

အရက်ယူခဲ့၊ ကြက်ယူခဲ့
'ပညတ်သွားရာဓာတ်သက်ပါ' ဆိုတဲ့စကားရှိထားတဲ့အတိုင်း ရဲစာသင်လောက်၊ မြို့အုပ်မင်းရဲ့ တောလိုက် စာရေးလောက်၊ ပျာတာတော် မင်းလောက်ကလည်း သူတို့ကိုယ် သူတို့ တကယ်ကို အာဏာ ပိုင်စိုးတဲ့ ပုဂ္ဂိုလ်ကြီးများ အဖြစ် မှတ်ယူ နေကြပြီး အရပ်သူ အရပ်သားများကို တွေ့တာနဲ့ ဟိန်းဟောက် ခြိမ်းခြောက် လုပ်ကြတယ်။ အရက်ယူခဲ့၊ ကြက်ယူခဲ့နဲ့ အာဏာပါဝါ ပြကြတယ်။ တောသူ တောင်သားတွေသာ မဟုတ်ဘူး မြို့ပေါ်က ပညာတတ် လူတန်းစားတွေတောင် ဟိန်းဟောက် ခြိမ်းခြောက်ရင် ကြောက်ဒူး တုန်ကြတယ်။ အကျိုးသင့် အကြောင်းသင့် ပြန်လှန် မပြောရဲကြဘူး။ နှုတ်ဆွံ့ပြီး အ,အကြီးတွေလို ဖြစ်နေကြတော့တယ်။

ခေတ်ကြီးပြောင်းနေပြီ
အဲဒါကြောင့် 'ပညတ်သွားရာ ဓာတ်သက်ပါ' မဖြစ်ရလေအောင် အာဏာပိုင် ပုဂ္ဂိုလ်များတို့၊ အာဏာပိုင် အဖွဲ့အစည်း များတို့ ဆိုတဲ့ အသုံး အနှုန်းတွေကို ပပျောက် စေချင်တာပါ။ ဘာပဲပြောပြော ခေတ်ကြီးက ပြောင်းနေပါပြီ။ အရှေ့အလယ်ပိုင်းက ဘုရင်ကြီးတွေ၊ ဆူလတန် ကြီးတွေနဲ့ အာဏာရှင်ကြီးတွေ တစ်ယောက်ပြီး တစ်ယောက် ရာဇ ပလ္လင်ပေါ်က ဆင်းသွား ကြရပါပြီ။ မြန်မာပြည်မှာလည်း ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့၊ ရွေးကောက်ပွဲနဲ့ လွှတ်တော်နဲ့ ဖြစ်နေပြီ။ တစ်ခေတ်ပြောင်းဖို့ တာစူချိန် ရောက်နေပြီ။

အမေးနဲ့ အဖြေ
ဒီနေရာမှာ ၁၁-၉-၂၀၁၁ နေ့ထုတ် မော်နီတာဂျာနယ်မှာပါတဲ့ အမေးအဖြေလေး တစ်ခုကို ကောက်နှုတ် ဖော်ပြချင်ပါတယ်။ မေးသူကို 'ဦးမြတ်ခိုင် (လျှပ်တပြက် သတင်းဂျာနယ်၊ မော်နီတာ သတင်းဂျာနယ် အယ်ဒီတာချုပ်)'လို့ ဖော်ပြထားပြီး အမေးခံ ပုဂ္ဂိုလ်ကတော့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဖြစ်ပါတယ်။
မေး - "ပြည်ထောင်စုဝန်ကြီး အနေနဲ့ ကျွန်တော်တို့ သတင်းသမားတွေ တွေ့ဆုံရတာ ဒုတိယ အကြိမ် ဖြစ်ပါတယ်။ ကျွန်တော်တို့ အပြင်မှာ ကြားသိနေရတာ အဘ ဦးစိုးသိန်းတို့ အဖွဲ့က ပျော့ပျောင်းတဲ့ အဖွဲ့လို့ ကျွန်တော်တို့ သိရပါတယ်။ ဒီမိုကရေစီ နည်းလမ်းတကျ သွားနေတဲ့ ပြည်ထောင်စု ၀န်ကြီးလို့ သိရပါတယ်။ အဲဒါ ဟုတ်ပါသလားလို့ သိလိုပါတယ်။ အဲဒါနံပါတ် ၁ အချက်ပါ။ နံပါတ် ၂ အချက်ကတော့ နိုင်ငံခြားငွေနဲ့ ကားဝယ်ခွင့် ရတယ် ဆိုတဲ့အခါမှာ ပိုက်ဆံရတဲ့နည်းလမ်း၊ ဥပမာ ငွေဖြူကိစ္စ၊ ငွေမည်း ကိစ္စတွေ ပြဿနာရှိလား၊ အဲဒါကို သိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။'

ပြည်သူလူထုကရွေးချယ်တင်မြှောက်ထား

ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းအဖြေ
ကျွန်တော်က ဒီမှာလာတာ ဧည့်သည်ဗျ။ သို့သော်လည်း လာကူညီတာ ပေါ့လေ။ ဘာပဲဖြစ်ဖြစ် ပျော့ပျောင်းတယ်၊ မာတယ် ရယ်လို့ မဟုတ်ဘူးဗျ။ ကျွန်တော်တို့က ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ကျွန်တော်က ကျွန်းစုမြို့နယ်က ပြည်သူ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။ ပြည်သူအနေနဲ့ ရွေးချယ် တင်မြှောက်ခံရပြီး ပြည်ထောင်စု ၀န်ကြီး တာဝန်ကို နိုင်ငံတော် သမ္မတက တာဝန် ပေးထားတာပါ။ ပြည်သူ့ အကျိုးအတွက် ကျွန်တော်တို့ လုပ်ကြဖို့ ဝန်မလေးတာပါ။ တကယ် လုပ်ရမယ့် အလုပ်ဆိုရင် ကျွန်တော်တို့ သံမဏိကဲ့သို့ တကယ်မာပါတယ်"
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ် ဖြစ်လို့ ပြည်သူ့ အကျိုးအတွက် လုပ်ကြဖို့ ၀န်မလေးတာပါလို့ ပြောသွားတာ ကျေနပ်စရာပါ။ ခေတ်ပြောင်း သွားပြီလို့ ၀န်ကြီးက အသိအမှတ် ပြုတဲ့ သဘောလို့ ယူဆပါတယ်။ ၀န်ကြီးဟာ အရင် အစိုးရ လက်ထက်က ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်(ရေ) တာဝန် ထမ်းဆောင်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် ပုဂ္ဂိုလ်ပါ။

အကျင့်ဆိုးမဖျောက်နိုင်
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းလို ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ထိ တာဝန်ယူခဲ့ရတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးက ခေတ်ပြောင်း သွားတာကို လက်ခံအသိအမှတ်ပြုပြီး ပြည်သူက ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ် တစ်ဦး အနေနဲ့ ပြည်သူ့ အကျိုးကို လုပ်ဆောင်ဖို့ ၀န်မလေးပါလို့ ပြောပေမယ့် ဗျူရိုကရေစီ ယန္တရားကြီး အတွင်းက ရုံးတစ်လုံး ဓားတစ်စင်း အာဏာရှင် စိတ်ဓာတ် မပျောက်သေးတဲ့ ဗျူရိုကရက် ကြီးတွေနဲ့ ဗျူရိုကရက် ကလေးတွေကတော့ ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်တဲ့ အကျင့်ဆိုးတွေကို မဖျောက် နိုင်ကြသေးတာ တွေ့ရတယ်။ ကိုယ်ရုံးဌာနရှေ့ရောက်လာသူ မှန်သမျှကို ဟိန်းဟောက် ခြိမ်းခြောက်ပြီး အာဏာပါဝါ ပြတာမျိုးတွေ ဆက်ပြီး လုပ်နေကြဆဲ ဖြစ်တယ်။

ပြည်သူ့အစေခံ
ဝန်ထမ်းဆိုတာ ဘယ်လောက်ကြီးကြီး ဘယ်လောက်ငယ်ငယ် ပြည်သူလူထုရဲ့လစာ ရိက္ခာကို စားသောက် နေကြရသူများ ဖြစ်တယ်။ 'Public Servant' လို့ခေါ်တဲ့ အင်္ဂလိပ် စကားရဲ့အဓိပ္ပာယ်က 'ပြည်သူ့အစေခံ' ဖြစ်တယ်။ သဘောကတော့ ပြည်သူလူထုကို အလုပ်အကျွေး ပြုဖို့ လစာ ပေးခန့်ထားခြင်း ဖြစ်တယ်။ တစ်နည်းအားဖြင့် ပြည်သူလူထုက အရှင်သခင် ဖြစ်တယ်လို့ ဆိုလိုခြင်း ဖြစ်တယ်။ ဗျူရိုကရေစီ ယန္တရားကြီး အတွင်းက အသိဥာဏ်အဆင့် နိမ့်ကျသူ ဗျူရိုကရက် ကြီးငယ်များဟာ ဒီအချက်ကို သဘော မပေါက်ကြသေးဘဲ ပြည်သူလူထု အပေါ်မှာ အာဏာရှင်များ သဖွယ် ပြုမူ ဆက်ဆံ နေကြဆဲဖြစ်တယ်။

တားမရတော့ဘူး
အာဏာရှင်စနစ်မှာက တိုင်းသူပြည်သားများရဲ့ ဆန္ဒကို လုံးလုံး ဂရုမစိုက်ဘဲ ဘုရင်တစ်ပါး၊ ဆူလတန် တစ်ယောက်၊ အာဏာရှင် တစ်ဦးရဲ့ ဆန္ဒသဘောထား တစ်ခုတည်းနဲ့ အုပ်ချုပ်တာ ဖြစ်တယ်။ လူတွေ အများကြီးက ဘယ်လောက်ပြောပြော ဂရုမစိုက်ဘူး။ အာဏာရှင်ရဲ့ ပါးစပ်က ထွက်တဲ့ စကားဟာ ဥပဒေဖြစ်တယ်။ ဒီမိုကရေစီ စနစ်မှာတော့ တိုင်းသူပြည်သား လူများစုရဲ့ ဆန္ဒကို ဘယ်သူမှ လွန်ဆန်လို့ မရဘူး။ အားလုံး ပြည်သူ့ဆန္ဒအတိုင်း လုပ်ရတယ်။ ပြည်သူလူထုဟာ အကြွင်းမဲ့ အာဏာပိုင်များ ဖြစ်တယ်။ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်တယ်။ ဗျူရိုကရက်ကြီး ဗျူရိုကရက်လေးတွေက ပြည်သူလူထုရဲ့ 'အဘ' မဟုတ်ဘူးဆိုတာ သိထား သင့်ကြတယ်။ ခေတ်ကြီးက ပြောင်းနေပါပြီ။ ဘယ်သူတားတား တားလို့ မရတော့ပါဘူး။

Ref: EMG

0 comments:

အပေါ်သို့