Monday, September 19, 2011

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအကောင်အထည်ဖော်မှု ၁၀ ရာခိုင်နှုန်းပြီးစီး၊ ချီဗွေငယ် ရေအားလျှပ်စစ်စီမံကိန်း ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးနေ

Monday, 19 September 2011

ဧရာဝတီမြစ်ဆုံနှင့် အထက်ဘက် မေခ-မလိခမြစ်ဝှမ်းတွင် ရေအားလျှပ်စစ် စီမံကိန်း ရှစ်ခုအား အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာတွင် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည် ဖော်မှု ၁၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ချီဗွေငယ် ရေအား လျှပ်စစ် စီမံကိန်းမှာမူ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ပြီး ကျန်စီမံကိန်း ၆ ခုမှာ စူးစမ်း လေ့လာရေးနှင့် တည်ဆောက်ရေး အကြို လုပ်ငန်းများအား ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ ၁၉ ရက်နေ့တွင်ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ၂၀ ရက်မြောက်နေ့ အစီအစဉ်၌ အမျိုးသား လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အတွင်းရေးမှုး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနောင် ဖတ်ကြား တင်သွင်းသည့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာပါ အချက်များအရ သိရှိရခြင်း ဖြစ်ပါသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစခုန်တိန့်ယိန်းက ၂၀၁၁ခုနှစ် မတ်လ ၂၁ ရက်တွင် ဧရာဝတီ မြစ်ဆုံနှင့် မေခ-မလိခ မြစ်ဝှမ်းတစ်လျှောက် ရေအားလျှပ်စစ် စီမံကိန်းများ၏ လျှပ်စစ်ဓာတ်အား ရရှိနိုင်မည့် အခြေအနေ၊ စီမံကိန်းများနှင့် ပတ်သက်၍ ဒေသခံပြည်သူများ လတ်တလော အခွင့်အလမ်းနှင့် အနာဂတ်တွင် ရရှိနိုင်သော အခွင့်အလမ်းများကို သိရှိ လိုပါကြောင်း မေးမြန်းခဲ့သည်။

ယင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနက အာမခံမှုမှာ ဧရာဝတီမြစ်ဆုံ အထက်ဘက် မေခ- မလိခ မြစ်ဝှမ်းတွင် ရေအားလျှပ်စစ် စီမံကိန်းရှစ်ခု တည်ဆောက်မှာ ဖြစ်ပါကြောင်း၊ ၎င်း စီမံကိန်းများမှာ မြစ်ဆုံစီမံကိန်း၊ ချီဗွေစီမံကိန်း၊ ချီဗွေငယ်စီမံကိန်း၊ ၀ူဆောက်၊ ခေါင်လန်ဖူး၊ ယီနန်၊ ဖီဇော၊ လိုင်ဇာရေအားလျှပ်စစ် စီမံကိန်းတို့ ဖြစ်ကြပြီး ၎င်းစီမံကိန်း ရှစ်ခု၏ ရေအားလျှပ်စစ် စုစုပေါင်း စက်တပ်ဆင်အား (၁၈၄၉၉) မဂ္ဂါဝပ်ဖြစ်ပါကြောင်း၊ ဖော်ပြပါ စီမံကိန်း အားလုံးကို ၁၅ နှစ်အတွင်း အပြီး တည်ဆောက် သွားရန် ဖြစ်ပြီး မြစ်ဆုံစီမံကိန်းမှာ စက်တပ်ဆင်အား (၆၀၀၀) မဂ္ဂါဝပ်ဖြစ်ကာ ၂၀၁၈ခုနှစ်တွင် ပထမစက် (၁) လုံး စတင် လည်ပတ်၍ ဓါတ်အား ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး ၂၀၁၉ခုနှစ်တွင် စက်အားလုံး ပြီးစီးကာ ဓါတ်အားအပြည့် ထုတ်လုပ် ပေးမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ တာဝန်မှာ လွှတ်တော်တွင် ပြည်ထောင်စု အစိုးရက အခါ အားလျော်စွာပေးခဲ့သည့် အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များကို လိုက်နာ ဆောင်ရွက်ခြင်းရှိ မရှိ စိစစ်ပြီး လွှတ်တော်သို့ တင်ပြ ရမည်ဖြစ်သည်။

ထို့ကြောင့် အဆိုပါကော်မတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစခုန်တိန့်ယိန်း၏ မေးခွန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ၀န်ကြီးဌာနက အာမခံခဲ့သည့် ပြောကြားချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ခြင်းရှိ မရှိ စိစစ်ရာ၌ သက်ဆိုင်ရာ ၀န်ကြီးဌာနက ဧရာဝတီ မြစ်ဆုံနှင့် အထက်ဘက် မေခ-မလိခမြစ်ဝှမ်းတွင် ရေအားလျှပ်စစ် စီမံကိန်း ရှစ်ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းသည် ၁၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ ချီဗွေငယ် ရေအားလျှပ်စစ် စီမံကိန်းသည် ၉၇ ဒသမ ၅ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ပြီး ဓါတ်အား လိုင်းသွယ်တန်းမှု အနေဖြင့် တာဝါတိုင် ၃၅၃ တိုင် တပ်ဆင် ပြီးဖြစ်ပါကြောင်း၊ ဓါတ်အားလိုင်း လျာထား ၇၂ မိုင်အား ၁၀၀ ရာနှုန်း ဆောင်ရွက်ပြီး ဖြစ်ပြီး ဓါတ်အား ခွဲရုံ အဆောက်အအုံ လုပ်ငန်း ၉၅ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ပါကြောင်းနှင့် ကျန်စီမံကိန်း ၆ ခုမှာ စူးစမ်း လေ့လာရေးနှင့် တည်ဆောက်ရေး အကြို လုပ်ငန်းအား ဆောင်ရွက်လျက် ရှိပါကြောင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ပတ်သက်၍ ပြောကြားခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနောင် ဖတ်ကြား တင်သွင်းသည့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာပါ အချက်များ အရ သိရှိရခြင်း ဖြစ်ပါသည်။

မြောက်ပိုင်းကုန်းမြင့်ဒေသတွင် မြစ်ဖျားခံသော မေခနှင့် မလိခ မြစ်နှစ်သွယ်တို့သည် မြစ်ကြီးနားမြို့ အထက်ဘက် ၄၅ ကီလိုမီတာ အကွာတွင် ပေါင်းဆုံရာမှ မြန်မာနိုင်ငံ၏ အသက်သွေးကြော သဖွယ်ဖြစ်သော ဧရာဝတီ မြစ်ဖြစ်ပေါ်လာပြီး ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်း စီးဆင်းပြီး ကျယ်ပြန့်သော မြစ်ဝကျွန်းပေါ် ဒေသတစ်ခုကို ဖြစ်ပေါ်စေပြီးနောက် ဘင်္ဂလားပင်လယ်အော် အတွင်းသို့ စီးဝင်ပါသည်။

Ref: EMG News

0 comments:

အပေါ်သို့