Friday, May 25, 2012

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပေါ်ထွက်လာရန်ရှိ

အောင်ဝင်း
ကြာသပတေးနေ့၊ မေလ ၂၄ ရက် ၂၀၁၂

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ပြင်ဆင်ရေးဆွဲလျက် ရှိပြီး အသစ် ထွက်ပေါ် လာမည့် ထိုဥပဒေ သစ်တွင် ဝင်ငွေခွန်နှင့် အကောက်ခွန် ကင်းလွတ်ခွင့်များ ပါရှိမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးကျော်ထွန်းက ပြောကြားသည်။

“မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင် ရေးဆွဲ နေပါတယ်။ အခု အသစ်ပြင်ဆင်ဖို့ ရှိတဲ့ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေဟာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ပါဝင်မယ့် အခွင့်အရေး တွေထက် သာစေရပါမယ်။ နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ ဖက်စပ် ရင်းနှီးမြှုပ်နှံဖို့ ဥပဒေတွေလည်း ပါပါလိမ့်မယ်” ဟု ဦးကျော်ထွန်းက ဆိုသည်။

အသစ်ထွက်ပေါ်လာရန် ရှိသည့် မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှု ဥပဒေတွင် ဝင်ငွေခွန်နှင့် အကောက်ခွန် ကင်းလွတ်ခွင့် အနည်းဆုံး ၃ နှစ် ရရှိမည်ဖြစ်ပြီး ကင်းလွတ်ခွင့် ကာလအတွင်း တင်သွင်း ကုန်ကြမ်းများနှင့် လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းမှု အပေါ် အခွန်ကင်းလွတ်ခွင့် ပေးသွားမည်ဟုလည်း ဆိုသည်။

“ပြည်တွင်းမှာ မော်တော်ယာဉ်တွေ တပ်ဆင် ထုတ်လုပ်ဖို့အတွက် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှု စက်ရုံ သုံးရုံကို လုပ်ကိုင်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ အခု အသစ် ခွင့်ပြုထားတဲ့ ကုမ္ပဏီတွေ အနေနဲ့ လုပ်ငန်းသစ်တွေ အနေနဲ့ စတင် လုပ်ကိုင်ရပါမယ်” ဟု ညွှန်ကြားရေးမှူး က ဆိုသည်။

နိုင်ငံခြားနှင့် ပြည်တွင်းလုပ်ငန်းရှင်များ ဖက်စပ်ရင်းနှီး မြှုပ်နှံလုပ်ငန်း လုပ်ကိုင်ဖို့အတွက် ဥပဒေသစ် ကိုလည်း ရေးဆွဲလျက် ရှိပြီး အဆိုပါ ဥပဒေတွင် ပြည်တွင်း လုပ်ငန်းရှင်များ အနေဖြင့် ဖက်စပ် လုပ်ငန်းများတွင် အရင်းအနှီး ထည့်ဝင်ရာတွင် အနည်းဆုံး ပမာဏ အနေဖြင့် ပထမနှစ်တွင် ၁ဝ ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် ၂ဝ ရာခိုင်နှုန်းနှင့် တတိယနှစ်တွင် ၃ဝ ရာခိုင်နှုန်း စသည်ဖြင့် ပါဝင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရမည် ဟု ဆိုသည်။

“လောလောဆယ် ဖက်စပ်ရင်းနှီးမြုပ်နှံမှု လုပ်ငန်းလုပ်ကိုင်ဖို့ အတွက် ပါမစ်ခွင့်ပြုချက် လျှောက်ထားမှု ၄၃ ခုရှိပါ တယ်။ မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်မှု လုပ်ငန်းတွင် ဆူဇူးကီး ကုမ္ပဏီက ပြည်တွင်း ကုမ္ပဏီတခုနဲ့ ပူးပေါင်းပြီး လုပ်ငန်းလုပ်ကိုင်ဖို့ ခွင့်ပြုချက် တင်ထားပါတယ်” ဟု ဦးကျော်ထွန်းက ဆိုသည်။

ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်ရာတွင် ပြည်ပမှ ကုန်ကြမ်း တင်သွင်းပြီး၊ ပြည်တွင်းတွင် ကုန်ချော ထုတ်လုပ်သည့် လုပ်ငန်းများ ကိုလည်း ခွင့်ပြု သွားဖွယ် ရှိပြီး အဆိုပါ လုပ်ငန်း ရပ်များတွင် ငါးလုပ်ငန်း အတွက် ကုန်ကြမ်းများ တင်သွင်းပြီး ပြည်တွင်းတွင် အပြီးသတ် ကုန်ချော ထုတ်လုပ်သည့် လုပ်ငန်းများလည်း ပါဝင်မည်ဖြစ် သည်ဟု ဆိုသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပြင်ဆင်သည့် ဥပဒေတရပ်ကိုမူ လွန်ခဲ့သော မတ်လအတွင်းက ပြည်သူ့ လွှတ်တော် အစည်း အဝေးတွင် အတည်ပြုခဲ့ပြီး ထိုဥပဒေကို လက်တွေ့ ကျင့်သုံးရန် အတွက် နိုင်ငံတော် သမ္မတက အတည်ပြု လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည်။

အဆိုပါ ပြင်ဆင်ထားသည့် ဥပဒေတွင် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပြည်တွင်း ကုမ္ပဏီများနှင့် ပူးပေါင်းရန် မလိုအပ်တော့ဘဲ ၁ဝဝ ရာခိုင်နှုန်းပြည့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မည်ဖြစ်ပြီး ပထမ ငါးနှစ်တာ ကာလ အတွင်း အခွန်အကောက် ကင်းလွတ်ခွင့် ပြုမည်ဟု ဆိုထားသည်။

နိုင်ငံခြား ကုမ္ပဏီများအနေဖြင့် ပြည်တွင်းကုမ္ပဏီများနှင့် ပူးတွဲရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါကလည်း နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ၃၅ ရာခိုင်နှုန်း အနည်းဆုံး ထည့်ဝင်ကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်သည်။ ရင်းနှီးမြှုပ်နှံမှု အတွက် လိုအပ်သော မြေနေရာ များကို နှစ် ၃ဝ စာချုပ်အထိ ချုပ်ဆို ငှားရမ်း လုပ်ကိုင်နိုင်ပြီး ၁၅ နှစ် ထပ်မံ သက်တမ်းတိုး လုပ်ကိုင်နိုင်သည်ဟုလည်း ဆိုထားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့