Tuesday, May 22, 2012

မြစ်ဆုံစီမံကိန်း ပြန်စနိုင်ဖို့ တရုတ်ကြိုးပမ်းနေတယ်လို့ ကချင် ဖွံဖြိုးရေး အဖွဲ့ ပြောဆို

2012-05-21

တရုတ်အစိုးရပိုင် လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်း (CPI) ဟာ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ယာယီ ရပ်ဆိုင်းထားတယ် ဆိုတဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်း ပြန်သက်ဝင်လှုပ်ရှားဖို့ နိုင်ငံတကာ ရေကာတာကြီးများ တည်ဆောက်ရေး လုပ်ငန်း ICOLD (အိုင်ကိုးဒ်) အကူအညီ ရယူဖို့ ကြိုးပမ်းနေတယ်လို့ KDNG ကချင် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် အဖွဲ့က ဒီနေ့ ပြောကြား လိုက်ပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းပြန်လည် စတင်နိုင်ဖို့ အိုင်ကိုးဒ်အဖွဲ့ကို တရုတ် (CPI) က ချဉ်းကပ်တာလို့ KDNG ထိုင်းနိုင်ငံ ချင်းမိုင်တာဝန်ခံ ဆိုင်းမိုင်က ပြောပါတယ်။

" ဒီမြစ်ဆုံရေကာတာကို Third Party အနေနဲ့ လေ့လာဖို့ ပေါ့နော်။ ဒီ ICOLD အိုင်ကိုးဒ်ပေါ့နော်၊ ဒီအဖွဲ့ကို သူတို့ ဖိတ်ခေါ်ထားတယ်။ မြန်မာ အစိုးရကနေ တောင်းဆိုလို့ လုပ်တယ်လို့ သူတို့ပြောထားတယ်"

CPI ပြောသလို မြန်မာ အစိုးရက ခုလို တိုက်တွန်းတာ ရှိမရှိ သီးခြား အတည်မပြုနိုင်သေးပါဘူး။ ပြင်သစ် အခြေစိုက် အိုင်ကိုး အဖွဲ့မှာ အဖွဲ့ဝင်နိုင်ငံ ၉၀ ရှိပြီး အဖွဲ့ ဥက္ကဋ္ဌဟာ တရုတ်နိုင်ငံသားဖြစ်ပြီး ဒီအဖွဲ့ဟာ ရေကာတာ ဆောက်လုပ်ရေး လုပ်ငန်းတွေ အတွက် အဓိက စည်းရုံး လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အိုင်ကိုးလ် အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အစိုးရပိုင် (CPI) ဟာ အိုင်ကိုးနဲ့ အတော်လေး နီးစပ်တယ်လို့ သိရပါတယ်။ (CPI) နဲ့ မူးယစ်ရာဇာ လောစစ်ဟန် ရဲ့သား ဦးထွန်းမြင့်နိုင်ပိုင် အေရှားလ်ဝေါလ် ကုမ္ပဏီက အကောင်အထည်ဖော်နေတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းဟာ လုံးဝ လုံခြုံစိတ်ချရပြီိး အကျိုးကျေးဇူး ရှိတဲ့အကြောင်း သက်သေထူဖို့ အိုင်ကိုးလ်ဟာ ဧရာဝတီမြစ်ဆုံ ရေကာတာကို သီးခြား အလွတ်သဘော စစ်ဆေးနေတယ်လို့ တရုတ် သတင်းဌာနက ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတင်းထုတ်ပြန်ထားတာ ရှိတယ်လို့လည်း KDNG က ပြောပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့