Thursday, November 27, 2008

နာမည်ကြီး စီးပွားရေးသမား မောင်ဝိတ်ကို ထောင် ၁၅ နှစ်ချ

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးအရေးယူထားသော နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်သူ မောင်ဝိတ်ကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေ အသိုင်းအ၀န်း အပါအ၀င် မိသားစုနှင့် နီးစပ်သူများက ပြောသည်။


ပြီးခဲ့သည့် အပတ်က အင်းစိန်ထောင် အထူးတရားရုံးတွင် အဆိုပါ မောင်ဝိတ်ကို ပြစ်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ ရှေ့နေတဦးက ပြောဆိုသည်။


“၁၅ နှစ် ချလိုက်တာကတော့ သေချာတယ်”ဟု အထက်ပါ ရှေ့နေက ပြောသည်။

ထိုသို့ မောင်ဝိတ် ပြစ်ဒဏ် ၁၅ နှစ် ကျခံရသည်ကို သိရှိသော်လည်း ယခုလောလောဆယ် အင်းစိန် ထောင်တွင် ရှိမရှိကိုမူ ၎င်း မသိရှိကြောင်း Maung Weik and Family co.,Ltd မှ အမျိုးသမီးဝန်ထမ်း တဦးကလည်း ပြောသည်။

“ကုမ္ပဏီမှာ အခု ဘယ်သူမှ မထိုင်သေးပါဘူး၊ မိသားစု ဖုန်းနံပါတ်လည်း ပေးလို့မရပါဘူး၊ အခု လောလောဆယ် မိသားစု က ဖုန်းလက်ခံ စကား မပြောဘူးလို့သိရပါတယ်”ဟု ၎င်းက ပြောသည်။

ယခု မောင်ဝိတ် ပြစ်ဒဏ်ချမှတ်ခံရခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီက ဇနီးဖြစ်သူ မယဉ်မင်းသီအား ဆက်သွယ် မေးမြန်းခဲ့သော်လည်း တစုံတရာ ပြန်လည်ဖြေကြားခြင်း မပြုဘဲ ဖုန်းချသွားခဲ့သည်။

ယင်းမောင်ဝိတ်ကို ဇွန်လအတွင်းတွင် အပေါင်းအပါ ၆ ဦးနှင့် အတူ သက်ဆိုင်ရာက အက်တာစီ ဆေးပြား သုံးစြွဲ့ဖန့်ချိမှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက် လမ်းမတော် ရဲစခန်းက မယ (ပ) ၂/၀၈ ၊ မူး/စိတ် ပုဒ်မ ၁၅/၁၆ (င)/၂၁ စသည့် ပုဒ်မများဖြင့် တရားစွဲဆိုခဲ့သည်။

မောင်ဝိတ်နှင့် အတူ ဖမ်းဆီးခံရသူများမှာ မလေးရှားနိုင်ငံသား Mr. Peter Too Huat Haw အပါအ၀င် မောင်နေထွန်းလွင် ၊ မောင်အောင်မင်း ၊ မောင်ကျော်ဖုန်းနိုင် ၊ မောင်ကျော်လှိုင်နှင့် မောင်ကျော်ကျော် ၀င်း တို့ဖြစ်ကြောင်း ဇူလိုင်လအတွင်းက မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြထားသည်။

အသက် (၃၅) နှစ်ရှိ မောင်ဝိတ်သည် ၂၀၀၃ ခုနှစ်မှ စတင်၍ Mr. Peter Too Huat Haw ထံတွင် အက်တာစီဆေးပြားများ ၀ယ်ယူ သုံးစွဲခဲ့ရုံမက ကုမ္ပဏီနှစ်ပတ်လည်နေ့များ ၊ မွေးနေ့ပွဲများတွင် တခြား သူများကိုပါ ဖြန့်ဝေသုံးစွဲစေခဲ့သောကြောင့် အရေးယူခံရခြင်းဖြစ်သည်ဟုလည်း သိရသည်။

ယင်းမူးယစ်ဆေးဝါးများကို အများဆုံး သုံးစွဲသူများမှာ နာမည်ကြီး အနုပညာရှင်များနှင့် စစ်ဗိုလ်ချုပ်ကြီး များ၏ သားသမီးများဖြစ်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ဆေးပြားတပြား၏ တန်ဖိုးမှာ ကျပ် ၆၀၀၀၀ ၀န်းကျင်ရှိသည်ဟု ဆိုသည်။

လူပြောများနေသော သတင်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်သည် ယင်း အက်တာစီဆေးပြားများ သုံးစွဲနေသည်ကို မိဘများ သိရှိသွားခဲ့ရာမှ စတင်၍ မူးယစ်ဆေးဖြန့်ချိသူများနှင့် ဆက်စပ်သူအားလုံးကို ခေါ်ယူစစ်ဆေးရာတွင် မောင်ဝိတ် အပါအ၀င် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့် စသည့် စစ်တပ်အကြီးအကဲများနှင့် နီးစပ်သူများကိုပါ မဖြစ် မနေ ဖမ်းဆီးမှုများရှိခဲ့သော်လည်း အောင်ဇော်ရဲမြင့်ကိုမူ ယခုအချိန်အထိ အရေးယူမှုမရှိသေးကြောင်း သိရသည်။

မူးယစ်ဆေးဝါး သုံးစွဲခြင်း ၊ လက်ဝယ်ထားရှိခြင်း ၊ ရောင်းဝယ် ဖြန့်ချိခြင်းများပြုလုပ်ပါက ထောင်ဒဏ် ၅ နှစ် ၊ ၁၀ နှစ် နှင့် တသက်တကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း စစ်အစိုးရက ထုတ်ပြန်ကြေညာ ထားသည်။


ကိုစိုး
REF: ဧရာဝတီ

Read More...

နိုင်ငံရေး အကျဉ်းသားများကို ထောင်အပြောင်းအရွှေ့ ဆက်လက်ပြုလုပ်

စစ်အစိုးရက ဖမ်းဆီးထားသည့် သံဃာ ၂ ပါး အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူ ၅ ဦးကို မကြာသေးခင် က ပြစ်ဒဏ်များချမှတ်၍ ယနေ့တွင် အင်းစိန်ထောင်မှ ဝေးလံသည့် နယ်ထောင်များသို့ပြောင်းရွှေ့လိုက် ကြောင်း ထောင်ဝန်ထမ်း အသိုင်းအ၀န်းမှ သိရသည်။

အင်းစိန်ထောင် (ဓာတ်ပုံ - flickr.com/clkr)

၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသော သင်္ဃန်းကျွန်းမြို့ နယ် မဂ္ဂင်ကျောင်းတိုက်မှ ဦကောဝိဒနှင့် ဦးစန္ဒာသီရိတို့ကို ရခိုင်ပြည်နယ် ဘူးသီးတောင် ထောင်သို့ လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) လူငယ်အဖွဲ့ဝင် ကိုသိန်းဆွေ နှင့် ဗကသ မှ ကိုစည်သူမောင်တို့ကို စစ်တွေထောင်သို့လည်းကောင်း ပြောင်းရွှေ့လိုက်သည်ဟု အင်းစိန်ထောင် ၀န်ထမ်းတဦးကပြောသည်။

ထို့အပြင်တခြားသော နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးတဦးဖြစ်သည့် မထားထားသက်ကိုလည်း ပဲခူး ထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု ဆိုသည်။

ယခုအပတ် တနင်္လာနှင့် အင်္ဂါနေ့များတွင်လည်း စစ်အာဏာပိုင်များက ပြစ်ဒဏ်ချခံရသည့် နိုင်ငံရေး လှုပ်ရှားသူ ၃၀ ကျော်ကို အင်းစိန်ထောင်မှ နယ်ထောင်များကို ပြောင်းရွှေ့ခဲ့သည်ဟုလည်း အထက်ပါ ထောင်ဝန်ထမ်းက ပြောဆိုသည်။

တချိန်တည်းတွင်ပင် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် ကျခံရပြီးသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၁၃ ဦး ကိုလည်း ယမန်နေ့နှင့် ယနေ့တွင်ရုံးထုတ်ကြောင်းနှင့် လာမည့်သောကြာနေ့တွင် ထပ်မံ၍ ပြစ်ဒဏ် ချမှတ်နိုင်ဖွယ်ရှိကြောင်း သိရသည်။

ထို့အပြင် ထောင်ဒဏ် ၆ နှစ် ခွဲ ချမှတ်ခံရပြီးသော ဗကသ အဖွဲ့မှ ကျောင်းသားလူငယ် ဒီငြိမ်းလင်း ကို လည်း ပဲခူးတိုင်း ထန်တပင်မြို့နယ် တရားရုံးတွင် ယနေ့ရုံးထုတ်သော်လည်း ထပ်မံ၍ ပြစ်ဒဏ် ချမှတ်မှု မပြုလုပ်သေးကြောင်း ရန်ကုန်မြို့မှ နီးစပ်သူတဦးကပြောသည်။

လေဘေးဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး ပြုလုပ်သူများအပါအ၀င် စစ်အစိုးရက ဖမ်းဆီးထားသူ လူ ၄၀ ခန့်ကို ထပ်မံ၍ ပြစ်ဒဏ်များ ချမှတ်နိုင်ဖွယ်ရှိကြောင်းလည်း ထောင်ဝန်ထမ်းအသိုင်းအ၀န်းက ပြောဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ပြောဆိုချက်အရ စစ်အစိုးရက ယခုလအတွင်း နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအ၀င် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ၊ သံဃာတော်များ စသည့် နိုင်ငံရေးလှုပ်ရှားသူ ၁၄၃ ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။


REF: ဧရာဝတီ

Read More...

အညာဒေသတချို့မှာ ကြက်ဆူပင်တွေကို ခုတ်နေကြ

ကြက်ဆူပင်မှာ လောင်စာထုတ်ယူမယ့် မဟာစီမံကိန်းဟာ အခုအခါမှာ ပျက်လုပျက်ခင်ဖြစ်နေကြောင်း ပြည်တွင်း က လာတဲ့သတင်းများအရသိရပါတယ်။ အချို့ဒေသများမှာ စစ်အစိုးအရာရှိကြီးများကို ကြက်ဆူဆီမှာ လောင်စာ ထုတ်ယူပုံကို အဖြစ်သဘောမျိုးပြသခဲ့သော်လည်း တကယ်တမ်းဖြစ်ဖြစ်မြောက်မြောက်ဘာမှ မလုပ်နိုင်ကြသေး ကြောင်း၊ အထက်မြန်မာပြည်ဒေသတချို့မှာတော့ ကြက်ဆူပင်များကို ခုတ်ပြီးဖျက်ဆီးနေကြကြောင်း သတင်းရရှိ ပါတယ်။

အခုလို ကြက်ဆူပင်များကိုခုတ်ပြီး ဖျက်ဆီးနေကြခြင်းဟာ ကြက်ဆူပင်များမှာ နေထိုင်လေ့ရှိတဲ့ မြွေစိမ်းမြီး ခြောက်ကြောင့်ဖြစ်ကြောင်း၊ မြွေစိမ်းမြီးခြောက်ရဲ့ ဦးခေါင်းဟာ တြိဂံပုံရှိပြီး အရည်တပေခန့်ရှိကြောင်း၊ ခန္ဓာကိုယ် အနောက်ဘက်ပိုင်း အမြီးအနီး ၁ လက်မ ကျော်ကျော်ခန့်က မြွေအရေခွံခြောက်လိုဖြစ်နေကြောင်း၊ မြွေစိမ်းမြီး ခြောက်ဟာ ကြက်ဆူပင်မှာ နေထိုင်လေ့ရှိကြောင်း၊ ခန္ဓာကိုယ်အရောင်ဟာ အစိမ်းဖျော့ရောင်ဖြစ်ပြီး လုံးပတ်က လူကြီးလက်မခန့်သာရှိတဲ့အတွက် သစ်ပင်နဲ့ရောနေပြီး သာမာန်အားဖြင့်မတွေ့နိုင်ကြောင်းသိရပါတယ်။

အထက်မြန်မာပြည်ရှိအချို့ဒေသများမှာ ကြက်ဆူပင်မှာနေထိုင်တဲ့ မြွေစိမ်းမြီးခြောက်ကိုက်ပြီး သေဆုံးသူ ၈ ဦးခန့် ရှိနေကြောင်းသိရပါတယ်။ မြွေစိမ်းမြီးခြောက်ဟာ အဆိပ်ပြင်းတဲ့မြွေမျိုးဖြစ်ပြီး ရရှိတဲ့သတင်းများအရ အကိုက်ခံရ သူအားလုံး အသက်ဆုံးရှုံးခဲ့ကြောင်း၊ သက်ဆိုင်ရာဆေးရုံတွေက အဲဒီသတင်းကိုဖုံးကွယ်ထားပြီး ကွယ်လွန်သွား သူတွေရဲ့ မိသားစုများကလည်း သေဆုံးမှုကို ပွင့်ပွင့်လင်းလင်းမပြောရဲကြကြောင်း၊ မိတ်ဆွေများနဲ့ ရပ်ကွက်သူ ရပ်ကွက်သားများကသာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြကြောင်းလည်းသိရပါတယ်။

အခုလိုဖြစ်ပွားကြပြီးနောက် ကြက်ဆူပင်များကိုခုတ်ကာ ထင်းမီးအဖြစ်သုံးစွဲသော်လည်း ညှော်နံ့ထက်တဲ့အတွက် သုံးစွဲလို့မရကြောင်း၊ ကြက်ဆူစေ့ကလည်း များများစားစားမထွက်ရှိတဲ့အပြင် ကြက်ဆူပင် စိုက်ပျိုးဖို့ အတင်း အကြပ်ဖိအားပေးခဲ့တဲ့ ဒေသခံစစ်တပ်မိသားစုများကိုယ်တိုင် ကြက်ဆူပင်များကို ခုတ်လှဲနေကြပြီဖြစ်ကြောင်း၊ လောင်စာဆီ စီမံကိန်းအလားအလာမရှိတော့တဲ့အတွက် ဒေသခံစစ်တပ်အကြီးအကဲတွေကိုယ်တိုင် ကြက်ဆူပင် စီမံကိန်းအပေါ် စိတ်ဝင်စားမှုမရှိတော့ကြောင်း သတင်းများရရှိပါတယ်။

အခုအခါမှာ မြွေစိမ်းမြီးခြောက်အန္တရယ်ကိုကြောက်ရွံ့တဲ့ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အချို့ကလည်း သူတို့ရုံး အနီးတဝိုက်မှာစိုက်ထားတဲ့ ကြက်ဆူပင်များကို ခုတ်ထွင်ရှင်းလင်းပြီးဖြစ်ကြောင်း၊ ရပ်ကွက်အချို့မှာလည်း ကြက် ဆူပင်များကိုခုတ်ပစ်ကြပြီဖြစ်ကြောင်း၊ ရေရှားပါတဲ့ အထက်မြန်မာပြည်မှာ ကြက်ဆူပင်များကို ရေလောင်းကာ တခုတ်တရစိုတ်းပျိုးခဲ့ကြရပြီးနောက် ကြက်ဆူပင်ပေါ်က မြွေစိမ်းမြီးခြောက်ကြောင့်အသက်ဆုံးရှုံးမှုများဖြစ်ပေါ် လာတဲ့အတွက် ဒေသခံများ ဒေါသထွက်နေကြကြောင်း အထက်မြန်မာပြည်မှာ နေထိုင်သူတဦးက ဘားမား တူဒေးကို ပြောပြပါတယ်။

မိတ်ဆွေတဦးကတော့ အခုအဖြစ်အပျက်နဲ့ပတ်သက်ပြီး ”ပြည်သူတွေရဲ့အချိန်တွေ၊ လုပ်အားတွေကို အလဟ ဿ ကုန်ဆုံးစေတဲ့ အဲဒီလိုစီမံကိန်းတွေက တိုင်းပြည်ရဲ့ အခြေအနေကို ပိုမိုဆိုးရွားအောင်လုပ်တာပဲ။ ကြက်ဆူ ပင်တွေ စ စိုက်ကတည်းက ကျွန်တော်တို့တွေပြောပါတယ်။ ဒါတွေဟာ ဘာမှ အကျိုးမရှိဘူးဆိုတာ။ ခက်တာက အဲဒီလို အကျိုးမရှိတာတွေ လုပ်ပြနေရတာကို တိုင်းပြည်အကျိုးအတွက်လုပ်တယ်လို့ ထင်သူတွေက ထင်နေကြ တော့ ခက်တာပဲဗျ။” လို့ မှတ်ချက်ပြုပါတယ်။

REF: Burmatoday

Read More...

Wednesday, November 26, 2008

အရေးနိမ့်ခဲ့ရသော မြန်မာ့ အကြမ်းမဖက် တော်လှန်ရေး (အပိုင်း ၁) - နော်မန် ရိုဘက်စ် စပီရီ

ရန်ကုန်နှင့် တခြားမြို့ကြီးများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းမဖက် ဆန္ဒပြပွဲများကို မြန်မာစစ်အစိုးရ ဖြိုခွင်းချေမှုန်းခဲ့သည်မှာ တနှစ်လည်ခဲ့ပြီ ဖြစ်သည်။

ဤဆန္ဒပြပွဲများက လူအများ မျှော်လင့်မထားဘဲ ပေါ်ပေါက်လာကြပြီး၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုခဲ့ကြသည်။

(ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ)


သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကြောင့် မြန်မာလူထုများ ခံစားနေရသည့်အရေးကို ကမ္ဘာက အချိန် တို အတွင်းမှာပင် အာရုံပြုလာမိစေခဲ့သည်။ အလားတူပင် ဤဆန္ဒပြပွဲများအပြီး ပေါ်ထွက်လာသည့် ရလဒ် ကြောင့် အတိုက်အခံများ ရေရှည်ကြာ အသုံးပြုခဲ့ကြသည့် အကြမ်းမဖက်သော မဟာဗျူဟာက စစ်အစိုးရကို ပြောင်းလဲလာစေရေးအတွက် အလုပ်မဖြစ်နိုင်ကြောင်း သက်သေထင်ရှား ပြသခဲ့သလို၊ မြန်မာစစ်အစိုးရအဖို့ လည်း အကြမ်းဖက်မှုကို အသုံးချလိုက်ခြင်းသည် ၎င်း၏ အားနည်းပျော့ညံ့မှုကို ပြသလိုက်ရာ ရောက်စေခဲ့သည်။

ဤဆန္ဒပြပွဲများသည် စီးပွားရေးအကျပ်အတည်းကြောင့် အလိုအလျောက်ပေါ်ပေါက်လာသည်ဟု အပြင်ပန်းက မြင်ရန် ရှိသော်လည်း၊ အမှန်တွင် ပြည်တွင်းနှင့် ပြည်ပရှိ အတိုက်အခံ အင်အားစုများက စစ်အစိုးရကို အံတုနိုင်ရန် နှစ်ရှည်လများ ပြင်ဆင်ခဲ့သည့် အစီအစဉ်များ၏ ရလဒ်အဖြစ် ပေါ်ထွက်လာချက်ပင် ဖြစ်သည်။ စစ်အစိုးရကို ဆန့်ကျင်နေကြသည့် အတိုက်အခံများကို မြန်မာ့လွတ်လပ်ရေးဗိသုကာတဦးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်နေပြီး သူမက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် အတွက် အကြမ်းမဖက်နည်းနှင့် ဆောင်ရွက်မည်ဟု သံန္နိဌာန်ချမှတ်ထားသူ တဦးလည်း ဖြစ်သည်။ ဤယုံကြည် ချက်ကြောင့်ပင် သူမအပေါ် ကမ္ဘာက လေးစားကြည်ညိုကြရပြီး ငြိမ်းချမ်းရေးနိုဘဲဆု အပ်နှင်းချီးမြှင့်ခံရသူလည်း ဖြစ်သည်။ ဒီမိုကရေစီအရေးတောင်းဆိုသည့် ဆန္ဒပြသူများကို ၁၉၈၈ ခုနှစ်တွင် စစ်သားများက ပစ်ခတ် သတ်ဖြတ်ခဲ့ကြပြီးနောက် ဆယ်စုနှစ် ၂ ခုအကြာ ပြန်ကြည့် လိုက်သောအခါ သူမ ဦးဆောင်သည့် အကြမ်းမဖက် တော်လှန်ရေးတွင်လည်း သိသာထင်ရှားသည့်ရလဒ် ပြစရာမရှိဖြစ်နေရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး၊ ဤအချက်က အတိုက်အခံများအတွက် နိုင်ငံရေးအရ စိတ်ကြီးဝင် ဂုဏ်ယူ ဖွယ် အချက် ဖြစ်စေခဲ့သည်။ ရွေးကောက်ပွဲရလဒ်အတိုင်း အသိအမှတ်ပြုရန် စစ်အစိုးရကငြင်းဆန်ခဲ့သော်လည်း NLD ပါတီနှင့် အနည်းစုသော အတိုက်အခံ တက်ကြွလှုပ်ရှားသူများအဖို့ ဤရွေးကောက်ပွဲရလဒ်ကြောင့် တရားဝင်မှု ရစေခဲ့သည်။ အတိုက်အခံ အများစုက ယနေ့တိုင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးရန် တောင်းဆိုချက်ကို သဲကြီးမဲကြီး ဆက်လက်ဆုပ်ကိုင်ထားဆဲရှိသည်။ သို့သော်လည်း တနှစ်ပြီးတနှစ် ဖြတ်သန်း လာသည်နှင့်အမျှ တရားဝင်မှုကလည်း ပါးလျလာနေခဲ့သည်။ ရွေးကောက်တင်မြှောက်ခံထားရသည့် ကိုယ်စား လှယ်များ၏ ၂၀% က ဤနှစ်များအတွင်း သေဆုံးခဲ့ပြီဖြစ်ပြီး၊ ကျန် ၄၀% မှာ နှုတ်ထွက်ခြင်းရှိသလို၊ ထုတ်ပယ် ခံရခြင်းလည်း ရှိခဲ့သည်။

အတိုက်အခံများဟု ဆိုရာ၌ အမျိုးမျိုးသော နိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်ပါသည်။ ၎င်းအဖွဲ့များအနက် ထင်ရှား သည့် ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဝမ်းကွဲတော်စပ်သူ ဒေါက်တာစိန်ဝင်းဦးဆောင်သည့် အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မြန်မာ နိုင်ငံ ဒီမိုကရေတစ် မဟာမိတ်အဖွဲ့ချုပ် (DAB) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD-LA) စသည့် အဖွဲ့များ ပါဝင်ကြပါသည်။

ထို့အပြင် တပ်ပေါင်းစုအဖွဲ့များလည်း ရှိနေကြသေးသည်။ ဥပမာ မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) စသည့် တပ်ပေါင်းစုများတွင် နိုင်ငံရေးအဖွဲ့မျိုးစုံ နှင့် တိုင်းရင်းသား သူပုန်လက်နက်ကိုင်အဖွဲ့များ ပါဝင်ဖွဲ့စည်းထားကြပါသည်။ ဤအဖွဲ့များက အနောက်နိုင်ငံရှိ အဖွဲ့များဖြစ်ကြသည့် လွတ်လပ်သည့်လူ့ဘောင်အဖွဲ့ (OSI) နှင့် အမျိုးသားဒီမိုကရေစီ ဖွံ့ဖြိုးရေးအဖွဲ့ကြီး (National Endowment for Democracy) စသည်တို့ထံမှ သိသိသာသာ ပံ့ပိုးကူညီမှုများ ရနေကြပါသည်။

ဤအဖွဲ့အများစုက ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို နာယူကြပြီး နိုင်ငံရေးအပြောင်းအလဲများသည် အကြမ်းမဖက်သည့် နည်းလမ်းဖြင့်သာ ရနိုင်သည်၊ ဤသို့လည်း ရယူရမည်ဟု ယုံကြည်ထားကြသူများ ဖြစ်သည်။ ဤအယူအဆကို နယူးယောက်မြို့နှင့် ဂျီနီဗာ အခြေစိုက် အယ်လ်ဗတ် အိန်းစတိန်း အင်စတီကျု (Albert Einstein Institute) ကလည်း ပို၍ခိုင်မာလာစေရန် တွန်းပို့ပေးခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် ၎င်းအဖွဲ့က ပံ့ပိုး ကျင်းပသည့် မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံရေး အန်တုမှုသင်တန်းနှင့် ဆွေးနွေးပွဲများကို မြန်မာဒီမိုကရေစီ အတိုက်အခံအဖွဲ့များအတွင်း လာရောက် ဆွေးနွေးပို့ချခဲ့ကြပြီး သင်တန်းတက်ရောက်သူများတွင် ABSDF, NLD-LA, DAB, NCGUB စသဖြင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ ဤသို့အရေးပါ သည့် သင်တန်းများကို လာရောက်ပို့ချခဲ့သူမှာလည်း အဖွဲ့တည်ထောင်သူ ဒေါက်တာ ဂျင်းရှပ် (Gene Sharp) ကိုယ်တိုင်ဖြစ်သည်။

ဒေါက်တာဂျင်းရှပ်ကိုယ်တိုင်ကိုယ်ကျ မြန်မာအတိုက်အခံများနှင့် ဆက်စပ်ပတ်သက်နေမှုကို စစ်အစိုးရ၏ အတွင်း ရေးမှူး - ၁ ဗိုလ်ချုပ်ကြီးခင်ညွန့်က ၁၉၉၇ ခုနှစ်၊ ဇွန်လ သတင်းစာရှင်းလင်းပွဲတွင် နာမည်ဖော်ပြ၍ တိတိကျကျ စွပ်စွဲလာခဲ့သည်။ အကြမ်းဖက်သမားများကို နိုင်ငံရပ်ခြားက ကူညီထောက်ပံ့နေသည်ဟု ပြောဆိုစွပ်စွဲခဲ့သည်။ တကယ်တော့ ပြစ်တင်ရှုံ့ချရမည့်အစား ဗိုလ်ချုပ်ခင်ညွန့်က ဂျင်းရှပ်ကို ဂုဏ်ပြုရန်ပင် သင့်သေးသည်။ အကြောင်း မှာ အကြမ်းမဖက်ရေး အယူအဆကို လာရောက်ဟောပြော မြှင့်တင်ပေးနေသူ ဖြစ်သောကြောင့်ပင်။

အတိုက်အခံအင်အားစုများက အကြမ်းမဖက်နည်းကို ဆုပ်ကိုင်နေကြစဉ်တွင် စစ်အစိုးရအဖို့ အကြောက်တရားကို တဦးတည်း ချုပ်ကိုင်ချယ်လှယ်ခွင့် ရသွားစေခဲ့သည်။ ဤသို့ အကြောက်တရားဖြင့် စိုးမိုး၍ ၎င်း၏ အနေအထား ကို ပိုမိုခိုင်မာစေခဲ့သည်။ မြန်မာလူမျိုးများ၏ ဘ၀ကို နောက်မျိုးဆက်များစွာတိုင် ဖျက်စီးခွင့်ရစေခဲ့ပြီး အချို့သော ဖြစ်ရပ်များတွင် စစ်အစိုးရလက်ချက်ကြောင့် အသက်ဆုံးရှုံးရမှုများလည်း အများအပြား ရှိခဲ့သည်။ ထိုထက်ဆိုရ လျှင် အကြမ်းဖက်မှုကြောင့် ဖြစ်လာမည့်အကျိုးဆက်များကို ပစ်ပယ်ခဲ့သောကြောင့်လည်း စစ်အစိုးရကို ဆွေးနွေး ပွဲစားပွဲခုံပေါ်သို့ ရောက်လာစေရန် တွန်းပို့နိုင်မည့်အင်အားတခုကို လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။

ထိုထက်ပိုသည်မှာ အကြမ်းမဖက်မှုကို အလေးပေးမြှင့်တင်ခဲ့ခြင်းကြောင့်လည်း စစ်အစိုးရကို အန်တုမည့် အတိုက်အခံ အင်အားစုများအကြား ညီညွတ်ရေးကို အားလျော့စေခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်၏ ပရိယာယ်ကြွယ်ဝ မှုအောက်တွင် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုအများ လက်နက်ချခဲ့ကြသည်။ သူတို့အဆိုအရ "အလင်း ၀င်" ခဲ့ကြသည်။ အနည်းဆုံး အပစ်အခတ်ရပ်စဲရေး အဆင့်အတန်းကို လက်ခံအောင် စစ်အစိုးရက စွမ်းဆောင် နိုင်ခဲ့သည်။ ဤအဖွဲ့များအတွက် ဗိုလ်ချုပ်ခင်ညွန့်က မက်လုံးအမျိုးမျိုးပေး၍ အသုံးပြုခဲ့သလို၊ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များ၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန်လည်း စစ်အစိုးရက လုပ်ဆောင်နိုင်ခဲ့သည်။ အကြမ်းမဖက် ရေး နည်းနာကို မြှင့်တင်ခဲ့ခြင်းကြောင့်လည်း ၎င်းအဖွဲ့ခေါင်းဆောင်များအနေနှင့် လာဘ်လာဘများ မျှော်ကိုး လက်ခံရန် ပို၍ အဆင်ပြေစေခဲ့သည်။

စစ်အစိုးရက တိုင်းရင်းသားသူပုန်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင်မှု ကြောင့် တဖက်တွင် အတိုက်အခံအင်အားစုများအတွင်း အကွဲအပြဲကို အမြဲခြောက်လှန့်ခံနေခဲ့ကြရသလို၊ အကျိုး စီးပွားအရ မတူကွဲပြား ပဋိပက္ခ ဖြစ်စရာများလည်း ပေါ်ပေါက်လာစေခဲ့သည်။ အမှန်တကယ် အပြောင်းအလဲကို ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာစေနိုင်သည့် "ရွှေဝါရောင်တော်လှန်ရေး" ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များက မပူပေါင်းခဲ့ကြသလို၊ နောက်ပြန်ဆွဲသလို ရှိစေခဲ့သည်။ သူတို့အများက ရွှေဝါရောင်တော်လှန်ရေးကို ထိုင် ၍ စောင့်ကြည့်နေကြသည်။ ဖြစ်နိုင်သည်မှာ အကယ်၍ လက်နက်ကိုင် ပုန်ကန်ထကြွမှုများသာ ပြန်ဖြစ်လာပါက သူတို့၏ သတ္တုတွင်းနှင့် အခြား စီးပွားရေး အကျိုးစီးပွားများ ပျက်စီးဆုတ်ယုတ်ရချည့်ဟု တွေးထင်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ နောက်ဆုံးရလဒ်မှာ စစ်အစိုးရက လက်နက်မဲ့ ဆန္ဒပြသူများနှင့် သံဃာများအပေါ် စစ်တပ် အင်အားကို ထင်သလိုသုံး၍ ချေမှုန်းနိုင်ရန် ဖြစ်စေခဲ့တော့သည်။

ကိုယ်ကျိုးစီးပွားများနှင့် လောဘဖြစ်လာစေသည့် မက်လုံးများကြောင့် ထိခိုက်ရသည်မှာ အပစ်အခတ်ရပ်စဲရေး အုပ်စုများနှင့် ငြိမ်းအဖွဲ့များမှသာမဟုတ်။ မြန်မာစစ်တပ်နှင့် ရှေ့တန်းကွင်းထဲတွင် လက်တွေ့တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင် အချို့အပေါ်တွင်ပါ သက်ရောက်မှု ရှိလာစေခဲ့သည်။ ထိုင်းစစ်တပ်၏ အဆင့်မြင့် အရာရှိတဦး၏ အဆိုအရ စစ်အစိုးရက ရတနာ-ရဲတံခွန်ဓါတ်ငွေ့ပိုက်လိုင်းများမှ ဆက်လက်၍ အကျိုးအမြတ် ထုတ်ယူနိုင်ခြင်းမှာ ၎င်းဒေသရှိ သူပုန်တပ်ဖွဲ့များကလည်း စစ်အစိုးရထံမှရော၊ ထိုင်းအာဏာပိုင်များထံမှပါ ငွေကို ယူ၍ တိတ်တဆိတ်ခွင့်ပြုထားသောကြောင့်ဟု ဆိုသည်။ ဤသို့ငွေယူ၍ အများအတွက် ထိခိုက်နစ်နာ အကျိုး ပျက်ဖွယ်ဖြစ်သည့် ဓါတ်ငွေ့ပိုက်လိုင်းကို ခွင့်ပြုထားကြပါသည်။ စစ်အစိုးရအတွက် နိုင်ငံခြားဝင်ငွေ နောက်ထပ်ရရှိ စေမည့် တတိယပိုက်လိုင်းကို ထိုဒေသတွင်ပင် ယခုနှစ် ခြောက်သွေ့ရာသီ၌ ထပ်မံတည်ဆောက်ကြဦးမည်ဟု သတင်းများ ရရှိထားပါသေးသည်။

REF: ဧရာဝတီ

Read More...

ဒေါ်စုကို Club of Madrid အဖွဲ့က ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်

ဒီမိုကရေစီ တိုးတက်ပြန့်ပွားရေး ရည်ရွယ်ချက်ဖြင့် ကမ္ဘ့ထိပ်တန်း နိုင်ငံခေါင်းဆောင်ဟောင်းများ၊ ပညာရှင်များနှင့် ဖွဲ့စည်းထားသည့် စပိန်နိုင်ငံအခြေစိုက် “Club of Madrid” အဖွဲ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်လိုက်ကြောင်းသိရသည်။

၎င်းအဖွဲ့၏ ဒါရိုက်တာတဦးဖြစ်သည့် နော်ဝေးနိုင်ငံသမ္မတဟောင်း Kjell Magne Bondevik က “ဒေါ်အောင်ဆန်း စုကြည်ကို ကမ္ဘာက အလေးထားရတဲ့ အကြောင်းကတော့ သူ့နိုင်ငံ သူ့ပြည်သူတွေ လွတ်လပ်ရေးအတွက် ကျနော်တို့ရဲ့ လွတ်လပ်မှုကိုအသုံးပြုပြီး ဆောင်ရွက်ပေးဖို့ စွမ်းဆောင်နေသူ တဦးဖြစ်လို့ပါပဲ” ဟု ပြောသည်။

သူက ဆက်လက်ပြီး “ဒီမိုကရေစီကို ဦးတည်တဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို ထပ်မံ တောင်းဆိုပါတယ်” ဟုလည်း ပြောသည်။

အဆိုပါ “Club of Madrid”ကို ဒီမိုကရေစီ တိုးတက်ပြန်ပွားရေးရည်ရွယ်ချက်ဖြင့် ၂၀၀၁ ခု အောက်တိုဘာလ က စပိန်နိုင်ငံတွင် ပြုလုပ် သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆွေးနွေးပွဲမှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် အမေရိက၊ ဥရောပ၊ အာဖရိက၊ အာရှ စသည့် နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင် ၃၅ ဦးနှင့် ကမ္ဘာတ၀န်းရှိ ပညာရှင်များ၊ မူဝါဒရေးရာ ကျွမ်းကျင်သူများ ၁၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုနှစ် ဧပြီလအတွင်းကလည်း အမေရိကန်အထက်လွှတ်တော်က အရပ်သားများကို ချီးမြှင့်သည့်ဆုများထဲမှ အမြင့်ဆုံး ရွှေတံဆိပ်ဆု ကို ဒေါ်အောင်ဆန်းဆုကြည်အား ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ၎င်းသည် နိုဘဲလ်ငြိမ်ချမ်းရေးဆု အပါအဝင် နိုင်ငံတကာဆုပေါင်းများစွာကို ရရှိထားသူလည်းဖြစ်သည်။

ဒေါ်အောင်ဆန်းဆုကြည်သည် ၁၉၉၀ ခုနှစ်တွင် နော်ဝေးနိုင်ငံက နိုဘဲလ်ငြိမ်းချမ်းရေးဆုကို လက်ခံရရှိထားသော်လည်း ကမ္ဘာ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များထဲတွင် တဦးတည်းသော နေအိမ်အကျယ်ချူပ် အကျဉ်းချခံနေရဆဲဖြစ်သည်။

သူသည် ၂၀၀၃ ခုနှစ်မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်ကာ နေအိမ်အကျယ်ချူပ်ဖြင့် ထိန်းသိမ်းခံဘဝဖြင့် ၅ နှစ်ပြည့်ပြီဖြစ်သော်လည်း စစ်အစိုးရက ယခုနှစ်မေလတွင် အကျယ်ချူပ်သက်တမ်း တနှစ် ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှစ၍ ယနေ့အထိ နေအိမ်အကျယ်ချူပ် နေရချိန်စုစုပေါင်း ၁၃နှစ်ရှိပြီဖြစ်သည်။

ထို့အတူ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) ကိုလည်း အမေရိကန်အခြေစိုက် Medeleine K.Albright Grant အဖွဲ့က 2008 Albright Grant ဆုကို ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

၎င်းဆုကို ချီးမြှင့်ခြင်းသည် ကမ္ဘာပေါ်ရှိ အမျိုးသမီများ၏ နိုင်ငံရေးအသိစိတ်ကို နိုးကြားမြှင့်တင်သည့်အနေဖြင့် အမျိုးသမီးအဖွဲ့အစည်း များကို ထောက်ပံ့ချီးမြှင့်ခြင်းဖြစ်သည်။

WLB သည် တိုင်းရင်းသားအမျိုးသမီးအဖွဲ့အစည်း ၁၂ ဖွဲ့တို့ဖြင့်ဖွဲ့စည်းထားပြီး ၁၉၉၉ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဖွဲ့စည်းသည့် ပထမဆုံး အမျိုသမီးအဖွဲ့အစည်းဖြစ်သည်။

WLB သည် အမျိုးသမီးများ၏ အရည်အချင်းမြှင့်တင်ခြင်းစသည့် အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်လုပ်ကိုင်လာစေရန်အတွက် လှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

အေးလဲ့
REF: ဧရာဝတီ

Read More...

နိုင်ငံခြားသားပိုင်အပ်ချုပ်စက်ရုံ အလုပ်သမားများ ပိုင်ရှင်အရိုက်ခံနေရ

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန်ရှိ ကိုရီးယားအမျိုးသားပိုင် စက်ချုပ်အလုပ်ရုံမှ စက်ရုံစူပါဗိုက်စာ မြန်မာအမျိုးသမီးတဦး အလုပ်သမားများ အခွင့်အရေး မရသည့်အတွက်ဆိုပြီး နုတ်ထွက်သွားခဲ့ သည်။

ကိုရီးယားအမျိုးသားများဖြစ်သော မစ္စတာလီနှင့် မစ္စတာဝိန်း ဆိုသူတို့ ပိုင်ဆိုင်သည့် အဆိုပါစက်ရုံတွင် အလုပ် လုပ်ကိုင်နေကြသော အလုပ်သမများအနေဖြင့် တလလျှင် အခြေခံလစာ (၃၅,၀၀၀) ကျပ်သာရရှိပြီး တနေ့လျှင် အလုပ်သမတဦးအနေဖြင့် အထည် (၆၀) ပြည့်အောင် ချုပ်ပေးရသည်ဟု အလုပ်မှနုတ်ထွက်ခဲ့သူ စူပါဗိုက်စာ မနီနီမာက ပြောသည်။

ထိုသို့သတ်မှတ်ထားသော ကိုယ်တာကို ပြည့်အောင်မအပ်နိုင်ပါကလည်း ပိုင်ရှင်များက အလုပ်သမများအား ဆူပူ ကြိမ်းမောင်းရိုက်နှက်ကြသည်ဟုလည်း သိရှိရသည်။ ယင်းသို့ ရိုက်နှက်ခံရကြောင်း အမည်မဖော်လိုသည့် အလုပ် သမတဦးက “ကျမတို့ အလုပ်သမတယောက်ကို တနေ့ကို အထည် (၆၀) အပ်ရပါတယ်။ တကယ်လို့ ကျမတို့ မအပ်နိုင်ရင် အနည်းဆုံးတော့ အဆူအဆဲခံရပါတယ်။ တခါတလေမှာဆိုရင် အရိုက်ခံရတာလည်းရှိပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စက်ရုံပိုင်ရှင် မစ္စတာလီအား ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ စက်ရုံပိုင်ရှင် အနေဖြင့် တစုံတရာပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

စက်ရုံတွင် စုစုပေါင်း အလုပ်သမား (၁,၀၀၀) ကျော်ရှိပြီး အလုပ်သမားများသောက်ရန်အတွက် ရေသန့်ဘူးကြီး (၆၀) ကိုသာ ထားရှိပေးသည့်အတွက်လည်း အလုပ်သမားများအနေဖြင့် သောက်ရေအတွက် အခက်ဖြစ်နေကြရ သည်ဟု နုတ်ထွက်လာသူ စူပါဗိုက်ဇာ မနီနီမာက ပြန်လည်ပြောကြားခဲ့သည်။ အလုပ်ဆင်းချိန်မှာလည်း နံနက် (၉) နာရီမှ ည (၁၀) နာရီအထိဆင်းကြရပြီး နေ့လယ်စာစားချိန်အဖြစ် မိနစ် (၃၀) သာ နားချိန်ပေးသည်ဟုဆို သည်။

မနီနီမာက လုပ်ငန်းခွင့်အခြေအနေများကို ဆက်လက်ရှင်းပြရာ “ကျမတို့ အလုပ်သမတွေ အနေနဲ့ အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာရခဲ့ရင်လည်း တရုတ်နီ လိမ်းဆေးသာပေးပြီး မည်သည့် ဆေးကုသခွင့်ကိုမျှမရရှိကြောင်း၊ စက်ရုံ တွင် သောက်သုံးရေ မလုံလောက်လို့ အိမ်ကနေ ရေဘူးထည့်လာရင်လည်း ထည့်လာခွင့်မရှိဘူး။ တကယ်လို့ ထည့်လာရင်လည်း ဒဏ်ငွေ (၅,၀၀၀) ကျပ်ကို ဖြတ်တာခံရပါတယ်။ အခြားသော နာမကျန်းကိစ္စနဲ့ အလုပ်ပျက် ရင်လည်း တရက်ပျက်ခ ဒဏ်ငွေ (၅,၀၀၀) ကျပ်ကို ပေးဆောင်ရပါတယ်။ အဆိုးဆုံးကတော့ ကျမတို့ဟာ မြန်မာ အမျိုးသမီးတွေဖြစ်တာကြောင့် အလုပ်ကိုသွားတဲ့အခါ ပါးမှာ သနပ်ခါးကို လိမ်းသွားကြပါတယ်။ ဒါဟာလည်း မြန်မာ့ယဉ်ကျေးမှုတခုပါ။ ဒါပေမယ့် အလုပ်ကိုရောက်တဲ့ အခါမှာတော့ သနပ်ခါးလိမ်းလာတဲ့ အလုပ်သမကို ပိုင်ရှင်များက ခေါ်ပြီး ဆီချေးတွေပေနေတဲ့ အ၀တ်ကို ရေစွတ်ပြီး အတင်းဆွဲဖျက်တာကို ခံကြရပါတယ်။ ကျမတို့ လုပ်ခဲ့တဲ့ အဲဒီ (UVI) အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးဆိုလို့ ဘာတခုမှ မရခဲ့ပါဘူး။ ကျမလို စူပါ ဗိုက်ဇာတယောက်တောင် ဒီလိုအဖြစ်တွေနဲ့ ကြုံခဲ့ရတယ်။ ဒါကြောင့်မို့လို့လည်း ကျမနုတ်ထွက်ခဲ့တာပါ” ဟု ပြော သည်။

မြန်မာနိုင်ငံတွင်း လာရောက်လုပ်ကိုင်နေကြသော နိုင်ငံခြားသားပိုင် စက်ရုံများအနေဖြင့် မြန်မာအလုပ်သမားများ အပေါ်တွင် ယခုကဲ့သို့ ဆက်ဆံရေးများ ထားရှိနေသော်လည်း အလုပ်သမားများအနေဖြင့် သူတို့ကို ကူညီနိုင်စရာ နေရာ၊ ကူညီမည့်သူမရှိ ဖြစ်နေကြောင်းလည်း သိရှိရသည်။

မြင့်မိုးဇော်
REF: ခေတ်ပြိုင်

Read More...

သံဃာတော်များကို စစ်အစိုးရ ဖြိုခွဲရန်ကြံစည်

နိုင်ငံတော်သံဃမဟာနယက (မဟန) အဖွဲ့ (၄၇) ပါးစုံညီအစည်းအဝေးကို နိုဝင်ဘာ (၂၂-၂၃) ရက်နေ့တို့တွင် ကျင်းပခဲ့ရာ ယင်းအစည်းအဝေးသည် နအဖက မဟနကို လက်ကိုင်တုတ်ပြုကာ သံဃာတော်အင်အားကို ဖြိုခွဲရန် ကြံစည်ခြင်းသာဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ပရိယတ္တိစာသင်တိုက်ကြီးတခုမှ ဆရာတော်တပါးက မိန့်ဆိုသည်။

ဆရာတော်က “မြန်မာနိုင်ငံမှာ သံဃာအင်အားက (၅) သိန်းကျာ်ရှိနေပြီး စစ်သားဦးရေနဲ့ အပြိုင်ဖြစ်နေတော့ နအဖက သံဃာဦးရေကို လျော့ချဖို့ ကြံစည်နေတယ်။ စက်တင်ဘာအရေးအခင်းအပြီးမှာ ဒီကိစ္စကို ကိုင်တွယ်ဖို့ ကြိုးစားလာကြတာ ဖြစ်မယ်။ ဒါ့ကြောင့် သံဃာတွေအနေနဲ့ကလည်း ဒီကိစ္စကို သတိထားကြရတော့မယ်” ဟု မိန့်တော်မူသည်။

ယင်းအစည်းအဝေးတွင် သာသနာရေးဝန်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင်က ထေရ၀ါဒ ဗုဒ္ဓသာသနာတော်နှင့် မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို အရေးယူတားဆီးကာကွယ်ရန် ဆောင် ရွက်ခွင့်ရှိဟု လျှောက်ထားခဲ့ပြီး (၅) သိန်းကျော်မျှသော သံဃာထုကြီးကိုလည်း ဘုရားဥပဒေ၊ နိုင်ငံတော်ဥပဒေ၊ အဖွဲ့အစည်းဥပဒေ၊ လူမှုဥပဒေများနှင့် အညီအညွတ်ဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးရပါသည်ဘုရားဟု လည်း ထည့်သွင်းလျှောက်ထားခဲ့သည်။

“သံဃာ့အထက်မှာ ဘုရားဥပဒေပဲရှိတယ်။ ဘုရားရှင်ပညတ်ထားတဲ့ ၀ိနည်း သိက္ခာပုဒ်တွေပဲရှိတယ်။ ၀ိနည်း သိက္ခာပုဒ် မစောင့်ထိန်းတဲ့ ပုဂ္ဂိုလ်သာ သံဃာအဖြစ်က လျော့ကျပြီး တခြားသော ဥပဒေဘောင်တွေအောက် ရောက်ရှိသွားမယ်။ သံဃာ့အပေါ်မှာ နိုင်ငံတော်ဥပဒေ၊ လူမှုဥပဒေဆိုတာတွေနဲ့ ထိန်သိမ်းပေးရတယ်ဆိုတာ အဓိပ္ပာယ်ကို မရှိဘူး။ ၀ိနည်းသိက္ခာပုဒ်ကို စောင့်ထိန်းနေသမျှ၊ ပါရာဇိက မကျသမျှ သံဃာဟာသံဃာပါပဲ။ ဒီလို သံဃာတွေကို ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းတာဟာ သံဃာကို ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းတာပဲဖြစ်တယ်” ဟု ဆရာ တော်က ဆက်လက်မိန့်ဆိုသည်။

အခြားဆရာတော်တပါးကလည်း “သူတို့က ကြီးသောအမှုငယ်စေ၊ ငယ်သောအမှု ပပျောက်အောင် ဆောင်ရွက် ပေးနေတယ်လို့လည်း ဆိုထားတယ်။ ဒါဆိုရင် ပခုက္ကူ သံဃာတော်တွေ ကိစ္စမှာ ဘာဖြစ်လို့ မတောင်းပန်ခဲ့တာ လဲ။ တောင်းပန်လိုက်ရင် ပျောက်ပျယ်သွားမယ့်ကိစ္စကို ဘာဖြစ်လို့ မလုပ်ခဲ့တာလဲ။ မဟန ကရော ဘာဖြစ်လို့ မတိုက်တွန်းခဲ့တာလဲ” ဟု မေးခွန်းထုတ်တော်မူသည်။

အဆိုပါအစည်းအဝေးတွင် မဟန ဥက္ကဋ္ဌ မကွေးဆရာတော် ဘဒ္ဒန္တကုမာရက သာရဏီယသြ၀ါဒကထာ မြွက်ကြား ရာ အချို့ ရဟန်းများကလည်း ထေရ၀ါဒ ဗုဒ္ဓသာသနာမှေးမိန်ကွယ်ပျောက်၍ မဟာယန သာသနာ ဖြစ်ပေါ် အောင် လုပ်ဆောင်နေကြသည်ကိုလည်း ကြားသိနေရပါသည်ဘုရား။ ထိုအဓမ္မ၀ါဒကို ပြန်လည်ဟောပြောနေမှု၊ အဓမ္မ၀ါဒ စာအုပ်စာတမ်းများကို မိတ္တူကူး၍ ဖြန့်ချိနေမှု စသည်တို့ကို သက်ဆိုင်ရာမှ စုံစမ်းစိစစ်၍ ဖော်ထုတ် အရေးယူသင့်ပြီဖြစ်ကြောင်းကိုလည်း လျှောက်ထားအပ်ပါသည်ဘုရား ဟူ၍ ထည့်သွင်းပြောဆိုခဲ့မှုအပေါ် “ဒီကိစ္စ က သံဃာတော်တွေကို သူတို့မကျေနပ်ရင် မကျေနပ်သလို အရေးယူဖို့ ကြိုတင်လမ်းကြောင်းထားတဲ့ သဘောပဲ။ အတိုက်အခံလုပ်တဲ့ သူတွေကို ဗုံးခွဲမှုနဲ့ ပတ်သက်တယ် ဘာညာဆိုပြီး စွပ်စွဲသလိုပေါ့။ သံဃာတွေကိုလည်း စွပ်စွဲပြီး ဒကာ၊ ဒကာမတွေ ထင်ရောင်မြင်မှားဖြစ်အောင် လုပ်လို့ရအောင် ကြိုတင်လမ်းကြောင်းထားတာမျိုးပဲ။ စာအုပ်စာတမ်းတွေဆိုလည်း ဘယ်စာအုပ်တွေဖြစ်တယ်ဆိုတာ အတိအလင်း မဖော်ပြသေးဘဲ အဆုတ်၊ အတက် လုပ်လို့ရအောင် ချန်လှပ်ထားသေးတယ်” ဟု သံဃာတော်တပါးက သုံးသပ်ပြောဆိုသည်။

“နောက်ပြီး သူတို့က ပြည်တွင်းသံဃာတွေ သံဃာ့ဥသျှောင်အဖွဲ့နဲ့ ဆက်သွယ်နေတာတွေကိုလည်း မကြိုက်ဘူး။ နိုင်ငံမှာ မဟန တဖွဲ့တည်းရှိတယ်။ မဟနနောက်ကိုပဲ လိုက်ရမယ်ဆိုတဲ့ သဘောမျိုးပဲ။ ဒါပေမယ့် မဟန ကိုယ်တိုင်က နအဖ အလိုကျ လိုက်လုပ်နေရတယ်။ ဒီလျှောက်ထားချက်တွေ၊ သြ၀ါဒကထာတွေဆိုတာလည်း နအဖ ရေးထားသမျှ ဖတ်ပြနေကြရတာပါ။ အများဆုံးရေးတာက အကြံပေးပုဂ္ဂိုလ်ဆိုတဲ့ အံ့မောင်ပဲ။ သူက သန်းရွှေရဲ့ အကြံပေးလည်းဖြစ်တယ်” ဟု ဆက်လက်မိန့်ဆိုသည်။

နအဖ အနေဖြင့် ၂၀၀၇ စက်တင်ဘာ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲအပြီး သံဃာတော်များအပေါ် သဘောထား တင်းမာမှုများရှိပြီး ၎င်းတို့ သတင်းစာများတွင် သံဃာတော်များနှင့် စပ်လျဉ်းသော သတင်းများ၊ ဓာတ်ပုံများကို ထည့်သွင်းခွင့် မပြုတော့ကြောင်း၊ ယခု ၎င်းတို့ လက်ကိုင်တုတ်ပြုမည့် မဟန အစည်းအဝေး ဓာတ်ပုံများကိုပင် ယခင်နှစ်များကကဲ့သို့ သံဃာတော်များ၏ပုံကို ထင်ရှားစွာ မဖော်ပြတော့ကြောင်း သံဃာတော်များက ထောက်ပြ မိန့်ဆိုသည်။

ထေရ၀ါဒနှင့် မညီသော ဆောင်ရွက်မှုများကို အရေးယူသွားမည်ဆိုသော သာသနာရေးဝန်ကြီးသည် ဆဌမ အကြိမ် မဟန အစည်းအဝေးဖွင့်ပွဲအပြီးတွင် ယင်းနေ့မှာပင် ကျင်းပသော ၂၀၀၈-၂၀၀၉ ဟာဂျီလောင်းများ ဂုဏ်ပြုပွဲနှင့် ဒီပါဝလီ ညစာစားပွဲများသို့ တက်ရောက်ခဲ့ပြီး နေ့စဉ်ထုတ်သတင်းစာများကလည်း ယင်းသတင်းနှင့် ဓာတ်ပုံများအား သတင်းစာမျက်နှာထိပ်ပိုင်းက ဖော်ပြပေးခဲ့ကြသည်။

မင်းနိုင်သူ
REF: ခေတ်ပြိုင်


Read More...

Tuesday, November 25, 2008

အမိန့်မချခင် (၁၀) မိနစ်အလို၌ ရေးသားထားသော ဇေယျာသော် နှိုးဆော် ချက်,,,




REF: ကိုထိုက်

Read More...

Friday, November 21, 2008

ကယ်တင်ရှင် ရှာဖွေမိခြင်း

ကျွန်တော်တို့ တိုင်းပြည်မှာ ဘာများ ကျန်သေးလဲလို့ ကျွန်တော် တွေးမိပါတယ်။

ကျွန်တော် “စ” တွေးမိတာက …

၁။ စီးပွားရေ
သာမန် ပြည်သူပြည်သားတွေရဲ့ ယေဘုံယျ (တရားနည်းလမ်း မှန်မှန် သမာအာဇီဝနဲ့ ရတဲ့) ဝင်ငွေက တရက်ကို အမေရိကန် ၁ ဒေါ်လာ အောက်မှာပဲရှိပါတယ်။ ထမင်းရည် ရောင်းဝယ်ဖောက်ကားတဲ့ ဈေးကွက်ကလည်း တော် တော် ကျယ်ပြန့်လာပါတယ်။(သမိုင်းထဲက သာလွန်မင်းတရားကြီး အသက်ရှင်လျက်ရှိရင် ဘာပြောမလဲ မသိ။)

အဲ .. နေ့စဉ် ကြားနေရတဲ့သတင်းတွေကတော့ .. ဘယ်နေရာမှာ လုခံလိုက်ရပြန်ပြီ၊ ဘယ်နေရာမှာ ဖောက်ထွင်း သွားလို့၊ ... နေ့လည်ခင်းကြီး မြို့လယ်ခေါင်မှာ ရိုက်လုခံရလို့တဲ့။ ကျွန်တော့် မေးလ်ထဲလည်း အဲဒီလို သတင်း တွေ မကြာခဏ ပို့ကြပါတယ်။ တစ်ခုခြင်းအတွက်ဆို သာမန်ဒုစရိုက်မှုလို့ ယူဆလို့ရပေမယ့် အဲလို အမှုတွေ တိုင်းပြည်မှာ နေ့စဉ် လူတိုင်းတွေ့မြင်ခံစားလာရတာကတော့ နိုင်ငံ့အရေး ဖြစ်လာလို့နေပါတယ်။

မေးလ်တစ်စောင်က သူ့ဆရာမ တစ်ယောက် ရန်ကုန်မြို့လယ်မှာ နေ့လည်ခင်း အလုခံရလို့တဲ့၊ နောက် တစ်ယောက်က အိမ်နားက အဘွားကြီး တစ်ယောက်ကို ထုရိုက်ပြီး လုသွားတယ်တဲ့၊ အခြားတစ်ယောက်က လည်း ရင်းနှီးတဲ့လူတွေ၊ အချင်းချင်းတွေ ငွေချေးပြီး မထင်ရလောက်အောင် ပြန်မပေးနိုင်ကြတာကို တွေ့ရတယ် တဲ့။ နယ်တွေမှာ ဆိုင်ကယ်တွေနဲ့ အုပ်စုဖွဲ့ပြီး လုယက်နေကြတယ်တဲ့။ ကျောင်းသူတစ်ယောက် ဒါးထိုးခံရပြီး အလုခံလိုက်ရတယ်တဲ့။

သတင်းတွေပေါ့၊ ပြန်ကြည့်လိုက်တော့၊ အခြားနိုင်ငံမှာလို စိတ္တဇ လူသတ်သမားတို့၊ ဆေးကြောင်ပြီး သေနတ်နဲ့ ပစ်တာတို့၊ ဘိန်းအရောင်းအဝယ် လုပ်တာတို့ထက် ... ငွေကြေးရလိုမှုကို အခြေခံတဲ့ လုယက်မှုတွေသာများနေ တာကို တွေ့ရပါတယ်။ အမှုဖြစ်ရာ နေရာတွေ ပြန်ကြည့်လိုက်တော့ မြို့လယ်ထဲမှာ ဖြစ်နေတာတွေ တွေ့ရပါတယ်။ (အခြားနေရာတွေက သတင်းမရနိုင်တာကြောင့် အဲဒီနေရာတွေမှာ မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။)

ညငှက် မိန်းကလေးတွေ များလာတယ်တဲ့။ ပြန်ကြည့်လိုက်တော့ ငွေကြေးကိစ္စ အခြေခံတာ များနေပါတယ်။ ဟော .. ထိုင်းမှာ တရားဝင်ရော၊ တရားမဝင်ရော မြန်မာအလုပ်သမား သိန်းချီ ရှိတယ်တဲ့၊ စင်္ကာပူမှလည်း မနည်း ပါဘူး။ မလေးရှားမှာ ဒုနဲ့ ဒေး။ အခြား နိုင်ငံတွေမှာလည်း တော်တော်များများ ရှိကြပါတယ်။ အဲဒီလူတွေထဲမှာ ၁% လောက်သာ ပညာနဲ့ ထိုက်ထိုက်တန်တန် အလုပ်လုပ်နေကြရပေမယ့် ကျန်တာကတော့ အလုပ်ကြမ်းသမား တွေပါ။ အားလုံး ဘာအတွက် အဲလို ဒုက္ခခံနေရတာလဲ ...။ အဖြေက တိုင်းပြည်မှာ စီးပွားရေး အဆင်မပြေလို့ပါ တဲ့။

ဒါဆို တိုင်းပြည်ရဲ့ သာမန်လူများစုမှာ စီးပွားပျက်လာတာကို သေချာမြင်နေရပါပြီ။ တိုင်းပြည်ပျက်ခြင်း အကြောင်း အရင်း နံပါတ် (၁) ပေါ့။

၂။ ဘာသာရေး
အထူးပြောနေဖို့ လိုမယ်မထင်ပါဘူး။ ၂၀၀၇ စက်တင်ဘာ ကိစ္စ။ မြန်မာ့သမိုင်း၊ ဗုဒ္ဓဘာသာသမိုင်းရဲ့ ဖျက်လို့ လုံးဝမရနိုင်တော့တဲ့ သမိုင်းဝင် အစွန်းအထင်း အမည်းကွက်ကြီးကို ကျွန်တော်တို့ မြန်မာနိုင်ငံက ကျူးလွန်လိုက် တာပါပဲ။

ဒီနေ့ မနက် ကျွန်တော် တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဟောတဲ့ ပရိတ်တရားတော်ကို အင်တာနက်မှာဖွင့်ပြီး နာကြားမိတော့ .. ဆရာတော်ဘုရားကြီး ခွေထဲမှာ ..“မြန်မာပြည်သည် ဗုဒ္ဓသာသနာ ထွန်း ကားသောနိုင်ငံ ဖြစ်တယ်။ မြတ်စွာဘုရားပရိနိဗ္ဗါန် စံတော်မူပြီးသည့်နောက် သီဟိုဠ်ခေတ်မှ စ၍ သာသနာ အစဉ် အဆက် ထွန်းကားလာသော တိုင်းပြည်နိုင်ငံများတွင် မြန်မာပြည်သည် အထွန်းကားဆုံးနိုင်ငံဖြစ်တယ်။ အထွန်း ကားဆုံး နိုင်ငံဖြစ်သောကြောင့် ပရိယတ္တိသာသနာသည် ခိုင်ခိုင်ခံခံ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ယနေ့ တိုင်အောင် တည်တန့်နေသော တိုင်းပြည်ကို ရှာသောအခါ မြန်မာပြည်သည် အထင်ရှားဆုံးသော တိုင်းပြည်ဖြစ် ခဲ့။ ထို့အတူ ပရိယတ္တိ ထွန်းကားသလို ပရိပတ္တိ သာသနာထွန်းကားသော နိုင်ငံလည်းဖြစ်တယ်။” တဲ့။

ကဲ .. အခု လက်ရှိ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးတွေထဲက တစ်ပါးတလေဆီက အဲဒီလို မိန့်ကြားသံမျိုး ကြား ရနိုင်မှာ မဟုတ်တော့ပါဘူး။

ဗုဒ္ဓဘာသာဝင် သံဃာတော်တွေကို လူသိရှင်ကြား အားလုံးအသိ၊ တကမ္ဘာလုံးအသိ ရိုက်နှက်သတ်ခဲ့လို့ အခြား ဘာသာတွေ သက်သာမယ်လို့ တွေးထင်လို့ မရ။ သက်သေသက္ကာယ ပြည့်စုံစွာနဲ့ ဖိနှိပ်ခဲ့တာတွေ တိကျစွာရှိပါ တယ်။

ဘာသာရေး ပျက်စီးမှတော့ ဘာသာရေးတွေက သင်ကြားပေးတဲ့ အခြေခံကိုယ်ကျင့်တရားတွေ ဘယ်နားမှာ အစ အန သွားရှာရပါ့။ တိုင်းပြည်မှာ ခပ်တည်တည်နဲ့ လက်နက်ပြ ဒမြဂိုဏ်းခေါင်းဆောင်က တိုင်းပြည်အကြီးအကဲ ဆိုပြီးလုပ်၊ လူသားဆန်ဆန် ကတိစကားဆိုတာကို မေ့ပြီး ၁၉၉၀ ရွေးကောက်ပွဲကို ရူးသလိုလို၊ ကြောင်သလိုလိုနဲ့ တရားမဝင်သလိုလုပ်၊.... နောက်လိုက်တွေက အမဲရိုးလောက်စားရတာနဲ့ အမြီးလေး တနံ့နံ့နဲ့ တွေ့သမျှလူ ကောင်းတွေကို လိုက်ကိုက် လိုက်ဟောင်...။ (သတင်းစာမှာ ဟောင်လိုက်၊ ကြံဖွတ်လို ခွေးဝဲစားက လူကို လိုက် ကိုက်လိုက်နဲ့ ဖြစ်ချင်ရာ ဖြစ်နေတော့တာပါပဲ။) ကိုယ့်ကျင့်တရားပျက်တာ ပြောပါတယ်။

ဒါဆို တိုင်းပြည်မှာ ထွန်းကားနေတဲ့ ဘာသာရေးတွေ ပျက်စီးကုန်ပြီး အမည်ခံ ဘာသာရေး ကိုးကွယ်မှုလောက် သာ ကျန်တော့တာကို မြင်နေရပါတယ်။ တိုင်းပြည်ပျက်ခြင်း အကြောင်းအရင်း နံပါတ် (၂) ပေါ့။

၃။ တရားဥပဒေ

“ဥပဒေ အထက် ဘယ်သူမှ မရှိရဘူး” တဲ့။ ငယ်ငယ်က ကလေးတွေ ပြောသလို ပြောရရင် “အပြောကတော့ ရွှေမန်းပဲ” ... ။ ဇာတ်မင်းသားကြီး အင်္လကာ ကျော်စွာ ရွှေမန်းနဲ့ အခုလို လူမျိုးတွေနဲ့ နှိုင်းရတာ တော်တော်လေး တော့ မပြောသင့် မပြောအပ်တဲ့ စကားလို့ အင်္လကာ ကျော်စွာ ရွှေမန်းဘက်က နာပြီး အပြစ်တင်ချင်လည်း ခံရမှာ ပါပဲ။ အက အလွန်ကောင်းတဲ့ ဇာတ်မင်းသားကြီးလို လေသံလေးက ကောင်းမွန်လှပြီး တကယ် “က” တော့မှ ပေါက်ကရ အကသာ “က” နိုင်တယ်။ အပြောတခြား အလုပ်တခြား (တခြားဆိုတာထက် အခု ဒီကောင်တွေ လုပ်ရပ်က အပြောတမျိုး အလုပ်က ဆန့်ကျင်ဘက်။) ဆိုတာကို သက်သေပြတဲ့စကားမို့ သုံးလိုက်ရတာပါ။ ပြောသူကလည်း ရွှေမန်းဆိုတဲ့ နာမည်နဲ့ လူ ဖြစ်နေတာကိုး။

ဥပဒေမဲ့ ဖမ်းလိုက်တာများ ဒေါ်အောင်ဆန်းစုကြည်က စလို့ အခု နောက်ဆုံးတရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ လူတွေအထိ။ အားလုံး သိပြီးဖြစ်တဲ့အတိုင်း အစကတည်းက မဖမ်းသင့်သော ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ကျင့်သုံးနေတဲ့တရားဥပဒေကို လွန်ပြီး ၅ နှစ်ကျော်အောင် ဖမ်းထားကတည်းက ဥပဒေဆိုတာ မလိုက်နာဘူးဆိုတဲ့ သက်သေပြယုဒ်တစ်ခုပါပဲ။

မန္တလေးမှာ သံလက်သီးနဲ့ ထိုးခံရလို့ မျက်စိကွယ်မလို ဖြစ်နေတဲ့ ဦးသန်းလွင်က ထောင်ကျနေပြီး၊ အမှုကျူးလွန် သူ ကြံဖွတ်တွေကတော့ အပြင်မှာ ရမ်းချင်တိုင်း ရမ်းနေတာ အားလုံးအသိပါပဲ။ ဘယ်မှာလဲတရားဥပဒေ။

အခု နောက်ဆုံး တရားရေးရာ ဝန်ထမ်းတွေ ဖြစ်တဲ့ ရှေ့နေတွေကို ဖမ်းနေပြန်ပါပြီတဲ့။ အောက်က သတင်းမှာ အပြည့်အစုံဖတ်ကြည့်ပါ။


ရှေ့နေတွေကို ချေမှုန်းပြီ
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၇၊ ၂၀၀၈
(မိုးမခ မှ ရယူပါသည်။)

ရှေ့နေ ဦးခင်မောင်ရှိန် (တိုက်ပုံအင်္ကျီအညိုဖြင့် ထိုင်နေသူ)


ရှေ့နေ ဦးမြတ်သောင်း၊ ဦးအောင်သိန်း၊ ဦးကြည်ဝင်း စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများအတွက် အကျိုး ဆောင်လျက်ရှိသော ရှေ့နေ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်တို့ကို မျက်ကွယ်ထောင်ဒဏ် ၄ လ ချမှတ်လိုက် သည်။ ၎င်းတို့နှစ်ဦးမှာ အထိန်းသိမ်းခံနေရသည့် ဇာဂနာကဲ့သို့ ထင်ရှားသူများ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ ရဟန်းသံဃာများဘက်မှ အကျိုးဆောင်နေသည့် ရှေ့နေများဖြစ်သည်။ ဦးအောင်သိန်းက လာ ရောက်ဖမ်းဆီးမည်ကို စောင့်ဆိုင်းနေကြောင်း၊ အကျဉ်းသားဝတ်စုံပြာ၊ သုံးစွဲနေရသည့် သွေးကျဆေးတို့ကိုလည်း အသင့်ပြင်ထားပြီးဖြစ်ကြောင်း အေပီသတင်းဌာနသို့ ပြောကြားလိုက်သည်။ ဦးအောင်သိန်း၏ဇနီးသည် ဒေါ်မိမိ (Mi Mi)က "ဦးအောင်သိန်း အကျိုးဆောင်ပေးနေတဲ့ အကျဉ်းသားတွေအတွက် ပိုပြီး စိုးရိမ်မိတယ်၊ သူတို့အမှု တွေ ရှေ့နေမရှိဘဲ ဘယ်လိုဆက်ဖြစ်မလဲမသိဘူး" ဟု အေပီသို့ ပြောပြခဲ့သည်။ ပြီးခဲ့သည့်လက အကျဉ်းသား ၁၁ ဦးကို အကျိုးဆောင်ပေးနေသူ ရှေ့နေ ကိုညီညီထွေး ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရသည်။

ဒါဆို တရားဥပဒေဆိုတာလည်း တိုင်းပြည်မှာ ပျက်နေတာကို မြင်နေရပါပြီ။ တိုင်းပြည်ပျက်ခြင်း အကြောင်းတရား (၃) ပေါ့။

အခြား အချက်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး ဆိုတာကလည်း သန်းရွှေကိုယ်တိုင် စင်္ကာပူ ဆေးသွားကုခဲ့ တာ၊ သူ့မြေးနဲ့ သမီးကို နိုင်ငံခြားမှာ စာသွားသင်ခိုင်းတာ၊ အဲဒါကို ကြည့်ကတည်းက ဘယ်လောက် နိမ့်ကျနေ သလဲဆိုတာကို သူတို့ကိုယ်တိုင် ဝန်ခံနေတာ သေချာပါတယ်။ (အသေးစိပ် အချက်အလက်တွေ ပြောရရင် ကုန်နိုင်ဖွယ်မရှိ၊ စာအရမ်းရှည်နေမှာစိုးလို့ ဒီ ၂ ချက်ကို တိုတိုပဲ ရေးလိုက်တာပါ။)

ကျန်းမာရေး၊ ပညာရေး ပျက်စီးနေတာလည်း မြင်နေရပါပြီ။ တိုင်းပြည်ပျက်စီးခြင်း အချက်တွေပါပဲ။

တိုင်းပြည်မှာ စီးပွားရေး၊ ဘာသာရေး၊ တရားဥပဒေ၊ ပညာရေး၊ ကျန်းမာရေးတွေ ပျက်နေမှတော့ ... အဲဒီ တိုင်းပြည်အနာဂါတ် ဘယ်လိုများ ဖြစ်လာမလဲဆိုတာ မတွေးဝံ့စရာပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ဦးမယ်ဆိုပဲ။ အခု လက်ရှိဖြစ်နေတာတွေကို သေချာမပြင်နိုင်ပဲ၊ ဖြစ်ချင်ရာဖြစ် ဇွတ် ရွေးကောက်ပွဲ လုပ်မယ်ဆိုတာကတော့ ... ရလဒ်ကောင်းဖြစ်လာဖို့ မမြင်ပါ။

ဒီတော့ ကျွန်တော့်တို့တတွေ ကိုယ့်လက်ပေါ် ဖယောင်းစက်မကျသေးလို့ မပူသေးဘူး ပြောသလို ကိုယ်တိုင် လက်တွေ့မငတ်သေးလို့ တိုင်းပြည်ကြီး ဘာမှမဖြစ်သေးပါဘူးလို့ မျက်စိမှိတ်ပြောကြမလား... တိုင်းပြည် အနာဂါတ်နဲ့ နောင်မျိုးဆက်တွေက “ငါတို့ထက်ကြီးတဲ့ လူကြီးတွေ ဖျက်ခဲ့တဲ့တိုင်းပြည်မှာ ငါတို့ လူလာဖြစ်ရ လေခြင်း” လို့ ဆိုပြီး ယူကျုံးမရပြောပြီး အပြစ်တင်တာကို ခံမလားဆိုတာက ... မြန်မာနိုင်ငံသား အားလုံး ဖြေရမယ့်အဖြေပဲ ဖြစ်ပါတယ်။

နအဖ သတင်းစာတွေထဲက ပြောလေ့ရှိတဲ့အတိုင်း အခုဆို တိုင်းပြည်ချောက်ထဲရောက်ဖို့ လက်မတင်ပဲ လိုပါ တော့တယ်။ ကဲ .. ဘယ်သူတွေ ကယ်ကြဦးမှာပါလဲ။

သံဃာတော်တွေက ကယ်မှာလား
NLD ကယ်မှာလား
၈၈ မျိုးဆက်ကျောင်းသားတွေ ကယ်မှာလား
၂၀၀၇ မျိုးဆက်တွေ ကယ်မှာလား
တပ်မတော်ကြီးက ကယ်မှာလား
အနောက်နိုင်ငံတွေက ကယ်မှာလား ...

ဘယ်သူကယ်မှာပါလဲ ......။

ကျွန်တော် မြင်တဲ့အဖြေကတော့ တိုင်းပြည်ကို ကယ်မဲ့လူကတော့ “သင်” ကိုယ်တိုင်ပဲ တတ်နိုင်ပါတယ်။

“သင့်” ကို တိုင်းပြည်မှ ကယ်တင်ရှင်အဖြစ် အလိုရှိနေပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

REF: ကိုထိုက်

Read More...

Thursday, November 20, 2008

ဆေးကျောင်းသားများ စစ်အစိုးရပညာရေးစနစ်ကို မယုံကြည်၊ ဘွဲ့မရမီ ဆေးကျောင်း မှ ထွက်သည့်နှုန်းများလာ

ရန်ကုန်ဆေးတက္ကသိုလ် (၁) တွင် တက်ရောက်နေသည့် ဆေးကျောင်းသားများ ကျောင်းမပြီးခင် ကျောင်းမှထွက် သည့်နှုန်း များလာနေကြောင်း အဆိုပါကျောင်းမှ ကျောင်းသူ ကျောင်းသားများက ပြောသည်။

ကျောင်းသူတဦးက “ကျောင်းပြီးသွားရင်တောင် ဆရာဝန်လုပ်ခွင့်ရဖို့ အခက်အခဲတွေ အများကြီးရှိနေတာ သိလာ ရတယ်။ နောက် ကျောင်းက သင်ကြားရေးစနစ်ကလည်း မကောင်းဘူး၊ ဒီတော့ အပြင်ထွက်ပြီး နိုင်ငံခြား တက္က သိုလ်တခုခုမှာ ကျောင်းသွားတက်နိုင်ရေးပဲ ကြိုးစားလာတဲ့ လူတွေ များလာတယ်” ဟု ပြောသည်။

အဆိုပါ ကျောင်းသူက “ကျောင်းတကျောင်းလုံးအနေနဲ့ ကျောင်းမပြီး၊ ဘွဲ့မရဘဲ ကျောင်းမှ ထွက်ခွာသူဦးရေ ဘယ်လောက်များတယ်ဆိုတာ အတိအကျ မသိပေမယ့် ၎င်းနဲ့ နီးစပ်သူ တနှစ်တည်း သူငယ်ချင်းကတော့ (၆) ယောက် ရှိတယ်” ဟု ပြောသည်။

အဆိုပါကိစ္စ ရန်ကုန်ဆေးရုံကြီးမှ အရိုးအထူးကု ဆရာဝန်ကြီးတဦးကို မေးမြန်းကြည့်ရာ ဘွဲ့မရခင် ကျောင်းထွက် မှုနှုန်းများလာခြင်း မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

ပုံမှန်စနစ်အရ ဆေးတက္ကသိုလ်များမှ ကျောင်းပြီး၍ ဘွဲ့ရသွားသည့် ဆရာဝန်လောင်းများအနေဖြင့် အလုပ်သင် ဆရာဝန်အဖြစ် (၁) နှစ် လုပ်ကိုင်ရကြောင်း၊ ပြီးမှ အလုပ်လျှောက်ထားရပြီး ဆေးကုသခွင့်လိုင်စင် ရကြကြောင်း အဆိုပါ အထူးကုဆရာဝန်ကြီးက ပြောပြသည်။

၎င်းကဆက်ပြောရာတွင် “လက်ရှိ အခြေအနေကြည့်ရင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက် ကုသရေး၊ သင်ကြားရေးနဲ့ ရုံးလုပ်ငန်းတွေမှာတောင် ဆရာဝန်တွေကို အလုပ်ခန့်နိုင်ခြင်း မရှိဘူး။ ဆရာဝန်လောင်းပေါင်း များစွာ အလုပ်ရဖို့ စောင့်ဆိုင်းနေရတယ်။ ဒီ ဆရာဝန်တွေဟာ အလုပ်သင်လည်း ဆက်လုပ်ခွင့် မရှိ၊ ဆရာဝန် အဖြစ်လည်း အလုပ်ခန့်မှု မရှိ၊ ဆေးကုသခွင့် လိုင်စင်လည်း မရှိတဲ့အတွက် ဒီအတိုင်း ထိုင်စောင့်နေရတဲ့ သဘော ဖြစ်တယ်။ လောလောဆယ် ၂ဝဝ၆ ခုနှစ်မှာ ကျောင်းပြီးတဲ့ ဆရာဝန်တောင် ခုမှ အလုပ်လျှောက်နေရတယ်။ ဒီ အခြေအနေကို သိနေ၊ မြင်နေတဲ့ ဆေးကျောင်းသား၊ ကျောင်းသူတွေဟာ အတန်းမပြီးခင် ကျောင်းက ထွက်တာ များလာတဲ့သဘောပါပဲ” ဟု ရှင်းပြသည်။

ရန်ကုန်မြို့မှ နိုင်ငံခြားပညာရေး အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူတဦးကလည်း ယခုနောက်ပိုင်း နိုင်ငံခြား တက္ကသိုလ်တက်ခွင့်ရရန် ကြိုးစားလာကြသူများထဲတွင် ဆေးကျောင်း တပိုင်းတစ တက်ခဲ့သူများ၊ အင်ဂျင်နီယာ ကျောင်း တပိုင်းတစ တက်ခဲ့သူ များကြောင်း ပြောပြသည်။

ယခုလက်ရှိ ဆေးတက္ကသိုလ် သင်ကြားရေးနှင့် ပတ်သက်၍ အဆိုပါ အထူးကုဆရာဝန်ကြီးက ဆက်လက်ရှင်းပြ ရာတွင် သင်ကြားမှုများ ညံ့ဖျင်းလာကြောင်း၊ တက္ကသိုလ်တက်နေသည့် ဆေးကျောင်းသားများမှာ ကျောင်းတက်ရုံ မက စာမေးပွဲအောင်ရန်အတွက် ကိုယ့်ကိုသင်သည့် ပါမောက္ခများထံတွင် မဖြစ်မနေ ကျူရှင်ယူရကြောင်း၊ ထို့ အပြင် စာတတ်မြောက်လိုသူများအတွက်ကတော့ အခြား နီးစပ်ရာ အထူးကုဆရာဝန်ကြီးများထံ သင်ကြားရ သည်ဟု ဆိုသည်။

အဆိုပါအခြေအနေများသည် ရန်ကုန်ဆေးတက္ကသိုလ်များတွင် ကြုံတွေ့နေရသည့် အခြေအနေများဖြစ်သည်။ မကွေးဆေးတက္ကသိုလ်မှာ တက်ရောက်သင်ယူနေကြသည့် ကျောင်းသူကျောင်းသားများအတွက် သင်ကြားရေး နှင့် လက်တွေ့ကွင်းဆင်းရေး အခြေအနေမှာ ပို၍ဆိုးနေသည်ဟု စုံစမ်းသိရသည်။

ထို့ကြောင့် နောက်ပိုင်း ဆေးတက္ကသိုလ်များမှ အောင်သည့် ဆရာဝန်ငယ်များမှာ အစောပိုင်း ဆရာဝန်များနှင့် နှိုင်းယှဉ်လျှင် အရည်အချင်း လျော့ကျလာကြောင်း အရိုးအထူးကု ဆရာဝန်ကြီးက ဝေဖန်ပြောဆိုသည်။

REF: ခေတ်ပြိုင်

Read More...

အရည်အချင်းမပြည့်မှီတဲ့ ဆရာဝန်တွေ မွေးထုတ်ရန် ကြိုးစားနေတဲ့ အာဏာရူး သန်းရွှေရဲ့မြေး

မကြာသေးမီက ဆေးတက္ကသိုလ် (၁) ပထမနှစ် ဆေးတက္ကသိုလ်အတန်းတွင် ကျောင်းခေါ်ချိန် ပြည့်မီအောင် မတက် သဖြင့် စာမေးပွဲဖြေခွင့်မရသော ကျောင်းသား/သူ စာရင်းကို ထုတ်ပြန်ခဲ့သည်။ ဤစာရင်းထဲတွင် နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် (သန်းရွှေရဲ့မြေး) ၏ရည်းစားဖြစ်သူ တက်သစ်စသရုပ်ဆောင် “နေခြည်လင်းလဲ့” လည်းပါဝင်နေခဲ့ သည်။


ဖိုးလပြည့်၏ အလိုအရ စာရင်းကို ဒုတိယအကြိမ်ထပ်မံထုတ်ပြန်ရာ နေခြည်လင်းလဲ့နှင့် သူမ၏ သူငယ်ချင်းများ စာရင်း တွင် မပါလာတော့ဘဲ ထိုစာရင်းတွင် ကျန်နေခဲ့သော ကျောင်းသား/သူများက မကျေမနပ်ဖြစ်ခါ နေပြည်တော်သို့ တိုင် တန်းကြပြန်သည်။ နောက်ဆုံးတွင်ကျောင်းသား/သူ အားလုံးကို စာမေးပွဲဖြေခွင့်ပြုလိုက်ရသည်။ ဒီကိစ္စ ဒီတွင် မရပ်ဘဲ အခြားအတန်းများအားလုံးတွင်လည်း ကျောင်းခေါ်ချိန် ပြည့်ြုပည့် မပြည့်ပြည့် ကျောင်းသား/သူများ၊ ကျေနပ်စေရန် စာမေးပွဲဖြေခွင့်ပြုလိုက်ရသည်။

သန်းရွှေ၏မြေး ဖိုးလပြည့် နေ့စဉ်လာရောက်ပိုးပန်းရာ ဆေး(၁)သို့ အ၀င်လမ်းဖြစ်သော သထုံလမ်းကို နိုင်လွန်ကတ္တ ရာ ချက်ချင်းခင်းပေးထားရကြောင်း သိရှိရပါသည်။

ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်၏ သားဖြစ်သူကလည်း ဆရာများအား လက်ကိုင်ဖုန်း တယောက်တလုံး အလကားပေးထားပြီး စာမေးပွဲနီးလျှင် မေးခွန်းကြိုတင်ရယူလေ့ရှိကြောင်း ဆေးတက္ကသိုလ် အသိုင်းအ၀ိုင်းမှကြားသိရ ပါသည်။ ဒီကိစ္စနှင့်ပါတ်သက်ပြီး ဆေးတက္ကသိုလ် (၁) ပါမောက္ခဖြစ်သူ ဒေါက်တာဦးအေးမောင်ဟန်မှ စိတ်ပျက် လက် ပျက်ဖြစ်ခါ ရာထူးမှ အနားယူခွင့်တောင်းခံထားပါသည်။

လူ့အသက်ကို ကယ်တင်ရမည့် ဆရာဝန်လောင်းများ အရည်အချင်း ပြည့်မီရေးသည် အရေးကြီးလှပါသည်။ ဤကဲ့သို့ အရည်အချင်း မပြည့်မီသော ဆရာဝန်များကိုသာ မွေးထုတ်နေပါက မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍမှာ ရှေ့လျှောက် ရင်လေးဖွယ်ဖြစ်ကြောင်း ဆေးတက္ကသိုလ်ဆရာ/ဆရာမများမှ မှတ်ချက်ချ ပြောကြားနေကြပါသည်။

သူရဲကောင်း

REF: ကိုထိုက်

Read More...

ဒီနေ့စီးပွားရေးအကြပ်အတည်းနဲ့ အမေရိကန်အင်ပါယာ - ရဲဘော်ဖိုးသံချောင်း

အမေရိကန်ဒေါ်လာ ကျဆင်းနေပါတယ်။ ဘာကျဆင်းတာလဲဆိုရင် သူ့ရဲ့တန်ဘိုး၊ သူ့ရဲ့အရေးပါမှု၊ သူ့ရဲ့အဆင့် နေရာ၊ အဖက်ဖက်က ကျဆင်းနေတာပါလို့ ပြောရပါမယ်။ မကြာခင်ကမှ အမေရိကန် အစိုးရဘဏ်ဥက္ကဋ္ဌအဖြစ်က အနားယူသွားတဲ့ အယ်လင်ဂရင်းစပင် (Alan Greenspan) က အသုံးပြုလိုက်တဲ့ နိမိတ်ပုံကတော့ အခု အမေရိကန်နိုင်ငံကြုံတွေ့နေရတဲ့ စီးပွားရေးကပ်ဟာ ရာစုနှစ်တခုမှာ တခါလောက်သာကြုံရတဲ့ ငွေရေးကြေးရေး ဆူနာမီကြီးဖြစ်ပါသတဲ့။

ကွယ်လွန်သူ ဂျာမန်ဘောဂဗေဒပါမောက္ခရှမ်ပီတာက “ငွေကြေးဈေးကွက်ဟာ အရင်းရှင်စနစ်ရဲ့ ဗဟို ဌာနချုပ်ဖြစ်တယ်” လို့ပြောဖူးပါတယ်။ သူဒီလိုပြောချိန်ဟာ ညူးယောက်မြို့ကြီးက နိုင်ငံတကာ ငွေကြေးလောက ရဲ့ ဗဟိုအချက်အခြာဖြစ်လာချိန်နဲ့ အမေရိကန်ဒေါ်လာက နိုင်ငံတကာသုံးငွေကြေး ဖြစ်လာချိန်တို့နဲ့ တိုက်ဆိုင်နေ ပါတယ်။ သူ့အရင်က ကမ္ဘာ့ငွေကြေးဈေးကွက်ဟာ လန်ဒန်မှာဗဟိုပြုခဲ့တာပါ။ ဒါပေမဲ့ ကမ္ဘာစစ်နှစ်ခု၊ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ကို တိုက်လိုက်ရတော့ အင်္ဂလိပ်ရဲ့စီးပွားရေးဟာ ပုံကျသွားပါတယ်။ အမေရိကန်ရဲ့ မြီစားဘဝ ရောက်သွားပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်အပြီးမှာ စီးပွားရေး၊ ဘဏ္ဍာရေးစနစ်တွေကို ပြန်ထိန်းညှိကြတဲ့ ဘရက်တင်ဝုဒ်စ်ကွန်ဖရင့်မှာ အမေရိကန်ဒေါ်လာဟာ ရွှေနဲ့တတန်းတည်း ကမ္ဘာသုံးငွေကြေးဖြစ်လာခဲ့ပါတယ်။ အမေရိကန်တဒေါ်လာကို ရွှေတအောင်စနဲ့ အသေသတ်မှတ်ခဲ့တဲ့အတွက် ဒေါ်လာဟာ စံထားရတဲ့ငွေကြေးလို ဖြစ်လာခဲ့ပြီး အမေရိကန်နိုင်ငံဟာ အဲဒီလိုငွေကြေးကို ထင်သလိုထုတ်လုပ်နိုင်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဒါဟာ ဒီနိုင်ငံရဲ့စီးပွားရေး ထိုးတက်ဖို့ဖြစ်လာခဲ့ပါတယ်။ တဖက်က ပြန်ပြောရင်တော့ ဘရက်တင်ဝုဒ်စ်ကွန်ဖရင့်ဟာ အမေရိကန်ကို အင်အားအကြီးဆုံး ဗိုလ်ကြီးဖြစ်လာအောင် အခြေအနေတွေ ဖန်တီးပေးခဲ့တာပါပဲ။ တချိန်ထဲမှာ ဒီဘရက်တင်ဝုဒ်စ်က ချမှတ်လိုက်တဲ့ အဆောက်အအုံဟာ အမေရိကန်နိုင်ငံ စူပါ ပါဝါလုပ်နိုင်ရေးအတွက် ဘဏ္ဍာ ရေးအာမခံချက်လိုလည်း ဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းမှာ အမေရိကန်ဟာ တန်ပြန်တော်လှန်ရေးလုပ်ငန်းတွေ၊ ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်ငန်းတွေကို ငွေကြေးထောက်ပံ့တာ၊ အဲဒီအတွက် စစ်မဟာမိတ်တွေဖွဲ့တာ၊ ကမ္ဘာအနှံ့ စစ်စခန်းတွေချထားတာ၊ အရင်းရှင်ကမ္ဘာအတွင်း သူတို့ရဲ့ စက်မှုလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းတွေ ဖြန့်ကျက် ထည့်သွင်းတာတွေကို ဇောက်ချပြီးလုပ်ခဲ့ပါတယ်။ အမေရိကန်ရဲ့ စူပါ ပါဝါအဖြစ်ရပ်တည်မှုဟာ သူ့ဒေါ်လာက စူပါ ငွေကြေးဖြစ်နေတာနဲ့ ခွဲမရပါဘူး။ အဲဒီလိုစူပါဘဝရဲ့ အထွတ်အထိပ်ဟာ အမေရိကန်ရဲ့ ရွှေခေတ်လို့ခေါ်ကြတဲ့ ၅ဝ စုနှစ်များနဲ့ ၆ဝ စုနှစ်များ အတွင်းမှာပါပဲ။ အဲဒီတုန်းက ကမ္ဘာမှာ ကုန်သွယ်ရေးအရ ထိပ်တန်းမှာနေတဲ့ နိုင်ငံ တွေနဲ့ လုပ်ငန်းကြီးတွေက အမေရိကန်ဒေါ်လာကို ကမ္ဘာသုံးငွေသဖွယ် လက်ခံထားလေတော့ အမေရိကန်နိုင်ငံ ပိုင်တဲ့ ရွှေအရေအတွက်ဟာလည်း တိုးပြီးရင်း တိုးရင်းသာ ဖြစ်နေခဲ့တာပါ။ ကျောထောက်နောက်ခံ ရွှေရဲ့ ရာခိုင် နှုန်းဟာ ၁၉၃၈ ခုနှစ်အကုန်မှာ ၅% ရှိရာကနေ ၁၉၆၇ ခုနှစ်အကုန်မှာ ၅၈% တောင် ဖြစ်လာပါတယ်။

ဒါပေမဲ့ အမေရိကန်နိုင်ငံရဲ့ ငွေပေးငွေယူရှင်းတမ်းဟာ ၁၉၅ဝ ခုနှစ်ကစလို့ ဆူးအက်တူးမြောင်း စစ်ပွဲ ကာလ တနှစ်ကလွဲပြီး နှစ်စဉ် လိုအပ်မှုပြနေခဲ့တာပါ။ ဒီလိုကွာဟမှုပြတာရဲ့ အကြောင်းရင်းဟာ ကုန်သွယ်ရေး ကြောင့် မဟုတ်ပါဘူး။ အဓိကအကြောင်းက အမေရိကန်ရဲ့ ပြည်ပမှာလုပ်နေတဲ စစ်ရေးနဲ့တခြား အဖျက်လုပ်ငန်း တွေကြောင့်သာ ဖြစ်ပါတယ်။ ဒီအထဲမှာသူတို့ရဲ့ နောက်လိုက်ခွေး အစိုးရတွေကို ထောက်ပံ့ရတာ၊ စစ်အခြေခံ စခန်းငွေကို ထိန်းသိမ်းကျွေးမွေးရတာ၊ ရုပ်သေးစစ်တပ်တွေကို ငွေကြေးထောက်ပံ့ရတာ၊ စစ်တိုက်ရတာ၊ တခြား နိုင်ငံအတွင်းရေးတွေကို ဝင်စွက်ဖက်ရတာ စတာတွေပါဝင်ပါတယ်။ ၁၉၆၇ ခုနှစ်မှာဆိုရင် ဝါရှင်တန်ရဲ့ ငွေပေး ငွေယူရှင်းတမ်းမှာ ကုန်သွယ်ရေးဘတ်ဂျက်က ၇.၉ သန်းအပိုပြခဲ့ပြီး နိုင်ငံရေးစစ်ရေးဘတ်ဂျက်တော့ ၁၁.၉ ဘီလျံအလိုပြခဲ့ပါတယ်။ ဒီလိုနဲ့ အမေရိကန်ရဲ့ အရံရွှေတွေရဲ့ တန်ဘိုးဟာ ၁၉၅၅ခုနှစ်နှစ်ကုန်မှာ ၂၁.၈ ဘီလျံ ရှိရာကနေ ၁၉၆၈ ခုနှစ်မေလမှာ ၁ဝ.၇ ဘီလျံကို ကျဆင်းလာပါတယ်။ အမေရိကန်လိုနိုင်ငံအဖို့ပြောရရင် အရံရွှေ နဲ့ တခြားနိုင်ငံတွေကရစရာရှိတဲ့ ဒေါ်လာအချိုးအစားက သူတို့အဖို့ ဘယ်လောက်လုပ်နိုင်တယ်ဆိုတာကို ပြဋ္ဌာန်း ပါတယ်။ နှစ်တွေကြာလာလို့ ဒီလိုကွာဟမှုတွေ ဆက်တိုက်ပြလာတာနဲ့အမျှ ဒေါ်လာကို အများသုံးငွေအဖြစ် သဘောထားတာဟာ မေးခွန်းထုတ်စရာ ဖြစ်သထက် ဖြစ်လာပါတယ်။ ၁၉၇၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှာ သမတနစ်ကဆင်က အမေရိကန်ဒေါ်လာနဲ့ ရွှေနဲ့လဲလှယ်နှုန်း အသေသတ်မှတ်ထားမှုကို သူတို့ဖက်က တရားဝင် ဖျက်သိမ်းကြောင်း ကျေညာခဲ့ပါတယ်။ ဒါဟာ ငွေကြေးပေါ်လစီ၊ ဒါမှမဟုတ်စနစ်တွေနဲ့ အရင်းရှင်စနစ်ကို ထိန်း ထားနိုင်မယ်ဆိုတဲ့ အမြင်တိမ်းစောင်းမှုကို တခါတည်း ပျောက်ကွယ်သွားစေခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ငွေကြေးစနစ်နဲ့ နိုင်ငံရေး၊ စစ်ရေးမဟာမိတ်တွေလည်း တုန်လှုပ်ကုန်ခဲ့ရပါတယ်။

ဒီနေရာမှာကြုံလို့ အမေရိကန်နိုင်ငံရဲ့ စစ်သုံးစရိတ်ကို ထောက်ပြချင်ပါတယ်။ မစပ်စုဖူးသူတွေအဖို့ အံ့မခန်းဖြစ်မှာပါ။ ၂ဝဝ၇ ခုနှစ်တုန်းက အမေရိကန်နိုင်ငံရဲ့ စစ်ရေးအသုံးစရိတ်ဟာ ၅၅၃ ဘီလျံဒေါ်လာ ဖြစ်ပါ တယ်။ ဒါဟာ ၆ နှစ်အတွင်း ၆ဝ% တိုးလာတာဖြစ်ပါတယ်။ ဒါဟာ တကမ္ဘာလုံးက စစ်အသုံးစရိတ်စုစုပေါင်းရဲ့ ၄၅% ဖြစ်ပါတယ်။ ဒါပေမဲ့ တခြားစစ်ရေးဆံတဲ့ အသုံးစရိတ်တွေပါ ထည့်ပေါင်းလိုက်ရင် ၂ဝဝ၇ ခုနှစ်မှာ အမေရိကန်က စစ်ရေးအတွက်သုံးတာဟာ ဒေါ်လာ ၁ ထရီလျံ (ဘီလျံ ၁ ထောင်) ရှိလိမ့်မယ်လို့ တွက်ကြပါ တယ်။

ဒုတိယကမ္ဘာစစ်အပြီးကနေ ၁၉၆ဝ စုနှစ်များအထိ ကမ္ဘာ့စီးပွားရေးဟာ ၄% နဲ့ ၇% အကြားရှိ နှုန်းနဲ့ အဟုန်ကြီးစွာ တိုးတက်နေတာဖြစ်တယ်။ ဒါပေမဲ့ ၁၉၇ဝ စုနှစ်များနောက်ပိုင်းကစပြီး တိုးတက်မှုနှုန်းဟာ ၂% နဲ့ ၄% အကြားသာရှိပြီး အင်မတန်မှနှေးကွေးလှပါတယ်။ ၂ဝဝ၁ ခုနှစ်နဲ့ ၂ဝဝ၂ ခုနှစ်တို့မှာတော့ ကမ္ဘာ့စီးပွားရေး ဟာ အကြပ်ဆိုက်ခဲ့ပါတယ်။ အဲဒီ စီးပွားရေးနှေးကွေးမှုနောက်ပိုင်း အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ နည်းနည်းမှ အားရစရာမကောင်းခဲ့ပါဘူး။

၂ဝဝ၁ ခုနှစ်နောက်ပိုင်းမှာ အမေရိကန်နိုင်ငံရဲ့စီးပွားရေးကို အိမ်တွင်းသုံးစွဲမှုတိုးများလာမှုက ဆွဲခေါ်သွားတယ်လို့ဆိုရင် မမှားပါဘူး။ ဒီသုံးစွဲမှုဟာ အခုအခါ အမေရိကန်နိုင်ငံ ဂျီဒီပီရဲ့ ၇ဝ% တောင်ရှိပါတယ်။ ဒါပေမဲ့ အိမ်ထောင်စုတွေမှာ စီးပွားရေးမကောင်းတာ၊ ဝင်ငွေမကောင်းတာတွေရှိနေတော့ သူတို့က သုံးစွဲတယ် ဆိုတာမှာ အကြွေးသုံးစွဲတဲ့ရာခိုင်နှုန်းက အများကြီးဖြစ်နေပါတယ်။ ဒီလိုနဲ့ ဒီနိုင်ငံမှာ အိမ်ထောင်စုများရဲ့ ကြွေးတင်မှုဟာ အရင်က သုံးစွဲနိုင်တဲ့ဝင်ငွေရဲ့ ၉ဝ% ရှိရာကနေ ၂ဝဝဝ ခုနှစ်လောက်ဆီမှာ ၁ဝ၃% ဖြစ်လာပြီး ၂ဝဝ၆ - ဝ၇ ခုနှစ်မှာတော့ ၁၄ဝ% တောင်ဖြစ်လာခဲ့ပါတယ်။ ကြွေးပြန်ဆပ်ရတာကိုက သုံးစွဲနိုင်တဲ့ဝင်ငွေရဲ့ ၁၄% လောက်ရှိပြီး ဒါဟာ သမိုင်းစံချိန်သစ်ဖြစ်ပါတယ်။ တဖက်မှာကျတော့ အိမ်ထောင်စုများရဲ့စုငွေဟာ ပုံမှန်အားဖြင့် သုံးစွဲနိုင်တဲ့ဝင်ငွေရဲ့ ၁ဝ% လောက်ရှိရာကနေ အခုအခါမှာ သုညကို ရောက်သွားပါတယ်။

ဒီလို အိမ်ထောင်စုတွေရဲ့ သုံးစွဲမှုအပေါ်မှီခိုနေရတဲ စီးပွားရေးတိုးတက်မှုဟာ အဲဒီအိမ်ထောင်စု တွေရဲ့လက်ထဲမှာရှိနေတဲ့ စတော့တန်ဘိုးတွေ၊ အိမ် - ခြံတွေရဲ့တန်ဘိုး စတာတွေနဲ့ ဆက်နေပါတယ်။ လူတွေ ဟာ ဒီ့အယင်အီလက်ထရွန်းနစ်ဈေးကွက် အကြောင်းပြပြီး စီးပွားရေးကောင်းလိုက်တဲ့ ကာလဆီတုန်းက ဝယ်လိုက်ကြတဲ့စတော့တွေကိုင်ပြီး အကြွေးရတဲ့အိမ်ယာတွေကို အရမ်းဝယ်ကြတာကနေ အဲဒီ လေပူဖောင်းတွေ ပေါက်တော့ ဒုက္ခအကြီးအကျယ် ရောက်ကုန်ကြတာဖြစ်ပါတယ်။ သာမာန်ပြည်သူတွေကတော့ ဒါဟာဘဏ်ကြီး တွေက လောဘရမ္မက်ကြီးပြီး အရမ်းထုတ်ချေးလို့ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်လည်း ကမ္ဘာမှာအကြီးဆုံး ငွေချေးပေးတဲ့ ဂျေပီမော်ဂင်ချေ့စ် (JP Morgan Chase) တို့လို ဘဏ်ကြီးတွေနဲ့ လေးမန်းဘရားသား (Lehman Brothers) လို ရင်းနှီးမြှပ်နှံရေးဘဏ်ကြီးတွေ ထိပ်ဆုံးက ပြိုလဲသွားတာဖြစ်ပါတယ်။

ဖိုင်နင်ရှင်တိုင်းမ်စ် ဘောဂဗေဒပညာရှင်/ဆောင်းပါးရှင် မာတင်ဝုဖ် (Martin Wolf) က အမေရိကန် နိုင်ငံရဲ့ အရင်းရှင်စနစ်ဟာ ၂ဝ ရာစုနှစ် အလယ်ပိုင်းလောက်ကစပြီး ဘဏ္ဍာရေးအရင်းရှင်စနစ်ထဲ ဝင်ခဲ့တယ်လို့ ရေးဖူးပါတယ်။ ပြောမယ်ဆိုလည်း ပြောစရာပါ။ ၂ဝဝ၄ ခုနှစ်၊ အမေရိကန်နိုင်ငံမှာ ကုန်ထုတ်လုပ်မှုကရတဲ့ အမြတ် ငွေဟာဒေါ်လာ ၅၃၄ ဘီလျံရှိခဲ့ပြီး၊ ဘဏ္ဍာရေးလုပ်ငန်းကရရှိတဲ့ အမြတ်ကတော့ ဒေါ်လာဘီလျံ ၃ဝဝ တောင် ရှိပါ တယ်။ ဒါဟာ အကောင်အထည်မပါပဲ စာရင်းတွေလက်လွှဲတာလုပ်ရင်း “ဖြစ်ပေါ်လာတဲ့ (စာရင်းအရ) အမြတ် တွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကဆိုရင် ဘဏ္ဍာရေးလုပ်ငန်းကရတဲ့အမြတ်ဟာ ကုန်ထုတ်လုပ်မှုက ရတာရဲ့ ၄% သာရှိပါတယ်။ နှိုင်းယှဉ်ကြည့်ဖို့ပါ။ ဒီလိုနဲ့ ငွေကြေးလောကဟာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နောက်ဆုံး နိုင်ငံရေးကိုတောင် ချုပ်ကိုင်ခြယ်လှယ်တဲ့ အဆောက်အအုံကြီးဖြစ်လာခဲ့ပါတယ်။ ရုပ်ဝတ္ထု အကောင်အထည်ကိုမဖြတ်သန်းပဲ ငွေကနေ ငွေ၊ စာရင်းကနေစာရင်းဖြစ်တဲ့ စီးပွားရေးက လွန်ကဲလာတဲ့ လက္ခဏာဖြစ်ပါတယ်။

တဖက်မှာတော့လည်း အမေရိကန်နိုင်ငံအဖို့ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကို ပြည်ပသို့တင်ပို့ တာထက် တင်သွင်းတာက ပိုများလာပါတယ်။ ဒီအနေအထားတွေနဲ့ စစ်သုံးစရိတ်မြင့်တက်လာမှုတို့ကြောင့် အမေရိကန်နိုင်ငံရဲ့စီးပွားရေးဟာ ငွေပေးငွေယူ ရှင်းတမ်းကွာဟမှုတွေ ဆက်တိုက်ပြလာတာ ဖြစ်ပါတယ်။ ၂ဝဝ၆ ခုနှစ်က ငွေပေးငွေယူရှင်းတမ်း ကွာဟမှုဟာ ဒေါ်လာဘီလျံ ၈ဝဝ ကျော်ပြီး သူတို့ ဂျီဒီပီရဲ့ ၆% ရှိပါတယ်။ ဒီ ကွာဟချက်ကို ပြည်ပနိုင်ငံတွေက ဝင်ငွေတွေနဲ့ ပြန်ထိန်းညှိပါတယ်။ ဥပမာတခုပြရရင် အဲဒီနှစ်မှာ အမေရိကန်ရဲ့ ငွေကြေးရှင်းတမ်းက ဒေါ်လာ ၆.၅ သန်းအရှုံးပြနေပြီး ဂျပန်နဲ့တရုတ်တို့ကတော့ ဒေါ်လာ ၃.၉ သန်းနဲ့ ၉.၁ သန်း ပိုနေပါတယ်။ သူတို့က ဒီပိုနေတဲ့ငွေတွေကို အမေရိကန်နိုင်ငံထဲမှာပဲ အရင်းအနှီးတွေဝယ်ယူလိုက်ပါတယ်။ အခု ဆိုရင် ကမ္ဘာ့ငွေကြေးဈေးကွက်က စာရင်းမညီမျှမှုတွေကို ထိန်းညှိဖို့အတွက် တနေ့ကို ဒေါ်လာ ၂ ဘီလျံလောက် အမေရိကန်နိုင်ငံထဲကို စီးဆင်းနေရပါတယ်။ ဒီအတွက် တွေးတောပူပင်နေကြသူတွေကတော့ အခုလို မေးခွန်း ထုတ်ပါတယ်။ တသက်လုံး ဒီအတိုင်းပဲ သွားနေရတော့မှာလားတဲ့။

ဒီတခါ အမေရိကန်နိုင်ငံရဲ့ ဘဏ္ဍာရေးအကြပ်ဆိုက်မှုကြီးမှာ သိသိသာသာပေါ်ထွက်လာတဲ့ ကိစ္စတခု ကတော့ အမေရိကန်က ခေါင်းဆောင်တွေနဲ့ ဘောဂဗေဒပညာရှင်တွေပြော ပြောနေတဲ့ သူတို့ နိုင်ငံရဲ့ ဈေးကွက် ဘဏ္ဍာရေး၊ လွတ်လပ်စွာ စီးဆင်းတဲ့ဘဏ္ဍာရေးစနစ်ဆိုတာ အလိမ်အညာသာ ဖြစ်တယ်ဆိုတာပါပဲ။ ထိပ်တန်း ဘဏ်ကြီးတွေ ဒုက္ခရောက်ကြတော့ သမတကိုယ်တိုင် ရှေ့ကထွက်လာပြီး ပြည်သူ့ဘဏ္ဍာ ဘီလျံပေါင်း ၇ဝဝ နဲ့ ပြန်ကယ်တင်တာပါပဲ။ တကယ်က အမေရိကန်နိုင်ငံရဲ့ ထိပ်ဆုံးလုပ်ကြီး ၅ဝဝ စာရင်းထဲမှာ ပါတဲ့လုပ်ငန်းတွေထဲ မှာ ၇% လောက်ဟာ နိုင်ငံတော်က “ကယ်တင်” ထားရတာတွေပါ။ ဒါ့ အပြင် သီးနှံလုပ်ငန်းတွေကို နိုင်ငံတော်က ပံ့ပိုးတယ်ဆိုတာမျိုးတွေလည်း ရှိပါသေးတယ်။

တကယ်လို့သာ အမေရိကန်ဒေါ်လာကို စီးပွားရေးအရ အင်အားကြီးနိုင်ငံတွေက နိုင်ငံတာငွေအဖြစ် လက်ခံထားမယ်၊ ကိုယ့်အရံငွေတွေကို ဒေါ်လာအဖြစ်ထားမယ်ဆိုရင် ဒေါ်လာဟာ ရွှေနဲ့ တတန်းတည်းအသုံးဝင် တဲ့ ငွေကြေးဖြစ်နေမှာပါ။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့ဆိုရင် အမေရိကန်ဟာအစဉ်ပဲ နိုင်ငံရေး - စစ်ရေးအရရော စီးပွားရေး အရပါ ကမ္ဘာ့ထိပ်တန်း ဒင်ကမော်ဖြစ်နေဖို့လိုပါတယ်။ ဒါဆိုရင် သူ့မှာ “မျိုးချစ်” တွေလည်းပေါ၊ “မဟာမိတ်” တွေ လည်းဝိုင်းပြီး လက်ညှိုးညွှန်ရာရေဖြစ်လို့ ထိသမျှရွှေဖြစ်နေမှာပါ။ ဒါပေမဲ့ အထက်မှာပြောခဲ့သလိုပဲ အမေရိကန် နိုင်ငံရဲ့စီးပွားရေးဟာ သင်္ခါရတရားကို မလွန်ဆန်နိုင်လေတော့ သစ္စာအရှိဆုံးလို့ ထင်ရသူတွေကတောင် ဖဲကျဉ် တာကို တွေ့လာရပါတယ်။ တလောကပဲ ပြင်သစ်၊ ဂျာမဏီ စတဲ့နိုင်ငံတွေဟာ ရုရှား၊ တရုတ်လိုနိုင်ငံများနဲ့ ကမ္ဘာ့ ငွေကြေးစနစ်အသစ်တရပ် ထူထောင်ဖို့ တိုင်ပင်ကြတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာပါသေးတယ်။

ဒေါ်လာရဲ့တန်ဘိုးဟာ ငါးနှစ်မျှဆက်တိုက်ထိုးကျပြီး ယခုအခါ တခြားနိုင်ငံတွေက ငွေကြေးမျိုးစုံနဲ့ လဲလှယ်နှုန်းဟာ အရင်ထက် ၂၅% တောင်နိမ့်ကျသွားပါတယ်။ ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလမှာ ယူရိုနဲ့ လဲနှုန်းဟာ ၁ဝဝး၁၄၈ တောင်ဖြစ်သွားပါတယ်။ ဒါဟာ ဒေါ်လာရဲ့ယူရိုနဲ့လဲလှယ်နှုန်း အမြင့်ဆုံးဖြစ်တဲ့ ၂ဝဝဝ ခုနှစ်ထက် ၄ဝ% တောင်ကျသွားတာဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် ရေနံတင်ပို့တဲ့ နိုင်ငံတွေဟာ ရေနံတန်ဘိုးကို ဒေါ်လာနဲ့မသတ်မှတ်တော့ပဲ တခြားတခုခု (ဥပမာယူရို) နဲ့ သတ်မှတ်ဖို့အသံတွေ ပေးနေကြတာဖြစ်ပါတယ်။ ဒါကို အီရတ်က ဆာဒမ်ဟူစိန်က ၂ဝဝဝ ခုနှစ်မှာ လက်တွေ့အကောင်အထည်ဖော်ခဲ့ပါတယ်။ သူက သူ့ရဲ့အရံငွေ ဒေါ်လာ ၁ဝ ဘီလျံကို ယူရိုတွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ အဲဒီလုပ်ရပ်ကြောင့် ဆာဒမ်ဟူစိန် သေဒဏ် ကျသွားတာပါ။ ဆာဒမ်ကို အမေရိကန်က ၉၁၁ အဖြစ်အပျက် မတိုင်မီကတည်းက ဆုံးမဖို့ဆုံးဖြတ်ပြီးဖြစ်ပါတယ်။

ဒီနေ့ခေတ် အရင်းရှင်စနစ်ရဲ့ ထူးခြားချက်တခုက အရင်လို အရင်းအနှီးတွေ တင်ပို့တာမဟုတ်ဘဲ စုပ် ယူနေတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဘဏ္ဍာရေးရှင်းတမ်းမှာ ပြည်ပကို သူကပေးစရာရှိနေတဲ့ အကြွေးဟာ သူ့ဂျီဒီပီရဲ့ ၂၅% တောင်ရှိနေပါတယ်။ သူဟာ ကမ္ဘာအရင်းအနှီးတွေရဲ့ ၆ဝ% လောက်ကို စုပ်ယူနေတယ်လို့ လည်း ပြောကြပါတယ်။ အဲဒီအထဲက ၃၇% ဟာဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီကလာတာပါ။ ဒါကြောင့် အခုကာလ မှာ ပိုင်ဆိုင်မှုဟာ နိုင်ငံတခု၊ ဒါမှမဟုတ် နိုင်ငံတစုလက်ထဲမှာပဲ စုနေတာမဟုတ်တော့ဘဲ နိုင်ငံအများအပြား လက်ထဲမှာ ပြန့်နေတယ်လို့ ဆိုရမလိုဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုလောက်ကစပြီး ကမ္ဘာပေါ်ရှိ တိုင်းပြည်အတော်များများမှာ မယုံနိုင်လောက်တဲ့ စီးပွားရေးတိုးတက်မှုနှုန်းတွေ ပေါ်ပေါက်နေတာကို တွေ့ရပါ တယ်။ ဒါဟာ ရှိရင်းစွဲ အရင်းရှင်နိုင်ငံကြီးတွေကို အံတုတယ်၊ စိမ်ခေါ်တယ်လို့ မဆိုနိုင်တောင်မှ အဲဒီနိုင်ငံကြီးတွေ ကို ရတက်မအေး ဖြစ်စေတာကတော့ အမှန်ပါပဲ။

သတိပြုရမှာက အဲဒီနိုင်ငံတွေမှာ အမေရိကန်လို အီရတ်နဲ့ အာဖဂန်မှာ စစ်နွံနစ်နေတာမျိုး မရှိပါဘူး။

အခုလောလောဆယ်ဆယ်မှာ အမေရိကန်ရဲ့ ကမ္ဘာ့နံပတ်တစ်နေရာနဲ့ အမေရိကန်ဒေါ်လာရဲ့ အစွမ်း ကို ဘယ်နိုင်ငံ၊ ဘယ်ငွေကြေးက အစားထိုးမယ်ဆိုတာကို ပြောဖို့သိပ်ခက်ပါသေးတယ်။ အခြေအနေတွေက စောတုန်းပါပဲ။ ဒါပေမဲ့ ဝါရှင်တန်ရဲ့ တန်ခိုးအာနုဘော်ရော ဒေါ်လာရဲ့သြဇာပါ သိသိသာသာကြီး ကျဆင်းလာ တယ်ဆိုတာကိုတော့ ဘယ်သူမှမငြင်းနိုင်ပါဘူး။ အမေရိကန်အိပ်မက် (American Dream) ဆိုတာကို ဆက်ထိန်း ဖို့ဟာ စရိတ်စကကြီးလွန်းလှလို့ စဉ်းစားစရာဖြစ်နေပါပြီ။

အခုအခါမှာ ဒေါ်လာတန်ဘိုးကျလို့ အမေရိကန်ရဲ့ အဆင့်နေရာ လျှောကျတာလား၊ အမေရိကန်ရဲ့ အဆင့်နေရာလျှောကျလို့ ဒေါ်လာတန်ဖိုး လျှောကျတာလားဆိုပြီး ကြက်နဲ့ကြက်ဥ ဘယ်ဟာက အစလဲဆိုတဲ့ မေးခွန်းထုတ်နေရမယ့်အချိန် မဟုတ်ပါဘူး။ မုချဖြစ်ပေါ်လာတော့မယ့် နိုင်ငံတကာ့အခင်းအကျင်းအသစ်အတွက် စဉ်းစားပြင်ဆင်ကြရမယ့်အချိန်ဖြစ်ပါတယ်။ ဒါ အမေရိကန်နိုင်ငံကိုယ်တိုင် အပါ ဖြစ်ပါတယ်။

(အချက်အလက်များကို အင်တာနက်စာမျက်နှာများက ရပါတယ်။)

REF: နေ့သစ်အင်တာနက်စာမျက်နှာ

Read More...

အပြည်ပြည်ဆိုင်ရာနိုင်ငံတော်လုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးနှင့် မြန်မာပြည်ရေးရာ - ခင်မမမျိုး

“Emancipation ဆိုတာ လူတဦးတယောက်ကို ဖြစ်စေ၊ အုပ်စုတခုကိုဖြစ်စေ လွတ်လပ်စွာ ရွေးချယ်ဆောင်ရွက်နိုင်မှု ကို ပိတ်ပင်တားဆီးနေတဲ့ ကာယ၊ ဥာဏပိုင်းဆိုင်ရာ တားမြစ်ချက်တွေကနေ လွတ်မြောက်စေခြင်းဖြစ်တယ်။ လုံခြုံရေး နဲ့ Emancipation ဆိုတာဟာ ဒင်္ဂါးပြားတစေ့ရဲ့ ခေါင်းနဲ့ပန်းလိုပဲ။ တကယ်တန်းကျတော့ ပါဝါကျင့်သုံးမှုနဲ့ အမိန့်ပေး မှုပေါ်မှာ အခြေမခံတဲ့ emancipation ကသာ မှန်ကန်သော လုံခြုံရေးကို ဆောင်ကျဉ်းပေးနိုင်မှာဖြစ်တယ်”
( ကင်ဘုဒ်၊ ၁၉၉၁)

နိဒါန်း
ဟိုတလောက အောက်စဖို့ဒ်တက္ကသိုလ်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတခု ကို တက်ရောက်ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ယူကေနိုင်ငံမှ မဟာဗျူဟာလေ့လာရေးနဲ့ လုံခြုံရေးအထူးပြု သုတေသနဌာန တွေဖြစ်တဲ့ King's College London, Brunel University, University of Aberystwyth, Scottish Center for War Studies, University of Aberdeen, Defence College of Management and Technology (DCMT), Joint Services Command and Staff College တို့တွေက ပညာရှင်များနဲ့ သုတေသန ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲအကြောင်းအရာများက စုံလင်လှပါတယ်။ Analyst's view, practitioner's view, policy maker's view စသည်ဖြင့် ရှုထောင့်အမြင်များကလဲ စုံလင်လှပါတယ်။ ဘယ်လိုပဲအမြင်တွေ၊ သုံးသပ်ပုံ တွေ၊ ချဉ်းကပ်နည်းလမ်းတွေ ကွဲပြားပေမယ့် အားလုံးမလွဲမသွေ လက်ခံထားရတဲ့ သဘောတရားတခုကတော့ ရှိနေပါ တယ်။ ဒါကဘာလဲဆိုတော့ လုံခြုံရေးဝန်းကျင် (security environment) ဟာ တစတစ ကျယ်ဝန်းနက်နဲလာတယ် ဆိုတာပါပဲ။

လုံခြုံရေးကိစ္စရပ်ဆိုတာနဲ့ လူအများက စစ်ပွဲတွေ၊ ဗုံးပေါက်ကွဲမှု စတာတွေကိုပဲ မြင်ယောင်မိတတ်ကြပါတယ်။ စစ်ရေး အင်အား၊ တရားဥပေဒေစိုးမိုးရေး စတာတွေကိုပဲ စဉ်းစားမိတတ်ကြပါတယ်။ ဒါပေမယ့် နှစ်ဆယ့်တစ်ရာစုရဲ့ လုံခြုံရေး ဆိုတာမှာကျတော့ ဒါတွေတင်မကပဲ လူသားလုံခြုံရေး (Human Security)၊ လူ့အဖွဲ့အစည်းလုံခြုံရေး (Societal Security)၊ စီးပွားရေးရာလုံခြုံရေး (Economic Security)၊ သဘာဝပတ်ဝန်းကျင်လုံခြုံရေး (Environmental Security)၊ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ဆိုင်ရာလုံခြုံရေး (HIV/ AIDS Security) ဆိုတာတွေက ပိုမိုအရေးကြီး လာပါတယ်။ ဒါတင်မကပဲ ကျားမခွဲခြားဆက်ဆံမှု၊ လူအများအပြား သေကြေပျက်စီးနိုင်တဲ့ လက်နက်ပစ္စည်းများ (weapons of mass destruction)၊ အကြမ်းဖက်မှု (Terrorism)၊ ကာကွယ်ရေးကုန်သွယ်မှု (Defence Trade)၊ ကလေးစစ်သားများ (Child soldiers) အသုံးပြုမှု၊ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုများ (Transnational crimes)၊ လူကုန် ကူးမှုများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုများ စတဲ့ ကိစ္စရပ်များကလဲ နိုင်ငံတော်လုံခြုံရေးနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို ခြိမ်းချောက်နေပါတယ်။ နိုင်ငံတော်လုံခြုံရေးဆိုတာကို အရင်လေ့လာကြည့်ကြရအောင်ပါ။

နိုင်ငံတော်လုံခြုံရေး (National Security)
နိုင်ငံတော်ဆိုတာက ရေမြေပိုင်နက်ပေါ်မှာ အခြေပြုထားတဲ့ entity တခုဖြစ်ပါတယ်။ ဒီ entity တခုမှာ အုပ်ချုပ်မယ့် အစိုးရရှိရမယ့်အပြင် အခြားနိုင်ငံများမှလည်း နိုင်ငံတနိုင်ငံအဖြစ် အသိအမှတ်ပြု ခံထားရပါမယ်။ နိုင်ငံတကာ ဆက်ဆံ ရေးမှာ အရေးကြီးတဲ့ အချက်နှစ်ခုက တောက်လျှောက်လွှမ်းမိုးလာခဲ့ပါတယ်။ ပထမတချက်က နိုင်ငံတကာရေးရာ ဇာတ်ခုံမှာ နိုင်ငံများဟာ ဗဟိုချက်မသရုပ်ဆောင်များဖြစ်တယ်ဆိုတဲ့အချက်နဲ့ အရေးကြီးဆုံးအချက်ဟာ နိုင်ငံတော် လုံခြုံရေးဆိုတာပါပဲ။

နိုင်ငံတော်လုံခြုံရေး ဆိုတာမှာ အချက်လေးချက်ပါဝင်ပါတယ်။ ပထမအချက်က အန္တရာယ်ကင်းရှင်းရေး (Safety)၊ ကိုယ်ပိုင်အုပ်ချုပ်ရေး (autonomy)၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး (Development) နဲ့ အုပ်စိုးမှု (rule) တို့ပဲ ဖြစ်ပါ တယ်။ ဒီအချက်လေးချက်ဟာ နိုင်ငံတော်လုံခြုံရေးရဲ့ အခြေခံကျသော အချက်များဖြစ်ပါတယ်။

အန္တရာယ်ကင်းရှင်းရေးဆိုရာမှာ တိုက်ခိုက်ခံရမှုမှ ကင်းဝေးရေးဖြစ်ပါတယ်။ နိုင်ငံသားများအနေနဲ့ အန္တရာယ် ကင်းရှင်း စွာနဲ့ မိမိတို့ဘ၀ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ရေးဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတော်ကို ကာကွယ်ပေးဖို့ တပ်မတော်ဆိုတာ ရှိရပါတယ်။ ပြည်တွင်းရာဇ၀တ်မှုများ လျော့ပါးစေဖို့ ဥပဒေဘက်တော်သား ရဲတပ်ဖွဲ့ဝင်တွေရှိရပါ တယ်။ ဒုတိယအချက်ဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုရာမှာ နိုင်ငံတော်အစိုးရဟာ ပြည်ပသြဇာလွှမ်းမိုးမှုကင်းတဲ့ အစိုးရတရပ်ဖြစ်ရပါမယ်။ အစိုးရတရပ်မှာ အော်တိုနော်မီကျဆင်းလာပြီဆိုရင် ပြည်သူလူထုအနေနဲ့ အစိုးရလုပ်ငန်း ဆောင်တာများအပေါ်မှာ ယုံကြည်မှုတစတစ ကင်းမဲ့လာမှာဖြစ်ပါတယ်။ တော်လှန်ပုန်ကန်မှုများလည်း ပေါ်ပေါက်လာ မှာ ဖြစ်ပါတယ်။ ဥပမာ- တရုတ်အင်ပါယာကြီးကို ၁၉၁၁ ခုနှစ်မှာ ပျက်သုဉ်းစေခဲ့တဲ့ တော်လှန်ရေးဟာ အစိုးရရဲ့ အော်တိုနော်မီ ကျဆင်းလာမှုကြောင့်ဖြစ်ပါတယ်။

နောက်တချက်ဖြစ်တဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဆိုတာက စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ နိုင်ငံရေး တိုးတက်မှု များကို ဆိုလိုတာဖြစ်ပါတယ်။ နိုင်ငံတော်အုပ်ချုပ်သူများဟာ နိုင်ငံသားများရဲ့ လူနေမှုအဆင့်အတန်းတိုးတက်ရေး၊ ပညာရည်မြင့်မားရေး၊ နိုင်ငံတော်ဂုဏ်သိက္ခာမကျဆင်းရေးတို့အတွက် တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင်ရမှာဖြစ်ပါ တယ်။ နောက်ဆုံးတချက်ကတော့ နိုင်ငံအုပ်စိုးမှုပါ။ အစိုးရတရပ်မှာ နိုင်ငံတော်အုပ်ချုပ်နိုင်တဲ့ စွမ်းရည်ရှိရမှာဖြစ်ပါ တယ်။ အုပ်ချုပ်ရေးအာဏာ၊ တရားဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာသုံးရပ်ကို စနစ်တကျကျင့်သုံး ဆောင်ရွက်မှု ရှိရမှာဖြစ်ပါတယ်။

ဒါကြောင့်လည်း national security agenda ချမှတ်တဲ့အခါမှာ စစ်အင်အား (military power) သာမက အခြားသော အကြောင်းအရာများဖြစ်တဲ့ စီးပွားရေးအဆောက်အအုံ၊ ကုန်သွယ်ရေးစနစ်၊ မြေပိုင်နက်၊ ရေပိုင်နက်၊ မဟာမိတ်ဖွဲ့မှု၊ အများလက်ခံကျင့်သုံးတဲ့ နိုင်ငံရေးစနစ် စတာတွေကို ထည့်သွင်းကြရပါတယ်။ အတိုချုပ်ဆိုရရင်တော့ နိုင်ငံတော် လုံခြုံရေးဆိုတာဟာ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူအများကို ကာကွယ်စောင့်ရှောက်ဖို့၊ အမျိုး သား ဖွံ့ဖြိုးတိုးတက်ရေးရှိဖို့ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်သူအစိုးရတရပ်ဟာ နိုင်ငံတော်လုံခြုံရေးကို ကောင်း မွန်စွာ မဆောင်ရွက်နိုင်တော့တဲ့ အခါကျရင် ဒီဂယက်ဟာ အပြည်ပြည်ဆိုင်ရာလုံခြုံရေးကို ထိခိုက်လာစေပါတော့ တယ်။

အပြည်ပြည်ဆိုင်ရာလုံခြုံရေး
စစ်အေးတိုက်ပွဲကာလတုန်းက အပြည်ပြည်ဆိုင်ရာလုံခြုံရေးမှာ high politics ကိစ္စရပ်တွေဖြစ်တဲ့ စစ်နဲ့ငြိမ်းချမ်းရေး၊ နျူကလီးယား deterrence၊ summit သံတမန်ရေးရာ၊ လက်နက်ထိန်းချုပ်ရေး၊ မဟာမိတ်နိုင်ငံရေး ဆိုတာတွေက လွှမ်းမိုးခဲ့ပါတယ်။ စစ်အေးတိုက်ပွဲ ပြီးဆုံးသွားတဲ့ နောက်ပိုင်းမှာကျတော့ low politics ကိစ္စရပ်တွေဖြစ်တဲ့ သဘာဝ ပတ်ဝန်းကျင်၊ ရှားပါးသယံဇာတ၊ လူဦးရေပေါက်ကွဲမှုထိန်းချုပ်ရေး၊ စွမ်းအင်ရေးရာ၊ ကူးစက်ရောဂါ၊ ကျားမရေးရာကိစ္စ ရပ်တွေက နေရာယူလွှမ်းမိုးလာခဲ့ပါတယ်။

လက်ရှိအပြည်ပြည်ဆိုင်ရာလုံခြုံရေးကို နိုင်ငံရေးဆန်းစစ်ချက်တရပ်ဖြစ်တဲ့ Three Levels of Analysis နဲ့ အတိုချုံး တင်ပြပေးပါမယ်။ structural level ဆန်းစစ်ချက်အရဆိုရင် အမေရိကန်ဟာ ကမ္ဘာ့ရေးရာများမှာ ပါဝါလွှမ်းမိုးမှု ရှိနေ ဆဲဖြစ်ပါတယ်။ New Powers များဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံများ အင်အားကြီးမားလာမှုဟာ အပြည်ပြည် ဆိုင်ရာစနစ်ရဲ့ ပါဝါချိန်ခွင်လျှာမှာ အနည်းနဲ့အများတော့ သက်ရောက်မှုရှိလာပါတယ်။ နိုင်ငံတော်လုံခြုံရေး agenda မှာ လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်တွေကို နိုင်ငံတနိုင်ငံချင်းစီရဲ့ ဦးစားပေးမှု ကွဲပြား ပါတယ်။

Domestic institutional level ဆန်းစစ်ချက်အရဆိုရင် ဒီမိုကရေစီနဲ့ တံခါးဖွင့်စီးပွားရေး အရင်းရှင်စနစ်ဟာ နိုင်ငံ အများစုမှာ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက လုပ်ဆောင်ပြသနေတဲ့ အာဏာရှင် အရင်းရှင်စနစ် 'authoritarian capitalism' အပေါ်မှာ နိုင်ငံတချို့က စိတ်ဝင်စားမှုရှိနေပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ငွေကြေးဂယက်ဟာ တရုတ်နိုင်ငံအပေါ်မှာ ဆိုးဝါးစွာ သက်ရောက်မှုတွေ ရှိနေတာကြောင့် စိတ်ဝင်စားမှု လျော့နည်းလာကြပါတယ်။

နောက်ဆုံးတဆင့်ဖြစ်တဲ့ Individual level ဆန်းစစ်ချက်အရ ဆိုရင်တော့ လူ့အခွင့်အရေးကိစ္စရပ်များဟာ တကမ္ဘာ လုံးက ပြည်သူလူထုအတွက် အရေးကြီးနေဆဲပါပဲ။ ဖွံ့ဖြိုးတိုးတက်ရေး၊ အန္တရာယ်ကင်းဝေးရေး၊ ရောဂါဘယကင်းရှင်း ရေးတို့ဟာ လူပုဂ္ဂိုလ်တဦးချင်းအတွက် အရေးပါသော ကိစ္စရပ်များဖြစ်နေပါတယ်။ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ လက်တင်အမေရိကတို့မှာ လူသားလုံခြုံရေး (Human Security) သဘောတရားက တစတစ နေရာယူလွှမ်းမိုးနေပါ တယ်။

ဒီလိုကိစ္စတွေကြားထဲမှာ wildcards လို့ ကျွန်မတို့ လုံခြုံရေးအသိုင်းအ၀ိုင်းအတွင်းမှာ ခေါ်ကြတဲ့ ကိစ္စရပ်တွေက လည်း တစတစ ကျယ်ပြန့်လာပါတယ်။ ပထမတချက်က နည်းပညာအဆမတန် တိုးတက်မြင့်မားနေမှုပါ။ သတင်းနှင့် နည်းပညာတော်လှန်ရေး (IT Revolution) က အရှိန်အဟုန်နဲ့ ဖြစ်ပွားနေပါတယ်။ ဇီဝနည်းပညာတော်လှန်ရေး (Biotechnology Revolution) က စတင်နေပါပြီ။ နာနိုနည်းပညာတော်လှန်ရေး (Nanotechnology Revolution) က အရှိန်စယူနေပါပြီ။ အခုလက်ရှိအချိန်မှာ တက္ကသိုလ်သုတေသနဌာနအများစုမှာ Nanotechnology သုတေသီများကို ဦးစားပေး ခန့်အပ်လာနေကြပါတယ်။ ပီအိတ်ခ်ျဒီစကောလားရှစ်များပေးပြီး လူသားအရင်းအမြစ် ရင်းနှီးမြှုပ်နှံမှုကို လုပ်လာကြပါတယ်။ ဒီနည်းပညာက တိုးတက်ပြန့်ပွားလာရင် အသုံးဝင်မှုတွေအများကြီးရှိလာမှာဖြစ်သလို တဘက် ကလဲ လုံခြုံရေးအမြင်အရ နယူးကလီးယား လက်နက်လိုပဲ ကြောက်စရာကောင်းပါတယ်။ ဥပမာ- ရုရှားထုတ် 'Father of All Bombs' ဆိုတဲ့ ဗုံးဟာ နျူကလီးယားလက်နက်မဟုတ်ပေမယ့် ပျက်စီးစေမှုစွမ်းရည် (destruction capabilities) မှာကျတော့ နျူကီးယားလက်နက်နဲ့ အတူတူပဲဖြစ်ပါတယ်။ ဒီလိုနည်းပညာပြောင်းလဲမှုတွေဟာ နိုင်ငံ ရေးတည်ငြိမ်မှု၊ စစ်အသုံးစရိတ်နဲ့ စီးပွားရေး၊ ကုန်သွယ်ရေးစတာတွေမှာ အကျိုးသက်ရောက်မှုတွေရှိနေသလို အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအပေါ်မှာလည်း ကြီးစွာသော သက်ရောက်မှုဖြစ်နေပါတယ်။

နောက်ထပ် wildcard တခုကတော့ စွမ်းအားအရင်းအမြစ် (Energy resources) တွေနဲ့ ပတ်သက်တဲ့ ပြိုင်ဆိုင်မှုတွေ၊ အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေဖြစ်ပါတယ်။ အဓိက စွမ်းအင်ဒေသတွေဖြစ်တဲ့ ပါရှန်းပင်လယ်ကွေ့၊ ကော်ကေးဆပ်နဲ့ အာရှအလယ်ပိုင်း၊ ဆိုင်ဘေးရီးယားအရှေ့ဖျားပိုင်းတွေဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် အခက်ခဲဆုံးဒေသ တွေ ဖြစ်လို့နေပါတယ်။ ဒီဒေသတွေအပေါ်မှာ ဖွံ့ဖြိုးဆဲ economies တွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့မှ ၀င်ရောက် ခြယ်လှယ်ရန် ကြိုးပမ်းမှုတွေကလည်း ပိုမိုများပြားလာပါတယ်။ ဒါကြောင့် စွမ်းအင်အရေးဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းချောက်လာနိုင်တဲ့ အရေးကြီးကိစ္စရပ်တရပ် ဖြစ်ပါတယ်။

ဒီလိုပဲ နောက်ထပ်အရေးကြီးတဲ့ ကိစ္စတရပ်ကတော့ ရာသီဥတုပြောင်းလဲမှု (Climate Change) ကိစ္စရပ်ပါ။ ကမ္ဘာကြီး ပူနွေးလာမှုဟာ ကြိုတင်မျှော်မှန်း တွက်ဆထားတဲ့နှုန်းတွေထက် ပိုမိုမြန်ဆန်လို့နေပါတယ်။ သစ်တောပြုန်းတီးမှု၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ အပင်သေများနဲ့ သမုဒ္ဒရာကြမ်းပြင်မှ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု စတဲ့ global biosphere response က ခန့်မှန်းရ အလွန်ခက်ခဲတဲ့ အခြေအနေမှာ ရောက်နေပါတယ်။

အခုလို တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေ ဘက်ပေါင်းစုံက ဖြစ်ပွားပြီး အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို ခြိမ်းချောက် နေချိန်မှာ နိုင်ငံတော်လုံခြုံရေးကို စနစ်တကျ စီမံဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အစိုးရများကြောင့် ကမ္ဘာ့လုံခြုံရေး အခြေအနေဟာ တစတစ ဆိုးရွားလာရပါတယ်။ ဆက်လက်ပြီး မြန်မာပြည်အစိုးရအမည်ကို ဓားပြတိုက်ယူထားတဲ့ စစ် အုပ်စုကြောင့် နိုင်ငံတော်လုံခြုံရေးနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအပေါ်မှာ ဆိုးကျိုးသက်ရောက်နေမှုများကို ရေး သားတင်ပြပါမယ်။

မြန်မာပြည်နှင့် နိုင်ငံတော်လုံခြုံရေး
မြန်မာနိုင်ငံရဲ့ လက်ရှိလုံခြုံရေးပေါ်လစီက စစ်မှန်တဲ့ နိုင်ငံတော်လုံခြုံရေး သဘောတရားပေါ်မှာ အခြေမခံပဲ သန်းရွှေနဲ့ အပေါင်းအပါ စစ်အုပ်စုများ လုံခြုံရေးအပေါ်မှာ အခြေခံထားပါတယ်။ နိုင်ငံတော်လုံခြုံရေးရဲ့ အခြေခံစည်းမျဉ်း လေးချက်ကို နားမလည်သူများကို မှားယွင်းတဲ့ သဘောတရားရေးရာများ သွတ်သွင်းပြီး၊ ရာထူးအာဏာ အခွင့်အလမ်း များပေးကာ လက်ကိုင်တုတ်များအဖြစ် မွေးမြူထားပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်တွယ်ရေးကို ကြိုးပမ်းတည် ဆောက်နေပါတယ်။ state formation (နိုင်ငံတည်ထောင်မှုပုံစံ) မှားယွင်းမှုကြောင့် ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ intra-state conflicts များနဲ့ နိုင်ငံရေးစနစ် (political system) မှားယွင်းမှုကြောင့် ဖြစ်ပွားနေတဲ့ နိုင်ငံရေးလှုပ်ရှားမှုများကို လက်ညှိုးထိုးပြီး တပ်မတော်အခန်းကဏ္ဍကို အတင်းကာရော တိုးမြှင့်နေကြပါတယ်။ တကယ်တန်းကျတော့ လက်ရှိ ဖြစ်ပွားနေတဲ့ intra-state conflict အမျိုးအစားဟာ ဖယ်ဒရယ်ပြည်ထောင်စုပုံစံနဲ့မှသာ တည်ငြိမ်မှုရှိသွားမှာဖြစ်ပါ တယ်။ စစ်ရေးအင်အားသုံးပြီး လက်နက်ချခိုင်းထားရုံနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး (national unity) ကို မတည် ဆောက်နိုင်ပါဘူး။ ဒီလိုပါပဲ။ နိုင်ငံရေးစနစ်မှားယွင်းနေမှုကိုလည်း လမ်းပြမြေပုံချရုံ၊ ရွေးကောက်ပွဲ ကျင်းပပေးရုံ လောက်နဲ့ မဖြေရှင်းနိုင်ပါဘူး။ ပြည်သူလူထုက တောင်းဆိုနေတဲ့ စစ်မှန်သော ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် မစတင် မချင်း နိုင်ငံရေးလှုပ်ရှားမှုတွေက ရှိနေမြဲ ဖြစ်မှာပါပဲ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချလိုက်ရုံနဲ့ ဒီပြဿနာဟာ ပြေလည်မှာ မဟုတ်ပါဘူး။ ဒီလိုမပြေလည်နိုင်မယ့် ကိစ္စနှစ်ရပ်ကိုပဲ မီးမောင်းထိုးပြီး၊ နိုင်ငံတော် လုံခြုံရေးကိစ္စရပ်အနေနဲ့ သတ်မှတ်ထားကြပါတယ်။ တကယ်တန်းကျတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားပြီး ဒီမိုကရေစီနဲ့ ဖဒရယ်ပြည်ထောင်စုကို ဖော်ဆောင်လိုက်တာနဲ့ စစ်မဟာဗျူဟာပညာရှင် ကားလ်ဗွန်ကလော့ဝတ် ဆိုခဲ့ တဲ့ “အစိုးရရယ်၊ စစ်တပ်ရယ်၊ ပြည်သူရယ်” ဆိုတဲ့ “eternal trinity” သဘောတရားအတိုင်း အလိုအလျောက် သူ့ နေရာနဲ့သူ ပြန်လည်တည်ငြိမ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယခုလက်ရှိ နိုင်ငံတော်လုံခြုံရေး ပြဿနာဆိုတာတွေ ဟာ စစ်အာဏာရှင်စနစ်ရှိနေလို့သာ ဖြစ်ပွားနေတာဖြစ်ပါတယ်။

နအဖစစ်အုပ်စုဟာ ဒီလိုမှားယွင်းတဲ့ သဘောတရားရေးရာတွေကို သွတ်သွင်းနေရုံမကပဲ၊ စစ်အုပ်စုပီပီ military power စစ်အင်အားကို နိုင်ငံတော်လုံခြုံရေးမူဝါဒမှာ ထိပ်ဆုံးက ထည့်သွင်းပြန်ပါတော့တယ်။ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” လို့ ဆိုကြပြန်ပါတယ်။ တကယ်တမ်းကျတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော တပ်မတော် တရပ် တည်ဆောက်ရေးဆိုတာမှာက တိုင်းပြည်အင်အားအပေါ်မှာ အများကြီးမူတည်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှ တပ်မတော်အင်အားကိုလည်း တည်ဆောက်နိုင်မှာပါ။ စစ်အသုံးစရိတ်ခွဲဝေချထားရာမှာ % of GDP ဆို တာက အရေးကြီးပါတယ်။ အာရှနိုင်ငံများရဲ့ စစ်အသုံးစရိတ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသနတခု ကို စာရေးသူ ပြုလုပ်ခဲ့ဖူးပါတယ်။ အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ စစ်အသုံးစရိတ် % of GDPဟာ ကြောက်မက်ဖွယ်ကောင်းအောင် မြင့်မားနေတယ်ဆိုတာပါပဲ။ အာရှတိုက်ရဲ့ အမြင့်မားဆုံးနိုင်ငံများမှာ ပါဝင်ပါတယ်။

သို့ပေမယ့် တခုစိတ်ပျက်စရာ ကောင်းတာက ရာခိုင်နှုန်းမြင့်မားနေပေမယ့် ပမာဏကတော့ အခြားအိမ်နီးချင်းနိုင်ငံ များကို မမှီတာပါပဲ။ ငွေတဆယ်ရှိသူက ငါးဆယ်ရာခိုင်နှုန်းဖြစ်တဲ့ ငါးကျပ်ကို ကစားစရာ သေနတ်ဝယ်ဖို့သုံးပြီး၊ ငွေ တသိန်းရှိသူက ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ငွေတသောင်းနဲ့ ရိုင်ဖယ်သေနတ်တလက် ၀ယ်သလိုမျိုးဖြစ်နေပါတယ်။ ဒါ ကြောင့် ခေတ်မီတပ်မတော်တရပ် တည်ဆောက်မယ်ဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကနဦးဦးစားပေး ပြုလုပ်ရ မှာ ဖြစ်ပါတယ်။ စစ်ရေးအင်အားနဲ့ စီးပွားရေးအင်အား တွဲစပ်မှသာ နိုင်ငံတော်ဂုဏ်သိက္ခာကို တည်ဆောက်နိုင်မှာ ဖြစ် ပါတယ်။

နှစ်ဆယ့်တစ်ရာစုမှာ နိုင်ငံတိုင်းလိုလို ခေတ်မီတပ်မတော်တည်ဆောက်နေကြပါတယ်။ ဒါပေမယ့် မြေပြင်စစ်ထက်စာ ရင် sea power၊ Air Power ကို ဦးစားပေးတည်ဆောက်နေကြတာပါ။ မြန်မာပြည်ကတော့ Land warfare ကိုပဲ အာရုံ စိုက်နေပါတယ်။ ဒါကြောင့် လတ်တလောဖြစ်သွားတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ရေပိုင်နက်ပဋိပက္ခမှာ ဘင်္ဂလားဒေ့ရှ်ရေတပ်၊ လေတပ်နဲ့ ယှဉ်ပြိုင်နိုင်လောက်အောင် မြန်မာတပ်မတော်မှာ sea power, Air power မရှိတာကြောင့် လက်မြှောက် တပ်ဆုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ စစ်အသုံးစရိတ်ရာခိုင်နှုန်းမှာ မြန်မာ % of GDP လောက် မမြင့်ပါ ဘူး။ ဒါပေမယ့် သုံးစွဲနိုင်မှု ပိုမိုများပြားပါတယ်။ ဒါကြောင့် ထိပ်တိုက်ဆုံတွေ့ခြင်းမှာ ကလေးကစားစရာ သေနတ်နဲ့ ရိုင်ဖယ်သေနတ်လို အင်အားကွာဟနေတာ ဖြစ်ပါတယ်။ တကယ်တော့ တိုင်းပြည်အင်အားရှိမှသာ တပ်မတော်က အင်အားရှိမှာဖြစ်ပါတယ်။ တိုင်းပြည်က ပြည်သူလူထုကို ကလေးကစားစရာ သေနတ်နဲ့ အနိုင်ကျင့် ဗိုလ်ကျပြနေရုံနဲ့ နိုင်ငံတော်လုံခြုံရေးရဲ့ အခြေခံစည်းမျဉ်းထဲက အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးမှာပါဝင်တဲ့ နိုင်ငံတော် ဂုဏ်သိက္ခာ မကျ ဆင်းရေးကို မဆောင်ကျဉ်းပေးနိုင်ပါဘူး။

ဒါကြောင့် စစ်အင်အားတိုးတက်ဖို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးရှိဖို့ လိုအပ်လှပါတယ်။ အမျိုးသားဖွံ့ဖြိုးရေးအတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး တိုးတက်မှုတွေ လိုအပ်ပါတယ်။ ဒီလိုလုပ်ဖို့ဟာ တပ်မတော်နဲ့ ဘာမှမဆိုင် ပါဘူး။ အစိုးရနဲ့သာ ဆိုင်ပါတယ်။ ပြည်သူကရွေးကောက် တင်မြှောက်တဲ့ အစိုးရက ဆောင်ကျဉ်းရမှာပါ။ ပြည်သူ့ အစိုးရက တာဝန်ပေးတဲ့ ကျရာနေရာကနေသာ တပ်မတော်အနေနဲ့ အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ရမှာ ပါ။

ဒီလိုမဟုတ်ပဲ အုပ်ချုပ်ရေးယန္တရားကို မတန်မရာ နေရာဝင်ယူလိုက်တော့ eternal principle ဖြစ်တဲ့ အစိုးရရယ်၊ ပြည်သူရယ်၊ တပ်မတော်ရဲ့ဆိုတာက ပျက်ယွင်းသွားပါတယ်။ ပြည်သူလူထုနဲ့ အစိုးရဓားပြ စစ်တပ်တို့ ထိပ်တိုက် ဖြစ်လာကြပါတယ်။ ထိပ်တိုက်ဖြစ်လာတော့ လူထုကို နည်းမျိုးစုံသုံးပြီး နှိမ်နင်းပါတော့တယ်။ ဒီလိုနှိမ်နင်းပြန်တော့ ပြည်သူလူထု ဘေးအန္တရာယ်ကင်းဝေးရေးဆိုတဲ့ နိုင်ငံတော်လုံခြုံရေး အခြေခံအချက်ကို ချိုးဖောက်လိုက်ပါလေရော။ တဆက်တည်းမှာပဲ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ တရားဥပဒေပြုရေးအာဏာတွေမှာ မမှန်မကန် ကျင့်သုံးဆောင်ရွက်မှုတွေ ဖြစ်လာတော့တယ်။ တခါ လူထုကို ခြိမ်းချောက်ဖို့ စစ်အင်အား တိုးချဲ့မှုတွေကို ပြည်သူ့ ဘဏ္ဍာကနေ အလွန်အကျွံသုံးစွဲမှုတွေ ဖြစ်လာတာရယ်၊ အုပ်ချုပ်ရေးယန္တရား အကျင့်ပျက်လာဘ်စားမှုတွေရယ်၊ ဗဟို ချုပ်ကိုင်စနစ်တွေရယ်၊ ဆွေတော်မျိုးတော်ကောင်းစားရေး ၀ါဒတွေရယ်ကြောင့် တိုင်းပြည်စီးပွားရေး၊ လူမှုရေး၊ ပညာရေးက အဘက်ဘက်က ဆက်တိုက် ကျဆင်းလာတော့တယ်။ မတရားဖိနှိပ်မှုတွေများလာတော့ နိုင်ငံတကာက မနေနိုင်ပဲ ၀င်ရောက်ပြောဆိုမှုတွေက ထပ်ဖြစ်လာပြန်တယ်။ အဲဒီအခါမှာ နိုင်ငံတကာဖိအားကို အလေးမပြုပဲ နေနိုင် ရေးအတွက် အားကိုးရာရှာရတော့တယ်။ ရှာရင်း ပေါက်ဖော်ကြီးနဲ့ နအဖသတို့သမီးတို့ ဆုံတွေ့ကြရာက တရုတ်ကြိုး ဆွဲ ရုပ်သေးလေးဘ၀ကို ရောက်သွားပြန်တယ်။ အဲဒီမှာတင် နိုင်ငံတော်လုံခြုံရေးရဲ့ အခြေခံအချက်တခုဖြစ်တဲ့ အော်တိုနော်မီဟာ ကျဆင်းလာပါတော့တယ်။ ဒီလိုနဲ့ နိုင်ငံတော်လုံခြုံရေး အခြေခံအချက်လေးရပ်လုံးကို အောင်မြင် အောင် အကောင်အထည်ဖော်နိုင်စွမ်းမရှိပဲ ဖြစ်လာပြီး၊ နိုင်ငံတော်လုံခြုံရေးသာမက အပြည်ပြည်ဆိုင်ရာလုံခြုံရေး အပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာပါတယ်။

မြန်မာပြည်နှင့် အပြည်ပြည်ဆိုင်ရာလုံခြုံရေး
ပထမဦးဆုံး လူသားလုံခြုံရေး (Human Security) ကဏ္ဍကို အရင်ကြည့်ကြရအောင်ပါ။ ၁၉၉၄ခုနှစ် ကမ္ဘာ့ကုလ သမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ထုတ်ဝေတဲ့ အစီရင်ခံစာမှာ လူသားလုံခြုံရေးဆိုတာကို လူသားတဦးချင်း ဖွံ့ဖြိုး တိုးတက်ရေးကို ပိတ်ပင်တားဆီးနေတဲ့ အန္တရာယ်များမှ ကင်းဝေးရေး အခြေအနေတရပ်အနေနဲ့ ဖော်ပြထားပါတယ်။ လူသားများဘ၀မှာ ရေရှည်ခြိမ်းချောက်မှုများဖြစ်နေတဲ့ ငတ်မွတ်ခေါင်းပါးခြင်း၊ ရောဂါဘယကူးစက်ပြန့်ပွားခြင်းနဲ့ အဖိနှိပ်အချုပ်ချယ်ခံရခြင်း စတာတွေက ကင်းဝေးဖို့ ဖြစ်ပါတယ်။ လက်ရှိမြန်မာပြည်မှာက အမျိုးသားဖွံ့ဖြိုးတိုးတက် ရေး တရှိန်ထိုးကျဆင်းပြီး၊ စီးပွားရေးတိုးတက်မှု နှောင့်နှေးနေတာကြောင့် လူအများ ဆင်းရဲနွမ်းပါးမှုဒဏ်ကို မရှုမလှ ခံနေကြရပါတယ်။ ထမင်းနပ်မှန်အောင် မစားနိုင်သူ အရေအတွက်က တစတစ များပြားလာပါတယ်။ အစာရေစာ မလုံလောက်မှုကြောင့် အသက်ဆုံးရှုံးရတဲ့ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ အများအပြား ဖြစ်နေပါတယ်။ ရောဂါဘယများကို စနစ်တကျကုသရန် ငွေကြေးမလုံလောက်မှုကြောင့် အသက်ဆုံးရှုံး ရသူများမှာလည်း ဒုနဲ့ဒေး ဖြစ်လာပါတယ်။ ပိုပြီးဆိုးဝါးတာကတော့ နအဖစစ်အုပ်စုရဲ့ ဖိနှိပ်ချုပ်ချယ်မှုပါ။ စကားဟဟမပြောရဲ၊ ထမင်း၀၀ မစားရ တဲ့ ဘ၀ကို ပြည်သူများ ရောက်ရှိနေပါတယ်။ လူအများစုကို အကြောက်တရားသွင်းပြီး ဖိနှိပ်မှုတွေကြောင့် လူတဦး ချင်းစီရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ များစွာ ထိခိုက်နေပါတယ်။ တိုင်းရင်းသား ပြည်သူများအပေါ် ရန်သူလိုသဘောထားပြီး လူမျိုးတုန်း စစ်ပွဲများဆင်နွှဲနေတာကြောင့် အခုဆိုရင် Internally Displaced persons (အိုင်ဒီပီ) အရေအတွက်ဟာ သန်းနဲ့ချီပြီး ရှိနေပါတယ်။ နိုင်ငံတကာမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများကလဲ တစတစ များပြားလာပါတယ်။
ဒါနဲ့အတူ ဆက်စပ်ပြီး နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတခုဖြစ်တဲ့ လူကုန်ကူးမှုကပါ နောက်ဆက်တွဲလာပါတယ်။ မြန်မာ ပြည်နိုင်ငံရေး မတည်ငြိမ်မှုပေါ်မှာ အခွင့်အရေးယူပြီး ၀င်ငွေရှာတဲ့ မသမာသူ နိုင်ငံရေးအရေခြုံများကလဲ စီးပွားဖြစ် လူ ကုန်ကူးမှုတွေ လုပ်ကိုင်လာကြပါတယ်။ နိုင်ငံတခုမှာ လူသားလုံခြုံရေးကို အုပ်ချုပ်သူတွေက တာဝန်မယူနိုင်တဲ့အခါ ဒီလိုဖြစ်ရပ်တွေက ပေါ်ပေါက်စမြဲပါပဲ။ ပြဿနာရဲ့ အရင်းအမြစ်က နအဖသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသာ ဒီမို ကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အ၀ရှိတဲ့ ဖယ်ဒရယ်နိုင်ငံတရပ်အဖြစ် ပေါ်ထွက်လာခဲ့ရင် ဒီလိုအခွင့်အရေးသမား တွေဟာ အလိုအလျောက် ကွယ်ပျောက်သွားမှာပါ။ နိုင်ငံရေးအရေခြုံများနဲ့ နိုင်ငံရေးသမားများကို ခွဲခြားရှုမြင်ဖို့ လို အပ်လှပါတယ်။

ဒုတိယအနေနဲ့ လူ့အဖွဲ့အစည်းလုံခြုံရေး (societal security) ကို ကြည့်ကြရအောင်ပါ။ လူ့အဖွဲ့အစည်းလုံခြုံရေးကို စစ်ရေး၊ နိုင်ငံရေးခြိမ်းချောက်မှုများနဲ့ တင်ပြချင်ပါတယ်။ စစ်ရေးခြိမ်းချောက်မှုဆိုတာက လူ့အဖွဲ့အစည်းထဲမှ လူ နည်းစု တိုင်းရင်းသားများကို အာဏာသိမ်းစစ်တပ်မှ လက်နက်အင်အားနဲ့ အနိုင်ယူဗိုလ်ကျစိုးမိုးခြင်းဖြစ်ပါတယ်။ လက်ရှိမြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားရွာငယ်များကို မီးရှို့ဖျက်ဆီးမှု၊ တိုင်းရင်းသူများကို မုဒိန်းကျင့်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ တိုင်းရင်းသားတပ်များကို အနိုင်ကျင့်လက်နက်ချခိုင်းမှုများဟာ လူ့အဖွဲ့အစည်းကို စစ်ရေးနည်းဖြင့် ခြိမ်းချောက်မှုဖြစ်ပါတယ်။ နိုင်ငံရေးခြိမ်းချောက်မှုဆိုတာကလဲ အုပ်ချုပ်ရေးအာဏာကို ရယူထားတဲ့ လူတစုကနေ ပြည်သူအများကို မတရားဖိနှိပ်ချုပ်ချယ်ခြင်းဖြင့် ခြိမ်းချောက်မှုဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ပြည်သူလူထုကို ဖိနှိပ်ထားရုံမက လူမိုက်လက်ကိုင်တုတ်များမွေးပြီး၊ လူထုရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ထားတာကြောင့် လူ့အဖွဲ့အစည်းအပေါ်မှာ နိုင်ငံရေးခြိမ်းချောက်မှုရှိနေပါတယ်။ ဒီလို လူ့ဘောင်အဖွဲ့အစည်းရဲ့ လုံခြုံရေးကို ခြိမ်း ချောက်နေခြင်းဟာ နိုင်ငံတကာအတွက် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်လာပါတယ်။

ဒီလိုနဲ့ မြန်မာ့ လူသားလုံခြုံရေး၊ လူ့အဖွဲ့စည်းလုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ကို လူဦးရေရွေ့လျားမှု၊ နိုင်ငံရေး ခိုလှုံခွင့်၊ အိုင်ဒီပီ၊ ငတ်မွတ်ခေါင်းပါးမှု ရှုထောင့်များကနေ ဂယက်ရိုက်လာပါတယ်။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ နိုင်ငံတွေဟာ အဓိကဇာတ်ကောင်တွေဖြစ်တယ်ဆိုပေမယ့် အပြည်ပြည်ဆိုင်ရာ လုံခြုံရေး သဘောတရားအရ state-centric security နဲ့ လူသားလုံခြုံရေး (Human security) တို့မှာ Human security ကို ဦးစားပေးရပါတယ်။ ဒါကြောင့် မြန်မာပြည်သူပြည်သားများ လုံခြုံရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေး နွေကြရတဲ့ အထိပါပဲ။ ကုလသမဂ္ဂရဲ့ ဖွဲ့စည်းပုံဆိုင်ရာအားနည်းချက် (Structural failure) ကြောင့်သာ တရုတ်နဲ့ ရုရှားတို့ရဲ့ ဗွီတိုအာဏာ ကျင့်သုံးမှုကြောင့် မအောင်မြင်ခဲ့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ရေးရာကတော့ ကမ္ဘာ့လုံခြုံရေး အပေါ်မှာ ဂယက်ရိုက်မှုတွေ ရှိနေခဲ့ပါပြီ။

တတိယပိုင်းအချက်အနေနဲ့ စီးပွားရေးရာ လုံခြုံရေး (economic security ) ကဏ္ဍကနေ လေ့လာကြည့်ရအောင်ပါ။ လက်ရှိမြန်မာပြည်မှာ စီးပွားရေးတိုးတက်မှုနှောင့်နှေးခြင်း၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှု စတာတွေ ကြောင့် စားဝတ်နေရေးအခက်အခဲတွေ ကြုံနေကြရပါတယ်။ စီးပွားရေးလုပ်ငန်းအများစုကိုလဲ စစ်အုပ်စုနဲ့ အပေါင်း အပါများကသာ ကြီးစိုးလုပ်ကိုင်နေကြပါတယ်။ တိုင်းပြည်တခုမှာ စီးပွားရေးရာလုံခြုံရေးအတွက် ထောက်ပံ့ရေး၊ လုံခြုံ ရေး၊ ဈေးကွက်ဝင်ရောက်မှု လုံခြုံရေး၊ ငွေကြေးစနစ်ခိုင်မာတောင့်တင်းမှုလုံခြုံရေး၊ နည်းပညာစွမ်းရည်လုံခြုံရေး၊ လူမှု စီးပွား paradigm လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော်လုံခြုံရေး၊ စီးပွားရေးစနစ်လုံခြုံရေး၊ မဟာမိတ်ပြုလုံခြုံရေးဆိုတဲ့ economic security typologies ရှစ်မျိုးနဲ့ ပြည့်စုံရပါတယ်။

ဒီရှစ်မျိုးလုံးနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ အားနည်းချက်တွေ ရှိနေပါတယ်။ ကုန်ပစ္စည်းတင်သွင်းမှုတွေကို နည်းမျိုး စုံနဲ့ ကန့်သတ်ထားမှုတွေ ရှိနေပါတယ်။ ပြည်တွင်းကုန်စည်စီးဆင်းမှု၊ ဖြန့်ချိရေး၊ ထောက်ပံ့ရေး လမ်းကြောင်းများ မှာလဲ အဆင့်ဆင့်လိုင်းကြေးပေးပြီးမှ လုပ်ဆောင်နေကြရပါတယ်။ ဈေးကွက်ဝင်ရောက်နိုင်မှုမှာလည်း ဈေးကွက်ကို နအဖဦးပိုင်နဲ့ အပေါင်းအပါများကသာ ကြီးစိုးနေကြပါတယ်။ ဘယ်လိုဈေးကွက်ပဲဝင်ဝင် ပါမစ်ရဖို့ လာဘ်ပေးလာဘ် ယူခြင်းက စတင်ရပါတယ်။ ငွေကြေးစနစ်မှာလည်း ခိုင်မာမှုမရှိပါဘူး။ ဘဏ်လုပ်ငန်းများ စိတ်ချယုံကြည်ရမှုမရှိပါဘူး။ ငွေကြေးဖောင်းပွနှုန်းက အရှိန်အဟုန်နဲ့ မြင့်တက်နေပါတယ်။ နည်းပညာစွမ်းရည်ပိုင်းမှာလည်း High tech လုပ်ငန်း များကို ထိန်းချုပ်ကွပ်ကဲမှုများ ရှိနေပါတယ်။ လူမှုစီးပွား paradigm ပိုင်းမှာလည်း ကာကွယ်ပေးမှုမရှိတာကြောင့် အခု ဆိုရင် မြန်မာပြည်ဈေးကွက်တော်တော်များများဟာ ဘိန်းကုန်ကူးသမားများလက်ထဲမှာ ရောက်နေပါတယ်။ နယ်စပ် ဖြတ်ကျော် လုံခြုံရေးဆိုတာမှာလဲ နယ်စပ်ကုန်သွယ်ရေးအဖွဲ့များ၊ ဥပဒေဘက်တော်သား အမည်ခံများရဲ့ လာဘ်ပေး လာဘ်ယူမှု၊ ကြီးစိုးခြယ်လှယ်မှုများသာ ဖြစ်ပွားနေပါတယ်။ စီးပွားဖက်လုံခြုံရေးအပိုင်းမှာလဲ နည်းဗျူဟာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (tactical cooperation) နဲ့ တွေ့ဆုံညှိနှိုင်း ပူးပေါင်းဆာင်ရွက်မှု (negotiated cooperation) အပိုင်းတွေမှာ စည်းမျဉ်းနည်းလမ်းပေါင်းများစွာ ရှိနေပါတယ်။

ဒီလို စီးပွားရေးရာလုံခြုံမှုမရှိတဲ့အခါကျတော့ လူငယ်အများအပြား တိုင်းပြည်မှ ထွက်ခွာသွားပြီး ဦးနှောက်ယိုစီးမှု ပြဿနာ စတင်ပါတော့တယ်။ brain drain ပြဿနာကို ပြောပြီး၊ နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ်ကိုင်တဲ့ ပညာတတ်လူငယ်များကို အပြစ်တင်ပြောဆိုပေမယ့် brain gain ဖြစ်အောင် နအဖဘက်က ဆောင်ရွက်ချက် တစုံ တရာမှ မရှိပါဘူး။ စစ်တပ်ပညာတော်သင်များကို ပြည်ပစေလွှတ်ပညာသင်ကြားမှုများပဲ ရှိပါတယ်။ ဒီလိုသင်ကြားစေ ရာမှာလဲ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာရပ်များမဟုတ်ပဲ စစ်အင်အား၊ စစ်အာဏာရှင်ယန္တရား ကာကွယ် ရေးဆိုင်ရာ ပညာရပ်များကိုပဲ သင်ကြားစေတာ ဖြစ်ပါတယ်။ စီးပွားရေးရာလုံခြုံမှုမရှိတဲ့အတွက် နောက်တချက်ဖြစ်ပွား လာတဲ့ ပြဿနာကတော့ လူကုန်ကူးမှု၊ လိင်ကျေးကျွန်ပြုမှု စတာတွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ လိင်လုပ်သားများ အဖြစ် အိမ်နီးချင်းနိုင်ငံများမှာ သွားရောက်လုပ်ကိုင်သူများမှ အိတ်ခ်ျအိုင်ဗွီပိုးများ ကူးစက်ပျံ့နှံ့မှုတွေဖြစ်လာပါတယ်။ ဒီလို လူကုန်ကူးမှုတွေ၊ ရောဂါပိုးပျံ့ပွားမှုတွေဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို ကြီးစွာသော သက်ရောက်မှုတွေ ဖြစ်လာပါတယ်။

ဒါတွင်မက အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းချောက်နေတဲ့ အကြီးမားဆုံး မြန်မာ့ရေးရာ ပြဿနာတရပ် ကတော့ မူးယစ်ဆေးဝါးကိစ္စပါ။ နအဖစစ်အုပ်စုဟာ “ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော” စိတ်ဓာတ်နဲ့ မူးယစ် ဆေးဝါးထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုတွေကို အားပေးဆောင်ရွက်နေပါတယ်။ နိုင်ငံတကာက ဖိအားပေးလာ တဲ့အခါမှသာ ဟန်ပြဖျက်ဆီးရေးပွဲများလုပ်ပြီး ကမ္ဘာကို မျက်လှည့်ပြနေတာပါ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ သတင်းကို ထောက်လှမ်းရယူနိုင်အောင် လူအင်အား၊ နည်းပညာအကူအညီ စတာတွေနဲ့ အင်တိုက်အားတိုက် လုပ် ဆောင်နေတဲ့ စစ်အုပ်စုဟာ တကယ်သာ ဒီလိုအင်အားတွေသုံးပြီး မူးယစ်နှိမ်နင်းရေး လုပ်ခဲ့မယ်ဆိုရင် မူးယစ်ဆေးဝါး ထုတ်ဝေမှု၊ ဖြန့်ဖြူးမှုတွေကို မလွဲမသွေ ဖော်ထုတ်နိုင်မှာပါပဲ။ မျက်စိစုံမှိတ် အားပေးနေလို့သာ မြန်မာပြည်ဟာ ကမ္ဘာ မှာ ဒုတိယအများဆုံး မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နိုင်ငံတနိုင်ငံအဖြစ် တည်ရှိနေတာပါ။ ဒီမြန်မာ့မူးယစ်ဆေးဝါး ပြဿနာဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို ထိခိုက်မှုတွေ အများကြီးဖြစ်နေစေပါတယ်။

ဒါကြောင့် နိဂုံးချုပ်ဆိုရရင်တော့ “ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက်” ဆိုတဲ့အတိုင်း လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ၊ အပြည်ပြည်ဆိုင်ရာလုံခြုံရေးဆိုင်ရာ မြန်မာ့ရေးရာ ပြဿနာများဟာ နအဖစစ်အုပ်စု တည်ရှိနေခြင်းကြောင့း ဖြစ်ပွားနေတာပါ။ စစ်အာဏာရှင်ကြိုးဆွဲ ရုပ်သေးအရပ်သားအစိုးရ တက်လာရုံနဲ့လဲ ပျောက် ပျက်သွားမှာ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းသွားမှသာ ပျောက်ကွယ်သွားမှာ ဖြစ်တာကြောင့် မြန်မာ့ပြည်သူလူထု လုံခြုံရေး၊ ကမ္ဘာသူကမ္ဘာသားများ လုံခြုံရေးတို့အတွက် နအဖစစ်အုပ်စုအား ပူးပေါင်းတိုက်ပွဲဝင် ကြပါစို့။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် လက်တွဲလှုပ်ရှားကြပါစို့၊ လို့ တိုက်တွန်းလိုက်ရပါတယ်။

ခင်မမမျိုး
(၁၈၊ ၁၁၊ ၂၀၀၈)

REF: ခင်မမမျိုး

Read More...

Wednesday, November 19, 2008

တိုင်းရင်းသားခေါင်းဆောင် ဦးပူကျင့်ရှင်းထန်၏ သားကို ထောင်ဒဏ် (၃၃) နှစ် ချမှတ်

ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်၏သားဖြစ်သူ ကမ်လမ်ခုပ် ခေါ် ကိုကျော်စိုးအပါအ၀င် (၃) ဦး ကို အင်းစိန်ထောင်က ထောင်ဒဏ်နှစ်ရှည်များ ယနေ့ချမှတ်လိုက်ကြောင်း ဦးပူကျင့်ရှင်းထန်က ခေတ်ပြိုင်သို့ ပြောသည်။

“ကျနော့်သားကိစ္စက တင်ထွန်းအောင်ရယ်၊ ကျနော့်သား ကမ်လမ်ခုပ် (၃၃) နှစ်စီ၊ တူဖြစ်သူ ကပ်ခန့်ခွာလ် ကျ တော့ (၈) နှစ် ဒီနေ့ချတယ်” ဟု ဦးပူကျင့်ရှင်းထန်က ပြောသည်။

ကမ်လမ်ခုပ်မှာ ယမန်နှစ် အောက်တိုဘာ (၂၈) ရက်တွင် စက်တင်ဘာအရေးအခင်းနှင့်ပတ်သက်ပြီး အဖမ်းခံရ ခြင်းဖြစ်သည်။ သားဖြစ်သူကို ထောင်ဒဏ် (၃၃) နှစ်ချမှတ်ကြောင်း မည်သို့အတည်ပြုချက်ရခဲ့ပါသနည်းဟု ခေတ်ပြိုင်က မေးမြန်းရာ ဦးပူကျင့်ရှင်းထန်က “ကျနော်တို့က အိမ်ကလူတွေကိုလည်း ၀င်ခွင့်မပြု၊ ကျနော်တို့ ငှား ထားတဲ့ ရှေ့နေကိုလည်း ၀င်ခွင့်မပြု၊ သူတို့က နောက်ဆုံး လျှောက်လဲချက်လုပ်ဖို့ တရားခံကိုယ်တိုင် စစ်ဆေးခံ တဲ့အခါမှာပဲဖြစ်ဖြစ်၊ သက်သေခေါ်ဖို့ဖြစ်ဖြစ် အဲဒါမျိုးကို အခွင့်အရေး မပေးတော့ဘူး။ ဒီနေ့အမိန့်ချမယ်ဆိုတာက တော့ ကျနော့်နည်းကျနော့်ဟန်နဲ့ စုံစမ်းပြီးသိတယ်။ အဲဒါကြောင့် ဂိတ်ဝမှာ ကျနော့်တို့နည်း ကျနော်တို့ဟန်နဲ့ သားတယောက်က စောင့်နေတယ်။ အဲဒီမှာ ရဲတွေရဲ့ အကူအညီအရ တရားရုံးကို ပေါင်းစပ်ပြီးတော့ နောက်ဆုံး မှာ သိရပါတယ်” ဟု ပြောသည်။

ကိုဝိုင်း
REF:ခေတ်ပြိုင်

Read More...

အရှင်ဂမ္ဘီရနှင့် တိုင်းရင်းသား လူငယ်များအား နှစ်ရှည် ထောင်ဒဏ်များ ချမှတ်

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု၏ ဦးဆောင်သံဃာတပါးဖြစ်သည့် အရှင်ဂမ္ဘီရကို ရန်ကုန် အင်းစိန်ထောင်ရှိ အထူးတရား ရုံးက ထောင်ဒဏ် ၁၂ နှစ် ချမှတ် လိုက်ကြောင်း သိရသည်။

အရှင်ဂမ္ဘီရ မိသားစုနှင့် နီးစပ်သူတဦးက “လောလောဆယ် ၁၂ နှစ်ချထားတယ်၊ အခုချထားတဲ့ ပုဒ်မတွေက ၅၀၅ (ခ) ၊ ၂၉၅ (က) ၂နှစ်စီ သုံးနေရာကစွဲတယ်၊ အားလုံးပေါင်း ၁၂နှစ်ချထားတယ်။ အရှင်ဂမ္ဘီရ အပါအဝင် ၁၁ ဦးကို ဖမ်းဆီး ထားပြီး စွဲထားတဲ့အမှုပေါင်းကတော့ မနည်းဘူး။ နောက်ရက်တွေ ဆက်ပြီး အမိန့်ချဖို့ရှိတယ်” ဟု ပြောသည်။

အသက်၂၉ နှစ်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၏ ဦးဆောင်ကိုယ်တော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရအား စစ်အစိုးရက ဖမ်းဆီးထားပြီး တနှစ်အကြာတွင် ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

အရှင်ဂမ္ဘီရကိုလွန်ခဲ့သည့်နှစ် စက်တင်ဘာလကပေါ်ပေါက်ခဲ့သော ရွှေဝါရောင်တော်လှန်ရေးနှင့်ပတ်သက်ပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့အတူ မန္တလေးတိုင်း သံဃာ့တပ်ပေါင်းစုမှ အရှင်ဦးကေလာသကိုလည်း ပုဒ်မ ၁၇ (၂၀) ၊ ၁၇ (၁) ၊ မတရားအသင်း ပုဒ်မ တို့ဖြင့် ထောင်ဒဏ် ၃၅ နှစ် ယနေ့ချမှတ်လိုက်ကြောင်း သိရသည်။

အရှင်ဂမ္ဘီရကို တရားမဝင်အဖွဲ့အစည်းနှင့်ဆက်သွယ်မှု၊ အီလက်ထရွန်းနစ်ပုဒ်မ၊ အများပြည်သူ အထိတ်တလန့်ဖြစ်စေ မှု၊ သာသာနာညှိုးနွမ်းစေမှု ၊ အရေးပေါ် စီမံချက်အက်ဥပဒေပုဒ်မ ၅ (ည)၊ မတရားအသင်းပုဒ်မ ၊ တရားမဝင် နယ်စပ် ဖြတ်ကျော်သည့်ပုဒ်မ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြားစေမှု၊ လူငါးဦးထက်ပိုမိုစုဝေးမှု၊ တရားမဝင်ပုံနှိပ် ထုတ်ဝေမှု စသည့်ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း ၎င်းအမှုလိုက်ရှေ့နေက ပြောသည်။

အလားတူ လှုပ်ရှားတက်ကြွသူ တိုင်းရင်းသားလူငယ်သုံးဦးကိုလည်း ရန်ကုန်အင်းစိန်ထောင် အထူးတရားရုံးက နှစ် ရှည် ထောင်ဒဏ်ချမှတ်လိုက်ကြောင်း အင်းစိန်ထောင် ဝန်ထမ်းအသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။

ချင်းတိုင်းရင်းသား ကပ်လှမ်ခုတ် (ခ) ကိုကျော်စိုးနှင့် ရခိုင်တိုင်းရင်းသား ကိုတင်ထူးအောင်တို့ကို တိုင်းရင်းသား လူငယ်များအား စည်းရုံးလှုပ်ရှားမှုဖြင့် ထောင်ဒဏ် ၃၃ နှစ်စီ ချမှတ်လိုက်ကြောင်း အဆိုပါနီးစပ်သူက ပြောသည်။

ချင်းတိုင်းရင်းသား အန်ထော်နီ (ခ) ကက်ခွမ်ကွာကိုလည်း ထောင်ဒဏ် ၈ နှစ်ချမှတ်လိုက်သည်ဟု အဆိုပါ နီးစပ်သူက ဆက်ပြောသည်။

ကပ်လှမ်ခုတ်သည့် တိုင်းရင်သားခေါင်းဆောင်တဦးဖြစ်သည့် ဦးကျင်ရှင်းထန်၏ သားဖြစ်ပြီး အန်ထော်နီမှာ တူုဖြစ် သည်။
“သူတို့ဟာ အမှုတွေဒီလောက်ကျူးလွန်ထားတာမဟုတ်ဘဲနဲ့ အခုလို နှစ်ရှည်အမိန့်ချမှတ်တာဟာ တရားမျှတမှုမရှိပါ ဘူး” ဟု ဦးကျင်ရှင်းထန်က ဧရာဝတီကို ပြောသည်။

အဆိုပါတိုင်းရင်းသားလူငယ် ၃ ဦးကို လွန်ခဲ့သည့်နှစ် စက်တင်ဘာလ သံဃာ့လှုပ်ရှားမှုနှင့်ပတ်သက်၍ ၂၀၀၇ ခုနှစ် အောက်တိုဘာလကုန်ပိုင်းကတည်းက အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

REF:ဧရာဝတီ

Read More...

အပေါ်သို့