Friday, November 28, 2008

ကန်ထရိုက်စစ်သား - ဂါမဏိ

၁၉၇၉ ခုမှာ မာဂရက်သက်ချာ ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးဟာ ကမ္ဘာ့ အရင်းရှင် စီးပွားရေးလောကမှာ ခေတ်စားလာခဲ့တယ်။ အရင်းရှင်နိုင်ငံတွေမှာ ပုံမှန်အားဖြင့် အစိုးရက နိုင်ငံပိုင် လုပ်ငန်းအဖြစ် လက်ဝါးကြီးအုပ်ထားလေ့ရှိတဲ့ ကျန်းမာရေးနဲ့ ပညာရေးသာမက စည်ပင်သာယာ အမှိုက်သိမ်း လုပ်ငန်းကအစ လျှပ်စစ်မီးပေးရေးလုပ်ငန်း၊ ရေပေးဝေရေးလုပ်ငန်းကနေ မီးရထားအပါအဝင် အများပြည်သူ ဆိုင်ရာ လမ်းတံတားစီမံခန့်ခွဲရေး လုပ်ငန်းတွေအထိ မာဂရက်သက်ချာက ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ပိုင်ဆိုင် ခွင့် လုပ်ကိုင်ခွင့်တွေ လွှဲအပ်ရောင်းချခဲ့တယ်။ ဒါနဲ့တဆက်တည်း နိုင်ငံတော်အစိုးရတွေရဲ့ အထူးသီးသန့် လုပ်ပိုင် ခွင့် နယ်ပယ်ဖြစ်တဲ့ စစ်တပ်နဲ့ စစ်တိုက်ခြင်းလုပ်ငန်းကိုလည်း ပုဂ္ဂလိကကုမ္ပဏီတွေက ကန်ထရိုက်ယူလုပ်စရာ နယ်ပယ်တခုအဖြစ် ယူဆစဉ်းစားချက်သစ် ပေါ်ပေါက်လာပါတယ်။


တချိန်က ‘ကြေးစားစစ်သား’ လို့ နာမယ်ဆိုးနဲ့ ကျော်ခဲ့သူတွေဟာ ဒီကနေ့မှာတော့ ‘ပုဂ္ဂလိကစစ်ကုမ္ပဏီ’ သို့မ ဟုတ် ‘ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ’ ဆိုတဲ့ နာမယ်သစ်နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ရဲ့ လစ်ဘရယ်ဝါဒသစ် ဈေး ကွက် စီးပွားရေးအောက်မှာ ခန့်ခန့်ကြီး နေရာယူထားကြပါတယ်။ အရင်တုံးကလို နာမယ်မပျက်အောင် အခု အခါမှာ စနစ်တကျနဲ့ အမြင်လှပြီး အထင်ကြီးလောက်စရာ စနစ်ဇယားတွေ၊ ထယ်ထယ်ဝါဝါ လုပ်ထုံးလုပ်နည်း တွေ၊ ပြည်သူ့ဆက်ဆံရေး နည်းနာတွေ PRကျင့်သုံးလာတဲ့ ဒီကုမ္ပဏီတွေကို အင်္ဂလိပ်လို အတိုကောက်PMC (Private Military Company)လို့ လူသိများကြတယ်။ (အီရတ်မှာ လှုပ်ရှားနေတဲ့ ဒီကုမ္ပဏီတွေကို မီဒီယာထဲမှာတော့ ပုဂ္ဂလိကကန်ထရိုက်တွေလို့ ခေါ်ဝေါ်သုံးနှုန်းနေတယ်) ကုမ္ပဏီနာမယ်တွေကိုလည်း သားသား နားနားပေးထားကြတယ်။ ဥပမာ၊ ‘အုပ်ချုပ်ရေးကဏ္ဍအတွက်အဖြေရှာချက်’ လို့ အဓိပ္ပါယ်ရတဲ့ Executive Outcomes ကုမ္ပဏီဟာ ကမ္ဘာ့ကြေးစားစစ်တပ်လောကမှာ နာမယ်ကြီးတယ်။ အခုခေတ်မှာ ပြည့်တန်ဆာကို လိင်လုပ်သားလို့ နာမယ်ပြောင်း၊ ပုံစံပြောင်းပြီး အဆင့်မြှင့်တဲ့သဘောပါပဲ။

အတိတ်က ကြေးစားစစ်သားတွေဟာ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီက ကိုလိုနီတွေ သိမ်းပိုက်ရာမှာပါဝင်ခဲ့သလို အမေရိကန် တော်လှန်ရေးမှာလည်း ဗြိတိသျှဘက်က ငှားရမ်းအသုံးပြုခံရတယ်။ ၂ဝ ရာစုအလယ်ပိုင်း အာဖရိက တိုက်က အမျိုးသား လွတ်မြောက်ရေးစစ်ပွဲတွေနှိမ်နင်းရာမှာ ကြေးစားစစ်သားတွေ အသုံးပြုခဲ့ကြတာကို တကမ္ဘာ လုံး အော့နှလုံးနာခဲ့ကြတယ်။ ကြေးစားစစ်သားတွေရဲ့ ဆိုးသွမ်းမှု အောက်တန်းကျမှုတွေဟာ ဟောလီးဝုဒ်ရုပ်ရှင် တွေရဲ့ ကုန်ကြမ်းတွေဖြစ်ခဲ့တယ်။ အဲဒီတုံးက လှုပ်ရှားခဲ့တဲ့ ကြေးစားစစ်သားတွေဟာ တဦးချင်း ဒါမှမဟုတ် အဖွဲ့ငယ်လေးတွေသာ ဖြစ်ခဲ့ပြီး အမြဲတမ်း (ဝါ) ပုံမှန်စီးပွားရေးလုပ်ငန်းကြီးတခုအဖြစ် ရပ်တည်နေတာမဟုတ်ခဲ့ ဘဲ လုပ်ငန်းပြီးရင် ကိုယ့်အိမ်ကိုယ်ပြန်နေ၊ ရခဲ့တဲ့အခကြေးငွေသုံး၊ ကုန်ရင် တခြားအလုပ်ရှာရတဲ့ အခြေအနေပါ။ ကြေးစားစစ်သားလုပ်နေချိန်မှာလည်း ခိုးကြောင်ခိုးဝှက်နဲ့ အပြင်လူတွေ မီဒီယာတွေမသိအောင် တတ်နိုင်သမျှ လုပ်ရပါတယ်။ ကိုယ် ကြေးစားစစ်သား လုပ်တယ်ဆိုတာ သက်ဆိုင်သူ အဝန်းအဝိုင်း ကျဉ်းကျဉ်းလေးကလွဲပြီး မသိကြပါဘူး။

စစ်အေးလွန် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ စစ်ရေးနဲ့ လုံခြုံရေးလိုအပ်ချက်တွေ ပိုလို့ပိုလို့ရှုပ်ထွေးလာတာ ကြောင့် ဆိုပြီး အစိုးရတွေဟာ အရင်လို လုံးဝဥဿုံ တာဝန်မယူနိုင်တဲ့အတွက် ပုဂ္ဂလိကစစ်ကုမ္ပဏီတွေ ပေါ်လာတာလို့ စစ်ကုမ္ပဏီ ထောက်ခံသူတွေက ပြောပါတယ်။ ဒီလိုအပ်ချက်အသစ်တွေကို အရင် အာဖရိကမှာ ခေတ်စားခဲ့ဖူးတဲ့ ပုံစံဟောင်း ကြေးစားစစ်သားတွေကလည်း မဖြည့်ဆီးပေးနိုင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဈေးကွက်တောင်းဆိုမှုဖိအား၊ နည်းပညာပေါက်ကွဲမှု၊ လူမှုရေးပိုင်း အကြီးအကျယ် ရှုပ်ထွေးပြောင်းလဲမှုတွေ အောက်မှာ ပုဂ္ဂလိကစစ်ကုမ္ပဏီတွေ ကြီးထွားရှင်သန်လာပါတယ်။ စစ်အေးတိုက်ပွဲပြီးဆုံးသွားလို့ စစ်အင်အား တွေ၊ စစ်ဘတ်ဂျက်တွေ လျှော့ချရတာနဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ ပိုထိန်းမနိုင်သိမ်းမရ ထကြွလာတာ တွေဟာ စစ်ကုမ္ပဏီတွေ ပိုအရေးပါလာစေတဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။ အမေရိကန် အစိုးရဌာနတခုရဲ့ စူးစမ်းချက်အရ စစ်ကန်ထရိုက်ပေးခြင်းရဲ့ အကြောင်းရင်းတွေက (၁) အတတ်ပညာပိုင်းအရ အထူးကျွမ်းကျင် အရည်အချင်းများရရှိရန် (၂) နယ်မြေဒေသ တချို့မှာ ချထားခွင့်ပြုတဲ့ စစ်သားဦးရေကန့်သတ်ချက်ကို ကျော်လွှား ရန် (၃) ရှားပါးအရင်းအမြစ်များ ချွေတာနိုင်ရန်တို့ဖြစ်ပြီး အစိုးရရဲ့ စစ်ဘက်ဆိုင်ရာကုန်ကျစရိတ် သက်သာရေး ဟာ တိုက်ရိုက် အကြောင်းရင်းမဟုတ်ဘူးလို့ ဆိုပါတယ်။

ကနေ့ခေတ်ရဲ့ ပုဂ္ဂလိကစစ်ကုမ္ပဏီတွေဟာ ခန့်ခန့်ညားညားရုံးခန်းဖွင့် တရားဝင်ဆိုင်းဘုတ်ချိတ်ပြီး စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ပါရဂူများအဖြစ် ‘လူရိုသေရှင်ရိုသေ’ ဗြောင်အတိအလင်း ရပ်တည် နေကြပါတယ်။ တခြားအမျိုးအစား စီးပွားရေးကုမ္ပဏီတွေလိုပဲ ‘ဈေးကွက်’ ထဲမှာ ဒီကုမ္ပဏီတွေဟာ တခုနဲ့တခု ပြိုင်ဆိုင်ပြီး ကိုယ့်လုပ်ငန်း ကိုယ်ကြော်ငြာတာ၊ ဟိတ်ဟန်ထုတ် ဝါကြွားတာတွေလည်းလုပ်ကြတယ်။ ကုမ္ပဏီတခု တခုဟာ ‘ဖောက် သည်’ တွေ အများအပြားအတွက် တပြိုင်တည်း ‘ဝန်ဆောင်’ ပေးနေရတတ်တယ်။ အရင်တုံးက ကြေးစားစစ်သားတွေလို စစ်တိုက်ရုံသက်သက်မဟုတ်တော့ဘဲ တပ်ထောက်ကိစ္စ၊ တပ်လေ့ကျင့်ရေး၊ လုံခြုံရေးနဲ့ထောက်လှမ်းရေး၊ အခြေအနေသုံးသပ် အကဲဖြတ်ရေးတွေအပြင် အကျဉ်းထောင်တွေ ကိုင်တွယ် အုပ်ချုပ်တာ၊ အကျဉ်းသားတွေ စစ်ကြောတာ စတဲ့ အလုပ်အမျိုးမျိုးပါ တာဝန်ယူနေကြတယ်။ အာဖဂန်နဲ့ အီရတ် က ပုဂ္ဂလိက ကန်ထရိုက်တွေဟာ စစ်ရေး-လုံခြုံရေးနဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော် လည်း ကောင်း သက်ဆိုင်တဲ့ လုပ်ငန်းအမျိုးမျိုးအတွက် စီအိုင်အေ အပါအဝင် အမေရိကန်အစိုးရကရော၊ အမေရိကန် စီးပွားရေး ကုမ္ပဏီကြီးတွေကပါ ကန်ထရိုက်ပေး ငှားရမ်းထားတာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ တခြားစီးပွားရေး ကုမ္ပဏီတွေနဲ့ မတူတာက စစ်ကုမ္ပဏီတွေရဲ့ ‘ဝန်ထမ်း’ အများစုဟာ အမြဲခန့် ဝန်ထမ်းတွေမဟုတ်ဘဲ တကမ္ဘာလုံး က အရည်အချင်းမြင့် စစ်မှုထမ်းဟောင်းနဲ့ စီအိုင်အေဟောင်း-အက်ဖ်ဘီအိုင်ဟောင်း အပါအဝင် ရဲမှုထမ်းဟောင်း များကို စာရင်းပြုစု အချက်အလက်သိုမှီးထားရာ ကွန်ပျူတာဒေတာဘေ့စ် တပုံကြီးထဲက လိုအပ်သလို ဆွဲခန့်တာ ဖြစ်တယ်။ ဒီဒေတာဘေ့စ်တွေထဲမှာ တဦးချင်းရဲ့အတွေ့အကြုံတွေ၊ အထူးကျွမ်းကျင်မှုတွေ ပြထားတယ်။ ဒါကြောင့် သက်ဆိုင်ရာလုပ်ငန်းတခုချင်းအတွက် အသင့်တော်ဆုံး ‘ဝန်ထမ်း’ တွေကို ရွေးချယ်ခေါ်ယူနိုင်တယ်။ ကျွမ်းကျင်ပုဂ္ဂိုလ်တွေဟာ တပြိုင်တည်းမှာ စစ်ကုမ္ပဏီအတော်များများရဲ့ ဒေတာဘေ့စ်တွေထဲပါနေပြီး ကန်ထရိုက် လုပ်ငန်းတခုကတခု (ဝါ) ကုမ္ပဏီတခုကတခု အလွယ်တကူပြောင်းရွှေ့ခွင့်ရှိတယ်။ ကန်ထရိုက် ပြီးသွားရင်လည်း အလွတ်တမ်း ကန်ထရိုက်စစ်သားလုပ်ခွင့်ရှိတယ်။ ဒီနေ့ခေတ် စစ်ကုမ္ပဏီတွေရဲ့ ဝန်ထမ်းတွေထဲမှာ အတော် အတန် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များပါဝင်တယ်ဆိုပေမဲ့ ၁၉၆ဝ ခုနှစ်တွေတုံးက နာမယ်ပျက်လှတဲ့ ဂလေဂချေ ကြေး စား စစ်သားမျိုးတွေလည်း အများကြီးပါပဲ။

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ စီးပွားရေးလုပ်ငန်းကြီးတွေဟာ Outsourcing လို့ခေါ်တဲ့ ကုမ္ပဏီပြင်ပ လုပ်အားနဲ့ အတတ်ပညာအသုံးချမှုကို အတိုင်းအတာ ကြီးကြီးလုပ်လာသလို အမေရိကန်လို နိုင်ငံအစိုးရတွေဟာ လည်း စစ်ရေးနဲ့ပတ်သက်ပြီး အစိုးရအဝန်းအဝိုင်းပြင်ပက ပုဂ္ဂလိကစစ်ကုမ္ပဏီတွေရဲ့ ကာယအား၊ ဉာဏအား တိုးမြှင့်အသုံးပြုလာမှုကို ၁၉၉ဝ ခုနှစ်များမှာ သိသိသာသာ လုပ်လာပါတယ်။

၁၉၉၁ ပထမပင်လယ်ကွေ့စစ်ပွဲမှာ အမေရိကန်ဟာ တရားဝင်စစ်သား အယောက် ၁ဝဝ မှာ ပုဂ္ဂလိက ကန်ထရိုက် စစ်သား တယောက်နှုန်း သုံးခဲ့တယ်။ နောက်ပိုင်းကာလ ဘော့စ်နီးယား-ဟာဇီဂိုဗီးနားပဋိပက္ခနဲ့ ကိုဆိုဗို အရေး အခင်းကျတော့ နှုန်းထားမြင့်လာရာမှာ လက်ရှိအီရတ်စစ်ပွဲမှာတော့ စစ်သား ၅ဝ ကို စစ်ကုမ္ပဏီကန်ထရိုက် ၁ဝ ယောက်ကျော်နှုန်းဖြစ်လာလို့ အခုဆို အီရတ်မှာ ကန်ထရိုက်စစ်သား သုံးသောင်းကျော်ရှိနေပါတယ်။ ၂ဝဝ၃ မေလမှာ “အီရတ်စစ်ပွဲ ပြီးဆုံးသွားပြီ” လို့ သမတဘွတ်ရှ် ကြေညာပြီးနောက် လုံခြုံရေးကန်ထရိုက်တွေ အီရတ် နိုင်ငံထဲ ဒလဟောဝင်လာပါတော့တယ်။ မရေရာတဲ့ လုံခြုံရေးအနေအထားကြောင့် အမေရိကန်စစ်အင်အားတွေ ပြန့်ကျဲသွားပြီး အီရတ်ရုပ်သေးစစ်တပ်နဲ့ ရဲကလည်း အားမကိုးရတဲ့အခါ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေဟာ တိုက်ရေးခိုက်ရေးဘက် ပိုရောက်လာရပါတယ်။ အဘူဂရစ် အကျဉ်းထောင်ဖြစ်ရပ်တွေဟာ အမေရိကန်စစ်သား တွေရဲ့ အခန်းကဏ္ဍသာမက ကန်ထရိုက်တွေရဲ့ အနေအထားကိုပါ ပွင့်ကျစေခဲ့သလို အီရတ်သူပုန်တွေက ဖမ်းမိ ပြီး ခေါင်းဖြတ်ခံလိုက်ရတဲ့ ကန်ထရိုက်လေးယောက်ကြောင့် စစ်ကုမ္ပဏီတွေကို လူအများ အာရုံစိုက်လာပါတယ်။

အခုအခါ အီရတ်မှာ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေ ဒါဇင်နဲ့ချီပြီး လှုပ်ရှားနေကြရာမှာ စရိတ်စကသက်သာပြီး အမြတ်များများ ကျန်အောင်နဲ့ ဒေသအနေအထားကျွမ်းဝင်အောင် ဒေသခံအီရတ်လူမျိုးတွေကိုလည်း အလုပ်ခန့် ကြတယ်။ အီရတ်မှာ အကြီးဆုံးစစ်ကုမ္ပဏီတခုဖြစ်တဲ့ ‘စတီးဖောင်ဒေးရှင်း’ မှာ ဝန်ထမ်းသုံးပုံနှစ်ပုံဟာ အီရတ် လူမျိုးတွေဖြစ်သလို ယခင်ဆဒ္ဒမ်ဟုစိန် စစ်သားဟောင်းတွေက လုပ်နေတဲ့ ဒေသခံအီရတ်လုံခြုံရေးကုမ္ပဏီ ပေါက်စတွေလည်း ပေါ်နေပါပြီ။ ဒါပေမဲ့ အီရတ်မှာရှိတဲ့ ပုဂ္ဂလိက လုံခြုံရေးကျွမ်းကျင်သူ တွေထဲက တသောင်း နီးပါးလောက်ဟာ ယခင် တောင်အာဖရိက အသားအရောင်ခွဲခြားရေးခေတ်မှာ လူမည်းတွေကို အကြီးအကျယ် ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့ပြီး အခုတော့ ရင်ကြားစေ့ရေးကော်မရှင်ဆီက လွတ်ငြိမ်းချမ်းသာခွင့်ရထားတဲ့ တောင်အာဖရိကစစ်သားဟောင်းတွေ ပုလိပ်ဟောင်းတွေဖြစ်ပါတယ်။ တခြား ကန်ထရိုက်စစ်သားတွေကတော့ ချီလီအာဏာရှင် ပီနိုရှေး၊ ယူဂိုစလပ်အာဏာရှင်မီလိုဆီဗစ်တို့ရဲ့ စစ်သားဟောင်းတွေအပြင် အဇ္ဇရေးနဲ့ ယခင် တောင်အမေရိက အာဏာရှင်နိုင်ငံတွေက စစ်သားဟောင်း ပုလိပ်ဟောင်းတွေ အများအပြားပါဝင်ကြတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဒေါ်နယ်ရမ်းစဖဲလ်က ပင်မစစ်လုပ်ငန်းတာဝန်တွေကိုတော့ ကန်ထရိုက်မပေး ဘူးလို့ ပြောခဲ့ပေမဲ့ လက်တွေ့မှာတော့ ကန်ထရိုက်စစ်သားတွေဟာ အစုံလုပ်နေရပါတယ်။ အကြောင်းရင်းက တော့ စစ်ကန်ထရိုက်တွေဟာ အမေရိကန်ဘီ-၂ ဗုံးကြဲလေယဉ်နဲ့ အပေချီရဟပ်ယဉ်လို အဆင့်မြင့်လက်နက် စနစ်တွေ ကိုင်တွယ်နိုင်တဲ့ အတတ်ပညာကျွမ်းကျင်မှု မျိုးရှိကြသလို သော့ချက်ကျတဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းရေး နဲ့ အစိုးရအုပ်ချုပ်မှု တည်ဆောက်ရေးတာဝန်တွေကိုလည်း လုပ်ပေးနိုင်ကြလို့ဖြစ်တယ်။ စစ်တပ်အပြင် ရဲကိုပါ သင်တန်းပေးနိုင်ရုံမက ရဲတပ်ဖွဲ့တည်ဆောက်ရေးလည်း လုပ်ပေးနိုင်တယ်။ သိကြတဲ့အတိုင်း ကန်ထရိုက်တွေဟာ ထောက်လှမ်းရေးလုပ်ငန်းတင်မက သုံ့ပန်းစစ်ကြောရေးလည်းလုပ်နေတယ်။ တချို့စစ်ကန်ထရိုက်တွေဟာ စစ်ပွဲ အတွေ့အကြုံရှိမှုကြောင့် တိုက်ပွဲဇုံထဲဖြတ်ပြီး အရေးကြီး ပစ္စည်းတင်ကုန်ကားကြီးတွေအတွက် ယဉ်မောင်းအလုပ် လုပ်သလို တချို့ကန်ထရိုက်တွေကျတော့ စကားပြန်အလုပ်လုပ်တယ်။ အမေရိကန်နိုင်ငံထဲမှာလည်း တက္ကသိုလ် အရံတပ် (ယူတီစီ) သင်တန်းကို ပုဂ္ဂလိကစစ်ကုမ္ပဏီက တာဝန်ယူနေတယ်။

လွတ်လပ်စွာပြိုင်ဆိုင်တဲ့ ဈေးကွက်စီးပွားရေးစနစ်အောက်က ပုဂ္ဂလိကစစ်ကုမ္ပဏီဆိုပေမဲ့ ၂ဝဝ၃ ခုနှစ် အီရတ် နိုင်ငံမှာ ရေနံတွင်းတွေ ပြန်လည်တည်ဆောက်ရေး လုံခြုံရေးလုပ်ငန်းကို တင်ဒါမခေါ်ဘဲ ကဲလော့ဂ်-ဘရောင်း-ရူ့တ် စစ်ကန်ထရိုက်ကို တိုက်ရိုက်ပေးလိုက်တယ်။ ဒီစစ်ကုမ္ပဏီဟာ ဒုသမတ ဒစ်ချေနီရဲ့ ဟယ်လီဘာတန် ရေနံ တူးကုမ္ပဏီလက်အောက်ခံ ကုမ္ပဏီခွဲဖြစ်ပါတယ်။ ဒီလို အနေအထားမျိုးမှာတော့ စစ်ကုမ္ပဏီတွေကို ကန်ထရိုက် ပေးတာဟာ စစ်သားအစစ်တွေသုံးတာထက် အကုန်အကျများလို့ အစိုးရနဲ့ ပင်တဂွန်ကို ဝေဖန်ပြစ်တင်ကြတယ်။ အီရတ်စစ်ပွဲလေ့လာချက်အရ တချို့ကန်ထရိုက်တွေဟာ တလကို လစာ ဒေါ်လာ ၂ဝဝဝဝ တောင်ရတယ်။ ဒါဟာ ရှေ့တန်းထွက်စစ်သားတယောက်လစာထက် အနဲဆုံးသုံးဆရှိနေပါတယ်။ ကန်ထရိုက်တွေကို ဒီလောက်ကြီး ပေး ထားတာ တကယ်အကျိုးအမြတ်ရှိမရှိ တန်မတန်ကိုတော့ စနစ်တကျ စူးစမ်းလေ့လာထားတာ မရှိသေးပါဘူး။ လက်ငင်း ကန်ထရိုက်စရိတ်ကြီးပေမဲ့ ကန်ထရိုက်စစ်ပွဲဆင်နွဲခြင်းကြောင့် စစ်တပ်အနေနဲ့ နောက်ဆုံးမှာ စစ်သားစု ဆောင်းရေး၊ လေ့ကျင့်ရေးနဲ့ နေရာချရေးပိုင်းမှာ အကုန်အကျသက်သာသွားမယ်လို့ ထောက်ခံသူတချို့က ဆိုကြ တယ်။ တဖက်ကကြည့်ပြန်တော့လည်း ကန်ထရိုက်အများစုဟာ မူလကနဦးစစ်သားဘဝတုန်းက အမေရိကန် အစိုးရက ခေါ်ယူလေ့ကျင့်ပေးခဲ့တဲ့ ကျေးဇူးကိုလည်း ပြန်ကြည့်သင့်တယ်လို့ မကျေနပ်သူတွေက ဝေဖန်နေတယ်။ အခုလို စစ်ကုမ္ပဏီတွေရဲ့ ဝင်ငွေကောင်းတဲ့ ကန်ထရိုက်အလုပ် သွေးဆောင်မှုကြောင့် စစ်သားတွေကို အမြဲတမ်း တပ်မတော်ထဲ ရေရှည်ထိန်းထားနိုင်ဖို့ ခက်လိမ့်မယ်လို့လည်း အမေရိကန်စစ်တပ်ထိပ်ပိုင်းတွေ သာမက ဗြိတိန် နိုင်ငံမှသည် ချီလီနိုင်ငံအထိ နိုင်ငံအများအပြားက စစ်ဗိုလ်ချုပ်တွေ စိုးရိမ်ပူပန်နေကြတယ်။ ရာစုနှစ်တခုကျော် ဗြိတိသျှစစ်တပ်မှာ ကြေးတမ်းစားစစ်မှုထမ်းခဲ့တဲ့ ကမ္ဘာကျော် ဂေါ်ရခါးလူမျိုး နီပေါနိုင်ငံသားတွေဟာလည်း အခု အခါ ‘ဂေါ်ရခါး လုံခြုံရေးအစောင့်များ’ လို့နာမယ်ပေးထားတဲ့ ပုဂ္ဂလိကစစ်ကုမ္ပဏီတခု တည်ထောင်ထားရုံမက တခြားစစ်ကုမ္ပဏီတွေမှာလည်း စာရင်းသွင်း ‘ဝန်ဆောင်မှု’ ပေးနေကြလို့ ဗြိတိန်စစ်တပ်က ရတက်မအေး ဖြစ်နေ ပါတယ်။ အဲဒီ ဂေါ်ရခါးစစ်ကုမ္ပဏီကို ဆီယာရာ လီယွန်းပြည်တွင်းစစ်မှာ အစိုးရဖက်က ငှားခဲ့သေးတယ်။

ကြေးစားစစ်သားဘဝကနေ စစ်ကုမ္ပဏီဖြစ်လာတဲ့အခါ ကုမ္ပဏီပီပီ ဈေးကွက်ထဲနာမယ်ကောင်းရရေး၊ တနည်း အားဖြင့် ဖောက်သည်များများ ရေရှည်ရရေးကို လုံးပမ်းလာရတယ်၊ ဒါကြောင့် အရင်ခေတ်က ကြေးစားစစ်သား တွေလို နာမယ်ဆိုးလို့မဖြစ်ဘဲ ကျင့်ဝတ်တွေ လုပ်ဟန်တွေ ဂရုစိုက်ရတယ်လို့ ဆိုကြပေမဲ့ အီရတ်နဲ့အာဖဂန် အတွေ့အကြုံက အဲဒီအပြောကို ချေဖျက်နေပါတယ်။ ‘အုပ်ချုပ်ရေးကဏ္ဍအတွက် အဖြေရှာချက်’ ဆိုတဲ့ စစ် ကုမ္ပဏီဟာ ဆီယာရာလီယွန်းအစိုးရရဲ့ မြို့တော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေစဉ် မိမိဝန်ဆောင်ခရဖို့ အဓိကကျတဲ့ စိန်တွင်းတွေကာကွယ်ရေးအတွက် အရည်အချင်းနိမ့်ကျလှတဲ့ ဆီယာရာလီယွန်းစစ်တပ်အစား ဒေသခံပြည်သူ့စစ်တွေကို အားကိုးခဲ့တာကြောင့် ပြည်သူ့စစ်တွေ ခေါင်းထောင်လာပြီးနောက်ပိုင်းမှာ စစ်တပ်နဲ့ တင်းမာမှုတွေ အာဏာသိမ်းမှုတွေဖြစ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကမောက်ကမဖြစ်စေတဲ့အထိ ရှုပ်ထွေးမှု တွေဖြစ်ခဲ့လို့ နာမယ်အတော်ပျက်သွားခဲ့တယ်။ ဗြိတိသျှစစ်ကုမ္ပဏီတခုဖြစ်တဲ့ ‘လိုဂိုစစ်ထောက်’ ကုမ္ပဏီကတော့ အီကွေတိုးရီးယဲဂီနီနိုင်ငံမှာ အာဏာသိမ်းဖို့ကြံလို့ ဇင်ဘာဘွေနိုင်ငံမှာ ကုမ္ပဏီ ‘ဝန်ထမ်း’ ၇ဝ ဖမ်းခံခဲ့ရတယ်။ ဒီအာဏာသိမ်းရေးအကြံအစည်ကို အမေရိကန်အစိုးရက ကြိုသိပေမဲ့ ဟန့်တားမှုလုံးဝမလုပ်ခဲ့ပါဘူး။ အမေရိကန် အစိုးရက ဘော်လကန်ဒေသမှာ ရဲတွေသင်တန်းပေးဖို့ ကန်ထရိုက်ပေးထားတဲ့ အမေရိကန်စစ်ကုမ္ပဏီ ‘ဒိုင် ကော်ပိုးရေးရှင်း’ ဟာလည်း ပြည်တန့်ဆာကုန်ကူးမှု အရှုပ်တော်ပုံထဲ ပါဝင်ပတ်သက်ခဲ့တယ်။ ဒါပေမဲ့ ကန်ထရိုက် တွေရော အမေရိကန်အစိုးရပါ နိုင်ငံတကာဥပဒေနဲ့ အရေးယူတော့မခံရပါဘူး။

စစ်ကန်ထရိုက်တွေဟာ မိခင်တိုင်းပြည်အစိုးရကို ကိုယ်စားပြုပြီး နိုင်ငံခြားရေးပေါ်လစီကို ဖော်ဆောင်ပေးတာ လည်း လုပ်တယ်။ ၁၉၉၄ မှာ ခရိုအေးရှားအစိုးရက ‘နိုင်ငံတကာ စစ်ဘက်ပညာသည်ရင်းမြစ်များ’ ဆိုတဲ့ အမေရိကန်စစ်ကုမ္ပဏီကိုငှားပြီး စစ်ရေးအကြံပေးမှုနဲ့ လေ့ကျင့်သင်တန်းပေးမှု လုပ်စေခြင်းဖြင့် အမေရိကန် အစိုးရအတွက်ပါ အကျိုးရှိခဲ့တယ်။ ၁၉၈၆ မှာ ‘ကာကွယ်ရေးစနစ်များလီမိတက်’ ဆိုတဲ့ ဗြိတိသျှစစ်ကုမ္ပဏီဟာ မိုဇမ်ဘစ်အစိုးရစစ်တပ်ကို လေ့ကျင့်သင်တန်းပေးခဲ့လို့ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီ အမြတ်ထွက်ခဲ့တယ်။ အီရတ်မှာ ကန်ထရိုက်စစ်သားလေးယောက် အသတ်ခံရတဲ့အခါ အပြစ်မဲ့အရပ်သား ပုဂ္ဂလိက ကန်ထရိုက်တွေ ကို အကြမ်းဖက်သမားတွေက ရက်ရက်စက်စက်သတ်သွားတယ်ဆိုပြီး စီးပွားရေးကန်ထရိုက်လိုလိုနဲ့ ရောကြိတ် ဝါဒဖြန့် အမြတ်ထုတ်တာလည်းရှိတယ်။

လက်ရှိအီရတ်နိုင်ငံမှာ စစ်ကန်ထရိုက်တွေကို အီရတ်တရားဥပဒေအရ အရေးယူခွင့်မရှိဘဲ မိခင်တိုင်းပြည် ဥပဒေ ကသာ သက်ရောက်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတာဟာလည်း ၂ဝ ရာစုအစပိုင်း ကိုလိုနီခေတ်တွေကို သတိရစရာ ဖြစ်နေတယ်။ ကုလသမဂ္ဂကချတဲ့ နိုင်ငံတကာဥပဒေဟာ အစိုးရကိုဖြုတ်ချဖို့ကြံတဲ့ ပုံစံဟောင်းကြေးစားစစ်သား ကိုသာ ရည်ညွှန်းထားပါတယ်။ ယေဘူယျအားဖြင့် ပုဂ္ဂလိကစစ်ကန်ထရိုက်တွေအပါအဝင် ကြေးစားစစ်သားတွေ ကို စစ်သုံ့ပန်းအဆင့် သတ်မှတ်မပေးသော်လည်း လက်ဝဲသူပုန်အဖွဲ့တဖွဲ့ဖြစ်တဲ့ ‘ကိုလမ်ဘီယာတော်လှန်ရေး တပ်မတော်’ FARC ကတော့ ၂ဝဝ၃ တုန်းက သူတို့ဖမ်းမိတဲ့ အမေရိကန်စစ် ကန်ထရိုက်တွေကို သုံ့ပန်းအဆင့် သတ်မှတ်ပေးခဲ့တယ်။ အမေရိကန်အစိုးရကတော့ ဒီတော်လှန်ရေးအဖွဲ့ကို စစ်တပ်တခုအဖြစ် အသိအမှတ်မပြုဘဲ အကြမ်းဖက်အဖွဲ့အဖြစ်၊ ပြန်ပေးသမားတွေအဖြစ်သာ တရားဝင်ဆက်လက်သတ်မှတ်နေတယ်။

စစ်ကုမ္ပဏီတွေကို အစိုးရတွေကတင် ကန်ထရိုက်ပေးငှားရမ်းတာမဟုတ်ဘဲ နိုင်ငံလွန်စီးပွားရေးကုမ္ပဏီကြီးတွေ၊ အင်ဂျီအိုတွေကလည်း ငှားကြတယ်။ ကုလသမဂ္ဂကတောင် ထောက်ပံ့ကယ်ဆယ်ရေး ယဉ်တန်းတွေ စောင့် ရှောက်ဖို့ ငှားတာရှိသလို သတင်းဌာနတွေကလည်း လုံခြုံရေးအတွက် ငှားကြတယ်။

အခုလို နယ်မြေတခုထဲမှာ မတူတဲ့လုပ်ငန်းအမျိုးမျိုးအတွက် အသီးသီးအသက ငှားကြတဲ့အခါ မတူတဲ့ ရည်မှန်း ချက်တွေနဲ့ မတူတဲ့လှုပ်ရှားမှုတွေဖြစ်လာတော့ ပြဿနာတွေပေါ်လာတယ်။ အီရတ်မှာ အမေရိကန်စစ်တပ် တိုက်ပွဲဖြစ်ရင် ပုဂ္ဂလိကကန်ထရိုက်တွေ စစ်ကူလိုက်ပေးပေမဲ့ ကန်ထရိုက်တွေ တိုက်ပွဲဖြစ်တဲ့အခါကျတော့ အမေရိကန်တပ်က စစ်ကူမလိုက်လို့ ကန်ထရိုက်လေးယောက် ခေါင်းဖြတ်သတ်ခံရတယ်လို့ စွပ်စွဲတာလည်း ရှိ တယ်။

အခုအခါ လူတချိုရက ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးလုပ်ငန်းတွေကို ပုဂ္ဂလိကကန်ထရိုက်တွေ ငှား လုပ်ဖို့အထိတောင် ပြောကြတယ်။ ဒါပေမဲ့ ဒါဟာ သက်ဆိုင်ရာ တတိယကမ္ဘာနိုင်ငံအစိုးရတွေ၊ တတိယကမ္ဘာ စစ်တပ်တွေကို နှိမ်ရာရောက်မှာဖြစ်လို့ လက်တွေ့ဖြစ်မလာနိုင်ပါဘူး။ လောလောဆယ်မှာ အီရတ်က ကန်ထရိုက် စစ်ပွဲကတော့ အမေရိကန်အစိုးရကို အကျိုးပြုနေပါတယ်။ အမေရိကန်အစိုးရက စစ်ကန်ထရိုက်တွေ ငှားသုံးတဲ့ အတွက် စစ်တပ်ကိစ္စတွေမှာ ကွန်ဂရက်လွှတ်တော်ကို ဖြတ်သန်းရတဲ့ပြဿနာ ရှောင်ကွင်းနိုင်ပြီး စစ်တပ်တွေထဲ ကြုံရတဲ့ ခေါင်းပူစရာပြဿနာမျိုးတွေကိုလည်း ခေါင်းခံစရာမလိုတော့ဘဲ ဖြစ်သွားစေပါတယ်။ ဒါ့ကြောင့် ယနေ့ ကမ္ဘာမှာ စစ်ကုမ္ပဏီတွေရဲ့ အကြီးဆုံးဖောက်သည်ဟာ အမေရိကန်နိုင်ငံဖြစ်နေပါတယ်။

နိုင်ငံတော်အစိုးရတွေ လက်ဝါးကြီးအုပ်ထားလေ့ရှိတဲ့ စစ်ကိစ္စကို အခုလို နိုင်ငံလွန်ကုမ္ပဏီကြီးတွေ၊ အင်ဂျီအိုတွေ က ပုဂ္ဂလိကစစ်ကုမ္ပဏီတွေကတဆင့် ဝင်ရောက်လုပ်ခွင့်ရှိလာလို့ ပဋိပက္ခဖြေရှင်းရေးတွေ ပိုရှုပ်ထွေးလာပါတယ်။ ဒါကြောင့် လုံခြုံရေးအခြေအနေတွေ ပိုမတည်မငြိမ်ဖြစ်လာ၊ ဒီအခါ ပုဂ္ဂလိကစစ်နဲ့ လုံခြုံရေးကုမ္ပဏီတွေကို ပို လိုအပ်လာနဲ့ ဂျာအေး သူ့အမေရိုက်နေပါတော့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်ကုမ္ပဏီတွေကို အခကြေးငွေကြီးကြီး ပေးငှားနိုင်တာက အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းရှင် ကြီးတွေနဲ့ သူတို့နဲ့ ပုလင်းတူဗူးဆို့ရောင်းရင်းတွေသာ ဖြစ်နေပါတယ်။ နာမယ်ကိုယ်၌က အုပ်ချုပ်ရေးကဏ္ဍ အတွက် အဖြေရှာချက်ဆိုမှတော့ အုပ်စိုးသူလူတန်းစားတွေ အကျိုးသက်သက်အတွက်ပဲ ထူထောင်ထားတာ ရှင်း နေပါတယ်။ ဒါကို မကျေနပ်သူတွေက ဆန္ဒပြအရွဲ့တိုက်တဲ့အနေနဲ့ အင်တာနက်ထဲမှာ ‘ပစ္စည်းမဲ့လူတန်းစား အတွက်အဖြေရှာချက်’ Proletarian Outcomes လို့ နာမယ်တပ်ထားတဲ့ ပုဂ္ဂလိကစစ်ကုမ္ပဏီတခု ထူထောင်ဖွင့်လှစ်ထားကြောင်းနဲ့ ဒီကုမ္ပဏီဟာ ကမ္ဘာတလွှားက အာဏာရှင်အစိုးရတွေဆန့်ကျင်ရေး၊ အဖိနှိပ်ခံ ပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် လက်နက်ကိုင်တိုက်ပွဲနည်းနာတွေ၊ မြို့ပြသပိတ်မှောက်ဆန္ဒ ပြပွဲနဲ့ နိုင်ငံရေးအံတုမှုနည်းနာတွေကို အခကြေးငွေယူပြီး အဆင့်မြင့်မြင့်လေ့ကျင့်သင်တန်းပေးမယ်၊ အစိုးရတွေ ဖောက်ပြန်ရေးသမားတွေလာငှားရင် ဘယ်တော့မှမလိုက်ဘူးဆိုပြီး ‘ဤကုမ္ပဏီကြောင့် ပြီးမြောက်အောင်မြင်ခဲ့တဲ့ တော်လှန်ရေးအုံကြွမှုများ ဓါတ်ပုံမှတ်တမ်း’တွေနဲ့ အတည်ပေါက် ဝက်ဘ်ဆိုက်တင် စိတ်ဖြေသိမ့်မှုရှာခဲ့ကြပါတယ်။

ဒီလိုနဲ့ပဲ ပုဂ္ဂလိကစစ်ကုမ္ပဏီတွေသာမက ပုဂ္ဂလိကနိုင်ငံရေးကုမ္ပဏီတွေ၊ ကန်ထရိုက်နိုင်ငံရေးသမားတွေပါ ပေါ် လာပြီး လူလည်ကြီးများ ပိုကြီးပွားကြအုံးမှာ မြင်ယောင်မိပါတယ်။

(ရည်ညွန်း။ ။ ၂ဝဝ၄ ဇူလိုင်/သြဂုတ်လထုတ် နိုင်ငံခြားရေးပေါ်လစီ မဂ္ဂဇင်းပါ ဂျော့ဝါရှင်တန်တက္ကသိုလ် တွဲဘက်ပါမောက္ခ ဒီဘိုးရားအေဗန့် ၏ ဆောင်းပါး)


Read More...

လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒဏ်များ ထပ်မံချမှတ်

စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရပြီးသော ထင်ရှားသည့် လူရွှင်တော် ကိုဇာဂနာကို ယနေ့တွင် ထောင်ဒဏ် ၁၄ နှစ်၊ အားကစား အယ်ဒီတာ ကိုဇော်သက်ထွေးအား ထောင်ဒဏ် ၄ နှစ် ထပ်တိုး၍ ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း မိသားစုဝင်များကပြောသည်။

ကိုဇာဂနာနှင့် ကိုဇော်သက်ထွေး (ဓာတ်ပုံ - ဧရာဝတီ)

ကိုဇာဂနာကို ဗီဒီယို အက် ၃ နှစ် အပါအ၀င် ပုဒ်မ ၅၀၅(ခ) ၂ နှစ် ၊ ၁၇/၂ အရ ၅ နှစ် ၊ ၅၀၅(ခ) ၂ နှစ် နှင့် ၂၉၅(က) ၂ နှစ် ပေါင်း ၄ နှစ် တို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၁၄ နှစ် ကို အင်းစိန်ထောင် အထူးတရားရုံးက ယနေ့ ချမှတ်လိုက်သည်ဟု ခယ်မဖြစ်သူ မငြိမ်းကပြောသည်။

ကိုဇာဂနာသည် နိုဝင်ဘာ ၂၁ ရက်နေ့က ချမှတ်သည့် ထောင်ဒဏ် ၄၅ နှစ် နှင့် ပေါင်းလျှင် စုစုပေါင်း ထောင်ဒဏ် ၅၉ နှစ် ကျခံရမည်ဖြစ်သည်။

ကိုဇာဂနာနှင့် အမှုတွဲ ကိုဇော်သက်ထွေးကိုလည်း ပုဒ်မ ၅၀၅(ခ) ၂ နှစ် နှင့် ၂၉၅(က) ၂ နှစ် ပေါင်း ၄ နှစ် ယနေ့ ထပ်တိုး၍ ချမှတ်လိုက်ရာ နိုဝင်ဘာ ၂၁ ရက်နေ့က ချမှတ်ထားသည့် ထောင်ဒဏ် ၁၅ နှစ်နှင့် ပေါင်းလျှင် ၎င်း သည် ထောင်ဒဏ် ၁၉ နှစ် ကျခံရမည်ဖြစ်သည်။

ယခုကဲ့သို့ ထောင်ဒဏ်များ ထပ်မံချမှတ်လိုက်ခြင်းနှင့်ပတ်သက်၍ ကိုဇော်သက်ထွေး၏ ဇနီး မခိုင်ချိုက အလွန် စိတ်ပျက်မိကြောင်း ပြောဆိုသည်။

“အခုဟာက တရားတယ်၊ မတရားဘူးဆိုတာ အားလုံးကလည်း သိနေကြပါပြီ၊ ကျမအမျိုးသားက နာဂစ်ကိစ္စ လုပ်နေရင်းနဲ့ ဖြစ်သွားတာဆိုတော့ ဒီတခါမှာတော့ လုံးဝမျှော်လင့်မထားဘူး၊ အလှူအတန်းကိစ္စ လုပ်နေရင်း ဖြစ် သွားတာဆိုတော့လည်း ကျမ ဒီထောင်ဒဏ်အပေါ်ကို တော်တော်လေးကို စိတ်ပျက်မိပါတယ်၊ ကောင်းတာလုပ် ရင်း ဖြစ်ရတာ ဖြစ်တဲ့အတွက် ကောင်းတာတွေပဲဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု မခိုင်ချိုက ဧရာဝတီသို့ ပြောပြသည်။

အယူခံဝင်နိုင်ရန် ရှေ့နေများနှင့် တိုင်ပင်၍ အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ကိုဇာဂနာ ၊ ကိုဇော်သက်ထွေးတို့နှင့်အတူ နိုဝင်ဘာ ၂၁ ရက်နေ့က ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရသော ကိုသန့် ဇင်အောင်ကိုလည်း ယနေ့ ဗီဒီယို အက် အရ ထောင်ဒဏ် ၃ နှစ် တိုး၍ ချလိုက်သောကြောင့် ၎င်းသည်လည်း စုစုပေါင်းထောင်ဒဏ် ၁၈ နှစ် ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ကိုဇာဂနာ၏ ခယ်မ မငြိမ်းက“စွဲထားတဲ့ ပုဒ်မတွေတော့ အကုန်ပြီးသွားပါပြီ၊ ထပ်မတိုးရင်တော့ ပြီးသွားပြီပေါ့”ဟု ပြောသည်။

အဆိုပါ ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့သည် ဆိုင်ကလုန်း လေဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အတူ လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ၎င်းတို့ကို ပုဒ် ၅၀၅(ခ)၊ ၁၇/၁၊ စသည့် ပုဒ်မများ အပါအ၀င် ပုဒ်မ ၇ ခုဖြင့် အာဏာပိုင်များက စွဲဆိုထားခဲ့သည်။

ကိုဇာဂနာကို လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ မှတ်တမ်းတင် စီဒီဓာတ်ပြားတချပ်၊ ရမ်ဘိုအပိုင်း ၄ ရုပ်ရှင် စီဒီ၊ စိန်စီသောည စီဒီ၊ ကွန်ပျူတာ ဟတ်ဒစ်တလုံး၊ အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် အက်ဖ်အီးစီ ၃၀ တို့ကို သိမ်းယူ သွားခဲ့သည်။

ကိုဇော်သက်ထွေးကိုမူ ဇွန်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးမြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့နှင့် အမှုတွဲဖြစ်သော ကိုတင်မောင်အေးကိုလည်း နိုဝင်ဘာ ၂၁ ရက်နေ့က ထောင်ဒဏ် ၂၉ နှစ် ချမှတ်ထားသည်။

နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း မျိုးဆက်သစ် လူငယ်များ အစည်းအရုံးအဖွဲ့(GW)မှ ကိုတင်မျိုးထွတ် ခေါ် ကိုကျော်ဦး နှင့် ကိုစောမောင်တို့ ၂ ဦးကို လ၀က ပုဒ်မ ၁၃/၁ ၊ တရားမ၀င် အဖွဲ့အစည်း ပုဒ်မ ၁၇/၁ တို့အရ ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်။

ယင်းသို့ ပြစ်ဒဏ်ချမှတ်ခြင်းများသည် တဖက်သတ် မတရား ချမှတ်ခြင်းဖြစ်ကြောင်းနှင့် ငြိမ်းချမ်းသောနည်းလမ်း များဖြင့် ဆန္ဒထုတ်ဖော်ခဲ့သော မျိုးဆက်သစ်လူငယ်များကို ယခုကဲ့သို့ မတရား ဖမ်းဆီးထောင်ချနေရုံဖြင့် နိုင်ငံ တွင်း ပဋိပက္ခများ ပြေလည်သွားမည် မဟုတ်ဘဲ စစ်အစိုးရအနေနှင့် ပိုမိုအင်အားကြီးမားသော လှုပ်ရှားမှုများနှင့် သာ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ယမန်နေ့တွင် GW အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) ၏ ပြောဆိုချက် အရ စစ်အစိုးရက ယခုလအတွင်း နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအ၀င် ထင်ရှားသည့် ကျောင်းသားခေါင်း ဆောင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ၊ သံဃာတော်များ စသည့်နိုင်ငံရေးလှုပ်ရှားသူ ၁၄၃ ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။


ကိုစိုး
REF: ဧရာဝတီ

Read More...

Thursday, November 27, 2008

ခေါင်းဆောင်မှု၏ အနက်အဓိပ္ပာယ်ကို ရှာဖွေခြင်း

(က)
ခေါင်းဆောင်မှု သို့မဟုတ် Leadership ဆိုသော စကားလုံးကို နေရာအတော်များများတွင် လူတိုင်းနီးပါးလောက် ကြားဖူးကြမည် ဖြစ်သည်။ နေရာဒေသကိုလိုက်၍ ကြားပုံကြားနည်း ကွာခြားမည်။ အချိန်အခါနှင့် လူပုဂ္ဂိုလ်ပေါ် မူတည်၍ မြင်ပုံမြင်နည်း ကွာခြားမည်။ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်မှုဆိုသော ဝေါဟာရတစ်ရပ်သည် လူ့ လောက၊ လူ့အဖွဲ့အစည်းအတွင်း ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ရပ်တည်လုပ်ဆောင်နေကြသော လူစုလူဝေး၊ အဖွဲ့ အသင်းနှင့် လူမျိုး၊ နိုင်ငံ အစရှိသည့် အရာအားလုံးတို့အတွက် မရှိမဖြစ် အရေးကြီးသော အရာတစ်ခု ဖြစ်ခြင်းကို မူ ကမ္ဘာဦးကတည်းက လူသားတို့ လက်ခံလာခဲ့ကြပြီး ဖြစ်၏။

(ခ)
စာဆန်ဆန်၊ ဟိုအချက် ဒီအချက်များအား ကိုးကား မပြောမှီ ခေါင်းဆောင်ကောင်း တစ်ယောက်၏ အင်္ဂါရပ်များကို မိမိကိုယ်တိုင် မိမိ ဆန္ဒများပေါ်တွင် အခြေတည်၍ စိတ်ကူး သတ်မှတ် ကြည့်နိုင်သည်။

ပထမဆုံး အချက်အနေဖြင့် ခေါင်းဆောင်ဟူသည် အားလုံးတို့ထက် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့တွင် အမြင် ကျယ်ပြန့် နှံ့စပ်သူ ဖြစ်ရမည်။ ယေဘူယျဆန်အောင် ပြောလိုက်ခြင်း ဖြစ်၏။ ဆိုလိုရင်းမှာ ခေါင်းဆောင်နှင့် ခေါင်းဆောင်လုပ်သူ အဖွဲ့အစည်း၏ သက်ဆိုင်ရာ နယ်ပယ်တွင် အမြင်ကျယ်ကျယ်ပြန့်ပြန့် ရှိရန်ကို ဆိုလိုခြင်း ဖြစ်သည်။ ခေါင်းဆောင်လုပ်သူ ကိုယ်တိုင်ကမှ နွားခြေရာခွက်ထဲလောက်ကို မျက်စိတစ်ဆုံး ကြည့်ရှုနေလျင် နောက်လိုက်အပေါင်းတို့ကား စုံလုံးကန်းရန်သာ ရှိတော့၏။

ဒုတိယအချက်အနေဖြင့် မိမိသိသကဲ့သို့၊ မိမိမြင်သကဲ့သို့ အမြင်များအား မိမိနောက်လိုက်အပေါင်းတို့အား သိရှိ နားလည်လာအောင်၊ မြင်တတ်၊ ကြည့်တတ်လာအောင် ပြောဟောခြင်း၊ သင်ကြားပြသခြင်း၊ ကြည့်ရှုစောင်မခြင်း တို့အား ပြုလုပ်သင့်၏။ သို့မဟုတ်လျင် မိမိနှင့် နောက်လိုက်တို့ကြား အမြင်မတူညီမှုကြောင့် မည်သည့်အခါမှ နားလည်မှု၊ သဘောတူညီမှု ရရှိလိမ့်မည်မဟုတ်ပဲ ထိုအဖွဲ့အစည်းသည်လည်း မည်မျှပင် အင်အားကြီးမားသည် ဖြစ်စေ စုံးစုံးမြုပ်၊ ကျရှုံးလိမ့်မည်သာ ဖြစ်၏။

တတိယအချက်အနေဖြင့် ခေါင်းဆောင်ဟူသည် မည်သည့်အခြေအနေ၌မဆို အဖွဲ့အစည်း၏ အကျိုးစီးပွားအပေါ် တွင် အမြဲသစ္စာရှိပြီး၊ အစဉ်သရွေ့ ရိုးသားဖြောင့်မတ်ကာ တည်ကြည်မှု ဂုဏ်သိက္ခာနှင့် ရဲရင့်ပြည့်စုံသူ ဖြစ်ရမည်။ အဖွဲ့အစည်းဆိုရာတွင် Company တစ်ခုဆိုလျင်လည်း Company တစ်ခုအလျောက်၊ အဖွဲ့အသင်း ဆိုလျင်လည်း အဖွဲ့အသင်းအလျောက် နောက်ဆုံး နိုင်ငံ၊ ကမ္ဘာနှင့် ချီကာ သူ၏ တာဝန်ခံရမှု၊ တာဝန်ယူရမှုတို့အပေါ်တွင် မူတည်၍ အဆိုပါ အဖွဲ့အစည်း၊ မြို့ပြ၊ နိုင်ငံ၊ ကမ္ဘာ တစ်ခုလုံး အပေါ်တွင် ရဲရဲရင့်ရင့် သစ္စာရှိသူ ဖြစ်ရမည်ဟု ဆိုလို၏။ လိုတစ်မျိုး၊ မလိုတစ်မျိုး၊ လိုအပ်သလိုထားသော သစ္စာနှင့် ရိုးဖြောင့်မှုကို အသုံးချကာ ကိုယ်ကျိုးရှာ ခြင်း၊ သူရဲဘောကြောင်ခြင်းသည် ခေါင်းဆောင်သူ၏ အင်္ဂါရပ်မဟုတ်ပေ။

(ဂ)
ဤနေရာတွင် တစ်ချက်ကို မြှုပ်ထားခဲ့သည်ကို တွေးတောကြည့်နိုင်သည်။ အချို့သော ခေါင်းဆောင်မှု၏ အရည် အချင်းနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုသူများက ခေါင်းဆောင်ဟူသည် အများ လေးစားဖွယ်ဖြစ်သော သူတစ်ဦး ဖြစ်ရမည် စသည်ဖြင့် သတ်မှတ်ကြသည်များကိုလည်း ဖတ်ရှုလေ့လာဖူးခဲ့၏။ အမှန်တွင် ရိုးသားဖြောင့်မတ်ခြင်း၊ မိမိ၏ သက်ဆိုင်ရာ လူ့ဘောင်အဖွဲ့အစည်းအပေါ်တွင် အမြဲသစ္စာရှိခြင်းနှင့် ကိုယ်ကျိုးမကြည့်၊ ရဲရင့်စွန့်စားခြင်း စသော အင်္ဂါရပ်များတို့ တစ်ဆက်တစ်စပ်တည်း ပြည့်စုံနေလျင်ပင် ထိုကဲ့သို့သော လူမျိုး၌ လူတိုင်းလေးစားဖွယ် ရာ အရည်အချင်းများ အလိုအလျောက် ရှိလာမည်မှာ မလွဲဧကန်ပင် ဖြစ်ပြီး ထိုကဲ့သို့သော ခေါင်းဆောင် ကိုယ်၌ လည်း လူတိုင်းအား သူ့သွေး၊ ကိုယ့်သား မခွဲခြားပဲ လေးစားစွာ ဆက်ဆံတတ်ခြင်း ဟူသော အရည်အချင်း တစ်ရပ် မုချရှိနေလိမ့်မည်ဖြစ်သည်။

ထိုမှတစ်ပါး မိမိ၏ ကိုယ်ကျိုးစီးပွားအတွက် အသုံးချရန် နောက်လိုက်အဖွဲ့အစည်းနှင့် လူထု၏ လေးစားမှုကို ရရှိအောင် တမင်တကာ လုပ်ယူဖန်တီးခြင်းကား တစ်ဖက်မှ ပြန်စဉ်းစားကြည့်လျင် တစ်ဖက်လှည့်နှင့် လိမ်လည် လှည့်ဖျားဖို့ ကြိုးစားနေခြင်းပင်ဖြစ်ပြီး ရည်ရွယ်ချက်မှာလည်း ကိုယ်ကျိုးအတွက်သာ ဖြစ်သောကြောင့် ထိုကဲ့သို့ လုပ်ယူသော လေးစားမှုသည်လည်း မည်မျှ ကြာမြင့်စွာ ခံလေမည်နည်း။ ထိုသို့သော လူမျိုးအားလည်း မည်သူက ခေါင်းဆောင်ဟု သတ်မှတ်လေမည်နည်း။

(ဃ)
အမှန်တော့ ခေါင်းဆောင်ဆိုသူများသည်လည်း တစ်သီးတစ်ခြားစီနှင့် တစ်မျိုးတစ်ဘာသာစီ ဖြစ်ထွန်းမွေးဖွားလာ သူများ မဟုတ်ကြချေ။ ကိုယ့်ကိုယ်ကို ခေါင်းဆောင်ဟူ၍လည်း မည်သည့်အခါမှ သတ်မှတ်ထားခဲ့ကြသူများ မဟုတ်ကြ။ သူတို့၏ တမင်တကာ လျို့ဝှက်မထားသော လျှို့ဝှက်ချက်များကား အမြင်ကျယ်ပြန့်မှု၊ အစဉ်တစ်စိုက် ရိုးသားရဲရင့်မှုနှင့် ကိုယ်ကျိုးမရှာ လူ့အဖွဲ့အစည်းအပေါ်တွင် အမြဲသစ္စာစောင့်သိမှုတို့ပင် ဖြစ်ကြ၏။ အံ့သြဖွယ် မှန်ကန်ချက်တစ်ခုကား အထက်ပါ အချက်သုံးချက်ခန့်ကို လူတိုင်း အသေအချာ၊ ပယ်ပယ်နယ်နယ် လိုက်နာ ကျင့်သုံးနိုင်ကြမည်ဆိုလျင် လူတိုင်း ခေါင်းဆောင်များချည်း သာတည်း။ သို့ဖြစ်၍ ၎င်းကဲ့သို့သော အဖွဲ့အစည်း တွင် နောက်လိုက်ဘယ်မှာနည်း ဟု ဂွကျကျလည်း ထပ်မံ မေးမြန်းရန် မလိုအပ်။ ထိုကဲ့သို့ လူတိုင်း တည်ကြည် ဖြောင့်မတ်ကာ၊ မိမိသက်ဆိုင်ရာ အဖွဲ့အစည်း၊ လူ့လောကအတွက် သစ္စာရှိသူ၊ ကိုယ်ကျိုးစွန့်လိုသူချည်းများသာ ဖြစ်ကြလျင် ထိုသို့သော လောက၊ အဖွဲ့အစည်းအတွင်းတွင် ခေါင်းဆောင်၊ နောက်လိုက် ဟူသည် ဝေါဟာရ တစ်ရပ်အဖြစ်သာ ကျန်ရှိလိမ့်မည် ဖြစ်ပြီး အခြားသော သူသာသည်၊ ကိုယ်နာသည်ဟူသည့် အယူအဆများ၊ အဓိပ္ပာယ်များ သာမန်လူ့အဖွဲ့အစည်းများ အတွင်းမှာကဲ့သို့ အဆိုပါ ဝေါဟာရများ နောက်မှ လိုက်ပါလာရန် မရှိ တော့ပေ။

ထိုသို့သော လောက၊ အဖွဲ့အစည်းအတွင်းတွင် အချင်းချင်း လုပ်ကိုင်၊ ပြောဆို၊ ဆက်ဆံ ဆောင်ရွက်ရာတွင် လည်း လူတိုင်း၏ ထားရှိသော အခြေခံစိတ်ဓာတ်များ မြင့်မားမှုကြောင့် ခေါင်းဆောင်မှု ပေးသူနှင့် လိုက်ပါ လုပ်ဆောင်သူတို့ ကြားတွင် ကြီးမားသော ကွာဟချက်များ မရှိတော့ပဲ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်လေးစားမှု ဖြင့်သာ ပွင့်လင်း၊ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ကြပေလိမ့်မည်။ တစ်ခုတည်းသော ဘုံခံယူချက်နှင့် တစ်ကြောင်းတည်းသော ဘုံရပ်တည်ချက်ဖြစ်သည့် မိမိသက်ဆိုင်ရာ လူ့ဘောင်အဖွဲ့အစည်း၏ အကျိုးစီးပွား အပေါ်တွင် သစ္စာစောင့်သိမှု၊ ကိုယ်ကျိုးမငဲ့မှု ဟူသော အချက်က မည်သူ့ကို မဆို ခေါင်းဆာင် လုပ်ရသည်ဖြစ်စေ၊ နောက်လိုက် လုပ်ရသည်ဖြစ်စေ တူညီသော ကျေနပ်၊ ဝမ်းမြောက်၊ ဂုဏ်ယူမှုကို ပေးစွမ်းလိမ့်မည်ဖြစ်၏။

(င)
သို့ဖြစ်ရာ ခေါင်းဆောင်မှု၏ နောက်ဆုံး အန္တိမ အဓိပ္ပာယ်ကား အသို့နည်း။ မိမိဦးဆောင်သော လူ့အဖွဲ့အစည်း တစ်ခုလုံးရှိ လူသားအားလုံးကို ခေါင်းဆောင်တို့၏ စိတ်ဓာတ်နှင့် ခေါင်းဆောင်တို့၏ အမူအကျင့်များ ရရှိ ဖြစ်ပေါ် လာအောင် လေ့ကျင့်၊ပြုစုပျိုးထောင်၊ ဦးဆောင်မှုပေးခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့် ဆိုလို၏။ အရှင်းလင်းဆုံးနှင့်၊ အထင်ရှားဆုံး ဥပမာကား ရှိခဲ့ပြီးချေပြီ။ ကြီးကျယ်သော ခေါင်းဆောင်နှင့် မြင့်မြတ်သော အဖွဲ့အစည်း။

မည်သူတို့နည်း။ ငယ်မည် သိဒ္ဓတ္ထ ဟု တွင်သော ဂေါတမ ဗုဒ္ဓ နှင့် သူ၏ နောက်ပါ အဖွဲ့အစည်း တပည့်သာဝက သံဃာများပင်တည်း။ ဂေါတမ ဗုဒ္ဓ ကား သူတည်ရှိခဲ့ရာ ကာလ ဘီစီ - ၅၆၃ မှ ဘီစီ - ၄၈၃ ၊ သက်တမ်း - နှစ်ပေါင်း (၈၀) အတွင်း ဤ လောက၊ ဤ လူ့ဘောင်အတွင်း အအောင်မြင်ဆုံးနှင့် အငြိမ်းချမ်းဆုံးသော အဖွဲ့ အစည်းတစ်ခုကို ဂရုဏာ၊ လေးစားမှုနှင့် ငြိမ်းချမ်းမှုတို့ကို အရင်းပြု၍ ခိုင်ခံ့စွာ ဦးဆောင်လမ်းပြ တည်ထောင် သွားခဲ့ချေသည်။ သူမြင်သကဲ့သို့ သူဟောခဲ့သည်။ သူသိသကဲ့သို့ သူပြောခဲ့သည်။ မချွင်းမချန် အားလုံး အမှန် တရားများသာ ဖြစ်ကြောင်း။ သို့သော် သူလုပ်ခဲ့၊ သူဟောခဲ့သည်များကား သူ့ကိုယ်ကျိုးမဟုတ်၊ ခေါင်းဆောင် ဖြစ်လို၍ မဟုတ်။ လောကအကျိုး၊ အများအကျိုး မျှသာ။ ထို့အပြင် သူပြောတိုင်း၊ ယုံကြည်လောက်သော သူပြော တိုင်း၊ စာထဲပေထဲပါသည်ဟုပြောတိုင်း မျက်စိမှိတ် ယုံစရာမလို၊ ကိုယ်တိုင် လေ့လာသုံးသပ်ပြီး၊ လက်ခံမှ ယုံဟူ သော ရဲရဲတောက် ပြောကြားချက်များ အပါအဝင် သူဟောသော၊ သူပြောသော စကားများအတွင်း၌ပင် သူကဲ့သို့ သော ကြီးကျယ်၊ မြင့်မြတ်သူ ဖြစ်လိုလျင် ဖြစ်နိုင်သောနည်းများကလည်း ပါချေသေး၏။ မည်မျှလောက် ကြီး ကျယ်သော ခေါင်းဆောင် ပါပေနည်း။

(စ)
အနှစ်ချုပ်ရလျင် ခေါင်းဆောင်မှု၊ ခေါင်းဆောင်၊ ခေါင်းဆောင်ကျင့်ဝတ် စသည့် အရာအားလုံးတို့သည် ကမ္ဘာ တည်သရွေ့၊ လူ့ဘောင် အဖွဲ့အစည်းများ တည်ရှိသရွေ့ လူသားတို့၏ လိုအပ်ချက်အရ တည်ရှိနေကြဦးမည့် အရာများဖြစ်ကြ၏။ ဤနေရာတွင် ခေါင်းဆောင်လုပ်သူသည် ဦးစွာ မိမိကိုယ်တိုင် ကမ္ဘာ့ဆန်သော (တစ်ချိန်ချိန် တွင် စကြာဝဠာဆန်လာနိုင်ပြီး၊ ယခုပင် အစပျိုးနေချေပြီ) အမြင်မျိုး၊ အသိဥာဏ်မျိုး ရှိရန်လိုအပ်ပြီး မိမိသိသကဲ့ သို့ မိမိ နောက်ပါ အဖွဲ့အစည်းသိရှိအောင်၊ မိမိမြင်သကဲ့သို့ မိမိနောက်လိုက်လူများ မြင်တတ်အောင် သင်ကြား၊ ဦးဆောင် လမ်းပြတတ်ရန် လိုအပ်မည်ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်နှင့်မဆို လေးစားမှုကို အရင်းခံသော လွတ်လပ်၊ ပွင့်လင်းသည့် ဆက်ဆံရေးမျိုး ထားရှိအပ်၏။ အဆုံးစွန်သော အဓိပ္ပာယ်ကား မိမိ၏ လူ့အဖွဲ့အစည်း တစ်ခုလုံးကို ခေါင်းဆောင်တို့၏ အရည်အချင်းမျိုး နားလည်၊ ဖြစ်ပေါ် တည်ရှိလာအောင် ရည်ရွယ်လုပ်ဆောင်နိုင် သော လွန်စွာမှ ကြီးကျယ်မြင့်မြတ်သည့် ခေါင်းဆောင်မှုမျိုး ပေးခြင်းပင်တည်း။

မှော်ဆရာ
၀၅.၁၁.၂၀၀၈ (ဗုဒ္ဓဟူးနေ့)


REF: Myanmar Entrepreneur Group

Read More...

နာမည်ကြီး စီးပွားရေးသမား မောင်ဝိတ်ကို ထောင် ၁၅ နှစ်ချ

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးအရေးယူထားသော နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်သူ မောင်ဝိတ်ကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေ အသိုင်းအ၀န်း အပါအ၀င် မိသားစုနှင့် နီးစပ်သူများက ပြောသည်။


ပြီးခဲ့သည့် အပတ်က အင်းစိန်ထောင် အထူးတရားရုံးတွင် အဆိုပါ မောင်ဝိတ်ကို ပြစ်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ ရှေ့နေတဦးက ပြောဆိုသည်။


“၁၅ နှစ် ချလိုက်တာကတော့ သေချာတယ်”ဟု အထက်ပါ ရှေ့နေက ပြောသည်။

ထိုသို့ မောင်ဝိတ် ပြစ်ဒဏ် ၁၅ နှစ် ကျခံရသည်ကို သိရှိသော်လည်း ယခုလောလောဆယ် အင်းစိန် ထောင်တွင် ရှိမရှိကိုမူ ၎င်း မသိရှိကြောင်း Maung Weik and Family co.,Ltd မှ အမျိုးသမီးဝန်ထမ်း တဦးကလည်း ပြောသည်။

“ကုမ္ပဏီမှာ အခု ဘယ်သူမှ မထိုင်သေးပါဘူး၊ မိသားစု ဖုန်းနံပါတ်လည်း ပေးလို့မရပါဘူး၊ အခု လောလောဆယ် မိသားစု က ဖုန်းလက်ခံ စကား မပြောဘူးလို့သိရပါတယ်”ဟု ၎င်းက ပြောသည်။

ယခု မောင်ဝိတ် ပြစ်ဒဏ်ချမှတ်ခံရခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီက ဇနီးဖြစ်သူ မယဉ်မင်းသီအား ဆက်သွယ် မေးမြန်းခဲ့သော်လည်း တစုံတရာ ပြန်လည်ဖြေကြားခြင်း မပြုဘဲ ဖုန်းချသွားခဲ့သည်။

ယင်းမောင်ဝိတ်ကို ဇွန်လအတွင်းတွင် အပေါင်းအပါ ၆ ဦးနှင့် အတူ သက်ဆိုင်ရာက အက်တာစီ ဆေးပြား သုံးစြွဲ့ဖန့်ချိမှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက် လမ်းမတော် ရဲစခန်းက မယ (ပ) ၂/၀၈ ၊ မူး/စိတ် ပုဒ်မ ၁၅/၁၆ (င)/၂၁ စသည့် ပုဒ်မများဖြင့် တရားစွဲဆိုခဲ့သည်။

မောင်ဝိတ်နှင့် အတူ ဖမ်းဆီးခံရသူများမှာ မလေးရှားနိုင်ငံသား Mr. Peter Too Huat Haw အပါအ၀င် မောင်နေထွန်းလွင် ၊ မောင်အောင်မင်း ၊ မောင်ကျော်ဖုန်းနိုင် ၊ မောင်ကျော်လှိုင်နှင့် မောင်ကျော်ကျော် ၀င်း တို့ဖြစ်ကြောင်း ဇူလိုင်လအတွင်းက မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြထားသည်။

အသက် (၃၅) နှစ်ရှိ မောင်ဝိတ်သည် ၂၀၀၃ ခုနှစ်မှ စတင်၍ Mr. Peter Too Huat Haw ထံတွင် အက်တာစီဆေးပြားများ ၀ယ်ယူ သုံးစွဲခဲ့ရုံမက ကုမ္ပဏီနှစ်ပတ်လည်နေ့များ ၊ မွေးနေ့ပွဲများတွင် တခြား သူများကိုပါ ဖြန့်ဝေသုံးစွဲစေခဲ့သောကြောင့် အရေးယူခံရခြင်းဖြစ်သည်ဟုလည်း သိရသည်။

ယင်းမူးယစ်ဆေးဝါးများကို အများဆုံး သုံးစွဲသူများမှာ နာမည်ကြီး အနုပညာရှင်များနှင့် စစ်ဗိုလ်ချုပ်ကြီး များ၏ သားသမီးများဖြစ်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ဆေးပြားတပြား၏ တန်ဖိုးမှာ ကျပ် ၆၀၀၀၀ ၀န်းကျင်ရှိသည်ဟု ဆိုသည်။

လူပြောများနေသော သတင်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်သည် ယင်း အက်တာစီဆေးပြားများ သုံးစွဲနေသည်ကို မိဘများ သိရှိသွားခဲ့ရာမှ စတင်၍ မူးယစ်ဆေးဖြန့်ချိသူများနှင့် ဆက်စပ်သူအားလုံးကို ခေါ်ယူစစ်ဆေးရာတွင် မောင်ဝိတ် အပါအ၀င် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့် စသည့် စစ်တပ်အကြီးအကဲများနှင့် နီးစပ်သူများကိုပါ မဖြစ် မနေ ဖမ်းဆီးမှုများရှိခဲ့သော်လည်း အောင်ဇော်ရဲမြင့်ကိုမူ ယခုအချိန်အထိ အရေးယူမှုမရှိသေးကြောင်း သိရသည်။

မူးယစ်ဆေးဝါး သုံးစွဲခြင်း ၊ လက်ဝယ်ထားရှိခြင်း ၊ ရောင်းဝယ် ဖြန့်ချိခြင်းများပြုလုပ်ပါက ထောင်ဒဏ် ၅ နှစ် ၊ ၁၀ နှစ် နှင့် တသက်တကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း စစ်အစိုးရက ထုတ်ပြန်ကြေညာ ထားသည်။


ကိုစိုး
REF: ဧရာဝတီ

Read More...

နိုင်ငံရေး အကျဉ်းသားများကို ထောင်အပြောင်းအရွှေ့ ဆက်လက်ပြုလုပ်

စစ်အစိုးရက ဖမ်းဆီးထားသည့် သံဃာ ၂ ပါး အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူ ၅ ဦးကို မကြာသေးခင် က ပြစ်ဒဏ်များချမှတ်၍ ယနေ့တွင် အင်းစိန်ထောင်မှ ဝေးလံသည့် နယ်ထောင်များသို့ပြောင်းရွှေ့လိုက် ကြောင်း ထောင်ဝန်ထမ်း အသိုင်းအ၀န်းမှ သိရသည်။

အင်းစိန်ထောင် (ဓာတ်ပုံ - flickr.com/clkr)

၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသော သင်္ဃန်းကျွန်းမြို့ နယ် မဂ္ဂင်ကျောင်းတိုက်မှ ဦကောဝိဒနှင့် ဦးစန္ဒာသီရိတို့ကို ရခိုင်ပြည်နယ် ဘူးသီးတောင် ထောင်သို့ လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) လူငယ်အဖွဲ့ဝင် ကိုသိန်းဆွေ နှင့် ဗကသ မှ ကိုစည်သူမောင်တို့ကို စစ်တွေထောင်သို့လည်းကောင်း ပြောင်းရွှေ့လိုက်သည်ဟု အင်းစိန်ထောင် ၀န်ထမ်းတဦးကပြောသည်။

ထို့အပြင်တခြားသော နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးတဦးဖြစ်သည့် မထားထားသက်ကိုလည်း ပဲခူး ထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု ဆိုသည်။

ယခုအပတ် တနင်္လာနှင့် အင်္ဂါနေ့များတွင်လည်း စစ်အာဏာပိုင်များက ပြစ်ဒဏ်ချခံရသည့် နိုင်ငံရေး လှုပ်ရှားသူ ၃၀ ကျော်ကို အင်းစိန်ထောင်မှ နယ်ထောင်များကို ပြောင်းရွှေ့ခဲ့သည်ဟုလည်း အထက်ပါ ထောင်ဝန်ထမ်းက ပြောဆိုသည်။

တချိန်တည်းတွင်ပင် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် ကျခံရပြီးသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၁၃ ဦး ကိုလည်း ယမန်နေ့နှင့် ယနေ့တွင်ရုံးထုတ်ကြောင်းနှင့် လာမည့်သောကြာနေ့တွင် ထပ်မံ၍ ပြစ်ဒဏ် ချမှတ်နိုင်ဖွယ်ရှိကြောင်း သိရသည်။

ထို့အပြင် ထောင်ဒဏ် ၆ နှစ် ခွဲ ချမှတ်ခံရပြီးသော ဗကသ အဖွဲ့မှ ကျောင်းသားလူငယ် ဒီငြိမ်းလင်း ကို လည်း ပဲခူးတိုင်း ထန်တပင်မြို့နယ် တရားရုံးတွင် ယနေ့ရုံးထုတ်သော်လည်း ထပ်မံ၍ ပြစ်ဒဏ် ချမှတ်မှု မပြုလုပ်သေးကြောင်း ရန်ကုန်မြို့မှ နီးစပ်သူတဦးကပြောသည်။

လေဘေးဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး ပြုလုပ်သူများအပါအ၀င် စစ်အစိုးရက ဖမ်းဆီးထားသူ လူ ၄၀ ခန့်ကို ထပ်မံ၍ ပြစ်ဒဏ်များ ချမှတ်နိုင်ဖွယ်ရှိကြောင်းလည်း ထောင်ဝန်ထမ်းအသိုင်းအ၀န်းက ပြောဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ပြောဆိုချက်အရ စစ်အစိုးရက ယခုလအတွင်း နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအ၀င် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ၊ သံဃာတော်များ စသည့် နိုင်ငံရေးလှုပ်ရှားသူ ၁၄၃ ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။


REF: ဧရာဝတီ

Read More...

အညာဒေသတချို့မှာ ကြက်ဆူပင်တွေကို ခုတ်နေကြ

ကြက်ဆူပင်မှာ လောင်စာထုတ်ယူမယ့် မဟာစီမံကိန်းဟာ အခုအခါမှာ ပျက်လုပျက်ခင်ဖြစ်နေကြောင်း ပြည်တွင်း က လာတဲ့သတင်းများအရသိရပါတယ်။ အချို့ဒေသများမှာ စစ်အစိုးအရာရှိကြီးများကို ကြက်ဆူဆီမှာ လောင်စာ ထုတ်ယူပုံကို အဖြစ်သဘောမျိုးပြသခဲ့သော်လည်း တကယ်တမ်းဖြစ်ဖြစ်မြောက်မြောက်ဘာမှ မလုပ်နိုင်ကြသေး ကြောင်း၊ အထက်မြန်မာပြည်ဒေသတချို့မှာတော့ ကြက်ဆူပင်များကို ခုတ်ပြီးဖျက်ဆီးနေကြကြောင်း သတင်းရရှိ ပါတယ်။

အခုလို ကြက်ဆူပင်များကိုခုတ်ပြီး ဖျက်ဆီးနေကြခြင်းဟာ ကြက်ဆူပင်များမှာ နေထိုင်လေ့ရှိတဲ့ မြွေစိမ်းမြီး ခြောက်ကြောင့်ဖြစ်ကြောင်း၊ မြွေစိမ်းမြီးခြောက်ရဲ့ ဦးခေါင်းဟာ တြိဂံပုံရှိပြီး အရည်တပေခန့်ရှိကြောင်း၊ ခန္ဓာကိုယ် အနောက်ဘက်ပိုင်း အမြီးအနီး ၁ လက်မ ကျော်ကျော်ခန့်က မြွေအရေခွံခြောက်လိုဖြစ်နေကြောင်း၊ မြွေစိမ်းမြီး ခြောက်ဟာ ကြက်ဆူပင်မှာ နေထိုင်လေ့ရှိကြောင်း၊ ခန္ဓာကိုယ်အရောင်ဟာ အစိမ်းဖျော့ရောင်ဖြစ်ပြီး လုံးပတ်က လူကြီးလက်မခန့်သာရှိတဲ့အတွက် သစ်ပင်နဲ့ရောနေပြီး သာမာန်အားဖြင့်မတွေ့နိုင်ကြောင်းသိရပါတယ်။

အထက်မြန်မာပြည်ရှိအချို့ဒေသများမှာ ကြက်ဆူပင်မှာနေထိုင်တဲ့ မြွေစိမ်းမြီးခြောက်ကိုက်ပြီး သေဆုံးသူ ၈ ဦးခန့် ရှိနေကြောင်းသိရပါတယ်။ မြွေစိမ်းမြီးခြောက်ဟာ အဆိပ်ပြင်းတဲ့မြွေမျိုးဖြစ်ပြီး ရရှိတဲ့သတင်းများအရ အကိုက်ခံရ သူအားလုံး အသက်ဆုံးရှုံးခဲ့ကြောင်း၊ သက်ဆိုင်ရာဆေးရုံတွေက အဲဒီသတင်းကိုဖုံးကွယ်ထားပြီး ကွယ်လွန်သွား သူတွေရဲ့ မိသားစုများကလည်း သေဆုံးမှုကို ပွင့်ပွင့်လင်းလင်းမပြောရဲကြကြောင်း၊ မိတ်ဆွေများနဲ့ ရပ်ကွက်သူ ရပ်ကွက်သားများကသာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြကြောင်းလည်းသိရပါတယ်။

အခုလိုဖြစ်ပွားကြပြီးနောက် ကြက်ဆူပင်များကိုခုတ်ကာ ထင်းမီးအဖြစ်သုံးစွဲသော်လည်း ညှော်နံ့ထက်တဲ့အတွက် သုံးစွဲလို့မရကြောင်း၊ ကြက်ဆူစေ့ကလည်း များများစားစားမထွက်ရှိတဲ့အပြင် ကြက်ဆူပင် စိုက်ပျိုးဖို့ အတင်း အကြပ်ဖိအားပေးခဲ့တဲ့ ဒေသခံစစ်တပ်မိသားစုများကိုယ်တိုင် ကြက်ဆူပင်များကို ခုတ်လှဲနေကြပြီဖြစ်ကြောင်း၊ လောင်စာဆီ စီမံကိန်းအလားအလာမရှိတော့တဲ့အတွက် ဒေသခံစစ်တပ်အကြီးအကဲတွေကိုယ်တိုင် ကြက်ဆူပင် စီမံကိန်းအပေါ် စိတ်ဝင်စားမှုမရှိတော့ကြောင်း သတင်းများရရှိပါတယ်။

အခုအခါမှာ မြွေစိမ်းမြီးခြောက်အန္တရယ်ကိုကြောက်ရွံ့တဲ့ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အချို့ကလည်း သူတို့ရုံး အနီးတဝိုက်မှာစိုက်ထားတဲ့ ကြက်ဆူပင်များကို ခုတ်ထွင်ရှင်းလင်းပြီးဖြစ်ကြောင်း၊ ရပ်ကွက်အချို့မှာလည်း ကြက် ဆူပင်များကိုခုတ်ပစ်ကြပြီဖြစ်ကြောင်း၊ ရေရှားပါတဲ့ အထက်မြန်မာပြည်မှာ ကြက်ဆူပင်များကို ရေလောင်းကာ တခုတ်တရစိုတ်းပျိုးခဲ့ကြရပြီးနောက် ကြက်ဆူပင်ပေါ်က မြွေစိမ်းမြီးခြောက်ကြောင့်အသက်ဆုံးရှုံးမှုများဖြစ်ပေါ် လာတဲ့အတွက် ဒေသခံများ ဒေါသထွက်နေကြကြောင်း အထက်မြန်မာပြည်မှာ နေထိုင်သူတဦးက ဘားမား တူဒေးကို ပြောပြပါတယ်။

မိတ်ဆွေတဦးကတော့ အခုအဖြစ်အပျက်နဲ့ပတ်သက်ပြီး ”ပြည်သူတွေရဲ့အချိန်တွေ၊ လုပ်အားတွေကို အလဟ ဿ ကုန်ဆုံးစေတဲ့ အဲဒီလိုစီမံကိန်းတွေက တိုင်းပြည်ရဲ့ အခြေအနေကို ပိုမိုဆိုးရွားအောင်လုပ်တာပဲ။ ကြက်ဆူ ပင်တွေ စ စိုက်ကတည်းက ကျွန်တော်တို့တွေပြောပါတယ်။ ဒါတွေဟာ ဘာမှ အကျိုးမရှိဘူးဆိုတာ။ ခက်တာက အဲဒီလို အကျိုးမရှိတာတွေ လုပ်ပြနေရတာကို တိုင်းပြည်အကျိုးအတွက်လုပ်တယ်လို့ ထင်သူတွေက ထင်နေကြ တော့ ခက်တာပဲဗျ။” လို့ မှတ်ချက်ပြုပါတယ်။

REF: Burmatoday

Read More...

Wednesday, November 26, 2008

အရေးနိမ့်ခဲ့ရသော မြန်မာ့ အကြမ်းမဖက် တော်လှန်ရေး (အပိုင်း ၁) - နော်မန် ရိုဘက်စ် စပီရီ

ရန်ကုန်နှင့် တခြားမြို့ကြီးများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းမဖက် ဆန္ဒပြပွဲများကို မြန်မာစစ်အစိုးရ ဖြိုခွင်းချေမှုန်းခဲ့သည်မှာ တနှစ်လည်ခဲ့ပြီ ဖြစ်သည်။

ဤဆန္ဒပြပွဲများက လူအများ မျှော်လင့်မထားဘဲ ပေါ်ပေါက်လာကြပြီး၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုခဲ့ကြသည်။

(ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ)


သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကြောင့် မြန်မာလူထုများ ခံစားနေရသည့်အရေးကို ကမ္ဘာက အချိန် တို အတွင်းမှာပင် အာရုံပြုလာမိစေခဲ့သည်။ အလားတူပင် ဤဆန္ဒပြပွဲများအပြီး ပေါ်ထွက်လာသည့် ရလဒ် ကြောင့် အတိုက်အခံများ ရေရှည်ကြာ အသုံးပြုခဲ့ကြသည့် အကြမ်းမဖက်သော မဟာဗျူဟာက စစ်အစိုးရကို ပြောင်းလဲလာစေရေးအတွက် အလုပ်မဖြစ်နိုင်ကြောင်း သက်သေထင်ရှား ပြသခဲ့သလို၊ မြန်မာစစ်အစိုးရအဖို့ လည်း အကြမ်းဖက်မှုကို အသုံးချလိုက်ခြင်းသည် ၎င်း၏ အားနည်းပျော့ညံ့မှုကို ပြသလိုက်ရာ ရောက်စေခဲ့သည်။

ဤဆန္ဒပြပွဲများသည် စီးပွားရေးအကျပ်အတည်းကြောင့် အလိုအလျောက်ပေါ်ပေါက်လာသည်ဟု အပြင်ပန်းက မြင်ရန် ရှိသော်လည်း၊ အမှန်တွင် ပြည်တွင်းနှင့် ပြည်ပရှိ အတိုက်အခံ အင်အားစုများက စစ်အစိုးရကို အံတုနိုင်ရန် နှစ်ရှည်လများ ပြင်ဆင်ခဲ့သည့် အစီအစဉ်များ၏ ရလဒ်အဖြစ် ပေါ်ထွက်လာချက်ပင် ဖြစ်သည်။ စစ်အစိုးရကို ဆန့်ကျင်နေကြသည့် အတိုက်အခံများကို မြန်မာ့လွတ်လပ်ရေးဗိသုကာတဦးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်နေပြီး သူမက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် အတွက် အကြမ်းမဖက်နည်းနှင့် ဆောင်ရွက်မည်ဟု သံန္နိဌာန်ချမှတ်ထားသူ တဦးလည်း ဖြစ်သည်။ ဤယုံကြည် ချက်ကြောင့်ပင် သူမအပေါ် ကမ္ဘာက လေးစားကြည်ညိုကြရပြီး ငြိမ်းချမ်းရေးနိုဘဲဆု အပ်နှင်းချီးမြှင့်ခံရသူလည်း ဖြစ်သည်။ ဒီမိုကရေစီအရေးတောင်းဆိုသည့် ဆန္ဒပြသူများကို ၁၉၈၈ ခုနှစ်တွင် စစ်သားများက ပစ်ခတ် သတ်ဖြတ်ခဲ့ကြပြီးနောက် ဆယ်စုနှစ် ၂ ခုအကြာ ပြန်ကြည့် လိုက်သောအခါ သူမ ဦးဆောင်သည့် အကြမ်းမဖက် တော်လှန်ရေးတွင်လည်း သိသာထင်ရှားသည့်ရလဒ် ပြစရာမရှိဖြစ်နေရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး၊ ဤအချက်က အတိုက်အခံများအတွက် နိုင်ငံရေးအရ စိတ်ကြီးဝင် ဂုဏ်ယူ ဖွယ် အချက် ဖြစ်စေခဲ့သည်။ ရွေးကောက်ပွဲရလဒ်အတိုင်း အသိအမှတ်ပြုရန် စစ်အစိုးရကငြင်းဆန်ခဲ့သော်လည်း NLD ပါတီနှင့် အနည်းစုသော အတိုက်အခံ တက်ကြွလှုပ်ရှားသူများအဖို့ ဤရွေးကောက်ပွဲရလဒ်ကြောင့် တရားဝင်မှု ရစေခဲ့သည်။ အတိုက်အခံ အများစုက ယနေ့တိုင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးရန် တောင်းဆိုချက်ကို သဲကြီးမဲကြီး ဆက်လက်ဆုပ်ကိုင်ထားဆဲရှိသည်။ သို့သော်လည်း တနှစ်ပြီးတနှစ် ဖြတ်သန်း လာသည်နှင့်အမျှ တရားဝင်မှုကလည်း ပါးလျလာနေခဲ့သည်။ ရွေးကောက်တင်မြှောက်ခံထားရသည့် ကိုယ်စား လှယ်များ၏ ၂၀% က ဤနှစ်များအတွင်း သေဆုံးခဲ့ပြီဖြစ်ပြီး၊ ကျန် ၄၀% မှာ နှုတ်ထွက်ခြင်းရှိသလို၊ ထုတ်ပယ် ခံရခြင်းလည်း ရှိခဲ့သည်။

အတိုက်အခံများဟု ဆိုရာ၌ အမျိုးမျိုးသော နိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်ပါသည်။ ၎င်းအဖွဲ့များအနက် ထင်ရှား သည့် ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဝမ်းကွဲတော်စပ်သူ ဒေါက်တာစိန်ဝင်းဦးဆောင်သည့် အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မြန်မာ နိုင်ငံ ဒီမိုကရေတစ် မဟာမိတ်အဖွဲ့ချုပ် (DAB) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD-LA) စသည့် အဖွဲ့များ ပါဝင်ကြပါသည်။

ထို့အပြင် တပ်ပေါင်းစုအဖွဲ့များလည်း ရှိနေကြသေးသည်။ ဥပမာ မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) စသည့် တပ်ပေါင်းစုများတွင် နိုင်ငံရေးအဖွဲ့မျိုးစုံ နှင့် တိုင်းရင်းသား သူပုန်လက်နက်ကိုင်အဖွဲ့များ ပါဝင်ဖွဲ့စည်းထားကြပါသည်။ ဤအဖွဲ့များက အနောက်နိုင်ငံရှိ အဖွဲ့များဖြစ်ကြသည့် လွတ်လပ်သည့်လူ့ဘောင်အဖွဲ့ (OSI) နှင့် အမျိုးသားဒီမိုကရေစီ ဖွံ့ဖြိုးရေးအဖွဲ့ကြီး (National Endowment for Democracy) စသည်တို့ထံမှ သိသိသာသာ ပံ့ပိုးကူညီမှုများ ရနေကြပါသည်။

ဤအဖွဲ့အများစုက ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို နာယူကြပြီး နိုင်ငံရေးအပြောင်းအလဲများသည် အကြမ်းမဖက်သည့် နည်းလမ်းဖြင့်သာ ရနိုင်သည်၊ ဤသို့လည်း ရယူရမည်ဟု ယုံကြည်ထားကြသူများ ဖြစ်သည်။ ဤအယူအဆကို နယူးယောက်မြို့နှင့် ဂျီနီဗာ အခြေစိုက် အယ်လ်ဗတ် အိန်းစတိန်း အင်စတီကျု (Albert Einstein Institute) ကလည်း ပို၍ခိုင်မာလာစေရန် တွန်းပို့ပေးခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် ၎င်းအဖွဲ့က ပံ့ပိုး ကျင်းပသည့် မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံရေး အန်တုမှုသင်တန်းနှင့် ဆွေးနွေးပွဲများကို မြန်မာဒီမိုကရေစီ အတိုက်အခံအဖွဲ့များအတွင်း လာရောက် ဆွေးနွေးပို့ချခဲ့ကြပြီး သင်တန်းတက်ရောက်သူများတွင် ABSDF, NLD-LA, DAB, NCGUB စသဖြင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ ဤသို့အရေးပါ သည့် သင်တန်းများကို လာရောက်ပို့ချခဲ့သူမှာလည်း အဖွဲ့တည်ထောင်သူ ဒေါက်တာ ဂျင်းရှပ် (Gene Sharp) ကိုယ်တိုင်ဖြစ်သည်။

ဒေါက်တာဂျင်းရှပ်ကိုယ်တိုင်ကိုယ်ကျ မြန်မာအတိုက်အခံများနှင့် ဆက်စပ်ပတ်သက်နေမှုကို စစ်အစိုးရ၏ အတွင်း ရေးမှူး - ၁ ဗိုလ်ချုပ်ကြီးခင်ညွန့်က ၁၉၉၇ ခုနှစ်၊ ဇွန်လ သတင်းစာရှင်းလင်းပွဲတွင် နာမည်ဖော်ပြ၍ တိတိကျကျ စွပ်စွဲလာခဲ့သည်။ အကြမ်းဖက်သမားများကို နိုင်ငံရပ်ခြားက ကူညီထောက်ပံ့နေသည်ဟု ပြောဆိုစွပ်စွဲခဲ့သည်။ တကယ်တော့ ပြစ်တင်ရှုံ့ချရမည့်အစား ဗိုလ်ချုပ်ခင်ညွန့်က ဂျင်းရှပ်ကို ဂုဏ်ပြုရန်ပင် သင့်သေးသည်။ အကြောင်း မှာ အကြမ်းမဖက်ရေး အယူအဆကို လာရောက်ဟောပြော မြှင့်တင်ပေးနေသူ ဖြစ်သောကြောင့်ပင်။

အတိုက်အခံအင်အားစုများက အကြမ်းမဖက်နည်းကို ဆုပ်ကိုင်နေကြစဉ်တွင် စစ်အစိုးရအဖို့ အကြောက်တရားကို တဦးတည်း ချုပ်ကိုင်ချယ်လှယ်ခွင့် ရသွားစေခဲ့သည်။ ဤသို့ အကြောက်တရားဖြင့် စိုးမိုး၍ ၎င်း၏ အနေအထား ကို ပိုမိုခိုင်မာစေခဲ့သည်။ မြန်မာလူမျိုးများ၏ ဘ၀ကို နောက်မျိုးဆက်များစွာတိုင် ဖျက်စီးခွင့်ရစေခဲ့ပြီး အချို့သော ဖြစ်ရပ်များတွင် စစ်အစိုးရလက်ချက်ကြောင့် အသက်ဆုံးရှုံးရမှုများလည်း အများအပြား ရှိခဲ့သည်။ ထိုထက်ဆိုရ လျှင် အကြမ်းဖက်မှုကြောင့် ဖြစ်လာမည့်အကျိုးဆက်များကို ပစ်ပယ်ခဲ့သောကြောင့်လည်း စစ်အစိုးရကို ဆွေးနွေး ပွဲစားပွဲခုံပေါ်သို့ ရောက်လာစေရန် တွန်းပို့နိုင်မည့်အင်အားတခုကို လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။

ထိုထက်ပိုသည်မှာ အကြမ်းမဖက်မှုကို အလေးပေးမြှင့်တင်ခဲ့ခြင်းကြောင့်လည်း စစ်အစိုးရကို အန်တုမည့် အတိုက်အခံ အင်အားစုများအကြား ညီညွတ်ရေးကို အားလျော့စေခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်၏ ပရိယာယ်ကြွယ်ဝ မှုအောက်တွင် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုအများ လက်နက်ချခဲ့ကြသည်။ သူတို့အဆိုအရ "အလင်း ၀င်" ခဲ့ကြသည်။ အနည်းဆုံး အပစ်အခတ်ရပ်စဲရေး အဆင့်အတန်းကို လက်ခံအောင် စစ်အစိုးရက စွမ်းဆောင် နိုင်ခဲ့သည်။ ဤအဖွဲ့များအတွက် ဗိုလ်ချုပ်ခင်ညွန့်က မက်လုံးအမျိုးမျိုးပေး၍ အသုံးပြုခဲ့သလို၊ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များ၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန်လည်း စစ်အစိုးရက လုပ်ဆောင်နိုင်ခဲ့သည်။ အကြမ်းမဖက် ရေး နည်းနာကို မြှင့်တင်ခဲ့ခြင်းကြောင့်လည်း ၎င်းအဖွဲ့ခေါင်းဆောင်များအနေနှင့် လာဘ်လာဘများ မျှော်ကိုး လက်ခံရန် ပို၍ အဆင်ပြေစေခဲ့သည်။

စစ်အစိုးရက တိုင်းရင်းသားသူပုန်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင်မှု ကြောင့် တဖက်တွင် အတိုက်အခံအင်အားစုများအတွင်း အကွဲအပြဲကို အမြဲခြောက်လှန့်ခံနေခဲ့ကြရသလို၊ အကျိုး စီးပွားအရ မတူကွဲပြား ပဋိပက္ခ ဖြစ်စရာများလည်း ပေါ်ပေါက်လာစေခဲ့သည်။ အမှန်တကယ် အပြောင်းအလဲကို ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာစေနိုင်သည့် "ရွှေဝါရောင်တော်လှန်ရေး" ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များက မပူပေါင်းခဲ့ကြသလို၊ နောက်ပြန်ဆွဲသလို ရှိစေခဲ့သည်။ သူတို့အများက ရွှေဝါရောင်တော်လှန်ရေးကို ထိုင် ၍ စောင့်ကြည့်နေကြသည်။ ဖြစ်နိုင်သည်မှာ အကယ်၍ လက်နက်ကိုင် ပုန်ကန်ထကြွမှုများသာ ပြန်ဖြစ်လာပါက သူတို့၏ သတ္တုတွင်းနှင့် အခြား စီးပွားရေး အကျိုးစီးပွားများ ပျက်စီးဆုတ်ယုတ်ရချည့်ဟု တွေးထင်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ နောက်ဆုံးရလဒ်မှာ စစ်အစိုးရက လက်နက်မဲ့ ဆန္ဒပြသူများနှင့် သံဃာများအပေါ် စစ်တပ် အင်အားကို ထင်သလိုသုံး၍ ချေမှုန်းနိုင်ရန် ဖြစ်စေခဲ့တော့သည်။

ကိုယ်ကျိုးစီးပွားများနှင့် လောဘဖြစ်လာစေသည့် မက်လုံးများကြောင့် ထိခိုက်ရသည်မှာ အပစ်အခတ်ရပ်စဲရေး အုပ်စုများနှင့် ငြိမ်းအဖွဲ့များမှသာမဟုတ်။ မြန်မာစစ်တပ်နှင့် ရှေ့တန်းကွင်းထဲတွင် လက်တွေ့တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင် အချို့အပေါ်တွင်ပါ သက်ရောက်မှု ရှိလာစေခဲ့သည်။ ထိုင်းစစ်တပ်၏ အဆင့်မြင့် အရာရှိတဦး၏ အဆိုအရ စစ်အစိုးရက ရတနာ-ရဲတံခွန်ဓါတ်ငွေ့ပိုက်လိုင်းများမှ ဆက်လက်၍ အကျိုးအမြတ် ထုတ်ယူနိုင်ခြင်းမှာ ၎င်းဒေသရှိ သူပုန်တပ်ဖွဲ့များကလည်း စစ်အစိုးရထံမှရော၊ ထိုင်းအာဏာပိုင်များထံမှပါ ငွေကို ယူ၍ တိတ်တဆိတ်ခွင့်ပြုထားသောကြောင့်ဟု ဆိုသည်။ ဤသို့ငွေယူ၍ အများအတွက် ထိခိုက်နစ်နာ အကျိုး ပျက်ဖွယ်ဖြစ်သည့် ဓါတ်ငွေ့ပိုက်လိုင်းကို ခွင့်ပြုထားကြပါသည်။ စစ်အစိုးရအတွက် နိုင်ငံခြားဝင်ငွေ နောက်ထပ်ရရှိ စေမည့် တတိယပိုက်လိုင်းကို ထိုဒေသတွင်ပင် ယခုနှစ် ခြောက်သွေ့ရာသီ၌ ထပ်မံတည်ဆောက်ကြဦးမည်ဟု သတင်းများ ရရှိထားပါသေးသည်။

REF: ဧရာဝတီ

Read More...

ဒေါ်စုကို Club of Madrid အဖွဲ့က ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်

ဒီမိုကရေစီ တိုးတက်ပြန့်ပွားရေး ရည်ရွယ်ချက်ဖြင့် ကမ္ဘ့ထိပ်တန်း နိုင်ငံခေါင်းဆောင်ဟောင်းများ၊ ပညာရှင်များနှင့် ဖွဲ့စည်းထားသည့် စပိန်နိုင်ငံအခြေစိုက် “Club of Madrid” အဖွဲ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်လိုက်ကြောင်းသိရသည်။

၎င်းအဖွဲ့၏ ဒါရိုက်တာတဦးဖြစ်သည့် နော်ဝေးနိုင်ငံသမ္မတဟောင်း Kjell Magne Bondevik က “ဒေါ်အောင်ဆန်း စုကြည်ကို ကမ္ဘာက အလေးထားရတဲ့ အကြောင်းကတော့ သူ့နိုင်ငံ သူ့ပြည်သူတွေ လွတ်လပ်ရေးအတွက် ကျနော်တို့ရဲ့ လွတ်လပ်မှုကိုအသုံးပြုပြီး ဆောင်ရွက်ပေးဖို့ စွမ်းဆောင်နေသူ တဦးဖြစ်လို့ပါပဲ” ဟု ပြောသည်။

သူက ဆက်လက်ပြီး “ဒီမိုကရေစီကို ဦးတည်တဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို ထပ်မံ တောင်းဆိုပါတယ်” ဟုလည်း ပြောသည်။

အဆိုပါ “Club of Madrid”ကို ဒီမိုကရေစီ တိုးတက်ပြန်ပွားရေးရည်ရွယ်ချက်ဖြင့် ၂၀၀၁ ခု အောက်တိုဘာလ က စပိန်နိုင်ငံတွင် ပြုလုပ် သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆွေးနွေးပွဲမှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် အမေရိက၊ ဥရောပ၊ အာဖရိက၊ အာရှ စသည့် နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင် ၃၅ ဦးနှင့် ကမ္ဘာတ၀န်းရှိ ပညာရှင်များ၊ မူဝါဒရေးရာ ကျွမ်းကျင်သူများ ၁၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုနှစ် ဧပြီလအတွင်းကလည်း အမေရိကန်အထက်လွှတ်တော်က အရပ်သားများကို ချီးမြှင့်သည့်ဆုများထဲမှ အမြင့်ဆုံး ရွှေတံဆိပ်ဆု ကို ဒေါ်အောင်ဆန်းဆုကြည်အား ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ၎င်းသည် နိုဘဲလ်ငြိမ်ချမ်းရေးဆု အပါအဝင် နိုင်ငံတကာဆုပေါင်းများစွာကို ရရှိထားသူလည်းဖြစ်သည်။

ဒေါ်အောင်ဆန်းဆုကြည်သည် ၁၉၉၀ ခုနှစ်တွင် နော်ဝေးနိုင်ငံက နိုဘဲလ်ငြိမ်းချမ်းရေးဆုကို လက်ခံရရှိထားသော်လည်း ကမ္ဘာ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များထဲတွင် တဦးတည်းသော နေအိမ်အကျယ်ချူပ် အကျဉ်းချခံနေရဆဲဖြစ်သည်။

သူသည် ၂၀၀၃ ခုနှစ်မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်ကာ နေအိမ်အကျယ်ချူပ်ဖြင့် ထိန်းသိမ်းခံဘဝဖြင့် ၅ နှစ်ပြည့်ပြီဖြစ်သော်လည်း စစ်အစိုးရက ယခုနှစ်မေလတွင် အကျယ်ချူပ်သက်တမ်း တနှစ် ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှစ၍ ယနေ့အထိ နေအိမ်အကျယ်ချူပ် နေရချိန်စုစုပေါင်း ၁၃နှစ်ရှိပြီဖြစ်သည်။

ထို့အတူ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) ကိုလည်း အမေရိကန်အခြေစိုက် Medeleine K.Albright Grant အဖွဲ့က 2008 Albright Grant ဆုကို ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

၎င်းဆုကို ချီးမြှင့်ခြင်းသည် ကမ္ဘာပေါ်ရှိ အမျိုးသမီများ၏ နိုင်ငံရေးအသိစိတ်ကို နိုးကြားမြှင့်တင်သည့်အနေဖြင့် အမျိုးသမီးအဖွဲ့အစည်း များကို ထောက်ပံ့ချီးမြှင့်ခြင်းဖြစ်သည်။

WLB သည် တိုင်းရင်းသားအမျိုးသမီးအဖွဲ့အစည်း ၁၂ ဖွဲ့တို့ဖြင့်ဖွဲ့စည်းထားပြီး ၁၉၉၉ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဖွဲ့စည်းသည့် ပထမဆုံး အမျိုသမီးအဖွဲ့အစည်းဖြစ်သည်။

WLB သည် အမျိုးသမီးများ၏ အရည်အချင်းမြှင့်တင်ခြင်းစသည့် အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်လုပ်ကိုင်လာစေရန်အတွက် လှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

အေးလဲ့
REF: ဧရာဝတီ

Read More...

နိုင်ငံခြားသားပိုင်အပ်ချုပ်စက်ရုံ အလုပ်သမားများ ပိုင်ရှင်အရိုက်ခံနေရ

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန်ရှိ ကိုရီးယားအမျိုးသားပိုင် စက်ချုပ်အလုပ်ရုံမှ စက်ရုံစူပါဗိုက်စာ မြန်မာအမျိုးသမီးတဦး အလုပ်သမားများ အခွင့်အရေး မရသည့်အတွက်ဆိုပြီး နုတ်ထွက်သွားခဲ့ သည်။

ကိုရီးယားအမျိုးသားများဖြစ်သော မစ္စတာလီနှင့် မစ္စတာဝိန်း ဆိုသူတို့ ပိုင်ဆိုင်သည့် အဆိုပါစက်ရုံတွင် အလုပ် လုပ်ကိုင်နေကြသော အလုပ်သမများအနေဖြင့် တလလျှင် အခြေခံလစာ (၃၅,၀၀၀) ကျပ်သာရရှိပြီး တနေ့လျှင် အလုပ်သမတဦးအနေဖြင့် အထည် (၆၀) ပြည့်အောင် ချုပ်ပေးရသည်ဟု အလုပ်မှနုတ်ထွက်ခဲ့သူ စူပါဗိုက်စာ မနီနီမာက ပြောသည်။

ထိုသို့သတ်မှတ်ထားသော ကိုယ်တာကို ပြည့်အောင်မအပ်နိုင်ပါကလည်း ပိုင်ရှင်များက အလုပ်သမများအား ဆူပူ ကြိမ်းမောင်းရိုက်နှက်ကြသည်ဟုလည်း သိရှိရသည်။ ယင်းသို့ ရိုက်နှက်ခံရကြောင်း အမည်မဖော်လိုသည့် အလုပ် သမတဦးက “ကျမတို့ အလုပ်သမတယောက်ကို တနေ့ကို အထည် (၆၀) အပ်ရပါတယ်။ တကယ်လို့ ကျမတို့ မအပ်နိုင်ရင် အနည်းဆုံးတော့ အဆူအဆဲခံရပါတယ်။ တခါတလေမှာဆိုရင် အရိုက်ခံရတာလည်းရှိပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စက်ရုံပိုင်ရှင် မစ္စတာလီအား ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ စက်ရုံပိုင်ရှင် အနေဖြင့် တစုံတရာပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

စက်ရုံတွင် စုစုပေါင်း အလုပ်သမား (၁,၀၀၀) ကျော်ရှိပြီး အလုပ်သမားများသောက်ရန်အတွက် ရေသန့်ဘူးကြီး (၆၀) ကိုသာ ထားရှိပေးသည့်အတွက်လည်း အလုပ်သမားများအနေဖြင့် သောက်ရေအတွက် အခက်ဖြစ်နေကြရ သည်ဟု နုတ်ထွက်လာသူ စူပါဗိုက်ဇာ မနီနီမာက ပြန်လည်ပြောကြားခဲ့သည်။ အလုပ်ဆင်းချိန်မှာလည်း နံနက် (၉) နာရီမှ ည (၁၀) နာရီအထိဆင်းကြရပြီး နေ့လယ်စာစားချိန်အဖြစ် မိနစ် (၃၀) သာ နားချိန်ပေးသည်ဟုဆို သည်။

မနီနီမာက လုပ်ငန်းခွင့်အခြေအနေများကို ဆက်လက်ရှင်းပြရာ “ကျမတို့ အလုပ်သမတွေ အနေနဲ့ အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာရခဲ့ရင်လည်း တရုတ်နီ လိမ်းဆေးသာပေးပြီး မည်သည့် ဆေးကုသခွင့်ကိုမျှမရရှိကြောင်း၊ စက်ရုံ တွင် သောက်သုံးရေ မလုံလောက်လို့ အိမ်ကနေ ရေဘူးထည့်လာရင်လည်း ထည့်လာခွင့်မရှိဘူး။ တကယ်လို့ ထည့်လာရင်လည်း ဒဏ်ငွေ (၅,၀၀၀) ကျပ်ကို ဖြတ်တာခံရပါတယ်။ အခြားသော နာမကျန်းကိစ္စနဲ့ အလုပ်ပျက် ရင်လည်း တရက်ပျက်ခ ဒဏ်ငွေ (၅,၀၀၀) ကျပ်ကို ပေးဆောင်ရပါတယ်။ အဆိုးဆုံးကတော့ ကျမတို့ဟာ မြန်မာ အမျိုးသမီးတွေဖြစ်တာကြောင့် အလုပ်ကိုသွားတဲ့အခါ ပါးမှာ သနပ်ခါးကို လိမ်းသွားကြပါတယ်။ ဒါဟာလည်း မြန်မာ့ယဉ်ကျေးမှုတခုပါ။ ဒါပေမယ့် အလုပ်ကိုရောက်တဲ့ အခါမှာတော့ သနပ်ခါးလိမ်းလာတဲ့ အလုပ်သမကို ပိုင်ရှင်များက ခေါ်ပြီး ဆီချေးတွေပေနေတဲ့ အ၀တ်ကို ရေစွတ်ပြီး အတင်းဆွဲဖျက်တာကို ခံကြရပါတယ်။ ကျမတို့ လုပ်ခဲ့တဲ့ အဲဒီ (UVI) အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးဆိုလို့ ဘာတခုမှ မရခဲ့ပါဘူး။ ကျမလို စူပါ ဗိုက်ဇာတယောက်တောင် ဒီလိုအဖြစ်တွေနဲ့ ကြုံခဲ့ရတယ်။ ဒါကြောင့်မို့လို့လည်း ကျမနုတ်ထွက်ခဲ့တာပါ” ဟု ပြော သည်။

မြန်မာနိုင်ငံတွင်း လာရောက်လုပ်ကိုင်နေကြသော နိုင်ငံခြားသားပိုင် စက်ရုံများအနေဖြင့် မြန်မာအလုပ်သမားများ အပေါ်တွင် ယခုကဲ့သို့ ဆက်ဆံရေးများ ထားရှိနေသော်လည်း အလုပ်သမားများအနေဖြင့် သူတို့ကို ကူညီနိုင်စရာ နေရာ၊ ကူညီမည့်သူမရှိ ဖြစ်နေကြောင်းလည်း သိရှိရသည်။

မြင့်မိုးဇော်
REF: ခေတ်ပြိုင်

Read More...

သံဃာတော်များကို စစ်အစိုးရ ဖြိုခွဲရန်ကြံစည်

နိုင်ငံတော်သံဃမဟာနယက (မဟန) အဖွဲ့ (၄၇) ပါးစုံညီအစည်းအဝေးကို နိုဝင်ဘာ (၂၂-၂၃) ရက်နေ့တို့တွင် ကျင်းပခဲ့ရာ ယင်းအစည်းအဝေးသည် နအဖက မဟနကို လက်ကိုင်တုတ်ပြုကာ သံဃာတော်အင်အားကို ဖြိုခွဲရန် ကြံစည်ခြင်းသာဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ပရိယတ္တိစာသင်တိုက်ကြီးတခုမှ ဆရာတော်တပါးက မိန့်ဆိုသည်။

ဆရာတော်က “မြန်မာနိုင်ငံမှာ သံဃာအင်အားက (၅) သိန်းကျာ်ရှိနေပြီး စစ်သားဦးရေနဲ့ အပြိုင်ဖြစ်နေတော့ နအဖက သံဃာဦးရေကို လျော့ချဖို့ ကြံစည်နေတယ်။ စက်တင်ဘာအရေးအခင်းအပြီးမှာ ဒီကိစ္စကို ကိုင်တွယ်ဖို့ ကြိုးစားလာကြတာ ဖြစ်မယ်။ ဒါ့ကြောင့် သံဃာတွေအနေနဲ့ကလည်း ဒီကိစ္စကို သတိထားကြရတော့မယ်” ဟု မိန့်တော်မူသည်။

ယင်းအစည်းအဝေးတွင် သာသနာရေးဝန်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင်က ထေရ၀ါဒ ဗုဒ္ဓသာသနာတော်နှင့် မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို အရေးယူတားဆီးကာကွယ်ရန် ဆောင် ရွက်ခွင့်ရှိဟု လျှောက်ထားခဲ့ပြီး (၅) သိန်းကျော်မျှသော သံဃာထုကြီးကိုလည်း ဘုရားဥပဒေ၊ နိုင်ငံတော်ဥပဒေ၊ အဖွဲ့အစည်းဥပဒေ၊ လူမှုဥပဒေများနှင့် အညီအညွတ်ဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးရပါသည်ဘုရားဟု လည်း ထည့်သွင်းလျှောက်ထားခဲ့သည်။

“သံဃာ့အထက်မှာ ဘုရားဥပဒေပဲရှိတယ်။ ဘုရားရှင်ပညတ်ထားတဲ့ ၀ိနည်း သိက္ခာပုဒ်တွေပဲရှိတယ်။ ၀ိနည်း သိက္ခာပုဒ် မစောင့်ထိန်းတဲ့ ပုဂ္ဂိုလ်သာ သံဃာအဖြစ်က လျော့ကျပြီး တခြားသော ဥပဒေဘောင်တွေအောက် ရောက်ရှိသွားမယ်။ သံဃာ့အပေါ်မှာ နိုင်ငံတော်ဥပဒေ၊ လူမှုဥပဒေဆိုတာတွေနဲ့ ထိန်သိမ်းပေးရတယ်ဆိုတာ အဓိပ္ပာယ်ကို မရှိဘူး။ ၀ိနည်းသိက္ခာပုဒ်ကို စောင့်ထိန်းနေသမျှ၊ ပါရာဇိက မကျသမျှ သံဃာဟာသံဃာပါပဲ။ ဒီလို သံဃာတွေကို ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းတာဟာ သံဃာကို ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းတာပဲဖြစ်တယ်” ဟု ဆရာ တော်က ဆက်လက်မိန့်ဆိုသည်။

အခြားဆရာတော်တပါးကလည်း “သူတို့က ကြီးသောအမှုငယ်စေ၊ ငယ်သောအမှု ပပျောက်အောင် ဆောင်ရွက် ပေးနေတယ်လို့လည်း ဆိုထားတယ်။ ဒါဆိုရင် ပခုက္ကူ သံဃာတော်တွေ ကိစ္စမှာ ဘာဖြစ်လို့ မတောင်းပန်ခဲ့တာ လဲ။ တောင်းပန်လိုက်ရင် ပျောက်ပျယ်သွားမယ့်ကိစ္စကို ဘာဖြစ်လို့ မလုပ်ခဲ့တာလဲ။ မဟန ကရော ဘာဖြစ်လို့ မတိုက်တွန်းခဲ့တာလဲ” ဟု မေးခွန်းထုတ်တော်မူသည်။

အဆိုပါအစည်းအဝေးတွင် မဟန ဥက္ကဋ္ဌ မကွေးဆရာတော် ဘဒ္ဒန္တကုမာရက သာရဏီယသြ၀ါဒကထာ မြွက်ကြား ရာ အချို့ ရဟန်းများကလည်း ထေရ၀ါဒ ဗုဒ္ဓသာသနာမှေးမိန်ကွယ်ပျောက်၍ မဟာယန သာသနာ ဖြစ်ပေါ် အောင် လုပ်ဆောင်နေကြသည်ကိုလည်း ကြားသိနေရပါသည်ဘုရား။ ထိုအဓမ္မ၀ါဒကို ပြန်လည်ဟောပြောနေမှု၊ အဓမ္မ၀ါဒ စာအုပ်စာတမ်းများကို မိတ္တူကူး၍ ဖြန့်ချိနေမှု စသည်တို့ကို သက်ဆိုင်ရာမှ စုံစမ်းစိစစ်၍ ဖော်ထုတ် အရေးယူသင့်ပြီဖြစ်ကြောင်းကိုလည်း လျှောက်ထားအပ်ပါသည်ဘုရား ဟူ၍ ထည့်သွင်းပြောဆိုခဲ့မှုအပေါ် “ဒီကိစ္စ က သံဃာတော်တွေကို သူတို့မကျေနပ်ရင် မကျေနပ်သလို အရေးယူဖို့ ကြိုတင်လမ်းကြောင်းထားတဲ့ သဘောပဲ။ အတိုက်အခံလုပ်တဲ့ သူတွေကို ဗုံးခွဲမှုနဲ့ ပတ်သက်တယ် ဘာညာဆိုပြီး စွပ်စွဲသလိုပေါ့။ သံဃာတွေကိုလည်း စွပ်စွဲပြီး ဒကာ၊ ဒကာမတွေ ထင်ရောင်မြင်မှားဖြစ်အောင် လုပ်လို့ရအောင် ကြိုတင်လမ်းကြောင်းထားတာမျိုးပဲ။ စာအုပ်စာတမ်းတွေဆိုလည်း ဘယ်စာအုပ်တွေဖြစ်တယ်ဆိုတာ အတိအလင်း မဖော်ပြသေးဘဲ အဆုတ်၊ အတက် လုပ်လို့ရအောင် ချန်လှပ်ထားသေးတယ်” ဟု သံဃာတော်တပါးက သုံးသပ်ပြောဆိုသည်။

“နောက်ပြီး သူတို့က ပြည်တွင်းသံဃာတွေ သံဃာ့ဥသျှောင်အဖွဲ့နဲ့ ဆက်သွယ်နေတာတွေကိုလည်း မကြိုက်ဘူး။ နိုင်ငံမှာ မဟန တဖွဲ့တည်းရှိတယ်။ မဟနနောက်ကိုပဲ လိုက်ရမယ်ဆိုတဲ့ သဘောမျိုးပဲ။ ဒါပေမယ့် မဟန ကိုယ်တိုင်က နအဖ အလိုကျ လိုက်လုပ်နေရတယ်။ ဒီလျှောက်ထားချက်တွေ၊ သြ၀ါဒကထာတွေဆိုတာလည်း နအဖ ရေးထားသမျှ ဖတ်ပြနေကြရတာပါ။ အများဆုံးရေးတာက အကြံပေးပုဂ္ဂိုလ်ဆိုတဲ့ အံ့မောင်ပဲ။ သူက သန်းရွှေရဲ့ အကြံပေးလည်းဖြစ်တယ်” ဟု ဆက်လက်မိန့်ဆိုသည်။

နအဖ အနေဖြင့် ၂၀၀၇ စက်တင်ဘာ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲအပြီး သံဃာတော်များအပေါ် သဘောထား တင်းမာမှုများရှိပြီး ၎င်းတို့ သတင်းစာများတွင် သံဃာတော်များနှင့် စပ်လျဉ်းသော သတင်းများ၊ ဓာတ်ပုံများကို ထည့်သွင်းခွင့် မပြုတော့ကြောင်း၊ ယခု ၎င်းတို့ လက်ကိုင်တုတ်ပြုမည့် မဟန အစည်းအဝေး ဓာတ်ပုံများကိုပင် ယခင်နှစ်များကကဲ့သို့ သံဃာတော်များ၏ပုံကို ထင်ရှားစွာ မဖော်ပြတော့ကြောင်း သံဃာတော်များက ထောက်ပြ မိန့်ဆိုသည်။

ထေရ၀ါဒနှင့် မညီသော ဆောင်ရွက်မှုများကို အရေးယူသွားမည်ဆိုသော သာသနာရေးဝန်ကြီးသည် ဆဌမ အကြိမ် မဟန အစည်းအဝေးဖွင့်ပွဲအပြီးတွင် ယင်းနေ့မှာပင် ကျင်းပသော ၂၀၀၈-၂၀၀၉ ဟာဂျီလောင်းများ ဂုဏ်ပြုပွဲနှင့် ဒီပါဝလီ ညစာစားပွဲများသို့ တက်ရောက်ခဲ့ပြီး နေ့စဉ်ထုတ်သတင်းစာများကလည်း ယင်းသတင်းနှင့် ဓာတ်ပုံများအား သတင်းစာမျက်နှာထိပ်ပိုင်းက ဖော်ပြပေးခဲ့ကြသည်။

မင်းနိုင်သူ
REF: ခေတ်ပြိုင်


Read More...

Tuesday, November 25, 2008

အမိန့်မချခင် (၁၀) မိနစ်အလို၌ ရေးသားထားသော ဇေယျာသော် နှိုးဆော် ချက်,,,




REF: ကိုထိုက်

Read More...

Friday, November 21, 2008

ကယ်တင်ရှင် ရှာဖွေမိခြင်း

ကျွန်တော်တို့ တိုင်းပြည်မှာ ဘာများ ကျန်သေးလဲလို့ ကျွန်တော် တွေးမိပါတယ်။

ကျွန်တော် “စ” တွေးမိတာက …

၁။ စီးပွားရေ
သာမန် ပြည်သူပြည်သားတွေရဲ့ ယေဘုံယျ (တရားနည်းလမ်း မှန်မှန် သမာအာဇီဝနဲ့ ရတဲ့) ဝင်ငွေက တရက်ကို အမေရိကန် ၁ ဒေါ်လာ အောက်မှာပဲရှိပါတယ်။ ထမင်းရည် ရောင်းဝယ်ဖောက်ကားတဲ့ ဈေးကွက်ကလည်း တော် တော် ကျယ်ပြန့်လာပါတယ်။(သမိုင်းထဲက သာလွန်မင်းတရားကြီး အသက်ရှင်လျက်ရှိရင် ဘာပြောမလဲ မသိ။)

အဲ .. နေ့စဉ် ကြားနေရတဲ့သတင်းတွေကတော့ .. ဘယ်နေရာမှာ လုခံလိုက်ရပြန်ပြီ၊ ဘယ်နေရာမှာ ဖောက်ထွင်း သွားလို့၊ ... နေ့လည်ခင်းကြီး မြို့လယ်ခေါင်မှာ ရိုက်လုခံရလို့တဲ့။ ကျွန်တော့် မေးလ်ထဲလည်း အဲဒီလို သတင်း တွေ မကြာခဏ ပို့ကြပါတယ်။ တစ်ခုခြင်းအတွက်ဆို သာမန်ဒုစရိုက်မှုလို့ ယူဆလို့ရပေမယ့် အဲလို အမှုတွေ တိုင်းပြည်မှာ နေ့စဉ် လူတိုင်းတွေ့မြင်ခံစားလာရတာကတော့ နိုင်ငံ့အရေး ဖြစ်လာလို့နေပါတယ်။

မေးလ်တစ်စောင်က သူ့ဆရာမ တစ်ယောက် ရန်ကုန်မြို့လယ်မှာ နေ့လည်ခင်း အလုခံရလို့တဲ့၊ နောက် တစ်ယောက်က အိမ်နားက အဘွားကြီး တစ်ယောက်ကို ထုရိုက်ပြီး လုသွားတယ်တဲ့၊ အခြားတစ်ယောက်က လည်း ရင်းနှီးတဲ့လူတွေ၊ အချင်းချင်းတွေ ငွေချေးပြီး မထင်ရလောက်အောင် ပြန်မပေးနိုင်ကြတာကို တွေ့ရတယ် တဲ့။ နယ်တွေမှာ ဆိုင်ကယ်တွေနဲ့ အုပ်စုဖွဲ့ပြီး လုယက်နေကြတယ်တဲ့။ ကျောင်းသူတစ်ယောက် ဒါးထိုးခံရပြီး အလုခံလိုက်ရတယ်တဲ့။

သတင်းတွေပေါ့၊ ပြန်ကြည့်လိုက်တော့၊ အခြားနိုင်ငံမှာလို စိတ္တဇ လူသတ်သမားတို့၊ ဆေးကြောင်ပြီး သေနတ်နဲ့ ပစ်တာတို့၊ ဘိန်းအရောင်းအဝယ် လုပ်တာတို့ထက် ... ငွေကြေးရလိုမှုကို အခြေခံတဲ့ လုယက်မှုတွေသာများနေ တာကို တွေ့ရပါတယ်။ အမှုဖြစ်ရာ နေရာတွေ ပြန်ကြည့်လိုက်တော့ မြို့လယ်ထဲမှာ ဖြစ်နေတာတွေ တွေ့ရပါတယ်။ (အခြားနေရာတွေက သတင်းမရနိုင်တာကြောင့် အဲဒီနေရာတွေမှာ မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။)

ညငှက် မိန်းကလေးတွေ များလာတယ်တဲ့။ ပြန်ကြည့်လိုက်တော့ ငွေကြေးကိစ္စ အခြေခံတာ များနေပါတယ်။ ဟော .. ထိုင်းမှာ တရားဝင်ရော၊ တရားမဝင်ရော မြန်မာအလုပ်သမား သိန်းချီ ရှိတယ်တဲ့၊ စင်္ကာပူမှလည်း မနည်း ပါဘူး။ မလေးရှားမှာ ဒုနဲ့ ဒေး။ အခြား နိုင်ငံတွေမှာလည်း တော်တော်များများ ရှိကြပါတယ်။ အဲဒီလူတွေထဲမှာ ၁% လောက်သာ ပညာနဲ့ ထိုက်ထိုက်တန်တန် အလုပ်လုပ်နေကြရပေမယ့် ကျန်တာကတော့ အလုပ်ကြမ်းသမား တွေပါ။ အားလုံး ဘာအတွက် အဲလို ဒုက္ခခံနေရတာလဲ ...။ အဖြေက တိုင်းပြည်မှာ စီးပွားရေး အဆင်မပြေလို့ပါ တဲ့။

ဒါဆို တိုင်းပြည်ရဲ့ သာမန်လူများစုမှာ စီးပွားပျက်လာတာကို သေချာမြင်နေရပါပြီ။ တိုင်းပြည်ပျက်ခြင်း အကြောင်း အရင်း နံပါတ် (၁) ပေါ့။

၂။ ဘာသာရေး
အထူးပြောနေဖို့ လိုမယ်မထင်ပါဘူး။ ၂၀၀၇ စက်တင်ဘာ ကိစ္စ။ မြန်မာ့သမိုင်း၊ ဗုဒ္ဓဘာသာသမိုင်းရဲ့ ဖျက်လို့ လုံးဝမရနိုင်တော့တဲ့ သမိုင်းဝင် အစွန်းအထင်း အမည်းကွက်ကြီးကို ကျွန်တော်တို့ မြန်မာနိုင်ငံက ကျူးလွန်လိုက် တာပါပဲ။

ဒီနေ့ မနက် ကျွန်တော် တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဟောတဲ့ ပရိတ်တရားတော်ကို အင်တာနက်မှာဖွင့်ပြီး နာကြားမိတော့ .. ဆရာတော်ဘုရားကြီး ခွေထဲမှာ ..“မြန်မာပြည်သည် ဗုဒ္ဓသာသနာ ထွန်း ကားသောနိုင်ငံ ဖြစ်တယ်။ မြတ်စွာဘုရားပရိနိဗ္ဗါန် စံတော်မူပြီးသည့်နောက် သီဟိုဠ်ခေတ်မှ စ၍ သာသနာ အစဉ် အဆက် ထွန်းကားလာသော တိုင်းပြည်နိုင်ငံများတွင် မြန်မာပြည်သည် အထွန်းကားဆုံးနိုင်ငံဖြစ်တယ်။ အထွန်း ကားဆုံး နိုင်ငံဖြစ်သောကြောင့် ပရိယတ္တိသာသနာသည် ခိုင်ခိုင်ခံခံ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ယနေ့ တိုင်အောင် တည်တန့်နေသော တိုင်းပြည်ကို ရှာသောအခါ မြန်မာပြည်သည် အထင်ရှားဆုံးသော တိုင်းပြည်ဖြစ် ခဲ့။ ထို့အတူ ပရိယတ္တိ ထွန်းကားသလို ပရိပတ္တိ သာသနာထွန်းကားသော နိုင်ငံလည်းဖြစ်တယ်။” တဲ့။

ကဲ .. အခု လက်ရှိ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးတွေထဲက တစ်ပါးတလေဆီက အဲဒီလို မိန့်ကြားသံမျိုး ကြား ရနိုင်မှာ မဟုတ်တော့ပါဘူး။

ဗုဒ္ဓဘာသာဝင် သံဃာတော်တွေကို လူသိရှင်ကြား အားလုံးအသိ၊ တကမ္ဘာလုံးအသိ ရိုက်နှက်သတ်ခဲ့လို့ အခြား ဘာသာတွေ သက်သာမယ်လို့ တွေးထင်လို့ မရ။ သက်သေသက္ကာယ ပြည့်စုံစွာနဲ့ ဖိနှိပ်ခဲ့တာတွေ တိကျစွာရှိပါ တယ်။

ဘာသာရေး ပျက်စီးမှတော့ ဘာသာရေးတွေက သင်ကြားပေးတဲ့ အခြေခံကိုယ်ကျင့်တရားတွေ ဘယ်နားမှာ အစ အန သွားရှာရပါ့။ တိုင်းပြည်မှာ ခပ်တည်တည်နဲ့ လက်နက်ပြ ဒမြဂိုဏ်းခေါင်းဆောင်က တိုင်းပြည်အကြီးအကဲ ဆိုပြီးလုပ်၊ လူသားဆန်ဆန် ကတိစကားဆိုတာကို မေ့ပြီး ၁၉၉၀ ရွေးကောက်ပွဲကို ရူးသလိုလို၊ ကြောင်သလိုလိုနဲ့ တရားမဝင်သလိုလုပ်၊.... နောက်လိုက်တွေက အမဲရိုးလောက်စားရတာနဲ့ အမြီးလေး တနံ့နံ့နဲ့ တွေ့သမျှလူ ကောင်းတွေကို လိုက်ကိုက် လိုက်ဟောင်...။ (သတင်းစာမှာ ဟောင်လိုက်၊ ကြံဖွတ်လို ခွေးဝဲစားက လူကို လိုက် ကိုက်လိုက်နဲ့ ဖြစ်ချင်ရာ ဖြစ်နေတော့တာပါပဲ။) ကိုယ့်ကျင့်တရားပျက်တာ ပြောပါတယ်။

ဒါဆို တိုင်းပြည်မှာ ထွန်းကားနေတဲ့ ဘာသာရေးတွေ ပျက်စီးကုန်ပြီး အမည်ခံ ဘာသာရေး ကိုးကွယ်မှုလောက် သာ ကျန်တော့တာကို မြင်နေရပါတယ်။ တိုင်းပြည်ပျက်ခြင်း အကြောင်းအရင်း နံပါတ် (၂) ပေါ့။

၃။ တရားဥပဒေ

“ဥပဒေ အထက် ဘယ်သူမှ မရှိရဘူး” တဲ့။ ငယ်ငယ်က ကလေးတွေ ပြောသလို ပြောရရင် “အပြောကတော့ ရွှေမန်းပဲ” ... ။ ဇာတ်မင်းသားကြီး အင်္လကာ ကျော်စွာ ရွှေမန်းနဲ့ အခုလို လူမျိုးတွေနဲ့ နှိုင်းရတာ တော်တော်လေး တော့ မပြောသင့် မပြောအပ်တဲ့ စကားလို့ အင်္လကာ ကျော်စွာ ရွှေမန်းဘက်က နာပြီး အပြစ်တင်ချင်လည်း ခံရမှာ ပါပဲ။ အက အလွန်ကောင်းတဲ့ ဇာတ်မင်းသားကြီးလို လေသံလေးက ကောင်းမွန်လှပြီး တကယ် “က” တော့မှ ပေါက်ကရ အကသာ “က” နိုင်တယ်။ အပြောတခြား အလုပ်တခြား (တခြားဆိုတာထက် အခု ဒီကောင်တွေ လုပ်ရပ်က အပြောတမျိုး အလုပ်က ဆန့်ကျင်ဘက်။) ဆိုတာကို သက်သေပြတဲ့စကားမို့ သုံးလိုက်ရတာပါ။ ပြောသူကလည်း ရွှေမန်းဆိုတဲ့ နာမည်နဲ့ လူ ဖြစ်နေတာကိုး။

ဥပဒေမဲ့ ဖမ်းလိုက်တာများ ဒေါ်အောင်ဆန်းစုကြည်က စလို့ အခု နောက်ဆုံးတရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ လူတွေအထိ။ အားလုံး သိပြီးဖြစ်တဲ့အတိုင်း အစကတည်းက မဖမ်းသင့်သော ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ကျင့်သုံးနေတဲ့တရားဥပဒေကို လွန်ပြီး ၅ နှစ်ကျော်အောင် ဖမ်းထားကတည်းက ဥပဒေဆိုတာ မလိုက်နာဘူးဆိုတဲ့ သက်သေပြယုဒ်တစ်ခုပါပဲ။

မန္တလေးမှာ သံလက်သီးနဲ့ ထိုးခံရလို့ မျက်စိကွယ်မလို ဖြစ်နေတဲ့ ဦးသန်းလွင်က ထောင်ကျနေပြီး၊ အမှုကျူးလွန် သူ ကြံဖွတ်တွေကတော့ အပြင်မှာ ရမ်းချင်တိုင်း ရမ်းနေတာ အားလုံးအသိပါပဲ။ ဘယ်မှာလဲတရားဥပဒေ။

အခု နောက်ဆုံး တရားရေးရာ ဝန်ထမ်းတွေ ဖြစ်တဲ့ ရှေ့နေတွေကို ဖမ်းနေပြန်ပါပြီတဲ့။ အောက်က သတင်းမှာ အပြည့်အစုံဖတ်ကြည့်ပါ။


ရှေ့နေတွေကို ချေမှုန်းပြီ
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၇၊ ၂၀၀၈
(မိုးမခ မှ ရယူပါသည်။)

ရှေ့နေ ဦးခင်မောင်ရှိန် (တိုက်ပုံအင်္ကျီအညိုဖြင့် ထိုင်နေသူ)


ရှေ့နေ ဦးမြတ်သောင်း၊ ဦးအောင်သိန်း၊ ဦးကြည်ဝင်း စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများအတွက် အကျိုး ဆောင်လျက်ရှိသော ရှေ့နေ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်တို့ကို မျက်ကွယ်ထောင်ဒဏ် ၄ လ ချမှတ်လိုက် သည်။ ၎င်းတို့နှစ်ဦးမှာ အထိန်းသိမ်းခံနေရသည့် ဇာဂနာကဲ့သို့ ထင်ရှားသူများ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ ရဟန်းသံဃာများဘက်မှ အကျိုးဆောင်နေသည့် ရှေ့နေများဖြစ်သည်။ ဦးအောင်သိန်းက လာ ရောက်ဖမ်းဆီးမည်ကို စောင့်ဆိုင်းနေကြောင်း၊ အကျဉ်းသားဝတ်စုံပြာ၊ သုံးစွဲနေရသည့် သွေးကျဆေးတို့ကိုလည်း အသင့်ပြင်ထားပြီးဖြစ်ကြောင်း အေပီသတင်းဌာနသို့ ပြောကြားလိုက်သည်။ ဦးအောင်သိန်း၏ဇနီးသည် ဒေါ်မိမိ (Mi Mi)က "ဦးအောင်သိန်း အကျိုးဆောင်ပေးနေတဲ့ အကျဉ်းသားတွေအတွက် ပိုပြီး စိုးရိမ်မိတယ်၊ သူတို့အမှု တွေ ရှေ့နေမရှိဘဲ ဘယ်လိုဆက်ဖြစ်မလဲမသိဘူး" ဟု အေပီသို့ ပြောပြခဲ့သည်။ ပြီးခဲ့သည့်လက အကျဉ်းသား ၁၁ ဦးကို အကျိုးဆောင်ပေးနေသူ ရှေ့နေ ကိုညီညီထွေး ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရသည်။

ဒါဆို တရားဥပဒေဆိုတာလည်း တိုင်းပြည်မှာ ပျက်နေတာကို မြင်နေရပါပြီ။ တိုင်းပြည်ပျက်ခြင်း အကြောင်းတရား (၃) ပေါ့။

အခြား အချက်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး ဆိုတာကလည်း သန်းရွှေကိုယ်တိုင် စင်္ကာပူ ဆေးသွားကုခဲ့ တာ၊ သူ့မြေးနဲ့ သမီးကို နိုင်ငံခြားမှာ စာသွားသင်ခိုင်းတာ၊ အဲဒါကို ကြည့်ကတည်းက ဘယ်လောက် နိမ့်ကျနေ သလဲဆိုတာကို သူတို့ကိုယ်တိုင် ဝန်ခံနေတာ သေချာပါတယ်။ (အသေးစိပ် အချက်အလက်တွေ ပြောရရင် ကုန်နိုင်ဖွယ်မရှိ၊ စာအရမ်းရှည်နေမှာစိုးလို့ ဒီ ၂ ချက်ကို တိုတိုပဲ ရေးလိုက်တာပါ။)

ကျန်းမာရေး၊ ပညာရေး ပျက်စီးနေတာလည်း မြင်နေရပါပြီ။ တိုင်းပြည်ပျက်စီးခြင်း အချက်တွေပါပဲ။

တိုင်းပြည်မှာ စီးပွားရေး၊ ဘာသာရေး၊ တရားဥပဒေ၊ ပညာရေး၊ ကျန်းမာရေးတွေ ပျက်နေမှတော့ ... အဲဒီ တိုင်းပြည်အနာဂါတ် ဘယ်လိုများ ဖြစ်လာမလဲဆိုတာ မတွေးဝံ့စရာပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ဦးမယ်ဆိုပဲ။ အခု လက်ရှိဖြစ်နေတာတွေကို သေချာမပြင်နိုင်ပဲ၊ ဖြစ်ချင်ရာဖြစ် ဇွတ် ရွေးကောက်ပွဲ လုပ်မယ်ဆိုတာကတော့ ... ရလဒ်ကောင်းဖြစ်လာဖို့ မမြင်ပါ။

ဒီတော့ ကျွန်တော့်တို့တတွေ ကိုယ့်လက်ပေါ် ဖယောင်းစက်မကျသေးလို့ မပူသေးဘူး ပြောသလို ကိုယ်တိုင် လက်တွေ့မငတ်သေးလို့ တိုင်းပြည်ကြီး ဘာမှမဖြစ်သေးပါဘူးလို့ မျက်စိမှိတ်ပြောကြမလား... တိုင်းပြည် အနာဂါတ်နဲ့ နောင်မျိုးဆက်တွေက “ငါတို့ထက်ကြီးတဲ့ လူကြီးတွေ ဖျက်ခဲ့တဲ့တိုင်းပြည်မှာ ငါတို့ လူလာဖြစ်ရ လေခြင်း” လို့ ဆိုပြီး ယူကျုံးမရပြောပြီး အပြစ်တင်တာကို ခံမလားဆိုတာက ... မြန်မာနိုင်ငံသား အားလုံး ဖြေရမယ့်အဖြေပဲ ဖြစ်ပါတယ်။

နအဖ သတင်းစာတွေထဲက ပြောလေ့ရှိတဲ့အတိုင်း အခုဆို တိုင်းပြည်ချောက်ထဲရောက်ဖို့ လက်မတင်ပဲ လိုပါ တော့တယ်။ ကဲ .. ဘယ်သူတွေ ကယ်ကြဦးမှာပါလဲ။

သံဃာတော်တွေက ကယ်မှာလား
NLD ကယ်မှာလား
၈၈ မျိုးဆက်ကျောင်းသားတွေ ကယ်မှာလား
၂၀၀၇ မျိုးဆက်တွေ ကယ်မှာလား
တပ်မတော်ကြီးက ကယ်မှာလား
အနောက်နိုင်ငံတွေက ကယ်မှာလား ...

ဘယ်သူကယ်မှာပါလဲ ......။

ကျွန်တော် မြင်တဲ့အဖြေကတော့ တိုင်းပြည်ကို ကယ်မဲ့လူကတော့ “သင်” ကိုယ်တိုင်ပဲ တတ်နိုင်ပါတယ်။

“သင့်” ကို တိုင်းပြည်မှ ကယ်တင်ရှင်အဖြစ် အလိုရှိနေပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

REF: ကိုထိုက်

Read More...

Thursday, November 20, 2008

ဆေးကျောင်းသားများ စစ်အစိုးရပညာရေးစနစ်ကို မယုံကြည်၊ ဘွဲ့မရမီ ဆေးကျောင်း မှ ထွက်သည့်နှုန်းများလာ

ရန်ကုန်ဆေးတက္ကသိုလ် (၁) တွင် တက်ရောက်နေသည့် ဆေးကျောင်းသားများ ကျောင်းမပြီးခင် ကျောင်းမှထွက် သည့်နှုန်း များလာနေကြောင်း အဆိုပါကျောင်းမှ ကျောင်းသူ ကျောင်းသားများက ပြောသည်။

ကျောင်းသူတဦးက “ကျောင်းပြီးသွားရင်တောင် ဆရာဝန်လုပ်ခွင့်ရဖို့ အခက်အခဲတွေ အများကြီးရှိနေတာ သိလာ ရတယ်။ နောက် ကျောင်းက သင်ကြားရေးစနစ်ကလည်း မကောင်းဘူး၊ ဒီတော့ အပြင်ထွက်ပြီး နိုင်ငံခြား တက္က သိုလ်တခုခုမှာ ကျောင်းသွားတက်နိုင်ရေးပဲ ကြိုးစားလာတဲ့ လူတွေ များလာတယ်” ဟု ပြောသည်။

အဆိုပါ ကျောင်းသူက “ကျောင်းတကျောင်းလုံးအနေနဲ့ ကျောင်းမပြီး၊ ဘွဲ့မရဘဲ ကျောင်းမှ ထွက်ခွာသူဦးရေ ဘယ်လောက်များတယ်ဆိုတာ အတိအကျ မသိပေမယ့် ၎င်းနဲ့ နီးစပ်သူ တနှစ်တည်း သူငယ်ချင်းကတော့ (၆) ယောက် ရှိတယ်” ဟု ပြောသည်။

အဆိုပါကိစ္စ ရန်ကုန်ဆေးရုံကြီးမှ အရိုးအထူးကု ဆရာဝန်ကြီးတဦးကို မေးမြန်းကြည့်ရာ ဘွဲ့မရခင် ကျောင်းထွက် မှုနှုန်းများလာခြင်း မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

ပုံမှန်စနစ်အရ ဆေးတက္ကသိုလ်များမှ ကျောင်းပြီး၍ ဘွဲ့ရသွားသည့် ဆရာဝန်လောင်းများအနေဖြင့် အလုပ်သင် ဆရာဝန်အဖြစ် (၁) နှစ် လုပ်ကိုင်ရကြောင်း၊ ပြီးမှ အလုပ်လျှောက်ထားရပြီး ဆေးကုသခွင့်လိုင်စင် ရကြကြောင်း အဆိုပါ အထူးကုဆရာဝန်ကြီးက ပြောပြသည်။

၎င်းကဆက်ပြောရာတွင် “လက်ရှိ အခြေအနေကြည့်ရင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက် ကုသရေး၊ သင်ကြားရေးနဲ့ ရုံးလုပ်ငန်းတွေမှာတောင် ဆရာဝန်တွေကို အလုပ်ခန့်နိုင်ခြင်း မရှိဘူး။ ဆရာဝန်လောင်းပေါင်း များစွာ အလုပ်ရဖို့ စောင့်ဆိုင်းနေရတယ်။ ဒီ ဆရာဝန်တွေဟာ အလုပ်သင်လည်း ဆက်လုပ်ခွင့် မရှိ၊ ဆရာဝန် အဖြစ်လည်း အလုပ်ခန့်မှု မရှိ၊ ဆေးကုသခွင့် လိုင်စင်လည်း မရှိတဲ့အတွက် ဒီအတိုင်း ထိုင်စောင့်နေရတဲ့ သဘော ဖြစ်တယ်။ လောလောဆယ် ၂ဝဝ၆ ခုနှစ်မှာ ကျောင်းပြီးတဲ့ ဆရာဝန်တောင် ခုမှ အလုပ်လျှောက်နေရတယ်။ ဒီ အခြေအနေကို သိနေ၊ မြင်နေတဲ့ ဆေးကျောင်းသား၊ ကျောင်းသူတွေဟာ အတန်းမပြီးခင် ကျောင်းက ထွက်တာ များလာတဲ့သဘောပါပဲ” ဟု ရှင်းပြသည်။

ရန်ကုန်မြို့မှ နိုင်ငံခြားပညာရေး အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူတဦးကလည်း ယခုနောက်ပိုင်း နိုင်ငံခြား တက္ကသိုလ်တက်ခွင့်ရရန် ကြိုးစားလာကြသူများထဲတွင် ဆေးကျောင်း တပိုင်းတစ တက်ခဲ့သူများ၊ အင်ဂျင်နီယာ ကျောင်း တပိုင်းတစ တက်ခဲ့သူ များကြောင်း ပြောပြသည်။

ယခုလက်ရှိ ဆေးတက္ကသိုလ် သင်ကြားရေးနှင့် ပတ်သက်၍ အဆိုပါ အထူးကုဆရာဝန်ကြီးက ဆက်လက်ရှင်းပြ ရာတွင် သင်ကြားမှုများ ညံ့ဖျင်းလာကြောင်း၊ တက္ကသိုလ်တက်နေသည့် ဆေးကျောင်းသားများမှာ ကျောင်းတက်ရုံ မက စာမေးပွဲအောင်ရန်အတွက် ကိုယ့်ကိုသင်သည့် ပါမောက္ခများထံတွင် မဖြစ်မနေ ကျူရှင်ယူရကြောင်း၊ ထို့ အပြင် စာတတ်မြောက်လိုသူများအတွက်ကတော့ အခြား နီးစပ်ရာ အထူးကုဆရာဝန်ကြီးများထံ သင်ကြားရ သည်ဟု ဆိုသည်။

အဆိုပါအခြေအနေများသည် ရန်ကုန်ဆေးတက္ကသိုလ်များတွင် ကြုံတွေ့နေရသည့် အခြေအနေများဖြစ်သည်။ မကွေးဆေးတက္ကသိုလ်မှာ တက်ရောက်သင်ယူနေကြသည့် ကျောင်းသူကျောင်းသားများအတွက် သင်ကြားရေး နှင့် လက်တွေ့ကွင်းဆင်းရေး အခြေအနေမှာ ပို၍ဆိုးနေသည်ဟု စုံစမ်းသိရသည်။

ထို့ကြောင့် နောက်ပိုင်း ဆေးတက္ကသိုလ်များမှ အောင်သည့် ဆရာဝန်ငယ်များမှာ အစောပိုင်း ဆရာဝန်များနှင့် နှိုင်းယှဉ်လျှင် အရည်အချင်း လျော့ကျလာကြောင်း အရိုးအထူးကု ဆရာဝန်ကြီးက ဝေဖန်ပြောဆိုသည်။

REF: ခေတ်ပြိုင်

Read More...

အရည်အချင်းမပြည့်မှီတဲ့ ဆရာဝန်တွေ မွေးထုတ်ရန် ကြိုးစားနေတဲ့ အာဏာရူး သန်းရွှေရဲ့မြေး

မကြာသေးမီက ဆေးတက္ကသိုလ် (၁) ပထမနှစ် ဆေးတက္ကသိုလ်အတန်းတွင် ကျောင်းခေါ်ချိန် ပြည့်မီအောင် မတက် သဖြင့် စာမေးပွဲဖြေခွင့်မရသော ကျောင်းသား/သူ စာရင်းကို ထုတ်ပြန်ခဲ့သည်။ ဤစာရင်းထဲတွင် နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် (သန်းရွှေရဲ့မြေး) ၏ရည်းစားဖြစ်သူ တက်သစ်စသရုပ်ဆောင် “နေခြည်လင်းလဲ့” လည်းပါဝင်နေခဲ့ သည်။


ဖိုးလပြည့်၏ အလိုအရ စာရင်းကို ဒုတိယအကြိမ်ထပ်မံထုတ်ပြန်ရာ နေခြည်လင်းလဲ့နှင့် သူမ၏ သူငယ်ချင်းများ စာရင်း တွင် မပါလာတော့ဘဲ ထိုစာရင်းတွင် ကျန်နေခဲ့သော ကျောင်းသား/သူများက မကျေမနပ်ဖြစ်ခါ နေပြည်တော်သို့ တိုင် တန်းကြပြန်သည်။ နောက်ဆုံးတွင်ကျောင်းသား/သူ အားလုံးကို စာမေးပွဲဖြေခွင့်ပြုလိုက်ရသည်။ ဒီကိစ္စ ဒီတွင် မရပ်ဘဲ အခြားအတန်းများအားလုံးတွင်လည်း ကျောင်းခေါ်ချိန် ပြည့်ြုပည့် မပြည့်ပြည့် ကျောင်းသား/သူများ၊ ကျေနပ်စေရန် စာမေးပွဲဖြေခွင့်ပြုလိုက်ရသည်။

သန်းရွှေ၏မြေး ဖိုးလပြည့် နေ့စဉ်လာရောက်ပိုးပန်းရာ ဆေး(၁)သို့ အ၀င်လမ်းဖြစ်သော သထုံလမ်းကို နိုင်လွန်ကတ္တ ရာ ချက်ချင်းခင်းပေးထားရကြောင်း သိရှိရပါသည်။

ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်၏ သားဖြစ်သူကလည်း ဆရာများအား လက်ကိုင်ဖုန်း တယောက်တလုံး အလကားပေးထားပြီး စာမေးပွဲနီးလျှင် မေးခွန်းကြိုတင်ရယူလေ့ရှိကြောင်း ဆေးတက္ကသိုလ် အသိုင်းအ၀ိုင်းမှကြားသိရ ပါသည်။ ဒီကိစ္စနှင့်ပါတ်သက်ပြီး ဆေးတက္ကသိုလ် (၁) ပါမောက္ခဖြစ်သူ ဒေါက်တာဦးအေးမောင်ဟန်မှ စိတ်ပျက် လက် ပျက်ဖြစ်ခါ ရာထူးမှ အနားယူခွင့်တောင်းခံထားပါသည်။

လူ့အသက်ကို ကယ်တင်ရမည့် ဆရာဝန်လောင်းများ အရည်အချင်း ပြည့်မီရေးသည် အရေးကြီးလှပါသည်။ ဤကဲ့သို့ အရည်အချင်း မပြည့်မီသော ဆရာဝန်များကိုသာ မွေးထုတ်နေပါက မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍမှာ ရှေ့လျှောက် ရင်လေးဖွယ်ဖြစ်ကြောင်း ဆေးတက္ကသိုလ်ဆရာ/ဆရာမများမှ မှတ်ချက်ချ ပြောကြားနေကြပါသည်။

သူရဲကောင်း

REF: ကိုထိုက်

Read More...

ဒီနေ့စီးပွားရေးအကြပ်အတည်းနဲ့ အမေရိကန်အင်ပါယာ - ရဲဘော်ဖိုးသံချောင်း

အမေရိကန်ဒေါ်လာ ကျဆင်းနေပါတယ်။ ဘာကျဆင်းတာလဲဆိုရင် သူ့ရဲ့တန်ဘိုး၊ သူ့ရဲ့အရေးပါမှု၊ သူ့ရဲ့အဆင့် နေရာ၊ အဖက်ဖက်က ကျဆင်းနေတာပါလို့ ပြောရပါမယ်။ မကြာခင်ကမှ အမေရိကန် အစိုးရဘဏ်ဥက္ကဋ္ဌအဖြစ်က အနားယူသွားတဲ့ အယ်လင်ဂရင်းစပင် (Alan Greenspan) က အသုံးပြုလိုက်တဲ့ နိမိတ်ပုံကတော့ အခု အမေရိကန်နိုင်ငံကြုံတွေ့နေရတဲ့ စီးပွားရေးကပ်ဟာ ရာစုနှစ်တခုမှာ တခါလောက်သာကြုံရတဲ့ ငွေရေးကြေးရေး ဆူနာမီကြီးဖြစ်ပါသတဲ့။

ကွယ်လွန်သူ ဂျာမန်ဘောဂဗေဒပါမောက္ခရှမ်ပီတာက “ငွေကြေးဈေးကွက်ဟာ အရင်းရှင်စနစ်ရဲ့ ဗဟို ဌာနချုပ်ဖြစ်တယ်” လို့ပြောဖူးပါတယ်။ သူဒီလိုပြောချိန်ဟာ ညူးယောက်မြို့ကြီးက နိုင်ငံတကာ ငွေကြေးလောက ရဲ့ ဗဟိုအချက်အခြာဖြစ်လာချိန်နဲ့ အမေရိကန်ဒေါ်လာက နိုင်ငံတကာသုံးငွေကြေး ဖြစ်လာချိန်တို့နဲ့ တိုက်ဆိုင်နေ ပါတယ်။ သူ့အရင်က ကမ္ဘာ့ငွေကြေးဈေးကွက်ဟာ လန်ဒန်မှာဗဟိုပြုခဲ့တာပါ။ ဒါပေမဲ့ ကမ္ဘာစစ်နှစ်ခု၊ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ကို တိုက်လိုက်ရတော့ အင်္ဂလိပ်ရဲ့စီးပွားရေးဟာ ပုံကျသွားပါတယ်။ အမေရိကန်ရဲ့ မြီစားဘဝ ရောက်သွားပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်အပြီးမှာ စီးပွားရေး၊ ဘဏ္ဍာရေးစနစ်တွေကို ပြန်ထိန်းညှိကြတဲ့ ဘရက်တင်ဝုဒ်စ်ကွန်ဖရင့်မှာ အမေရိကန်ဒေါ်လာဟာ ရွှေနဲ့တတန်းတည်း ကမ္ဘာသုံးငွေကြေးဖြစ်လာခဲ့ပါတယ်။ အမေရိကန်တဒေါ်လာကို ရွှေတအောင်စနဲ့ အသေသတ်မှတ်ခဲ့တဲ့အတွက် ဒေါ်လာဟာ စံထားရတဲ့ငွေကြေးလို ဖြစ်လာခဲ့ပြီး အမေရိကန်နိုင်ငံဟာ အဲဒီလိုငွေကြေးကို ထင်သလိုထုတ်လုပ်နိုင်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဒါဟာ ဒီနိုင်ငံရဲ့စီးပွားရေး ထိုးတက်ဖို့ဖြစ်လာခဲ့ပါတယ်။ တဖက်က ပြန်ပြောရင်တော့ ဘရက်တင်ဝုဒ်စ်ကွန်ဖရင့်ဟာ အမေရိကန်ကို အင်အားအကြီးဆုံး ဗိုလ်ကြီးဖြစ်လာအောင် အခြေအနေတွေ ဖန်တီးပေးခဲ့တာပါပဲ။ တချိန်ထဲမှာ ဒီဘရက်တင်ဝုဒ်စ်က ချမှတ်လိုက်တဲ့ အဆောက်အအုံဟာ အမေရိကန်နိုင်ငံ စူပါ ပါဝါလုပ်နိုင်ရေးအတွက် ဘဏ္ဍာ ရေးအာမခံချက်လိုလည်း ဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းမှာ အမေရိကန်ဟာ တန်ပြန်တော်လှန်ရေးလုပ်ငန်းတွေ၊ ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်ငန်းတွေကို ငွေကြေးထောက်ပံ့တာ၊ အဲဒီအတွက် စစ်မဟာမိတ်တွေဖွဲ့တာ၊ ကမ္ဘာအနှံ့ စစ်စခန်းတွေချထားတာ၊ အရင်းရှင်ကမ္ဘာအတွင်း သူတို့ရဲ့ စက်မှုလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းတွေ ဖြန့်ကျက် ထည့်သွင်းတာတွေကို ဇောက်ချပြီးလုပ်ခဲ့ပါတယ်။ အမေရိကန်ရဲ့ စူပါ ပါဝါအဖြစ်ရပ်တည်မှုဟာ သူ့ဒေါ်လာက စူပါ ငွေကြေးဖြစ်နေတာနဲ့ ခွဲမရပါဘူး။ အဲဒီလိုစူပါဘဝရဲ့ အထွတ်အထိပ်ဟာ အမေရိကန်ရဲ့ ရွှေခေတ်လို့ခေါ်ကြတဲ့ ၅ဝ စုနှစ်များနဲ့ ၆ဝ စုနှစ်များ အတွင်းမှာပါပဲ။ အဲဒီတုန်းက ကမ္ဘာမှာ ကုန်သွယ်ရေးအရ ထိပ်တန်းမှာနေတဲ့ နိုင်ငံ တွေနဲ့ လုပ်ငန်းကြီးတွေက အမေရိကန်ဒေါ်လာကို ကမ္ဘာသုံးငွေသဖွယ် လက်ခံထားလေတော့ အမေရိကန်နိုင်ငံ ပိုင်တဲ့ ရွှေအရေအတွက်ဟာလည်း တိုးပြီးရင်း တိုးရင်းသာ ဖြစ်နေခဲ့တာပါ။ ကျောထောက်နောက်ခံ ရွှေရဲ့ ရာခိုင် နှုန်းဟာ ၁၉၃၈ ခုနှစ်အကုန်မှာ ၅% ရှိရာကနေ ၁၉၆၇ ခုနှစ်အကုန်မှာ ၅၈% တောင် ဖြစ်လာပါတယ်။

ဒါပေမဲ့ အမေရိကန်နိုင်ငံရဲ့ ငွေပေးငွေယူရှင်းတမ်းဟာ ၁၉၅ဝ ခုနှစ်ကစလို့ ဆူးအက်တူးမြောင်း စစ်ပွဲ ကာလ တနှစ်ကလွဲပြီး နှစ်စဉ် လိုအပ်မှုပြနေခဲ့တာပါ။ ဒီလိုကွာဟမှုပြတာရဲ့ အကြောင်းရင်းဟာ ကုန်သွယ်ရေး ကြောင့် မဟုတ်ပါဘူး။ အဓိကအကြောင်းက အမေရိကန်ရဲ့ ပြည်ပမှာလုပ်နေတဲ စစ်ရေးနဲ့တခြား အဖျက်လုပ်ငန်း တွေကြောင့်သာ ဖြစ်ပါတယ်။ ဒီအထဲမှာသူတို့ရဲ့ နောက်လိုက်ခွေး အစိုးရတွေကို ထောက်ပံ့ရတာ၊ စစ်အခြေခံ စခန်းငွေကို ထိန်းသိမ်းကျွေးမွေးရတာ၊ ရုပ်သေးစစ်တပ်တွေကို ငွေကြေးထောက်ပံ့ရတာ၊ စစ်တိုက်ရတာ၊ တခြား နိုင်ငံအတွင်းရေးတွေကို ဝင်စွက်ဖက်ရတာ စတာတွေပါဝင်ပါတယ်။ ၁၉၆၇ ခုနှစ်မှာဆိုရင် ဝါရှင်တန်ရဲ့ ငွေပေး ငွေယူရှင်းတမ်းမှာ ကုန်သွယ်ရေးဘတ်ဂျက်က ၇.၉ သန်းအပိုပြခဲ့ပြီး နိုင်ငံရေးစစ်ရေးဘတ်ဂျက်တော့ ၁၁.၉ ဘီလျံအလိုပြခဲ့ပါတယ်။ ဒီလိုနဲ့ အမေရိကန်ရဲ့ အရံရွှေတွေရဲ့ တန်ဘိုးဟာ ၁၉၅၅ခုနှစ်နှစ်ကုန်မှာ ၂၁.၈ ဘီလျံ ရှိရာကနေ ၁၉၆၈ ခုနှစ်မေလမှာ ၁ဝ.၇ ဘီလျံကို ကျဆင်းလာပါတယ်။ အမေရိကန်လိုနိုင်ငံအဖို့ပြောရရင် အရံရွှေ နဲ့ တခြားနိုင်ငံတွေကရစရာရှိတဲ့ ဒေါ်လာအချိုးအစားက သူတို့အဖို့ ဘယ်လောက်လုပ်နိုင်တယ်ဆိုတာကို ပြဋ္ဌာန်း ပါတယ်။ နှစ်တွေကြာလာလို့ ဒီလိုကွာဟမှုတွေ ဆက်တိုက်ပြလာတာနဲ့အမျှ ဒေါ်လာကို အများသုံးငွေအဖြစ် သဘောထားတာဟာ မေးခွန်းထုတ်စရာ ဖြစ်သထက် ဖြစ်လာပါတယ်။ ၁၉၇၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှာ သမတနစ်ကဆင်က အမေရိကန်ဒေါ်လာနဲ့ ရွှေနဲ့လဲလှယ်နှုန်း အသေသတ်မှတ်ထားမှုကို သူတို့ဖက်က တရားဝင် ဖျက်သိမ်းကြောင်း ကျေညာခဲ့ပါတယ်။ ဒါဟာ ငွေကြေးပေါ်လစီ၊ ဒါမှမဟုတ်စနစ်တွေနဲ့ အရင်းရှင်စနစ်ကို ထိန်း ထားနိုင်မယ်ဆိုတဲ့ အမြင်တိမ်းစောင်းမှုကို တခါတည်း ပျောက်ကွယ်သွားစေခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ငွေကြေးစနစ်နဲ့ နိုင်ငံရေး၊ စစ်ရေးမဟာမိတ်တွေလည်း တုန်လှုပ်ကုန်ခဲ့ရပါတယ်။

ဒီနေရာမှာကြုံလို့ အမေရိကန်နိုင်ငံရဲ့ စစ်သုံးစရိတ်ကို ထောက်ပြချင်ပါတယ်။ မစပ်စုဖူးသူတွေအဖို့ အံ့မခန်းဖြစ်မှာပါ။ ၂ဝဝ၇ ခုနှစ်တုန်းက အမေရိကန်နိုင်ငံရဲ့ စစ်ရေးအသုံးစရိတ်ဟာ ၅၅၃ ဘီလျံဒေါ်လာ ဖြစ်ပါ တယ်။ ဒါဟာ ၆ နှစ်အတွင်း ၆ဝ% တိုးလာတာဖြစ်ပါတယ်။ ဒါဟာ တကမ္ဘာလုံးက စစ်အသုံးစရိတ်စုစုပေါင်းရဲ့ ၄၅% ဖြစ်ပါတယ်။ ဒါပေမဲ့ တခြားစစ်ရေးဆံတဲ့ အသုံးစရိတ်တွေပါ ထည့်ပေါင်းလိုက်ရင် ၂ဝဝ၇ ခုနှစ်မှာ အမေရိကန်က စစ်ရေးအတွက်သုံးတာဟာ ဒေါ်လာ ၁ ထရီလျံ (ဘီလျံ ၁ ထောင်) ရှိလိမ့်မယ်လို့ တွက်ကြပါ တယ်။

ဒုတိယကမ္ဘာစစ်အပြီးကနေ ၁၉၆ဝ စုနှစ်များအထိ ကမ္ဘာ့စီးပွားရေးဟာ ၄% နဲ့ ၇% အကြားရှိ နှုန်းနဲ့ အဟုန်ကြီးစွာ တိုးတက်နေတာဖြစ်တယ်။ ဒါပေမဲ့ ၁၉၇ဝ စုနှစ်များနောက်ပိုင်းကစပြီး တိုးတက်မှုနှုန်းဟာ ၂% နဲ့ ၄% အကြားသာရှိပြီး အင်မတန်မှနှေးကွေးလှပါတယ်။ ၂ဝဝ၁ ခုနှစ်နဲ့ ၂ဝဝ၂ ခုနှစ်တို့မှာတော့ ကမ္ဘာ့စီးပွားရေး ဟာ အကြပ်ဆိုက်ခဲ့ပါတယ်။ အဲဒီ စီးပွားရေးနှေးကွေးမှုနောက်ပိုင်း အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ နည်းနည်းမှ အားရစရာမကောင်းခဲ့ပါဘူး။

၂ဝဝ၁ ခုနှစ်နောက်ပိုင်းမှာ အမေရိကန်နိုင်ငံရဲ့စီးပွားရေးကို အိမ်တွင်းသုံးစွဲမှုတိုးများလာမှုက ဆွဲခေါ်သွားတယ်လို့ဆိုရင် မမှားပါဘူး။ ဒီသုံးစွဲမှုဟာ အခုအခါ အမေရိကန်နိုင်ငံ ဂျီဒီပီရဲ့ ၇ဝ% တောင်ရှိပါတယ်။ ဒါပေမဲ့ အိမ်ထောင်စုတွေမှာ စီးပွားရေးမကောင်းတာ၊ ဝင်ငွေမကောင်းတာတွေရှိနေတော့ သူတို့က သုံးစွဲတယ် ဆိုတာမှာ အကြွေးသုံးစွဲတဲ့ရာခိုင်နှုန်းက အများကြီးဖြစ်နေပါတယ်။ ဒီလိုနဲ့ ဒီနိုင်ငံမှာ အိမ်ထောင်စုများရဲ့ ကြွေးတင်မှုဟာ အရင်က သုံးစွဲနိုင်တဲ့ဝင်ငွေရဲ့ ၉ဝ% ရှိရာကနေ ၂ဝဝဝ ခုနှစ်လောက်ဆီမှာ ၁ဝ၃% ဖြစ်လာပြီး ၂ဝဝ၆ - ဝ၇ ခုနှစ်မှာတော့ ၁၄ဝ% တောင်ဖြစ်လာခဲ့ပါတယ်။ ကြွေးပြန်ဆပ်ရတာကိုက သုံးစွဲနိုင်တဲ့ဝင်ငွေရဲ့ ၁၄% လောက်ရှိပြီး ဒါဟာ သမိုင်းစံချိန်သစ်ဖြစ်ပါတယ်။ တဖက်မှာကျတော့ အိမ်ထောင်စုများရဲ့စုငွေဟာ ပုံမှန်အားဖြင့် သုံးစွဲနိုင်တဲ့ဝင်ငွေရဲ့ ၁ဝ% လောက်ရှိရာကနေ အခုအခါမှာ သုညကို ရောက်သွားပါတယ်။

ဒီလို အိမ်ထောင်စုတွေရဲ့ သုံးစွဲမှုအပေါ်မှီခိုနေရတဲ စီးပွားရေးတိုးတက်မှုဟာ အဲဒီအိမ်ထောင်စု တွေရဲ့လက်ထဲမှာရှိနေတဲ့ စတော့တန်ဘိုးတွေ၊ အိမ် - ခြံတွေရဲ့တန်ဘိုး စတာတွေနဲ့ ဆက်နေပါတယ်။ လူတွေ ဟာ ဒီ့အယင်အီလက်ထရွန်းနစ်ဈေးကွက် အကြောင်းပြပြီး စီးပွားရေးကောင်းလိုက်တဲ့ ကာလဆီတုန်းက ဝယ်လိုက်ကြတဲ့စတော့တွေကိုင်ပြီး အကြွေးရတဲ့အိမ်ယာတွေကို အရမ်းဝယ်ကြတာကနေ အဲဒီ လေပူဖောင်းတွေ ပေါက်တော့ ဒုက္ခအကြီးအကျယ် ရောက်ကုန်ကြတာဖြစ်ပါတယ်။ သာမာန်ပြည်သူတွေကတော့ ဒါဟာဘဏ်ကြီး တွေက လောဘရမ္မက်ကြီးပြီး အရမ်းထုတ်ချေးလို့ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်လည်း ကမ္ဘာမှာအကြီးဆုံး ငွေချေးပေးတဲ့ ဂျေပီမော်ဂင်ချေ့စ် (JP Morgan Chase) တို့လို ဘဏ်ကြီးတွေနဲ့ လေးမန်းဘရားသား (Lehman Brothers) လို ရင်းနှီးမြှပ်နှံရေးဘဏ်ကြီးတွေ ထိပ်ဆုံးက ပြိုလဲသွားတာဖြစ်ပါတယ်။

ဖိုင်နင်ရှင်တိုင်းမ်စ် ဘောဂဗေဒပညာရှင်/ဆောင်းပါးရှင် မာတင်ဝုဖ် (Martin Wolf) က အမေရိကန် နိုင်ငံရဲ့ အရင်းရှင်စနစ်ဟာ ၂ဝ ရာစုနှစ် အလယ်ပိုင်းလောက်ကစပြီး ဘဏ္ဍာရေးအရင်းရှင်စနစ်ထဲ ဝင်ခဲ့တယ်လို့ ရေးဖူးပါတယ်။ ပြောမယ်ဆိုလည်း ပြောစရာပါ။ ၂ဝဝ၄ ခုနှစ်၊ အမေရိကန်နိုင်ငံမှာ ကုန်ထုတ်လုပ်မှုကရတဲ့ အမြတ် ငွေဟာဒေါ်လာ ၅၃၄ ဘီလျံရှိခဲ့ပြီး၊ ဘဏ္ဍာရေးလုပ်ငန်းကရရှိတဲ့ အမြတ်ကတော့ ဒေါ်လာဘီလျံ ၃ဝဝ တောင် ရှိပါ တယ်။ ဒါဟာ အကောင်အထည်မပါပဲ စာရင်းတွေလက်လွှဲတာလုပ်ရင်း “ဖြစ်ပေါ်လာတဲ့ (စာရင်းအရ) အမြတ် တွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကဆိုရင် ဘဏ္ဍာရေးလုပ်ငန်းကရတဲ့အမြတ်ဟာ ကုန်ထုတ်လုပ်မှုက ရတာရဲ့ ၄% သာရှိပါတယ်။ နှိုင်းယှဉ်ကြည့်ဖို့ပါ။ ဒီလိုနဲ့ ငွေကြေးလောကဟာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နောက်ဆုံး နိုင်ငံရေးကိုတောင် ချုပ်ကိုင်ခြယ်လှယ်တဲ့ အဆောက်အအုံကြီးဖြစ်လာခဲ့ပါတယ်။ ရုပ်ဝတ္ထု အကောင်အထည်ကိုမဖြတ်သန်းပဲ ငွေကနေ ငွေ၊ စာရင်းကနေစာရင်းဖြစ်တဲ့ စီးပွားရေးက လွန်ကဲလာတဲ့ လက္ခဏာဖြစ်ပါတယ်။

တဖက်မှာတော့လည်း အမေရိကန်နိုင်ငံအဖို့ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကို ပြည်ပသို့တင်ပို့ တာထက် တင်သွင်းတာက ပိုများလာပါတယ်။ ဒီအနေအထားတွေနဲ့ စစ်သုံးစရိတ်မြင့်တက်လာမှုတို့ကြောင့် အမေရိကန်နိုင်ငံရဲ့စီးပွားရေးဟာ ငွေပေးငွေယူ ရှင်းတမ်းကွာဟမှုတွေ ဆက်တိုက်ပြလာတာ ဖြစ်ပါတယ်။ ၂ဝဝ၆ ခုနှစ်က ငွေပေးငွေယူရှင်းတမ်း ကွာဟမှုဟာ ဒေါ်လာဘီလျံ ၈ဝဝ ကျော်ပြီး သူတို့ ဂျီဒီပီရဲ့ ၆% ရှိပါတယ်။ ဒီ ကွာဟချက်ကို ပြည်ပနိုင်ငံတွေက ဝင်ငွေတွေနဲ့ ပြန်ထိန်းညှိပါတယ်။ ဥပမာတခုပြရရင် အဲဒီနှစ်မှာ အမေရိကန်ရဲ့ ငွေကြေးရှင်းတမ်းက ဒေါ်လာ ၆.၅ သန်းအရှုံးပြနေပြီး ဂျပန်နဲ့တရုတ်တို့ကတော့ ဒေါ်လာ ၃.၉ သန်းနဲ့ ၉.၁ သန်း ပိုနေပါတယ်။ သူတို့က ဒီပိုနေတဲ့ငွေတွေကို အမေရိကန်နိုင်ငံထဲမှာပဲ အရင်းအနှီးတွေဝယ်ယူလိုက်ပါတယ်။ အခု ဆိုရင် ကမ္ဘာ့ငွေကြေးဈေးကွက်က စာရင်းမညီမျှမှုတွေကို ထိန်းညှိဖို့အတွက် တနေ့ကို ဒေါ်လာ ၂ ဘီလျံလောက် အမေရိကန်နိုင်ငံထဲကို စီးဆင်းနေရပါတယ်။ ဒီအတွက် တွေးတောပူပင်နေကြသူတွေကတော့ အခုလို မေးခွန်း ထုတ်ပါတယ်။ တသက်လုံး ဒီအတိုင်းပဲ သွားနေရတော့မှာလားတဲ့။

ဒီတခါ အမေရိကန်နိုင်ငံရဲ့ ဘဏ္ဍာရေးအကြပ်ဆိုက်မှုကြီးမှာ သိသိသာသာပေါ်ထွက်လာတဲ့ ကိစ္စတခု ကတော့ အမေရိကန်က ခေါင်းဆောင်တွေနဲ့ ဘောဂဗေဒပညာရှင်တွေပြော ပြောနေတဲ့ သူတို့ နိုင်ငံရဲ့ ဈေးကွက် ဘဏ္ဍာရေး၊ လွတ်လပ်စွာ စီးဆင်းတဲ့ဘဏ္ဍာရေးစနစ်ဆိုတာ အလိမ်အညာသာ ဖြစ်တယ်ဆိုတာပါပဲ။ ထိပ်တန်း ဘဏ်ကြီးတွေ ဒုက္ခရောက်ကြတော့ သမတကိုယ်တိုင် ရှေ့ကထွက်လာပြီး ပြည်သူ့ဘဏ္ဍာ ဘီလျံပေါင်း ၇ဝဝ နဲ့ ပြန်ကယ်တင်တာပါပဲ။ တကယ်က အမေရိကန်နိုင်ငံရဲ့ ထိပ်ဆုံးလုပ်ကြီး ၅ဝဝ စာရင်းထဲမှာ ပါတဲ့လုပ်ငန်းတွေထဲ မှာ ၇% လောက်ဟာ နိုင်ငံတော်က “ကယ်တင်” ထားရတာတွေပါ။ ဒါ့ အပြင် သီးနှံလုပ်ငန်းတွေကို နိုင်ငံတော်က ပံ့ပိုးတယ်ဆိုတာမျိုးတွေလည်း ရှိပါသေးတယ်။

တကယ်လို့သာ အမေရိကန်ဒေါ်လာကို စီးပွားရေးအရ အင်အားကြီးနိုင်ငံတွေက နိုင်ငံတာငွေအဖြစ် လက်ခံထားမယ်၊ ကိုယ့်အရံငွေတွေကို ဒေါ်လာအဖြစ်ထားမယ်ဆိုရင် ဒေါ်လာဟာ ရွှေနဲ့ တတန်းတည်းအသုံးဝင် တဲ့ ငွေကြေးဖြစ်နေမှာပါ။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့ဆိုရင် အမေရိကန်ဟာအစဉ်ပဲ နိုင်ငံရေး - စစ်ရေးအရရော စီးပွားရေး အရပါ ကမ္ဘာ့ထိပ်တန်း ဒင်ကမော်ဖြစ်နေဖို့လိုပါတယ်။ ဒါဆိုရင် သူ့မှာ “မျိုးချစ်” တွေလည်းပေါ၊ “မဟာမိတ်” တွေ လည်းဝိုင်းပြီး လက်ညှိုးညွှန်ရာရေဖြစ်လို့ ထိသမျှရွှေဖြစ်နေမှာပါ။ ဒါပေမဲ့ အထက်မှာပြောခဲ့သလိုပဲ အမေရိကန် နိုင်ငံရဲ့စီးပွားရေးဟာ သင်္ခါရတရားကို မလွန်ဆန်နိုင်လေတော့ သစ္စာအရှိဆုံးလို့ ထင်ရသူတွေကတောင် ဖဲကျဉ် တာကို တွေ့လာရပါတယ်။ တလောကပဲ ပြင်သစ်၊ ဂျာမဏီ စတဲ့နိုင်ငံတွေဟာ ရုရှား၊ တရုတ်လိုနိုင်ငံများနဲ့ ကမ္ဘာ့ ငွေကြေးစနစ်အသစ်တရပ် ထူထောင်ဖို့ တိုင်ပင်ကြတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာပါသေးတယ်။

ဒေါ်လာရဲ့တန်ဘိုးဟာ ငါးနှစ်မျှဆက်တိုက်ထိုးကျပြီး ယခုအခါ တခြားနိုင်ငံတွေက ငွေကြေးမျိုးစုံနဲ့ လဲလှယ်နှုန်းဟာ အရင်ထက် ၂၅% တောင်နိမ့်ကျသွားပါတယ်။ ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလမှာ ယူရိုနဲ့ လဲနှုန်းဟာ ၁ဝဝး၁၄၈ တောင်ဖြစ်သွားပါတယ်။ ဒါဟာ ဒေါ်လာရဲ့ယူရိုနဲ့လဲလှယ်နှုန်း အမြင့်ဆုံးဖြစ်တဲ့ ၂ဝဝဝ ခုနှစ်ထက် ၄ဝ% တောင်ကျသွားတာဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် ရေနံတင်ပို့တဲ့ နိုင်ငံတွေဟာ ရေနံတန်ဘိုးကို ဒေါ်လာနဲ့မသတ်မှတ်တော့ပဲ တခြားတခုခု (ဥပမာယူရို) နဲ့ သတ်မှတ်ဖို့အသံတွေ ပေးနေကြတာဖြစ်ပါတယ်။ ဒါကို အီရတ်က ဆာဒမ်ဟူစိန်က ၂ဝဝဝ ခုနှစ်မှာ လက်တွေ့အကောင်အထည်ဖော်ခဲ့ပါတယ်။ သူက သူ့ရဲ့အရံငွေ ဒေါ်လာ ၁ဝ ဘီလျံကို ယူရိုတွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ အဲဒီလုပ်ရပ်ကြောင့် ဆာဒမ်ဟူစိန် သေဒဏ် ကျသွားတာပါ။ ဆာဒမ်ကို အမေရိကန်က ၉၁၁ အဖြစ်အပျက် မတိုင်မီကတည်းက ဆုံးမဖို့ဆုံးဖြတ်ပြီးဖြစ်ပါတယ်။

ဒီနေ့ခေတ် အရင်းရှင်စနစ်ရဲ့ ထူးခြားချက်တခုက အရင်လို အရင်းအနှီးတွေ တင်ပို့တာမဟုတ်ဘဲ စုပ် ယူနေတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဘဏ္ဍာရေးရှင်းတမ်းမှာ ပြည်ပကို သူကပေးစရာရှိနေတဲ့ အကြွေးဟာ သူ့ဂျီဒီပီရဲ့ ၂၅% တောင်ရှိနေပါတယ်။ သူဟာ ကမ္ဘာအရင်းအနှီးတွေရဲ့ ၆ဝ% လောက်ကို စုပ်ယူနေတယ်လို့ လည်း ပြောကြပါတယ်။ အဲဒီအထဲက ၃၇% ဟာဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီကလာတာပါ။ ဒါကြောင့် အခုကာလ မှာ ပိုင်ဆိုင်မှုဟာ နိုင်ငံတခု၊ ဒါမှမဟုတ် နိုင်ငံတစုလက်ထဲမှာပဲ စုနေတာမဟုတ်တော့ဘဲ နိုင်ငံအများအပြား လက်ထဲမှာ ပြန့်နေတယ်လို့ ဆိုရမလိုဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုလောက်ကစပြီး ကမ္ဘာပေါ်ရှိ တိုင်းပြည်အတော်များများမှာ မယုံနိုင်လောက်တဲ့ စီးပွားရေးတိုးတက်မှုနှုန်းတွေ ပေါ်ပေါက်နေတာကို တွေ့ရပါ တယ်။ ဒါဟာ ရှိရင်းစွဲ အရင်းရှင်နိုင်ငံကြီးတွေကို အံတုတယ်၊ စိမ်ခေါ်တယ်လို့ မဆိုနိုင်တောင်မှ အဲဒီနိုင်ငံကြီးတွေ ကို ရတက်မအေး ဖြစ်စေတာကတော့ အမှန်ပါပဲ။

သတိပြုရမှာက အဲဒီနိုင်ငံတွေမှာ အမေရိကန်လို အီရတ်နဲ့ အာဖဂန်မှာ စစ်နွံနစ်နေတာမျိုး မရှိပါဘူး။

အခုလောလောဆယ်ဆယ်မှာ အမေရိကန်ရဲ့ ကမ္ဘာ့နံပတ်တစ်နေရာနဲ့ အမေရိကန်ဒေါ်လာရဲ့ အစွမ်း ကို ဘယ်နိုင်ငံ၊ ဘယ်ငွေကြေးက အစားထိုးမယ်ဆိုတာကို ပြောဖို့သိပ်ခက်ပါသေးတယ်။ အခြေအနေတွေက စောတုန်းပါပဲ။ ဒါပေမဲ့ ဝါရှင်တန်ရဲ့ တန်ခိုးအာနုဘော်ရော ဒေါ်လာရဲ့သြဇာပါ သိသိသာသာကြီး ကျဆင်းလာ တယ်ဆိုတာကိုတော့ ဘယ်သူမှမငြင်းနိုင်ပါဘူး။ အမေရိကန်အိပ်မက် (American Dream) ဆိုတာကို ဆက်ထိန်း ဖို့ဟာ စရိတ်စကကြီးလွန်းလှလို့ စဉ်းစားစရာဖြစ်နေပါပြီ။

အခုအခါမှာ ဒေါ်လာတန်ဘိုးကျလို့ အမေရိကန်ရဲ့ အဆင့်နေရာ လျှောကျတာလား၊ အမေရိကန်ရဲ့ အဆင့်နေရာလျှောကျလို့ ဒေါ်လာတန်ဖိုး လျှောကျတာလားဆိုပြီး ကြက်နဲ့ကြက်ဥ ဘယ်ဟာက အစလဲဆိုတဲ့ မေးခွန်းထုတ်နေရမယ့်အချိန် မဟုတ်ပါဘူး။ မုချဖြစ်ပေါ်လာတော့မယ့် နိုင်ငံတကာ့အခင်းအကျင်းအသစ်အတွက် စဉ်းစားပြင်ဆင်ကြရမယ့်အချိန်ဖြစ်ပါတယ်။ ဒါ အမေရိကန်နိုင်ငံကိုယ်တိုင် အပါ ဖြစ်ပါတယ်။

(အချက်အလက်များကို အင်တာနက်စာမျက်နှာများက ရပါတယ်။)

REF: နေ့သစ်အင်တာနက်စာမျက်နှာ

Read More...

အပေါ်သို့