Wednesday, January 28, 2009

ဒီချုပ်တွင် ဟောပြောပွဲလုပ်

ကိုဝိုင်း
အင်္ဂါနေ့၊ ဇန်နဝါရီလ 27 2009

ရှေ့နေ ဦးသိန်းညွန့် ဦးဆောင်ဟောပြော ဆွေးနွေးနေစဉ်

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန် ရုံးချုပ်တွင် နှစ်ပတ်တကြိမ် လူငယ်ဟောပြောပွဲ တခုကို ယနေ့မွန်းလွဲက ပြုလုပ်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်၊ ဗဟို ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေ ဦးသိန်းညွန့်က "မြန်မာနိုင်ငံ ဥပဒေနှင့် လက်တွေ့ ပြဿနာများ" ဆိုသည့် ခေါင်းစဉ်နှင့် သွားခဲ့သည်။

ဦးသိန်းညွန့်က အန်အယ်ဒီ၏ မဟာဗျူဟာဖြစ်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေး။ နည်းဗျူဟာများဖြစ်သည့် တရားဥပဒေဘောင်အတွင်းမှ ပါဝင်ရေး၊ နိုင်ငံရေးကို နိုင်ငံရေး နည်းနှင့် ဖြေရှင်းရေး အပေါ်အခြေခံ၍ ဥပဒေအကြောင်းအရာများ ပါဝင်ကြောင်း ဟောပြောပွဲသို့ ကိုယ်တိုင် တက်ရောက်ခဲ့သူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်က "အန်အယ်ဒီက တလျှောက်လုံး နိုင်ငံရေး ပြဿနာတွေကို ဥပဒေကြောင်းအရ ဥပဒေဘောင် အတွင်းကပဲ ဖြေရှင်းခဲ့ပါတယ်။ အခုလည်း လုပ်နေတယ်ပေါ့ဗျာ။ အဲဒါကို ဥပဒေလမ်းကြောင်းတွေ အတွေ့ အကြုံတွေနဲ့ ရှင်းပြသွားတာပေါ့ဗျာ" ဟု ပြောသည်။

မေးဖြေကဏ္ဍတွင် တောင်အာဖရိကနိုင်ငံတွင် ပြုလုပ်ခဲ့သော အသားရောင် ခွဲခြားအုပ်ချုပ်ခဲ့သော လူဖြူ အစိုးရကို ဖြုတ်ချခဲ့သူများက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပြုလုပ်ခဲ့သည့် Truth Commission အကြောင်းလည်း ပါရှိသည်။ ၀န်ခံမှုပြုလျှင် အပြစ်ကျူးလွန်ခဲ့သူများကို ခွင့်လွှတ်သည့် အစီအစဉ် ဖြစ်သည်။

ဟောပြောပွဲကို အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးဝင်းတင်၊ ဦးညွန့်ဝေ၊ သခင်စိုးမြင့်၊ ဦးခင်မောင်ဆွေတို့ အပါအ၀င်၊ လူငယ်များ၊ အမျိုးသမီးအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၅၀) ကျော် တက် ရောက်ခဲ့သည်။

ယနေ့ ဟောပြောပွဲသည် ရန်ကုန်တိုင်း လူငယ်အကူအညီပေးရေးအဖွဲ့နှင့် မြို့နယ်လူငယ်များ ပူးပေါင်း ဆောင်ရွက်သည့် လူငယ်ပညာပေးရေး အစီအစဉ်အရ ကျင်းပခြင်း ဖြစ်သည်။



REF: မဇ္ဈိမ

Read More...

Tuesday, January 27, 2009

မြန်မာပြည်တွင်း ပထမဆုံး နိုင်ငံရေးဂျာနယ် ထွက်မည်ဟုဆို

ဖနိဒါ
တနင်္လာနေ့၊ ဇန်နဝါရီလ 26 2009

ချင်းမိုင်(မဇ္ဈိမ) ။ ။ ဆင်ဆာဖြတ်တောက်မှုဆိုးရွားလှသည့် မြန်မာပြည်တွင် နိုင်ငံရေးအကြောင်းအရာများ ဖော်ပြမည်ဆိုသော ဂျာနယ်တခုကို လာမည့် ကြာသာပတေးနေ့တွင် ထုတ်ဝေသွားမည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲအမှီ နိုင်ငံရေးအမြင်၊ သုံးသပ်ချက်နှင့် ဆောင်းပါးများ အဓိက ဖော်ပြမည်ဆိုသော Northern Star ဥတ္တရအလင်းဂျာနယ်ကို စစ်မှုထမ်းဟောင်းတဦးဖြစ်ပြီး အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာ ဒုတိယအယ်ဒီတာချုပ်ဟောင်း ဦးသီဟအောင်က အယ်ဒီတာချုပ်အဖြစ် တာဝန်ယူမှာဖြစ်သည်။

"မြန်မာနိုင်ငံ ဒီမိုကရေစီကို သွားနေတယ်လေ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ သတင်းစာဆရာ၊ စာရေးဆရာတွေ ရေးသားခဲ့တဲ့ အမှတ်ရစရာလေးတွေ၊ တိုင်းပြည်အတွက် အကျိုးရှိမဲ့ဟာတွေ ပြန်ရီဗျူး လုပ်ပြီးတော့၊ နောက်ပိုင်း ပါတီတွေ ဖွဲ့တော့မယ်။ စည်းရုံးရေးတွေ လုပ်တော့မယ်။ ရွေးကောက်ပွဲ လုပ်တော့ မယ်။ အတိတ်ကို နည်းနည်းပြန်တည်ပြီး လမ်းမှန်ပေါ့နော်။ အန်ကယ်တို့ မြင်တဲ့ ပုံစံအတိုင်း သွားသင့်တယ် ဆိုတဲ့ အယူအဆနဲ့ ထုတ်ဝေမှာပါ"ဟု ဦးသီဟအောင်က ပြောသည်။

"၈၈ ကနေ ၂၀၀၈ ထိ နှစ်ပေါင်း ၂၀ ထိ ဖြတ်သန်းခဲ့ရပြီလေ။ တိုင်းပြည်တွင်းမှာ ပြည်သူတွေက သိတာ လည်းရှိတယ်၊ မသိတာတွေလည်း ရှိတယ်။ တချို့က သိပေမယ့် မေ့သွားတာတွေရှိတယ်။ သမိုင်းထဲမှာ မှတ်တိုင်တွေဆိုတာ ရှိတယ်လေ။ အဲဒီအရေးကြီးတဲ့ ကာလတွေကို ပြည်သူလူထုက ပြန်လည်သိရှိ၊ မှတ်မိပြီး တော့ ခုဖြစ်နေတဲ့ နောက်ဆုံးအခြေအနေတွေကို ပေါင်းစပ်ပြီးတော့ လေ့လာသုံးသပ်နိုင်အောင် တင်ပြမှာပါ" ဟု သူက ဆက်ပြောသည်။

ပထမဆုံးထွက်ရှိမည့် စာစောင်တွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် စာနယ်ဇင်းသမားများ၏ အခန်းဏ္ဍ၊ မောင်ဝံသ၊ မောင်စူးစမ်း၊ ကျော်ဝင်းတို့၏ ဆောင်းပါးများ ပါဝင်မည်ဟု သိရသည်။

"အဓိက ရည်ရွယ်ချက်ကတော့ အခုအများအားဖြင့် အန်ကယ်တို့မှာ အားနည်းနေတာက နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အကြောင်းအရာ အပြည့်အ၀ပေးတဲ့ ဂျာနယ်မရှိဘူး။ ကိုယ်ယုံကြည့်ရာ ကိုယ်လုပ်ကြတာ လေ။ ၂၀၀၉- ၂၀၁၀က ဒီအချိန်မှာ နိုင်ငံရေးနှင့် ပတ်သက်တဲ့ အသိပညာ၊ အတွေ့အကြုံတွေ၊ အယူအဆ တွေ ချပြဖို့ဆိုတာ နည်းနည်းနဲ့ ချပြဖို့ဆိုတာ မလွယ်ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်တာ တော်တော်များများပါပြီး တော့ ပြည်သူလူထု စဉ်းစားလာနိုင်အောင် သမာသမတ် ကျကျနဲ့ ချပြမယ်။ တိုင်းပြည်ကောင်းစေချင်လို့ပါပဲ။ ဒီတခုပါပဲ"ဟု ဦးသီဟအောင်က ပြောသည်။

သို့သော် စာပေကင်ပေတိုင်ဟု နာမည်ဆိုးဖြင့်ကျော်ကြားသော စစ်အစိုးရ၏ ဆင်ဆာဘုတ်အောက်မှာ ပေး ဖြတ်ခွင့်မရှိသလောက် နည်းပါးလှသော နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည့်နှင့် သူမ၏ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များနှင့် ခေါင်းဆောင်အများအပြား ထောင်ကျခံနေရ သည့် ၈၈ မျိုးဆက်ကျောင်းသားများအကြောင်းကိုမူ အကြောင်းတစုံတရာ တိုက်ဆိုင်မှသာလျှင်ရေးသား ဖော်ပြဖြစ်ပါလိမ့်မည်ဟု သူက ပြောသည်။

ဦးသီဟအောင်သည် ဗိုလ်မှူးအဖြစ် ၁၉၇၂ခုနှစ်မှ ၁၉၉၁ ခုနှစ် တပ်မတော် တာဝန်ထမ်းဆာင်ခဲ့သူဖြစ်သည်။ ထို့နောက် ပြန်ကြားရေးဌာနသို့ ပြောင်းရွှေ့ကာ မြန်မာ့အလင်းတွင် ဒုတိယ အယ်ဒီတာချုပ်မှ ညွန်ကြားရေး မှူး၊ အထွေထွေ မန်နေဂျာရာထူး တာဝန်များယူခဲ့ပြီး ၂၀၀၇ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

သတင်းစာ ဆရာဘ၀မှ နိုင်ငံရေးထဲ ၀င်ရောက်လာခဲ့ပြီး ဆိုးရွားလှသော စစ်အစိုးရ၏ အကျဉ်းထောင်ထဲတွင် နှစ် ၂၀ ခန့်နေခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူက "ကောင်းပါတယ်၊ ခုလို ထုတ် ဝေမယ်ဆိုရင် ဘာပဲထုတ်ထုတ်၊ အမှန်တရားကို အခြေခံထားဖို့ ရေးသားကြဖို့ သတင်းစာကျင့်ဝတ် သိက္ခာနဲ့ အညီ တည်းဖြတ်ဖို၊့ ဖော်ပြဖို့ပါပဲ။" က မဇ္ဈိမသို့ ပြောသည်။

ပြန်ကြားရေး ၀န်ကြီးဌာနမှ ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင်း ဂျာနယ် ၆ စောင်နှင့် မဂ္ဂဇင်း ၆ စောင်တို့ အား ထုတ်ဝေခွင့်ချပေးခဲ့သည်။ ထုတ်ဝေခွင့်မှတ်ပုံတင်ထားသည့် အပတ်စဉ်ဂျာနယ်သည် အနည်းဆုံး ၁၃၀ ထက်ရှိသည်။

ပြည်တွင်း အယ်ဒီတာတဦးကမူ ဆင်ဆာဖြတ်တောက်မှု ပိုမိုဆိုးရွားလာသော လက်ရှိအခြေအနေတွင် နိုင်ငံ ရေးအကြောင်းဆိုလျှင် ပြည်ပနိုင်ငံရေးသာ ပိုမိုရေးခွင့်ရပြီး ပြည်တွင်းနိုင်ငံရေးအတွက်မူ အကန့်အသတ် များလွန်းလှ၍ သိပ်မျှော်လင့်မထားဟု ဆိုသည်။

စာမျက်နှာပေါင်း၂၀ ရှိ Northern Star ဂျာနယ်အား ယခုတပတ် ကြာသာပတေးနေ့တွင် စောင်ရေ ၃ ထောင် အနည်းဆုံး ဖြန့်ချီမည်ဖြစ်ပြီး တန်ဖိုးအားဖြင့် တစောင်လျှင် ၃၀၀ ကျပ်ဖြင့် စတင် ရောင်းချမည်ဟု သိရသည်။



REF: မဇ္ဈိမ

Read More...

ဦးဝင်းတင်ပြောတဲ့ ဦးသန့်

Thursday, 22 January 2009

ကမ္ဘာ့ ကုလ သမဂ္ဂ အထွေ ထွေ အတွင်း ရေးမှူးချုပ် ဦးသန့်နှင့် သတင်းစာသမားတဦးအနေဖြင့် တွေ့ကြုံ ခဲ့ဖူးသည့် (ယခု NLD ခေါင်းဆောင်) ဦးဝင်းတင်အား ဦးသန့် နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီ မဂ္ဂဇင်းက မေးမြန်းထားချက် ဖြစ်သည်။


အလုပ်စားပွဲက ဦးသန့် (ဓာတ်ပုံ - UN Photo/Grunbaum)

သူက နိုင်ငံ့အကျိုးတွေလည်း အတတ်နိုင်ဆုံး ထမ်းဆောင်ခဲ့တယ်။ နောက် ကုလသမဂ္ဂလို ကမ္ဘာ့အဖွဲ့ အစည်းကြီးမှာ အမြင့်ဆုံးနေရာကနေ တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့သူ ဖြစ်လေတော့ သမိုင်းမှာ အလွန် ဂုဏ်ယူစရာ ကောင်းတယ်ပေါ့ဗျာ။ ဒါက လူပုဂ္ဂိုလ်အရ ပြောရတာပါ။ ဗမာနိုင်ငံသား တယောက်အနေနဲ့ အလွန်ဂုဏ်ယူစရာ ကောင်းတဲ့ပုဂ္ဂိုလ်လို့ ပြောချင်ပါတယ်။ တခုရှိတာက ဦးသန့်ဟာ ကုလသမဂ္ဂလို နေရာမှာ ရာထူးရသွားလို့ ဂုဏ်ယူခြင်းဆိုတာထက် ဒီပုဂ္ဂိုလ်ရဲ့စွမ်းဆောင်ချက်၊ သူ့ရဲ့ ဆောင်ရွက်ချက်တွေက ထူးထူး ခြားခြား ကောင်းမွန်ခဲ့တာ တွေ့ရတယ်ဗျ။

ကမ္ဘာ့နိုင်ငံတကာအရေးမှာပဲ ကျူးဘားအရေးအခင်းကိစ္စတို့၊ ဒုံးပျံကိစ္စတို့၊ အရှေ့အလယ်ပိုင်းကိစ္စ၊ ဗီယက်နမ် ကိစ္စတို့ကိုကြည့်။ ဒီကိစ္စတွေကိုဆောင်ရွက်ရာမှာ သူဟာ အလွန်ကိုတည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ အောင်မြင်မှုရအောင် ဆောင်ရွက်ခဲ့တာတွေအတွက် ကျနော်တို့ အလွန်ကို ဂုဏ်ယူစရာ ကောင်းတယ်ဗျ။ သူ့ ဟာသူ ရာထူးရတာက တပိုင်းပေါ့ဗျ။ လူတယောက် ရာထူးရပြီး ဘာမှ မယ်မယ်ရရ မဆောင်ရွက်နိုင်တာတွေ ပြည်တွင်းမှာပဲဖြစ်ဖြစ် ပြည်ပမှာပဲဖြစ်ဖြစ် အများကြီးရှိတယ်ဗျ။

နောက်တခုက ဦးသန့်ဟာ ဘာပဲလုပ်လုပ် တည်တည်ငြိမ်ငြိမ်လုပ်တတ်တယ် ဆိုတာကို တွေ့ရတယ်။ ဘယ် အလုပ် လုပ်လုပ် စကားနည်းနည်းပဲပြောပြီး တိတိကျကျ ဆောင်ရွက်တတ်တယ်ဗျ။ ဒါက ကုလသမဂ္ဂလို နေရာမျိုးရောက်မှ မဟုတ်ဘူး၊ မြန်မာပြည်တွင်းမှာ နေစဉ်ကတည်းကလည်း ဒီတိုင်းပဲ။ ဥပမာ ပြန်ကြားရေး ဝန်ကြီးဌာနမှာ အတွင်းဝန်လုပ်တော့ သတင်းစာဌာနတွေဘာတွေနဲ့ ဆက်ဆံတဲ့နေရာမှာ တိတိကျကျ တည်တည်ငြိမ်ငြိမ်ပဲ ဆောင်ရွက်တာ တွေ့ရတယ်။

တည်တည်ငြိမ်ငြိမ်ဆိုတာ တော်တော်လေး အရေးကြီးတယ်ဗျ။ စကားသိပ်မပြောဘူး။ ကျနော်ဆုံဖူးတာလေး တခုဆိုရင် ၁၉၆၀ ကျော် လောက်ကပေါ့ ဗမာပြည်မှာလာပြီး ဗီယက်နမ်စစ်ပွဲနဲ့ ပတ်သက်လို့ ဆောင်ရွက်ဖူး တယ်။ ဗီယက်နမ်အရေးကို ကုလသမဂ္ဂရယ် ဗီယက်နမ်တောင်ပိုင်း၊ မြောက်ပိုင်း အလယ်ပိုင်းတွေ ဆွေးနွေး ရာမှာ ဗမာပြည်က နေရာပေးတယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ သူက အလုပ်လုပ်တာမှာ အကုန်လုံး သင့်သင့် မြတ်မြတ်ဖြစ်အောင် လုပ်တတ်တယ်။

ဒီကိစ္စက လျှို့ဝှက်ကိစ္စဗျ။ ဒါပေမယ့် လူတွေက သိချင်တယ်လေ။ အဲဒီမှာ လျှို့ဝှက်ကိစ္စကိုလည်း မငြင်း ရှောင်ဘူး၊ သိသင့်တာကိုလည်း သိရအောင် မီဒီယာရဲ့သိခွင့်ကိုလည်း မလျော့ပါးအောင် လုပ်တတ်တယ်ဗျ။ ကျနော် မှတ်မိတာလေး တခုဆိုရင် သူ သတင်းထောက်တွေနဲ့တွေ့တော့ ကျနော်တို့ထဲက သတင်းထောက် တယောက်က စကားနည်းနည်းလေး ထစ်တယ်။ အဲဒီတုန်းကလည်း သတင်းထောက် နည်းနည်းပဲရှိတာပါ။ ဒါတောင် တယောက်ကို တမိနစ်ပဲ ပေးမယ်ပေါ့ဗျာ။ မေးတာကော ဖြေတာကောနော်။ အဲဒီထစ်တဲ့သူက စကားထစ်ပြီး ဗီ ဗီ ဗီ ဗီ ဆိုပြီး ဗီယက်နမ် ဆိုတာတောင် မရောက်ဘဲ ဖြစ်တယ်ဗျ။ အဲဒီမှာ သူက ပြောလိုက် တယ် ခင်ဗျားဗျာ မေးတာနဲ့ တမိနစ်ပြည့်နေပြီ ကျနော့်အဖြေမပေးနိုင်တော့ဘူးဆိုပြီး ပြောလိုက်တယ်။ တိတိ ကျကျ လုပ်တာပေါ့ဗျာ။ တည်တည်ငြိမ်ငြိမ် ပြတ်ပြတ်သားသား လုပ်တတ်တာ ဦးသန့်နဲ့ပတ်သက်တဲ့ အမှတ် တရ တခုပေါ့ဗျာ။

နောက်တခုက ဦးသန့်အရေးအခင်းနဲ့ ပတ်သက်တာပေါ့။ ဒါလူတိုင်းသိတဲ့ကိစ္စပါ။ အများကြီး မပြောချင်တော့ ဘူး။ တခု ပြောချင်တာက ပြည်သူလူထုဟာ တန်ဖိုးထားရမယ့်သူကို တန်ဖိုးထားရမယ်ဆိုတာ ဘယ်တော့ပဲ ဖြစ်ဖြစ် သိတယ်ဗျ။ အထူးသဖြင့် ဗမာပြည်သူလူထုပေါ့။ နောက်တခုက ဒီလိုလူတွေနဲ့ပတ်သက်ပြီး မထိုက် တန်တဲ့ အပြုအမူမျိုးကိုလုပ်တော့ ပြည်သူလူထုက သိပ်ပြီး ဒေါသထွက်တယ်၊ မကြိုက်ဘူးဗျ။ ဒီတော့ ဒီဟာနဲ့ ပတ်သက်လာရင် အမြဲ တုန့်ပြန်တယ်။ ဒီအရေးအခင်းဟာ ဒီသဘောထားကို ထင်ထင်ရှားရှား ပြလိုက်တာ ပဲ။

ဦးသန့်လိုပုဂ္ဂိုလ်မျိုးဟာ ဗမာပြည်အတွက်၊ ဗမာတယောက်အနေနဲ့ သိပ်ကိုဂုဏ်ယူစရာကောင်းတယ်၊ နောက် ပြီး အလွန်ကိုထိုက်ထိုက်တန်တန်နဲ့ ကမ္ဘာ့အရေးကိုတောင် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ ရုပ်အလောင်းကို ကြို တာတောင်မှ ကြိုဖို့ခွင့်မပေးဘူး၊ ဘယ်သူ့ကိုမှ မပြောဘူး။ ကြားတာတခုကတော့ အဲဒီအချိန်က ဦးနေဝင်းက ငပလီမှာရှိနေတယ်ပြောတယ်ဗျ။ ဒီကသံရုံးတွေက သွားကြိုချင်တော့ ဘယ်သူကြိုမှာလဲ မေးတော့ သူက မင်းတို့ ကြိုချင်ကြို ငါဘာမှလုပ်စရာမရှိဘူးကွာလို့ ပြောတယ်တဲ့။ သူအဲလိုပြောလိုက်တော့ အားလုံးက သူ့ရဲ့ စိတ်သဘောကို သိပြီ။ အဲဒီမှာ ဘယ်သူကမှ ဘာမှမလုပ်ရဲတော့ဘူး။

နောက်ဆုံးပိတ်ကျတော့ ပညာရေးဒုဝန်ကြီးဦးအောင်ထွန်းဆိုတာ ကျနော့်သူငယ်ချင်းပါပဲ၊ သူ့ကို တာဝန်ပေး လိုက်တယ်တဲ့။ သူကလည်း တွေးတာပေါ့ဗျာ။ ဒီလိုနေရာက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ရမယ့် နေရာမှာ ကောင်းကောင်းလုပ်မယ်ဆိုပြီး အနောက်တိုင်းဝတ်စုံတွေ ဘာတွေဝတ်ပြီး နက္ကတိုင်နဲ့ဘာနဲ့ ကျကျ နန သွားတာဗျ။ ဒါပေမယ့် ဦးသန့်ရဲ့ အလောင်းကိုကြိုမိလိုက်တာနဲ့ အဲဒီဝန်ကြီးလည်း ပြုတ်ရောဗျ။ အဲဒါကို ပြည်သူလူထုသိတာနဲ့ ဒီလိုဂုဏ်ယူစရာကောင်းတဲ့ပုဂ္ဂိုလ်မျိုးကို သေးသိမ်အောင် လုပ်တယ်ဆိုပြီး မကျေနပ် တော့ ကျောင်းသားပြည်သူအများက ဦးသန့်အလောင်းကြီးကိုအတင်း ကျိုက္ကဆံကွင်းကနေလုကြတာ။

ပထမကြားတာက ဒေါ်ခင်မေသန်းရဲ့ ခြေရင်းမှာမြှုပ်ဖို့တောင် စီစဉ်ထားတာလို့ ကြားတာပဲ။ ဟုတ်မဟုတ် တော့ မသိဘူးဗျ။ ကြံတောမှာပေါ့။ အဲဒီမှာ တက္ကသိုလ်ဝင်းထဲကိုသယ်ပြီး ဆန္ဒပြပွဲ ဖြစ်တော့တာပဲ။ ဒါက ဘာ ပြလဲဆိုတော့ ဒီစစ်တပ်က အုပ်ချုပ်သူတွေဟာ အမြဲတမ်း သူတို့ထင်သလို လုပ်သမျှ ဖြစ်တယ်လို့ ထင်တယ်။ ခုလို ဂုဏ်ရှိတဲ့ပုဂ္ဂိုလ်မျိုးကို သေးသိမ်အောင်လုပ်ချင်တယ်။ အလေးမထားချင်ဘူး၊ ဂုဏ်ပျက်အောင် လုပ်ချင် တယ်။ အဲဒီအတွက် ကြီးစွာသော တုန့်ပြန်မှုရတယ်ဆိုတာကို ဘယ်တော့မှ နမူနာ မယူဘူး။

ဆိုပါတော့ဗျာ ကျနော်စကားဆက်ပြီးပြောရရင် ဒေါ်ခင်ကြည်ဈာပနတုန်းကလည်း ဒေါ်ခင်ကြည်ကို ကြံတော မှာမြှုပ်ဖို့လုပ်တယ်ဗျ။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကကော ကျန်တဲ့ ကျောင်းသား၊ သံဃာ၊ လူထုက လက်မခံနိုင်ဘူးဗျ။ လက်မခံနိုင်တော့ မြို့တော်ခန်းမကိုသယ်ပြီး ပြည်သူ့ဈာပနလုပ်ဖို့အထိ လုပ်မလို့ဗျ။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ဈာပနလုပ်တာတော့ မကြိုက်ဘူးဆိုပြီး ပြောတော့မှ သတိရ ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ကြိုက်ပါတယ် ဆိုပြီးဖြစ်တာဗျ။ မိသားစုဈာပနပဲပေါ့ဗျာ။ အဲဒီ မှာမှ ဦးသန့်နဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ကြား မြေကွက်ကိုပေးလိုက်တာဗျ။ မဟုတ်ရင် အောက်ခြေ မှာ ပြည်သူလူထုက ဆူပူတော့မှာ။ ဒေါ်ခင်ကြည်တုန်းကလည်း ဦးသန့်အရေးအခင်းလိုကို ဖြစ်တော့မှာ။

ချုပ်လိုက်ရင် မြန်မာလူမျိုးအတွက်သာမက ကမ္ဘာအတွက်ပါ ဂုဏ်ယူစရာကောင်းတဲ့သူ ကျူးဘားအရေး အခင်းလို ကမ္ဘာမှာ နျူးကလီးယားစစ်ကြီးတောင် ဖြစ်တော့မယ့် အနေအထားကို တားနိုင်ခဲ့တဲ့သူ ဒီလို ပုဂ္ဂိုလ်မျိုး ဖြစ်တဲ့အတွက် ဂုဏ်ယူရမယ်။ တိုင်းပြည်မှာ ဂုဏ်ယူ အလေးထားရမယ့် ပုဂ္ဂိုလ်မျိုးကို အမြဲတမ်း စစ်အစိုးရက သေးသိမ်အောင် မဖွယ်မရာ သဘောထားနဲ့ ပြုမူချုပ်ကိုင်တတ်တဲ့ သဘောထားမျိုးရှိတယ် ဆိုတာ ဦးသန့်အရေးအခင်းက သက်သေပြနေတယ်လို့ပဲ ပြောချင်တယ်။

ဦးနေဝင်းက ပုဂ္ဂိုလ်ရေးအာဃာတ ထားတဲ့ပြဿနာတခု .. အဲဒါကတော့ ဦးနေဝင်းပြဿနာဗျ။ ဦးသန့် ပြဿနာ မဟုတ်ဘူး။ ဦးသန့်ဟာ လူတွေနဲ့ဆက်ဆံရာမှာ အလွန်ကို တည်ကြည်မှန်ကန်တဲ့ပုဂ္ဂိုလ်ဗျ။ စကား ပြောရာမှာ ယဉ်ကျေးတယ်၊ သိမ်မွေ့တယ်၊ အေးဆေးတယ်။ ဘယ်သူ့ဖြစ်ဖြစ် လေးလေးစားစား ဆက်ဆံ တယ်။ ဒီတော့ ဒီကိစ္စဖြစ်တာဟာ ဦးသန့်နဲ့ မဆိုင်ဘူးဗျ။ ဦးနုနဲ့ ဦးနေဝင်းဖြစ်တဲ့ကိစ္စ။ ဦးနုက အာဏာသိမ်းခံ ရတော့ ကမ္ဘာလှည့်ပြီး နိုင်ငံတွေကို ထောက်ခံချက်တောင်းရင်း ကုလသမဂ္ဂကိုရောက်တော့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲအခန်းမှာ နိုင်ငံတကာသတင်းထောက်တွေရှေ့မှာ ပြောတယ်။

အဲဒီအချိန်က ဦးနေဝင်းက ဦးနုကို ဒေါသဖြစ်နေတာဗျ။ ဦးနေဝင်းအနေနဲ့က သူ့ရဲ့စစ်အစိုးရနဲ့ တိုင်းပြည်ကို ငြိမ်အောင်ကြိုးစားနေရတဲ့အချိန်မှာ ဦးနုက ကုလသမဂ္ဂလို နေရာမျိုးမှာ သတင်းစာ ရှင်းလင်းပွဲလုပ်၊ ကမ္ဘာ သိကြေညာ၊ စစ်အစိုးရရဲ့ ချွတ်ယွင်းချက်တွေ ထောက်ပြ၊ သူ့ရဲ့ ဒီမိုကရေစီအခွင့်အရေးတွေ တောင်းဆိုတာ မျိုးတွေလုပ်တော့ ဦးနေဝင်းက ဒေါသထွက် တုန်လှုပ်တယ်။ ဒါက အစိုးရကို ဖြိုဖျက်နိုင်လောက်အောင် ဖြစ် တယ်လေ။

ဒါပေမယ့် ဦးနေဝင်းရဲ့ဒေါသက ဦးနုထက် ဦသန့်ဆီ ရောက်သွားတယ်။ အဲဒီအချိန်မှာ ဦးသန့်နဲ့ ဦးနုကလည်း အလွန်ရင်းနှီးကြတာကိုး။ ငယ်သူငယ်ချင်းတွေကိုး။ ဒါဟာ ဦးသန့်ဟာ ဦးနုကို အထူးအခွင့်အရေးပေးတာပဲ လို့ထင်တယ်ဗျ။ တကယ်က မဟုတ်ဘူးဗျ။ ဒီအခန်းကို ကုလသမဂ္ဂရောက်တဲ့ ဘယ်နိုင်ငံ့ခေါင်းဆောင်မဆို သုံးခွင့်ရှိတယ်ဗျ။ သူကလည်း နိုင်ငံ့ခေါင်းဆောင်တဦးပဲကိုး။ အပြင်လူ အနေနဲ့ဆိုရင်တော့ ဦးနုဟာ ပြုတ်ကျ နေတဲ့ ခေါင်းဆောင်ဟောင်းလို့ပြောမယ်။ ဒါပေမယ့် ခေါင်းဆောင်ဟောင်း မဟုတ်ဘူးဗျ။ အာဏာသိမ်းခံ ထားရတဲ့ ခေါင်းဆောင်ဗျ။ အဲဒီမှာ ဦးနေဝင်းရဲ့ ဒေါသတွေဟာ ဦးနုဆီကနေ ဦးသန့်ဆီကို ရောက်သွားတော့ တာပဲ။

ဦးသန့် ဗမာပြည်ကိုရောက်တိုင်း ဦးသန့်ဟာ ဦးနေဝင်းနဲ့ တွေ့ဆုံဖို့ကြိုးစားတာ အကြိမ်ကြိမ်ပဲ။ အဲဒါလည်း ကျနော်တို့သတင်းစာလောကက အသိဆုံးပဲ။ အဲဒီလိုအခါတိုင်းမှာ ဦးနေဝင်းက ငြင်းပယ်တယ်၊ ရှောင်တယ် ဗျ။ ဦးသန့်လာတဲ့အခါ မြောက်ဖျား ကချင်ပြည်နယ် ခရီးထွက်နေတယ်၊ အနားယူနေတယ်၊ နေမကောင်းဘူး အမြဲလုပ်တယ်။ အဲဒီတော့ ဦးနေဝင်းနဲ့ ဦးသန့်နဲ့ ကြားမှာ မညီညွှတ်တဲ့သဘောထားတွေ ဖြစ်ပေါ်လာတာ ဦးသန့်ကြောင့်မဟုတ်ဘူး။ ဦးနုကနေ ဆက်စပ်ပြီး ပေါ်လာတဲ့ သဘောထား။ အဲဒီကနေ တဖြည်းဖြည်းကွာ သွားပြီး နောက်ဆုံး ဈာပန အခမ်းအနားမှာတောင် ရုပ်အလောင်းကို ကြိုမိတဲ့ ဒုဝန်ကြီးတယောက်တောင် ပြုတ်ရတဲ့အထိ မလိုမုန်းထားစိတ်တွေ ဖြစ်ခဲ့တာပေါ့ဗျာ။

ဦးနေဝင်းအစိုးရက မထောက်ခံတာကြောင့် ဦးသန့်ရဲ့ တတိယသက်တမ်း ပြယ်သွားတယ်လို့ ပြောကြတယ်။ တကယ်တော့ ဦးနေဝင်းမထောက်ခံရုံနဲ့ ဒီလိုမဖြစ်ပါဘူးဗျ။ ဦးသန့်ကိုယ်တိုင်ကိုက အဲဒီမှာ ကျန်းမာရေးက မကောင်းတော့ဘူး။ ငယ်ငယ်ကတည်းက ဆေးပြင်းလိပ်သောက်ခဲ့တာဆိုတော့ သူ့မှာ ကင်ဆာဖြစ်လာတဲ့ အနေအထားတွေ သူသိမယ်ဗျ။ မိခင်နိုင်ငံက ကန့်ကွက်တာနဲ့ လူတယောက် အလုပ်မလုပ်နိုင်တော့ဘူး ဆို တာမျိုးတော့ မဖြစ်နိုင်ဘူးဗျ။ နိုင်ငံအများစုက ထောက်ခံရင်ကို လုပ်နိုင်တာပဲ။ လုံခြုံရေးကောင်စီ အဖွဲ့ဝင် တွေက ထောက်ခံရင်ကိုပြီးတာပဲ။ သူကိုယ်တိုင်ကိုက ကျန်းမာရေးကြောင့် ဆုတ်သွားတာဖြစ်မယ်ဗျ။ အဲဒီ နောက်ပိုင်း ၁ နှစ် ၂ နှစ်အတွင်းမှာ ဒီရောဂါက ဆိုးရွားခဲ့တာကိုးဗျ။

ပြောစမှတ်ပြုစရာကတော့ အများကြီးတော့ မပြောနိုင်ဘူး။ ဘာကြောင့်လဲဆို အဲဒီတုန်းက ကျနော်က ငယ် သေးတာကိုး။ နောက်ပြီး ကျနော်က သိပ်ပြီးအရေးပါတဲ့သူလည်း မဟုတ်ခဲ့ဘူး။ ဒါပေမယ့် တခု မှတ်မိတာက တော့ ကျနော် သတင်းစာအသင်း အတွင်းရေးမှူး လုပ်စဉ်ကပေါ့ အဲဒီတုန်းက ဥက္ကဌက ဂါးဒီးယန်း ဦးစိန်ဝင်း။ ဦးသန့်ကရန်ကုန်ရောက်နေတယ် နှစ်တော့သေချာမမှတ်မိဘူး ၁၉၆၄ ဝန်းကျင်ဖြစ်မယ်ဗျ။ အဲဒီမှာ သတင်းစာအသင်းက ဦးသန့်ကို ဂုဏ်ပြုပွဲလေးလုပ်တယ်ဗျ။

အဲဒီမှာ ကျနော်တို့က ဦးသန့်ကိုလက်ဆောင်ပေးဖို့ စီမံတယ်။ အဲဒီမှာ သူ့ရဲ့ဆန္ဒလေးလည်းယူတယ်။ ဒါက လူ ၁ ယောက် ၂ ယောက်ပဲ သိတဲ့ကိစ္စပေါ့။ အဲဒီမှာ ဦးသန့်က ဒီလိုလုပ်ဗျာတဲ့ ကုလသမဂ္ဂမှာ အခန်းတွေ အများကြီးရှိတာဆိုတော့ ပန်းချီကားတွေ ထားတယ်။ အဲဒီမှာ ဗမာပန်းချီကားလည်း ချိတ်ဆွဲချင်တယ်လို့ ပြောတယ်ဗျ။ အဲဒီမှာ ကျနော်တို့က ပန်းချီကားစီစဉ်တယ်။ ပေါ်ဦးသက်ရဲ့ကားဗျ။ ပေါ်ဦးသက်ကလည်း ဆွဲလိုက်တာ ဆင်ပုံကြီးဗျ။ ဆင်နဲ့ မျက်မမြင်ပုဏ္ဏား ခြောက်ယောက်ပေါ့။ ဆင်ကလည်း ရိုးရိုး ငုတ်တုတ်နေတဲ့ ဆင်ကြီးမဟုတ်ဘဲ ကခုန်နေတဲ့ဆင်ပေါ့ဗျာ။ နောက်တခု ပုဏ္ဏားတွေက အဖြူတွေ ဝတ်လို့ ဆင်ကြီးက အမည်းဗျ။ ဆန့်ကျင်ဘက်အရောင်နှစ်ခုနဲ့ ဆွဲထားတာ။ ပုဏ္ဏားတွေက တချို့က ဆင်ကိုစမ်း၊ တချို့က ကခုန် လို့ အဲလိုပုံဗျ။ ကျနော့်မျက်စိထဲမှာ မြင်ယောင်နေသေးတယ်။

အဲဒီကားက ၆ ပေ ၃ ပေလောက်ရှိမယ်။ သူ့ရဲ့ဘောင်က ကနုတ်ထွင်းထားတဲ့ ခေါင်းပွကြီး။ ပန်းခက်တွေနဲ့ ဝန်းရံနေတဲ့ သစ်လုံးကြီးလိုပဲ။ အဲဒီပန်းချီကားကို အကြောင်းကြောင်းကြောင့် ဘောင်ကြီးနဲ့ မသယ်နိုင်ဘူး။ ဒါနဲ့ ဘောင်ကြီးကို ဦးစိန်ဝင်းဆီမှာ ထားခဲ့တယ်။ ဒီကားကတော့ ကုလသမဂ္ဂမှာ ဘယ်ပုံနဲ့ ရှိနေလည်း မပြော တတ်ဘူး။ ဒါပေမယ့် ဘောင်ကြီးကတော့ ဦးစိန်ဝင်းက ဓမ္မိကဦးဘသန်းတို့ကနေတဆင့် လှူလိုက်တော့ ခု လောကနတ် ပန်းချီပြခန်းမှာ ရှေးဟောင်းကားတခုဖြစ်တဲ့ ဆရာခြုံရဲ့လက်ရာ ခပ်သေးသေးပဲ အဲဒီကားကို ထည့်ထားတယ်။ ဘောင်ကတော့ ဗမာပြည်မှာ ရှိနေတယ်။ လောကနတ်မှာရှိသေးလားတော့ မသိဘူး။

ဒါကဘာကိုပြလဲဆိုတော့ ဦးသန့်ရဲ့ အနုပညာမြတ်နိုးမှုရယ်၊ မြန်မာပြည်ကို အလေးထားတဲ့စိတ် ရှိတာရယ် ပေါ့ဗျာ။ သူရှိစဉ်က မြန်မာတွေကို ရာထူးပေးတာမျိုးရှိတယ်။ ဒါက ဘက်လိုက်ပေးတာ မဟုတ်ဘူး။ ထူးချွန်တဲ့ သူခြင်းတူရင် ဗမာတွေကို အလုပ်အခွင့်အလမ်း ဖော်ထုတ်ပေးခဲ့တယ်။ မှတ်မှတ်သားသား မပြောနိုင်ပေမယ့် ဒါမျိုးရှိတယ်ဗျ။ ဦးတင်အောင်ဆိုတဲ့ သတင်းစာဆရာတဦးဆို ကုလသမဂ္ဂမှာ လုပ်ခဲ့တာပဲ။ ဦးသန့်ဟာ မထိုက်မတန်ဘဲ ကိုယ့်လူပဲဆိုပြီး ဆွဲသွင်းတာမျိုးမဟုတ်ဘူး။ မြန်မာ့အနုပညာကို ဂုဏ်တင် မြတ်နိုးတယ်၊ ကမ္ဘာ့အလယ်မှာ တင့်တယ်စေချင်တဲ့သဘောပေါ့။ အဲဒီကိစ္စလေးကတော့ ကျနော့်ရဲ့စိတ်ထဲ စွဲနေတဲ့ အကြောင်းအရာပေါ့ဗျာ။

အမှတ်တရ ဒီနေ့အတွက်ပြောချင်တာကတော့ ဦးသန့်အနှစ် ၁၀၀ ပြည့်တဲ့အချိန်က သာမန်လူပဲဖြစ်ဖြစ် ကမ္ဘာသိ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် မှတ်မှတ်သားသား ရှိဖို့ကောင်းတဲ့အချိန်ပေါ့။ ဦးသန့်လိုကမ္ဘာ့အကျိုး၊ မြန်မာ့အကျိုး တွေ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်မျိုးကတော့ ပိုပြီး မှတ်မှတ်သားသား လုပ်သင့်တာပေါ့ဗျာ။ ခုလိုချိန်မှာ ကျနော် ပြောချင်တာကတော့ ကျနော်တို့တိုင်းပြည်က ဆင်းရဲတယ်၊ ဒုက္ခမျိုးစုံကြုံခဲ့ရတယ်။ အဆိုးဆုံးကတော့ စစ် အစိုးရတွေပေါ့ဗျာ။ နှစ်ပေါင်း ၄၀ လောက်က စစ်အစိုးရက အုပ်ချုပ်တယ်၊ နှစ်ပေါင်း ၂၀ လောက်က ပြည်တွင်းစစ်တွေ ကြုံရတယ်။ အဲဒီမှာ နွံအိုင်ထဲမှာ ပွင့်တဲ့ကြာတပွင့်လိုပဲ ဦးသန့်လိုပုဂ္ဂိုလ်မျိုး ပေါ်ထွက်ခဲ့တာ ဟာ မီးလျှံထဲကနေ ပန်းတပွင့်ပွင့်ခဲ့တာပဲဗျ။ အဲဒီလိုပုဂ္ဂိုလ်မျိုးရဲ့ အားထုတ်မှုတွေ၊ နမူနာတွေ၊ ထူးချွန်မှုတွေ မျိုး ကျနော်တို့ ဗမာတွေရဲ့ စိတ်ထဲမှာရှိသင့်တယ်။ ကျနော်တို့ ဗမာတယောက်စီတိုင်းဟာ ဦးသန့်လိုပဲ ကြိုးစားသင့်တယ်၊ အားထုတ်သင့်တယ်။ ကြိုးစားကြပါ၊ အားထုတ်ကြပါလို့ပဲ ပြောချင်တယ်ဗျာ။ ။



REF: ဧရာဝတီ

Read More...

ဦးသန့် သို့မဟုတ် မီးလျှံကြားက ကြာပန်းတပွင့် - ကိုစိုး

Friday, 23 January 2009

အာရှတိုက်ရဲ့ ပထမဆုံး ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံသား ဦးသန့် ဟာ အသက်ထင်ရှားရှိပါက ဇန်န၀ါရီ ၂၂ ရက်နေ့မှာ အနှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။

ဦးသန့် အသက် ၁၀၀ ပြည့် အမှတ်တရ အခမ်းအနားတွေကို မြန်မာနိုင်ငံ အပါအ၀င် ထိုင်း၊ မလေးရှား စတဲ့ ကမ္ဘာ့နေရာ တော်တော်များများမှာ ပုံစံအမျိုးမျိုးနဲ့ ကျင်းပကြပါတယ်။

ရန်ကုန်မြို့အင်းလျားလိပ်ဟိုတယ်မှာလည်း ဦးသန့်နဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေ၊ နိုင်ငံခြား သံတမန် တွေ၊ မိသားစုဝင်တွေက မနေ့ ညနေပိုင်းမှာ ဦးသန့် အသက် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ကြတယ်လို့ ဦးသန့်ရဲ့ သား သားမက်ဖြစ်သူ ဒေါက်တာတင်မြင့်ဦး က ပြောပြပါတယ်။

အဲဒီ အခမ်းအနားကို လက်ရှိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း ဂုဏ်ပြုသ၀ဏ်လွှာတစောင် ပေးပို့ခဲ့ပါတယ်။

မစ္စတာ ဘန်ကီမွန်းရဲ့သ၀ဏ်လွှာမှာ ဦးသန့်ဟာ ရှေ့က အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒက်ဟားမား ရှိုး ကွယ်လွန်ပြီးနောက် သူ့သက်တမ်းကာလအတွင်း ကမ္ဘာ့ပြဿနာတွေကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို ကျေပွန်ခဲ့သူတဦးဖြစ်ကြောင်း၊ ဦးသန့်ဟာ တခု တည်းသော ကမ္ဘာ့မိသားစုဖြစ်ရေးနဲ့ ကမ္ဘာ့မိသားစုကြီးရဲ့ ငြိမ်းချမ်းဖွံ့ဖြိုးရေးအတွက်ဆိုတဲ့ ဦးတည်ချက်နဲ့ လုပ်ကိုင်ဆောင်ရွက်သွားသူဖြစ်ကြောင်း ဂုဏ်ပြုပြောဆိုထားပါတယ်။

ဦးသန့်နဲ့ ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း တဦးဖြစ်သူ ကိုဖီအာနန်ကလည်း ဦးသန့်ဟာ ကျန်းမာရေး၊ ပညာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်သွားသူ ဖြစ်ကြောင်း ၂၀၀၃ ခုနှစ်က ပြောကြားတဲ့ မိန့်ခွန်းတခုမှာ ထည့်သွင်းပြောကြားခဲ့ဖူးပါတယ်။

အဲဒီအပြင် ဦးသန့်ဟာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကိုလည်း သိနားလည်သူ ဖြစ်တယ်လို့ ကိုဖီအာနန် က ဆိုတယ်။

“ဦးသန့်ဟာ သတင်းမီဒီယာတွေနဲ့လည်း သင့်သင့်မြတ်မြတ် လုပ်ဆောင်ခဲ့ပါတယ်၊ ဘာဖြစ်လို့လည်း ဆို တော့ ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေကို ကမ္ဘာ့ပြည်သူတွေဆီ ဖြန့်ဝေ အသိပေးတဲ့နေရာမှာ မီဒီယာက ထိထိရောက်ရောက် ဆောင်ရွက်နိုင်တယ်ဆိုတာကို နားလည်ထားသူဖြစ်လို့ပါပဲ”လို့လည်း သူက ထည့်သွင်း ပြောကြားခဲ့ပါသေးတယ်။

ဦးသန့်ရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်ဖြစ်ခဲ့သူ ရာမတ်စ်နာဆစ်ကလည်း“ဦးသန့်ဟာ သတင်းစာရှင်းလင်းပွဲ အတွေ့ အကြုံ ကောင်းကောင်းရှိတဲ့သူပါ၊ သူဟာ သတင်းသမားတွေကို အေးဆေးတည်ငြိမ်စွာ ဆက်ဆံတတ်ပါ တယ်၊ စာနယ်ဇင်းအတွေ့အကြုံရှိခဲ့သူတဦးပီပီ သူဆိုလိုချင်တာကို သတင်းသမားတွေ နားလည်အောင် လည်း ထုတ်ဖော်ပြောဆိုနိုင်သူဖြစ်ပါတယ်”လို့ ပြောခဲ့ဖူးတယ်။

ဦးသန့်ဟာ ကုလသမဂ္ဂတာဝန် မထမ်းဆောင်ခင် ရှေ့ပိုင်း အချိန်ကာလတွေမှာ မြန်မာနိုင်ငံထုတ် သတင်းစာ၊ မဂ္ဂဇင်း စတဲ့ မြန်မာစာနယ်ဇင်းတွေမှာ စာတွေ ပုံမှန်ရေးသားခဲ့ပြီး “ပြည်တော်သာ ခရီး” အမည်ရှိ အတွဲ ၃ တွဲ ထုတ်ဝေတဲ့ စာအုပ် အပါအ၀င် အင်္ဂလိပ်မြန်မာ ဘာသာပြန်နဲ့ ပင်ကိုရေး စာတွေကို ရေးသားခဲ့သူ တဦးဖြစ်ပါ တယ်။

၁၉၅၁ မှ ၁၉၅၇ ခုနှစ်အထိ မြန်မာနိုင်ငံရဲ့ ပထမဆုံး ၀န်ကြီးချုပ်ဖြစ်သူ ဦးနုရဲ့ အတွင်းရေးမှူး တာဝန်ကို ဦးသန့် ထမ်းဆောင်နေချိန်မှာ ဦးနု နိုင်ငံရပ်ခြား ခရီးစဉ်တွေမှာပြောဆိုဖို့ မိန့်ခွန်းတွေကိုလည်း ရေးသားပေး ခဲ့ရတယ်လို့ သိရပါတယ်။

ဦးသန့်နဲ့ ဦးနုဟာ ယခင် ကျောင်းဆရာဘ၀ကပင် ရင်းနှီးခင်မင်ကြတဲ့ မိတ်ဆွေရင်းချာတွေဖြစ်ပြီး ဦးသန့်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်အဖြစ် ရွေးချယ်ခဲ့ခြင်းဟာ ဦးနု လူရွေးမှန်ပေမယ့် ဦးသန့်ကိုယ်တိုင် က လူတော်တဦးဖြစ်လို့ အတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်နိုင်ခြင်းဖြစ်တယ်လို့ ရန်ကုန်မြို့နေ ၀န်ကြီး ချုပ်ဟောင်းဦးနုရဲ့သမီး ဒေါ်စန်းစန်းနုကလည်း ပြောပြတယ်။

“ဦးလေးသန့်က အင်မတန် သဘောထားပြည့်ဝပြီးတော့ အင်မတန် သဘောကောင်းတဲ့ ပုဂ္ဂိုလ်ပါ၊ စာလည်း သိပ်ဖတ်တယ်၊ ဖေဖေနဲ့က ဆရာလုပ်ကတည်းက ရင်းနှီးတာ၊ နောက် သူတော်လွန်းလို့ ဖေဖေခေါ်တာ ၊ ရန်ကုန်မှာ အစိုးရအဖွဲ့မှာ အလုပ်လုပ်ကြတာ၊ ဖေဖေက ပြောပါတယ်၊ ကိုသန့်ဟာ အင်မတန် သဘော ကောင်းပြီး အင်မတန် အေးဆေးတဲ့ လူတဲ့၊ သူ့ကို တော်မှန်းသိလို့ ယူအန်ကို ပို့တာပါ၊ အတွင်းရေးမှူးချုပ် မဖြစ်ခင်ပေါ့၊ သံအမတ်အနေနဲ့ ၅၇ ခု လောက်က၊ ဖေဖေ လူရွေးမှန်သွားတာလည်း ပါတာပေါ့၊ ဖေဖေ ဘယ် လောက်ရွေးရွေး ဦးလေးသန့်ကိုယ်တိုင်က မတော်ရင်လည်း မဖြစ်ပါဘူး၊ ငယ်ငယ်ကတည်းက ဦးလေးသန့်နဲ့ က လက်ပွန်းတတီး နေခဲ့တာပါ၊ ဦးလေးသန့် ဂူကို ပန်းချင်းပို့လိုက်ပါတယ်”လို့ ဒေါ်စန်းစန်းနုက ပြောဆိုပါ တယ်။

ဒီလို ဂုဏ်ယူဖွယ်ရာ တည်ကြည်တဲ့ ဥပဓိရုပ်ပိုင်ရှင် ဦးသန့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ်လာရခြင်းဟာ ဦးနုက ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ပေးအပ်လိုက်ခြင်းက စတင်ခဲ့တာလို့ သံအမတ် ကြီးဟောင်း ဦးသက်ထွန်းကလည်း အတွေးအမြင်စာစောင်မှာ အမှတ်တရ ပြောပြထားပါသေးတယ်။

ဦးသန့်ဟာ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ ၁၉၀၉ ခု ဇန်န၀ါရီလ ၂၂ ရက်က မွေးဖွားခဲ့ပြီး ငယ်စဉ်က ပန်းတနော် အမျိုးသားအထက်တန်းကျောင်းမှာ အခြေခံပညာကို သင်ကြားခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ် ကို ဆက်လက်တက်ရောက်ကာ ပညာဆည်းပူးခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ဦးသန့်ဟာ ၁၉၆၁ ခု မှ ၁၉၇၁ ခုနှစ် အထိ ထမ်းဆောင်ခဲ့ရာ သူ့ သက်တမ်းကာလအတွင်း ကမ္ဘာစစ်ပွဲ ဖြစ်ပွားနိုင်တဲ့အထိ ကြီးမားတဲ့ ကျူးဘား နျူကလီးယားဒုံး ပြဿနာကို စေ့စပ်ဖြေရှင်းနိုင်ခဲ့တဲ့ သမိုင်းမှတ်တမ်းဝင် ဆောင်ရွက်ချက်မျိုးကို ပြုလုပ်နိုင်ခဲ့ သူ ဖြစ်ပါတယ်။

ဗီယက်နမ်စစ်ပွဲ အပါအ၀င် ၁၉၆၅ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခ စတဲ့ ကမ္ဘာ့ ရေးရာများစွာကို ဦးသန့်ဟာ သူ့ရဲ့ အတွင်းရေးမှူးချုပ် သက်တမ်း ၂ ကြိမ်အတွင်း ဖြေရှင်းဆောင်ရွက်ခဲ့ပါ တယ်။

ဦးသန့်ဟာ လုပ်ဖော်ကိုင်ဖက် အဖွဲ့ဝင်တွေနဲ့အတူ ပြဿနာဖြစ်ပွားရာ ကမ္ဘာ့နေရာဒေသတွေကို သွား ရောက်ပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေကိုလည်း ပြုလုပ်ခဲ့သူဖြစ်ပါတယ်။

ဦးသန့် ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်နေစဉ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အစီ အစဉ်၊ ကုလသမဂ္ဂ ရန်ပုံငွေ အစီအစဉ်၊ ကုလသမဂ္ဂ ပညာရေးဆိုင်ရာနဲ့ ကုလသမဂ္ဂတက္ကသိုလ် အစီအစဉ် စတဲ့ ဖွံ့ဖြိုးရေး အစီအစဉ်များစွာကိုလည်း တည်ထောင်လုပ်ကိုင်ခဲ့ပါတယ်။

သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းက ဦးသန့်ရဲ့ အရည်အချင်းပြည့်ဝပြီး ဆက်ဆံရေးကောင်းမွန်ခြင်း ကြောင့်သော်လည်းကောင်း၊ အဲဒီအချိန် ဖဆပလ အစိုးရလက်ထက် မြန်မာနိုင်ငံရဲ့ တက်ကြွပြီး ဘက်မလိုက် တဲ့ နိုင်ငံခြားရေးမူဝါဒကြောင့်သော်လည်းကောင်း မြန်မာနိုင်ငံကို ကမ္ဘာကသိရှိ လေးစားခံခဲ့ရတယ်လို့ ပြောပါ တယ်။

“ဦးသန့်ဟာ သူ့ရဲ့အရည်အချင်းတွေကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အလေးစားခံခဲ့ရတယ်၊ ဒါကြောင့် ဗမာ နိုင်ငံအနေနဲ့ ဦးသန့်အတွက် အင်မတန် ဂုဏ်တက်ခဲ့သလို ဦးသန့်ကိုလည်း ဗမာနိုင်ငံသားတိုင်းက မမေ့အပ် ဘူး၊ ဂုဏ်ပြုထိုက်တယ်လို့ ပြောချင်ပါတယ်”လို့ သခင်ချန်ထွန်းက ဆိုပါတယ်။

ဒီလို ဂုဏ်ပြုထိုက်သူကို ဦးနေ၀င်းဟာ သူရဲ့ ပုဂ္ဂလိက အာဃာတကြောင့် ဂုဏ်မပြုခဲ့တာလို့ သိမီခဲ့သူများက ပြောပြပါတယ်။

ဦးနေ၀င်း တိုင်းပြည်အာဏာသိမ်းပြီးနောက် ၁၉၆၉ ခုနှစ်မှာ ဦးနုက ဦးနေ၀င်းအစိုးရကို လက်နက်ကိုင် တော်လှန်ဖို့ ကမ္ဘာကိုပတ် အကူအညီတောင်းခံနေရာမှ နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂအဆောက်အဦ အတွင်းရှိ သတင်းစာအသင်းခန်းမမှာ သူ့အစိုးရကို ပုတ်ခတ်ပြောဆိုတာကို ဦးနေ၀င်းက ခွင့်မလွှတ်နိုင်ဘဲ ဖြစ်ခဲ့ကြောင်းနဲ့ အဲဒီနောက်ပိုင်းမှာ ဦးသန့် မြန်မာပြည် ပြန်တဲ့အခါ ကြိုဆိုပုံပြောင်းလဲသွားခဲ့ကြောင်းကို သံအမတ်ကြီးဟောင်း ဦးသက်ထွန်း က အတွေးအမြင်စာစောင်မှာ ရေးသားထားပါတယ်။

သတင်းစာအသင်းခန်းမ အသုံးပြုပုံကို ကုလသမဂ္ဂတွင်းရေးမှူးချုပ်က ၀င်ရောက်စွက်ဖက်ခွင့်မရှိဘူးဆိုတာ ကို အဲဒီအချိန်က ဗိုလ်ချုပ်ကြီးနေ၀င်း မသိရှိကြောင်းလည်း ဦးသက်ထွန်းရဲ့ ရေးသားချက်မှာ ပါရှိတယ်။

ဒီလို အာဏာရှင်တဦးရဲ့ မျက်စောင်းဒဏ် ခံခဲ့ရတဲ့ ဦးသန့်ဟာ မြန်မာပြည်ကိုပြန်လာတိုင်း အာဏာရှင်ကို တွေ့ဆုံဖို့ ကြိုးပမ်းခဲ့သူဖြစ်ကြောင်းလည်း သိရတယ်။ ဦးသန့်ရဲ့ အဲဒီအပြုအမူဟာ ကမ္ဘာ့ရေးရာတွေကို ဖြေရှင်းရာမှာ အေးချမ်းတည်ငြိမ်စွာ ဖြေရှင်းတတ်တဲ့ ပင်ကိုစိတ်ထားအပြုမှုကို ပြဆိုခြင်းဖြစ်တယ်လို့လည်း ဆိုကြတယ်။

ဦးသန့်ဟာ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်က အနားရပြီးနောက် ၁၉၇၄ ခုနှစ် နိုဝင်ဘာ၂၅ ရက်မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အဆုတ်ကင်ဆာနဲ့ ကွယ်လွန်ခဲ့တယ်။ သူ့ ရုပ်ကလာပ်ကို မိသားစုက မြန်မာနိုင်ငံကို ပြန်လည်သယ်ဆောင်ခဲ့ရာက နိုင်ငံရေးလှုပ်ရှားမှုအသွင်ဆောင်တဲ့ အရေးအခင်းတခု ပေါ် ပေါက်ခဲ့တယ်။

အဲဒီအချိန်က အာဏာရ ဦးနေ၀င်းအစိုးရက ဦးသန့်ကို တလေးတစား ဂုဏ်ပြုဖို့ ပျက်ကွက်တာကြောင့် တက္ကသိုလ်ကျောင်းသားတွေက မကျေမနပ်ဖြစ်ပြီး ဆန့်ကျင်ခဲ့ပါတယ်။ ဦးသန့်ရုပ်အလောင်းကို ရန်ကုန် တက္ကသိုလ်ရှိ ယခင် သမဂ္ဂအဆောက်အဦးနေရာဟောင်းမှာ ဂူသွင်းသင်္ဂြီုဟ်ဖို့ ကျောင်းသားတွေရဲ့ ဦးဆောင် စီစဉ်တဲ့လှုပ်ရှားမှုမှာ ရဟန်းသံဃာတွေနဲ့ အများပြည်သူတွေလည်း ပါဝင်ခဲ့ပြီး ဦးသန့် အရေးအခင်း ဖြစ်ပွားခဲ့ ပါတယ်။

အဲဒီ ဦးသန့်အရေးအခင်းမှာ ဦးနေ၀င်းအစိုးရက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အင်အားသုံး ဖြိုခွဲခဲ့လို့ ရန်ကုန် တက္ကသိုလ် ကျောင်းဝန်းအတွင်း အနည်းဆုံး ကျောင်းသား ၁၃ ဦး သေဆုံးခဲ့ပြီး လူ ၇၀ ခန့် ဒဏ်ရာရရှိကာ လူပေါင်း ၃၀၀၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပေမယ့် အသေအပျောက် နှင့် ဒဏ်ရာရသူစာရင်း ပိုများနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

နောက်ဆုံးမှာတော့ ဦးသန့် ရုပ်ကလာပ်ကို ဦးနေ၀င်း အစိုးရက ကန်တော်မင်ပန်းခြံအတွင်းမှာပဲ ဂူသွင်း သင်္ဂြီုဟ်စေခဲ့ပါတယ်။

အဲဒီ ကန်တော်မင်ပန်းခြံအတွင်းက ဦးသန့် အုတ်ဂူရှိရာကို ပြီးခဲ့တဲ့နှစ် မေလက တိုက်ခတ်ခဲ့တဲ့ နာဂစ် မုန်တိုင်း ဒုက္ခသည်တွေ ကူညီကယ်ဆယ်ရေးအတွက် မြန်မာပြည်ကိုရောက်ရှိလာတဲ့ လက်ရှိ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက သွားရောက် ဂါရ၀ ပြုခဲ့ပါသေးတယ်။

အဲဒီလို ကမ္ဘာ့အလယ်မှာ ၀င့်ကြွားလောက်စရာ မြန်မာနိုင်ငံသား ဦးသန့်ကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က မီးလျှံကြား က ကြာပွင့်တပွင့် လို့ တင်စားပြောဆိုသွားခဲ့ပါတယ်။

“တိုင်းပြည်ရဲ့ လွတ်လပ်ရေး သက်တမ်း နှစ်ပေါင်း ၆၀ အတွင်းမှာ နှစ်ပေါင်း ၄၀ လောက်က စစ်အစိုးရတွေ က အုပ်ချုပ်တယ်၊ နှစ်ပေါင်း ၂၀ ကျော်ကျော်လောက်က ပြည်တွင်းစစ်တွေဘာတွေနဲ့ ကြုံရတယ်ဆိုတော့၊ တိုင်းပြည်မှာ အကြီးအကျယ် ဆင်းရဲ ဒုက္ခတွေရောက်နေတယ်၊ အဲဒီထဲကနေပြီးတော့ မီးလျှံတွေထဲကနေ ပွင့် တဲ့ ကြာပွင့်တပွင့်လိုပဲ ဦးသန့်လို ပုဂ္ဂိုလ်မျိုး ပေါ်ထွက်ခဲ့တယ်၊ အဲဒီပုဂ္ဂိုလ်ရဲ့ နမူနာတွေ၊ အဲဒီပုဂ္ဂိုလ်ရဲ့ ထူးချွန်မှုတွေ၊ အဲဒီပုဂ္ဂိုလ်ရဲ့ အားထုတ်မှုတွေမျိုး ကျနော်တို့ ဗမာတွေဟာ အမြဲတမ်း ကျနော်တို့ စိတ်ထဲမှာ ရှိဖို့ကောင်းတယ်၊ ရှိဖို့သင့်တယ်၊ ဗမာနိုင်ငံသားတိုင်းဟာ ဦးသန့်လို ထူးချွန်တဲ့ ပုဂ္ဂိုလ်မျိုးဖြစ်အောင် ကြိုးပမ်း သင့်တယ်၊ အားထုတ်သင့်တယ်လို့ အဲဒီလိုပဲ တိုက်တွန်းချင်တယ်”။ ။



ကိုစိုး
REF: ဧရာဝတီ

Read More...

ဆက်တွန်းရင် ပိတ်နေတဲ့တံခါး ပွင့်သွားနိုင်တယ် (အင်တာဗျူး)

Monday, 26 January 2009ဦးအောင်မိုးဇော် (ဓာတ်ပုံ - yoma3.org)

ဦးအောင်မိုးဇော်သည် ၁၉၉၀ ပြည့်နှစ်တွင် ပြည်ပသို့ တိမ်းရှောင် လာသော နိုင်ငံရေးသမား တဦး ဖြစ်သည်။ ပြည်ပ အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (DPNS) ၏ ဥက္ကဌ ဖြစ်သည်။ စင်ပြိုင်အစိုးရဖွဲ့မည်ဟု မကြာသေးမီက ကြေညာခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) တွင် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူလည်းဖြစ်သည်။ ပြည်ပရောက်အတိုက်အခံအဖွဲ့များ၏အခြေအနေ၊ မြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီက ဦးအောင်မိုးဇော်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ ။ NCUB က စင်ပြိုင်အစိုးရအသစ်တခု ဖွဲ့မယ်ဆိုတာနဲ့ပတ်သက်ပြီး ဦးအောင်မိုးဇော်အနေနဲ့ ဘာ ပြောချင်ပါသလဲ။

ဖြေ။ ။ NCUB က ထုတ်တဲ့ နှစ်သစ်ကူး ကြေညာချက်ကို ကျနော် နားလည်တာကတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော် အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) ကို ပြုပြင်ပြီးတော့ အားကောင်းအောင် လုပ်မယ် ဆိုတာပဲ။ အဲဒီလို မဟုတ်ဘဲ အသစ်တခုဖွဲ့ဖို့ သူ ရည်ရွယ်တယ်ဆိုရင်တော့ ကျနော်တို့ လက်ခံလို့ မရဘူး။ ကျနော်တို့ လုပ်ရမှာက အကျဉ်းသားတွေ လွတ်မြောက်ဖို့၊ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်ပေါက်ဖို့၊ အဲဒီကတဆင့် တိုင်းပြည် အပြောင်းအလဲဖြစ်အောင် သွားဖို့။ အဲဒီကိစ္စတွေ အင်အားစုတွေ အသီးသီးက ဆောင်ရွက်ရမယ်။ ပြည်တွင်းလုပ်ငန်းမှာဖြစ်ဖြစ်၊ နိုင်ငံတကာလုပ်ငန်းမှာပဲဖြစ်ဖြစ် အင်အားစု အသီးသီး ပူးပေါင်းပြီးတော့ နအဖကို ဒီထက် ပိုပြီး ဖိအားပေးနိုင်ရင် ပေး၊ မပေးနိုင်ရင် ဘာအဖွဲ့ပဲ ဖွဲ့ဖွဲ့၊ ဘာပဲ လုပ်လုပ်၊ ဘာမှဖြစ်မှာမဟုတ်ဘူး။

မေး။ ။ အဲဒီလိုဖြစ်လာဖို့ အချိန် ဘယ်လောက် လိုအပ်မလဲ။ ၂၀၁၀ ရွေးကောက်ပွဲကလည်း ရှိနေတယ် ဆိုတော့..။

ဖြေ။ ။ ဒီနှစ်တွေထဲမှာ လုပ်ရင် ရနိုင်မယ်လို့ ထင်တယ်။ လုပ်ဖို့ အချိန်လည်း ကျနေပြီ။ ၂၀၁၀ မတိုင်ခင်မှာ ပဲ ကျနော်တို့ အင်အားစုအသီးသီး လက်တွဲပြီး နအဖကို ဖိအား ပိုပေးနိုင်မယ်ဆိုရင် ရွေးကောက်ပွဲဆိုတာ လည်း မြင်ချင်မှ မြင်ရလိမ့်မယ်။ မြန်မာပြည်ထဲမှာ မနေ့တနေ့ကပဲ ဖြစ်သွားတာတွေကြည့်၊ အန်အယ်လ်ဒီ လူငယ်တွေ ဒေါ်စုလွတ်မြောက်ဖို့ ဆန္ဒပြကြတာတွေ ရှိတယ်။ စစ်တွေမှာ ကျောင်းသား လေးငါးရာလောက် လှုပ်ရှားမှုတွေ ရှိတယ်။ အဲဒီလို လှုပ်ရှားမှုမျိုးတွေက ကျနော့်အထင်အရ ပြောမယ်ဆိုရင် ဆက်တိုက် ဖြစ်လာ လိမ့်မယ်။

မေး။ ။ လှုပ်ရှားမှုတွေဖြစ်လာနိုင်တယ်လို့ ဘာကြောင့် ပြောနိုင်တာပါလဲ။

ဖြေ။ ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ အရပ်ရပ်က တော်တော်ကို ပြဿနာ ရှိနေတယ်။ စီးပွားရေးအကြပ်အတည်းကိုလည်း ကျော်လွှားနိုင်မယ့် အခြေအနေ မရှိဘူး။ ပြည်သူတွေရဲ့ မကျေနပ်မှုတွေ က နေ့စဉ်နဲ့အမျှ တိုးပွားနေတယ်။ နအဖက အတိုက်အခံ အင်အားစုကို ဖိနှိပ်ပြီးကျော်လွှားဖို့ ကြိုးစားနေ တယ်။ မကျေနပ်မှုတွေ၊ လှုပ်ရှားမှုတွေ၊ ပေါက်ကွဲမှုတွေက ဖြစ်လာလိမ့်မယ်။

မေး။ ။ ပြည်ပမှာရှိတဲ့ အဖွဲ့တွေက မြန်မာပြည် အပြောင်းအလဲအတွက် ဘယ်ကဏ္ဍကပါဝင်ကြမှာပါလဲ။

ဖြေ။ ။ နိုင်ငံတကာကို focus လုပ်နိုင်တယ်။ ပြည်တွင်းကိစ္စတွေနဲ့ ပတ်သက်ရင်တော့ အရံသဘော၊ အထောက်အကူဖြစ်တဲ့သဘောပဲ ရှိတယ်။ တပြိုင်နက်တည်းမှာ ပြည်ပမှာရှိတဲ့ အင်အားစုတွေက အသွင် ကူးပြောင်းရေးကာလအတွက် ပြင်ဆင်တာတွေ လုပ်နိုင်တယ်။ ဘယ်ကိစ္စက အရံလည်း၊ ဘယ်ကိစ္စက အဓိ ကလဲ ဆိုတာကတော့ ပြောဖို့ခက်တယ်။ တခုလုံးအနေနဲ့ ပြောမယ်ဆိုရင် ပြည်တွင်း လှုပ်ရှားမှုတွေအတွက် အဓိက အထောက်အကူဖြစ်မယ့် အခန်းကဏ္ဍမှာ ရှိမယ်။

မေး။ ။ စစ်အစိုးရကတော့ လမ်းပြမြေပုံအတိုင်း သွားမှာပဲမဟုတ်လား။

ဖြေ။ ။ ၂၀၁၀ အစောပိုင်းမှာ (ရွေးကောက်ပွဲ) လုပ်မယ် ဆိုရင်တောင် ၁ နှစ် ကျော်ကျော် အချိန် ရသေး တယ်။ နှောင်းပိုင်းမှာ လုပ်မယ်ဆိုရင် ၂နှစ်နီးပါး အချိန်ရသေးတယ်။ ၁ နှစ်ကျော် ၂ နှစ်အတွင်းမှာ အင်အားစု တွေ အားလုံး သေသေချာချာ လုပ်ငန်းစဉ်တခုအောက်မှာ ကျနော်တို့ တွန်းရင် အချိန်ရှိသေးတယ်။ ကျနော် တို့အားလုံး ကျရာအခန်းကဏ္ဍက ဆက်တွန်းရင် ပိတ်နေတဲ့တံခါး ပွင့်နိုင်တယ်။

မေး။ ။ လူထုအုံကြွမှု ဖြစ်လာရင်ကော ဘယ်သူက ခေါင်းဆောင်မှာပါလဲ။ ခေါင်းဆောင်နိုင်တဲ့သူတွေ အကုန် ထောင်ထဲရောက်နေတယ် မဟုတ်လား။

ဖြေ။ ။ အန်အယ်လ်ဒီခေါင်းဆောင်မှု ရှိနေသေးတယ်။ ပြင်ဆင်မှုရှိရင် ခေါင်းဆောင်နိုင်လိမ့်မယ်လို့ ထင်တယ်။ ပြင်ဆင်မှုကို သေချာလုပ်ရမယ်။

မေး။ ။ ၁ နှစ်ကျော် ၂ နှစ် အချိန် ရှိသေးတယ်လို့ ဦးအောင်မိုးဇော် ပြောပေမယ့်၊ ရှေ့မှာ နှစ် ၂၀ လုပ်ခဲ့ပြီး သွားပြီ။ နှစ် ၂၀ ဘာမှ မဖြစ်လာဘဲနဲ့ ဒီ ၁ နှစ် ၂ နှစ်အတွင်း ဘယ်လိုလုပ်မှာလဲ။

ဖြေ။ ။ နှစ် ၂၀ က အချည်းအနှီး ဖြတ်ခဲ့တာတော့ မဟုတ်ဘူး။ နှစ် ၂၀ အတွင်း ကျနော်တို့ ရခဲ့တာ အများ ကြီးပဲ။ နှစ် ၂၀ အတွင်း ကျနော်တို့ဘက်က ပဲ့တာတွေ၊ လွင့်တာတွေလည်း အများကြီးပဲ။ နအဖ ဘက်က ရှုံးခဲ့တာတွေလည်း အများကြီးပဲ။ သူက နိုင်ငံရေးအင်အားစုတွေကို ဖိနှိပ်ထားနိုင်တာ မဟုတ်ဘူး။ သူ ကိုယ်နှိုက်က စင်းလုံးချော တိုင်းပြည်ကို အုပ်ချုပ် စီမံနေနိုင်တာ မဟုတ်ဘူး၊ အကယ်၍ နောက်တချီ ကျနော် တို့ ပြင်ပြင်ဆင်ဆင်နဲ့ ရုန်းနိုင်မယ်ဆိုရင် အလှည့်အပြောင်းတခုကို ဖန်တီးနိုင်တဲ့ အခြေအနေရှိတယ်။

မေး။ ။ ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်ပါ့မလား။ ပြည်ပအဖွဲ့အစည်းတွေရဲ့ ဘုံတူညီချက်ကို ဘယ်လို စည်းရုံး နိုင်မလဲ။

ဖြေ။ ။ ဘယ်အင်အားစုကိုပဲ မေးမေး၊ အဖြေတွေက တယောက်နဲ့တယောက် မကွဲဘူး၊ ကျနော်တို့ မြင်ချင် တဲ့ဟာ လိုချင်တဲ့ဟာ တူကြတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်သူမှ လက်မခံနိုင်ဘူးဆိုတဲ့ ဘုံတူညီချက် ရှိတယ်။ အဲဒီကိစ္စက အငြင်းမပွားဘူး။ ဘုံလုပ်ငန်းစဉ် ဘယ်လိုရမလဲဆိုရင် အင်အားစုအသီးသီးက သူ့အခန်းကဏ္ဍနဲ့သူ အလုပ်လုပ်ရုံပဲ။

မေး။ ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲ လုပ်တုန်းကလည်း ဒီလိုပဲ ပြောကြတာပဲ မဟုတ်လား။ ဒါပေမယ့် စစ်အစိုးရက ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံမဲရတယ်ဆိုပြီး လုပ်လိုက်တယ်လေ။

ဖြေ။ ။ ဆန္ဒခံယူပွဲဆိုတာလည်း တိုက်ပွဲတခုပဲ။ ဒီတိုက်ပွဲကို တိုက်တယ်၊ သာမန်အရ ကျနော်တို့ ရှုံးတယ် လို့ ပြောလို့ရတယ်၊ နောက်တိုက်ပွဲတခုကို ကျနော်တို့ ထပ်တိုက်နိုင်အောင် ကြိုးစားမယ်။

မေး။ ။ တိုက်ပွဲရှုံးခဲ့ရင် ဘယ်လိုလုပ်မလဲ။

ဖြေ။ ။ ၂၀၁၀ ကို ရည်ရွယ်ပြီးကို တိုက်ရလိမ့်မယ်။ တပြိုင်နက်တည်းမှာ အဆိုးဆုံး အခြေအနေ အတွက် လည်း နောက်ထပ် ပြင်ဆင်မှုတော့ ရှိဖို့လိုတယ်။ ၂၀၀၈ မှာ ဆန္ဒခံယူပွဲဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအဓမ္မ အတည်ပြုလိုက်တယ်။ အဲဒီဖွဲ့စည်းပုံကို မတိုက်လို့ မရဘူး။ ၂၀၁၀ မတိုင်ခင်မှာ ဒါကို တိုက်ဖို့ လိုမယ်။ ဒါကြောင့်လည်း အန်အယ်လ်ဒီက ဖွဲ့စည်းပုံကို ပြန်သုံးသပ်ဖို့ ပြောထားတယ်။ ဒါကို ၂၀၁၀ မတိုင် ခင် ပြင်နိုင်အောင် ကျနော်တို့ ကြိုးစားမယ်။ မရဘူးလား၊ နောက်တပွဲ ဆက်တိုက်မယ်။

မေး။ ။ ၂၀၁၀ ပြီးသွားရင် နအဖ ထဲမှာ power structure ဘယ်လိုပြောင်းသွားမယ် ထင်သလဲ။ အပြင်က အဖွဲ့အစည်းတွေကော ဘယ်လိုပြောင်းလဲသွားမယ် ထင်ပါသလဲ။

ဖြေ။ ။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးသွားရင်လည်း အခြေအနေက ဒီအတိုင်း ဆက်ရှိနေဦးမှာပဲ။ ရွေးကောက် ပွဲ ပြီးသွားရင် ကျိန်းသေတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းရမယ်။ အသက်သွင်းရင် တပ်ထဲမှာ အာဏာပြိုင်ဆိုင်မှု ပိုများလာမယ်။ ဘယ်သူ သမ္မတ လုပ်မလဲ၊ ဘယ်သူ ကာကွယ်ရေးဦးစီးချုပ် လုပ်မလဲ။ ကျနော်တို့မှာလည်း စိန်ခေါ်ချက်တွေ ရှိနေတယ်၊ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် နအဖက တစုံတရာ တရားဝင်မှု ရသွားလိမ့်မယ်၊ ကျနော်တို့ တရားဝင်မှုက ကျသွားလိမ့်မယ်၊ အထဲမှာ နိုင်ငံရေးပုံစံသစ် ပေါ်လာ လိမ့်မယ်လို့ ခန့်မှန်းမှုတွေရှိတယ်။

ကျိန်းသေတာက အခုဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေ ပြေလည်မသွားဘူး။ တိုင်းရင်းသားပြဿနာတွေ ဘယ်လိုဖြေရှင်းမလဲ။ ၀ ကို ဘယ်လို လက်နက်ဖြုတ်မလဲ။ မွန်ကို ဘယ်လို လက်နက်ဖြုတ်မလဲ။ ကချင်ကို ဘယ်လို လက်နက်ဖြုတ်မလဲ။ ဖြုတ်လို့ မရဘူး။ အဲဒီလိုပဲ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကလည်း ဆက်ရှိနေဦးမှာပဲ။ အားနည်းကောင်း နည်းသွားနိုင်တယ်။ ဆက် တည်ရှိနေဦးမှာပဲ။ ထူးထူးခြားခြား ပြောင်း လာလိမ့်မယ်လို့ မထင်ဘူး။

မေး။ ။ မြန်မာ့အရေးကို အမေရိကန် သမ္မတဘုရှ်က အစွမ်းကုန်လုပ်ခဲ့တယ်လို့ ယူဆလို့ ရမလား။ လက်ရှိ သမ္မတကရော မြန်မာ့အရေးကို ဘယ်လောက်အထိ စွမ်းစွမ်းတမံဝင်လုပ်ပေးနိုင်မယ် ထင်ပါသလဲ။

ဖြေ။ ။ သမ္မတဘုရှ်က သူလုပ်နိုင်တဲ့ ဘောင်ထဲကနေ တော်တော်လေး လုပ်ခဲ့တယ်လို့ ကျနော် ထင် တယ်။ သူတို့ ကျနော်တို့ကို အများကြီး လုပ်ပေးသွားတယ်။ အိုဘားမားရဲ့ မူဝါဒသဘောထား ထုတ်ပြန်ချက် ကို ကျနော်တို့ ဖတ်ရတာရှိတယ်။ အဲဒီ statement အရ ဆိုရင် သမ္မတဘုရှ် လက်ထက်က ရှိခဲ့တဲ့ မြန်မာ့ အရေးအပေါ် သဘောထားနဲ့ ဘာမှ မကွဲပြားဘူး။ အတူတူပဲလို့ ပြောလို့ရတယ်။ မြန်မာပြည်အရေးကို ထိထိ ရောက်ရောက် အကောင်အထည်ဖော်မယ်ဆိုရင် သူ့အနေနဲ့ တခြားနိုင်ငံတွေကို တွဲခေါ်နိုင်မယ့် အခြေအနေ က သမ္မတဘုရှ်ထက်စာရင် ပိုများနိုင်တယ်လို့ ကျနော်တော့ ထင်တယ်။

မေး။ ။ အမေရိကန်ကို ဆန့်ကျင်တဲ့သူတွေကြောင့် ပြီးခဲ့တဲ့ ၈ နှစ်မှာ မြန်မာအတိုက်အခံတွေက မစ္စတာ ဘုရှ်နဲ့ ရင်းနှီးလာတယ်၊ ။ မြန်မာအတိုက်အခံတွေဟာ အစွန်းရောက်သူတွေ၊ အမေရိကန်ရဲ့လူတွေ၊ အမေရိ ကန်နဲ့ နီးစပ်တဲ့လူတွေလို့ ဥရောပ နိုင်ငံ တချို့က မြင်ကြတယ်လို့ သိရတယ်။ အတိုက်အခံတွေက သူတို့ကို မစ္စတာဘုရှ် နဲ့ နီးတယ်လို့ အပြောခံရတဲ့အတွက်ကြောင့် စိတ်ညစ်ကြတယ်။ အဲဒီလို ကိစ္စတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်း ကျော်လွှားခဲ့ရပါသလဲ။

ဖြေ။ ။ မြန်မာပြည် ဒီမိုကရေစီအရေးကို ထောက်ခံသူတွေ အားလုံးထဲမှာ အမေရိကန်က အတက်ကြွဆုံး ပဲ။ အား အပါဆုံးပဲ။ မစ္စတာဘုရှ်လည်း ဒီအတိုင်းပဲ။ အဲဒီအတွက် သူတို့နဲ့ ကျနော်တို့နဲ့ ပိုရင်းနှီးတယ်လို့ ပြော လာရင်တော့ ကျနော်တို့မှာ ပြန်ပြောစရာ အကြောင်းမရှိပါဘူး။

မေး။ ။ မြန်မာအတိုက်အခံတွေက အနောက်ကို အားကိုးတဲ့၊ မျှော်တဲ့မူဝါဒ အရမ်းများတယ်လို့ မထင်ဘူး လား။

ဖြေ။ ။ အဓိကက ကျနော်တို့ အကျိုးကို ကျနော်တို့ ကြည့်တာပါ။ ကျနော်တို့ လှုပ်ရှားမှု၊ ကျနော်တို့နိုင်ငံ အပြောင်းအလဲအတွက် ဒီအကျိုးကို ကျနော်တို့ ကြည့်တာပဲ။ အမေရိကန် ကျနော်တို့ကို ထောက်ခံတယ်၊ ပို ထောက်ခံအောင် ကျနော်တို့ လုပ်ရမှာပဲ။ တချို့နိုင်ငံတွေကလည်း ခင်ဗျားပြောသလို ပြောနေတာတော့ ရှိပါ တယ်။ တကယ်တမ်းတော့ သူတို့ ဘာမှ လုပ်ပေးတာတော့ မဟုတ်ဘူး။ ဥပမာ စီးပွားရေး ပိတ်ဆို့မှုကို ကြည့်။ ဒါနဲ့ပတ်သက်ပြီး လုပ်သင့်တယ် မလုပ်သင့်ဘူး အငြင်းအပွားဆုံးက ဥရောပနိုင်ငံတွေပဲ။ တကယ်တမ်းတော့ သူတို့ကိုယ်တိုင် ထိထိရောက်ရောက် စီးပွားရေး ပိတ်ဆို့ခဲ့တာ မရှိဘူး။ သူတို့ကိုယ်တိုင် ထိထိရောက်ရောက် လုပ်ခဲ့တာမရှိဘဲနဲ့ မလုပ်သင့်ဘူးပြောတာလည်း သူတို့ပဲ။

မေး။ ။ ဒါပေမယ့် အီးယူက မြန်မာပြည်ထဲကို အကူအညီတွေ အများကြီး ပေးနေတာပဲ မဟုတ်ဘူးလား။ လူသားချင်း စာနာမှုဆိုင်ရာရှုထောင့်ကနေပေါ့။

ဖြေ။ ။ လူသားချင်း စာနာမှု အကူအညီနဲ့ ပတ်သက်လို့ ကျနော်တို့ မဆန့်ကျင်ဘူး။ မြန်မာပြည်သူတွေက အကူအညီလိုတာ အမှန်ပဲ၊ ပေးသင့်တယ်။ တခုကိုတော့ သေချာအောင် လုပ်ဖို့လိုတယ်၊ သူတို့ပေးနေတဲ့ အကူအညီတွေ လူထုလက်ထဲကို ထိထိရောက်ရောက် ရောက်သလား မရောက်ဘူလား ဆိုတဲ့ဟာကို သေသေချာချာ သိဖို့လိုတယ်။ ရောက်အောင်လုပ်ပါလို့လည်း ကျနော်တို့ ပြောတယ်။ မြန်မာပြည်သူတွေကို များများ အကူအညီပေးနိုင်လေ ကောင်းလေပဲ။ ဒါပေမယ့် ပေးတဲ့အကူအညီတွေက နအဖအိတ်ထဲ မရောက် ဖို့တော့ လိုတယ်။ မေးခွန်းတွေထုတ်ရင်တော့ အဲဒီလူတွေက သည်းမခံနိုင်ဖြစ်ကြတယ်။

မေး။ ။ အထဲရော အပြင်ရော အတိုက်အခံတွေ အနောက်ကိုမျှော်တာ အကျိုးရှိလို့ လို့ ပြောတယ်။ ဒါဆို ရင် အရှေ့ဘက်ကို မျှော်တာမျိုးရောရှိလား။

ဖြေ။ ။ ကျနော်တို့ ကိုယ်တိုင် အာဆီယံထဲမှာ နေနေတာပဲ။ အနှစ် ၂၀ လုံး တရုတ်ကိုလည်း ဆက်ဆံခဲ့ တယ်၊ အခုချိန်ထိလည်း လက်မလျှော့သေးဘူး ကြိုးစားတုန်းပဲ။ အာဆီယံနိုင်ငံတွေကိုလည်း ချည်းကပ်တုန်း ပဲ။ ကျနော်တို့ကို အစဉ်တဆက် ထောက်ခံနေတာ အနောက်အုပ်စုက ဖြစ်တယ်။ အဲဒီထောက်ခံမှုကို ကျနော် တို့ ယူရမှာပဲ။ မယူလို့ မရဘူး။

မေး။ ။ တရုတ်နဲ့ အာဆီယံကို မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘာလုပ်စေချင်ပါသလဲ။

ဖြေ။ ။ အာဆီယံညီလာခံမှာ တရုတ်ဝန်ကြီးချုပ် သဘာပတိလုပ်တုန်းက ထုတ်ထားတဲ့ ကြေညာချက် ရှိ တယ်။ အဲဒီ ရပ်တည်ချက်အတိုင်း ခိုင်ခိုင်မာမာ ဆက်ရပ်မယ်ဆိုရင် မြန်မာပြည်ကို ပြောင်းအောင် တွန်းနိုင် မယ်လို့ ကျနော် ထင်တယ်။ အထိန်းသိမ်းခံအားလုံးကို လွှတ်ပေးဖို့၊ နိုင်ငံရေး အင်အားစုတွေကို ဖိနှိပ်နေတာ တွေကို ရုပ်သိမ်းဖို့၊ အားလုံး ပါဝင်တဲ့ နိုင်ငံရေး process တခုကို သွားဖို့။ ရွေးကောက်ပွဲကို တရုတ်တောင် မပြောဘူးနော်။ အဲဒီအပေါ်မှာသာ သေချာတွန်းပြီးတော့ ကုလသမဂ္ဂနဲ့ရော နိုင်ငံတကာနဲ့ရော ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် မြန်မာပြည် အပြောင်းအလဲဖြစ်ဖို့ အများကြီး အားရှိလိမ့်မယ်။

မေး။ ။ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးနေတာကို ဘယ်လိုထင်ပါသလဲ။

ဖြေ။ ။ အသုံးဝင်တယ်လို့တော့ ထင်တယ်။ သို့သော် အခုအနေအထားကတော့ မျှော်လင့်ချက် အတော် နည်းတယ်။ သူတို့နောက်မှာ ရပ်တည်မယ့်နိုင်ငံတွေကြားမှာ ကွဲပြားနေတယ်။ အားရစရာ မကောင်းဘူး။ မစ္စတာ ဘန်ကီမွန်းတို့ ကိုယ်တိုင် ပိုပြီးတော့ ကြိုးစားသင့်တယ်။ ပြောထားတာတွေကို ထိထိ ရောက်ရောက် ဖြစ်အောင် ဆက်ကြိုးစားသင့်တယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက် မျှော်လင့်ချက်တခုလို့ ခံယူတုန်းပဲလား။

ဖြေ။ ။ ဟုတ်တယ်။ သူဟာ ကနေ့အထိ အလွှာအသီးသီးရဲ့ ယုံကြည်လက်ခံမှုကို ရထားလို့ မျှော်လင့်ချက် ရှိတယ်။ သူက သင်္ကေတပဲ။ ဒီသင်္ကေတက အသွင်ကူးပြောင်းတဲ့ကာလမှာ သိပ်အရေးကြီးတယ်။ ကျနော်တို့ ပြည်ပရောက် အတိုက်အခံ လှုပ်ရှားမှုကို ကြည့်။ သင်္ကေတ မရှိဘူး။ မရှိတော့ ဟန်ချက်ကို ဘယ်လိုထိန်းလဲ ဆိုတာ ပြဿနာ ရှိတယ်။

REF: ဧရာဝတီ

Read More...

နေ့စဉ်သတင်းများ

ဂမ်ဘာရီ မြန်မာပြည်ခရီးစဉ် ကုလသမဂ္ဂ အတည်ပြု
ဝါရှင်တန်သံအမတ်ဟောင်း ဦးလင်းမြိုင်ကို နအဖက အမေရိကန်ပြန်လွှတ်ဟု အတိုက်အခံ စွပ်စွဲ
ကမ္ဘာ့ရွှေဈေး အတက်အကျကြမ်း ဘန်ကောက်ရွှေဆိုင်များ ပိတ်
အိုဘားမားမိန့်ခွန်း ဆင်ဆာထိ
လူကုန်ကူးခံရသူ မိန်းကလေး ၃ ဦး စိုးရိမ်ရ
ရိုဟင်ဂျာအရေး ထိုင်းက အလျှော့မပေး
ဂန်ဘာရီ မြန်မာပြည် သွားဦးမည်
တနင်္ဂနွေနေ့က ရန်ကုန်တွင် အနည်းဆုံး မီးလောင်မှုနှစ်ခု ဖြစ်ပွား

Read More...

၂၀၀၉ မြန်မာ့စီးပွားရေးအကျပ်အတည်းနှင့် လူထုအုံကြွမှု (သုံးသပ်ချက်) - မင်းနိုင်သူ

၂၆ ဇန်န၀ါရီ ၂၀၀၉

၂၀၀၉ ခုနှစ်အတွင်း အာရှနိုင်ငံများ၌ စီးပွားရေးကို အခြေခံသော လူမှုအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးချက်တရပ်ရှိသည်။ ထိုကဲ့သို့ သတိပေးသူမှာ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ဗဟိုရုံးအကြီးအကဲ Ajay Chhibber ဖြစ်သည်။ ၎င်းက အခြေခံဒီမိုကရေစီစံနှုန်းများနှင့် နိုင်ငံ့ စီးပွားရေး ထိန်းကျောင်းနိုင်မှုစံနှုန်းများ အပေါ်မှုတည်၍ “အာရှနိုင်ငံများအတွင်း” ဟူသော အထူးပြုချက်ကို သုံးနှုန်းသတိပေးခဲ့ခြင်းဖြစ်ဟန်ရှိသည်။

ထို့ကြောင့် သတိပေးဧရိယာအတွင်း ပါဝင်နေသည့် ၂၀၀၉ ခုနှစ် မြန်မာ့စီးပွားရေး အလားအလာကို သုံးသပ် ကြည့်ဖို့လိုလာသည်။

၂၀၀၉ ခုနှစ် မြန်မာ့စီးပွားရေးသည် ၂၀၀၈ ခုနှစ်ထက် သိသာစွာ ကျဆင်းလိမ့်မည်ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) နှင့် အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် (Burma Fund) ဘားမားဖန်းမှ ဦးစိန်ဌေးတို့နှစ်ဦးက တူညီစွာမှန်းဆသည်။

ကမ္ဘာ့စီးပွားရေးကျဆင်းလာချိန်တွင် ကမ္ဘာ့ကုန်သွယ်ရေးနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော နိုင်ငံများ ရင်ဆိုင်ရမည့် စီးပွားရေးအကျပ်အတည်းထက် မြန်မာက ပိုမည်ဖြစ်သည်။

၂၀၀၈ ခုနှစ် နှစ်စပိုင်းတွင် နာဂစ်ဒဏ်ခံခဲ့ရသဖြင့် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများမှ အခြေခံသွင်းအားစုများ နှင့် လုပ်သားများ ပျက်စီးဆုံးရှုံးခဲ့ခြင်း၊ နှစ်လယ်ပိုင်းတွင် အဓိကပို့ကုန်တမျိုးဖြစ်သော ပဲဈေးကွက်ပျက်ပြား သွားခြင်းနှင့် စစ်အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှု များပြားနေခြင်းတို့သည် အခြားနိုင်ငံများထက်ပိုနေသော အချက်များဖြစ်ကြောင်း မီးမောင်းထိုးပြကြသည်။

“စီးပွားရေးခန့်မှန်းတဲ့အခါ ပြီးခဲ့တဲ့ တနှစ်လောက်ကိုပဲကြည့်ပြီးတော့ ခန့်မှန်းလို့တော့ မရဘူးပေါ့။ အရင်က ဟာတွေကိုလည်း ကြည့်ဖို့လိုတယ်။ သို့သော်လည်း recently ပေါ့။ တနှစ်လောက်ကဟာကတော့ တိုက်ရိုက် ထိခိုက်တာ (directly impact) ဖြစ်တာပေါ့။ ဒီလိုပဲ စီးပွားရေးကျဆင်းမှုဟာ တနှစ်အတွင်း သိသာမှု မရှိခဲ့ဘူး ဆိုရင်လည်း နောက်နှစ် နောက်နှစ်တွေမှာကျမှ သွားပြီးထိခိုက်တာမျိုးလည်းရှိတယ်။ ချက်ချင်းထိခိုက်တာမျိုး လည်းရှိတယ်။ ပြည်တွင်းမှာ ဖြစ်ခဲ့တဲ့ ၂၀၀၇ စက်တင်ဘာအရေးခင်းမျိုးကတော့ တိုက်ရိုက်အကျိုး သက် ရောက်သွားတာလို့ ပြောလို့ရတယ်” ဟု ဦးစိန်ဌေးက ဆိုသည်။

အကယ်စင်စစ်လည်း ကမ္ဘာ့စီးပွားရေး မကျဆင်းမီကပင် မြန်မာ့စီးပွားရေးမှာ ကျဆင်းနေခဲ့ပြီးဖြစ်သည်။

စစ်အစိုးရ၏ ညံ့ဖျင်းသောကိုင်တွယ်မှုကြောင့် ယိုင်နဲ့နေသော မြန်မာ့စီးပွားရေးကို မေ (၂) ရက် နာဂစ်က အရှိုက်ထိုးလိုက်ပြန်သည်။ စပါးစိုက်ပျိုးထုတ်လုပ်မှု (၄၀) ရာခိုင်နှုန်းမျှ ပျက်စီးခဲ့သည်။ ငါးလုပ်ငန်း၊ ဆား လုပ်ငန်းများလည်း နာလန်မထူနိုင်။ ထို့ထက်ပိုဆိုးသည်မှာ ဒေသခံလူထု နှစ်သိန်းနီးပါး အသက်ဆုံးရှုံးခဲ့ကြရ ခြင်း ဖြစ်သည်။ လုပ်သားအင်အားဆုံးရှုံးမှုသည် အဆိုးဝါးဆုံး ဆုံးရှုံးမှုဖြစ်သည်။

သေဆုံးသူစာရင်းကို နအဖက အတိအကျထုတ်ပြန်မပေးနိုင်သော်လည်း ပျက်စီးဆုံးရှုံးမှုစာရင်းကိုမူ သုံးပတ် အတွင်း အရအမိကောက်ကာ အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံကျော်ရှိကြောင်း ကမ္ဘာကိုပြောသည်။ မေ (၂) ရက်က ဖြစ်ပွားခဲ့သော မုန်တိုင်းကြောင့် ပျက်စီးမှုတန်ဖိုးကို မေ (၂၅) ရက်တွင် စာရင်းအတိအကျဖြင့် တင်ပြလာနိုင်စွမ်းသော နအဖ၏ စာရင်းများကို ကမ္ဘာကမယုံ။ သို့နှင့် အာဆီယံက ကြားဝင်တွက်ချက်ပေးရာ လေးပုံတပုံလျော့ပါးသွားပြီး (၄) ဘီလီယံဟု အဖြေထွက်လာသည်။

နာဂစ်ဖြစ်ပြီးစအချိန်ကလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ရန် မစဉ်းစားဘဲ မေ (၅) ရက်တွင် ဘဏ္ဍာရေး ဒု-၀န်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေက ဒုက္ခသည်ပြ ဒေါ်လာရပြီ အထင်နှင့် ကမ္ဘာ့ဘဏ်သွားကာ လက်ဖြန့်သည်။ ကမ္ဘာ့ဘဏ်က မပေး။

ဤကဲ့သို့သော မရိုးဖြောင့်မှုများရှိရသည့်အထဲ နာဂစ်ဒုက္ခသည်များကို ကူညီသူများအား အကြောင်းအမျိုးမျိုး ပြ ဖမ်းဆီးအရေးယူမှုများကြောင့် ကမ္ဘာ့အကူအညီပေးရေးများ တွန့်ဆုတ်ကုန်သည်။ နအဖ၏ မိုက်မဲမှု ကြောင့် ဒေသခံလူထုသည် ကမ္ဘာ့အကူအညီများကို လိုသလောက်မရခဲ့။

တဖက်တွင်လည်း စက်တင်ဘာအရေးအခင်းကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက် ကျဆင်းလာနေ သော ခရီးသွားလုပ်ငန်းသည် နာဂစ်အပြီးတွင် အခြေအနေပိုဆိုးလာသည်။ မီးခိုးမဲ့စက်ရုံပိုင်ရှင် ခရီးသွား လုပ်ငန်းရှင်များကိုယ်တိုင် ၎င်းတို့အိမ်တွင် မီးခိုးမဲ့တော့မည့် သဘောရှိလာသည်။ ဗီဇာစနစ်ပြောင်းလဲပေးရန် နှင့် နိုင်ငံခြားသားများအပေါ် ကန့်သတ်မှုများ လျှော့ပေါ့ပေးရန် ခရီးသွားလုပ်ငန်းရှင်များက တောင်းဆိုလာ ကြသည်။ နအဖကတော့ ယခုအချိန်အထိ တုတ်တုတ်မျှမလှုပ်။

ပုဂ္ဂလိကစီးပွားရေးကျဆင်းနေချိန်တွင် ရှိသမျှသယံဇာတ ထုတ်ရောင်းရန်သာ ကြံဆနေသော နအဖက ဘင်္ဂလားဒေ့ရှ်နှင့် ရေပိုင်နက် အငြင်းပွားပြန်သည်။ ရလဒ်ကား ပြည်တွင်းရေထွက်ပို့ကုန်လုပ်ငန်းရှင်များ၏ လုပ်ငန်းများ ရပ်ဆိုင်းကုန်ခြင်းဖြစ်သည်။

တဖန် နှစ်လယ်ပိုင်းတွင် ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းဖြစ်ပွားခဲ့သော ပဲကြိုပွိုင့်ရောင်းဝယ်မှုများကြောင့် အဓိကပို့ကုန်တခုဖြစ်သည့် ပဲဈေးကွက်ပျက်သွားပြန်သည်။ ဤတွင် နအဖက နိုင်ငံတော်မှ ဦးဆောင် ရောင်းဝယ်မည်ဆိုကာ ပဲဈေးကွက်ကို ထိန်းချုပ်ရန် တာစူလာပြန်၏။ တနိုင်ငံလုံးရှိ ကုန်စည်ဒိုင်အမှုဆောင် များအား ကုမ္ပဏီများ စုဖွဲ့ခိုင်းနေသည်။ နယ်ခံကုမ္ပဏီနှင့် ရန်ကုန်ရှိ နအဖလက်ဝေခံကုမ္ပဏီများ ချိတ်ဆက် ပူးပေါင်းလုပ်ဆောင်ကြရမည်ဟု စီးပွားကူးသန်းဒု-၀န်ကြီးက နယ်လှည့် ဆွယ်တရားဟောနေ၏။ နယ်ခံ ကုန်သည်ပွဲစားများက လိုလားမှုမရှိ။ နအဖနှင့် ပတ်သက်နေသော ရန်ကုန်ကုမ္ပဏီများကိုလည်း မယုံကြည် ကြ။ အဆုံးသတ်တွင် မည်ကဲ့သို့သော ရလဒ်ပေါ်ထွက်လာမည်ကို စောင့်ကြည့်ကြရဦးမည်။

နအဖ၏ တပွဲတိုးဖြေရှင်းနည်းများကား ထိုမျှနှင့်ရပ်မသွား။ နာဂစ်ဒဏ်ခံခဲ့ရခြင်း၊ စပါးဈေး အလွန်အမင်း ကျဆင်းနေခြင်းတို့ကြောင့် သွင်းအားစုများ ဖြည့်တင်းရန်ပင် အခက်အခဲရှိနေသော လယ်သမားများ၏ လယ်ယာမြေများကို ၎င်းတို့၏ စီးပွားဖက်ကုမ္ပဏီများအား ၀င်ရောက်လုပ်ကိုင်စေသည်။ အမည်ကိုကား လှလှလေး ပေးထားပါ၏။ အကျိုးတူ လယ်ယာစီးပွား။ ထိုအကျိုးတူ လယ်ယာစီးပွားဆိုသည်ကို ယခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းတွင်ပါ တိုးချဲ့သွားမည်ဟု နအဖက လေသံပစ်ထားသည်။

“အဲလိုတွေက လုပ်ခဲ့ဖူးတယ်။ ၁၉၉၅ ခုနှစ်လောက်မှာထင်တယ်။ ရေနက်ကွင်း စိုက်ကွင်းဆိုပြီး ဒေသခံတွေ ဆီက မြေတွေသိမ်းပြီး သူတို့ကုမ္ပဏီတွေကို ချပေးတာမျိုးတွေရှိခဲ့တယ်။ မကွေးတိုင်းမှာလည်း စီမံကိန်း ၀ါ စိုက်ဖို့ဆိုပြီး ယာမြေတွေသိမ်း ပုဂ္ဂလိကကုမ္ပဏီတွေကို ချပေးခဲ့ဖူးတယ်။ မဆလ လက်ထက်တုန်းကလည်း သမ၀ါယမ လယ်ယာတွေဆိုပြီး ရှိခဲ့ဖူးတာပါပဲ။ အခုလည်း အဲဒီပုံစံတွေအတိုင်း နအဖက လိုက်လုပ်နေတာပါ ပဲ။ အဲဒါတွေက ဒေသခံလူထုအတွက် အကျိုးမရှိနိုင်ဘူး။ ကုမ္ပဏီတွေပဲ အကျိုးရှိမယ်။ သူတို့က ထွက်လာတဲ့ အသီးအနှံကို ပြည်ပတင်ပို့ခွင့်ရတော့ နိုင်ငံခြားငွေ (export earning) တွေ ရမယ်။ မူလလုပ်ခဲ့တဲ့ လယ် သမားတွေကတော့ ကုမ္ပဏီရဲ့ အလုပ်သမားသွားဖြစ်ရော။ လယ်ပိုင်ကနေ လယ်ယာလုပ်သားဖြစ်သွားတာ။ နောက်ဆုံးကျတော့ ဒေသခံတောင်သူလယ်သမားတွေကတော့ ဘ၀ပျက်သွားတော့တာပေါ့။ သူတို့ရဲ့ စီးပွားရေးမူဝါဒထဲမှာ ပုဂ္ဂလိကပိုင်ပြုရေးဆိုတာပါပေမယ့် လက်တွေ့မှာ သမ၀ါယမပြုနေတာပဲ။ ပုဂ္ဂလိကပိုင် ပြုတယ်ဆိုရင် တဦးချင်းစီ၊ တကဏ္ဍစီကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးရမှာ”ဟု ဦးစိန်ဌေးက သုံးသပ်ပြ သည်။

ထိုကဲ့သို့ ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင် ဒေသခံများ မလုပ်တတ်ဟုဆိုကာ ၎င်းတို့၏ စီးပွားဖက်ကုမ္ပဏီများထံ လုပ်ငန်းခွင်များ ထိုးထည့်ပေးနေသော နအဖအနေဖြင့် ၎င်းတို့ကိုယ်တိုင်စီမံခန့်ခွဲနေသည့် အစိုးရအသုံးစရိတ် ကို ကြည့်ပြန်တော့လည်းမဟန်။ ဘတ်ဂျက်လိုငွေပြမှုက (၅) ရာခိုင်နှုန်းအထက်မှာ နှစ်စဉ်ရှိနေသည်။ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင်လည်း ဘတ်ဂျက်လိုငွေပြမှု ကျပ်ငွေ ဘီလီယံ (၇၀၀) ကျော်ရှိခဲ့ကြောင်း ၀န်ကြီး အဖွဲ့အစည်းအဝေး (၃၈/၂၀၀၈) တွင် ၀န်ကြီးချုပ်က ၀န်ခံခဲ့သည်။

“(၇) ရာခိုင်နှုန်း (၈) ရာခိုင်နှုန်းဆိုတာ နှစ်စဉ်လိုဖြစ်နေတာ မဆန်းတော့ပါဘူး။ ဒီနှစ်မှာ ပိုတောင်သုံးရဦး မယ်။ ကမ္ဘာ့စီးပွားရေးကျဆင်းနေချိန်မှာ ပုဂ္ဂလိက ကဏ္ဍကသုံးစွဲမှုတွေ လျော့လာမှာဖြစ်လို့ ငွေကျုံ့မှု (deflation) မဖြစ်အောင် အစိုးရက ပိုသုံးပေးရမယ်” ဟု ဦးခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။

ဦးစိန်ဌေးက “တိုင်းပြည်တိုးတက်ဖို့ ဘတ်ဂျက်ပိုသုံးသင့်တဲ့အခါ သုံးကြရပါတယ်။ စီးပွားရေးကျဆင်းလာချိန် မှာ အစိုးရက ပိုသုံးပေးရတယ်ဆိုတာ မှန်ပါတယ်။ သီအိုရီအရမှန်ပါတယ်။ လက်ခံပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံမှာက ပိုသုံးခဲ့တာများနေပြီဗျ။ ၈၈ ကနေ ၂၀၀၈ ဆိုရင် အနှစ်နှစ်ဆယ်ရှိနေပြီ။ ဘာမှအကျိုးမရှိဘူး။ အဲဒီ မှာ ပိုသုံးတာ မသုံးတာထက် သုံးတဲ့ဧရိယာတွေကြည့်ရမှာ။ ယောင်ပြတည်ဆောက်မှုတွေ လုပ်နေတာမျိုးက ဘာမှအကျိုးမရှိဘူး။ မလိုအပ်သေးဘဲနဲ့ ဒါမှမဟုတ် တကယ်မလုပ်နိုင်သေးဘဲနဲ့ ၀ါဒဖြန့်ချင်လို့ လမ်းဖောက် လို့၊ တံတားဆောက်လို့ စပါးထွက်နှုန်းတိုးလာမလား။ ဘတ်ဂျတ်သုံးစွဲတဲ့အခါ ဘယ်ကဏ္ဍသည် နိုင်ငံအတွက် အဆီအနှစ်ဖြစ်စေသလဲ။ ဒါကိုကြည့်ရမယ်။ အခုဟာက စစ်တပ်အတွက် အများကြီးသုံးနေတယ်။ မလိုအပ် ဘဲ နေပြည်တော်ဆောက်နေတာ အခုထိမပြီးသေးဘူး။ အများပြည်သူအလုပ်လုပ်တဲ့ ကဏ္ဍတွေမှာ ပံ့ပိုးတာ မရှိဘူး။ နိုင်ငံတနိုင်ငံမှာ ဘတ်ဂျက်လိုငွေပြမှုဟာ (၂) ရာခိုင်နှုန်း၊ (၃) ရာခိုင်နှုန်းသာ ရှိသင့်တာပါ” ဟု ပြော သည်။

နအဖ၏ စာရင်းများကား မှန်ကန်လေ့မရှိဟု ကမ္ဘာကလက်ခံထားကြသည်။ ယခု ဘတ်ဂျက်လိုငွေပြမှုသည် လည်း ယခုထက်ပိုစရာသာရှိသည်။ ကြံ့ဖွံ့လို လူမှုရေးအသင်းအဖွဲ့ဆိုသည်ကြီးကိုလည်း နအဖက ထောက်ပံ့ နေရသဖြင့် လျော့စရာအကြောင်းမရှိ။ ကြံ့ဖွံ့ပံ့ပိုးငွေများ မည်သည့်ဝန်ကြီးဌာန၏ အသုံးစာရင်းမှ သွားသ နည်း။
မိမိတို့ အစိုးရအသုံးစရိတ်ကိုပင် ကောင်းစွာစီမံခန့်ခွဲနိုင်ခြင်းမရှိသည့် နအဖအနေဖြင့် ပုဂ္ဂလိက စီးပွားရေး ကဏ္ဍတွင်လည်း ၎င်းတို့အား နောက်ခံပြုပေးနေသော ကုမ္ပဏီကြီးများလက်သို့သာ ၀ကွက်အပ် စီမံစေသည် မှာ တကယ်တော့မဆန်း။

ဆန်းသည်မှာ Ajay Chhibber ၏ စီးပွားရေးကို အခြေခံသော လူမှုရေးအုံကြွမှုများ ပေါ်ပေါက်လာနိုင် ကြောင်း သတိပေးမှုမှန်ကန်ကြောင်းကို မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ် နှစ်စမှာပင် ပြသခဲ့ခြင်းဖြစ်သည်။

ဖြစ်ရပ်မှာ နအဖလက်ဝေခံကုမ္ပဏီများကြီးစိုးရာ ရေနံမှော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မကွေးတိုင်းမှူး၏ အစ်မပိုင်ကုမ္ပဏီက နှောပင်ရေနံမှော်တွင် ဒေသခံတွင်းပိုင်များထံမှ ရေနံစိမ်းကို လက်ဝါးကြီးအုပ် ၀ယ်ယူလို သည်။ တန်ရာတန်ကြေးမပေး။ ပြင်ပရေနံပွဲစားများက တပေပါ (၅) သောင်းကျော် ပေးနေချိန်တွင် ကုမ္ပဏီ က (၃) သောင်းဝန်းကျင်သာပေးသည်။ သူတို့မှလွဲ၍ အခြားရောင်းချခြင်းမပြုရဟု အစည်းအဝေး ခေါ်ပြော သောနေ့မှာပင် ဒေသခံလုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် ပြဿနာတက်သည်။ စစ်တပ်က ဒေသခံလူထု ကိုသာ ပစ်ခတ်နှိမ်နင်းခြင်းဖြင့် ဖြေရှင်းပြသည်။

အလားတူဖြစ်ရပ်မျိုးများ ပေါ်ပေါက်လာနိုင်စရာအကြောင်းများလည်း တွေ့မြင်နေရသည်။ အဘယ့်ကြောင့် ဆိုသော် နအဖ၏ စီးပွားရေးမနိုင်နင်းမှုနှင့် ၎င်းတို့နှင့် လက်ဝေခံကုမ္ပဏီများကိုသာ အလုံးစုံသော လုပ်ပိုင်ခွင့် များ ပေးထားသဖြင့် လူထုစီးပွားကျဆင်းလာနေခြင်းကြောင့်ဖြစ်သည်။



မင်းနိုင်သူ
REF: ခေတ်ပြိုင်

Read More...

ကုလားထိုင် - ခင်မမမျိုး

အခုတလော ငယ်ငယ်တုန်းက ကုလားထိုင်နဲ့ပတ်သက်ပြီး ဖြစ်ခဲ့ဖူးတဲ့ အဖြစ်အပျက်လေးကို သွားသတိရနေ မိတတ်တယ်။ အဖြစ်က ဒီလိုပါ။

ကျွန်မတို့အိမ်မှာ ကြီးမားခန့်ထည်လှတဲ့ လှုပ်ကုလားထိုင်ကြီး တခုရှိတယ်ရှင့်။ ကျွန်းသားနဲ့ လုပ်ထားတာ မို့ လှပ၀င့်ထည်လိုက်တာလဲ မပြောပါနဲ့တော့။ အဲဒီကုလားထိုင်ကြီးမှာ ထိုင်လေ့ရှိတာကတော့ အိမ်ရဲ့ အကြီးအကဲ ကျွန်မအဖိုးပါ။ အဲဒီကုလားထိုင်ကြီးပေါ်ထိုင်နေတဲ့ ဖိုးဖိုးကို မြင်ရတာလဲ ခန့်ခန့်ထည်ထည်ကြီး။ ဒါနဲ့ ကျွန်မလဲ ထိုင်ကြည့်ချင်စိတ် ပေါက်လာတယ်။ ကလေးဆိုတော့ တိုက်ရိုက်တော့ ဘယ်ပြောပါ့မလဲ။

အဲ- တနေ့တော့ ကျွန်မစိတ်ထဲ တိတ်တိတ်လေးပေါ်နေတဲ့အတွေးကို အကောင်အထည်ဖော်ဖို့ ဖြစ်လာ တယ်။ အိမ်နားက ကျွန်မသူငယ်ချင်းကို အိမ်ခေါ်ကစားနေတုန်း ဖိုးဖိုးက အပြင်ထွက်သွားပါလေရော။ အဖော်လဲကောင်းတာမို့ ဖိုးဖိုးမရှိတုန်း ကုလားထိုင်ကြီးပေါ် တက်ထိုင်မယ်ပေါ့။ လမ်းလျှောက်ထွက်ရင်း ကျွန်မတို့အတွက် ပေါက်စီလဲဝယ်ခဲ့မယ်ဆိုတော့ ဖိုးဖိုးက အပြင်မှာ အနည်းဆုံး တနာရီလောက်တော့ ကြာ မှာပဲလို့ တွက်လိုက်မိတယ်။

အဲလိုနဲ့ ထိုင်ခါနီးတော့ သူငယ်ချင်းက ပြောတယ်။ သူ့ကို အရင်ပေးထိုင်တဲ့။ သူက ဆယ်မိနစ်ပဲ ထိုင်မယ် တဲ့။ ထိုင်ကြည့်ချင်လို့ပါတဲ့။ ကုလားထိုင်သဘောသဘာဝကို မသိသေးတော့ ကျွန်မကလဲ ပေးထိုင်တာပေါ့။ အမယ်လေး- လှုပ်ကုလားထိုင်ကြီးဆိုတော့ လှုပ်တောင်လှုပ်ပေးလိုက်သေးတယ်။ ပိုဇိမ်ကျအောင်လို့။

ဒါပေမယ့် အဲဒီတော့မှ ခက်တော့တာပဲရှင့်။ ဆယ်မိနစ်လောက်ကြာလို့ သူ့ကိုဆင်းဖို့ပြောတော့ သူကပြော တယ်။ နင်က အမြဲထိုင်လို့ရတာပဲ။ ငါက ခဏလေးထိုင်ရတာတဲ့။ ဘယ်လိုပြောပြောကလဲမရ။ အဲဒါနဲ့ ကျွန်မတို့ နှစ်ယောက် ရန်ဖြစ်ငြင်းခုံကြပါလေရော။ သူကပြောတယ်။ “နင်နဲ့ တသက်လုံးတူတူ မကစား တော့ဘူးတဲ့”။ ကျွန်မကလဲပြောတယ်။ “ဆယ်မိနစ်ပဲ ထိုင်မယ်ဆိုပြီး သဘောတူပြီးမှ ကတိမတည်တဲ့ နင့်လို လူမျိုးကို သူငယ်ချင်းမတော်ဘူး။ ခြံရိပ်တောင် လာမနင်းနဲ့”လို့။ ဒီတုန်းက ကလေးတွေဆိုတော့ အပြော အဆိုကလဲ မတတ်ကြဘူးလေနော်။ စိတ်ထားတွေကလဲ မရင့်ကျက်သေးဘူး။ အရွယ်ရောက်လာတော့ အဲလို တွေမဖြစ်အောင် တတ်နိုင်သမျှ သတိထားရတော့တယ်။ တော်ကြာသူများတွေက သူငယ်နာမစင်သေးဘူး တို့၊ သူငယ်ပြန်နေပြီလား မသိဘူးတို့ ထင်ကုန်ကြမှာစိုးလို့။ ဒီလိုနဲ့ ကုလားထိုင်တလုံးမှာ ခဏထိုင်ရဖို့ အရေး အကြောင်းပြုပြီး ကျွန်မတို့ သူငယ်ချင်း နှစ်ယောက်ကွဲပါလေရော။

ဖိုးဖိုးပြန်ရောက်လာတော့ အာပြဲနဲ့ ငိုနေတဲ့ ကျွန်မကို တော်တော်ချော့လိုက်ရတယ်ရှင့်။ ကျွန်မစိတ်ဆိုးနေရင် ဖိုးဖိုးကလွဲလို့ ဘယ်သူမှ အနားကပ်ရဲတာ မဟုတ်ဘူး။ ဖိုးဖိုးကိုကျတော့ အကပ်ခံတယ်။ ဒီလိုနဲ့ ဖိုးဖိုးရဲ့ အစွမ်းအစရယ်၊ ပေါက်စီတွေရဲ့ ဆွဲဆောင်အားတွေရယ်ကြောင့် (ဆက်ပြီး မူနေရင် ပေါက်စီတွေ အေးသွား မှာစိုးလို့) ကျွန်မတယောက် အငိုတိတ်ပါတော့တယ်။

အငိုတွေတိတ်ပြီး နောက်နှစ်ရက်လောက်နေတော့ ဖိုးဖိုးက သူ့ကုလားထိုင်ကြီးပေါ်မှာ ကျွန်မကိုတင်ထားပြီး၊ လှုပ်ပေးရင်းစကားတွေ အများကြီးပြောတယ်။

“ဒီကုလားထိုင်မှာက အိမ်ရဲ့အကြီးအကဲတွေ ထိုင်ကြတာ မြေးလေးရဲ့။ ဟော- အခု၊ ငါ့မြေးထိုင်နေပြီ။ အဲလို ထိုင်လိုက်တာနဲ့ မြေးလေးက အိမ်ရဲ့အကြီးအကဲ တကယ်ပဲ ဖြစ်သွားလား။ အိမ်မှာရှိတဲ့ လူတွေကကော အိမ်ရဲ့အကြီးအကဲပါလို့ မြေးလေးကို အသိအမှတ်ပြုသလားတဲ့။

“ဘယ်ဖြစ်မှာလဲ ဖိုးဖိုးရဲ့။ သမီးက ကလေးပဲ” လို့ပြန်ပြောတော့

“ကလေးဆိုတာထက် မြေးလေးမှာ ဒီကုလားထိုင်မှာ ထိုင်ပြီး၊ သူတို့ကို သြဇာပေးနိုင်မယ့် အရည်အချင်း မရှိ သေးတာက ပိုအရေးကြီးတယ်။ မြေးလေးဘ၀တလျှောက်မှာ ကုလားထိုင်ပေါင်းများစွာကို တွေ့ရလိမ့်မယ်။ အဲဒီအခါကျရင် ပိုင်ရှင်မရှိတုန်း ခိုးကြောင်ခိုးဝှက် ထိုင်ဖို့စိတ်ကူးတာထက်၊ ကုလားထိုင်တလုံးကို မထိုင်ခင် ထိုင်ဖို့အရည်အချင်း ကိုယ့်မှာရှိပြီလား၊ ကိုယ်နဲ့တန်ပြီလားဆိုတာ အရင်တွေး။ ကိုယ့်မှာအဲလို အရည်အချင်း ရှိတယ်ထင်ရင်၊ ဒီကုလားထိုင်နဲ့ တန်တယ်ထင်ရင်လဲ အဲဒီကုလားထိုင်ကို ထိုင်လို့မရရအောင် ကြိုးစားလုပ်။ တကယ်အရည်အချင်းရှိတဲ့လူကို ဘယ်သူကမှ ဆွဲမချဘူး။ အခုဟိုနေ့က မြေးလေးတို့ ဖြစ်သွားတာကြည့် စမ်း။ ပိုင်ရှင်က အဝေးရောက်နေတုန်းမှာ သူ့ကုလားထိုင်ကိုလဲ ကိုယ်နဲ့မဆိုင်ပဲထိုင်ဖို့ လုပ်ကြသေးတယ်။ သူထိုင်မယ်၊ ငါထိုင်မယ်နဲ့လဲ ငြင်းကြ၊ ရန်ဖြစ်ကြသေးတယ်။ အဲဒါမျိုးဟာ အရည်အချင်းရှိတဲ့လူတွေရဲ့ အလုပ်မဟုတ်ဘူး။ ဒီကုလားထိုင်မှာ ထိုင်ချင်ရင် ဒီကုလားထိုင်နဲ့ တန်အောင်၊ မြေးလေးထိုင်တာကို အိမ်က လူတွေက လက်ခံလာနိုင်အောင် အရင်ကြိုးစားရမယ်မြေးလေး။ မဟုတ်ရင် ပလ္လင်ပေါ်မျောက်တက်သလိုပဲ လူတွေထင်တာ ခံရလိမ့်မယ်”တဲ့။

ဖိုးဖိုးစကားတွေဟာ ကလေးတယောက်အတွက် အရမ်းမြင့်တဲ့ စကားလုံးလေးတွေ ဖြစ်မှာပါပဲ။ ဒါပေမယ့် ကျွန်မက ဖိုးဖိုးလက်ပေါ်မှာ ကြီးပြီး၊ ဖိုးဖိုးစကားလုံးတွေကို စိတ်ထဲစွဲနေအောင် လိုက်မှတ်နေတတ်တာ ကြောင့် တချို့စကားတွေကို အလွတ်ရ မှတ်မိနေတတ်ပါတယ်။ မမှတ်မိမှတ်မိအောင်လဲ တချို့စကားတွေကို ချရေးပြီး အလွတ်ပြန်ကျက်ထားတတ်တယ်။ ဖိုးဖိုးစကားတွေဟာ ကျွန်မရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အရာများစွာမှာ အကျိုးရှိခဲ့တာချည်းပဲ။ ဖိုးဖိုးဟာ ကျွန်မအတွက်တော့ ကောင်းကင်ကြီးတခုပါ။ ဖိုးဖိုးနဲ့ ပတ်သက်တဲ့ အရာရာဟာ ကျွန်မအတွက် အမှတ်တရတွေချည်းပဲ။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ကတော့ ပိုဆိုးတာပေါ့ရှင်။ ရင်ထဲမှာ စူးနစ်စေခဲ့တဲ့ အဖြစ်အပျက်တခုပါ။ အိမ်နီးချင်းသူငယ်ချင်းတယောက် ဆုံးရှုံးခဲ့တဲ့ အဖြစ်အပျက်တခုလဲ ဖြစ်နေတာကိုးနော်။ ဖိုးဖိုးဆုံးသွားပြီး နောက်ပိုင်းမှာလဲ အဲဒီကုလားထိုင်ကြီး မြင်တိုင်း ကျွန်မဒါတွေကို သတိရနေမိတတ်တယ်။

ဘ၀မှာ ကျွန်မထိုင်ခဲ့တဲ့ ကုလားထိုင်များစွာ ရှိခဲ့ဖူးပါပြီ။ ဒါပေမယ့် ဖိုးဖိုးဆိုခဲ့တဲ့အတိုင်း ကုလားထိုင်နဲ့ တန်တဲ့ အရည်အချင်းကိုရပြီးမှ ကျွန်မဒီကုလားထိုင်တွေကို ထိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ထိုင်ပြီးရင်လဲ အဲဒီ ကုလားထိုင် မှာ ထိုင်နေလို့ လုပ်ရမယ့်အလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။ ကျွန်မနဲ့ မတန်တဲ့ ကုလားထိုင်ဆိုရင် လဲ ဘယ်တော့မှ ထိုင်ဖို့ကြိုးစားမှာ မဟုတ်သလို၊ ထိုင်ပြီးသားကုလားထိုင်ရဲ့ အလုပ်တွေကို မလုပ်နိုင်တော့ တဲ့ အခါမှာလဲ ကုလားထိုင်ပေါ်ကနေ အမြန်ဆုံး ပြေးဆင်းမှာပဲ။ တကယ်တော့ ကုလားထိုင်ဆိုတာ ဒီ ကုလားထိုင်ပေါ်မှာ ထိုင်ဖို့ တန်တဲ့လူတွေအတွက်ပဲ ဖြစ်သင့်ပါတယ်။

ခင်မမမျိုး (၂၅၊ ၁၊ ၂၀၀၉)



REF:ခင်မမမျိုး

Read More...

နှစ်ထောင့် တဆယ်သို့ ကြည့်မြင်ပုံ -ကျော်ငြိမ်းမိုး

အာရောဂျံ ပရမံ လာဘံ၊ ကျန်းမာခြင်းသည် လာဘ်ကြီးတပါးဖြစ်သည်ဟု အဆိုရှိသည်နှင့်အညီ၊ နှစ်ထောင့် တ ဆယ်ကို ရှင်းသန့်အေးမြသော လေကောင်းလေသန့်ကို ရှုရှိုက်၍၊ ကျန်းမာသန်စွမ်းသော အတွေးများ (Healthy thoughts)၊ ခိုင်ခန့်သော၊ ကြီးကျယ်သော “ ငါ၏ ဦးခေါင်းက သွေးတို့ဖြင့် ချင်းချင်းနီဲ၏ ၊ သို့သော် ညွတ်ကား မ ညွတ်ဟူသော'' အမြင်ကောင်းများဖြင့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကို ရေးဆွဲ ကြည့်ချင်မိသည်။

နှစ်ထောင့်တဆယ်ဟု ဆိုလိုက်သည်နှင့် မြန်မာတို့အတွက် စစ်ကျွန်ဘဝ လွတ်မြောက်ရေး၊ တရုတ်ကျွန်ဘဝ လွတ်မြောက်ရေး၊ အနောက်ကျွန်ဘဝ လွတ်မြောက်ရေးနှင့် တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာ အယူဝါဒ ကွဲပြားမှုမျိုးစုံ၊ လူတန်းစားအားလုံး အတူယှဉ်တွဲ၊ သဘောထားကွဲလွဲ ငြင်းခုံနေထိုင်နိုင်သော ကြွယ်ဝ တိုးတက် ချမ်းသာသော ဒီမိုကရက်တစ် ပြည်ထောင်စု နိုင်ငံတခု ပေါ်ထွန်းရေးအတွက် သွေးရဲရဲ၊ တိုက်ပွဲဝင် ရမည့် နှစ်တနှစ် ဖြစ်သည်ဟု အများစုက ရှုမြင်ကြသည်။

ဤသို့ အများစုက “တိုက်'' ရမည်ဟု ယုံကြည်လျှင်၊ မည်သို့ မည်ပုံတိုက်ရမည်၊ မည်သို့ ရပ်တည်သွားရမည် ကို တွေးမြင်မှုအရ ရှင်းလင်းထားဖို့နှင့် လက်တွေ့မှာ ပြင်းထန်ဖို့ (ဆိုလိုတာက ရန်သူဘယ်သူလဲ၊ ဘာလဲ ရန်သူရဲ့ မိတ်ဆွေ၊ ရန်သူ့ရဲ့ ရန်သူ ဘယ်သူလဲ၊ ဘာလဲဆိုတာကို သိရှိလက်ခံပြီး၊ ရန်သူရဲ့ အားအနည်းဆုံး နေရာတိုင်းကို နည်းနည်း…နည်းနည်းနဲ့ ဖြည်းဖြည်း…ဖြည်းဖြည်းချင်းပဲ ဖြစ်စေ၊ အချိန်တိုင်း စက္ကန့်နှင့်အမျှ ဆင့်ကာ ဆင့်ကာ ထိုးနှက်သွားနိုင်ဖို့၊ လုံခြုံပြီး အခြေမပျက်တဲ့ ခံစစ်များကို တည်ဆောက်ဖို့၊ စည်းရုံးလို့ မရ တဲ့၊ ကြားချလို့ မရတဲ့ ရန်သူရဲ့ မိတ်ဆွေမှန်သမျှကိုလည်း “မစားရတဲ့အမဲ သဲနဲ့ပက်ဆိုသလို” မျိုး မဟာ ဗျုဟာမြောက် နာနာကျင်ကျင်လေး၊ ဥပမာ မျက်လုံးကိုအုပ်ပြီး နှာနု ဖြတ်ရိုက်သလိုမျိုး၊ နားအုံကို အုပ်ပြီး ညှပ်ရိုက်သလိုမျိုး၊ အရှိုက်ကို ချက်ကျလက်ကျ ထိုးလိုက်သလိုမျိုး၊ အောက်ခြေ ပြိုကျသွားအောင် “န.အ.ဖ” ကို Supply မလုပ်နိုင်အောင် ( မလုပ်ရဲအောင်ကို ဆိုပါတယ်) လုပ်ဖို့ လိုအပ်ပါသည်။

ယခုတင်ပြချက်တွင် အတွေးအခေါ် သဘောတရားပိုင်းအရ ရှင်းလင်းမှုကိုပဲ အရင်ဦးစားပေး ခင်းကျင်းသွား မှာဖြစ်သည်။ ၂ ပိုင်းရှိသည်။ ပထမပိုင်းမှာ နှစ်ထောင့်တဆယ် ဆိုသည့်နှစ်မှာ “န.အ.ဖ” က ခင်းကျင်းပေး သော ရွေးကောက်ပွဲဆိုသည့် ထင်သာမြင်သာသော “သတ်ကွင်း” ကို မြန်မာ့ ဒီမိုကရက်တစ် အဖွဲ့များ၊ လူမျိုး စု အဖွဲ့အစည်းများက မည်သို့ ကျော်ဖြတ်သွားရမည်ဆိုသည် ဖြစ်ပြီး၊ ဒုတိယပိုင်းကတော့ လူထုရုန်းကြွမှု တခု လုံး၏ ဖြစ်နေသော အခင်းအကျင်းအပေါ်ထားရှိသည့် အတွေးအခေါ် သဘောတရားပိုင်း ရှင်းလင်းမှုဖြစ် သည်။

အားလုံး မှတ်မိကြမည်။ သိကြသည်။ ၁၉၈၈ ခုနှစ်၊ မြန်မာ တမျိုးသားလုံး၏ ပါတီစုံ ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ “မဆလ” တပါတီ အာဏာရှင်စနစ် ကျဆုံးရေး “တို့အရေး'' မျှော်လင့်ချက်များကို စစ်တပ်က စစ် ကျည်ဆံများဖြင့် တနိုင်ငံလုံးသို့ သွန်လောင်းချအပြီး၊ ဦးညွတ် မသွားသော ရုန်းကြွမှုများ၏ မျှော်လင့်ချက် တပ်ဦးအဖြစ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတွေက ရွေးချယ်ပြီး၊ မျှော်လင့်ချက်များ အားစိုက် လမ်းဆက်လျှောက်ကြဖို့  အနာဂါတ်အတွက် ပုံကာ ရပ်တည်ခဲ့ကြ၊ ယုံကြည်ခဲ့ကြသည်။

အနှစ် ၂၀ ခရီးကြမ်းတလျှောက် ဒါဏ်ရာ အနာတရနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ယိုင်နဲ့ရင် ယိုင်နဲ့ မည်၊ တခါ..တခါ နာကျင်လွန်း၍ တောက်ခေါက်ပြီး လဲကျရင် လဲကျသွားမည်၊ လမ်းဘေးကိုတော့ ရောက် မသွား၊ တွဲပေါ်က ခုန်မချ၊ ဖြားယောင်း သွေးဆောင်မှုများ အောက်မှာ မေ့မူးမသွား၊ ကြိုးဝိုင်း အပြင်ကို ထမ်း မထုတ်သွားရတဲ့ သက်လုံမျိုးဖြင့် ယနေ့တိုင် ရုန်းကြွမှုများ၏ မျှော်လင့်ချက်များကို ရှင်းလင်းခိုင်မာစွာ ပဲ့ကိုင် ပေးဆဲ ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူကို ဘယ်လို သဘောထား ပေးသလဲ?

ရှင်းနေသည်။ မြန်မာအများစု နားလည်နိုင်သော မြန်မာဘာသာ စကားဖြင့်ပြောနေသည်။ ခံယူသူများက ကိုယ့်တိုင်းပြည်ပေါ်၊ ကိုယ့်လူမျိုးအပေါ် တကယ်ပဲ မလိမ်ညာတဲ့၊ ဂုတ်သွေး မစုပ်တဲ့၊ လက်ညှိုးထိုး ရောင်း မစားတဲ့ စေတနာမျိုး၊ စိတ်အခြေခံ ရိုးဖြောင့်မှု မှန်ခဲ့ရိုးရင် “န.အ.ဖ” က ကြိုးချည်ပေးပြီး ထမင်းရေသိုး ခပ်ချဉ်ချဉ်တိုက်မည့် ရွေးကောက်ပွဲအပေါ် ဝေဝါးစရာ အကြောင်း လုံးဝ၊ လုံးဝ မရှိပါ။

NLD ပြောသည်မှာ၊

• ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အရ လွှတ်တော်ခေါ်ပေး

• ယင်းလွှတ်တော်မှ ၂၀၀၈ အခြေခံ ဥပဒေ ပြန်လည်စစ်ဆေးရေး ကော်မတီဖွဲ့စည်းပေး

• စစ်ဆေးတွေ့ရှိချက်များကို ပြင်ဆင် အတည်ပြုပေး

• ရရှိလာသည့် အခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပပေးရး…တို့ ပဲဖြစ်သည်။

ဆိုတော့ NLD ကို လွတ်လပ်ပြီး ကြွယ်ဝချမ်းသာသော၊ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရက်တစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပေါ်ပေါက်ရေး ရုန်းကြွမှုများ၏ တပ်ဦးအဖြစ် ပြည်သူတွေ လက်ခံဆဲ၊ ယုံကြည်ဆဲဆိုလျှင်၊ မြန်မာတမျိုးသားလုံး NLD ၏ သဘောထားကို ၂၀၁၀မှာ ဝိုင်း၍ ကျည်ဖြည့်ပေးရုံသာရှိသည်။ မှန်အောင်ပစ် မှာ မနားတမ်းပစ်မှာက NLD ဖြစ်သည်။

ထိုမှ ကင်းကွာ၍ ကွဲလွဲသော သဘောထားများ အမြင်များ ထုတ်ပြန်စရာ၊ လူတွေကို နားငြီးအောင် အခြား အချက်အကြောင်းများဖြင့် မှိုင်းတိုက်စရာ မလိုဟုထင်သည်။ ဒါက နှစ်ထောင့်တဆယ် တခုတည်းနှင့် ပါတ်သက်ပြီး ထားရှိရမည့် အတွေးအခေါ် သဘောတရားပိုင်းအရ ရှင်းလင်းမှု ဖြစ်သည်။

ဒုတိယပိုင်းက လူထုရုန်းကြွ အုံကြွမှုတခုလုံး၏ ဖြစ်နေသော အခင်းအကျင်းပေါ် ထားရှိရမည့် အတွေးအခေါ် သဘောတရားပိုင်းအရ ရှင်းလင်းမှုဖြစ်သည်။ ဆိုချင်သည်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး (ဝါ) ရင်ကြား စေ့ရေး National Reconciliation ကို ချဉ်းကပ်ပုံဖြစ်သည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုသည်မှာ စိတ်ကူးစိတ်သန်း တခုသာဖြစ်သည်။ ပိုပြီးတိကျရရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုသည်မှာ Politics of Imagination လူအဖွဲ့အစည်း အတော်များများမှာ ရှိတတ်သည့် နိုင်ငံရေး စိတ်ကူးစိတ်သန်း တခုသာဖြစ် သည်။ စိတ်ကူစိတ်သန်းနှင့် ပတ်သက်၍ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး Albert Einstein အိုင်းစတိုင်း က လည်း အခုလို ဆွေးနွေးဘူးသည်။

“စိတ်ကူးစိတ်သန်းဆိုတာ သတင်းအချက်အလက်၊ တတ်မြောက်သိကျွမ်းမှု၊ သို့မဟုတ် အကြောင်းအရာ ကိစ္စ တခုကို လက်တွေ့ ဖြေရှင်းလိုပဲဖြစ်စေ၊ သဘောတရား အတွေးခေါ်အရ ပေါက်မြောက် ထိုးတွင်းသိမြင်၍ပဲ ဖြစ်စေ၊ ဆည်းပူး နားလည် သိရှိလာသော အထွေထွေ ဗဟုသုတ Knowledge ထက် စိတ်ကူစိတ်သန်းက ပို အရေးကြီးသည်ဟု “Imagination is more important than knowledge” ဆိုဘူးသည်။

ဟုတ်ပါသည်။ လူ့လောက၊ လူ့ပါတ်ဝန်းကျင်ကို အလှဆင် ရေးချယ်မည့် စိတ်ကူးစိတ်သန်းသည် ကောင်း၏။ လိုအပ်၏။ ငြိမ်းချမ်းပြီး မတူကွဲအက်မှုများ အတူငြင်းခုံ နေထိုင်နိုင်သော လူ့ဘောင်အဖွဲ့အစည်း ပေါ်ထွန်း တည်ရှိရေးဆိုသော ကြီးကျယ်ခန့်ငြားသည့် နိုင်ငံရေးစိတ်ကူးစိတ်သန်း မွေးမြူရှင်သန်ဖို့ ဆိုသည်မှာ မြန်မာ ပြည်သူ ပြည်သားများ အားလုံးအတွက် ပို၍ ကောင်း၏။ လိုအပ်၏။

လူ နှင့် မြွေ ဆိုတာ ကမ္ဘာ့အမြဲတမ်း ရန်သူတွေဖြစ်သည်။ လူက မြွေကို တွေ့ရင် 'ရိုက်' သလို မြွေက လူကို တွေ့ရင် 'ကိုက်' သည်မှာ ထုံးစံလို ဖြစ်သည်။ သို့သော် ဒီလူ နှင့် ဒီမြွေ၊ ကိုက်သူ နှင့် ရိုက်သူ အတူတူ နေနိုင် အောင် ဖန်တီးတည်ဆောက်ထားသော နိုင်ငံရေးစနစ် ကျင့်သုံးသည့်နိုင်ငံများကို ကြည့်မြင်နေရသည်မှာ လည်း “သရေ တကျကျ…တမြမြ” ဖြစ်မိသလို၊ အဲဒီလို စိတ်ကူးစိတ်သန်း ချိုချိုမျိုး အမြဲရှင်သန်ဖို့ ဆိုတာ လည်း ငြင်းစရာပင် မလိုတော့ပါ။

သို့သော် လူ့အဖွဲ့အစည်း တရပ်လုံးရဲ့ ယဉ်ကျေးမှုများ အားလုံးကို ပြောင်းလဲပြီး၊ အသစ်တခု တည်ဆောက်ဖို့ ရာ စိတ်ကူးစိတ်သန်းသည် Foundation အခြေခံသာဖြစ်ပြီး၊ အဆောက်အအုံတခုလုံး ပြီးစီးပုံပေါ်ဖို့ အခြား လိုအပ်သော ကိရိယာ တန်ဆာပလာများလည်း ထည့်ဝင်ရမည်။ ထို ကိရိယာများမပါပဲ ဦးနှောက်မှာ ရေးခြစ် ထားသည့် စိတ်ကူးစိတ်သန်းများ အဆောက်အအုံ ဖြစ်မလာဆိုတာကို တဖက်မှာလည်း ကွဲပြားထားဖို့ လို သည်။ National Reconciliation၊ သို့မဟုတ် ပြည်ထောင်စုစိတ်ဓာတ် One Nation တည်ဆောက်ရေးဆိုတဲ့ စိတ်ကူးစိတ်သန်းကို ၁၄ ကြိမ်မြောက် အမေရိကန် သမတကြီး အေဗရာဟင် လင်ကွန်း Abraham Lincoln ဆီမှာလည်း ရှိခဲ့ဘူးသည်။

“ဒီပြည်ထောင်စုကို ကယ်တင်ဖို့ စည်းရုံးအောင် တည်ဆောက်ဖို့ဆိုရင် ကျွန်တွေကို မလွတ်မြောက်ရရင် လည်းရှိစေ၊ ကျွန်တွေ လွတ်မြောက်မှ ရမယ်ဆိုလည်း ဖြစ်စေ၊ သို့မဟုတ် တချို့ကို လွတ်မြောက်ပြီး ကျန်တာ ကို ကျွန်အဖြစ် ဆက်ထားရမယ်ဆိုလည်း အကြောင်းမဟုတ်၊ ဘယ်လိုနည်းမျိုးနဲ့ ဖြစ်စေ ပြည်ထောင်စု စိတ်ဓာတ် One Nation ကို တည်ဆောက်မယ်'' ဆိုတာ သမိုင်းတွင် ကျန်ရစ်ခဲ့တဲ့ စကားတခုပါ။

ဒီစကားကို ရာစုနှစ် ၂ စုကြာ၊ ခိုင်မြဲတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပိုင်ဆိုင်တဲ့ ဒီမိုကရေစီ လမ်းပြနိုင်ငံ တခုရဲ့ကွန်ဂရက် (Congress) မှာ လင်ကွန်း တွေ့ဆုံ ဆွေးနွေး အဖြေမရှာနိုင်ခဲ့ပါဘူး။

အမေရိကန် နိုင်ငံရေး စိတ်ကူးစိတ်သန်းဆိုတာ သူတို့ဆီက ကြီးကျယ်ခိုင်ခန့်တဲ့ ဖီလော်ဆော်ဖါများဖြစ်တဲ့ အရစ္စတိုတယ် Aristotle (384-322 BC)၊ သောမက်(စ်) အကွီနက်(စ်) Thomas Aquinas (1225-1274)၊ ဂျွန်လော(ခ်) John Locke (1632-1704) တို့က ပေါက်ဖွားလာသော်ငြား၊ ဒီ စိတ်ကူးစိတ်သန်းတွေ ကမ္ဘာမှာ နေရာယူဖို့အတွက် လင်ကွန်း သူ့မြေ သူ့ရေကို မီးလောင်တိုက်သွင်း ပြာခင်းပစ်မဲ့၊ သူ့စိတ်ကူး စိတ်သန်းတွေ ကို ကောင်အထည် ပေါ်အောင်လုပ်ပေးမဲ့ နောက်လိုက် ရှာပုံတော် ဖွင့်ခဲ့ရသည်။

ဒီလိုနှင့် ယူလီစ ဂရန့် (Ulysses S. Grant) တို့ အမေရိကန် တောင်းပိုင်းမှာ မြင်သမျှ ရွာ မီးရှို့၊ တွေ့သမျှ မြို့ တွေထဲ အမြောက်တွေ ပစ်ထည့်၊ စားလို့ရတာ အကုန်ယူ ကျန်တာ ဖျက်ဆီး၊ ယောကျာ်း၊ မိန်းမ မချန် သူ့ မြေပုံပေါ်မှာရှိသည့် တွေ့… တွေ့သမျှသော ရန်သူ့ အမှတ်အသား မှန်သမျှ ရှင်းခဲ့ လင်းခဲ့ (လက်ခမောင်းခတ်---အမောက်ထောင်ပြခဲ့) ရသည်။ Total War ရန်/ငါ စည်းပြတ် ရှင်းရှင်း ဆက်ဆံခြင်းလို့လည်း နိုင်ငံရေးမှာ ဆိုနိုင်သည်။

၁၉ ရာစု၊ ၂၀ ရာစု၊ ၂၁ ရာစု၊ ကြိုက်သည့် ရာစုပဲ ဖြစ်ပါစေ၊ အင်အားနှင့် အကြမ်းဖက်မှုဆိုတာ သဘာဝ တရား၊ အရှိတရားဖြစ်ပါသည်။ အင်အားနှင့် အကြမ်းဖက်မှုသည် အတွေ့အကြုံ ဖြတ်သန်းမှုများအရ ဖြစ်စေ၊ အတွေ့အကြုံ ဖြတ်သန်းမှုများကနေ လေ့လာသင်ယူသိရှိ၍ဖြစ်စေ တုန့်ပြန်လာသည့် တုန့်ပြန်မှုများ (Learned Behaviors and Learned Responses) မဟုတ်ပါ။ ကနေ့ခေတ် ကောင်းမွန်မြတ်သော စိတ်ကူး စိတ်သန်းများနှင့် လူ့ဘောင်အဖွဲ့အစည်းများဆိုတာ အကြမ်းမဖက် တိုက်ပွဲဝင်မှုများကို ဖြတ်သန်းပြီး တည်ဆောက်လာသည်ထက်၊ အကြမ်းဖက်မှုများစွာကို ဖြတ်သန်း၍ တည်ဆောက်ခဲ့ကြသည်မှာ အထင် အရှားပါ။ ဆက်လက်၍လည်း တည်ဆောက်နေကြသည်မှာ မျက်မြင်ဖြစ်သည်။ ဗုံးတွေကြဲသည်။ သေနတ် တွေ ပစ်သည်။ လေယာဉ်တွေ စီးပြီး တိုက်ခွဲသည်။ ဒါဆို လူတွေ အရှိတရား၊ မျက်မြင်များကို ဘာကြောင့် လက်ခံရန် အကြောက်အကန် ငြင်းဆန်နေကြသနည်း။ အကြောင်းတော့ ရှိပါသည်။ အခုပြောလို့ မဖြစ်သေး ပါ။

လိုရင်းကို ကောက်ရရင်၊ အဓိက အငြင်းပွားနေသည့် ပွိုင့်မှာ၊ မြန်မာပြည်မှာ အမျိုးသားပြန်လည် သင့်မြတ် ရေး၊ ရင်ကြားစေ့ရေး ပေါ်ပေါက်လာဖို့အတွက် သက်ဆိုင်ရာ ခေါင်းဆောင်များ၊ အဖွဲ့အစည်းများက သူ့ ရပ်တည်ရာ ကွဲပြားမှု၊ အခြေအနေ မတူညီမှုအပေါ်မှာ အခြေခံပြီး၊ ပုံသဏ္ဍာန်ခြားနားတဲ့ တိုက်ပွဲဝင်မှုများ၊ အာရုံထား လုပ်ဆောင်သွားဖို့ပဲ ဖြစ်သည်။

ဥရောပနိုင်ငံများ၊ အနောက်နိုင်ငံများ၊ ကွန်ဖရန့်များ (Conferences) များကို တက်ရောက်ပြီး၊ ကိုယ်လုပ်မည့် အစီအစဉ်များကို ရှင်းပြပြီး အကူအညီ တောင်းခံနေမှာထက်၊ ကိုယ်တိုင်က (န.အ.ဖ နဲ့ ပါတ်သက်ရာ ပတ် သက်ကြောင်းများကလွဲပြီး တတိုင်းပြည်လုံး ထမင်းရေ သောက်နေသည့် အချိန်မှာ) ပြည်သူများနှင့် လက်ရေ တပြင်တည်း၊ ငတ် အတူ၊ သေ အတူ တိုက်ပွဲဝင်သည့် ဒီမိုကရက်တစ်(အဖွဲ့)များ၊ ကွဲထွက်လာသည့် သီးသန့် လူတန်းစားများမဟုတ်ပဲ ပြည်သူများ၏ အကျိုးကို ကိုယ်ကျိုးစွန့်ဆောင်ရွက်သည့် လှုပ်ရှားမှုများ ပေါ်ထွက် လာအောင် ကြိုးပမ်းတိုက်ပွဲဝင်သည့် ခေါင်းဆောင်များ၊ အဖွဲ့များဖြစ်လာရင် အနောက်နိုင်ငံများ၊ ဥရောပနိုင်ငံ များဆိုသည်မှာ ကိုယ်ရှိသည့်နေရာကို လာရောက်၍၊ ကိုယ့်လိုအပ်ချက်များကို မေးမြန်းပြီး အကူအညီ ပေး လာမှသာ မြန်မာပြည်ဒီမိုကရေစီရရှိရေး လမ်းကြောင်းမှန်ပေါ်ရောက်မည်ဟု သုံးသပ်နိုင်သည်။

အောင်ဆန်းပြောခဲ့သည့် “ရာဇဝင်တွေကို လေ့လာနေတာထက်၊ ရာဇဝင်ကို ကိုယ်တိုင်ရေးနိုင်သူ ဖြစ်အောင် လုပ်ရမယ်” ဆိုသည့် စကားသည် အတုယူစရာဖြစ်သည်။ ဆိုတော့ ကြားနေ မြင်နေရသည်မှာ ဒီမိုကရက် များ၊ ပြုပြင်ပြောင်းလဲလိုသူများသည် အောင်ဆန်းကို စံပြ (Role Model) အဖြစ် ကိုးကားကြသည်ဆိုတော့၊ ကိုယ်တိုင် ရာဇဝင်မရေးခင် အောင်ဆန်းရေးခဲ့သော ရာဇဝင်ကိုတော့ လေ့လာတန်ရာ ကောင်းသည်။

လောက၌ ရွေးချယ်သူ နှင့် ရွေးချယ်ခံရသူ လူ့အမျိုးအစား ၂ မျိုးသာရှိသည်။ အောင်ဆန်းသည် မြန်မာ့ လွတ်လပ်ရေးကို ရွေးချယ်သူအဖြစ်မှ ရယူခဲ့သည်။ အောင်ဆန်း၏ နောက်တွင် ပြည်သူရှိသည်။ စစ်တပ်ရှိ သည်။ အခြေအနေကောင်း၊ အကြောင်းတရားကောင်းတွေရှိသည်။ အောင်ဆန်း၏ အမြော်အမြင်ကျယ်မှု၊ ရိုးသားဖြောင့်မတ်မှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေ ထပ်လောင်း ပေါင်းစပ်လိုက်သည့်အခါ၊ အင်္ဂလိပ်သည် အောင်ဆန်း၏ ရွေးချယ်မှုကို ခေါင်းညိတ်ရသည်။

အောင်ဆန်းသည် နိုင်ငံရပ်ခြားများက ရွေးချယ်ပေးသော တော်လှန်ရေး၊ လွတ်လပ်ရေးကို အရှင်းလက်မခံ၊ ကိုယ်တိုင်ရွေးချယ်ယူခဲ့… သူ၊ ပိုပြီး အနုစိတ်ရရင် မြန်မာ့လွတ်လပ်ရေးကို ကိုယ်ကျိုးစွန့် အနစ်နာခံ တိုက်၍ ရယူခဲ့ … သူ၊ စိတ်ကူးနှင့်ပင် ရူးလို့ ရလောက်သည့် အာဇာနည် သူရဲကောင်းဖြစ်သည်။

မြင်ခဲ့သမျှ အားလုံးကို တကြောင်းထဲစုပြီး မီးမောင်းထိုးပြရယင် ၂၀၁၀ မှာ မြန်မာအားလုံး NLD ၏ ရပ်တည် ချက်ကို ဝိုင်းရံပြီး၊ ရေရှည် လူထုရုန်းကြွမှုကို နိုင်ငံရပ်ခြားက ရွေးချယ်ပေးသော တော်လှန်ရေးများကို ငြင်း ဆန်ပြီး၊ ကိုယ်တိုင်ရွေးချယ်ယူသော၊ အမြော်အမြင်ကျယ်ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံသော တိုက်ပွဲတခုကို ရေးဆွဲ ကြည့်မြင်ကြပါစို့။



ကျော်ငြိမ်းမိုး
REF: လူထုအသံ

Read More...

ဂမ်ဘာရီပြန်လာမည် - (သုံးသပ်ချက်)

၂၃ ဇန်န၀ါရီ ၂၀၀၉

ဇန်န၀ါရီလကုန်တွင် ဂမ်ဘာရီ မြန်မာနိုင်ငံ လာနိုင်စရာရှိသည်ဆိုပြီး ရန်ကုန် သံတမန်တဦးကို ကိုးကား၍ ရန်ကုန် အေပီသတင်းထောက်က ရေးသည်။ စင်စစ် ယခုလကုန် ဂမ်ဘာရီလာမည်ဆိုသည့် သတင်းကို ရန်ကုန် သံတမန်လောကတခုလုံး သိနေကြပြီဖြစ်သည်။ မြန်မာစစ်အစိုးရဘက်မှ တိတိကျကျ မထုတ်ပြန် သေးသည့် အ တွက် ကုလသမဂ္ဂဘက်က မကြေညာသေးသည့် သဘောသာရှိသည်။

ဂမ်ဘာရီ၏ ၂၀၀၈ ခုနောက်ဆုံး မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရခဲ့သလို ဗိုလ်ချုပ် မှူးကြီးသန်းရွှေကလည်း တွေ့ခွင့်မပေးခဲ့ပေ။ ၎င်းခရီးစဉ်အပြီးတွင် ဂမ်ဘာရီနှင့် ပတ်သက်ပြီး ပြင်းထန်သည့် ဝေဖန်မှုများ ထွက်ပေါ်လာသည်။ ၂၀၀၈ ခု ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသွားမည့် ကုလအတွင်းရေးမှူးချူပ် ဘန်ကီမွန်း၏ ခရီးစဉ်လည်း မဖြစ်မြောက်ခဲ့။ နိုင်ငံတကာ ခေါင်းဆောင်များက တိုက်တွန်းသည့်တိုင် ကုလ သမဂ္ဂမှ တောင်းဆိုထားသည့် အချက်များကို စစ်အစိုးရဘက်က သိသိသာသာ လိုက်လျောဖို့ အလားအလာ ရှိမှ၊ ပြင်ဆင်ပြီးမှ မြန်မာနိုင်ငံသွားနိုင်မည်ဆိုသည့်သဘော ဘန်ကီမွန်းက ပြောခဲ့သည်။

၂၀၀၈ ခု ဒီဇင်ဘာလကုန်ပိုင်းတွင်မူ ဂမ်ဘာရီက မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဘန်ကီမွန်းထံ လျှို့ဝှက် အစီရင်ခံစာတစောင် တင်ပြန်၏။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော် လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြောင်းလဲမှုများလုပ်ရန် မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေး လုပ်ငန်းခေါင်းစဉ်ဖြင့် ငွေကြေးအကူအညီ မက်လုံးပေးကမ်းလှမ်းသင့်ကြောင်း ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင် ခံစာ၌ အဆိုပြုထားသည်ဟု ကုလသမဂ္ဂ အရာရှိများကို ကိုးကားပြီး Washington Post သတင်းစာက ဖော် ပြထားသည်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံတင်ပြသည့် ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာထဲ၌ မြန်မာနိုင်ငံအပေါ် ငွေကြေးမက်လုံးပေးကူညီရန် တင်ပြခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာ ငွေကြေး အဖွဲ့များက ၁၉၈၈ ခုနောက်ပိုင်းမှစပြီး မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီမှု ပိတ်ဆို့ထားသည့်ကိစ္စ ပြန်ဖွင့်ပေး ရန် ကုလသမဂ္ဂခေါင်းဆောင်ပိုင်းက အိုဘားမား၏ အမေရိကန်အစိုးရသစ်အား မကြာခင် ဖိအားပေး တောင်း ဆိုသွားမည်ဟုလည်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။

ဂမ်ဘာရီ၏ နည်းဗျူဟာသစ်ကို ၂၀၀၉ နှစ်ဆန်းပိုင်းတွင် စစ်အစိုးရထံ တင်ပြရန် ဂမ်ဘာရီက မှန်းထားသည် ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်သေချာမှ တင်ပြမည်ဟုဆို၏။ ဂမ်ဘာရီ၏ အစီရင်ခံစာ အပေါ် စစ်အစိုးရဘက်က အပြုသဘောတုံ့ပြန်မှသာ ဘန်ကီမွန်း မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက် မည် ဖြစ်သည်။

ထို့ကြောင့် ဂမ်ဘာရီ ဇန်န၀ါရီလကုန်လာမည့် ခရီးသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်ရဖို့ သေချာ သည့်အတွက်များလားဟု တွက်စရာရှိသည်။ သည်တခေါက် ဂမ်ဘာရီလာလျှင် မက်လုံးဆို၍ နအဖကို ငွေနှင့်ဖြားယောင်းပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးအောင် တောင်းဆိုမည့် အချက်သာရှိသည်။

သို့သော် မကောင်းသည့် အပြုအမူများအတွက် မြန်မာစစ်အစိုးရကို ဆုလာဘ်ပေးရန် မသင့်ဆိုပြီး ကုလ သမဂ္ဂ၏ မြန်မာစစ်အစိုးအပေါ် ငွေကြေးကူညီရေးအစီအစဉ်ကို အမေရိကန်နှင့် ယူကေနိုင်ငံများက ဆန့်ကျင် သည်။ ဂမ်ဘာရီကမူ မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေးအကူအညီများ တိုးပေးရန် တောင်းဆိုထားသည့်အပြင် မြန်မာစစ်အစိုးရအား နိုင်ငံခြားအကူအညီ များများရအောင် ချမ်းသာသည့်နိုင်ငံများက လုပ်ပေးသင့်သည်ဟု လည်း အစီရင်ခံစာ၌ အဆိုပြုထားသည်။

မြန်မာအပေါ် နိုင်ငံတကာ၏ ဖွံ့ဖြိုးရေးကြိုးပမ်းမှုများအား ညှိနှိုင်းဆောင်ရွက်ရန်နှင့် မြန်မာစစ်အစိုးရအား ငွေကြေးကူညီရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် စီးပွားရေးနှင့်လူမှုရေးအဖွဲ့တခု တည်ထောင်ရေး ကိစ္စကိုလည်း ဂမ်ဘာရီက အကြံပြုထားသည်။

ကူညီသည့်ငွေကို စစ်အစိုးရက အစိုးရထောက်ခံသူများအတွက် လှည့်မသုံးနိုင်ရေး၊ လိုအပ်နေသည့် မြန်မာ ပြည်သူများထံ တိုက်ရိုက်ငွေပေးနိုင်ရေးတို့အတွက် ကုလသမဂ္ဂသည် ဒိန်းမတ်၊ ဂျပန်၊ နယ်သာလန် နော်ဝေစ သည့်နိုင်ငံများနှင့် စတင်ဆွေးနွေးနေပြီဖြစ်သည်။

ဂမ်ဘာရီ၏ မြန်မာ့နိုင်ငံရေးပြုပြင်ရေး အဆိုပြုချက်ကို တရုတ်နှင့် အမေရိကန်တို့က သဘောမတူသည့် အတွက် အကောင်အထည်ပေါ်ရန် အလားအလာ နည်းပါးသည်ဟု သံတမန်အချို့က ယူဆသည်။ နိုင်ငံများ တွင် ငွေကြေးစီးပွားကပ်ဆိုက်နေသည့်အတွက် မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီရေး မဖြစ်နိုင်ဟု သံတမန် တဦးက ပြောသည်။

ဂမ်ဘာရီ၏ ၂၀၀၈ ခု မတ်လ ခရီးစဉ်၌ မစ္စတာ ဂမ်ဘာရီ တင်ပြချက် (၅ ) ချက်နှင့် ပတ်သက်ပြီး ပြန်ကြား ရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက မတ်လ (၇) ရက်၌ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ဧည့်ရိပ်သာတွင် မစ္စတာဂမ်ဘာရီနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး တချက်ချင်း ထောက်ပြငြင်းပယ်ခဲ့သည်။

ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေး အကျဉ်းသား မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားရခြင်းသည် တိုင်းပြည်အခြေအနေ ရှုပ်ထွေးအောင် ဖန်တီးပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဆောင်ရွက်ခဲ့သဖြင့် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း နှင့် တိုင်းပြည်တည်ငြိမ်မှုကို အထိပါးမခံနိုင်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောကြားခဲ့သည်။

ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန်ကိစ္စသည်လည်း ထိပ်တိုက် ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေးဖြတ်တောက်ရေးနှင့် အလုံးစုံပိတ်ဆို့ရေး (၄) ချက်ကို စွန့်လွှတ် မှသာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောထားပြီးဖြစ်ကြောင်း၊ ထို အချက်များကို အန်အယ်လ်ဒီက လုပ်ထားခြင်းမဟုတ်သဖြင့် မကြေညာဟု တုံ့ပြန်ခဲ့ခြင်းသည် ပိတ်ဆို့ရေး လက်နက်ပြန်သုံးမည်ဟု ခံယူထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောသည်။

၂၀၀၈ မတ်လခရီးစဉ်၌ မစ္စတာဂမ်ဘာရီ၏ ၀န်ထမ်းတဦး ရန်ကုန်မှာ ရုံးဖွင့်ခွင့်ရရေးကိစ္စနှင့် ပတ်သက်၍မူ ရန်ကုန်၌ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်း အများအပြားရုံးစိုက်ပြီး ဌာနေကိုယ်စားလှယ်များ ခန့်ထား ပြီးဖြစ်၍ မလိုအပ်ဟု ပြန်ကြားရေးဝန်ကြီးက တုံ့ပြန်ခဲ့သည်။ အဆိုပါ မတ်လခရီးစဉ်၌ပင် ကုလသမဂ္ဂ အကူ အညီဖြင့် စီးပွားရေး၊ လူမှုရေး ဖြေရှင်းပေးရန် အမျိုးသားစီးပွားရေး ဖိုရမ်တခု တည်ထောင်ပေးမည်ဟု ကုလ သမဂ္ဂက ကမ်းလှမ်းခဲ့သော်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့်သာ ဖွံ့ဖြိုးတိုးတက်မှု အခက်အခဲ ဖြစ်နေခြင်း ဖြစ်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းအောင် ကူညီဆောင်ရွက်ပေးပါက ပိုထိရောက်မည်ဟု ဗိုလ်မှူး ချူပ်ကျော်ဆန်းက ခါးခါးသီးသီး ငြင်းပယ်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးတွင် အားလုံးပါဝင်ရန် ကိစ္စသည်လည်း ရေးဆွဲပြီးဖြစ်သဖြင့် မဖြစ်နိုင်တော့ဟု ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြတ်ပြတ်သားသား ပြော သည်။

ထိုသို့ နအဖဘက်က ယတိပြတ် ပြောထားသည့်တိုင် ယခုတခေါက်လာမည့် ဂမ်ဘာရီ၏ ခရီးစဉ်သည် ငွေနှင့် ဖြားယောင်းသည့် သံတမန်နည်းကို နအဖဘက်က မျက်စိကျသွားသည်ဟု အတတ်ပြော၍ မရပေ။

ဂမ်ဘာရီလာချိန်သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရဘက်က ပြင်ပြင်ဆင်ဆင်လုပ်နေချိန် ဖြစ် သည့်အတွက် ရွေးကောက်ပွဲဥပဒေထုတ်ပြန်ရေးကိစ္စ၊ ရွေးကောက်ပွဲမှာ ကုလသမဂ္ဂဘက်က ကြီးကြပ်ရေး ကိစ္စ စသည်တို့ကိုသာ နအဖခေါင်းဆောင်ပိုင်းက အလေးထား ဆွေးနွေးမည့်သဘောရှိသည်။

နအဖအခြေခံဥပဒေကို ပြန်သုံးသပ်ရေး၊ လွှတ်တော်ခေါ်ပေးရေး အန်အယ်လ်ဒီက စစ်အစိုးရအား ပေးထား သည့် ရာဇသံကာလ (၆) လ မပြည့်ခင် ဂမ်ဘာရီလာသည့်အတွက် ထိုကိစ္စကို ဂမ်ဘာရီဆောင်ရွက်ပေးနိုင် မည့် အတိုင်းအတာမှာ စစ်အစိုးရ၏ တင်းမာသည့်သဘောထားနှင့် အန်အယ်လ်ဒီနှင့် တွေခွင့်ရမရဆိုသည့် အချက်တွေပေါ် မူတည်၏။

ထို့ကြောင့် ယခုနှစ်ဆန်း ဂမ်ဘာရီလာလျှင် နိုင်ငံရေး တိုးတက်ဖို့ မသေချာသော်လည်း ဒေါ်အောင်ဆန်း စုကြည်အား ယခင်အခေါက်များကဲ့သို့ နအဖဘက်က စော်ကားမော်ကားလုပ်ရပ်များ လုပ်မှာကတော့ သေချာသည်ဟု ရန်ကုန် နိုင်ငံရေးလောကမှာ ပြောဆိုနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ ယခု နှစ်ဆန်းမှစ၍ “တိုင်းပြည်နှင့် လူမျိုးအတွက် ပြတ်ပြတ်သားသား ဆောင်ရွက်ကြ” ဆိုသည့် စာတန်းကို ခြံထဲ မှာ ကပ်ထားသည်။



မြလူ
REF: ခေတ်ပြိုင်

Read More...

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ ကံကြမ္မာ-၂ - ဗိုလ်ထက်မင်း

၂၃ ဇန်န၀ါရီ ၂၀၀၉
နအဖရဲ့One Army group အရ အပစ်ရပ်အဖွဲ့ကို မြန်မာတပ်မတော်မှာ လက်ခံ မယ်ဆိုရင်လည်း သူတို့အား အဆင့်တူပေးဖို့ အခက်အခဲတွေ ရှိနေပါသေးတယ်။

သူတို့ရဲ့ဗိုလ်ကြီးတဦးကို မြန်မာ့တပ်မတော်မှာ တပ်ခွဲမှူးရာထူး ဗိုလ်ကြီးအဆင့် ပေးမယ်ဆိုရင် စစ်နည်းဗျူဟာ သင်ခန်းစာများ စနစ်တကျ မသင်ခဲ့ရလို့ မကျွမ်း ကျင်မှုအပြင် ပညာရေးအဆင့်အတန်း၊ ဘာသာစကားကလည်း စကားပြောပြီး မြန်မာစစ်သားများရဲ့ ကြည်ညိုလေးစားမှုကိုရရန် တော်တော် ခက်ခက်ခဲခဲ တည် ဆောက်ရဖို့ ရှိပါတယ်။

အချို့အပစ်ရပ်အဖွဲ့တွေဆိုရင် ပါတီတရပ်အသွင်ကူးပြောင်းပြီး သူတို့ရဲ့ လူမျိုးစုဆိုင်ရာ ပါတီမရှိခဲ့တာ ကြောင့် ရွေးကောက်ပွဲဝင်ဖို့ စိုင်းပြင်းနေကြပါတယ်။ လွှတ်တော်မှာ တရားဝင် ပြောရေးဆိုခွင့် အခွင့်အရေး လက်လွှတ်သွားကြမှာ စိုးရိမ်ဟန် ရှိပါတယ်။

ဒါပေမယ့် ကချင်ပြည်နယ်မှာပင် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (KIA) က လုပ်မယ့်ပါတီတရပ်ကို စခုန်တိန်ယိန်းဦးစီးတဲ့ ဒီမိုကရေစီသစ်တပ်မတော်-ကချင် NDA (K) နဲ့ KIA ခွဲထွက် ဗိုလ်မှူးကြီး လဆန် အောင်ဝါတို့အဖွဲ့တွေ ပူးပေါင်းပါဝင်မှု ရှိ မရှိ မသေချာသေးကြောင်း သိရပါတယ်။

နအဖက လက်နက်ကိုင် အပစ်ရပ်အဖွဲ့တွေကို လက်နက်ဖြုတ်သိမ်းဖို့ ကြိုးစားတဲ့နေရာမှာ အပစ်ရပ်အဖွဲ့တွေ က ပါတီတရပ်အဖြစ် ၀င်မယ်ဆိုရင် အခြေခံဥပဒေအရ လက်နက်ကိုင် မိခင်တပ်က အပြီးအပိုင် ထွက်ရမှာ ဖြစ်လို့ သူ့အလိုလို လက်နက်ဖြုတ်ခိုင်းပြီးသား ဖြစ်သွားမှာကိုလည်း အပစ်ရပ်အဖွဲ့တွေက စိုးရိမ်နေကြပါ တယ်။ ဒါကြောင့် အချို့အပစ်ရပ်အဖွဲ့တွေက လက်နက်ဖြုတ်ခိုင်းတာ မခံချင်တာကြောင့် ရွေးကောက်ပွဲ မ၀င် ဘူးလို့ ပြောနေသံလည်း ကြားနေရပါတယ်။

တချို့ အားနည်းတဲ့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေကို ရှမ်းပြည်နယ်မှာ နအဖက အင်အားသုံး ခြိမ်းခြောက် လက်နက်ဖြုတ်ဖို့ သွေးထိုးစမ်းကြည့်တဲ့အခါမှာ အင်အားကြီး အပစ်ရပ်အဖွဲ့တွေရဲ့ဝေဖန်သံ ပွက်လောရိုက် သွားလို့ နအဖလည်း အရှိန်တန့်သွားပါသေးတယ်။

နအဖနဲ့ ငြိမ်းချမ်းရေး ရယူထားခဲ့တဲ့ ထဲဘူးဖဲ ဦးစီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ စိုင်းရီ ဦးစီး ရှမ်းပြည်အမျိုးသားတပ်မတော် (SSNA) (တပ်မဟာ ၁၁၊ ၁၉) အဖွဲ့၊ ခွန်သူရိန် ဦးစီး (ပင်မအဖွဲ့တချို့  မပါ) ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အဖွဲ့တို့ဟာလည်း နအဖနဲ့ ပဋိပက္ခ ဖြစ်ပြီး တောထဲ ပြန်ဝင်သွားကြပါတယ်။

ဒါကြောင့် အဖွဲ့ဝင်အားလုံးပါတဲ့ KNPP နဲ့ SSNA နှစ်ဖွဲ့ နုတ်လိုက်ပါက လက်ကျန်အဖွဲ့ စုစုပေါင်း (၃၄) ဖွဲ့ ရှိရာ အပစ်ရပ် လက်နက်ကိုင်အဖွဲ့နှင့် လက်နက်ကိုင် စွန့်လွှတ်ထားသော အဖွဲ့များ အပါအ၀င် အုပ်စု အမျိုး အစားအနေနဲ့ အင်အားကြီးအဖွဲ့ (၁၅) ဖွဲ့နဲ့ အင်အားငယ်သော အဖွဲ့ငယ် (၁၉) ဖွဲ့ပါဝင်ပါတယ်။ အဲဒီ အဖွဲ့ တွေရဲ့ခေါင်းဆောင်များ၊ အဖွဲ့အမည်တွေနဲ့ ငြိမ်းချမ်းရေး စတင်ဝင်ရောက်ခဲ့စဉ်က အင်အား (လက်နက် စာရင်း အမှန်မရှိနိုင်၍ မဖော်ပြတော့ပါ) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မှတ်ချက်။ ။ ဂျော်နီထူး ဦးစီး ကရင် God's Army (၁၀ ဦး)၊ ဒေးမူး KNPP၊ စောဘေးဘေ KNPP နဲ့ တိတ်စိုး/ သန်းစိုးအောင် ရခိုင်အမျိုးသားညီညွတ်ရေးပါတီ (NUPA) တို့ဟာ အင်အားနည်းပြီး တဦးချင်းဝင်၍ အဖွဲ့ အနေနဲ့ မဖော်ပြတော့ပါ။

အင်အား (၁) ထောင် အထက်ရှိလို့ အနက်လိုင်း တင်ထားတဲ့ အင်အားကြီးအဖွဲ့ (၁၅) ဖွဲ့ထဲမှ မော်ထိုင်း တပ်မတော် (MTA) အဖွဲ့အား လက်နက်အချို့ ပြန်လည်ထုတ်ပေးပြီး ဒေသ ပြည်သူ့စစ်အဖွဲ့အနေနဲ့ ရှမ်းပြည် နယ် တောင်ပိုင်းမှာ (၉) ဖွဲ့ ဖြန့်ခွဲထားပါတယ်။

ဒါ့အပြင် နအဖက လက်နက်တပ်ဆင် ဖွဲ့စည်းပေးထားသော သီးခြားအဖွဲ့သစ်အဖြစ် ရှမ်းပြည်နယ် မြောက် ပိုင်းမှာ ပြည်သူ့စစ်အဖွဲ့ (၉) ဖွဲ့ ရှိပါသေးတယ်။ အဲဒီ ပြည်သူ့စစ်အဖွဲ့ အမည်များမှာ မုံးကိုး၊ ဖောင်းဆိုင်း၊ သိန္နီ၊ တာမိုးညဲ၊ ကွတ်ခိုင်၊ မုံးပေါ်၊ မူဆယ်၊ နမ့်ခမ်း၊ မိုင်းငေါ့ တို့ ဖြစ်ပါတယ်။

အဲဒီလို အဖွဲ့ပေါင်းများစွာကို ကိုင်တွယ်နိုင်ဖို့ နအဖက ငြိမ်းချမ်းရေး ရယူခဲ့စဉ်မှာ သဘောတူညီချက် (၁၄) ချက် ထားရှိပေမယ့် အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေက နအဖရဲ့ မရိုးသားမှုကို သိရှိလာတာရယ်၊ အချင်း ချင်း မယုံသင်္ကာ သံသယစိတ် ရှိတာရယ်ကြောင့် စည်းကမ်းချက်တွေအား မထိန်းဘဲ ဖောက်ဖျက်မှုတွေ ရှိကြ ပါတယ်။

အဲဒီ (၁၄) ချက်အနက် ဖောက်ဖျက်ခဲ့တဲ့အချက်အများစုကို ရှင်းပြရရင်

-အစိုးရ ဆန့်ကျင်တဲ့ အဖွဲ့အစည်းများနှင့် လုံးဝ မဆက်သွယ်ရန် ဆိုတာကို လျှို့ဝှက်စွာ ဆက်သွယ်နေကြ ခြင်း၊
-လက်ရှိ တပ်အင်အားအပြင် ထပ်မံတိုးချဲ့ခြင်း၊ လူသစ် မစုရန်ဆိုတာကို မလိုက်နာဘဲ KIA နဲ့ ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ အင်အားများ တိုးချဲ့ နေကြခြင်း၊
-သင်တန်းဖွင့်လှစ်၍ စစ်ရေးလေ့ကျင့်မှုများ မပြုလုပ်ရန် ဆိုတာကို နားမထောင်ဘဲ UWSA၊ KIA၊ မွန်ပြည် သစ်ပါတီ (NMSP) အပစ်ရပ်အဖွဲ့များ စစ်ရေးပြ သင်တန်းဆင်းပွဲများ အကြိမ်ကြိမ် ပြုလုပ်ကြခြင်း၊
-လူ လက်နက် ခဲယမ်း ဖွဲ့စည်းပုံစာရင်း အသေးစိတ်ပေးရန် ဆိုတာကို နှိပ်ကွပ်မှာစိုးလို့ အင်အားကို လျော့ပြီး မမှန်မကန် ပေးထားခြင်း၊
-ဆက်ကြေးကောက်ခြင်း၊ ဘိန်းခွန်ကောက်ခြင်း၊ ဘိန်းလုပ်ငန်းကို လုပ်ကိုင်ခြင်း၊ လူထုကို အနိုင်ကျင့်ခြင်း စတာတွေ လုံးဝမပြုရဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။

ဒါပေမယ့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အပါအ၀င် ရှမ်းပြည်နယ်ရှိ အပစ် ရပ် တိုင်းရင်းသားအဖွဲ့အများစုက အလေးအနက် လိုက်နာခြင်းမပြုဘဲ လုပ်ကိုင်ဆောင်ရွက်နေကြခြင်း၊ သတ်မှတ်နယ်မြေတွင် သွားလာ၍ရသော်လည်း အခြားနေရာများ သွားလာလိုပါက တပ်စခန်းများသို့ သတင်း ပို့၍ လက်နက်မဲ့ သွားလာရန် ဆိုတာကို နားမထောင်ဘဲ မန္တလေးမြို့တော်အထိ ပစ္စတိုကဲ့သို့ လက်နက်တို များ ယူဆောင်သွားရာ စားသောက်ဆိုင်များတွင် ပြဿနာတက်ရာမှ တိုင်းမှူးနှင့် ထိပ်တိုက်တွေ့ခြင်း၊ နိုင်ငံ ရေးပါတီများနှင့် ကင်းရှင်းစွာ နေထိုင်ရန်ဆိုတာကို တရားမ၀င်ရော၊ တရားဝင်ပါ ဆက်သွယ်ကြခြင်း၊ အစိုးရ ရဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တရားစီရင်ရေး အပိုင်းများမှာ ၀င်ရောက်စွက်ဖက်ခြင်း မပြုရန် ဆိုတာကို အပစ်ရပ်အဖွဲ့များက မြို့များပေါ်တွင် သူတို့ရဲ့  တပ်ဖွဲ့ဝင်တွေ ပြဿနာ ဖြစ်ပွားတာနဲ့ ရဲနဲ့ တရားသူကြီးအား ခြိမ်းခြောက်ခြင်းနဲ့ စစ်ထောက်လှမ်းရေး အကာအကွယ်သုံးပြီး ဆွဲထုတ်ခြင်း စတဲ့ ဖောက်ဖျက် ကျူးလွန်နေ ကြတာတွေ အားလုံးကို နအဖက အတွင်းကြိတ်ပြီး ဖြေရှင်းနေရတာတွေ အများကြီး ရှိပါတယ်။

အရေးကြီးဆုံး အချက်ဖြစ်တဲ့ အချက် နံပါတ် (၂) အရ အပစ်ရပ်အဖွဲ့တွေအနေနဲ့ လက်နက်ကိုင် တော်လှန် ရေး လမ်းစဉ် စွန့်လွှတ်ရန်ဆိုတဲ့ အချက်ကို စစ်အာဏာရှင်တွေ မလုပ်နိုင်သေးတာ တွေ့ရပါတယ်။

စရဖ မှ ဗိုလ်ရဲမြင့်ဟာ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေနဲ့ ညှိနှိုင်းနေပြီး နည်းလမ်းရှာဖွေနေကြပါတယ်။ ဗိုလ်ရဲမြင့်ဟာ ရှမ်းအရှေ့မိုင်းလားဒေသ အထူးဒေသ (၄) အပစ်အခတ် ရပ်စဲရေး အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းကို တွေ့ဆုံကာ လာမယ့်ရွေးကောက်ပွဲမှာ ခေါင်းဆောင်များအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် တိုက် တွန်းခဲ့ပါတယ်။

အချို့သော တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး ခေါင်းဆောင်များအနေနဲ့ စစ်အစိုးရ ချဉ်းကပ်လာတဲ့ “အပစ် အခတ်ရပ်စဲရေး ပုံစံအသစ်” အား လက်ခံလိုတဲ့ သဘောရှိဟန်တူပါတယ်။ သူတို့က လိုချင်တဲ့ နိုင်ငံရေး အခွင့်အရေးတချို့ကိုလည်း ရမယ်။ မိမိတို့ရဲ့ လက်နက်ကိုင်တပ်ကိုလည်း ဖျက်သိမ်းဖို့ မလိုတဲ့အတွက် စစ် အစိုးရ ကမ်းလှမ်းလာတဲ့ ထိုအပစ်အခတ် ရပ်စဲရေးပုံစံသစ်အား သဘောကျကောင်း ကျနိုင်ပါတယ်။

လက်ခံမယ်ဆိုရင် စစ်အစိုးရ အထိုက်အလျောက်ခွဲပေးတဲ့ နိုင်ငံရေးနှင့် စီးပွားရေး အခွင့်အရေးတချို့ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကို စစ်အစိုးရက ပြုပြင်ပြောင်းလဲ ဖွဲ့စည်းမှာ ကိုတော့ လက်ခံရမှာ ဖြစ်ပါတယ်။

အဲဒါကတော့ အပစ်ရပ်အဖွဲ့တွေရဲ့တပ်တွေကို ပြည်နယ်စောင့် အထူးရဲများအဖြစ် အသွင်ပြောင်းထားရှိဖို့နဲ့ တိုင်းမှူးရဲ့ ကွပ်ကဲမှု အောက်ထဲသို့ ထည့်သွင်းစေရေး နည်းလမ်း ဖြစ်ပါတယ်။

စစ်တပ်ရဲ့ကွပ်ကဲမှုအောက် အခြေခံယူနစ်ဖြစ်တဲ့ တပ်ရင်းတွေထဲ တိုက်ရိုက်ထည့်ပြန်ရင်လည်း အထက်မှာ တင်ပြခဲ့သလို အခက်အခဲများ ရှိလာနိုင်တာမို့ နည်းလမ်းအသစ် ရွေးချယ်နေဟန် တူပါတယ်။

ဒါပေမယ့် ပြည်နယ်စောင့် ရဲတပ်ဖွဲ့အနေနဲ့ သူတို့ကို ဖွဲ့စည်းခွင့်ပေးရင်တောင် ရဲတပ်ဖွဲ့ရဲ့ဖွဲ့စည်းပုံ သတ်မှတ်ချက်အရ ဆက်ထားခွင့်မရနိုင်တဲ့ လေယာဉ်ပစ် ဒုံးပျံများ၊ စွမ်းအားမြှင့် ပေါက်ကွဲမှု ပြင်းထန်တဲ့ လက်နက်ကြီးများ၊ ဗုံးများ၊ မိုင်းဗုံးများ လုံခြုံရေးနဲ့ ဆက်သွယ်ရေးစက်များကို မြန်မာစစ်တပ်က ပြန်သိမ်းလို့ ရ၊ မရဆိုတဲ့ ပြဿနာများလည်း ရှိနေပါတယ်။

တဖန် အပစ်ရပ် အဖွဲ့ခေါင်းဆောင်တွေက တိုင်းမှူးရဲ့  အမိန့်အတိုင်း နာခံမှုအပိုင်းမှာ နာခံမှုမရှိနိုင်ဘဲ တိုင်းမှူးရဲ့  လုပ်ပိုင်ခွင့် အာဏာနဲ့ ဆုံးဖြတ်ပေးနိုင်မှု နိမ့်ပါးလာနိုင်တာမို့ အာခံနိုင်ကြောင်း “၀” တပ်ဖွဲ့တွေရဲ့ ဖြစ်စဉ်ကလည်း သက်သေပြနေပါတယ်။
ဒါ့အပြင် အချို့တိုင်းလက်အောက်ခံ တိုင်းမှူးရဲ့ကွပ်ကဲမှုအောက် တပ်အင်အားမှာ အပစ်ရပ်အဖွဲ့ရဲ့အင်အားနဲ့ နှိုင်းယှဉ်ပါက အင်အားချည့်နဲ့နေတာလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်နေပါတယ်။

အချုပ်ဆိုရရင် နအဖရဲ့  လက်နက်ကိုင် အပြီးစွန့်လွှတ်နိုင်ရေး “မူ” ကို အပစ်ရပ် အဖွဲ့တွေက တင်းမာစွာ တုံ့ပြန်ကြမယ့် သဘောရှိပါတယ်။

ဒါကြောင့် အပစ်ရပ်အဖွဲ့တွေဟာ စစ်အာဏာရှင်တွေအတွက် စိန်ခေါ်မှုတရပ် ဖြစ်နေပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး တက်လာမယ့် ရုပ်သေးအရပ်သားအစိုးရသစ်အတွက်လည်း ခေါင်းခဲစရာ ပြဿနာတရပ် အဖြစ် ရှိနိုင်ပါတယ်။

“အင်္ဂလိပ်အခက် ဗမာ့အချက်” ဆိုပြီး မြန်မာ့လွတ်လပ်ရေးအတွက် တနိုင်ငံလုံး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ “နအဖရဲ့အခက် ပြည်သူတွေရဲ့ အချက်” ဆိုတာကို သတိထားပြီး မပြီးဆုံးသေးတဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှု တရားမျှတမှုတို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။



ဗိုလ်ထက်မင်း
REF: ခေတ်ပြိုင်

Read More...

Thursday, January 22, 2009

အရေးတကြီး ဖြည့်ဆည်းရမယ့် ကွက်လပ် - စိုးနေလင်း


ကျနော်တို့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ် မှု ဖြစ်စဉ်တလျှောက်မှာ ကျောင်းသားဆန္ဒပြမှု၊ သပိတ်တိုက်ပွဲ၊ အလုပ်သမားသပိတ် အုံကြွမှုတွေအများကြီး ဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့် ကျောင်းသားလှုပ်ရှားမှု တိုက်ပွဲတွေက များခဲ့ပါတယ်။

အစိုးရပြုတ်ကျရေး ရည်မှန်းချက်နဲ့ မဟုတ်ဘဲ အခွင့်အရေးနစ်နာဆုံးရှုံးမှု၊ ပြဿနာတရပ်ပေါ်မှာ အစိုးရရဲ့ ဖြေရှင်းပုံကို မကျေနပ်တဲ့အတွက် ဆန္ဒပြ ကန့်ကွက်သပိတ်မှောက်မှုတွေလည်း ရှိခဲ့ပေမယ့် အဲဒါတွေ အားလုံးဟာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ကျောင်းသား သွေးမြေကျ၊ သမိုင်းဝင်ကျောင်းသား သမဂ္ဂ ကြီး ပြိုကျအောင် ပစ်ခတ်နှိမ်နှင်း ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ အာဏာရှင်အစိုးရကို နာကြည်းစိတ်၊ တော်လှန် ဆန့်ကျင် ဖြိုဖျက်ချင်စိတ်တွေကို အခြေခံခဲ့ကြတာပါပဲ။

အဲဒီစိတ်ဓာတ် အခြေခံနဲ့ပဲ (တချို့ ဒီထက်နက်နဲတဲ့ အတွေးအခေါ် အခြေခံနဲ့ ဆန့်ကျင်ကြတဲ့သူတွေလည်း ရှိ ပါတယ်) ၆၂ ခုနှစ် နောက်ပိုင်းကာလ တက္ကသိုလ်ကျောင်းသား မျိုးဆက်တွေဟာ အစိုးရကို ဆန့်ကျင်ရင်ဆိုင် ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဓိက စိတ်ဓာတ်ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဒီမို ကရေစီ ဖွံ့ဖြိုးဖြစ်ပေါ်ရေးပါပဲ။

ဒါကို ၆၂ ခုနှစ် နောက်ပိုင်းကာလ ကျောင်းသားတိုက်ပွဲ အဆက်ဆက်မှာ ပါဝင်လှုပ်ရှားပြီး စစ်အစိုးရကို ဆန့် ကျင်အာခံ တွန်းလှန်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတိုင်း သိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းသားတိုက်ပွဲ တွေ အားလုံးဟာ တစိတ်တပိုင်း အောင်မြင်မှုမျိုး၊ ယာယီအောင်မြင်မှုမျိုး ရတာမျိုးပဲ ဖြစ်နေပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှု ဖြစ်စဉ်ကြီးကို အောင်မြင်ပြီးဆုံးအောင် မသယ်ဆောင်နိုင်ခဲ့ပါဘူး။ အကြောင်းရင်းကတော့ အဲဒီအချိန်က ကျောင်းသား လှုပ်ရှားမှုတွေဟာ ကျောင်းသားသက်သက် လှုပ်ရှားမှုတွေသာ ဖြစ်ခဲ့ပြီး၊ အလုပ်သမား၊ လယ်သမားနဲ့ လူထု လူတန်းစားတွေအားလုံးနဲ့ မပေါင်းစည်းနိုင်ခဲ့ပါဘူး။

၁၉၇၄ ခုနှစ် ဇွန်လ အလုပ်သမားအရေးအခင်းမှာတော့ အလုပ်သမားနဲ့ ကျောင်းသား ပေါင်းစည်းလှုပ်ရှားနိုင် ခဲ့ပေမယ့် လူထုလှုပ်ရှားမှုအဖြစ် မကူးပြောင်းနိုင်သေးခင်မှာဘဲ စစ်အာဏာရှင်တွေရဲ့ ရက်ရက်စက်စက် ခြေမှုန်းတာကို ခံခဲ့ရပါတယ်။

အဲဒီ ကျောင်းသားနဲ့ အလုပ်သမား တိုက်ပွဲတွေက ရရှိခဲ့တဲ့ နိုင်ငံရေးအမြတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်၊ နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရတဲ့ ဖိနှိပ်မှုတွေ မတရားမှုတွေအပေါ် ပြည်သူလူထုရဲ့ မကျေနပ် ဖြစ်မှုတွေ ပေါင်းစည်းသွားတဲ့အချိန်မှာတော့ ၁၉၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ပါ တော့တယ်။

ဒါပေမယ့် အဲဒီအရေးတော်ပုံကြီးဟာ အောင်ပွဲရလုဆဲဆဲ အခြေအနေမှာပဲ လျှော့ပေါ့တွက်ချက်မှု၊ တိုက်ပွဲ အပေါ် သုံးသပ်အကဲဖြတ်ချက် မှားယွင်းမှု၊ နိုင်ငံရေးအတွေ့အကြုံ အားနည်းမှု စတဲ့ အမှားတွေကြောင့် အောင်ပွဲနဲ့ ဝေးခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ စစ်အာဏာရှင်အစိုးရဟာ သူတို့လိုချင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတင်း ရအောင် ရေးဆွဲ၊ အတင်းအကျပ် အတည်ပြုပြီး အခု ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အပြီးသပ် ပယ် ဖျက်ပစ်တော့မယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေပါပြီ။ အဲဒီလို ပြင်ဆင်တဲ့နေရာမှာ စစ် အစိုးရဟာ နောက်ထပ် လမ်းပေါ်ဆန္ဒပြပွဲတွေ ပေါ်ထွက်မလာရအောင် လူထုအုံကြွမှု ထပ်ဖြစ်ပေါ်မလာရ အောင် အစိုးရဆန့်ကျင်သူမှန်သမျှ လုံးဝ နလန်မထူနိုင်အောင် ဖိနှိပ်ခြေမှုန်းရေး ပုံစံကို အသုံးပြုနေပါတယ်။

သူတို့ ချမှတ်ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို ထိပါးဆန့်ကျင်သူ မှန်သမျှကို ကျားကုတ်ကျားခဲ ဖော် ထုတ် ဖမ်းဆီးပြီး၊ မကြားဝံ့မနာသာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်၊ ရက်ရက်စက်စက် နှိပ်ကွပ်နေတာကို မြင်သာထင်ရှားဖြစ်နေပါပြီ။ တဖက်ကလည်း ပြည်သူလူထုကို အသက်ရှင်နေထိုင်ရေးအတွက် အကျပ်အ တည်း တွေ့နေအောင် လုပ်ပြီး၊ မက်လုံးပေး စည်းရုံးသိမ်းသွင်းတဲ့နည်းနဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်လိုသူ တွေကို လူထုထဲက ဖဲ့ထုတ်စည်းရုံးပြီး လက်ကိုင်တုတ် အဖွဲ့အစည်းတွေကို အခိုင်အမာ ဖွဲ့စည်းနေပါတယ်။

အဲဒီဒေါက်တိုင်တွေရဲ့ အင်အားနဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ယူပြီး အရေခွံ အရပ်ဝတ်နဲ့ စစ်အစိုးရ တရပ် တရားဝင် ပေါ်ထွန်းလာအောင် မဖြစ်မနေ ကြိုးစားတော့မှာ အသေအချာပါပဲ။

စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီ တည်ဆောက်ရေး အရေးတော်ပုံကြီးဟာ ပကတိ အခြေ အနေအရ ပြည်တွင်းက ပြည်သူလူထု မပါဘဲ ဘယ်နည်းနဲ့မှ အောင်မြင်မှု မရနိုင်ပါဘူး။ တကယ့် အခြေခံ ပြည်သူလူထုကြီးကတော့ စစ်အာဏာရှင်စနစ်ကို ခါးခါးသီးသီး အာခံဆန့်ကျင် တွန်းလှန်ဖို့ အဆင်သင့် ရှိနေ ကြတယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။

ဒါပေမယ့် ပြည်သူလူထုဟာ မှန်ကန်ရဲရင့်တဲ့ ဦးဆောင်ပါတီ၊ ဦးဆောင်အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်မှု မရှိဘဲနဲ့တော့ ရက်စက်ကြမ်းတမ်း ဉာဏ်နီဉာဏ်နက် များလှသလို အင်အားတောင့်တင်းတဲ့ ဖက်ဆစ်စစ် အစိုးရကို အောင်ပွဲရအောင် တိုက်ခိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဒီတာဝန်ကို ဘယ်သူ ထမ်းဆောင်မှာပါလဲ။ အဖြစ်သင့်ဆုံးကတော့ လူထုက ယုံကြည်အပ်နှံ ရွေးချယ် တင်မြှောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပဲ ဖြစ်ပါတယ်။ လူထုကို မှန်ကန်တဲ့ တိုက်ပွဲလမ်းကြောင်းပေါ် ဆွဲတင်ပြီး၊ လူထုရှေ့က ရဲရဲရင့်ရင့် ဦးဆောင်ရင်း စစ်အာဏာရှင်တွေ လက်မြှောက် အရှုံးပေးလာတဲ့အထိ ဖော်ဆောင်လို့ ရနိုင်သမျှ တိုက်ပွဲပုံစံမျိုးစုံကို ဖော်ဆောင်တိုက်ပွဲဝင် ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လူထုရဲ့ ယုံကြည်အပ်နှံ တာဝန်ပေးအပ်ခံရတဲ့ ပါတီတရပ်အနေနဲ့ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တိုက်ဖျက်ပြီး၊ ဒီမိုကရေစီထွန်းကားရေး ကြိုးစားအားထုတ်ပေးဖို့ အဓိက တာဝန်ရှိနေတယ် ဆိုတာကလည်း ရှင်းနေပါတယ်။

ဒါပေမယ့် ဒီတာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ဖို့ဆိုတာ အလွန်ခက်ခဲ ပင်ပန်းမှာဖြစ်သလို၊ အန္တရာယ် ကြီးမားတဲ့အတွက် ယုံကြည်ချက် ခိုင်မာအားကောင်းဖို့ လိုသလို စွန့်လွှတ်အနစ်နာခံမှုတွေ အများကြီး လိုအပ် မှာ ဖြစ်ပါတယ်။

အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ အနေနဲ့လည်း မိမိတို့ရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်နဲ့ လက်တွေ့ လုပ်ရပ်တွေကို မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်၊ မိမိကိုယ်ကိုယ် ဝေဖန်ရေးလုပ်ပြီး မိမိတို့ရဲ့ တဦးချင်း ချို့ယွင်းအားနည်းချက်တွေနဲ့ အမှားတွေ၊ အသင်းအဖွဲ့နဲ့ ပါတီတခုလုံးအရ ချို့ယွင်းအားနည်းချက်နဲ့ အမှား တွေကို ပြုပြင်တည့်မတ်ဖို့ လိုအပ်ပါလိမ့်မယ်။

ဒီအချိန်ဟာ တဦးနဲ့ တဦး၊ တဖွဲ့နဲ့ တဖွဲ့ အပြန်အလှန် အပြစ်တင်နေရမယ့်အချိန် မဟုတ်ပါဘူး။ အပြုသဘော ဝေဖန်ရေးနဲ့ ပြုပြင်ထိန်းမတ်ဝေဖန်ရေး တည်ဆောက်ရမယ့် အချိန်ပါ။ တခုသတိထားဖို့ လိုအပ်တာက ရိုးရိုး သားသား ဝေဖန်သုံးသပ်၊ အမှားကို အမှန်ပြုပြင်တာမှာ အချိန်နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ်ကိုယ် တိုင်က အမှားကို အမှားလို့ မြင်ပြီး၊ ပြုပြင်တည့်မတ် အမှန်လမ်းကြောင်းကို ရွေးချယ်ရဲဖို့တော့ လိုအပ်ပါလိမ့် မယ်။

လူထုဒီမိုကရေစီ တော်လှန်ရေးကြီးဟာ ကာလရှည်ကြာလာတာနဲ့အမျှ အကျအဆုံး၊ အဆုံးအရှုံးတွေ၊ နစ်နာ မှုတွေ များပြားလာနေပါပြီ။ နောက်ဆုံး တိုင်းပြည်နဲ့ လူမျိုး အဆုံးစွန် ပျက်သုဉ်းသွားနိုင်တဲ့ အခြေအနေ ဖြစ်လာပြီလို့ ယူဆနိုင်တဲ့ အခြေအနေ ရောက်လာနေပြီဖြစ်လို့ နှောင့်နှေးကြံ့ကြာ အချိန်ဆွဲနေလို့ မဖြစ်ပါ ဘူး။

အမြန်ဆုံး ပြန်လည်ဝေဖန်သုံးသပ်၊ ချို့ယွင်းအားနည်းချက်နဲ့ အမှားတွေကို အမြန်ဆုံး ပြုပြင်တည့်မတ်ပြီး၊ စစ် အာဏာရှင်တွေရဲ့ ထာဝရ အာဏာတည်မြဲရေး ကြိုးပမ်းအားထုတ်မှုတွေကို အမြန်ဆုံး ရိုက်ချိုးချေဖျက်ပစ် ကြဖို့ လိုအပ်ပါတယ်။



စိုးနေလင်း
REF: မဇ္စျိမ

Read More...

ဟီလာရီ၏ Smart Power နိုင်ငံခြားရေးပေါ်လစီနှင့် မြန်မာစစ်အစိုးရ

၂၂ ဇန်န၀ါရီ ၂၀၀၉

မစ္စဟီလာရီကလင်တန်အား အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမေရိကန် အထက်လွှတ်တော် က အတည်ပြုလိုက်ပြီဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးရာထူးသည် အိုဘားမားအစိုးရ၏ အရေးပါသည့် ရာထူးဖြစ်သည်။ ထို့ကြောင့် မစ္စ ဟီလာ ရီကလင်တန်အား နိုင်ငံခြားရေးဝန်ကြီးခန့်ခြင်းသည် ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ကလင်တန် လုပ်ကိုင်နေ သည့် ဖောင်ဒေးရှင်းအတွက် အလှူငွေထည့်နေသည့် နိုင်ငံခြားအစိုးရများကို ဆက်ဆံရာတွင် အကျိုးစီးပွား ပဋိပက္ခဖြစ်နိုင်သည်ဟု လွှတ်တော်၌ အငြင်းပွားပြီးနောက် ယခုကဲ့သို့ အတည်ပြု ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးပေါ်လစီကို သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံး မည့် Smart Power ပေါ်လစီသုံးခြင်းဖြင့် အမေရိကန်၏ ဦးဆောင်မှုကို ပြန်ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်း မစ္စဟီလာရီကလင်တန်က သန္နိဋ္ဌာန်ချထားသည်။

၂၀၀၃ ခုနှစ် အီရတ်ကို အမေရိကန်သိမ်းပိုက်ပြီးနောက်ပိုင်းမှာ သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလိုသုံးသည့် Smart Power ဆိုသည့် စကားကို နိုင်ငံတကာ ဆက်ဆံရေးမှာ ထွင်သုံးလာကြ သည်။ အစိုးရတရပ်က ယဉ်ကျေးမှုနည်း၊ အတွေးအခေါ်နည်းများဖြင့် သွယ်ဝိုက်ပြီး သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကို Soft Power ဟု သုံးပြီး စစ်ရေးနည်း စီးပွားရေးနည်းတို့ဖြင့် သြဇာသက်ရောက်ရန် ကြိုးပမ်း မှုများကိုမူ Hard Power ဟု သုံးလေ့ရှိသည်။

ဟားဗတ်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဒေါက်တာ Joseph Nye ကမူ smart power ဆို သည်မှာ soft power နှင့် hard power (၂) မျိုးပေါင်းစပ်ထားသည့် အောင်မြင်ရေးနည်းဗျူဟာ အရည် အသွေး ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

သမ္မတဟောင်း ဘွတ်ရှ်၏ ၂၀၀၅ ခုနှစ် ဒုတိယသက်တမ်း ဘိသိက်ခံပွဲတွင် ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ် ညှဉ်းပန်းအုပ်ချုပ်မှုဆိုသည့် စကားကို (၅) ကြိမ်သုံးခဲ့သည်။

ထိုအချိန်က ဟီလာရီကဲ့သို့ နိုင်ငံခြားရေးဝန်ကြီးရာထူး လျာထားခံရသူ မစ္စကွန်ဒါလီဇာရိုက်စ်ကလည်း မြန်မာ၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဘေလာရှစ်၊ ကျူးဘားနှင့် အီရန် (၆) နိုင်ငံကို ရက်စက်ကြမ်းကြုတ် စွာ ဖိနှိပ်အုပ်ချုပ်မှု စိုးမိုးရာဒေသများ (Outposts of Tyranny) ဟု သုံးနှုန်းခဲ့သည်။

သဘောမှာ အဆိုပါ (၆) နိုင်ငံသည် အမေရိကန်အစိုးရ စောင့်ကြည့်ရမည့်နိုင်ငံများဖြစ်ပြီး ထို (၆) နိုင်ငံမှ ပြည်သူများ လွတ်မြောက်ရေးအတွက် အမေရိကန်အစိုးရမှာ တာဝန်ရှိသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်ကြောင်း လန်ဒန် Independent သတင်းစာ ဆောင်းပါးရှင် Rupert Cornwell က ထောက်ပြခဲ့သည်။

ထိုအချိန်က မစ္စကွန်ဒါလီဇာရိုက်စ် ပြောသည့်စကားကို အမေရိကန်နိုင်ငံခြားရေးပေါ်လစီသစ်အဖြစ် ကမ္ဘာက လည်း မှတ်ယူခဲ့ကြသည်။

အစောပိုင်းကမူ အီရန်၊ အီရတ်နှင့် မြောက်ကိုရီးယား (၃) နိုင်ငံကို မိစ္ဆာအုပ်စုဝင်နိုင်ငံများ (Axis of Evil) ဆို ပြီး အမေရိကန်သမ္မတ ဘွတ်ရှ်က ကင်ပွန်းတပ်ခဲ့သည်။ သို့သော် အီရတ်ကို အမေရိကန်က ၀င်တိုက်ပြီး နောက ပိုင်း မိစ္ဆာအုပ်စုဝင်နိုင်ငံများစာရင်းမှ အီရတ်ကို ပယ်ဖျက်ခဲ့သည်။

အိုဘားမား၏ သမ္မတ နန်းတက်ပွဲမိန့်ခွန်းမှာမူ သမ္မတဟောင်း ဘွတ်ရှ် ဒုတိယ နန်းတက်ပွဲ မိန့်ခွန်းကဲ့သို့ အာဏာရှင်နိုင်ငံများအပေါ် တိတိကျကျ ကြိမ်းဝါးမှုမရှိသည့်အတွက် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် ထိထိရောက်ရောက် ရှိပါ့မလားဆိုသည်မှာ စောင့်ကြည့်ရမည် ဖြစ်သည်။

သမ္မတ ဘွတ်ရှ်လက်ထက်က မြန်မာ့အရေး လုံခြုံရေးကောင်စီရောက်အောင် ကြိုးပမ်းခဲ့သည့် Soft power နည်း မအောင်မြင်ခဲ့မှု၊ အီရတ်နှင့် အာဖဂန်အရေးကို hard power နည်းသုံးပြီး မအောင်မြင်ခဲ့မှုတို့ကြောင့် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီသည် မြန်မာ့အရေးအတွက် အနာနှင့် ဆေး တည့်ပါ့မလားဆိုသည်မှာလည်း မသေချာပေ။

သေချာသည့်အချက်မှာ လက်ရှိမြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုဥပဒေကို တချိန်က အိုဘားမား၏ဒီမိုကရက်ပါတီ အာဏာရစဉ် သမ္မတကလင်တန် ပြဋ္ဌာန်းခဲ့သည့်အတွက် အိုဘားမား အနေဖြင့် အဆိုပါဥပဒေကို ဆက်ပြီး သက်တမ်းတိုးသည့်ကိစ္စ ထောက်ခံသည့်အဆင့်လောက်တော့ လုပ် လိမ့်မည်ဟုသာ မျှော်လင့်နိုင်သည်။



သတင်းထောက် ဟန်တင်အောင်
REF: ခေတ်ပြိုင်

Read More...

အပေါ်သို့