Tuesday, February 10, 2009

ရေကြည်ရေသန့်ကို ရအောင်ခပ်ပါ ဂမ်ဘာရီ - ဇွန်မှိုင်း

Thursday, 05 February 2009
(၁)
မစ္စတာ ဂမ်ဘာရီတော့ ပြန်ပြီ။ မစ္စတာ ဂမ်ဘာရီရဲ့ ဒီသတ္တမမြောက်ခရီးစဉ်ဟာ ဘယ်လောက် ခရီးရောက် နိုင်ပါသလဲ။ ပြီးခဲ့တဲ့ ဆဌမမြောက်ခရီးစဉ်နှင့် ဘယ်လောက် ကွာခြားပါသလဲ။ တဆင့်တော့ တိုးတက် လာ တယ်လို့ ယူဆလို့ ရနိုင်မလား။ ဒါမှမဟုတ် ထူးမခြားနားပဲ ဆက်ဖြစ်သွားမလား။ မေးခွန်းတွေ၊ ဆန်းစစ်ချက် တွေ…. မြန်မာ့အရေးစိတ်ဝင်စားကြတဲ့ ဘယ်သူမဆိုရဲ့ရင်ထဲမှာ စီပြီး ကျန်ခဲ့မယ်ထင်ပါတယ်။

(၂)
မစ္စတာ ဂမ်ဘာရီ ဘယ်သူတွေနှင့် တွေ့ခွင့်ရခဲ့ပါသလဲ။ ကျနော်တို့ ကြည့်ကြရအောင်။ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ခွင့်ရတယ်၊ NLD CEC တွေနှင့်အတူ တွေ့ခွင့်ရတာဖြစ်တယ်။ အဲဒီလို ဂမ်ဘာရီနှင့် မတွေ့ ဆုံခင်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD CEC ကို (၁၅) မိနစ်လောက် စကားပြောခွင့်၊ ဆွေးနွေးခွင့်ပေး တယ်။ အဲဒီလို ဆွေးနွေးပြီးတော့မှ မစ္စတာဂမ်ဘာရီနှင့် တွေ့ကြတာဖြစ်တယ်။ တွေ့ချိန်ဟာ မိနစ် (၉ဝ) လောက်ရှိမယ်လို့ ဆိုတယ်။ တွေ့ဆုံပွဲမှာ NLD ဘက်က တင်ပြတာက …. လက်ရှိအခြေအနေတွေအပေါ် သုံးသပ်ကြပြီး ဒီအကြပ်အတည်းတွေက ဖောက်ထွက်နိုင်ဖို့ဆိုရင် ….

(၁) နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လိုမယ်၊
(၂) ပြည်သူ့လွှတ်တော် ခေါ်ပေးဖို့လိုမယ်၊
(၃) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီဖွဲ့ပြီး ပြန်လည်သုံးသပ်ကြဖို့လိုမယ်၊
(၄) အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ဖို့လိုမယ်၊
ဒီအချက် (၄)ချက်ကို အကြံပြုတင်ပြပါတယ်။

တနည်းအားဖြင့် ပြောရရင် ဒါကို NLD က ကနေ့အခြေအနေ၊ ကနေ့အကြပ်အတည်းကနေ ဖောက်ထွက်နိုင် တဲ့၊ ကျော်လွှားသွားနိုင်တဲ့ အစပြုချက်တွေ၊ နည်းလမ်းတွေအဖြစ် တင်ပြလိုက်တာဖြစ်တယ်။ ဒါတွေကို စစ် အစိုးရက ခဏမဆိုင်း ဆောင်ရွက်ပေးခြင်းဖြင့် တိုင်းပြည်ကို ကြမ္မာဆိုးထဲကနေ လက်တွဲပြီး ဆယ်တင်ကြရ အောင်လို့ တင်ပြလိုက်တာလည်းဖြစ်တယ်။ ဖိတ်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။

မစ္စတာ ဂမ်ဘာရီကတော့ သူ့စတိုင်အတိုင်း ပြုံးပြုံး ပြုံးပြုံးနှင့်၊ ခေါင်းလေး ငြိမ့်ငြိမ့် ငြိမ့်ငြိမ့်နှင့် နားထောင်နေ မှာ ကျနော် မြင်ယောင်ပါတယ်။

အနားထိတိုးပြီးများ နားထောင်ကြည့်ရင် မစ္စတာဂမ်ဘာရီရဲ့ သက်ပြင်း ခိုးခိုးချမယ့် အသံတွေကိုတောင် ကြားကောင်း ကြားရနိုင်လောက်တယ်လို့ ကျနော် အောက်မေ့မိတယ်။

“သူတို့ပြောတာ ဟုတ်တာပဲ၊ ဒါတွေ အမှန်လုပ်ပေးသင့်တာပဲ၊ ဒါပေမယ့် ငါ ဟိုပုဂ္ဂိုလ်တွေကို နားဝင်သွား အောင်၊ အဲဒီပုဂ္ဂိုလ်တွေ လက်ခံပြီး လိုက်လုပ်လာအောင် ငါ ဘယ်လို နားချရပါ့၊ ခက်လိုက်တာ” လို့ စဉ်းစား နေလေမလား ကျနော် တွေးကြည့်မိတယ်။

ဟုတ်လည်း ဟုတ်ပါတယ်။ NLD ရဲ့ တင်ပြချက်က အဆန်းတစ်လုံးမှ မပါဘူး၊ အသစ်လည်း တစ်ခုမှ မပါဘူး၊ ခုမှ ထွင်ပြီး ကြုံတုန်း ကောက်ကာငင်ကာ လက်တန်းပြောချလိုက်တဲ့ စကားမျိုးလည်း လုံးဝ မဟုတ်ဘူး။ နှစ် ပေါင်းများစွာ တောက်လျောက် မနားတမ်းပြောဆိုနေတဲ့ စကားတွေချည်းပဲ။

ပြီးတော့ အားလုံးဟာ ဖြစ်သင့် ဖြစ်ထိုက်တဲ့၊ တရားနည်းလမ်းကျတဲ့ အချက်အလက်တွေချည်းပဲ၊

ပြီးတော့ ဒီအချက်(၄) ချက်ဟာ မြန်မာပြည်သူအားလုံးရဲ့ ဆန္ဒနှင့်လည်း ထပ်တူကျတဲ့ အချက်အလက်တွေ ဖြစ်တယ်။ ပြည်တွင်းပြည်ပအင်အားစုအသီးသီးနှင့် နိုင်ငံတကာက တင်ပြတောင်းဆိုနေတဲ့ အကြံပြု မေတ္တာရပ်နေတဲ့ အချက်အလက်တွေလည်း ဖြစ်တယ်။

ပြောရရင် အခု ခေါင်းတငြိမ့်ငြိမ့်နှင့် ဆွေးနွေးနေတဲ့ မစ္စတာ ဂမ်ဘာရီတို့၊ မစ္စတာ ဘန်ကီမွန်းတို့ရဲ့ စဉ်းစား ချက်တွေ၊ UNSC ဥက္ကဌရဲ့ အကြံပြုချက်တွေ၊ UNGA ရဲ့ ဆုံးဖြတ်ချက်တွေနှင့်လည်း အလွန်အင်မတန် နီးစပ် ဆီလျော်တဲ့ တင်ပြချက်တွေ ဖြစ်တယ်။

မစ္စတာ ဘန်ကီမွန်းပြောပြောနေတဲ့ ‘သိသာမြင်သာတဲ့ တိုးတက်မှုတစုံတရာရှိမှ သူ မြန်မာနိုင်ငံကို လာမယ်’ ဆိုတဲ့စကားနှင့် အဟပ်ညီတဲ့ တင်ပြချက်တွေလည်း အမှန်ဖြစ်ပါတယ်။

ဒါပေမယ့်…. ဒီ (၄) ချက်အပေါ် စစ်အုပ်စု ဘယ်လိုတုန့်ပြန်မှာလဲ။ ခေါင်းငြိမ့်မယ့် အလားအလာ ရှိနိုင် မရှိနိုင်၊ ဘယ်လိုထင်လဲ၊ မစ္စတာ ဂမ်ဘာရီကတော့ ခေါင်းတွေ ကုပ်နေပြီ။ သူလည်း မျက်စိကြီး၊ နားကြီးပဲလေ၊ အပွေးမြင် အပင်သိ အသွေးမြင် အသွင်သိနိုင်တဲ့ ပုဂ္ဂိုလ်အမျိုးအစားပေပဲ၊

မစ္စတာ ဂမ်ဘာရီအဖို့ သက်ပြင်းတွေသာ အကြိမ်ကြိမ် ချရတော့မယ့် ဇာတ်လမ်းပဲ ဆက်ဖြစ်တော့မှာလေ လား။

ဆက်ပြီး အကဲခတ်ကြည့်ကြရအောင်။

ဆွေးနွေးပွဲအဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပဲ တိကျပြတ်သားတဲ့ Massage ကို မစ္စတာ ဘန်ကီမွန်းအတွက် လက်ဆောင်စကားအဖြစ် ပြောပြလိုက်ပါတယ်။

“အနိမ့်ဆုံးအဆင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးတာမျိုးလောက်တော့ နအဖ အစိုးရက လုပ်ပေးရလိမ့်မယ်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် သိသာမြင်သာတဲ့ တိုးတက်မှုဆိုတာ ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး။ အဲဒီလို အနေအထားမျိုးရဲ့ အောက်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအနေနှင့် မြန်မာနိုင်ငံကို မလာသင့်ပါဘူး”

ဒီစကားကို ဘယ်လိုသဘောရပါသလဲ။ ဒီစကားအပေါ် မစ္စတာ ဘန်ကီမွန်းတယောက် ထောက်ခံနိုင်လိမ့် မယ်၊ သဘောတူနိုင်လိမ့်မယ်လို့ ကျနော်တော့ ယူဆမိပါတယ်။ ဟုတ်မဟုတ်တော့ စောင့်ကြည့်ရမှာ ဖြစ်ပါ တယ်။

(၃)
နအဖစစ်အုပ်စုဆိုတာ ဈေးဆစ်တဲ့နေရာမှာတော့ ပထမတန်းပဲ။ NLD EC နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ခွင့်ပေးတာတောင် ဆရာဦးဝင်းတင်၊ ဦးခင်မောင်ဆွေနှင့် ဒုဥက္ကဌ ဦးတင်ဦးတို့ကို ချန်ဖြစ်အောင် ချန်ထားခဲ့ သေးတယ်။

တံဆိပ်တုံးမပါလို့ လိုလို၊ သူကြီးထောက်ခံစာ မပါလို့ လိုလို လုပ်နေသေးတယ်။ NLD EC မှာ ဘယ်သူတွေ ပါဝင်သလဲဆိုတာ NLD EC ပါတီက ဆုံးဖြတ်ရမယ့်ကိစ္စ၊ သူက ကြားထဲကဝင်ပြီး ဘာမှ ဆုံးဖြတ်ပေးစရာ အကြောင်းမရှိဘူး။ စည်းကတော့ အတော်ကျော်တဲ့လူ။

ဘာကြောင့် ဒီလိုလုပ်ရတာလဲ၊ အဆုံးမှာတော့ ကြောက်လို့ဖြစ်ပါတယ်။ နအဖစစ်အုပ်စု သွေးပျက်နေတဲ့ကိစ္စ က….

‘ဆရာဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆုံမိသွားကြမယ့်ကိစ္စ’ လို့ ထင်တယ်။ ဒီခေါင်းဆောင် (၂) ဦး တွေ့မိကြရင် အတွေးသစ်၊ အမြင်သစ်တွေ၊ စိတ်ကူးစိတ်သန်းသစ်တွေနှင့် အကြံဥာဏ်သစ်တွေ အများကြီး တိုင်ပင်ဖြစ်၊ ရှာဖွေဖြစ်သွားမှာကို စိုးရိမ်ကြတာ ဖြစ်ပါတယ်။

ဒီလိုအတွေးခေါင်ပြီး ကြောက်တာဖြစ်ပါလိမ့်မယ်။ စစ်အုပ်စုကြောက်တတ်လိုက်ပုံများ တကယ်ကို အံ့ လောက်တာပါ။

(၄)
ကဲ ထားတော့။

နောက်ထပ် ဘယ်သူတွေ တွေ့ခွင့်ရခဲ့သေးပါသလဲ။ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် တွေ့ခွင့်ရ တယ်။

ဒါကတော့ ရရှိချက်အသစ် ဖြစ်ပါတယ်။ မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ် (၇) ခေါက်ထဲမှာ ဒါဟာ ပထမဆုံး တွေ့ဆုံခြင်း ဖြစ်ပါတယ်။

NLD တာဝန်ရှိသူများနှင့် တွေ့ဆုံတဲ့အခါ….

မစ္စတာဂမ်ဘာရီကို NLD ခေါင်းဆောင်များ တင်ပြကြတာက….

NLD က တင်ပြချက်တွေနှင့် ထပ်တူပဲ။ အဲဒီတင်ပြချက်တွေကို နအဖစစ်အစိုးရဘက်က ဘာမှလိုက်လျော ခြင်း မလုပ်ဘူးဆိုရင်၊ နအဖရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်တာမျိုး မလုပ် ဘူးဆိုရင် နအဖက လုပ်ပေးမယ်ဆိုတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကိုလည်း လုံးဝ လက်ခံ အသိအမှတ်ပြုနိုင်မှာ မဟုတ်ဘူးဆိုတဲ့ တိကျတဲ့ သဘောထားတရပ်ကိုပါ မစ္စတာ ဂမ်ဘာရီကို ဆွေးနွေးတင်ပြလိုက်ကြပါတယ်။

မစၥတာဂမ္ဘာရီ ခင္ဗ်ား….

စစ်အုပ်စုရဲ့ အဖိနှိပ်ခံနေရတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေမှာ ညှိမထားဘဲနှင့်တောင် အသံတွေ တူတူ နေတက်တာ တွေ့ရတဲ့အချိန်မျိုးမှာ အံ့အားသင့်သင့် သွားရပါသလား။ မအံ့သြလိုက်ပါနဲ့ မစ္စတာ ဂမ်ဘာရီ….

တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် အဲဒီလူတွေဟာ နိုင်ငံရေးသမားဖြစ်ချင်ဖြစ်မယ်၊ အရပ်သူအရပ်သား ဖြစ်ချင်ဖြစ်မယ်၊ စစ်ဗိုလ်စစ်သား ဖြစ်ချင်ဖြစ်မယ်….

သူတို့အားလုံးရဲ့ အသံတွေဟာ ထပ်တူကျနေတတ်ကြပါတယ်။


(၅)
မစ္စတာဂမ်ဘာရီ ဘာတွေ ပျက်ကွက်ခဲ့သလဲ။

“တွေ့ချင်တယ်၊ ပြောပြစရာတွေ ရှိတယ်” လို့ တဖွဖွတင်ပြခဲ့ကြတဲ့ ပုဂ္ဂိုလ်အချို့ အဖွဲ့အစည်းအချို့ကိုတွေ့ဖို့ မစ္စတာဂမ်ဘာရီ ပျက်ကွက်ခဲ့တယ်။

သူတို့က ၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ တိုင်းရင်းသားပါတီများ၊ အဖွဲ့အစည်းများနှင့် အထင်ကရ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ဖြစ်ပါလျှက်နှင့်၊ UNA, UNLD, CRPP, စတဲ့ နိုင်ငံရေးအရ အလွန် အဓိပ္ပါယ်ကြီးတဲ့ အဖွဲ့အစည်းများက တာဝန်ကြီးသူများဖြစ်ပါလျှက်နှင့် မစ္စတာဂမ်ဘာရီ တွေ့မသွားခဲ့တာ ဘာကြောင့်လဲ။

တခေါက်လည်း မက၊ နှစ်ခေါက်လည်းမက….

ခုဆို (၇) ခေါက်တိုင်တိုင် မတွေ့ပဲ ပြန်ပြန်သွားခဲ့တာ ဘာသဘောလဲ။ မစ္စတာ ဂမ်ဘာရီကိုယ်တိုင်က မတွေ့ ချင်တာလား၊ အထင်မကြီးတာလား၊ တန်ဖိုးမပေးတာလား၊ အလေးမထားတာလား။

ကျနော် ဒီလိုမထင်ဘူး။

ဒါဟာ စစ်အုပ်စု လက်ချက်သေချာတယ်။ ပြောရရင် မစ္စတာ ဂမ်ဘာရီက သူ့စိတ်နှင့် သူ့ကိုယ်ဆို ဒီလစ်ဟာ သွားမှုကို တခေါက်မသိ တခေါက် သိကိုသိနိုင်တယ်။ သိကို သိနိုင်တဲ့ သံတမန်မျိုးလည်း အမှန်ဖြစ်ပါတယ်။ မစၥတာဂမ္ဘာရီဟာ လူည့ံတေယာက္လံုးဝမဟုတ္ပါ။ ဒီလောက် ဘယ်လိုမှ မညံ့နိုင်ပါ။

ပြီးတော့ ဝါရင့်နိုင်ငံရေးသမားကြီးတွေကို ဘယ်အခေါက်ကမှ တွေ့မသွားဘူး။ ဝါရင့်နိုင်ငံရေးသမားကြီးတွေ ဆိုတာ….
အမျိုးသားလွတ်မြောက်ရေးစစ်ပွဲကအစ ဒီနေ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တိုက်ပွဲတွေအထိ စက္ကန့်မနား လူထုရှေ့ကရပ်ပြီး အရေးဆိုခဲ့ကြသူတွေ။

ဒီလိုပုဂ္ဂိုလ်မျိုးတွေဆီက သူတို့က တွေ့ချင်တယ်လို့မဆိုရင်တောင် အကြံဉာဏ်ဝင်တောင်းသင့်တယ် မဟုတ်ဘူးလား။ ခုတော့ အကြံဉာဏ်လည်းမတောင်း၊ သွားရောက်တွေ့ဆုံတာမျိုးလည်း မရှိ၊ ရှိတယ်လို့ တောင် သဘောမထား။

ဘာကြောင့် ဒီလောက် စိမ်းရတာလဲ။
သေချာပါတယ်။

မစ္စတာ ဂမ်ဘာရီဟာ စိတ်သွားတိုင်း ကိုယ်ပါလို့ မရဘူးဆိုတာ။ “ဒီကိုသွားပါ၊ ဒီကိုကွေ့ပါ၊ ဟိုဘက်ကို မကြည့်နဲ့၊ ဟိုဘက်ကို သွားလို့မရဘူး” ဆိုတဲ့ အစိမ်းရင့်ရောင် လမ်းညွှန်ဆိုင်းဘုတ်တွေက ခွင့်ပြုသလောက် သာ ရေကို အနည်မထအောင် ကြည့်ခပ်နေရတဲ့ အချိုးထဲက ဖြစ်ပုံရပါတယ်။

အနည်မထအောင် ကြည့်ခပ်တာကတော့ ကောင်းတဲ့သတိပါပဲ။ ဒါပေမယ့် ရေလည်း တစက်မှ မပါဘူးဆိုရင် တော့ ဒီအချိုးက သိပ်နေရာကျမယ် မထင်ဘူး။

(၆)
နောက်ထပ် ဘယ်သူတွေကို ဆက်ပြီး ပေးတွေ့လိုက်သလဲ၊ ကြည့်ကြဦးစို့။

၈၈ မျိုးဆက်ကျောင်းသား (ပြည်ထောင်စုမြန်မာနိုင်ငံ) ဆိုတာနှင့် တွေ့ခွင့်ပေးတယ်။ ယုံကြည်ချက်ကို အခွင့် အရေးလေး မဖြစ်စလောက်နှင့် တဲ့ချင်းလဲပြီး ၈၈ အရေးတော်ပုံ တပ်သားတွေရဲ့ ဂုဏ်သရေကို ညှိုးအောင် မှိန်အောင် မိုက်ကမ်းစွာ ကြိုးစားဖျက်ဆီးနေတဲ့ သူရူးတချို့စုဖွဲ့ထားတဲ့ အဖွဲ့ကလေး။

ပြီးတော့ ဝံသာနု NLD နှင့် တွေ့တယ်။

မိခင်ပါတီကို သစ္စာမဲ့ပြီး စစ်ထောက်လှမ်းရေးအလိုကျ ထိမ်းမနိုင်သိမ်းမရဇာတ်ကို ကနေတဲ့၊ သင်းကွဲဖြစ်နေ တဲ့လူ၊ ကိုယ့်ကို မဲထည့်ပြီး ရွေးချယ်ပေးလိုက်တဲ့ မန္တလေးမြို့သူမြို့သားတွေကိုမှ အားမနာ စစ်အုပ်စုကြိုးဆွဲ ရာ ကနေရတဲ့လူ၊ ၁၉၉ဝ ဂန္ဓီဟော အလွန်ကာလ လက်တွေ့ကျတဲ့ ဖြတ်သန်းမှုတွေကြောင့် စစ်ထောက် လှမ်းရေးရဲ့ မတရားဖမ်းဆီး ထောင်ချပစ်ခံခဲ့ရဖူးတဲ့ ကိုယ့်ရဲ့ ရွှေရောင်သမိုင်းတွေကိုတောင် နောင်တရပါပြီ နောက်မမှားတော့ပါဘူးဆိုတဲ့ လေသံတွေပစ်ပြီး မှောက်မှားချင်တိုင်း မှောက်မှားနေတဲ့လူ အဲဒီလိုပုဂ္ဂိုလ်မျိုး လူညံ့တချို့နှင့် စုဖွဲ့ထားတဲ့ အစုအဖွဲ့

ပြီးတော Scientific Economy Study Group နှင့် တွေ့တယ်။ ဒီလူတွေက အလံနီပျက်တွေ၊ အလံနီစစ်စစ် ဆိုရင်တောင် သူ့သမိုင်းနှင့် သူ့ကာလတခုမှာ သြဇာတခုနှင့် ဖြတ်သန်းခဲ့ဖူးတဲ့ ပါတီပါ။ အခုဟာက ….
အဲဒီပါတီထဲက မီးကြိုးမောင်းပျက်တချို့ စုဖွဲ့ထားတဲ့ လူ ၃ - ၄ - ၅ ယောက်ပါတဲ့ လူအုပ်တအုပ်။

မစၥတာဂမ္ဘာရီ ခင္ဗ်ား….

ခင်ဗျား ဒီလူတွေ၊ ဒီအဖွဲ့အစည်းတွေကို ဘယ်လိုထင်လို့ သွားတွေ့လိုက်တာလဲ။ လူထုကို တစုံတရာတော့ ကိုယ်စားပြုတန်ကောင်းရဲ့လို့ ခင်ဗျား ထင်များထင်နေတာလား။

ကျနော် ရိပ်မိပါတယ်၊ ခင်ဗျား ဒီလောက် ဗဟုသုတ မနည်းပါဘူး။ ဦးအေးသာအောင်တို့၊ ဦးပူကျင့်ရှင်းထန် တို့၊ သခင်ချန်ထွန်းတို့ကိုတောင် ခင်ဗျား မတွေ့ခဲ့ဘဲနဲ့ ဒီလူတွေကိုမှ တခုတ်တရ သွားတွေ့တယ်ဆိုတာ ….

ခင်ဗျားစိတ်နှင့် ခင်ဗျားကိုယ် မဟုတ်လောက်ဘူးလို့ ကျနော် ထင်တာပဲ။

ကျနော် ထင်တာလွဲသွားပြီဆိုရင်တော့ မစ္စတာ ဂမ်ဘာရီ ခင်ဗျား သတိထားတော့။ ခင်ဗျား ကုန်းကျော် တံတားအောက်က သုံးပုံဖဲသမားရဲ့ အလံရှူးကို တကယ့် လူကြီးလူကောင်းထင်ပြီး အိမ်သော့အပ်မိတဲ့ ကိန်း ကျကျနန ဆိုက်တော့တာပဲ။

အဲဒီလိုတော့ မဖြစ်ပါစေနဲ့ဗျာ။ နိုင်ငံတကာပတ်ပြီး သံမှုသံခင်းလုပ်နေတာ ဗိုလ်သန်းရွှေနှင့်တွေ့မှ ပတ်တီးချခံ ရရင် ရှက်စရာကောင်းလွန်းလို့ပါ။

(၇)
ပြီးတော့ တစည ကို တွေ့တယ်။ ဒါတော့ သင့်လျော်ပါတယ်။ ကျနော်တို့ စိတ်နှင့်မတွေ့ပေမယ့် သူလည်း ၉ဝ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီ၊ အမတ်နေရာတချို့လည်း အနိုင်ရရှိခဲ့တဲ့ ပါတီပေပဲ။

လွတ်လပ်စွာ ကွဲလွဲခွင့်ကို ကျနော်တို့ ယုံကြည်ပါတယ်။

နောက်တော့ ကြံ့ဖွံ့နှင့် တွေ့တယ်။ ကြံ့ဖွံ့ကတော့ နအဖရဲ့ လက်ကိုင်တုတ်၊ ဒီပဲယင်းမှာ ဒေါ်အောင်ဆန်း စုကြည်တို့ ယာဉ်တန်းကို ကားလမ်းပိတ်ပြီး ရိုက်နှက်သတ်ဖြတ်ခဲ့တဲ့အဖွဲ့အစည်း၊ ၂ဝဝ၇ စက်တင်ဘာမှာ တုတ်တကိုင်ကိုင်၊ လက်သီးတပြင်ပြင်နှင့် မစုစုနွေးတို့လို အမျိုးသမီးလေးတွေကိုတောင် အညှာအတာမရှိ စစ်အုပ်စုအလိုကျ လက်ရဲဇက်ရဲ ပွဲကြမ်းခဲ့ကြတဲ့သူတွေ၊

ခင်ဗျား သူတို့ကို တွေ့တာတော့ ကျနော့်အမြင် မသင့်လျော်လှဘူး။

ပြီးတော့ ….
စစ်အုပ်စုဝင်တွေ၊ ဗိုလ်ကျော်ဆန်းကနေ ဗိုလ်သိန်းစိန်အထိ တော်တော်များများတွေ့တာပါ။

ဗိုလ်မောင်အေးနှင့် ဗိုလ်သန်းရွှေကတော့ ပုဏ္ဏားကွယ်နောက်က ဇာတ်ညွှန်းစာရွက်ကိုင်ပြီး “ဘာပြီးရင် ဘာ ထွက်၊ ဟိုဇာတ်ရုပ်က ငိုပြ၊ ဒီဇာတ်ရုပ်က ရယ်ပြ ဒါပဲ တော်ပြီ ကားလိပ်ချလိုက်တော့” ဆိုတာတွေ ညွှန်ကြား ရင်းနှင့် ချောင်းမြောင်းပြီးတွေ့ပေါ့လေ။

တွေ့ခဲ့ကြရတဲ့ ခင်ဗျားရဲ့ (၄) ရက်တာခရီးကတော့ ဒါပဲ။ ဗိုလ်သန်းရွှေကို ခင်ဗျား တွေ့ချင်တယ်လို့ ပြောမှာ ကတော့ သေချာပါတယ်။

မတွေ့တာကတော့ သူတို့အကြောင်းနှင့် သူတို့ပေါ့ဗျာ။ ထားလိုက်ပါတော့။

(၈)
အဲတော့ ဘယ်လိုနိဂုံးချုပ်မလဲ မစ္စတာ ဂမ်ဘာရီ

စစ်အုပ်စုနှင့် ခင်ဗျားနှင့် တွေ့တော့ သူတို့ဘက်က ပြန်ပြောလိုက်တာလေးတွေ သတ္တုချကြည့်ရင် …

- NLD ဟာ မဖြစ်နိုင်တာတွေ တောင်းဆိုနေတယ်
- ဖွင့်ထားတဲ့ တံခါးကဝင်ခဲ့ဖို့ ခင်ဗျားက တိုက်တွန်းပေးပါ
- စီးပွားရေးတည်ငြိမ်မှ နိုင်ငံရေးတည်ငြိမ်မှာမို့လို့ ပိတ်ဆို့ထားတာတွေ အရင်ပွင့်အောင် ဖွင့်ပေးပါ
- ရွေးကောက်ပွဲအတွက် နည်းပညာတွေ အကူအညီပေးမယ်ဆိုတာ အခုပေးပါ ကျနော်တို့ အဆင်သင့်ဖြစ် နေပြီဆိုတာပဲ ဖြစ်နေပါလားဗျ။

NLD တင်ပြတဲ့ တင်ပြချက်တွေ၊ NLD ရဲ့ တင်ပြချက်တွေ၊ ဝါရင့်တွေနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ရဲ့ အကြံပြုချက်တွေကိုတော့ ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့ကို မအောက်မေ့ပါလား။

ဒီလိုပုံနှင့်တော့ ရေပါ ပါ့မလား ကိုယ့်လူရေ။ အနည်လည်း မထ၊ ရေလည်း မပါ ဆိုရင်တော့ “သတ္တမသည် ဆဋ္ဌမနှင့် ထူးမခြားနားပါပဲ ခင်ဗျား” လို့ သူများတွေ ပြောကုန်ကြတော့မယ်။ “တကယ်မြင်ရင် မြင်တဲ့အတိုင်း တကယ်ကြားရင် ကြားတဲ့အတိုင်း ပစ္စုပ္ပန်တည့်တည့်ရှုပြီး နိဂုံးမှန်မှန်ချုပ်နိုင်ပါစေ” ဒါပဲ ကျနော် ဆုတောင်း ပါတယ်ဗျာ။

မစ္စတာ ဘန်ကီမွန်းကြီး မယောင်မလည်နှင့် ရောက်လာ၊ နောက်တော့ လူကဲ့ရဲ့စရာဖြစ်ပြီး ပြန်သွားဆိုရင် တော့ ကုလသမဂ္ဂ သိက္ခာကျလှပါတယ်။

အဲဒီလို မဖြစ်လောက်ပေဘူးလို့ဘဲ ကျနော် အောက်မေ့လိုက်ပါ့မယ်။ အကျိုးများအောင် ဆောင်ကြဉ်းပေးနိုင် သူတိုင်းကို အကျိုးခံစားရသူအပေါင်းက ကောင်းချီးပေးကြမှာအမှန်ပါ မစ္စတာ ဂမ်ဘာရီ။ ။

*********



ဇွန်မှိုင်း
၎၊ ၂၊ ၂ဝဝ၉
REF: ရိုးမ (၃)

Read More...

စုလွတ်မြောက်ရေး လူထုလှုပ်ရှားမှု ရန်ကုန်မှာစပြီ

၁၀ ဖေဖော်ဝါရီ ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အန်အယ်လ်ဒီ၏ လူထုပန်ကြားချက်ကို ထောက်ခံသည့်အနေဖြင့် မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ ဦးဆောင်ပြီး ဖေဖော်ဝါရီလဆန်းပိုင်းက ရန်ကုန်မြို့ နေရာအနှံ့တွင် စာတန်းများကပ်ပြီး ပိုစတာများ ချိတ်ဆွဲခဲ့သည်။

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်ကို ထောက်ခံခြင်းနှင့် လူထုတရပ်လုံး ပါဝင်လာအောင် နှိုးဆော်ထားသည့် ထုတ်ပြန်ကြေညာချက်များကို လူထု တရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့မှ ရဲဘော်များက လမ်းဆုံလမ်းခွများတွင် လိုက်လံ ကပ်ခြင်း၊ ကြဲချခြင်းများ လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်ဟု စုံစမ်းသိရသည်။

“ကျနော်တို့အနေနဲ့ကတော့ မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် ဘယ်အဖွဲ့စည်းကပဲ ဘာပဲလုပ်လုပ် ပြည်သူများအနေနဲ့ ပါဝင်ဆောင်ရွက်စေချင်ပါတယ်” ဟု အဆိုပါ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်တွင် ပါဝင်သူ လူငယ်တဦးက ပြောကြားသည်။

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်ကို အကောင်းဆုံးမြေသြဇာအဖွဲ့နှင့် လူထုတိုက်ပွဲ ဖော်ဆောင်ရေး ကော်မတီ (ရန်ကုန်တိုင်း) တို့က ပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စတင်ဖွဲ့စည်းစဉ်ကပင် လူထုအား အသိပေး လှုံ့ဆော်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း အဆိုပါလူငယ်က ဆက်လက်ပြောကြားသည်။

အန်အယ်လ်ဒီမှ ထုတ်ပြန်ထားချက်အရ ဒေါ်အောင်ဆန်းစုကြည်အား ချုပ်နှောင်သည့်ကာလများမှ- ပထမ အကြိမ်- ၁၉၈၉ ခု ဇူလိုင် (၁၉) ရက်မှ ၁၉၉၅ ခု ဇူလိုင် (၁၀) ရက်ထိ၊ ဒုတိယအကြိမ်- ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ (၂၁) ရက်မှ ၂၀၀၂ ခု မေလ (၆) ရက်ထိ၊ တတိယအကြိမ်- ၂၀၀၃ ခု မေ (၃၀) ဒီပဲယင်း အရေးအခင်းမှ ယနေ့ထိ ချုပ်နှောင်ထားဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လူထုလှုပ်ရှားမှုကို လက်ဖက်ရည်ဝိုင်းမှာ ထောက်ခံသည့်ပုံစံမျိုးမှ လူစုလူဝေးဖြင့် စစ်အစိုးရကို တောင်းဆိုသည့်ပုံစံမျိုးထိ နှစ်သက်ရာ ပုံစံမျိုးစုံဖြင့် ထောက်ခံနိုင်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောခဲ့သည်။



မြင့်မိုးဇော်
REF: ခေတ်ပြိုင်

Read More...

၉၄ နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အကြို ဂုဏ်ပြုဆောင်းပါး


အောင်ဆန်း (အပိုင်း - ၁)

အောင်ဆန်းစုကြည်

မြန်မာပြန် - ဒေါက်တာအောင်ခင်


ကျမ မှတ်မိနိုင်သော အရွယ်မရောက်မီကပင် ကျမ၏ ဖခင် ကွယ်လွန်သွားပါသည်။ ထို့ကြောင့် “ဖေဖေဟာ ဘယ်လိုလူစားမျိုးပါလိမ့်”ဟူသော သိချင်စိတ်ဖြင့် ဖခင်၏ဘ၀လုပ်ဆောင်ချက်များနှင့် ပတ်သက်သော စာပေ အထောက်အထားများကို ကျမ စတင်စုဆောင်း လေ့လာဖတ်ရှုခြင်းပင် ဖြစ်ပါသည်။ အောက်တွင် ဖော်ပြပါ အတ္ထုပ္ပတ္တိစာတမ်းကို ရေးသားရာ၌ ပုံနှိပ်ထုတ်ဝေခြင်း အထောက်အထားများကို အဓိကအခြေခံထားပါ သည်။ အကြောင်းအရာနှစ်ရပ်နှင့် ပတ်သက်၍သာလျှင် ကျမတို့မိသားစုနှင့် ဖေဖေ့အား ကောင်းစွာ သိကျွမ်း ခဲ့သူများထံမှ သိရှိရသောအချက်အလက်များအပေါ်တွင် အတော်အသင့် အခြေခံထားပါသည်။

သွေးသားနီးကပ်စွာ တော်စပ်သူတဦး၏ အတ္ထုပ္ပတ္တိကို ရေးရသည်မှာ မလွယ်ကူပါ။ ဓမ္မဓိဌာန်ကျကျရေးနိုင် မည် မဟုတ်ဟု အစွပ်စွဲခံရနိုင်ပါသည်။ တကယ်တမ်းတွင်လည်း အတ္ထုပ္ပတ္တိရေးသူတို့သည် မိမိတို့ ရှာဖွေ စု ဆောင်းရရှိသော အထောက်အထားများဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ဥာဏ်ကို ပုံစံသွင်းပေးခဲ့သော အဖြစ် အပျက်၊ အတွေ့အကြုံများ၏ သြဇာသက်ရောက်မှုမှ ကင်းလွတ်နိုင်မည်မဟုတ်ပါ။ ကျမအနေဖြင့် ကျမဖခင်၏ ရုပ်ပုံလွှာကို ကျမမြင်သည့်အတိုင်း မှန်ကန်စွာ ပေါ်လွင်စေရန် ကြိုးပမ်းရေးသားထားပါသည်ဟုသာ ပြောနိုင် ပါသည်။
* * * * * *
အောင်ဆန်းကို မြန်မာနိုင်ငံ အညာဒေသရှိ နတ်မောက်မြို့ကလေး၌ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ဖွားမြင်ပါသည်။ မန္တလေးမြို့တော်ရှိ မြန်မာဘုရင်အုပ်ချုပ်ရေးစနစ်ကို ပျက်သုန်းစေပြီး မြန်မာတနိုင်ငံလုံး ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်သို့ ကျဆင်းစေခဲ့သော တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး နှစ်ပေါင်း (၃၀) အကြာတွင် ဖြစ်ပါသည်။ နတ်မောက်နယ်သူနယ်သားများသည် မြန်မာဘုရင်များ၏ အမှုကိုထမ်းဆောင်သည့် အစဉ်အလာရှိသူများဖြစ်၏။

အောင်ဆန်း၏ မိခင်မျိုးရိုးထဲတွင် ရာထူးကြီး မင်းမှုထမ်းအချို့ ပါဝင်ခဲ့ပါသည်။ ဖခင်ဖြစ်သူ ဦးဖာသည် လယ် သမားမျိုးရိုးမှဖြစ်ပြီး လောကီရေးရာတွင် လိမ္မာရေးခြားမရှိ၊ စကားမပြော တုံဏှိဘာဝေ နေတတ်သူတဦး ဖြစ် ပါသည်။ ဉာဏ်ရည်ကောင်း၍ စာပေဖက်တွင် ထူးချွန်သော်လည်း စကားနည်းလွန်းသဖြင့် ဦးဖာသည် မိမိ၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သော ရှေ့နေအလုပ်၌ အောင်မြင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ထက်မြက် သွက်လက်လှသော မိခင်ဒေါ်စုသာလျှင် မိသားစုစားဝတ်နေရေးကို အဓိကတာဝန်ယူရပါသည်။

ဒေါ်စု၏ ဦးလေးတော်သူသည် ဗြိတိသျှတို့ကို ရှေးဦးစွာ တော်လှန်ဆန့်ကျင်ခဲ့သော မြန်မာအုပ်စုတစုကို ခေါင်းဆောင်ခဲ့ပါသည်။ နောက်ဆုံး၌ “ဗိုလ်လရောင်” ခေါ် “ဦးမင်းရောင်” အား ဗြိတိသျှတို့က ဖမ်းဆီး သတ် ဖြတ်လိုက်ပါသည်။ “ကုလားတို့ ကျွန်မခံ” ဟူသော စိတ်ထားရှိခဲ့သည့် ထိုရဲရဲတောက် မျိုးချစ်ပုဂ္ဂိုလ်ကြီးကား အောင်ဆန်းမိသားစုနှင့် နယ်သူနယ်သားများ ဂုဏ်ယူစံထား အားကျဖွယ်ရာ ဖြစ်လာပါသည်။

ညီအကိုမောင်နှမ (၆) ဦး (ကလေးဘ၀ကပင် ကွယ်လွန်ကြသူများအပါအ၀င်ဆိုလျှင် မွေးချင်း - ၉ ဦး) အနက် အထွေးဆုံးဖြစ်သူ အောင်ဆန်းသည် သူကိုယ်တိုင်ရေးခဲ့သော မှတ်တမ်းအရ ညစ်ပတ်ချူချာ အစား ကြူး၍ လုံးဝနှစ်လိုဖွယ်မဟုတ်သော ကလေးတဦးဖြစ်ပါသည်။ စကားပြောလည်း နောက်ကျလှသဖြင့် မိသား စုက ‘စွန့်အ’ နေသလားဟူ၍ပင် ပူပင်ခဲ့ရ၏။ သို့သော် အောင်ဆန်းကလေးသည် ပရိယာယ်မရှိခြင်း၊ အလွန် ရိုးသားဖြောင့်မတ်ခြင်း၊ ဆင်းရဲသူများအား သနားကြင်နာတတ်ခြင်း စသော ချစ်စဖွယ်စိတ်ဓာတ်များဖြင့် ပြည့်စုံသည်ဟု သူ့အား ငယ်စဉ်က ကောင်းစွာသိခဲ့သူများနှင့် သူ့မိသားစုဝင်များက ကောက်ချက်ချကြပါ သည်။

အောင်ဆန်းမိသားစုမှာ ဥာဏ်ရည်ကောင်းပြီး ပညာဖက်တွင် ထွန်းပေါက်သူများအဖြစ် နာမည်ကောင်းရထား ပါသည်။ အောင်ဆန်း၏ အကို (၃) ဦးမှာ အသက်ငယ်ငယ်လေးတွင် ကျောင်းစတက်ကြ၏။ သို့သော် အောင် ဆန်းမှာမူ အမေပါတက်မှ ကျောင်းတက်မည်ဆိုကာ ကတ်ဖဲ့နေ၏။ စိတ်ဓာတ်ကြံ့ခိုင်လှပါသည်ဟု ဆိုရမည် ဖြစ်သော ဒေါ်စုသည် သားထွေးလေးကို အလွန်ညှာတာလေ့ရှိပြီး သူ့စိတ်ပါမှသာ ကျောင်းတက်ပါစေတော့ ဟု အလိုလိုက်ထားခဲ့၏။

သို့ဖြင့် (၈) နှစ်သားအရွယ်ရောက်သောအခါမှ အောင်ဆန်း ကျောင်းတက်ရန် ဆုံးဖြတ်ပါတော့သည်။ အကို ဖြစ်သူ အောင်သန်း ရှင်သာမဏေဘောင်သို့ ၀င်သောအခါ၌ ဘုန်းကြီးကျောင်းနေ သံဃာတို့ဘ၀ကို သဘော ကျ၍ပေလား၊ ရှင်လောင်းများစီးသည့် ကကြိုးတန်ဆာ ဆင်ရင်ထားသော မြင်းဖြူလေးကို သဘောကျ၍လား မသိ၊ အောင်ဆန်းက သူလည်း ရှင်ပြုချင်ပါသည်ဟု ဆိုလာပါတော့သည်။ လိမ္မာပါးနပ်သော အမေက အခွင့် ကောင်းကို ချက်ချင်းယူ၍ ရှင်မပြုမီ စာရေးစာဖတ်တတ်ရန် လိုမည်ဟု ထောက်ပြလိုက်ပါသည်။

ကျောင်းစတက်သည်ဆိုသည်နှင့် အောင်ဆန်းသည် ထူးချွန်သော ကျောင်းသားတဦးဖြစ်ကြောင်း ပေါ်လွင် လာပါသည်။ စာကြိုးစား၍ စည်းကမ်းရိုသေပြီး အတန်းထဲတွင် အစဉ်ထိပ်တန်းက ရှိနေခဲ့ပါသည်။ အောင် ဆန်း၏ ပထမကျောင်းမှာ နတ်မောက် ဦးသောဘိတ ဘုန်းတော်ကြီးကျောင်းပင်ဖြစ်ပါသည်။ လောကုတ္တရာ ပညာသာမက ခေတ်သစ်ပညာရပ်အချို့ကိုပါ သင်ကြားပေးသော ထိုစဉ်အခေါ် လောကဓာတ်ကျောင်းမျိုး ဖြစ်ပါသည်။ သို့သော် နတ်မောက်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားပေးခြင်းမရှိပေ။

ထိုအချိန်က အထက်တန်းပညာသင်ကြားရာ၌ လိုအပ်ချက်တခုဖြစ်သော အင်္ဂလိပ်စာကို အကိုကြီးများက သင်ထားပြီးဖြစ်သည့်အတိုင်း အောင်ဆန်းကလည်း တတ်အောင်သင်မည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်၏။ သို့ဖြင့် အောင်ဆန်းလည်း ရေနံချောင်း အမျိုးသားကျောင်းသို့ အသက် (၁၃) နှစ်အရွယ်၌ ပြောင်းသွားပါ သည်။ သားထွေးလေးကို အိမ်မှ ခွဲခွာမသွားစေလိုသော ဒေါ်စုထံမှ ရေနံချောင်းကျောင်းတက်ခွင့်ရရန် အောင်ဆန်း အစာငတ်ခံဆန္ဒပြပွဲလေးတခုကို ဆင်နွှဲခဲ့ရပါသေးသည်။

ရေနံချောင်းရောက်သောအခါ ကျောင်းတွင် ဆရာတဦးအဖြစ် အလုပ်လုပ်နေသော အကိုကြီး ဦးဘ၀င်း၏ ထိန်းကျောင်းစောင့်ရှောက်မှုအောက်တွင် နေခဲ့ရသည်မှာ အောင်ဆန်းအတွက် လွန်စွာမှ ကံကောင်းပါသည်။ ဦးဘ၀င်းသည် ညီငယ်လေး၏ ပညာရေး၊ စားဝတ်နေရေး၊ အထွေထွေကောင်းမွန်တိုးတက်ရေးတို့ကို စည်း ကမ်းရှိရှိ၊ ဆင်ဆင်ခြင်ခြင် အထူးဂရုစိုက်ခဲ့၏။ ညီဖြစ်သူကလည်း ပညာရေးဖက်တွင် အားကောင်းကြောင်း ဆက်လက်ပြသကာ အသက် (၁၅) နှစ်အရွယ်၌ သတ္တမတန်းစာမေးပွဲတွင် ဗုဒ္ဓဘာသာ စာသင်ကျောင်းများ နှင့် အမျိုးသားကျောင်းများ၌ ပထမစွဲသူများအား ချီးမြှင့်သော ဦးရွှေဘို ရွှေတံဆိပ်နှင့် ပညာသင်ထောက်ပံ့ ကြေးဆုကို ရရှိခဲ့၏။

အမျိုးသားကျောင်းများမှာ ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေဆန့်ကျင်သပိတ်မှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ ထိုအက်ဥပဒေသည် အခွင့်ထူးခံ လူနည်းစုလေးကိုသာ အထက်တန်းပညာ သင်ကြားခွင့်ပေးရန် ရည်ရွယ်သည်ဟု ဆန့်ကျင်သူများက ယူဆခဲ့ပါသည်။ အမျိုးသားကျောင်းများသည် မြန်မာလူငယ်တို့အား သူတို့၏ ကိုလိုနီလက်အောက်ခံ ဘ၀အခြေအနေကို နိုင်ငံရေးအသိတရားအရ ခံစားနားလည်စေပြီး၊ ထိုဘ၀မှ လွတ်မြောက်လိုစိတ်များ အသည်းနှလုံးအတွင်းမှ ဖြစ်ပေါ်လာရန် ကျိုချက်ပေးလိုက်သော နေရာများသဖွယ် ဖြစ်ပါသည်။

မိမိ၏နိုင်ငံကို လူမျိုးခြားတို့အုပ်ချုပ်မှုအောက်မှ လွတ်မြောက်အောင် ဆောင်ရွက်လိုသောဆန္ဒသည် ရေနံ ချောင်းအမျိုးသားကျောင်း မတက်မီကာလကပင် အောင်ဆန်း၏ စိတ်တွင် ကိန်းအောင်းနေခဲ့ပုံရပါသည်။ က လေးဘ၀က ဗြိတိသျှတို့အား ပုန်ကန်မောင်းထုတ်ရန် နည်းအမျိုးမျိုးကို ကြံစည်စဉ်းစားခဲ့ပုံ၊ တခါတရံ ပြဒါးရှင် လုံးကဲ့သို့သော တန်ခိုးသိဒ္ဓိရှင်ပစ္စည်းများ အကူအညီဖြင့် မြန်မာပြည်လွတ်မြောက်ရေးကိုရယူရန် စိတ်ကူး ယဉ်ခဲ့ပုံအကြောင်းကို သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးတွင် ရေးသားထားပါသည်။

အမျိုးသားကျောင်း၌ နေစဉ်အတွင်း နိုင်ငံရေးလောက၌ နာမည်ကြီးသော ပုဂ္ဂိုလ်များ၏ မိန့်ခွန်းများကို စိတ် ၀င်စားလာပြီး စကားရည်လုပွဲများတွင်လည်း ပါဝင်ဆင်နွှဲခဲ့၏။ သူ၏ ဟောပုံပြောပုံမှာ အားတက်စရာ မဟုတ် သော်လည်း ကိုင်တွယ်ရမည့် အကြောင်းအရာနှင့်ပတ်သက်၍ သေချာစေ့စပ်စွာ ပြင်ဆင်ထားခြင်း၊ ယုံကြည် ချက် အပြည့်အ၀ရှိခြင်းတို့ကြောင့် အဟောကောင်း၊ အပြောကောင်းဟူ၍ နာမည်ရခဲ့၏။

ကျောင်းဂျာနယ် စာတည်းအဖြစ်လည်း ဆောင်ရွက်ခဲ့၏။ ထိုကဲ့သို့ စာသင်ခန်းပြင်ပလုပ်ငန်းများတွင် ပါဝင် သော်လည်း တယောက်တည်း အတွေးနယ်ထဲ နစ်မြုပ်နေတတ်ခြင်း၊ နေပုံထိုင်ပုံထောင့်မကျိုးခြင်းတို့ကြောင့် အောင်ဆန်းကို လူ့ဂွစာ လူထူးလူဆန်းအဖြစ် ကျောင်းနေဖက်များက မြင်ကြပါသည်။ ၁၉၃၂ ခုနှစ်တွင် တက္က သိုလ်ဝင်စာမေးပွဲ၌ မြန်မာစာ၊ ပါဠိဘာသာဂုဏ်ထူးများဖြင့် “အေ” အဆင့်မှ အောင်မြင်ကာ ရန်ကုန် တက္က သိုလ်သို့ ပညာဆက်သင်ရန် ရောက်သွားပါသည်။

အောင်ဆန်း ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသည့်နှစ်သည်ကား ဆရာစံသူပုန်ကို ဗြိတိသျအစိုးရက ချေမှုန်းကာ ခေါင်းဆောင်များကို သေဒဏ်ပေးခဲ့ပြီး တနှစ်ကြာကာလကပင်ဖြစ်ပါသည်။ တောင်သူလယ် သမားများ ခံစားနေရသော အတိဒုက္ခများမှ ပေါ်ပေါက်လာရသော ပုန်ကန်မှုကို ဗြိတိသျအစိုးရက ရှင်ဘုရင် ဖြစ်လိုသော အယူသည်းသူတယောက် ဦးဆောင်သည့် တောသူတောင်သား ပုန်ကန်မှုမျှသာဖြစ်သည်ဟု သေးသိမ်စေရန် နှိမ်၍ဖော်ပြခဲ့ပါသည်။ သို့သော်လည်း မြန်မာများအနေဖြင့် ကိုယ်ထိလက်ရောက် ပါဝင် ဆင်နွှဲခဲ့သူ မများပြားသော်လည်း ထိုပုန်ကန်မှုအပေါ် အတော်ပင် ဂရုဏာထားကြပါသည်။ ဆရာစံကို စွဲ ဆောင်နိုင်စွမ်းရှိသူတဦးအဖြစ် မမြင်သူများကပင် သူပုန်တို့၏ မျိုးချစ်စိတ်နှင့် သတ္တိပြောင်မြောက်မှုကြောင့် စိတ်လှုပ်ရှားတက်ကြွခဲ့ရပြီး အစိုးရ၏ ရက်စက်ကြမ်းတမ်း တုံ့ပြန်မှုများကြောင့် အရေးနိမ့်သွားရသော သူပုန် တို့ကို များစွာသနားကြင်နာခဲ့ကြ၏။

ဗြိတိသျှအုပ်ချုပ်မှု အစောပိုင်းကာလတွင် ကျင့်သုံးသော ငြိမ်ဝပ်အေးချမ်းရေးလမ်းစဉ်မှာ အတော်အတန် အောင်မြင်မှုရှိခဲ့သော်လည်း လူမျိုးခြားကြီးစိုးမှုကို မြန်မာများက ကျေနပ်စွာ လက်ခံခြင်းမရှိပါ။ ကိုလိုနီအစိုးရ ပိုမိုခိုင်မြဲလာသည်နှင့် အုပ်ချုပ်သူလူမျိုးခြားတို့၏ ပလွှားမောက်မာသော အမူအကျင့်များနှင့် တိုင်းပြည် အတွက် စစ်မှန်သောကောင်းကျိုးကိစ္စရပ်တို့ကို လျစ်လျူရှုမှုများသည် တိုင်းသူပြည်သားတို့၏ မနှစ်သက် မကျေနပ်စိတ်များကို ဆွပေးသကဲ့သို့ ဖြစ်လာပါသည်။

ပထမဦးစွာပေါ်ထွန်းခဲ့သော အမျိုးသားရေးရာ အဖွဲ့အစည်းများသည် ဗုဒ္ဓဘာသာနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု တည်တံ့ခိုင်မြဲရန်နှင့် သန့်ရှင်းစင်ကြယ်ရန်ကိုသာ ဆောင်ရွက်ကြသည်။ သို့သော် ခေတ်ပညာတတ် မြန်မာလူ ငယ်အရေအတွက် များပြားလာသည်နှင့်အမျှ နိုင်ငံရေးရည်မှန်းချက်များပါ ပေါ်ပေါက်လာပါသည်။ ၁၉၀၆ ခုနှစ်တွင် တည်ထောင်သော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(၀ိုင်အမ်ဘီအေ)သည် နိုင်ငံရေးရာများကို စတင်ကိုင်တွယ်သော အဖွဲ့အစည်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်သပိတ်ကို အောင်မြင်စွာ စည်းရုံးလှုံ့ဆော်ခဲ့ပါ သည်။

အမျိုးသားလှုပ်ရှားမှု အရှိန်အဟုန်ရလာသောအခါ ‘၀ိုင်အမ်ဘီအေ’ သည် ၁၉၂၀ ခုနှစ်၌ ‘ဂျီစီဘီအေ’ အသွင် သို့ ကူးပြောင်းသွားပါသည်။ ပထမဦးဆုံး ပေါ်ပေါက်လာသော အမျိုးသားမဟာမိတ်အဖွဲ့ဟု ခေါ်နိုင်ပါသည်။ မြန်မာ့အမျိုးသားရေးရာလှုပ်ရှားမှုကို တိုက်ရည်ခိုက်ရည်သွင်းပေးလိုက်သော ပုဂ္ဂိုလ်မှာ ဆရာတော်ဦးဥတ္တမ ဖြစ်သည်။ ဆရာတော်၏ စိတ်အားထက်သန်သော လွတ်လပ်ရေးတောင်းဆိုမှုတို့ကြောင့် နိုင်ငံတ၀ှမ်းတွင် မျိုး ချစ်စိတ်ဓာတ်ပြင်းပြစွာ တက်ကြွလာပါသည်။ သို့သော်လည်း စုပေါင်းညီညာသော လွတ်လပ်ရေးလှုပ်ရှားမှု ပေါ်ပေါက်စေမည့်အင်အားများမှာ နိုင်ငံရေးအကွဲအပြားများကြောင့် လွင့်စင်သွားရ၏။

၁၉၂၂ ခုနှစ်တွင် (၂၁) ဦးပါတီသည် ဂျီစီဘီအေမှ ခွဲထွက်သွားပြီးနောက်တွင် ထပ်မံကွဲကြပြန်သဖြင့် ၁၉၂၀ ခုနှစ်များ ကုန်ဆုံးခါနီးတွင် အဖွဲ့အစည်း (၃) ဖွဲ့ ဖြစ်သွားပါတော့သည်။ ၁၉၃၀ ခုနှစ်များ၏ အစပိုင်းကာလတွင် မူ ဗြိတိသျှအုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးတွဲထားသင့်၊ မထားသင့်ဟူသော “ခွဲရေး-တွဲရေး” ကိစ္စအပေါ် မြန်မာနိုင်ငံရေးသမားများ စိတ်ဝင်စားစွာ အငြင်းပွားကြသည်ကို တွေ့ရပါသည်။

ထိုနိုင်ငံရေးသမားများအနက် အချို့မှာ ဆရာစံသူပုန်တို့အား ဗြိတိသျှအစိုးရက ခုံရုံးတင်စစ်ဆေးရာ၌ သူပုန် များဘက်မှ ခုခံကာကွယ်ပေးခဲ့သဖြင့် ထင်ပေါ်ကျော်ကြားလာသူများဖြစ်ပါသည်။ တချိန်တည်းမှာပင် ငြိမ်၍ ခေါင်းငုံ့ခံသည့်ကာလမှာလည်း ဆုံးခန်းသို့ ဦးတည်လာကာ ထိုးနှက်တိုက်ခိုက်ခြင်း သဘောဆောင်သော နည်းဗျူဟာများသုံးစွဲရန် တွန့်ဆုတ်လိမ့်မည်မဟုတ်သော အမျိုးသားရေးစိတ်ဓာတ်ရှိသည့် မျိုးဆက်သစ်များ လည်း နိုင်ငံရေးဇာတ်ခုံပေါ်သို့ ရောက်ရှိလာပါသည်။

အသက် (၁၈) နှစ်အရွယ် အောင်ဆန်းသည် ခပ်ရိုင်းရိုင်း အညာသားကလေးပင်ဖြစ်ပါသည်။ မိမိတို့ကိုယ်မိမိ တို့ လူ့မလိုင်ဟု အထင်ရောက်နေကြပြီး ကြော့ရှင်းဝံ့ကြွားစွာ ၀တ်ဆင်နေထိုင်ကြသော ရန်ကုန်တက္ကသိုလ် ကျောင်းသားများ အသိုင်းအ၀ိုင်းတွင် မျက်နှာထားရှုသိုးသိုးနှင့် အ၀တ်အစား ပိုသီပတ်သီဝတ်ဆင်သော အောင်ဆန်းသည် အံမ၀င်ဂွင်မကျ ဖြစ်နေ၏။ ထို့အပြင် သူ့ထက်သိမ်မွေ့ပါးနပ်သော ကျောင်းနေဖက်များ၏ ဝေဖန်နောက်ပြောင်မှုကိုလည်း ဂရုမစိုက်ကြောင်း စောစီးစွာပေါ်လွင်စေခဲ့၏။

အောင်ဆန်း တက္ကသိုလ်ရောက်စ ပထမနှစ်ပတ်တွင် ကျောင်းသားသမဂ္ဂမှ စကားရည်လုပွဲတရပ် ကျင်းပပါ သည်။ ထိုစကားရည်လုပွဲအပြီး၌ အောင်ဆန်းသည် ပရိသတ်အကြားမှထကာ သူ့အကို အောင်သန်း တင် သွင်းသော “ဘုန်းတော်ကြီးများ နိုင်ငံရေးမလုပ်သင့်”ဟူသည့် အဆိုကို ထောက်ခံလိုက်ပါသည်။ ဤသည်မှာ မိသားစုသွေးစည်းရေး သဘောဆောင်သည့် အပြုအမူမဟုတ်ပါ။ ယုံကြည်ချက်အရ လုပ်ဆောင်လိုက်ခြင်း ဖြစ်ပါသည်။

အောင်ဆန်း အင်္ဂလိပ်စကားပြောရာတွင် အသံထွက် အမှားမှားအယွင်းယွင်း ကို့ယို့ကားရား ချောမွေ့ပြေပြစ် ခြင်းမရှိသောကြောင့် သူ့စကားများမှာ နားမလည်နိုင်သလောက်ပင်ဖြစ်၏။ ပရိသတ်က ပြောင်လှောင်သရော် အော်ဟစ်ကြသဖြင့် အကိုဖြစ်သူ အတော်ပင် အနေရခက်သွား၏။ အောင်ဆန်းကမူ ကြောက်ရွံ့၍ အသံ ပျောက်သွားခြင်းမရှိ။ ကဲ့ရဲ့သံများ၊ မြန်မာစကားနှင့်သာပြောရန် ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ်သံများကို လျစ်လျူရှုကာ အဆင့်အတန်းမမီသော သူ့အင်္ဂလိပ်စကားကို ပါဠိအသုံးအနှုန်းများဖြင့် ဖြည့်စွက်၍ သူ ပြောလိုရာအားလုံးကို ပြီးဆုံးအောင် ဆက်လက်ပြောဆိုသွားပါသည်။

ထိုပထမစကားရည်လုပွဲ အဖြစ်အပျက်သည် နောင်အတွက် အစဉ်အလာတရပ် ချမှတ်ပေးလိုက်သကဲ့သို့ ဖြစ် သွားပါသည်။ ပရိသတ်က ကဲ့ရဲ့ရှုတ်ချနေသည့်ကြားကပင် သူပြောလိုရာကို အင်္ဂလိပ်စကားနှင့်ပြောခြင်း၊ သုန်သုန်မှုန်မှုန် နေတတ်ခြင်းတို့ကြောင့် သူသည် အူကြောင်ကြောင်နိုင်သော အရူးတယောက်ဟူ၍ပင် နာမည်ရခဲ့၏။

သို့သော် အောင်ဆန်းသည် အဝေဖန်ခံရမည်ကို ကြောက်ရွံ့ပြီး သူလုပ်ကိုင်ရန် ဆုံးဖြတ်ထားသောကိစ္စများကို မလုပ်ဘဲနေမည့် လူမျိုးမဟုတ်ပါ။ ခေတ်ပြိုင်ကမ္ဘာတွင် အင်္ဂလိပ်စကား အရေးပါပုံကို သိရှိနားလည်သဖြင့် အင်္ဂလိပ်စကားကို ပိုင်ပိုင်နိုင်နိုင်သုံးစွဲနိုင်ရန် သူကြိုးစား၏။ အင်္ဂလိပ်စာအုပ်များကို သဲကြီးမဲကြီးဖတ်ခြင်း၊ အခြားသူများ ပြောပုံဆိုပုံကို နားထောင်လေ့လာခြင်း၊ အင်္ဂလိပ်စာသင်ကျောင်းတွင် ပညာဆည်းပူးခဲ့သူ မိတ်ဆွေရင်း တဦးထံမှ အကူအညီယူခြင်း စသည်တို့ဖြင့် ဘုန်းကြီးကျောင်းထွက် အညာသားတဦးအတွက် ထူးခြားလောက်သော အင်္ဂလိပ်စကားကျင်လည်မှုကို သူရရှိလာ၏။

ထိုပထမစကားရည်လုပွဲတွင် အောင်ဆန်း ထောက်ခံခဲ့သောအဆိုမှာ သူ၏ ရေရှည်ယုံကြည်ချက်တရပ်အား ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ကို သတိမူသင့်ပါသည်။ ထိုယုံကြည်ချက်မှာ သံဃာတော်များ နိုင်ငံရေးတွင် ၀င် ရောက်လုပ်ကိုင်ခြင်း မပြုသင့်ကြောင်းပင်ဖြစ်ပါသည်။ မကွယ်လွန်မီ တနှစ်ကျော်ခန့်က ပြောကြားခဲ့သော ရွှေ တိဂုံစေတီတော် အလယ်ပစ္စယံညီလာခံမိန့်ခွန်း၌ “ဘာသာရေးနှင့် နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာရောက်ပေ၏”ဟု ပြောခဲ့၏။ ရဟန်သံဃာများအား “အရှင်ဘုရားတို့က သာသ နာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ – ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီရင်းအကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည် -- ဤကဲ့သို့ဆောင်ရွက်မှုသည် သာသနာ ဖက်ကသာကြည့်၍ မြင့်မြတ်သည်မဟုတ်ပါ၊ တပည့်တော်တို့၏ နိုင်ငံနှင့် လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာရောက်ပါသည်ဘုရား” စသဖြင့် လျှောက်ထားခဲ့ပါသည်။

အများက နိုင်ငံသတ္တ၀ါ ပကတိအဖြစ်ဖြင့်မြင်ကြသော အောင်ဆန်းမှာ စင်စစ်တွင် ဘာသာရေး၌ လေးနက်စွာ တသက်လုံး စိတ်ဝင်စားသူပင် ဖြစ်ပါသည်။ ရေနံချောင်း၌ ကျောင်းတက်နေစဉ် ဖခင်ကွယ်လွန်သွားသဖြင့် ၀မ်းနည်းကြေကွဲကာ ရဟန်းဘောင်ဝင်ရန်ပင် စိတ်ကူးခဲ့ပါသည်။ တက္ကသိုလ်ရောက်စအချိန်ကလည်း အီတလီလူမျိုး ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးလောကနန္ဒကို ကြည်ညိုလေးစားလှသဖြင့် ဆရာတော်နှင့် အတူ လိုက်ပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် မိခင်ထံ အခွင့်တောင်းဖူး၏။ အခွင့်ကား မရခဲ့ပေ။ သို့သော် လောကုတ္တရာကိစ္စများကို အောင်ဆန်း ဆက်လက်၍ ဂရုတစိုက်အလေးထားပါသည်။

နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်ပြီးနောက်ပိုင်း၌ပင် သူနှင့် အရင်းနှီးဆုံး မိတ်ဆွေတဦးအား သူ၏ “သစ္စာ တရားနှင့် လုံးဝအပြစ်ကင်းစင်မှု ရှာပုံတော်ဘ၀ခရီး” အကြောင်းနှင့် ကာယကံ၊ ၀စီကံ၊ မနောကံအရ ရိုးဖြောင့်နိုင်ရန် သတိပြုကြိုးပမ်းနေကြောင်းတို့ကို စာရေး၍ ရှင်းပြဖူးပါသည်။ ခေတ်လူငယ် စိတ်ပိုင်းဆိုင်ရာ အသိတရား ခေါင်းပါးနေသည်ကို စိုးရိမ်မိကြောင်း၊ လောကဒဏ်လှိုင်းများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်တွန်းလှန်နိုင် စွမ်းမရှိပါက ထိုအသိတရားများ လုံးဝကွယ်ပျောက်ပြီး စိတ်ဓာတ်ဗလ မွဲပြာကျသောအဖြစ်သို့ ရောက်ရှိသွား မည်ကို စိုးရိမ်ပူပန်မိကြောင်း စသဖြင့်လည်း ရေးသားထားပါသည်။

ကျောင်းသား၊ နိုင်ငံရေးနှင့် သခင်များ

ကိုအောင်ဆန်း ကျောင်းသားနိုင်ငံရေးတွင်ပါဝင်မှုမှာ အစ၌ ခပ်ဖြေးဖြေး မှန်မှန်သာဖြစ်သော်လည်း ၁၉၃၅ ခုနှစ်နောက်ပိုင်း၌ အရှိန်အဟုန် မြင့်မားလာ၏။ ထိုအချိန်တွင် သူသည် ကိုနု၊ ကိုလှဖေ (နောင် ဗိုလ်လင်္ကျာ)၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း၊ ကိုရာရှစ်ကဲ့သို့သော ပုဂ္ဂိုလ်များနှင့်အတူ စတင်လုပ်ကိုင်နေပြီး မြန်မာ့လွတ်လပ် ရေး လှုပ်ရှားမှုတွင် ထင်ရှားလာမည့် ထိုလူငယ်များနှင့် အောင်ဆန်းတို့ လက်တွဲကာ ကျောင်းသားများ အတော်ပင် ဂရုပြုရမည့် နိုင်ငံရေးအင်အားစုတစုဖြစ်လာအောင် စည်းရုံးပါသည်။

ကိုအောင်ဆန်းတို့လူစုသည် အာဏာပိုင်အလိုတော်ရိများ လွှမ်းမိုးထားသော တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကို ထိုးထွင်းဝင်ရောက်နိုင်ရန် ကြိုးပမ်းခြင်းဖြင့် စတင်လှုပ်ရှား၏။ ပထမတွင် အောင်မြင်မှုသိပ်မရှိခဲ့ပေ။ ၎င်း တို့အထဲမှ ကိုကျော်ငြိမ်းနှင့် ကိုသိန်းဖေတို့သာ သမဂ္ဂအမှုဆောင်များအဖြစ် အရွေးချယ်ခံရသည်။ သို့သော် နောက်ပိုင်းတွင် ထက်သန်သော အမျိုးသားရေးစိတ်ဓာတ်နှင့် ဇွဲလုံ့လတို့၏ အကျိုးအမြတ်များ ထွန်းကားလာ ၏။ တက္ကသိုလ်ကျောင်းသားများ၏ စိတ်နေစိတ်ထားလည်း ပြောင်းလာ၏။ လှုပ်ရှားတက်ကြွသော ပြည်ချစ် စိတ် လွှမ်းမိုးလာ၏။ ၁၉၃၅-၃၆ စာသင်နှစ်အတွင်း ကျောင်းသားသမဂ္ဂအမှုဆောင် ရွေးကောက်ပွဲတွင် အဓိကနေရာအားလုံး အမျိုးသားရေးစိတ်ဓာတ် ထက်သန်သောလူငယ်များက ရရှိသွားကြ၏။ ကိုအောင်ဆန်း သည် အမှုဆောင်အဖွဲ့ဝင်တဦးအဖြစ် အရွေးခံရပြီး သမဂ္ဂမဂ္ဂဇင်း၏ အယ်ဒီတာလည်း ဖြစ်လာပါသည်။

သမဂ္ဂမဂ္ဂဇင်း “အိုးဝေ”တွင် “ငရဲခွေးကြီး လွတ်နေပြီ”ဟူသော ဆောင်းပါးကို ထည့်သွင်းခဲ့ခြင်းသည် ကျယ် ပြန့်စွာထိရောက်မှုရှိခဲ့သည့် ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားသပိတ်ကို သွယ်ဝိုက်သောနည်းဖြင့် လှုံ့ဆော်ပေးခြင်းပင် ဖြစ်ပါသည်။ ဤဆောင်းပါးသည် တက္ကသိုလ်အရာရှိတဦးအား ပုတ်ခတ်တိုက်ခိုက် ရေး သားထားခြင်းဖြစ်သည်ဟု အာဏာပိုင်များက ယူဆကာ ဆောင်းပါးရှင်အမည်ကို ဖော်ထုတ်ရန် အယ်ဒီတာ ကိုအောင်ဆန်းအား တောင်းဆိုလာတော့၏။

ကိုအောင်ဆန်းကလည်း ယင်းကဲ့သို့ဖော်ထုတ်ခြင်းသည် သတင်းစာဆရာကျင့်ဝတ်နှင့် ကိုက်ညီမည်မဟုတ် ဟုဆိုကာ ငြင်းဆန်လိုက်၏။ အာဏာပိုင်များက ယခုကဲ့သို့ ငြင်းဆန်မှုကို အခွင့်ကောင်းယူပြီး ကိုအောင်ဆန်း အား ကျောင်းမှ ထုတ်ပယ်လိုက်တော့၏။ မကြာသေးမီကပင် ကိုနုသည်လည်း ကျောင်းအုပ်ကြီးအား ပစ်ပစ် ခါခါ ဝေဖန်မှုဖြင့် ကျောင်းထုတ်ခံခဲ့ရသောကြောင့် ကျောင်းသားများထဲတွင် မကျေနပ်မှု၊ ဒေါသထွက်မှု ပို၍ များပြားလာလေသည်။ သို့ဖြင့် သပိတ်မှောက်ရန် ဆုံးဖြတ်ကြပါတော့သည်။

တက္ကသိုလ်စာမေးပွဲများစစ်ချိန် ဖြစ်လေရာ ဤဆုံးဖြတ်ချက်မှာ အထူးလေးနက်သည့် ကိစ္စတရပ်ဖြစ်ပါသည်။ သပိတ်သတင်းမှာ ချက်ချင်းပင် ဟိုလေးတကျော်ဖြစ်သွားလေသည်။ သတင်းစာများနှင့်တကွ တနိုင်ငံလုံးက သပိတ်မှောက်ကျောင်းသားများကို ကြင်နာစွာ ထောက်ခံကြပါသည်။ ဤကဲ့သို့ အများထောက်ခံမှုကို ရယူနိုင် ခြင်း၊ လေးစားလောက်အောင် စီမံကွပ်ကဲနိုင်ခြင်း၊ စည်းကမ်းရှိခြင်း စသည်တို့ကြောင့် ကျောင်းသားများ၏ လုပ်ရည်ကိုင်ရည်နှင့် ကျောင်းသားအင်အား၏ တန်ခိုးအာနိသင်ကို လူကြီးပိုင်း နိုင်ငံရေးသမားများ အသိအ မှတ်ပြုလာကြရသည်။ အစိုးရအနေဖြင့်လည်း သပိတ်မှောက်သူများ၏ မကျေနပ်ချက်များကို လေးနက်စွာ မ စဉ်းစား၍ မဖြစ်တော့ပါ။ နောက်ဆုံး၌ နိုင်လူမင်းထက်ပြုတတ်သော ကျောင်းအုပ်ကြီးမှာ အငြိမ်းစားယူလိုက်ရ ၏။ တက္ကသိုလ်အက်ဥပဒေတွင် ကျောင်းသားများထည့်သွင်းလိုသော ပြင်ဆင်ချက်များကို လေ့လာရန် ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းလိုက်ရပြီး အရေးမပါလှသော တောင်းဆိုချက်များကိုမူ လိုက်လျောလိုက် လေသည်။

လူငယ်အမျိုးသားရေးဝါဒီများ၏ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးသည့် မှတ်တိုင်တတိုင်ဖြစ်သော ၁၉၃၆ ခုနှစ်သပိတ်ကြောင့် ကိုအောင်ဆန်းသည်လည်း ကျောင်းသားခေါင်းဆောင်တဦးအဖြစ် လူသိများလာ ပါသည်။ သူ့ဂုဏ်သိက္ခာလည်း အရှိန်မှန်မှန်မြင့်မားလာပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် သပိတ် မှောက်ပြီးနောက် တည်ထောင်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတို့၏ အမှုဆောင်အဖွဲ့များ တွင်လည်း တဆင့်ထက်တဆင့် ပိုမိုအရေးပါသော အမှုဆောင်နေရာများတွင် တာဝန်ထမ်းဆောင်ရ၏။

၁၉၃၈ ခုနှစ်တွင် သမဂ္ဂနှစ်ရပ်စလုံး၏ ဥက္ကဋ္ဌဖြစ်လာပါသည်။ ထိုအချိန်၌ ကိုအောင်ဆန်း တက္ကသိုလ်မှ ၀ိဇ္စာ ဘွဲ့ရပြီး၍ ဥပဒေ၀ိဇ္စာတန်းတွင် တက်ရောက်နေ၏။ ထိုကဲ့သို့ ဥပဒေတန်းဆက်တက်နေခြင်းမှာ တက္ကသိုလ် တွင် ဆက်လက်နေထိုင်လှုပ်ရှားနိုင်ခွင့်ရရှိရန်ဟူသော အကြောင်းလည်း ပါဝင်ပါသည်။ ဖြောင့်မတ် တည် ကြည်ခြင်း၊ ဇွဲလုံ့လကြီးခြင်း၊ အလုပ်လုပ်နိုင်စွမ်းရှိခြင်း စသည်တို့ကြောင့် ကိုအောင်ဆန်းအနေဖြင့် လေးစား ခြင်းခံရသော်လည်း အခြားကျောင်းသားခေါင်းဆောင်များကဲ့သို့ ယဉ်ကျေးသိမ်မွေ့၍ ဆက်ဆံရေးပြေပြစ်ခြင်း မရှိသော လူ့ဂွစာတဦးပင် ဖြစ်ပါသည်။

သုန်သုန်မှုန်မှုန်နေတတ်ခြင်း၊ မသပ်ရပ်ခြင်း၊ စိတ်မပါလျှင် သူတပါး အနေရကြပ်လောက်အောင် တုံဏှိဘာ ဝေ နေတတ်ခြင်း၊ စိတ်ပါပြန်တော့လည်း သူတပါး မခံနိုင်လောက်အောင် စကားဖောင်ဖွဲ့ခြင်းနှင့် အခြား ထောင့်မကျိုးသော အမူအကျင့်တို့ကြောင့် ကိုအောင်ဆန်း မကြာခဏ အဝေဖန်ခံရပါသည်။ သူကိုယ်တိုင် လည်း “ရံဖန်ရံခါ လူ့ယဉ်ကျေးများနှင့် အသားမကျခဲ့ချေ၊ မျက်စေ့နောက် မြင်ပြင်းကပ်လာသည်။ ထိုအခါ လူ့ယဉ်ကျေးများနှင့် ငါ လူရိုင်းဟု ဇာတိခွဲပစ်ချင်သည့် စိတ်များရှိလာသည်” ဟု ရေးသားခဲ့ဖူး၏။ သို့သော် လူရိုင်းများကို အောင်ဆန်းမြင်ပုံမှာ စိတ်ကူးယဉ်ဆန်၏။ ရိုးဖြောင့်တည်ကြည်၊ ကျန်းမာသန်စွမ်းပြီး၊ လွတ်လပ် ချမ်းသာစွာနေထိုင်သူများဟု သူက အမွှန်းတင်ထားခြင်းပင်ဖြစ်ပါသည်။

၁၉၃၈ ခုနှစ်တွင် ကိုအောင်ဆန်းသည် ၁၉၃၀ ခုနှစ် ကုလား-ဗမာအဓိကရုဏ်းမှ မြစ်ဖျားခံသော ဒို့ဗမာ အစည်းအရုံးထဲသို့ ၀င်ရောက်လှုပ်ရှားနိုင်ရန် တက္ကသိုလ်မှ ထွက်လိုက်ပါသည်။ ထိုအစည်းအရုံးသည် အမျိုးသားရေး စိတ်ဓာတ်ပြင်းပြ၍ နုပျိုတက်ကြွသည့် အခြေခံလက္ခဏာရှိပြီး အစည်းအရုံးခေါင်းဆောင်များ သည် သက်ကြီး နိုင်ငံရေးသမားများနှင့်မတူ တမူထူးခြားကြပါသည်။ မျိုးချစ်အရေးတော်ပုံ၌ ဘ၀ကိုမြှုပ်နှံရန် အာသီသပြင်းထန်နေသော ခေတ်သစ်ပညာတတ်လူငယ်များက ထိုသက်ကြီးနိုင်ငံရေးသမားများသည် ရဲသင့် သည်လောက်မရဲ၊ မြန်မာဆန်သင့်သည်လောက်မဆန်၊ အခြေခံမှ ပြောင်းလွဲမှုများလုပ်ရန် ဆန္ဒရှိသင့်သည် လောက်မရှိ၊ ငယ်ရွယ်သင့်သလောက်လည်း မငယ်ရွယ်ဟု ယူဆကြပါသည်။

ဒို့ဗမာအစည်းအရုံးဝင်များကို လူတိုင်းက ကြိက်ကြသည်တော့မဟုတ်ပါ။ အချို့က သူတို့ကို ကလေကချေ ပြ ဿနာရှာနေသော လူမိုက်လူဆိုးလေးများဟူ၍ အထင်သေးပြီး၊ အမည်ရှေ့တွင် ‘သခင်’တပ်၍ ခေါ်ဝေါ်ခြင်း ကို ကြီးကျယ်သည်၊ မလုပ်သင့်မလုပ်ထိုက်ဟု ဝေဖန်ကြပါသည်။ ဗြိတိသျှအုပ်ချုပ်ရေးသမားများကို လက် အောက်ခံဖြစ်နေသော ဗမာတို့က ‘သခင်’ ဟု ခေါ်လေ့ခေါ်ထရှိရာ၊ ဗမာများသည် ကျွန်မျိုးမဟုတ် ကိုယ့်ကို ကိုယ်အုပ်စိုးနိုင်သည့် မွေးရာပါအခွင့်အရေးရှိသူများဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း ရဲရဲတင်းတင်း ဖေါ်ပြ သည့်အနေနှင့် အစည်းအရုံးဝင်များက ‘သခင်’ ဘွဲ့ကို သုံးစွဲခြင်း ဖြစ်ပါသည်။

အတွင်းသဘောထား မတိုက်ဆိုင်မှုများကြောင့် ဒို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲသွားပါသည်။ သခင်အများစုပါ ၀င်သည့် အပိုင်းကို ခေါင်းဆောင်သူမှာ မြန်မာ့စာပေနှင့် နိုင်ငံရေးလောကတွင် အထင်ကရပုဂ္ဂိုလ်ကြီးဖြစ်ပြီး မူလက အစည်းအရုံး၏ နာယကဖြစ်သော ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဖြစ်ပါသည်။ ကိုအောင်ဆန်းလည်း သခင်ကိုယ်တော်မှိုင်း ဦးဆောင်သည့် ဒို့ဗမာအစည်းအရုံးဝင်တဦး ဖြစ်လာပါသည်။ ‘မှိုင်းသခင်’ များအနက် ကိုနု၊ ကိုလှဖေနှင့် ကိုသိန်းဖေတို့အပြင် ကျောင်းသားခေါင်းဆောင်များ မဟုတ်ခဲ့သော်လည်း မြန်မာ့နိုင်ငံရေး တွင် ထင်ရှားအရေးပါလာမည့် သခင်သန်းထွန်းနှင့် သခင်စိုးတို့လည်းပါဝင်ပါသည်။ မကြာမီ သခင် အောင်ဆန်းသည် ဒို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖြစ်လာပြီးနောက် အစည်းအရုံး၏ ကြေညာ စာတမ်းကို စီရင်ရေးသားခဲ့ပါသည်။



ဆက်လက်ဖတ်ရှုပါရန် …
(ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး” စာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်)

REF: ဒေါက်တာလွဏ်းဆွေ

Read More...

ပြည်ပတွင် လူပြောများသည့် ကနေဒါ အခြေစိုက် U.D.P ပါတီ၏ ပြည်တွင်း ခြေလှမ်း

၂၀၀၈ခုနှစ် သြဂုတ်လ အတွင်းက ကနေဒါနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး
မစ္စတာ လျှံလီစွန်း နှင့် အော့တဝါတွင် UDP ပါတီ ဒုဥက္ကဋ္ဌ ဦးကျော်မြင့်တို့ တွေ့ဆုံခဲ့စဉ်က
( သတင်းဓါတ်ပုံ UDP သတင်းနှင့် ပြန်ကြားရေး )

စက်တင်ဘာလ ၁၄ ရက်နေ့ ၂၀၀၇ ခုနှစ် ကနေဒါနိုင်ငံတွင် စတင် ဖွဲ့စည်ခဲ့သော United Democratic Party သည် ၂၀၀၈ ခုနှစ် ပြည်ပနိုင်ငံရေးလောကတွင် သံတမန်ရေး နိုင်ငံရေး လှုပ်ရှားမှုများကို ခပ်စိပ်စိပ် တွေ့ရှိလာရသည်။

၎င်းပါတီသည် ၂၀၀၈ ခုနှစ် အကုန်တွင် ဘီဘီစီ အသံလွှင့်ဋ္ဌာနမှတဆင့် မြန်မာစစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ပြည်တွင်း ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သော ပြည်ပအခြေစိုက် တခုတည်းသော နိုင်ငံရေးပါတီ ဖြစ်သည်။

ပြည်ပအခြေစိုက်သည့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) သည် ယခင်အပါတ်က ကြေညာ ချက်တစောင် ထုတ်ပြန်ရာတွင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ခြေလှမ်းများအဖြစ် ပါတီ၏ ဗဟိုကော်မတီဝင်အသစ်စာရင်းများကို ထုတ်ပြန်ကြေညာရာ၌ မြန်မာ့အမျိုးသား နိုင်ငံရေး ခေါင်းဆောင်များ ၏ သားသမီးများ ပါဝင်လာသည်ကို တွေ့ရှိရကာ ပါတီ၏ ထိပ်တန်းခေါင်းဆောင်စာရင်းများလည်း ဆက်လက် ထုတ်ပြန်ဦးမည်ဟု လူထုအသံမှ သိရှိရသည်။

U.D.P ပါတီသည် တိုင်းပြည်ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေမှု ဘဝမြှင့်တင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ တပ်မတော်ခေါင်းဆောင်ဟောင်းများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး ခေါင်းဆောင် များ၊ ကျောင်းသားလူငယ်များနှင့် စီပွားရေးလုပ်ငန်းရှင်များ ပါဝင်ဖွဲစည်းထားသည်ဟု ဆိုသည်။

အသစ် တိုးချဲ့ခဲ့သော ဗဟို ကော်မတီဝင်သစ် (၉)ဦးမှာ
(၁) ဒေါ်သန်းသန်းနု
(၂) ဒေါ်နေရီ ဘဆွေ
(၃) ဒေါ် ချိုချို ကျော်ငြိမ်း
(၄) ဦးမြတ်စိုး
(၅) ဦးကျော်ကျော်
(၆) ဦးမြင့်ရွှေခိုင်
(၇) ဦးစိန်
(၈) ဦးသန့်ဇင်
(၉) ဦးအောင်သန်းမြင့် တို့ ဟု UDP ပါတီ၏ သတင်းနှင့် ပြန်ကြားရေးဋ္ဌာနမှ ထုတ်ပြန်ထားပြီး၊ ဆက်လက် အတည်မပြုရသေးသော သတင်းများအရ ပါတီ၏ ဥက္ကဋ္ဌမှာ ဦးသုဝေ ၊ ဒု-ဥက္ကဋ္ဌ ဦးကျော်မြင့် ၊ ဒု-ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အထွေထွေ အတွင်းရေးမှူးမှာ ဦးကျော်မိုးဟု လူထုအသံမှ ထပ်မံ သိရှိရသည်။

ဇာမဏီရိုင်း (လူထုအသံ)
REF: လူထုအသံ

Read More...

အရေးကြီးကာလကို ရောက်တော့မယ် - ဗသြ

မစ္စတာဂမ်ဘာရီ ဒီတခါလာတော့ နအဖအစိုးရက ပါတီဝင် ၄၄ ယောက် (ဒီအထဲမှာ ၁၄ ယောက်က ဗဟို ဦးစီးအဖွဲ့ဝင်) ရှိတဲ့ “၈၈ မျိုးဆက်လူငယ်ကျောင်းသားများ”လို၊ သခင်စိုးဝါဒီ “အမျိုးသားပြန်လည်စည်းလုံး ညီ ညွတ်ရေးသုတေသနနှင့် တိုးချဲ့ထုတ်လုပ်မှု ကျောင်းတော်သားစု”လို့ သူတို့ရဲ့ အုတ်ကြားမြက်ပေါက်၊ ဗြုတ် စဗြင်းတောင်းအဖွဲ့တွေကို ပွဲထုတ်လိုက်တယ်။ အဓိပ္ပါယ်က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက လူထု ထောက်ခံမှု ၈၀% ကျော်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အဖွဲ့အစည်းတွေကို တတန်းတည်း ထား ပြလိုက်တာဖြစ်တယ်။ နောက်ပြီး သူတို့ရွေးကောက်ပွဲကိုလည်း ပွဲထုတ်လိုက်တာပဲဖြစ်တယ်။

အမှန်ပဲ။ ဒီနှစ်ဟာ နအဖစစ်အုပ်စုအတွက် ရွေးကောက်ပွဲပြင်ဆင်ရေးကာလဖြစ်တယ်။ ဒါပေမယ့် ဒါဟာ ပန်း ခင်းလမ်းမဟုတ်တာ သေချာတယ်။ အတက်လမ်းပဲ။ နအဖအဖို့ ရွေးကောက်ပွဲလုပ်သည်ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ၊ ရွေးကောက်ပွဲမှာ သူ့လူတွေ နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ၊ တိုင်းပြည်အာဏာကို သပိတ်ဝင် အိတ်ဝင် ရထားတယ်ဆိုတာတော့ မှန်တယ်။

အခုအခါ နအဖစစ်အစိုးရရဲ့ ၀န်ကြီးအဖွဲ့အတွင်း ရှန်တိန်လုပ်နေတာတွေ စပြီးတွေ့နေရပြီ။ နောက်အစိုးရမှာ ၀န်ကြီးလုပ်မယ့်လူတွေ၊ ရွေးကောက်ပွဲမှာ အရွေးခံမယ့်လူတွေ စသဖြင့် သူတို့တွင်းစီစဉ်တာ ပြင်ဆင်တာ တွေကို မြင်နေရပြီ။ ကြံ့ဖွတ်၊ တစည စသူတွေလည်း အလုပ်ရှုပ်နေကြပြီး စီးပွားရေးသမားတွေ၊ စစ်အုပ်စု အဆက်အနွယ်ဟောင်းတွေလည်း ပျားပန်းခတ် ခြေပုန်းခုတ်နေကြတယ်။ ဒါ့အပြင် နိုင်ငံရေးသမားဟောင်း ကြီးတချို့လည်း ပြန်ထွက်လာတာဟာ စိတ်ဝင်စားစရာပဲ။ ပြည်ပမှာတောင်မှ နအဖရဲ့ ရွေးကောက်ပွဲကိုဝင်ဖို့ ပြင်ဆင်နေတာ၊ စည်းရုံးနေတာတွေ တွေ့နေ၊ ကြားနေရတာဟာ အံ့သြကုန်နိုင်ဖွယ်လို့ဆိုရမှာပဲ။

အခုလို ရာထူးတွေ၊ အာဏာတွေ၊ အခွင့်အရေးတွေ ခွဲဝေပေးမယ့် ရွေးကောက်ပွဲမှာ နအဖအနေနဲ့ သူ့လူတွေ သူ ထိန်းချုပ်နိုင်ပါ့မလား။ တခြားလူတွေ၊ တခြားအင်အားစုတွေကို ဘယ်လောက်စုမိလို့ ဘယ်လောက်အား တောင့်တဲ့ အနေအထားအထိ သည်းညည်းခံနိုင်မလဲ။ တကယ်လို့များ သူတို့ကို ဆန့်ကျင်သူတွေက လွှတ် တော်ထဲမှာ အများစုဖြစ်လာရင် နအဖက ဘယ်လို သဘောထားမလဲ။ ဒါတွေကလည်း စိတ်ဝင်စားစရာပဲ။

ဒါပေမယ့် သေချာတာတခုက နအဖက မျက်မှောင်ကုတ်ကြည့်နေတဲ့ နအဖရဲ့ ၂၀၁၀ ဒီမိုကရေစီဟာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကိုမင်းကိုနိုင်တို့လို ရှစ်လေးလုံးမျိုးဆက်တွေအတွက် မဟုတ်ဘူး။ လုံးဝမဟုတ် ဘူး။ ဖမ်းထားတဲ့လူတွေကို ရွေးကောက်ပွဲရဲ့ အချက်အခြာဒေသတွေနဲ့ ဝေးသထက်ဝေးတဲ့ ထောင်တွေကို ပို့ နေတာကြည့်ရင် ရည်ရွယ်ချက်က ရှင်းနေတယ်။ အဖွဲ့ချုပ်ကိုလည်း အင်ပလိုးရှင်း(implosion)ခေါ် သူ့ဖာသာ အတွင်းပိုင်း လှိုက်ပြီးပြိုကျသွားတာ၊ ဒါမှမဟုတ် သူ့အလိုလို ပြိုကွဲပျက်စီးသွားတာမျိုးတွေ ဖြစ်အောင်၊ လက် သည်မပေါ်ဘဲ သတ်ပစ်နိုင်အောင် နအဖက ကောက်ကောက်ကျစ်ကျစ် လုပ်ကြံနေ၊ အာဘော်လွှင့်နေတာ တွေ အမျိုးမျိုးတွေ့နေရတယ်။

ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေကို တရားခံဖြစ်အောင် အခုကတည်းက စနစ်တကျ အာဘော်ဖန်တီးနေတယ်။ နအဖအဖို့ သူတို့ရဲ့ လမ်းပြမြေပုံ အဆုံးပိုင်းနားကို ရောက်လာပြီဖြစ်တဲ့အတွက် လက်နက်ကုန် ထုတ်သုံး တော့မယ်ဆိုတာကို သံသယဖြစ်စရာမလိုဘူး။ ဒါပေမယ့် ဒီလိုပြောတဲ့အတွက် ပြည်သူတွေက ဒါကို ကြောက် လန့်ဖို့ မဟုတ်ဘူး။ ပြည်သူတွေဖက်ကလည်း လက်နက်ကုန် ထုတ်မသုံးရသေးဘူးဆိုတာ မမေ့သင့်ဘူး။ နအဖ အကြောက်ဆုံးဖြစ်တဲ့ ညူကလီယာလက်နက်ထက် အစွမ်းထက်တဲ့ လက်နက်ကြီးတခုဖြစ်တဲ့ ပြည်သူ့ အင်အားဖော်ပြမှုဆိုတဲ့ လက်နက်ကြီးကို မသုံးစွဲရသေးဘူး။ အခုမှ လူထုတွေဟာ ဒီလက်နက်ကြီးကို တည် ဆောက်ဆဲရှိသေးတယ်လို့ မြင်ရမယ်။ ဒါ့အပြင် ဒီလက်နက်မှာ ကျည်ဆံကုန်တယ်လို့ မရှိဘူးဆိုတာလည်း မှတ်သားထားသင့်တယ်။

နောက်မျဉ်းသားပြသင့်တဲ့ အကြောင်းအရာတခုက နအဖမှာ တခြားအခက်အခဲတွေလည်း ရှိနေသေးတယ်ဆို တာပဲ။ သူတို့အဖို့ မီးဝိုင်းနေတဲ့ အခြေအနေလို့ မဆိုနိုင်ပေမယ့် မီးခဲကို ဖင်ခုထိုင်နေရတဲ့ အခြေအနေမျိုးလို့ တော့ဆိုနိုင်တယ်။ အဲဒီအထဲက တခုက အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေကိစ္စပဲဖြစ်တယ်။ ဒီအဖွဲ့ တွေမှာ သဘောထားတမျိုးထဲရှိကြတာမဟုတ်သလို စဉ်းစားနည်းတွေလည်း အမျိုးမျိုးကွဲကြတာပဲ။ ဒါပေမယ့် တူညီတာတခုက သူတို့အားလုံးဟာ နအဖစစ်အစိုးရကို အကုန်ပုံပြီး မယုံသေးဘူးဆိုတဲ့အချက်ပဲ။ အားလုံး ဟာ ‘စောင့်ကြည့်’ ပေါ်လစီကိုကိုင်ပြီး အကဲခတ်နေကြတာဖြစ်တယ်။ ကိုယ့်ကြမ္မာကို နအဖရဲ့ ကံကြမ္မာနဲ့ တထပ်ထဲထားလိုက်ရင် ကိုယ့်ဘ၀ရော၊ ဂုဏ်သိက္ခာရော ပစ္စလက္ခတ်ဖြစ်သွားမယ်ဆိုတာ သူတို့သိကြတယ်။ သူတို့လည်း သမိုင်းတရားခံဖြစ်မှာကိုတော့ ကြောက်တာပဲ။ ဒီလိုအနေအထားတွေ ရှိနေလို့လည်း နအဖ တိုင်းမှူးတွေဟာ အဲဒီအဖွဲ့အစည်းတွေဆီကို ဥဒဟို ချောင်းပေါက်မတတ်သွားနေ၊ “နားချ”နေကြတာဖြစ် တယ်။

ပြီးခဲ့တဲ့ သံဃာ့အရေးအခင်းကြီး ပေါ်ပေါက်ခဲ့တဲ့နောက် ဗမာပြည်သူတွေအကြားမှာ လက်နက်ကိုင်ချင်စိတ် တွေ ပိုပြင်းပြလာတာကြောင့်လည်း နအဖဗိုလ်ချုပ်တွေအနေနဲ့ ဒီအပစ်အခတ်ရပ်စဲရေးအဖွဲ့တွေကို တင်း တင်းမာမာမဆက်ဆံမိအောင် ပိုသတိထားနေရတာဖြစ်တယ်။

တလောက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက နအဖကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းတယ်ဆိုတာမျိုးဟာလည်း နအဖအတွက် ရင်ဆိုင်ရ၊ ကျော်လွှားရခက်တဲ့ နိုင်ငံ တကာဆက်ဆံရေးအခြေအနေဖြစ်တယ်။ စစ်အစိုးရအဖို့ပြောရရင် ၈၈ ခုနှစ်ကတည်းက တွေ့ကြံနေရတဲ့ ပြည်ပဆက်ဆံရေးမှာ ခံစစ်ပဲဖြစ်နေတာကို အခုအထိ ပြောင်းမပစ်နိုင်သေးဘူး။ တလှမ်းတိုးတိုင်း မစင်ပုံ နင်းမိနေတာချည်းဖြစ်နေတုန်းပဲ။

နောက်တခုက ကမ္ဘာ့စီးပွားရေးအကြပ်အတည်း။ ဒါဟာလည်း နအဖအဖို့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတာ ဖြစ်တယ်။ ပိုဆိုးတာက ဒီနေ့လို စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲအတွက် ငွေအများကြီးသုံးစွဲရမယ့် ကာလ မှာကျမှ ဒီစီးပွားရေးကပ်က လာဆိုက်နေတာ။ နောက်ပြီး ဒီဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားဖို့ သူတို့ အနေနဲ့ ဘာမှလည်းမတတ်နိုင်ဘူး။ လက်မှိုင်ချပြီး ကံသာအမိ ကံသာအဖဆိုသလို မြန်မြန်ကုန်လွန်သွားပါစေ လို့ ပရိတ်ရွတ်ဆုတောင်းနေရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး။

ဒါကြောင့် ၂၀၀၉ နဲ့ ၂၀၁၀ ခုနှစ်တွေဟာ ဗမာပြည်နိုင်ငံရေးမှာ အရေးပါတဲ့နှစ်တွေ ဖြစ်လာနိုင်တယ်။ နိုင်ငံ ရေးအင်အားစုတွေအကြားမှာ ခွဲထွက်မှုတွေ ပေါင်းစည်းမှုတွေ ပေါ်လာနိုင်တယ်။ ထောင်ထဲရောက်မယ့်လူ တွေလည်း မနည်းဘဲရှိနိုင်တယ်။ ဒါပေမယ့် နအဖ ဘာမှမတတ်နိုင်တဲ့ အနေအထားတွေလည်း ပေါ်ပေါက် လာနိုင်တယ်ဆိုတာ မျှော်မှန်းထားသင့်တယ်။ ဒီအတွက် ပြင်ဆင်တာ၊ စည်းရုံးတာတွေ ဘယ်လောက် လုပ် ကိုင်ပြီးကြပြီလဲ။

ဗသြ

Read More...

အလုပ်သမားနဲ့ နိုင်ငံရေး - မောင်စွမ်းရည်

၉ ဖေဖော်ဝါရီ ၂၀၀၉


ကျနော်တို့တတွေ ကျောင်းသားဘ၀က ဖတ်ရှုခဲ့ဖူးတဲ့ စာအုပ်တအုပ်ထဲမှာ “အလုပ်သမားဆိုတာ အရင်းရှင် စနစ်ရဲ့ ၀မ်းကြောတိုက်ကို ဖောက်ထွက်မွေဖွားလာသူများဖြစ်သည်” တဲ့ ။ အရင်းရှင် စီးပွားရေးစနစ်ကို ရှင်း ပြသူ မြန်မာနိုင်ငံရေး ဘောဂဗေဒပညာရှင်များကလည်း “မြွေပွေးများဟာ သားပေါက်ရင် မိခင်ရဲ့ ၀မ်းဗိုက်ကို ဖောက်ခွဲမွေးဖွားလာကြသလို အလုပ်သမားတွေဟာ အရင်းရှင်စနစ် မိခင်ရဲ့ ၀မ်းကြောတိုက်ကို ဖောက်ထွက် လာကြသည်” လို့လည်း ဥပဒေပေးပြီး ရှင်းပြခဲ့ကြပါတယ်။ တကယ်တော့ အရင်းရှင်နဲ့ အလုပ်သမားတို့ဟာ စနစ်တခုတည်းမှာ အမြွှာမွေးလာကြတာပါပဲ။ တဦးနဲ့တဦး မှီခိုနေရတဲ့ “မရှိမဖြစ်ရန်သူ” များလည်း ဖြစ်ကြပါ တယ်။

အရင်းရှင်က ငွေရင်းစိုက်ထုတ်တယ်။ အလုပ်သမားက လုပ်အားစိုက်ထုတ်တယ်။ တကယ်တော့ အလုပ် သမားကလည်း အရင်းအနှီး စိုက်ထုတ်ရတာပါပဲ။ သူရင်းနှီးရတာက “လုပ်အား”နဲ့ “အချိန်” ဖြစ်ပါတယ်။ ဒီ အတွက် အမြတ်အခွန်ကို ခွဲဝေရာမှာ အရင်းရှင်က သူစိုက်ထုတ်ရတာကိုပဲ မြင်ပြီး သူကပဲ ကျေးဇူးရှင်လို့ မှတ်ယူတာမို့ အလုပ်သမားကို လုပ်ခဝေစုနည်းနည်းပဲ ပေးပါတယ်။ အမြတ်ကို ရနိုင်သမျှရအောင် လက်.. နှိုက်ယူပါတယ်။ အချိန် တနေ့ (၈) နာရီခိုင်းရမယ်ဆိုရင် (၁၀) နာရီခိုင်းပါတယ်။ (၄) ရက်ကြာရင် (၄x၂) နာရီ၊ တနည်းပြောရင် (၈) နာရီ အမြတ်ထွက်သွားပါတယ်။ အလုပ်သမားတယောက်အတွက် လုပ်ခကို ခေါင်းပုံ ဖြတ်လိုက်တာပါပဲ။ ဒါက အချိန်အပေါ်က ခေါင်းပုံဖြတ်တာပါ။ လုပ်အားအပေါ်ကလည်း ခေါင်းပုံဖြတ် ပါသေးတယ်။ တနာရီ (၈) ကျပ်ပေးရမှာကို (၄) ကျပ်ပဲပေးတယ်။ (၂) ရက်လုပ်ရင် (၄x၂) ကျပ်၊ တနည်း ပြောရင် (၈) ကျပ်ဆိုတဲ့ အလုပ်သမားတဦးရဲ့ လုပ်ခကို ခေါင်းပုံဖြတ်ယူလိုက်တာပါပဲ။ အလုပ်ရုံက ကုန်ချော ပစ္စည်းကို ရောင်းချတဲ့အခါ လုပ်အားခကိုပါ အရင်းအနှီးအဖြစ်ထည့်ပြီး အမြတ်တွက်ယူပါတယ်။ ကုန်ကြမ်းက ကုန်ချောဖြစ်သွားလို့ တန်ဖိုးတက်လာတဲ့အတွက် ဈေးမြှင့်ယူပြန်ပါသေးတယ်။ ဒါဟာ အလုပ်သမားကြောင့် လည်း ရတာ ဖြစ်ပေမယ့် အလုပ်ရှင်ကချည်း အမြတ်ယူလိုက်ပါတယ်။

အရင်းရှင်တွေဟာ တနေ့တခြား ချမ်းသာလာပေမယ့် အလုပ်သမားတွေက တနေ့တခြား ချွတ်ခြုံကျလာခဲ့ပါ တယ်။ ဒါကြောင့် လုပ်အားခပိုတောင်းပါတယ်။ မပေးရင် သပိတ်မှောက် ဆန္ဒပြပါတယ်။ ဒီလိုနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားတို့ဟာ ကမ္ဘာရန်ဖြစ်ပြီး တခြိမ်းခြိမ်းနဲ့ဖြစ်ကြရတဲ့ ပဋိပက္ခတွေဟာ မဆုံးနိုင်တော့ပါဘူး။ ဒါက ဘ၀ကပေးတဲ့ နိုင်ငံရေးပါ။

ကျနော်တို့ နိုင်ငံက လယ်ယာနိုင်ငံပါ။ လယ်ယာကလည်း စက်မှုလယ်ယာစနစ်မဟုတ်သေးပါဘူး။ ရှိသမျှ စက်ရုံတွေဆိုတာကလည်း စက်မှုနိုင်ငံကြီးတွေက ၀ယ်ယူသုံးစွဲရတဲ့ စက်ရုံအငယ်စားတွေပါပဲ။ ဒါပေမယ့် စက်ရုံမရှိတဲ့ ကုန်တင်ကုန်ချ ဆိပ်ကမ်းလုပ်သားများလည်း ဗမာပြည်မှာ အင်းအားကောင်းလှပါတယ်။ ၀န်ချီ စက်တွေ လုံလောက်အောင် မသုံးနိုင်သေးလို့ပါ။ ရေနံမြေအလုပ်သမား၊ မီးရထားစက်ရုံအလုပ်သမားတွေနဲ့ သင်္ဘောကျင်းအလုပ်သမားတွေလည်း နာမည်ကြီးတဲ့ အလုပ်သမားထုတွေပါ။ ဒီစက်ရုံတွေဟာ ဒီနေ့ခေတ် မှာ အစိုးရ၀န်ထမ်းအလုပ်သမားတွေ ဖြစ်နေကြပါတယ်။ စက်ရုံအလုပ်ရုံတွေက အစိုးရပိုင်ဖြစ်နေကြလို့ပါ။

စစ်အစိုးရဟာ ပုဂ္ဂလိက အရင်းရှင်ထက် ဆိုးဝါးပါတယ်။ အစိုးရကိုယ်တိုင်က ခေါင်းပုံဖြတ်တာကို လုပ်နေ တော့ အလုပ်သမားတွေဆန္ဒပြရင် အစိုးရအာဏာနဲ့ နှိမ်နင်းလေ့ရှိပါတယ်။ အလုပ်သမားတွေကိုလည်း သူတို့ ရဲ့ အာဏာကို လုယူမယ့် သူပုန်တွေလို့ သဘောထားပြီး စစ်တပ်ကပါ ၀င်ရောက်နှိမ်နင်းလေ့ရှိပါတယ်။ သေနတ်နဲ့ ပစ်ခတ်တာဟာလည်း ခြိမ်းခြောက်ရုံမဟုတ်ပဲ ဗိုလ်နေ၀င်းပြုခဲ့သလို စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ပါဘူး။ ထိအောင်မှန်အောင်ပဲ ပစ်ကြပါတယ်။

ဒီအစိုးရက အလုပ်သမားတွေကို အကြမ်းဖက်နှိမ်နင်းလေ့ရှိတာဟာ အစိုးရက အလုပ်သမားကို ကြောက်ရွံ့ လို့ပါပဲ။ မတရားတာကို လုပ်တဲ့ လူတွေက ကြောက်တတ်ပါတယ်။ သူတို့ကိုယ်တိုင် သူတို့ဟာ မတရားတာ တွေကို လုပ်နေတယ်ဆိုတာ သိနေလို့ပိုပြီး ကြောက်တတ်တာပါ။ အလုပ်သမားတွေမှာ နိုင်ငံရေးအသိတိုးမှာ အလွန်ကြောက်ပါတယ်။

သဘာဝအရ စစ်သားဆိုတာ လူသတ်ဖို့လေ့ကျင့်ထားရတဲ့ ဟာတွေ။ အလုပ်သမားဆိုတာ ကုန်ထုတ်လုပ်ဖို့ လေ့ကျင့်ထားသူတွေ။ ဘာပဲဖြစ်ဖြစ် အလုပ်ဝင်ဖို့ရာအတွက် ပညာအခြေခံရှိဖို့နဲ့ သင်တန်းတက်ဖို့လိုတာ ချည်းပဲ။ ခေတ်သစ်စစ်သားဟာ ခေတ်မီလက်နက်တွေ အသုံးပြုဖို့ ပညာအခြေခံ လိုအပ်သလို ခေတ်သစ် အလုပ်သမား (စက်ရုံလုပ်သား) တွေကလည်း စက်တွေ မောင်းနှင်ဖို့ ပညာအခြေခံလိုတယ်။ ဒါတွေဟာ ခေတ်သစ်စက်မှုခေတ်ဖြစ်လာလို့ပါ။

ရှေးခေတ်ကတော့ စစ်သားဟာ မြင်းစီးခြင်း၊ ဓားခုတ် လှံထိုးခြင်းတို့ကို လေ့ကျင့်သင်ယူရတယ်။ ရှေးခေတ် အလုပ်သမားကတော့ ကာယလုပ်အားအသုံးပြုဖို့ သင်ယူရပါတယ်။ ခုခေတ်လောက် စာတွေပေတွေ တတ်ဖို့ မလိုပါဘူး။

ရှေးက ခေါမ၊ ဥရောပ စတဲ့ နေရာတွေမှာ ကျွန်လုပ်သားတွေ ရှိခဲ့တယ်။ အမေရိကားမှာ လူမဲတွေကို ကျွန် အဖြစ် ရောင်းဝယ်တာတွေ၊ ၀ါခင်း၊ ဆေးခင်းတွေမှာ အစုလိုက် ခိုင်းစေတာတွေရှိခဲ့ပါတယ်။ ဗမာပြည်မှာက တော့ အိမ်ကျွန်၊ ကျောင်းကျွန် လောက်ပဲရှိခဲ့ပါပြီး “ရှေ့ဂန္ထ၀င်ကျွန်စနစ်” မျိုး ရှိခဲ့ပုံမရပါဘူး။ လယ်ကျွန် ယာကျွန်ဆိုတာမျိုးကလည်း လယ်ကွက်ယာကွက် အကျယ်ကြီးတွေ စိုက်ခဲ့ကြတာမဟုတ်လို့ ကျွန်တွေ အများကြီးနဲ့ မစိုက်ပျိုးခဲ့ရပါဘူး။ ကျောက်စာတွေထဲမှာ ကျွန်တွေစာရင်းနဲ့ပါရှိပေမယ့် မများလှပါဘူး။ ကျွန်ဆို တာ အလုပ်သမားကိုပဲ ပြောတာပါ။ (ကျနော်တို့ ဘုရင်တွေကလည်း အသောကတို့၊ ရှိဟွန်တိတို့ လောက် မကြီးကျယ်ခဲ့ပါဘူး။)

ဗမာပြည်မှာ ကိုလိုနီခေတ်ကျမှ ရေနံမြေအလုပ်သမား ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမား၊ ဆန်စက် ဆီစက်အလုပ်သမား စသဖြင့် ပေါ်လာခဲ့ရာမှ ရေနံချက်စက်ရုံ အလုပ်သမားတွေကတော့ ပညာအခြေခံမြင့်ဖို့ လိုပါတယ်။ ဒါကြောင့်လဲ သန်လျင် ရေနံချက်စက်ရုံဘက်က သခင်စိုး၊ ဗိုလ်ရန်အောင်၊ သခင်ဘမောင် တို့လို နိုင်ငံရေးသမားတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အလုပ်သမားဆိုတာ ရူပဗေဒ၊ ဓာတုဗေဒ စတဲ့ သိပ္ပံပညာအခြေခံရှိရပါတယ်။ လုပ်ငန်းခွင်မှာ အစုလိုက် တနေရာတည်း လုပ်ကြရပြီး တယောက်နဲ့တယောက် ခွေးသွားဘီးတွေ ချိတ်ဆက်သလို၊ အချိန်ကိုက် ဆက် စပ် လုပ်ဆောင်နေကြရပါတယ်။ အလုပ်သမားတွေကိုယ်တိုင် စက်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေကြပါတယ်။ အလုပ်သမားတွေဟာ ယန္တရားသဘောအရ လူချင်းလည်း ချိတ်ဆက်ကျွမ်းဝင်နေကြရပါတယ်။ လယ်သမားတွေနဲ့ မတူတာက အဲဒါပါပဲ။ တစုတဝေးတည်း အစုလိုက် ဆက်စပ်ရင်းနှီး ကျွမ်းဝင်နေကြလို့ အရင်းရှင်တွေ က ကြောက်နေရပါတယ်။ အလုပ်သမားတွေ ဆန္ဒပြရင် အစုလိုက်ဖြစ်လို့ စက်ရုံလည်ပတ်မှုရပ်ဆိုင်းသွားရပြီး ကုန်ထုတ်လုပ်မှုလည်း တပါတည်း ရပ်ဆိုင်းသွားပါလိမ့်မယ်။ အလုပ်သမားတွေက သမဂ္ဂဆိုပြီး ဖွဲ့စည်းထူ ထောင် လိုက်ကြတဲ့အခါ ပိုပြီး ကြောက်စရာကောင်းလောက်အောင် အင်အားကြီးမားလာခဲ့ပါတယ်။

အလုပ်ရှင်က အလုပ်သမားတွေရဲ့ ကျေးဇူးရှင် အလုပ်သမားတွေဟာ အလုပ်ရှင်တွေရဲ့ ကျေးဇူးကျွန်လို့ ရှေး အစဉ်အလာမှတ်ယူစွဲလမ်းလာခဲ့တာရှိပါတယ်။ အလုပ်သမားတချို့ကလည်း အလုပ်ရှင်ကို ကျေးဇူးရှင်လို့ ထင်ယောင်ထင်မှား ဖြစ်နေကြတာမျိုး မြန်မာလူမျိုးတွေမှာ ရှိနေပါတယ်။ ကျေးဇူးရှင်ကို ကျေးမစွပ်ကောင်း ဘူးလို့ စွဲမှတ်နေကြပါတယ်။ ဒါဟာ မဟုတ်ဘူး။ အပြန်အလှန် အရောင်းအ၀ယ်သဘောပါပဲ။ “ဆီပေးလို့ ဆန်ရ” ဆိုတဲ့ သဘောတရားပါပဲ။ ဗမာအစိုးရကိုယ်တိုင်က ၀န်ထမ်းတွေကို သူတို့က ကျေးဇူးပြုထားတာ၊ သူတို့က လခပေးထားတာ၊ သူတို့ကို ကျေးဇူးတင်ရမှာလို့ ထင်မှတ်နေကြသလို ၀န်ထမ်းတွေကို သူတို့ရဲ့ ကျေးဇူးကျွန်တွေလို ဆက်ဆံလေ့ရှိပါတယ်။ ဒီအစွဲတွေ ဖျောက်ရပါမယ်။ ဒါဟာ နိုင်ငံရေးရဲ့ အခြေခံသဘော တရားတခုပါပဲ။

အလုပ်သမားဟာ အလုပ်ရှင်ရဲ့ ကျေးဇူးရှင်၊ အစိုးရရဲ့ ကျေးဇူးရှင်လို့လည်း မှတ်ယူပြီး အပြန်အလှန် ငြိမ်းချမ်း မျှတအောင် ဆက်ဆံနိုင်ရေးကို ရှေးရှုရမှာပဲ ဖြစ်ပါတယ်။ အလုပ်ရှင်ဟာ လောဘသမားဖြစ်လို့ အလျှော့ပေး ရိုး မရှိပါဘူး။ အသာတကြည်ပြောလို့လည်း မရပါဘူး။ သူ့ဘက်က အုပ်ချုပ်ရေး ယန္တရားပိုင်းဖြစ်တဲ့ အစိုးရက လည်း ဘက်လိုက်လေ့ရှိတော့ ပိုပြီးကမ်းတက်ပါတယ်။ စစ်အစိုးရကိုယ်တိုင် အလုပ်ရှင်ဖြစ်ရင်တော့ ပိုပြီး တော့ ဆိုးသည်ထက် ဆိုးပါမယ်။ စစ်အစိုးရဆိုရင်တော့ ဥပဒေမရှိဘဲ၊ သေနတ်ရှိနေလို့ ကမ်းကုန်အောင် မိုက်ရိုင်းပါလိမ့်မယ်။ ဘာသာရေးနဲ့ ငရဲကြီးမယ်ဆိုတာလည်း မရှိလို့ ဘုန်းကြီးတွေကိုတောင် သတ်ရဲသူတွေ ဖြစ်နေပြီဆိုရင် အလုပ်သမားကိုလည်း ညှာမှာမဟုတ်ပါဘူး၊ အလုပ်သမားကလည်း ပြန်မညှာဖို့ပဲ လိုပါတယ်။
ကမ္ဘာ့သမိုင်းအစဉ်အလာအရ အလုပ်သမားတွေဟာ သဘာဝအရ တစုတည်း ရှိရုံသာမက စနစ်တကျ ဖွဲ့စည်းထားကြတဲ့ “အလုပ်သမားသမဂ္ဂ” ဆိုတာတွေလည်း ရှိခဲ့လို့ ခုခေတ်မှာ အလုပ်ချိန်သတ်မှတ်မှု၊ အချိန် ပို လုပ်အားခ၊ လူမှုဖူလုံရေး စတာတွေ ရှိလာခဲ့ပါတယ်။ စစ်အစိုးရ လက်ထက်မှာ မဆလ လက်ထက်ကလို ဟန်ဆောင်ပန်ဆောင် အစည်းအရုံးလေးတောင် မရှိတော့ပါဘူး၊ ခွင့်လဲမပေးတော့ဘူး ဆိုတော့ လျှို့ဝှက် ဖွဲ့စည်းထားရမှာပါ။ ကျစ်လျစ်သိပ်သည်းစွာ လုပ်ဆောင်ရမှာပါ။ လောက်ကောင် ကြံ့ဖွံ့တွေကိုလည်း သတိ ထားရမှာပါ။

ခေတ်သစ်ဆိုရိုးရှိပါတယ်။ “အလုပ်သမားတွေမှာ နှောင်ကြိုးကလွဲပြီး ဘာမှ ဆုံးရှုံးစရာမရှိ” ဆိုတာပါပဲ။ အလုပ်သမားရဲ့ ဘ၀အသိ၊ နိုင်ငံရေးအသိ မရှိရင်တော့ အလုပ်ကျွန်ဘ၀က တက်မှာ မဟုတ်ပါဘူး။



REF: ခေတ်ပြိုင်

Read More...

ကြက်တူရွေး ဗိုလ်ချုပ်များ (ဆောင်းပါး) - မင်းအောင်နိုင်

တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ

ငယ်ငယ်တုန်းက စာကျက်ချိန်၊ စာပြန်ချိန်တိုင်း ဆရာမိဘတို့၏ ဆိုဆုံးမ စကားတခွန်းကို အမှတ်ရမိသည်။ "ကြက်တူရွေး စာအံသလို မလုပ်နဲ့" ဟု ဆိုကြလေသော စကားဖြစ်ပါသည်။ စာအုပ်ဖွင့်ကာ အော်ဖတ်မှတ် ပြီး၊ 'ဤ' - 'သည်' မရွေး တောက်ရှောက်ပြန်၍ အလွတ်ဆိုပြနိုင်လေခြင်းကို သတိပေးစကား ဖြစ်သည်။

စာ၏ အဓိပ္ပာယ်အမှန်ကို နားလည် သဘောပေါက်ရန်နှင့် စာကို အလွတ်ပြန်ရွတ်ပြနိုင်တိုင်း ကောင်းသည် မဟုတ်။ မိမိကိုယ်ပိုင် စဉ်းစားတွေးခေါ်ဉာဏ်များကိုလည်း အသုံးချကာ ဖတ်မှတ်ပြန်ဆိုနိုင်ရန် သတိပေးခြင်း ဖြစ်သည်။ ကြက်တူရွေးဆိုသည့် သတ္တ၀ါမှာ သူ့ကို သခင်က နှုတ်တိုက် သင်ပေးထားသော စကားတခွန်းကို သာ အာဂုံဆောင်၍ အလွတ်ရွတ်ပြနေတတ်သည့်ပုံကို ဥပမာပေး ပြောလေခြင်း ဖြစ်၏။

စာအုပ်ကြီးများမှ စာသားအကောင်းစားများကို အသေကျက်မှတ်ကာ ကိုးကားကောက်နုတ် ပြောဆိုတတ် သော သူငယ်ချင်းများကိုလည်း ကြက်တူရွေးကောင်ဟု ကျနော်တို့ နောက်ပြောင်ခဲ့ကြဖူးသည်။

လူစင်စစ်က ကြက်တူရွေးဖြစ်ကာ ကြက်တူရွေးလို နှုတ်တိုက်သင်ပေးထားသမျှ စကားများသာ တွင်တွင်ပြော လေသော ခေတ်သစ်လူ ကြက်တူရွေးများကို မြန်မာနိုင်ငံတွင် တွေ့ရနိုင်ပါသည်။

ကြက်တူရွေးအစစ်များနှင့် မတူသည့် ထိုကြက်တူရွေး ဗိုလ်ချုပ်များ၏ အားသာချက်မှာ အုပ်စုဖွဲ့ကာ သင်ပေး လိုက်သမျှ အာဂုံဆောင်၍ ရွတ်ပြတတ်ခြင်းပင်။

ထိုကြက်တူရွေးများ၏ အုပ်စုဗိုလ်မှာ အလိမ်တကာ့ထိပ်ခေါင် ၀န်ကြီးတပါးဖြစ်သည်။ အဖွဲ့ဝင်များကား ဘာ မေးမေး မဖြေတတ်၊ မဖြေနိုင်။ တေမိဝန်ကြီးတဦးနှင့် တလောကလုံးကို ရန်လိုနေသည့် မျက်နှာပေးနှင့် မယဉ်ကျေးသော ယဉ်ကျေးရေးဝန်ကြီးဖြစ်သည်။

အုပ်စုဗိုလ် ကြက်တူရွေးမှာ အာပေါင်အာရင်းသန်သန်နှင့် ပါးစပ်မှ အမြှုပ်ထွက်သည်ထိ တဖက်လူ မျက်နှာ တံတွေးစင်အောင်ပင် စွမ်းစမ်းတမံ အာဂုံဆောင်ထားသမျှ မမောတမ်း ပြန်ရွတ်ပြနိုင်၏။

ထိုကြက်တူရွေးအုပ်နှင့်အတူ အာဂုံဆောင် ရွတ်ပြတတ်သော တကိုယ်တော် ကြက်တူရွေးတကောင် ရှိသေး သည်။ ထိုအကောင်မှာ အထက်က ဆိုခဲ့သော သုံးကောင်ထက် အရေးအရာ ပိုပါ၏။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်ဆိုသူ ဂမ်ဘာရီ မြန်မာပြည်လာလေ တိုင်း ကြက်တူရွေးက အလွတ် ပြန်ရွတ်ပြကြရ၏။ ထိုပုဂ္ဂိုလ် ဂမ်ဘာရီ ဆိုသည်မှာလည်း ယခုတကြိမ် မြန်မာ ပြည် လာသွားသည်နှင့်ဆိုလျှင် ၇ ကြိမ်မြောက် ရှိလေပြီ။ ၇ ကြိမ်၊ ၇ လီ အဆော်ခံရပြီး ဖြစ်သော်လည်း မမှတ်သေး။ နောက်တခေါက် ပြန်လာကာ ကြက်တူရွေးများ အာဂုံဆောင် ရွတ်ပြသည်ကို နားထောင်လိုသေး ကြောင်း စကားဦး သန်းသွားခဲ့သည်။

ရှက်တတ်ရမှန်း မသိသော ကြက်တူရွေး ဗိုလ်ချုပ်များက ဂမ်ဘာရီကို ကျီးအာသလို ၀ိုင်းအာလိုက်ကြသည် မှာ…. .

ရန်ကုန်နှင့် ယင်းတို့ ပို့သမျှ မုန်တိုင်းသင့် ဒေသအချို့သာ သွားခဲ့ရလေသော ဂမ်ဘာရီကို "ကျနော်တို့ နိုင်ငံ ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး ဖော်ဆောင် အောင်မြင်မှု အခြေအနေများ၊ ယနေ့ ပြည်သူအများစုရဲ့ ဆန္ဒသဘောထားများ အားလုံးကို ကျယ်ကျယ်ပြန့် ပြန့် သိရှိနားလည်ပြီး ဖြစ်တယ်လို့ ယူဆမိပါတယ်" ဟူသော စကားမှာ လက်တွေ့ သိမြင်ကြုံနေရသော မြန်မာပြည်သားများအတွက်မှာကား ရယ်စရာသာ ဖြစ်နေတော့သည်။

လျှပ်စစ်မီးပင် မှန်အောင် မပေးနိုင်သော အခြေအနေတွင် "နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံတော် ဖွံ့ဖြိုး တိုး တက်ရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဘက်စုံထောင့်စုံမှ အလေးထား ဆောင် ရွက်ပေးလျက်ရှိပါတယ်" ဟု ပြောထွက်ခဲ့ပြန်သေး၏။

တကယ်တမ်းတွင် သူတို့နှင့် ပလဲနံပသင့်ရာ စစ်အစိုးရ အလိုတော်ရိ ထိုလက်တဆုပ်စာ စီးပွားရေးသမား များနှင့် စစ်တပ်မိသားစု အသိုင်းအ၀ိုင်းများသာ ကိုယ်စီအကျိုးစီးပွား ဖြစ်ထွန်းနေကြပါသည်။ ၅၈ သန်းသော ကျန်ပြည်သူများမှာ ထူးမခြားနား ဇာတ်ခင်းနေကြရသည်မှာ ပြည်သူထဲမှ ပြည်သူများသာ သိပါသည်။

သူတို့ဘာသာ ရေးဆွဲ၊ သူတို့ဘာသာ အာဏာဖြင့် အတည်ပြု ပြဋ္ဌာန်းလိုက်သော အခြေခံဥပဒေ မူကြမ်းကို လည်း "ပြည်သူလူထုကလည်း အခြေခံဥပဒေ မူကြမ်းကို ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းနဲ့ တခဲနက် ထောက်ခံ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်" ဟု အရှက်မဲ့စွာ ပြောပြန်ပါသည်။

နိုင်ငံရေး အကျဉ်းသားများကို သူတို့ပါးစပ်ထဲရှိသည့် ပုဒ်မများနှင့် အမှုဆင် ထောင်ချခဲ့သည်ကိုလည်း "ဥပဒေ များနှင့်အညီ အရေးယူ ဆောင်ရွက်နေရသော်လည်း အခြားတဖက်က သဘောထားကြီးကြီးထားပြီး စိတ် နှလုံးကောင်းနှင့် ယှဉ်ကာ သူတို့ရဲ့ ပြစ်ဒဏ်များ လျှော့ပေါ့ရေးကို အမြဲတမ်း စဉ်းစား ဆောင်ရွက်ပေးလျက် ရှိ ပါတယ်" ဟု လျှာအရိုးမရှိတိုင်း ဆိုပြန်ပါသည်။ ထိုနိုင်ငံရေး အကျဉ်းသားတို့အတွက် လိုက်ပါ ဆောင်ရွက် ပေးနေသော ရှေ့နေများကို မတရားအမှုဆင် ထောင်ချထားပြီးဖြစ်၍ အယူခံတင်ခွင့် ဆုံးရှုံးနေပါလျက်ကယ် နှင့် "ဥပဒေနှင့်အညီ အယူခံ တင်သွင်းလာမယ်ဆိုရင် ဆိုင်ရာ တရားရုံးတွေကလည်း ဥပဒေနှင့်အညီ ပြန် လည်၍ စဉ်းစားဆောင်ရွက် ပေးသွားမှာသာ ဖြစ်ကြောင်း ပြာကြားလိုပါတယ်" ဟု မစားရ၀ခမန်း ဆိုပြန်ပါ သည်။

မြန်မာပြည်လာသမျှ အချိန်တိုင်း ဘာမှမထူး၊ ယင်းတို့ အာဂုံဆောင် ရွက်ပြလေသမျှ နားထောင်ကာ မျက်စိ သူငယ် နားသူငယ်နှင့် အူလည်ဝေ့လည် ပြန်သွားရလေသော ဂမ်ဘာရီကိုလည်း ..

"အတွင်းရေးမှူးချုပ်ကိုယ်စား အဆွေတော် လာရောက် ဆောင်ရွက်နေသော အကျိုးဆောင်မှု လုပ်ငန်းများ အဆင်ပြေနေပြီလို့ ယူဆပါတယ်" ဟု အရှက်မရှိ ပြောထွက်ရဲပြန်ပေသည်။

မြန်မာပြည်လာသမျှ အခါတိုင်း အရှုံးများ ရင်ဝယ်ပိုက်ကာ ပြန်သွားရလေသည့် ဂမ်ဘာရီကို အရူးလို သဘော ထားကာ လှည့်စားပြောလေသည့် နောက်ကြက်တူရွေးတကောင်မှာ …

"နာဂစ်လေဘေးကြောင့် အကူအညီလိုနေသည့် ဒေသများသို့ သွားကြပါလေသော ဒေသများမှ လမ်းများ ပျက်စီးသည်ကို တပေါက်ပေါက် တပေါက်ဖာ စနစ်ဖြင့် သွားရန်၊ ကမ္ဘာ့စီးပွားပျက်ကပ် ဆိုက်ချိန် ပြည်ပ ရောက် နိုင်ငံသားတို့ကို အလုပ်လက်မဲ့ဖြစ်မှာ မပူပါနှင့်၊ ကိုယ့်နိုင်ငံကို ပြန်လာခဲ့ပါ။ အလုပ်များ ပေါပါသည်" ဟု စာကို ဖတ်ပြခဲ့သည့် ကြက်တူရွေးချုပ်ကြီးဖြစ်၏။ အဆိုပါ ကြက်တူရွေး အကြီးစားသည် ဆရာကိုတာ ပြောသလို ဖြန့်ထွက်တွေးရန်နှင့် ဆရာကျော်ဝင်း စကားအရ ဦးနှောက်ကို မုန်တိုင်းဆင်ရန် မသိပါဘဲ၊ သူများ ပြောခိုင်းသမျှ အလွတ်ပြန်ရွတ်ပြလေသော ကြက်တူရွေးတကောင်သာ ဖြစ်ချေ၏။

ဂမ်ဘာရီနှင့် တွေ့ဆုံခဲ့စဉ်ကလည်း "ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံအတည်ပြု ပေးထားသော ပြည်သူ အများစု၏ ဆန္ဒကို ဦးစားပေး၊ အလေးထား ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း" ဟု ထိပ်ပါမက မျက်နှာပါ ပြောင်ဖြင့် ပြောထွက်ရဲခဲ့လေ၏။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုသည်မှာ သူတို့လူ သူတို့ သဘောဖြင့် အတည်ပြုထားခြင်းဖြစ်၍ သူတို့ဆန္ဒကိုသာ ဦးစားပေးလုပ်သွားမည်ဟု ဆိုရပေမည်။

"လူ့အခွင့်အရေး ဆုံးရှုံးထိခိုက်စေသည့် ဗီဇာပိတ်ပင်ထားမှုများကို ကုလသမဂ္ဂအနေဖြင့် ဖယ်ရှားအောင် ဦးစွာကြိုးပမ်းသင့်ကြောင်း" ဟူ၍လည်း မရှက်တမ်း ပြောထွက်ခဲ့ပြန်သေးသည်။ သူတို့ စစ်ဗိုလ်ချုပ်များသာ ဗီဇာအပိတ်ခံထားရခြင်းဖြစ်ရာ သူတို့အတွက် ဆုံးရှုံးနေသော လူ့အခွင့်အရေးကိုမူ အလေးအနက်ထား တောင်းဆိုတတ်လေသည်ကို တွေ့ရသည်။

မိမိ တိုင်းသူပြည်သားများကို ဖိနှိပ်အုပ်ချုပ် နှိပ်စက်ဝံ့သော်လည်း ကိုယ့်အလှည့်ကျတော့မူ အနာမခံနိုင်ပုံ၊ အရေးယူပိတ်ဆို့ထားမှုများ သနားသောအားဖြင့် ပြန်လည် ဖယ်ရှားပေးပါရန် မျက်ရည်ခံထိုးသည့် စကား ပြောခဲ့ပြန်သေးသည်မှာ .. "ခြေနှစ်ဖက်ကို ကြိုးများဖြင့် ချည်နှောင်ထားပြီး၊ မြန်မြန် မပြေးခိုင်းပါနှင့် ကြိုးများ ဖြေပေးပါ" ဟု ဆိုပြန်သေးသည်။ သင်ပေးထားသော စကား အလွတ်အာဂုံဆောင် ပြန်ရွတ်ပြနိုင်လေသော ကြက်တူရွေးပီသစွာ အဆိုပါစကားကို ဂမ်ဘာရီ မမှတ်မိမှာ စိုး၍ထင်၏၊ နှစ်ခါ ပြန်ပြောခဲ့သည်။

ကျနော် ကလေးဘ၀က ကြက်တူရွေးတကောင် မွေးဖူးသည်။ စကားသင်ပေးဖို့ ကြိုးစားသောအခါ အဖွားက "ကြက်တူရွေးတွေက လျှာထူတယ်၊ စကားပြော မြန်မြန်တတ်စေချင်ရင် ငရုတ်သီး ကျွေး၊ ဒါမှ လျှာပါးလာပြီး စကားပြော သွက်လာမှာ" ဟု ပြောခဲ့ဖူးသော စကားကို အမှတ်ရမိသည်။

မြန်မာပြည်က ကြက်တူရွေး စစ်ဗိုလ်ချုပ်များသည် နေပြည်တော်ဒေသထွက် ငရုတ်သီးမျိုးစုံကို နေ့စဉ် စားနေ လေရာ ဒေသခံပြည်သူများအဖို့ ငရုတ်သီး ရှားပါး၊ ဈေးတက်လာမည့် ပြဿနာကို စိုးရွံ့နေကြလေသည် ဟူ၏။



REF: မဇ္ဈိမ

Read More...

ယုံကြည်ချက်ကို ဖျက်ဆီး၍မရစကောင်း - အေးချမ်းမြေ့

Monday, 09 February 2009

ဇန်နဝါရီလအတွင်းက Christian Solidarity World Wide (CSW) ကထုတ်ပြန်သည့် သတင်းတချို့ ဖတ် လိုက်ရသည်။ ရန်ကုန်ရှိ ခရစ်ယာန်များကို စုပေါင်းဝတ်ပြုခွင့် မရအောင် စစ်အစိုးရက နှောင့်ယှက်သည် ဟူ သော သတင်းဖြစ်သည်။

၎င်းအစီအရင်ခံစာအရ ရန်ကုန်မြို့ပေါ်ရှိ အသင်းတော်ပေါင်း ၁၀၀ ခန့်ကို ဝတ်ပြုစည်းဝေး ပြုလုပ်ရာတွင် နှောင့်ယှက်သည် ဟုသိရသည်။ ထို့အတွက် ရန်ကုန်ရှိ ခရစ်ယာန် ၈၀ ရာခိုင်နှုန်းခန့်မှာ စုပေါင်း ဝတ်ပြု ကိုးကွယ်ခြင်း ပြုလုပ်ရန် အခက်အခဲဖြစ်ရသည်ဟု ဆိုထား၏။

ထို့ပြင် တောင်ဒဂုံဘက်တွင်လည်း ဘုရားကျောင်းမဟုတ်သည့် နေအိမ်များတွင် စုပေါင်းဝတ်ပြုခြင်းများ မပြုလုပ်ရန် ပိတ်ပင်သည်ဟု ပါရှိသည်။ သင်းအုပ်ဆရာများကိုလည်း ခံဝန် လက်မှတ်ရေးထိုးခိုင်းကြောင်း ရေးသားထားသည်။

ရန်ကုန်မြို့ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတခု (ဓာတ်ပုံ - flickr.com)


ကျမကျင်လည်ခဲ့ရာ အသိုင်းအဝန်းက ခရစ်ယာန် အသိုင်းအဝန်းဆိုလျှင် မှားလိမ့်မည် မဟုတ်ပါ။ ကျမ အမေ ဘက်က ဆွေမျိုးအသိုက်အဝန်းလည်း များပြား၊ များသလောက်လည်း ခရစ်ယာန် ဘာသာဝင်တွေချည်း ဖြစ် သည်။ အမေ့ အမေ ကျမအဘွားက အင်္ဂလီကန် ခရစ်ယာန်တဦးဖြစ်ပြီး အဘိုးကတော့ နှစ်ခြင်းခရစ်ယာန် ဖြစ်သည်။ အမေ့ မောင်နှမများထဲတွင် အမေတယောက်သာ အဘိုး၏နှစ်ခြင်းအယူကို ယူခဲ့ပြီး ကျန်သူများ အားလုံးက အင်္ဂလီကန် ဖြစ်သည်။

ဒီတော့ ကျမငယ်စဉ်က မောင်နှမဝမ်းကွဲများ၊ အဒေါ်များနှင့်အတူလိုက်ကာ အင်္ဂလီကန်ဝန်းကျင်တွင် ပျော်ရွှင် ခဲ့သည်။ တနင်္ဂနွေကျောင်း (Sunday School) တောင် ကျမက အင်္ဂလီကန်ဘုရားကျောင်းမှာပဲ တက်ခဲ့ရတာ ဖြစ်သည်။ သို့သော် အရွယ်လေး နည်းနည်းရလာတော့ နှစ်ခြင်းခရစ်ယာန်တယောက် ဖြစ်ချင်လာမိသည်။

အဲဒီလိုဖြစ်ရတာက အကြောင်းရှိပါသည်။ ကျမတို့ မိခင်အသင်းတော်ရဲ့ သင်းအုပ်ဆရာ ဦးသာထွန်းရွှေ (ကျမတို့က ဖေဖေတူးတူးဟုခေါ်သည်) ၏ “နှစ်ခြင်း သဘောထား” ကို ကျမ အလွန် သဘောကျမိသော ကြောင့် ဖြစ်၏။ ဆယ်ကျော်သက်အရွယ် စာအုပ်များကို ဝါးစားသလိုဖတ်ဖြစ်ချိန်တွင် ဖေဖေတူးတူး၏ တနင်္ဂနွေ တရားဟောချက်များက ကျမရင်ကို လာထိသည်။ သူ့နှုတ်က ဟောကြားချက်များသာမက သူ့ အနေအထိုင်၊ သူ၏ မေတ္တာတရား၊ သူ၏ ခရစ်ယာန်အသက်တာက ကျမကို နှစ်ခြင်း ဖြစ်ချင်စိတ်များဆီသို့ ဆွဲခေါ်ခဲ့သည်။

လူငယ်ဘဝတွင် တက်ဖြစ်သော ကျမတို့၏ တနင်္ဂနွေကျောင်းဆရာ ဦးပီတာ (ကျမတို့က ဦးပီဟုခေါ်သည်၊ သူက ဦးသာထွန်းရွှေ၏ အငယ်ဆုံးသားဖြစ်၏) သွန်သင်မှုများကလည်း ကျမ၏စိတ်ကို ပိုပြီး တိတိကျကျ ဆုံးဖြတ်စေခဲ့သည်။ သူအမြဲပြောသည့် စကားတခွန်းက “ခရစ်တော်လမ်းစဉ် တို့လမ်းစဉ်” ဟူ၍ဖြစ်သည်။ သူ က နောက်သလို ပြောင်သလိုနှင့် အတည်ပြောခဲ့သော်လည်း ကျမ၏ ရင်ထဲတွင် အဲဒီစကားက စွဲနေသည်။

အင်္ဂလီကန် ဘုရားကျောင်းတွင် တက်ခဲ့စဉ်က သမ္မာကျမ်းစာကို ကျမသေသေချာချာ မသိခဲ့၊ ဖတ်လည်း မဖတ်ဘူးခဲ့။ ကျမ၏ အစ်မတဝမ်းကွဲများဆိုလျှင် ခုအသက်အရွယ်အထိ သမ္မာကျမ်းစာကို သေချာ သိပုံမရပါ။ ကျမက ဓမ္မပညာရှင်များလောက်မသိသော်လည်း နှစ်ခြင်းဘုရားကျောင်းတွင် သင်ခဲ့ရသလောက်၊ ကျမ ကိုယ်တိုင် ဖတ်ဖြစ်သလောက်တော့ နားလည်သည်ထင်မိသည်။

နှစ်ခြင်းခရစ်ယာန်၏ အစွန်းမရောက်မှု၊ ကိုယ့်ရင်ထဲမှ စည်းမျဉ်းစည်းကမ်းကို ကိုယ့်ဘာသာ လိုက်လျှောက်ရ မှု .. ဒါတွေကို သဘောကျလာသည်။ ဒီလိုနှင့် ကျမ နှစ်ခြင်းခံဖြစ်သည်။ ကျမကို နှစ်ခြင်းပေးတော့ ဖေဖေ တူးတူးက ဒီတိုင်းမပေးခဲ့။ နှစ်ခြင်းမခံခင် ကျမတို့ကို နှစ်ခြင်းခရစ်ယာန်နှင့် ပတ်သက်သည့် လိုက်လျှောက် သင့်သည့် အချက်များကို သင်တန်းပေးသည်။

ပြီးတော့ ကျမတို့ကို တကယ်ကော ဒီဘာသာကို လက်ခံယုံကြည်ချင်တာလားဆိုတာ သေချာအောင် မေးခွန်း ထုတ်သည်။ နှစ်ခြင်းမခံချင်သေးလည်းရသည်၊ ဒီဘာသာကို စောကျောလေ့လာချင် လေ့လာနိုင်သေးသည် ဟု ဖွင့်ပေးသည်။ ကျမက ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် နှစ်ခြင်းခံယူလိုက်ခြင်း ဖြစ်သည်။

ကျမက အတင်းအဓမ္မ လူများပြီးရောဆိုသော သဘောဖြင့် ဘာသာ သွင်းပေးချင်သူများ၊ နားမလည်သူများ ကို အတင်းဆွဲကာ နှစ်ခြင်းပေးသူများ၊ သာသနာပြုသည်ဟုဆိုကာ ကျေးလက်ဒေသများရှိ အသိဥာဏ် မရင့်ကျက်သူများကို ခရစ်ယာန်ဘာသာ၏ အနှစ်သာရထက် လူကြိုက်များသည့် အပြင်ဗန်း ဆွဲဆောင်မှုများ ပြုလုပ်နားချကြသူများကို မုန်းသည်။

မှော်ဘီ မရန်းတလင်းရှိ အနာကြီးရောဂါသည်စခန်းတွင် ဦးဆောင်ဦးရွက်ပြုနေသူ ခရစ်ယာန်တို့က ရောဂါ သည်ချင်းအတူတူ ခရစ်ယာန်ဘာသာဝင်သူများကို ဦးစားပေးဆက်ဆံသည်ဟု စာရေးဆရာမ သန်းမြင့် အောင်က ပြောဖူးသည်။ သူကိုယ်တိုင် ထိုရောဂါသည်များကြား သွားရောက်လှူဒါန်းခဲ့စဉ် မြင်ခဲ့ခြင်း ဖြစ်၏။

“မိသားစုဝင်တွေ အားလုံး ခရစ်ယာန်ဘာသာ ဝင်လိုက်လို့ အိမ်နဲ့ ကောင်းကောင်းမွန်မွန် နေရတယ်။ အိမ် ထောင်ဦးစီး အဘက ခရစ်ယာန်ဘာသာတော့ မဝင်နိုင်ဘူးဆိုပြီး သူ့ဘာသာ တဲလေးထိုးနေတာ တွေ့ခဲ့ရ တယ်” ဟု ဆရာမ သန်းမြင့်အောင်က ပြောပြသည်။ ထိုစကားအတွက် ကျမ အရှက်ရခဲ့ရသည်။

ဘာသာရေးနှင့်ပတ်သက်လာလျှင် ကျမက အမေကိုပါ ဆရာလုပ်သူ ဖြစ်သည်။ အမေပဲဖြစ်ဖြစ် သမ္မာ ကျမ်း စာနှင့် လွဲချော်နေသည်ထင်လျှင် ထောက်ပြဝေဖန်သည်။ ထို့အတွက် ကျမနှင့် တခြားသော လူကြီးများ အမြဲ ပြဿနာတက်ရသည်။

ဖေဖေတူးတူး၏ စကားလုံးများ အနေအထိုင်အမူအကျင့်များနှင့် ကြီးပျင်းခဲ့ရသော ကျမအတွက် တခြားသော နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များနှင့် အတော်လေးဆန့်ကျင်ဘက်တွေဖြစ်ရသည်။

အမေက ဘုရားကျောင်းတက်မှ ခရစ်ယာန်ပီသသည်ဟူသော အစွဲရှိသည်။ ကျမက အဲဒါကို တွန်းလှန် ချေဖျက်ချင်သူ။ ဘုရားကျောင်းမတက်ဘဲ စိတ်ထဲမှာ ဘုရားနှင့် နီးကပ်နိုင်သည်ဟု ယူဆသူ။ ပြီးတော့ သခင် ယေရှု၏ မေတ္တာနှင့် ပတ်သက်သော တရားတော်များကို တတ်နိုင်သလောက် လိုက်လျှောက်လျှင် ဘုရား ကျောင်း အပတ်စဉ်တက်ပြီး သူတပါးကို အမုန်းပွားသူ၊ ရန်လိုသူ၊ မနာလိုစိတ်ကြီးသူတို့ထက် ခရစ်ယာန် ပီသ သည်ဟု ယုံကြည်သူဖြစ်သည်။

ကျမတို့ အသင်းတော်တွင် ထိုအချိန်က လက်ထောက်သင်းအုပ်ဆရာမှာ ခရစ်ယာန်လောကတွင် နာမည်ကြီး စာရေးဆရာ သန်လျင်ဖေသွင်ဖြစ်သည်။ ဖေဖေတူးတူး အတော်လေး နာမကျန်းဖြစ်ချိန်က ကျမတို့ အသင်း တော်အတွက် သင်းအုပ်ဆရာအဖြစ် ဆရာသန်လျင်ဖေသွင်ကို သူကိုယ်တိုင် ရွေးချယ်ခဲ့သည်။

ဆရာဦးဖေသွင်ကို ထုံးစံအရ သိက္ခာတင်ပွဲကျင်းပတော့ နှစ်ခြင်းခရစ်ယာန်လောကတွင် တကယ့် ထိတ်ထိတ် ကျဲ သင်းအုပ်ဆရာကြီးများ လာကြသည်။ ပလ္လင်ပေါ်တွင် ဦးဖေသွင်ကို အလယ်၌ထားကာ ဘေးက သင်း အုပ်ဆရာကြီးတွေက ဝိုင်းလျှက် ကောင်းချီးပေးတော့ ဖေဖေတူးတူးလည်း ပါသည်။ အဲဒီမှာ ကျန်သည့် ဆရာ ကြီးတွေက ခေါင်းပေါင်းတလူလူ၊ ဝတ်ရုံတကားကားနှင့်ဖြစ်နေသည်။ ဖေဖေတူးတူးကတော့ တိုက်ပုံ အမည်း လေးနှင့် ခေါင်းပေါင်းလည်းမပါ။

ကျမတို့ မြန်မာနှစ်ခြင်းတွင် ဝတ်ရုံမရှိ၊ အခေါ်အဝေါ်ကိုက တခြားဂိုဏ်းဃဏများလို ဘုန်းတော်ကြီးဟုပင် မခေါ် .. သင်းအုပ်ဆရာဟုသာ ခေါ်ကြသည်။ ဝတ်ရုံနှင့် ခေါင်းပေါင်းကြီးများနှင့် ဘယ်လိုမှ မလိုက်ဖက်။ တရားသူကြီးလိုလို၊ ရှေ့နေများလိုလို အမြင်ဆန်းပြီး ရယ်ချင်နေမိသည်။

နောက်တခု နှစ်ခြင်းကို သဘောကျသည့် အချက်က သင်းအုပ်ဆရာတပါးက အသင်းတော်တခုတွင် သေ သည်အထိနေရင်း အသင်းတော်ကိုဘခင်တဦးအဖြစ် စောင့်ရှောက်ရခြင်းဖြစ်သည်။ တခြား ဂိုဏ်းဃဏများ ကတော့ အဲလိုမဟုတ် အဆင့်ဆင့် ဂိုဏ်းထောက်၊ ဂိုဏ်းချုပ် စသည်ဖြင့် အုပ်ချုပ်ပြီး ဘုန်းတော်ကြီးများ က တာဝန်ကျရာ အရပ်သို့ ပြောင်းရွှေ့ကြရသည်။

ကျမတို့မြို့တွင် ဘုရားကျောင်းများက တကျောင်းနှင့်တကျောင်း နီးကပ်စွာတည်ရှိပြီး .. တဦးနှင့်တဦးလည်း ရင်းနှီးခင်မင်ကြသည်။ ဘုရားကျောင်းတကျောင်း၏ သာရေး၊ နာရေးကိစ္စများကို ကျန်ဘုရားကျောင်းများက ပါဝင်ကူညီလေ့ရှိသည်။ ပြီးတော့ နှစ်စဉ် နိုဝင်ဘာလတိုင်း ဂိုဏ်းပေါင်းစုံ ခရစ်ယာန် ရက်သတ္တပတ် ဆိုသည့် အစီအစဉ်ရှိသည်။ ထိုအစီအစဉ်က ကျမတို့ ကလေး၊ လူငယ်များအတွက် အလွန်ပျော်ဖို့ ကောင်းသည်။

ထိုအစီအစဉ်ကို ဖြစ်မြောက်ဖို့ ဘုရားကျောင်းတိုင်းက သင်းအုပ်ဆရာ၊ ဘုန်းတော်ကြီး၊ အသင်းတော် လူကြီး များ စုပေါင်းစည်းဝေးကာ အစီအစဉ်တိုင်းတွင် ဘုရားကျောင်းအားလုံး ဝိုင်းဝန်း အကောင်အထည် ဖော်ရ သည်။ ကျမ အကြိုက်ဆုံးကတော့ ဓမ္မသီချင်းဆိုပြိုင်ပွဲဖြစ်သည်။

သီချင်းဆိုပြိုင်ပွဲတွင် တပင်တိုင်၊ ၂ ယောက်သံစုံ၊ ၄ ယောက် သံစုံ ဟူ၍ ရှိသောကြောင့် ကိုယ့်ဘုရားကျောင်း၊ သူ့ဘုရားကျောင်းမခွဲဘဲ ၂ ယောက်သံစုံအတွက်၊ ၄ ယောက်သံစုံအတွက် ကိုယ်နှင့်လိုက်ဖက်မည့် ဆိုဖော် ဆိုဖက်ကို ရှာရတာ သဘောကျသည်။ ပြီးတော့ ဟိုးရှေးခေတ်ကတည်းက ရေးထားသည့် ဓမ္မသီချင်းများကို နုတ်မလွဲအောင် လေ့ကျင့်သီဆိုရတာ ပျော်သည်။

သီချင်းအကြောင်းစမိတော့ ဓမ္မသီချင်းလေးတပုဒ်ကို သတိရမိသည်။ အဲဒီသီချင်းကို အစကတော့ ကျမ အမှတ်တမဲ့ပင်။ သို့သော် သူငယ်ချင်းတယောက်က ကျမကို “အဲဒါ ဒေါ်အောင်ဆန်းစုကြည် အရမ်းကြိုက်တဲ့ သီချင်းပေါ့” ဟု လာပြောကတည်းက ကျမသေချာ ဆိုကြည့်၊ ဖတ်ကြည့်မိသည်။ ပြီးတော့ အဲဒီသီချင်းလေး ကို အလွတ်ရသွားသည်။ သီချင်းလေးက တိုတိုလေး။ ဒါပေမယ့် အဲဒီသီချင်းလေးက အဓိပ္ပာယ် ပြည့်ဝလှ သည်။ နှစ်ခြင်းခရစ်ယာန်တဦးဖြစ်သင့်သော နေထိုင်မှုကိုညွှန်ပြသည်ဟု ထင်သည်။

“ကျွန်ုပ်ကို ယုံသောသူများကြောင့် ဖြောင့်မတ်မည်။ ဂရုစိုက်သောသူများကြောင့် သန့်ရှင်းမည်။ ကိုယ် အား နည်းကြောင်း ကိုယ်သိ၍ စိတ်နှိမ့်ချမည်။ ပင်ပန်းခံရန်များသောကြောင့် ရဲရင့်မည်။ မိတ်ဆွေမဲ့သူနှင့် ရန်သူကို မိတ်ဖွဲ့မည်။ စွန့်ကြဲကြောင်းမေ့လျှက် စွန့်ကြဲပေးကမ်းမည်။ ဆောင်ရွက်ရန်များသောကြောင့် ခွန်အားနှင့်ပြည့် မည်။ ရွှင်လန်းချစ်ခင် မျှော်ကြည့်လျှက်ထူပင်မည်” ဆိုသည့် သီချင်းလေးကို ကျမရင်ထဲမှာ ဘယ်တော့မှ မမေ့။

ခရစ်ယာန် အိမ်ထောင် ရက်သတ္တပတ်အစီအစဉ်၏ နောက်ဆုံးမတိုင်မီတရက် စနေနေ့ညနေပိုင်းတွင် ခရစ် ယာန် အိမ်ထောင်တိုင်းက ဟင်းတမျိုးစီချက်ယူလာပြီး စုပေါင်းစားသောက်သည့် မိတ်ဆုံ ထမင်းစားပွဲရှိသည်။ ဂိုဏ်းပေါင်းစုံတည်ခင်းသည်ကတော့ သီးစုံပဲဟင်း တခွက်ဖြစ်၏။ အဲဒါပြီးတော့ ညဘက်တွင် ကလေး၊ လူကြီး၊ လူငယ်အားလုံးပါဝင်သော စင်မြင့်ဖျော်ဖြေပွဲရှိသည်။

ကလေးဘဝတွင် ပြဇာတ်များကို ထိုင်ကြည့်ကာ သဘောကျနှစ်ခြိုက်ခဲ့သမျှ လူငယ်ဘဝတွင် ကျမကိုယ်တိုင် ပြဇာတ် ဒါရိုက်တာ ဝင်လုပ်သည်။ အဓိက ခရစ်ယာန်အိမ်ထောင်များနှင့် သက်ဆိုင်သည့် ဟာသပြဇာတ်များ ကို တင်ဆက်ကြပြီး ထိုအစီအစဉ်ကြောင့် ဘုရားကျောင်းပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံက သူငယ်ချင်းများ တိုးပွား လာသည်။ ထို့ကြောင့်လည်း တခြား ဂိုဏ်းဃဏများကို ပိုလေ့လာခွင့်ရသည်။

မက်သဒစ် ခရစ်ယာန်များက စည်းမျဉ်းစည်းကမ်းကို အဓိကထားတာ တွေ့ရသည်။ သူတို့၏ စည်းမျဉ်း စည်း ကမ်းက စာအုပ်ထဲတွင် အခိုင်အမာရှိသည်။ ထိုစည်းကမ်းများအတိုင်း လိုက်နာခြင်း ရှိမရှိ ဆိုသည်ကိုတော့ သူတို့ကိုယ်တိုင်ပဲ သိလိမ့်မည်။

ကျမက အဲလို စည်းကမ်းတွေ သိပ်တင်းကျပ်တာမျိုးကိုလည်း မကြိုက်လှ။ စည်းကမ်းတင်းကျပ်လျှင် တင်း ကျပ်သည့်အတိုင်း တကယ်လိုက်နာသင့်သည်။ မလိုက်နာနိုင်ဘဲနှင့်တော့ စည်းကမ်းတင်းကျပ်တာမျိုး သဘောမကျ။

ကျမ၏ ခရစ်ယာန်လူငယ်ဘဝက စိတ်ချမ်းမြေ့စရာ၊ ပျော်စရာများနှင့် အတိပြီးကာ သင်ယူစရာများ အပြည့် ရှိခဲ့သည်။ ခရစ္စမတ်အချိန်မှာ ကျမတို့ လူငယ်များ သီချင်းဆိုထွက်ကြသည်။ မှတ်မှတ်ရရ ၁၉၈၈ အရေး အခင်းပြီးခါစ ခရစ္စမတ်အချိန်မှာတော့ ကျမတို့ကို လူကြီးများက သီချင်းဆို မထွက်စေချင်။ အဲဒီတုန်းက ည ဘက်မထွက်ရအမိန့် ချမှတ်ထားစဉ်ဖြစ်သည်။ ကျမတို့လူငယ်များကတော့ နှစ်စဉ်လုပ်နေကျအတိုင်း ပုံမှန် လုပ်ချင်သည်။ ဒီတော့ ကျမတို့ နေ့ခင်းဘက်တွင် သီချင်းဆိုထွက်ကြသည်။ ညမထွက်ရအမိန့် သတ်မှတ်ချိန် မတိုင်မီ ကျမတို့အဖွဲ့ သိမ်းကြသည်။ ဘာပြဿနာမှတော့မဖြစ်။

နောက်ပြီး နှစ်သစ်ကူးအကြိုညတွင်လည်း ထိုနည်းလည်းကောင်း။ လူကြီးများက မလုပ်စေချင်။ အဲဒီမှာ အသင်းတော်အားလုံး၏ လူကြီးတိုင်းက မလုပ်စေချင်ခြင်းဖြစ်သည်။ ကျမတို့ကတော့ လုပ်ချင်သည်။ အဲဒီမှာ ဂိုဏ်းပေါင်းစုံက သူငယ်ချင်းများ နှစ်သစ်စုကြိုရန်စီစဉ်ကြသည်။ မက်သဒစ်ဘုန်းတော်ကြီးက သူ့ဘုရား ကျောင်းကို ပေးသုံးသည်။ သူ့ဘုရားကျောင်းက ဝင်းခြံကြီးထဲတွင်ဖြစ်သောကြောင့် အပြင်က ရုတ်တရက် အသံမကြားရ၊ မမြင်ရ။ ထိုနှစ်တွင် ကျမတို့ ခါတိုင်းနှစ်များနှင့်မတူစွာ ကိုယ့်ဘုရားကျောင်းချည်း သီးသန့် မဟုတ်ဘဲ ဂိုဏ်းပေါင်းစုံစုပေါင်း၍ နှစ်သစ်ကိုကြိုဆိုဖြစ်ကြသည်။

ထိုသို့ စုပေါင်းလုပ်ဖြစ်ခြင်းက ကျမတို့လူငယ်များ အချင်းချင်း ပိုမိုရင်းနှီးကာ တဦးနှင့်တဦး ပိုမိုချစ်ခင်လာကြ သည်။ ကျမတို့မြို့တွင် ဘုရားကျောင်းစုစုပေါင်း ငါးကျောင်းရှိသည်။ အင်္ဂလီကန်၊ မက်သဒစ်၊ ရိုမန်ကက် သလစ်၊ မြန်မာနှစ်ခြင်းနှင့် ကရင်နှစ်ခြင်းတို့ဖြစ်သည်။ ထိုထဲတွင် အင်္ဂလီကန်နှင့် ရိုမန်ကက်သလစ်က သီးသန့်ဆန်သည်။ တခြားအသင်းတော်များနှင့် သိပ်ရောရောနှောနှောမနေ။ ကျန်သုံးကျောင်းကတော့ ဘာ ကိစ္စပဲရှိရှိ ရင်းနှီးသည်။ အတူလုပ်ဆောင်ကြသည်။

၁၉၈၉ နှစ်သစ်ကူးချိန်ကစပြီး ဘုရားကျောင်းသုံးကျောင်းက လူငယ်များ တရင်းတနှီးဖြစ်ကုန်ကြသည်ကို သဘောမတွေ့သူများရှိသည်။ အဲဒါကတော့ ကရင်နှစ်ခြင်းအသင်းတော်မှ လူကြီးတချို့ဖြစ်၏။ သူတို့ လူငယ် များကို သီးသန့်ခွဲထုတ်ချင်သည်။ အစပိုင်းတွင် မသိမသာခွဲထုတ်ရာမှ နောက်ပိုင်း သိသိသာသာ ခွဲထုတ်လာ သည်။ ကျမတို့နှင့် ပေါင်းသင်းသည်ကို သိသာစွာ မကြိုက်ကြောင်း ပြသလာသည်။

သူတို့မှာလည်း သူတို့အနာနှင့်သူတို့ ဆိုသည်ကို ကျမတို့နားလည်ပါသည်။ ဗမာလူမျိုးများအပေါ် နာကြည်း ချက်များစွာ သူတို့တွင်ရှိနေသည်။ ဗမာများက သူတို့ကိုနှိပ်စက်ခဲ့သည်ဟူသော အစွဲကြောင့် ဗမာအားလုံးကို သိမ်းကျုံးကာ မုန်းနေခဲ့သည်။ ကျမတို့ကတော့ အတိတ်ကိုထားခဲ့ကာ လက်ရှိအနေအထားတွင် ချစ်ခင် ပျော်ရွှင်ချင်သည်။ သို့သော်လည်း သူတို့၏ လက်ဆင့်ကမ်းအမုန်းက ခဝါချ၍ မရနိုင်ခဲ့။ အပေါ်ယံတွင် ချစ်ခင် ရင်းနှီးမှုများရှိသည်။ နာရေး၊ သာရေးများတွင် ကူညီဝိုင်းဝန်းသည်။ သို့သော် လူငယ်အချင်းချင်း တကယ့် မေတ္တာစိတ်ရင်းဖြင့် ပေါင်းစည်းချစ်ခင်ကြသည်ကိုတော့ မလိုလားတာအမှန်ပင်။

ကျမတို့မြို့ပေါ်မှာတော့ ခရစ်ယာန်ဟူ၍ ခွဲခြားဆက်ဆံခြင်းမျိုး .. အစိုးရ၏ နှောင့်ယှက်ဖိနှိပ်မှုမျိုး မတွေ့ပါ။ သို့သော်လည်း ဘုရားကျောင်းနာမည်ဖြင့် ခြံဝင်းချဲ့ထွင်ခွင့်မရှိ၊ မြေကွက်ဝယ်ခွင့်မရတာမျိုးလောက်တော့ ရှိသည်။ တခြား တောဒေသများ၊ အထူးသဖြင့် တိုင်းရင်းသားများနေထိုင်သည့် ချင်းဒေသ၊ ကချင်ဒေသ၊ ကရင်ဒေသနှင့် ဧရာဝတီတိုင်းအတွင်းမှာရှိသည့် ဘုရားကျောင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ခရစ်ယာန် ဘာသာဝင်များကို နှိပ်စက်ခြင်းများရှိသည်ဟု ခရစ်ယာန်အသိုင်းအဝန်းတွင် အချင်းချင်းပြောနေကြတာ ကြား ဖူးသည်။ သို့သော် ထိုသို့ကြားဖူးခဲ့တာ အလွန်ကြာခဲ့ပြီဖြစ်သည်။

CSW ကထုတ်ပြန်သည့် သတင်းနှင့်ပတ်သက်၍လည်း ကျမ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ကို မေးကြည့်သည်။ သူတို့ကတော့ မကြားမိသေးပါဟု ဆိုသည်။

ကျမက လူငယ်ဘဝတွင် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ လူငယ်ဌာန ဓမ္မသဘင်အဖွဲ့နှင့် နယ်လှည့် ဖျော်ဖြေပွဲများတွင် လိုက်ပါဖူးရာ နယ်စုံနီးပါးရောက်ဖြစ်သည်။ ကျမသွားခဲ့သည့် ရွာများတွင်တော့ အစိုးရ၏ နှိပ်စက်ညှဉ်းပန်း ခွဲခြားဆက်ဆံခံရသည်ဟု မကြားမိ။

သမ္မာကျမ်းစာ ဓမ္မသစ်တွင် သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း ကျန်ရစ်သည့် ခရစ်ယာန်များကို ရောမဧကရာဇ်က အကြီးအကျယ် နှိပ်စက်ညှဉ်းပန်းခဲ့သည့်အကြောင်းများ ရေးသားပါရှိသည်။ ခရစ်ယာန်များ မှာ လွှဖြင့် အပိုင်းပိုင်း တိုက်ဖြတ်ခံရသည်၊ မီးရှို့အသတ်ခံခဲ့ရသည်။ ဘုရားကျောင်းများ မီးရှို့ဖျက်ဆီးခံခဲ့ရ သည်။ ခရစ်ယာန်ဘာသာကို အမြစ်ကလှန်၍ ခြေမှုန်းဖျက်ဆီးခဲ့သည်။ သို့ရာတွင် ခရစ်ယာန်ဘာသာက ယနေ့ထက်တိုင် ရှိနေဆဲဖြစ်သည်။ ပျောက်ပျက်မသွားခဲ့။

လူကိုသတ်၍ရသည်၊ ဘုရားကျောင်းများကို ဖျက်ဆီး၍ ရနိုင်သည်။ ရင်ထဲတွင် ကိန်းအောင်းနေသော ယုံကြည်ချက်ကိုတော့ ဖျက်ဆီး၍ မရစကောင်း။ ကျမတို့ ရှေးဘိုးဘေးများ၏ ရင်ထဲတွင် ကိန်းအောင်းခဲ့ သော ယုံကြည်ချက်ကို လက်ဆင့်ကမ်းနိုင်သောကြောင့်လည်း ယနေ့ ကျမခရစ်ယာန်တယောက် ဖြစ်လာခဲ့ရ သည်မဟုတ်လား။

ကျမအနေနှင့်တော့ စစ်အစိုးရက ဝတ်ပြုခွင့်မရအောင် နှောင့်ယှက်ချင်လည်း နှောင့်ယှက်ပါစေ .. လူအများ ၏ စိတ်ထဲတွင် ခိုင်မာစွဲထင်နေသော ယုံကြည်ချက်ကို ဖျက်ဆီး၍ မရနိုင်ပါ။ ဘုရားကျောင်းမတက်ရလည်း ကိုယ့်ဘာသာ တယောက်တည်း ဘုရားဝတ်ပြုနိုင်သည် မဟုတ်လား။ ကိုယ့်ဘာသာတယောက်တည်း ဝတ်ပြုသည်ကို နှောင့်ယှက်လျှင်ကော .. ။ စိတ်ထဲတွင် ဘုရားသခင်ရှိနေလျှင် ခရစ်ယာန်တယောက်အဖို့ လုံလောက်သည်ဟု ထင်ပါသည်။



အေးချမ်းမြေ့
REF: ဧရာဝတီ

Read More...

နစက အချင်းချင်းပစ်ခတ်၍ နှစ်ဦးသေ

2/9/2009

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင် နစက တပ်သားများအကြား အချင်းချင်း ပစ်ခတ်မူ ဖြစ်၍ (၂) ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ပစ်ခတ်မူမှာ မောင်တောမြို့နယ် မြောက်ပိုင်း စံပယ်ကုန်း ကင်းစခန်းတွင် ယမန်နေ့ ညနေ ၈ နာရီ ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖေါ်လိုသူ ရဲအရာရှိ တဦးက ပြောသည်။

အဆိုပါ ကင်းစခန်းတွင် တာဝန်ကျနေသူ စခန်းမှူး တပ်ကြပ် စိန်ဝင်းအား တပ်သားလှမြိုင်မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

“လှမြိုင်က ၈ ချက်တိတိ ပစ်ခတ်ပါတယ်။ တပ်ကြပ်စိန်ဝင်းက ပစ်ခတ်ခံရတဲ့ နေရာမှာဘဲ ပွဲချင်းပြီး သေပါ တယ်။ သိပ်မကြာခင်ဘဲ လှမြိုင်လည်း ကိုယ်ကိုကိုယ် သတ်သေသွားခဲ့ပါတယ်။” ဟု ရဲအရာရှိက ပြောသည်။

ပစ်ခတ်မူနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးသော်လည်း အချင်းအချင်း မကျေနပ်ရာမှ ပစ်ခတ်ခြင်း ဖြစ်ဟန်တူသည်ဟု ရဲအရာရှိက ပြောသည်။

ယခုအခါ အဆိုပါ ပစ်ခတ်မူနှင့် ပတ်သက်ပြီး နစက ကျီးကန်းပြင်ဌာနချုပ်မှ လာရောက်စစ်ဆေးနေကြောင်း နှင့် အလောင်းများကို သေမှုသေခင်းအရ စစ်ဆေးရန် မောင်တော ခရိုင်ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု သိရသည်။

အခင်းဖြစ်ပွားရာ စံပယ်ကုန်း ကင်းစခန်းမှာ နစက နယ်မြေ အမှတ် (၅) - ငါးခူရ လက်အောက်ခံ ဖြစ်ကြောင်း သိရသည်။

REF: နိရဉ္စရာ

Read More...

Monday, February 9, 2009

ဦးကျော်သူ နိုင်ငံခြားရေး ဒုဝန်ကြီးရာထူးက ဘာကြောင့် ပြုတ်

ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်အောင်မြင်
၉ ဖေဖော်ဝါရီ ၂၀၀၉


နိုင်ငံခြားရေး ဒု-၀န်ကြီးဟောင်း ဦးကျော်သူဟာ ယခင်သမ္မတဟောင်း ဒေါက်တာမောင်မောင်ရဲ့ သားဖြစ်ကာ DSA အပတ်စဉ် (၁၃) မှ ကျောင်းဆင်းခဲ့ပြီး စစ်ဆင်ရေးမှာလည်း ထူးချွန်ခဲ့သူတဦး ဖြစ်ပါတယ်။ ဒေါက်တာ မောင်မောင်က သူ့ရဲ့သားကို ဂုဏ်ပြုတဲ့အနေနဲ့ “သားမောင်စစ်သည်” ဆိုတဲ့ စာအုပ် ရေးသားထုတ်ဝေခဲ့လို့ အဲဒီခေတ်ကာလက လူငယ်များ စိတ်ဝင်စားစရာ စာအုပ်တအုပ် ဖြစ်ခဲ့ပါတယ်။ အဲဒီခေတ်ကလည်း စစ်တပ် အပေါ် ပြည်သူလူထုက အခုချိန်လောက် နာကြည်းမှု မရှိသေးတဲ့အချိန် ဖြစ်ပါတယ်။

အဲဒီနောက် ဗိုလ်ကျော်သူဟာ အဆင့်ဆင့် ရာထူးတက်ကာ တပ်မ (၂၂) ရဲ့ တပ်မမှူး ရာထူးဖြင့် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဦးကျော်သူဟာ တပ်မမှူးရာထူးနဲ့ ဗိုလ်မှူးချုပ် အပွင့်မတင်ရသေးဘဲ ဗိုလ်မှူးကြီး ဘ၀ ဖြင့် ရှိနေစဉ်မှာပင် ယခင် ရတခ တိုင်းမှူး ဗိုလ်မှူးချုပ် မြင့်အောင်နဲ့ စစ်ဆင်ရေးကိစ္စတခုအပေါ် စပ်လျဉ်းပြီး စကားများကြကာ တဦးနဲ့တဦး ထိုးကြိတ်တဲ့အထိ ပြဿနာ အကြီးအကျယ် တက်ခဲ့ပါတယ်။

သူ့ရဲ့တပ်မ (၂၂) ဟာ ရှေ့တန်းမှာ အကျအဆုံး ဒဏ်ရာရသူများပြီး အထိနာနေရာ ရတခ တိုင်းမှူး ဗိုလ်မှူး ချုပ် မြင့်အောင်ကလည်း မညှာမတာ လက်အောက်ကို ဖိနှိပ်ညစ်ပတ်နေလို့ မခံမရပ်နိုင် ဖြစ်ကာ အမှန် တရားကို ရဲတင်းစွာ ပြန်ပြောရဲတဲ့ တပ်မမှူး ဗိုလ်ကျော်သူရဲ့ စိတ်ဓာတ်ကြောင့် တိုင်းမှူးနဲ့ တပ်မမှူးတို့ ထိုး ကြိတ်ကြတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဗိုလ်ကျော်သူဟာ ဗိုလ်မှူးချုပ်ပင် မဖြစ်တော့ဘဲ ရာထူးပြုတ်ကာ တောင်အာဖရိကဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် လွင့်သွားခဲ့ပါတယ်။ အဲဒီနောက် ဦးလင်းမြိုင်ကို ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ် ကြီးအဖြစ်မှ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်လည်းကောင်း၊ ဦးကျော်သူကို ပြင်သစ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်လည်းကောင်း ပြောင်းရွှေ့တာဝန်ပေးဖို့ နအဖက စီစဉ်ခဲ့ပါတယ်။ ပြင်သစ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဖြစ်ခဲ့တဲ့ ဦးလင်းမြိုင်ဟာ သံတမန် လုပ်ထုံးလုပ်နည်းအရ သံ အမတ်သစ်ရဲ့ ကိုယ်ရေးရာဇ၀င် အကျဉ်းချုပ်ကို ပြင်သစ်အစိုးရထံ တင်ပြလိုက်တဲ့အခါ ဦးကျော်သူရဲ့ မူရင်း ရာထူး ဖြစ်ကြတဲ့ တပ်မမှူး၊ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး အဆင့်လို့ အတိအကျ ရေးလိုက်လို့ ပြင်သစ်အစိုးရ က လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ကိုယ်ရေးရာဇ၀င်ကို ကာကွယ်ရေးဝန်ကြီးဌာနမှာ လုပ် တယ်လို့ပဲ ရေးသားတင်ပြရမှာ ဖြစ်တယ်။

အဲဒီလို ပယ်ချခံရပြီးတဲ့နောက် ဦးကျော်သူဟာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်သာ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခဲ့ရပါတော့တယ်။ အဲဒီအချိန်မှာ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ တပည့်များဖြစ်ကြတဲ့ ထောက်လှမ်းရေးမှ ဦးဝင်းအောင်က ၀န်ကြီး၊ ဦးခင်မောင်ဝင်းက ဒု-၀န်ကြီးအဖြစ် နေရာ ယူထားတာကြောင့် အာဏာချိန်ခွင်လျှာ ညှိတဲ့အနေနဲ့ ဗိုလ်သန်းရွှေက ဦးကျော်သူကို ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ခန့်အပ်လိုက်ပါတယ်။

အဲဒီနောက် နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်နဲ့ ဒု-၀န်ကြီး ဦးခင်မောင်ဝင်းတို့ ပြုတ်သွားချိန်မှာ ဦးကျော်သူ ဟာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လိမ့်မယ်လို့ မျှော်မှန်းထားပေမယ့်လည်း မှန်းချက်နဲ့ နှမ်းထွက် မကိုက်ကာ ဗိုလ်ချုပ်ဥာဏ်ဝင်းအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် အစားထိုး ခန့်အပ်လိုက်တာကို တွေ့ရပါတယ်။

အမှန်တကယ်တော့ ဗိုလ်ဥာဏ်ဝင်းဟာ DSA အပတ်စဉ် (၁၅) က ဖြစ်ပြီး တပ်ချုပ် ဗိုလ်သန်းရွှေရဲ့ တပည့် ကျော် အိတ်ဆွဲ ဗိုလ်မြင့်ဆွေ (ယခု ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး) နဲ့ တပတ်စဉ်တည်း ဖြစ်လို့ ဗိုလ်မြင့်ဆွေ ရဲ့ထောက်ခံချက်အရ စိုင်ကော်လို့ ချုံပေါ် ရောက်လာခြင်း ဖြစ်ပါတယ်။ လက်ညှိုးထောင် ခေါင်းညိတ်၊ စိုင် ကောင်ကြီး ဗိုလ်ဥာဏ်ဝင်းဟာ အင်္ဂလိပ်စာ မကျွမ်းကျင်လို့ အာဆီယံ အစည်းအဝေးမှာ “ဟား” ခံရတာမို့ အင်္ဂလိပ်စာ ကျွမ်းကျင်လှပြီး သံခင်း တမန်ခင်း အရည်ကျို သောက်ထားတဲ့ စီနီယာ ဖြစ်သူ ဗိုလ်ကျော်သူ အနေနဲ့ အထက်အောက် တွဲလုပ်ရာမှာ ကသိကအောက်တွေဖြစ်ကာ မကြာခဏ ထိပ်တိုက် တွေ့နေတယ်လို့ သိရပါတယ်။

ယခုအခါ ပြန်ကြားရေးဝန်ကြီး ဗိုလ်ကျော်ဆန်းက နာဂစ်မုန်တိုင်းသင့်ဒေသရှိ ပြည်သူတွေ နဂိုအခြေအနေ ပြန်ရောက်ပြီလို့ ဂမ်ဘာရီကို ပြောလိုက်ပေမယ့် ဒီနေ့ပဲ နာဂစ်ဆိုင်ကလုန်း လေဘေး ကယ်ဆယ်ရေး လုပ်ငန်းလုပ်ဆောင်ရန် ဖွဲ့စည်းထားသော သုံးပွင့်ဆိုင် ကယ်ဆယ်ရေးအဖွဲ့ အစည်းအဝေးတက်ဖို့ ဗိုလ် ကျော်သူဟာ ဘန်ကောက်ကို (၆-၂-၂၀၀၉) ရက်နေ့မှာ သွားနေကြောင်း သိရှိရပါတယ်။ အဲဒီအဖွဲ့မှာ လူမှု ၀န်ထမ်း ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးအောင်ထွန်းခိုင်လည်း အဖွဲ့ဝင်တဦးအနေနဲ့ ပါ ၀င်ပါတယ်။ ဗိုလ်မှူးအောင်ထွန်းခိုင်ဟာ ယခင် ဗိုလ်ချုပ်ခင်ညွန့် လက်ထက် ထောက်လှမ်းရေး (၁၄) မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်ခွဲမှူး ဗိုလ်မှူး (ဗိုလ်ကြီး) တဆင့်မြင့် ရာထူးဖြင့် ရှေ့တန်း ခြေလျင်တပ်သို့ ဆင်းသွားရာမှ ထောက်လှမ်းရေးသို့ ပြန်မလာတော့ဘဲ လူမှုဝန်ထမ်းဝန်ကြီးဌာနကို ညွှန်မှူးရာထူးဖြင့် ပြောင်း ရွှေ့ ခဲ့ခြင်းဖြစ်တယ်။

ဗိုလ်ကျော်သူဟာ လုပ်သင့်လုပ်ထိုက်တဲ့ သုံးပွင့်ဆိုင် ကယ်ဆယ်ရေးအဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ခဲ့ရာ မှာ တချို့ကိစ္စတွေကို အချိန်နဲ့တပြေးညီ လုပ်ရတာရယ်၊ UN နဲ့ အာဆီယံတို့ရဲ့ လိုလားချက်တွေကိုလည်း လိုက်လျောညီထွေ လုပ်ဆောင်ပေးရတာရယ်ကြောင့် တခါတရံ အထက်ကို မတင်ပြမိဘဲ မိမိကိုယ်မိမိ ယုံကြည်စိတ်နဲ့ ရဲရဲတင်းတင်း Raise ယူပြီး လုပ်ခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေး တို့က အာဏာရှင်ပီသစွာ လုပ်ပိုင်ခွင့်ကို ချုပ်ကိုင်ပြီး တချို့ကိစ္စတွေမှာ သူတို့ မသိလိုက်ရတာမို့ အစာမကြေ တာရယ်၊ အခါတော်ပေး အပါးတော်မြဲ ဗိုလ်မြင့်ဆွေနဲ့ လက်ညှိုးထောင် ခေါင်းညိတ် ဗိုလ်ဥာဏ်ဝင်းတို့ရဲ့ စနက်တွေရယ်ကြောင့် နိုင်ငံခြားရေး ဒု-၀န်ကြီးမှ ရွှေ့သွားရတယ်လို့ ယူဆမိပါတယ်။ အခုအခါမှာတော့ သူ့ကို သုံးပွင့်ဆိုင် ကယ်ဆယ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌနေရာမှ မရွှေ့သေးဘဲ ဟန်ပြတော့ မှေးထားသေးကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။



REF: ခေတ်ပြိုင်

Read More...

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူလ် ရဲဘော်ဖိုးသံချောင်းနှင့် ငုရင် ပြင် စကားဝိုင်း

(၁) ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ပေါ်လာမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေအပေါ် ဘယ်လို သုံးသပ်မိ ပါသလဲ။

ဒီနှစ်ဟာ နအဖအဖို့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဖိလုပ်ရမယ့်နှစ် ဖြစ်ပါတယ်။ ရွေးကောက်ပွဲဥပဒေကို ပြဋ္ဌာန်းရမယ်။ နိုင်ငံရေးပါတီအသစ်တွေကို လက်ခံရမယ်။ တပါတည်းမှာ တည်ရှိဆဲ နိုင်ငံရေးပါတီတွေနဲ့ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့တွေနဲ့ ပတ်သက်လို့လည်း ဘယ်လိုသဘောထားတယ်ဆိုတာ ပြောရပါမယ်။ တဖက်မှာကျတော့လည်း (ကြံ့ဖွတ်အဖြစ်နဲ့ဖြစ်စေ၊ တခြားအဖွဲ့အစည်းအဖြစ်နဲ့ဖြစ်စေ) သူတို့အတွင်းက လူ တွေထဲမှာ ဘယ်သူတွေ ၀င်အရွေးခံရမယ်ဆိုတာအတွက်လည်း စီစဉ်ဆုံးဖြတ်ရ၊ စီမံရတာတွေရှိဦးမှာပါ။ ဒါဟာ သေးတဲ့ပြဿနာမဟုတ်ပါဘူး။ သူတို့တွင်း အခုအခံတွေ၊ မကျေနပ်မှုတွေ၊ ဂိုဏ်းဂဏတွေ ဖြစ်ပေါ်စေ နိုင်ပါတယ်။

ဒါကြောင့်မို့ ဒီ ၂၀၀၉ ခုနှစ်ထဲမှာ မျှော်လင့်မထားတဲ့ အံ့သြစရာကောင်းတဲ့ ဥပဒေကြေညာချက်တွေ၊ သတင်း တွေ ပေါ်ထွက်လာနိုင်ပါတယ်။ (အခုကိုပဲ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေပါ ပြီ) နအဖအဖို့ကတော့ သူတို့အတွင်းပိုင်း ပြေလည်တည်ငြိမ်ရေးကို အဓိကထား ဦးစားပေးလုပ်မှာပါ။ အတွင်း ပိုင်း မတည်ငြိမ်ရင် အပြင်ကို ရင်ဆိုင်ရာမှာ ကမောက်ကမ ဖြစ်နိုင်တယ်ဆိုတာ သူတို့သိပါတယ်။ ဒါကြောင့်မို့ ဒီနှစ်ထဲမှာ နအဖရဲ့ စစ်ဖက် နယ်ဖက် ထိပ်ပိုင်းအရာရှိတွေလည်း အပြောင်းအလဲ အများကြီးဖြစ်နိုင်ပါတယ်။ နအဖအတွင်းပိုင်းမှာ မတည်ငြိမ်မှု အများဆုံးဖြစ်နိုင်တဲ့ နှစ်တနှစ်လို့ ဆိုနိုင်ပါတယ်။

နအဖဟာ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသူတွေအပေါ် ဘယ်လိုသဘောထားမလဲဆိုတာ လည်း ဒီနှစ်ထဲမှာပဲ လက်တွေ့နဲ့ အဖြေပေးရမယ်ထင်ပါတယ်။ နအဖဟာ ကြံ့ဖွတ်ကို ရေရှည်မှာ ထိန်းချုပ် နိုင်ပါ့မလား၊ နအဖနဲ့ တစည ဘယ်လိုထိန်းညှိကြမလဲဆိုတာတွေလည်း စိတ်ဝင်စားစရာ တွေ့မြင်ကြရပါမယ်။ ဗိုလ်နေ၀င်းဂိုဏ်း၊ ဗိုလ်ခင်ညွန့်ဂိုဏ်းတွေ ဘယ်လိုအခန်းက ပါဝင်ကြမလဲဆိုတာလည်း မြင်ရဦးမယ်ထင်ပါ တယ်။ ဒီနှစ်ဟာ နအဖရဲ့ ပြည်တွင်းနိုင်ငံရေးပေါ်လစီတွေ အစမ်းသပ်ခံရမယ့်နှစ်ဖြစ်ပါတယ်။ သူတို့ ဘယ် အထိ သည်းညည်းခံနိုင်တယ်ဆိုတာကို စောင့်ကြည့်ရမှာပါ။

ဒီလိုဆိုတဲ့အတွက် သူတို့ကို ဗြောင်ဆန့်ကျင်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို သည်းခံမယ်လို့ ဆိုလိုတာမ ဟုတ်ပါ။ ပိုတောင် ပြတ်ပြတ်သားသား လုပ်မယ်လို့ထင်ပါတယ်။ ဆရာကြီးဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့လို ပုဂ္ဂိုလ်တွေကို ထောင်ထဲပြန်ထည့်တာတွေ့ရရင် မဆန်းဘူးလို့ပဲ ယူဆရမှာပါ။ ဒါကြောင့် ဒီနှစ်ဟာ နအဖအဖို့ မလွယ်လှတဲ့နှစ်ပဲ ဖြစ်မှာပါ။ စီးပွားရေး၊ နိုင်ငံရေး၊ သူတို့တွင်း စည်းလုံးညီညွတ်ရေး၊ အဖက်ဖက်မှာ အကျပ်အတည်းတွေ ရင်ဆိုင်ရမယ့်နှစ်လို့ မြင်ပါတယ်။ အခုကိုပဲ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ ဟာ နအဖ တွက်ထားသလိုမဟုတ်ဘဲ တင်းခံနေလို့ နအဖဟာ အခြေအနေတွေကိုတောင် မထုတ်ပြန်ရဲဘဲ ဖြစ်နေပါတယ်။ ရွေးကောက်ပွဲအတွက် တခြားအဖွဲ့အစည်းတွေကိုသာ တည်ထောင်ခွင့်ပေးလိုက်ရင် သူတို့ရဲ့ လက်ရှိ အက်စ်ဘီ၊ စရဖ စတဲ့ ထောက်လှမ်းရေးယန္တရားတွေနဲ့ လုံလောက်ပါ့မလား၊ ဘယ်လိုတိုးချဲ့မလဲ စဉ်းစားစရာဖြစ်ပါတယ်။

(၂) ၂၀၀၉ ခုနှစ်အတွင်း လုပ်ဆောင်မယ်လို့ ပိုင်းဖြတ်ထားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေက ဘာပါလဲ။

တခြားပုံမှန်လုပ်ငန်းတွေအပြင် ပြည်သူ့အင်အား(People Power) စည်းရုံးရေးကို အဓိကထားပြီး ဦးတည် ချက်ရှိရှိ လုပ်သွားပါမယ်။ လုပ်ရာမှာ အဓိကအားဖြင့် ကာလတခုမှာ မြေအောက်သဏ္ဍာန်နဲ့ လုပ်မှာဖြစ်ပါ တယ်။

အထက်မှာပြောခဲ့သလိုပဲ ဒီနှစ်မှာ ထူးခြားတဲ့ကိစ္စရပ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ နအဖဟာ သူတို့ အသက် ရှင် တည်ရှိရေး လမ်းကြောင်းပေါ်မှာရှိတဲ့ ဆူးညှောင့်ခလုတ်အားလုံးကို ဖယ်ရှားတာလုပ်ရပါတော့မယ်။ ဒီလိုလုပ်ရာမှာ ပြည်သူလူထုရဲ့အကျိုးစီးပွားနဲ့ ပဋိပက္ခတွေဖြစ်တာတွေ မုချကြုံရမှာပါ။ ဒါဆိုရင် ကျနော်တို့ ဟာ ပြည်သူ လူထုအကျိုးစီးပွားကို ကာကွယ်ရေးအတွက် ဖြစ်နိုင်တဲ့သဏ္ဍာန်နဲ့ တိုက်ပွဲဝင်ပါမယ်။ အလားတူ ပဲ နအဖက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းဖို့ လုပ်လာကောင်းလုပ်လာနိုင်ပါတယ်။ သူ့မှာ နိုင်ငံ ရေးအရ အင်အားတောင့်တင်းပြီလို့ယူဆရင် နအဖဟာ တနည်းနည်းနဲ့ အကောင်အထည်ဖော်ပါလိမ့်မယ်။ ဒီလိုလုပ်လာရင် နအဖနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အကြားက တိုက်ပွဲဟာ နောက်ဆုံးအဆုံးအဖြတ် တိုက်ပွဲ ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ ဒီလိုအခါမှာ ကျနော်တို့ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အသီး အပွင့်ဖြစ်တဲ့၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူတရပ်လုံးက ထောက်ခံခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ကာကွယ်ဖို့အတွက် ပြည်သူတွေ၊ တခြားအင်အားစုတွေနဲ့ လက်တွဲပြီး ကန့်ကွက်တိုက်ပွဲဝင်သွား ပါမယ်။

ဒါပေမယ့် ဒါတွေကို ကျနော်တို့ ဗကပ တဖွဲ့တည်း လုပ်လို့မရပါဘူး။ ပြည်တွင်းပြည်ပရှိ တခြားအဖွဲ့အစည်း တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးညှိနှိုင်းတာတွေ လုပ်သွားပါမယ်။ (ဒါလည်း မြေအောက်ပုံသဏ္ဍာန်နဲ့ အဓိက ဖြစ်ပါမယ်)။ ဒီလိုလုပ်ရာမှာ မတူတာတွေကို ခဏဘေးဖယ်ထားကြဖို့ အရေးကြီးတယ်လို့ ယူဆပါတယ်။ ဒီလို လုံးပမ်းနေတဲ့ကာလအတွင်းမှာ နအဖအစိုးရကို ဆန့်ကျင်သူတွေအချင်းချင်း တိုက်ခိုက်တာမျိုး ကျနော်တို့က လုံးဝမ လုပ်ပါဘူး။

ဒါတွေက လက်တွေ့လုပ်ငန်းပိုင်းပါ။ အယူအဆပိုင်းကို ပြောရရင်တော့ ဒီကာလမှာ ကျနော်တို့အနေနဲ့ နအဖ အစိုးရကို အလုပ်အကျွေးပြုလိုတဲ့၊ မူမဲ့အလျော့ပေးစေ့စပ်ချင်တဲ့ အရှုံးပေးရေးဝါဒကို ဖွင့်ချဆန့်ကျင်တိုက်ခိုက် သွားပါမယ်။

(၃) ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုအကဲဖြတ်ပါသလဲ။

တကယ်တော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ သဏ္ဍာန်သဘောလောက်ပဲရှိပါတယ်။ တကယ့်အာဏာကို နအဖ က သူ့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရယူပြီးပါပြီ။ ဒီရွေးကောက်ပွဲမှာ ဘယ်သူတွေနိုင်-နိုင် အာဏာဟာ စစ်အုပ်စု လက်ထဲမှာပဲ စွဲစွဲမြဲမြဲတည်ရှိနေမှာပါ။

ဒါပေမယ့် ဒီရွေးကောက်ပွဲမှာ နအဖစစ်အုပ်စုနဲ့ သဘောထားမတူညီတဲ့ လူတွေ၊ အဖွဲ့အစည်းတွေ ၀င်ရောက် အရွေးခံတာ ရှိနိုင်ပါတယ်။ ဘယ်သူတွေဖြစ်မယ်ဆိုတာတော့ မပြောနိုင်သေးပါ။ တကယ်လို့ အဲဒီလိုလူ၊ အဖွဲ့ အစည်းတွေပေါ်လာပြီး ကြံ့ဖွတ်၊ တစည ... စတဲ့ စစ်အုပ်စုအင်အားစုတွေနဲ့ ယှဉ်ပြိုင်ရင် သူတို့ကို ကျနော်တို့ က အားပေးထောက်ခံပါမယ်။

နောက်တချက်က ဒီရွေးကောက်ပွဲကနေ ရာထူးနဲ့ အခွင့်အရေးပြဿနာကြောင့် နအဖ အသိုင်းအ၀ိုင်းအတွင်း မှာ စိတ်ဝမ်းကွဲပြားမှုတွေ ပေါ်လာနိုင်ပါတယ်။ အဆင့်အသီးသီး၊ ဒေသအသီးသီး၊ အလွှာအသီးသီးမှာ ပေါ် ပေါက်နိုင်ပါတယ်။ ဒါကို အတိုက်အခံတွေက ကောင်းကောင်းအသုံးချရပါမယ်။

(၄) ကမ္ဘာ့စီးပွားရေးကျဆင်းမှုအပေါ်အမြင်နဲ့ မြန်မာပြည်အပေါ် မည်သို့သက်ရောက်နိုင်ပါသလဲ။

ဒီပြဿနာကြီး ဘာကြောင့်ပေါ်ပေါက်ခဲ့တယ်ဆိုတာကို ကျနော် ဆောင်းပါး ၃-၄ ပုဒ် ရေးဖူးပါတယ်။ ဒီနေရာ မှာ ပြန်ပြောမနေတော့ပါဘူး။ ဒီအကြိမ် ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြီးဟာ အမေရိကန်နိုင်ငံကြောင့် ဖြစ်ရတာ လို့ တနေ့ကပဲ ဆွစ်ဇာလန်နိုင်ငံမှာ နိုင်ငံ့ခေါင်းဆောင်တချို့က ပြောသွားပါတယ်။ ဒါကို အမေရိကန်ဖက်က လုံးဝ မငြင်းပါဘူး။ ဒိအရင်တနှစ်ကပဲ ကွန်ဒိုလီဇာရွိုက်ကိုယ်တိုင် “အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ စိတ်ချရ တယ်၊ ပုံမှန်ပဲ”လို့ အလားတူ ထိပ်သီးအစည်းအဝေးတခုမှာ အာမခံခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီတခါလောက် အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဂုဏ်သိက္ခာ ထိခိုက်ကျဆင်းတာ သမိုင်းမှာ အင်မတန်ရှားတယ်လို့ ဆိုရပါမယ်။ ၁၉၂၉ စီးပွားရေးကပ်တုန်းကတော့ အမေရိကန်ဟာ ကမ္ဘာ့နံပတ်တစ် မဟုတ်ပါဘူး။ ဥရောပရဲ့ နောက်မှာပါ။ အခုတော့ ကမ္ဘာ့နံပတ်တစ်နေရာကနေ မျက်နှာပြလို့မရအောင်ဖြစ်ရတာဆိုတော့ တော်ရုံပြဿနာကြီး မဟုတ်ပါဘူး။ ကမ္ဘာ့နံပတ်တစ်နေရာကနေ အမေရိကန်ဖယ်ပေးရဖို့အတွက် အရေးပါတဲ့ သမိုင်းတကွေ့ဖြစ် မယ်လို့တောင် လူတော်တော်များများက တွက်ကြပါတယ်။

နောက်တချက်ကတော့ ဒါဟာ အမေရိကန်နိုင်ငံအုပ်စိုးသူလူတန်းစားထဲက နီယိုလစ်ဘရယ်သမားတွေရဲ့ ပေါ်လစီတွေမမှန်ကြောင်း ပွင့်ကျသွားတာလို့လည်း ဆိုနိုင်ပါတယ်။ သူတို့ သံကောင်းဟစ်လေ့ရှိတဲ့ "Laissez-faire"ပေါ်လစီရဲ့ကျဆုံးခန်းပါ။ စီးပွားရေးလည်ပတ်မှုတွေကို အစိုးရက၀င်ရောက်မစွက်ဖက်ရဘူး လို့ မောက်မောက်မာမာပြောခဲ့ကြတဲ့ နိုင်ငံအများအပြားက ဧရာမလူချမ်းသာလုပ်ငန်းရှင်ကြီးတွေနဲ့ သူတို့ရဲ့ ဘောဂဗေဒ ပညာရှင်တွေဟာ အခုတော့ သူတို့လုပ်ငန်းကြီးတွေကို ကယ်တင်ပေးပါဦးလို့ အစိုးရတွေကို တောင်းပန်နေကြတာတွေ့ရတော့ ပြုံးမိရပါတယ်။

ဗမာပြည်ရဲ့ စီးပွားရေးဟာ ဒီနှစ်ထဲမှာ ဘယ်လိုမှ ပိုကောင်းလာစရာမရှိပါဘူး။ ကမ္ဘာ့စီးပွားရေးစနစ်ရဲ့ အစွန် အဖျားလောက်မှာသာရှိတဲ့ ဗမာနိုင်ငံကို ကမ္ဘာ့စီးပွားရေးကပ်ရဲ့ဒဏ်ဟာ ဒီနှစ်ထဲမှာ ပိုပြီးရိုက်ခတ်လာမယ်လို့ ယူဆရပါမယ်။ အဲဒီလိုရိုက်ခတ်လာရင် ထုံးစံအတိုင်း လယ်သမား-အလုပ်သမားနဲ့ လုပ်ငန်းရှင်လေးတွေကို အထိခိုက်ဆုံးဖြစ်မှာပါ။ နအဖအနေနဲ့ ဒီဒဏ်က ကာကွယ်ဖို့၊ စီးပွားရေးလုပ်ငန်းတွေကို ကယ်တင်ဖို့ အစွမ်း လုံးဝမရှိပါဘူး။ ကျလာသမျှဒဏ်ကို ငုတ်တုတ်ပေခံရမှာပါ။

(၅) လတ်တလောဖြစ်နေတဲ့ အစ္စရေး-ပါလက်စတိုင်းပြဿနာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

သမိုင်းဆိုင်ရာလေး နည်းနည်းပြန်ပြောပါရစေ။ ခရစ်တော်မွေးဖွားတဲ့နှစ်မတိုင်မီ ဆယ်စုနှစ် အနည်းငယ်က တည်းက ဂျူးတွေရဲ့အစ္စရေးဟာ ကမ္ဘာ့မြေပုံပေါ်က ပျောက်သွားခဲ့ပြီး အင်္ဂလိပ်ကိုလိုနီသမားတွေက မူဆလင် ဘာသာဝင်တွေလက်ထဲက လု၊ ကမ္ဘာအနှံ့အပြားမှာရှိတဲ့ ဂျူးတွေကို ပြောင်းလာခိုင်းပြီး ၁၉၄၈ ခုနှစ်ကျမှ အခု လက်ရှိ အစ္စရေးနိုင်ငံကို တည်ထောင်ပေးခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က အာရပ်တွေ၊ မူဆ လင်တွေရဲ့ နှလုံးအိမ်ဒေသမှာ ခံတပ်ကြီးတခု ဆောက်ထားခဲ့ဖို့ဖြစ်ပါတယ်။ ရေနံထွက်တဲ့ဒေသမှာ နယ်ချဲ့သ မားတွေရဲ့ ရေနံတွင်းတွေနဲ့ စစ်ရေးအရရော စီးပွားရေးအရပါ အရေးပါလှတဲ့ စူးအက်တူးမြောင်းအတွက် အ စောင့်သဘော မွေးထားခဲ့တာပါ။ ဒါပေမယ့် အဲဒီဒေသက အမျိုးသားတွေဟာ သူတို့ထင်တာထက်စောပြီး နိုး ကြား၊ စည်းရုံးမိလာကြပါတယ်။ စူးအက်တူးမြောင်းနဲ့ရေနံတွင်းတွေကို သူတို့က နိုင်ငံပိုင်သိမ်းတာတွေ ဖြစ် လာတော့ အင်္ဂလိပ် အမေရိကန်တို့ဟာ မျက်လုံးပြူးမျက်ဆံပြူး ဖြစ်ကုန်ပါတယ်။ ဒီလိုနဲ့ အမေရိကန်ဟာ အဲဒီဒေသကို အင်္ဂလိပ်လက်ထဲက လုယူလိုက်ပါတယ်။ စူးအက်တူးမြောင်းအရေးအခင်းဟာ ဒီဖက်ခေတ် ကမ္ဘာ့သမိုင်းမှာ ကမ္ဘာ့နံပါတ်တစ်နေရာကို အင်္ဂလိပ်လက်ကနေ အမေရိကန်က လွှဲယူတဲ့အခါပဲလို့ ပြောရင် ရမယ်ထင်ပါတယ်။ ဒိနောက်မှာတော့ အမေရိကန်ဟာ အစ္စရေးကို စီးပွားရေးအရ၊ စစ်ရေးအရ အားကြီး အောင် အတင်းလုပ်ပြီး အာရပ်တွေအကြားမှာ ငပွကြီးတဦးအဖြစ် ဖန်တီးပေးခဲ့ပါတယ်။

အခု ဒီဖက်ပိုင်းမှာတော့ အားလုံးသိတဲ့အတိုင်း အမေရိကန်နိုင်ငံရဲ့ စီးပွားရေးမှာ ဂျူး သန်းကြွယ်သူဌေးတွေ ရဲ့ အခန်းက သိပ်အရေးပါလာပြီး ဂျူးတွေက အမေရိကန်ရဲ့စကားကို နားထောင်နေရတာလား၊ အမေရိကန် က ဂျူးတွေရဲ့စကားကို နားထောင်နေရတာလား၊ ပြောရခက်လောက်အောင်တောင် ဖြစ်လာပါတယ်။ ဒီလိုနဲ့ အစ္စရေးလ်ဟာ အဲဒီဒေသမှာ အမေရိကန်ရဲ့ စီးပွားရေး၊ စစ်ရေး၊ သတင်းနည်းပညာရေး အကူအညီတွေနဲ့ သူ များနယ်တွေကို လုတာ၊ အနိုင်ကျင့်တာတွေ လုပ်ချင်တိုင်းလုပ်တာ ဖြစ်လာပါတယ်။ တလောကမှ အပြောင်း အလဲလို့ ကြွေးကြော်ပြီး တက်လာတဲ့ အိုဘားမားနဲ့ သူ့အစိုးရဟာ အစ္စရေးက ဂါဇာက အရပ်သားတွေကို ဒါ လောက် ရက်ရက်စက်စက်သတ်ဖြတ်နေတာတောင် တခွန်းမဟန့်တဲ့အပြင် ပါလက်စတိုင်းတွေရဲ့အပြစ်လို့ ပြောတာကိုကြည့်ရင် ထင်ရှားပါတယ်။

ဒါကြောင့် ပါလက်စတိုင်းတွေ (မူဆလင်တွေ) ဖက်ကကြည့်ရင် ဒါဟာ သူတို့မြေကို အလုခံရလို့ ပြန်တိုက်နေ တာဖြစ်ပါတယ်။ ဟာမာ့ဇ်တွေက ဂျူးတွေကို ဒုံးပျံနဲ့ လှမ်းပစ်တယ်ဆိုတာဟာ စစ်တောင်းမြစ်တဖက်ကမ်းက ဂျပန်ဖက်ဆစ်တပ်တွေကို ဗမာ့မျိုးချစ်ပျောက်ကြားတပ်တွေက ဒီဖက်ကမ်းကနေ မော်တာနဲ့ လှမ်းထုတာနဲ့ တူပါတယ်။ ဖြစ်နေတာတွေအားလုံးဟာ ပါလက်စတိုင်းတွေရဲ့ မြေပေါ်မှာပါ။

တကယ်က လူ့ယဉ်ကျေးမှုသမိုင်း အင်မတန်ရှည်ကြာခဲ့တဲ့ အရှေ့အလယ်ပိုင်းဒေသမှာ အင်မတန်ရှုပ်ထွေးတဲ့ သမိုင်းနောက်ခံတွေ ရှိပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ဆိုရင် အင်အားကြီးနိုင်ငံတွေရဲ့ စွက်ဖက်မှုမပါဘဲ စားပွဲ ပေါ်မှာ အချိန်ယူပြီး မျက်နှာစုံညီ ဖြေရှင်းမှသာ ပြေလည်မှာဖြစ်ပါတယ်။



REF: ငုရင်ပြင်

Read More...

အမြဲရှိတဲ့ မမြဲခြင်းတရား - ကျော်စွာမိုး

Thursday, 05 February 2009 16:21

၂၀၀၉ ခုနှစ် အတွင်းမှာ မြန်မာပြည်အနေနှင့် အကောင်းဘက်ကို ဦးတည်သော ပြောင်းလဲမှုများ ကြုံတွေ့နိုင် ပါ့မလား။ ထိုမေးခွန်းကို ထောင်တန်သည့် မေးခွန်းဟု ဆိုရပါလိမ့်မည်။ သို့ရာတွင် ထိုမေးခွန်း၏ အဖြေကို မည်သူတဦး တယောက်ကမှ သေသေချာချာ အဖြေမပေးနိုင်ခဲ့။ ရင်းနှီးသော မိတ်ဆွေ မြန်မာ ဂျာနယ်လစ် တဦး ထိုင်းနိုင်ငံသို့ လာလည်စဉ် “မြန်မာပြည် အခြေအနေ ဘယ်လိုလဲ” ဟူ၍ မေးကြည့်မိရာ “အခုထိတော့ ဆိုးနေတုန်းပဲ” ဟု အဖြေပေးခဲ့သည်။

“အခုထိတော့ ဆိုးနေတုန်းပဲ” ဆိုသည့်စကားစုကို သူတို့ သူငယ်ချင်းချင်းဆုံတိုင်း သုံးဖြစ်ကြသည်ဟုဆို၏။ ထိုစကားကို ကြားကြားချင်းမှာတော့ ရယ်စရာ ကောင်းနေသလိုပင်။ သို့သော် လက်ရှိ မြန်မာပြည်၏ အခြေ အနေမှန်ကို ထိုစကားစုက သရုပ်ဖော်ပြနေသည်ဟု ခံစားမိလာသည်။ အမှန်တကယ် စိတ်ထိခိုက်စရာလည်း ကောင်းလှ၏။ ယနေ့ မြန်မာပြည်တွင် ဖြစ်ပျက်နေသမျှကို ဆန်းစစ်ကြည့်လျှင် သူပြောသည့် စကားက မှန်နေ ဆဲပဲဖြစ်သည်။

ကာလရှည်ကြာစွာ ဆိုးရွားလှသည့် စစ်အစိုးရ၏ စနစ်နှင့် ဟောင်းနွမ်းဆွေးမြေ့ စိတ်ပျက်ဖွယ် ကောင်းသော အတိုက်အခံတို့၏ ခေါင်းဆောင်မှုများ၊ ထိရောက်မှုမရှိသော မူဝါဒများက မြန်မာ့ လူမှုဝန်းကျင်တွင် ဆိုးဆိုး ရွားရွား အမြစ်တွယ်နေသည် မဟုတ်ပါလား။

လူသစ်၊ စိတ်သစ် အတွေးအခေါ်သစ်များနှင့်အတူ မွေးဖွားလာမည့် အားကောင်းလှသော ထိရောက်မှုရှိသည့် ဒီမိုကရေစီ လှုပ်ရှားမှုများ ဘယ်ဆီရောက်နေပါသနည်း။ နှစ်ပေါင်း ၅၀ နီးပါး ဖိနှိပ်မှုများအောက်တွင် အသား ကျခဲ့ရသည့် မြန်မာပြည်သူလူထုအတွက် အပြောင်းအလဲတခု ဖြစ်ရန်ဆိုပါလျှင် မည်သည့်အရာဟု အမည် မတပ်နိုင်သော အံ့သြဖွယ်ရာ ဖြစ်ရပ်ဆန်းတခု ရုတ်ချည်း ထဖြစ်ဖို့တော့ လိုပေလိမ့်မည်။

မမျှော်လင့်ထားသည့် ဖြစ်ရပ်ဆန်းများ ဖြစ်ခဲ့ဖူးသော သာဓကတို့ အထင်အရှား ရှိခဲ့ပါသည်။ ဥပမာ - ရွှေဝါရောင်တော်လှန်ရေး၊ နာဂစ်ဆိုင်ကလုန်း။ ထိုအရာများဖြစ်လိမ့်မည်ဟု မည်သူကမျှ ကြိုမသိခဲ့။ ထို့အတူ စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များကြားတွင်ကော မထင်မှတ်သည့် ကိစ္စရပ်များ ဖြစ်မလာဟု မည်သူကမျှ အတပ်ပြောနိုင်မည် မထင်။

၁၉၈၈ ခုနှစ်မတိုင်မီက ဆိုလျှင် ဝါရင့် နိုင်ငံရေးသမားကြီးများပင် ပြည်လုံးကျွတ် လှုပ်ရှား ဆန္ဒပြမှုကြီး ဖြစ် လာလိမ့်မည်ဟု မသိခဲ့ကြ။ ထိုအရေးတော်ပုံက ၂၆ နှစ်လုံးလုံး အုပ်စိုးခဲ့သည့် ဦးနေဝင်းအစိုးရကို အပြုတ် ဖြုတ် နိုင်လောက်အောင် ကြီးမားခဲ့သည်။ မြန်မာပြည်သူတို့၏ ဆင်းရဲမှု၊ နိုင်ငံရေးအရ ဖိနှိပ်ခံရမှုတို့ တဖြည်း ဖြည်း စုပုံလာခဲ့ရာက မခံနိုင်သည့်အဆုံး ပွင့်ထွက်ပေါက်ကွဲပြီး ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ရ သည်ကို မြန်မာပြည်သူတိုင်း အသိပဲဖြစ်သည်။

ယခုအခြေအနေက ထိုစဉ်အခါတုန်းကထက် ပိုမိုဆိုးရွားသည့် အနေအထားဖြစ်သည်ဟု မိတ်ဆွေ ဂျာနယ် လစ်က ပြောပြသည်။ နိုင်ငံရေးအရ ဆိုလျှင်လည်း တိုင်းပြည်က စစ်ဖိနပ်အောက်တွင်ပင် ရှိနေသေးသည်။ ဒီမိုကရေစီနှင့် လွတ်လပ်မှုကို ပြည်သူလူထုက ငံ့လင့်စောင့်ဆိုင်းနေရဆဲ ဖြစ်သည့်အပြင် တိုင်းရင်းသား အချင်းချင်းလည်း ညီညွတ်မှုမရှိ။ ပို၍ဆိုးရွားသည်က စီးပွားရေးအခြေအနေ ဆိုးသည်ထက် အဆိုးဆုံး အခြေအနေကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

အမှန်တကယ် ဆိုရလျှင် မြန်မာပြည်ကြီးသည် အချိန်မရွေး ထပေါက်ကွဲနိုင်သော ယမ်းအိုးကြီးပင် ဖြစ်ပါ သည်။ လွန်ခဲ့သည့် နှစ် ၅၀ နီးပါးကျင့်သုံးခဲ့သော ဖိနှိပ်ချုပ်ချယ်မှုများ၊ ကြီးမားသည့် ကြိုးနီဗျူရိုကရေစီ ယန္တရာများက မကောင်းမှု အစုအပုံကြီး ဖြစ်နေပေပြီ။ ယင်း မကောင်းမှုအစုအပုံကြီးအောက်တွင် မြန်မာ ပြည်သူလူထု၏ မကျေနပ်မှုများ၊ ဒေါသများက တအုံနွေးနွေးတောက်လောင်နေပြီး မည်သည့်အချိန်တွင် ထပေါက်ကွဲမည်ကို မည်သူ တဦးတယောက်ကမျှ မပြောနိုင်သည့် အနေအထား ဖြစ်နေသည်။

စစ်အစိုးရ၏ လမ်းပြမြေပုံအတိုင်း ကျင်းပမည်ဟု ကြွေးကြော်ထားသော ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင် မီ ၂၀၀၉ ခုနှစ် အတွင်းတွင်ပင် မည်သူ တဦးတယောက်မှ မထင်မှတ်ထားသည့် ကိစ္စရပ်များ ဖြစ်လာနိုင် သေးသည်။ ထို့အတွက် နိုင်ငံရေး အဖွဲ့အစည်း အသီးသီးနှင့် နိုင်ငံတကာ အသိုင်းအဝန်းက မျှော်လင့်တကြီး ပြင်ဆင်ထားသင့်သည်ဟု မြင်ပါသည်။

လက်ရှိအနေအထားတွင်မူ ၂၀၀၉ နှစ်သစ်နှင့်အတူ လူသစ်၊ စိတ်သစ်၊ ဆုံးဖြတ်ချက် အသစ်များနှင့် ဆက် လက် လျှောက်လှမ်းနေသင့်သည်။ ၂၀၀၉ နှစ်သစ်သို့ အဝင်ကာလက မြန်မာပြည်မှ ထင်ရှားသူတချို့ကို နှစ် သစ် သံန္နိဌာန် မည်သို့ချမှတ်ကြောင်း ဧရာဝတီမဂ္ဂဇင်းက မေးခဲ့ပါသည်။

“အခြေအနေတွေဟာ ကျနော့်အမြင်အရ ဘာမှ ပြောင်းလဲဖို့ မရှိလှဘူး” ဟု ထင်ရှားသည့် ဂျာနယ်လစ်တဦး ဖြစ်ခဲ့သူ ဦးဝင်တင်က ညည်းညူသည်။ “အစိုးရကလည်း အပြောင်းအလဲတွေ လုပ်ပေးမယ်လို့ သိပ်မထင်ဘူး၊ အဲဒါကြောင့် ကျနော့်ရဲ့ လာမယ့် နှစ်သစ်အတွက် ဆုံးဖြတ်ချက်ကတော့ ကျနော်ဟာ ဖြစ်တဲ့နည်းနဲ့ ဒီမို ကရေစီရေးအတွက်၊ တိုင်းပြည် တခုလုံး လွတ်လွတ်လပ်လပ် ရှိရေးအတွက် ငါဟာ အများကြီး အလုပ် လုပ် ရမှာပါလား၊ လူတွေနဲ့ အများကြီး လက်တွဲ သွားရဦးမှာပါလား၊ ဒီမိုကရေစီ အင်အားစုတွေဘက်က ရပ်တည် သွားရမှာပါလား ဆိုပြီးတော့ ဒီမိုကရေစီရေးအတွက် ပိုပြီး အလုပ်လုပ်ရမယ်လို့ ဆုံးဖြတ်ချက် ချထားပါတယ်” ဟု သူ၏ နှစ်သစ်သံန္နိဌာန်ကို ဆက်လက် ပြောပြသည်။

၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒပြမှုကြီး အပြီးတွင် အဖမ်းခံခဲ့ရ၍ ၁၉ နှစ်တာ ထောင်ထဲတွင် နေခဲ့ရသော ဦးဝင်းတင်ထံမှ အထက်ပါအတိုင်း ကြားရသည့်အတွက် အားတက်အံ့သြမိသည်။

မြန်မာပြည်၏ ရော့ခ်ကြယ်တပွင့်ဖြစ်သော ဇော်ဝင်းထွဋ်ကတော့ “၂၀၀၉ မှာ တပြည်လုံး ပတ်ပြီး သီချင်းဆို မယ်။ ၇ ပတ် အတွင်းမှာ မူဆယ်၊ လားရှိုး၊ မုံရွာ၊ ရွှေဘို၊ ရေဦး၊ မန္တလေး ၆ မြို့ လောက် ဆိုပြီးပြီ။ ရေဦးဆိုရင် ခရီးက တော်တော်လေးလည်း သွားရတယ်။ အဲဒီက လူတွေကလည်း စတိတ်ရှိုး တခါမှ မကြည့်ဖူးဘူး။ တအား ပျော်ကြတာပေါ့။ သူတို့ ပျော်တာ ကြည့်တာနဲ့ကို သွားရတာ တန်ပါတယ်။ အနည်းဆုံး ၂၅ မြို့ ကို ပတ်ဆိုဖို့ ရှိတယ်။ ရည်ရွယ်ချက်ကတော့ တပြည်လုံးမှာရှိတဲ့ လူတွေကို စိတ်ချမ်း သာအောင်၊ ပျော်အောင် ပေါ့။ အဲဒီမှာမှ လူတွေကို ဘာအကူအညီ ပေးရမလဲပေါ့” ဟု ပြောခဲ့သည်။

ဇော်ဝင်းထွဋ်ပြောသွားသည့် သံန္နိဌာန်ထဲတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် ကိစ္စ မပါဝင်သော်လည်း အလွန် ရိုးစင်းပြီး အခြေခံကျလှသည်။ သူက တပြည်လုံးက ပြည်သူများကို စိတ်ချမ်းသာအောင်၊ ပျော်အောင် စွမ်းဆောင်ပေးလိုသူဖြစ်သည်။ ပြည်သူများထံသို့ ပျော်ရွှင်မှုများ ဆောင်ကျဉ်းပေးလိုသူ ဖြစ်သည်။

HIV/ AIDS ဝေဒနာရှင်များကို အကူအညီပေးနေသော မဖြူဖြူသင်းကလည်း သူ့လုပ်ဆောင်ချက်များကို တပြည်လုံး အတိုင်းအတာအထိ ပျံ့နှံ့ချင်သည်ဟု ဆိုသည်။

“မြန်မာပြည်မှာ HIV/AIDS ရောဂါ ဝေဒနာ ခံစားနေရသူတွေ အားလုံးကို မြန်မြန်ဆန်ဆန် အေအာရ်ဗီ ဆေးဝါး ရရှိဖို့နဲ့ ဒီအခု လုပ်နေတာထက် ပိုပြီးတော့ လုပ်ဆောင်သွားမယ်” ဟု မဖြူဖြူသင်းက သူ့ နှစ်သစ် သံန္နိဌာန်ကို ပြောပြသည်။

သူ၏ ဆုံးဖြတ်ချက်က မြန်မာပြည်တွင်းရှိ ၂၄၀၀၀၀ သော HIV/AIDS ဝေဒနာသည်များအနက် အေအာရ်ဗီ ဆေးမရသည့် ဝေဒနာသည် ၇၆၀၀၀ အတွက်တော့ အတိုင်းအတာတခုအထိ အကျိုးရှိမှာ သေချာပါသည်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ ပြဿနာများကို ရှေ့တန်းမှ ကူညီဖြေရှင်းပေးနေသည့် ကိုမိုးဆွေကမူ “အလုပ်သမားထုကို ကိုယ်စားပြုတဲ့ လူတယောက်ဖြစ်အောင် ဆက်ပြီး ကြိုးစားမယ်။ အလုပ် သမား လောကမှာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးနယ်မှာပဲ ဖြစ်ဖြစ်၊ အန်ဂျီအို အဖွဲ့တွေမှာပဲ ဖြစ်ဖြစ် မတရား အမြတ် ထုတ် ခေါင်းပုံဖြတ်နေတာတွေကို ဆက်ပြီး ဖော်ထုတ်သွားမယ်” ဟု ပြောသည်။

သူတို့အားလုံး၏ နှစ်သစ်သံန္နိဌာန်များကား စိတ်အားတက်ကြွဖွယ် ကောင်းလှသည်။ ယခုဖော်ပြသည်က အနည်းစုသာ ရှိသေး၏။ ပြောသွားသမျှသော သံန္နိဌာန်များကို အားလုံးကသာ ပြောသည့်အတိုင်း အကောင် အထည်ဖော်နိုင်မည်ဆိုလျှင်၊ လူတိုင်းလူတိုင်းကသာ ဆုံးဖြတ်ချက်များအတိုင်း လုပ်ဆောင်ကြမည် ဆိုပါလျှင် မြန်မာ့ လူ့အဖွဲ့အစည်းရှိ ကဏ္ဍအသီးသီးအတွက် အလားအလာကောင်းများ မြင်တွေ့ရလိမ့်မည်ဟု ယုံကြည် ပါသည်။

သို့ရာတွင် မြန်မာပြည်၏ အဓိကပြဿနာက နိုင်ငံရေး ပြဿနာဖြစ်သည်။ အဖိနှိပ်ခံ ပြည်သူများနှင့် ဖိနှိပ်သူ တို့၏ တိုက်ပွဲဟု ဆိုရလျှင်လည်း မှားမည်မထင်။ ငြိမ်းချမ်းသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးသည်သာ လျှင် ပြေလည်ရေးအတွက် အသင့်လျှော်ဆုံး တခုတည်းသော နည်းလမ်း ဖြစ်သည်။ သို့သော် ခေါင်းမာလှသော စစ်ခေါင်းဆောင်များက ပိတ်ဆို့ကာဆီးနေသဖြင့် လိုရာလမ်းကို မရောက်နိုင်ဘဲ ဖြစ်နေ သည်။

လတ်တလော စစ်အစိုးရ ပြုတ်ကျရမည်၊ အမြစ်ကလှန်လိုက်သည့် အပြောင်းအလဲတရပ် ရုတ်တရက် ဖြစ် ပေါ်လာရမည် ဆိုသည်ကတော့ အခြေခံကျကျ လက်တွေ့ကျသည့် မျှော်လင့်ချက် မဖြစ်နိုင်ပါ။

သို့သော် အနည်းဆုံးတော့ မြန်မာပြည်နိုင်ငံရေးနှင့် ပတ်သက်နေသူအားလုံး အခြေခံကျကျ လက်တွေ့ကျ သော သံန္နိဌာန်တရပ် ချမှတ်သင့်သည်။ ၎င်းမှာ ၂၀၀၉ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်စေရမည်ဟူသည့် သံန္နိဌာန် ဖြစ်သည်။ ထိုသံန္နိဌာန်က လက်ရှိဖြစ်ပေါ် နေသော နိုင်ငံရေး အကြပ်အတည်းကြီး ရပ်တံ့သွားစေဖို့ မရှိမဖြစ် ပထမဆုံး ချမှတ်သင့်သည့် ဆုံးဖြတ်ချက်ဖြစ်သည်။

၂၀၀၈ ကုန်ခါနီးက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်တွင် ပြောခဲ့သော မိန့်ခွန်းထဲ၌ “နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့၊ တွေ့ဆုံဆွေးနွေးဖို့ မြန်မာ အစိုးရက ဆန္ဒမရှိတာကို စိတ်ပျက်မိတယ်” ဟု ပါရှိသည်။

မစ္စတာဘန်ကီမွန်းသည် မြန်မာပြည်သို့ ၂၀၀၈ ဒီဇင်ဘာအတွင်း သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့သည်။ သူက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ဆို သည့် သေချာသော အကျိုးရလဒ်ရမှသာ မြန်မာပြည်သို့ သွားလိုသည်ဟု ဆိုသည်။

မြန်မာပြည်၏ အခြေအနေအရပ်ရပ်ကို ကြည့်လိုက်လျှင် စိတ်ပျက်စရာ အတိဖြစ်နေသည်မှာ တကယ်တမ်း တော့ မဆန်းလှ။ သို့သော် ၂၀၀၉ ခုနှစ်အတွင်းတွင်တော့ စိတ်ပျက်ဖွယ်အခြေအနေများကို လက်မြှောက်အရှုံးပေးလို့ မဖြစ်။ ယူအန်ခေါင်းဆောင် တဦးဖြစ်သည့် မစ္စတာ ဘန်ကီမွန်း အနေနှင့်လည်း မြန်မာပြည်အတွက် ပိုမိုထိရောက် ပြတ်သားသော နည်းလမ်းများကို ရှာဖွေလုပ်ဆောင်ရပေလိမ့်မည်။

“အခုထိတော့ ဆိုးနေတုန်းပဲ” ဆိုသည့်စကားက ယခုချိန်ထိ မှန်နေဆဲဖြစ်သည်။ သို့သော် လူတိုင်း လူတိုင်းကသာ ခိုင်မာသည့် သံန္နိဌာန်များနှင့် ကြိုးစားအားထုတ်ကြမည် ဆိုပါလျှင် မြန်မာနိုင်ငံအနေနှင့် ၂၀၀၉ ခုနှစ်အတွင်း အတိုင်းအတာတခုထိ အပြောင်းအလဲ တစုံတရာ ဖြစ်ကာ အောင်မြင်မှုများ ရလာပါလိမ့်မည်။

“မတည်မြဲခြင်းသည်သာ တခုတည်းသော တည်မြဲခြင်းဖြစ်သည်” ဟူသည့် ဗုဒ္ဓ၏ အခြေခံကျသော အဘိဓမ္မာ တရပ်က ယခုအချိန်ထိ စကြာဝဠာကြီးတခုလုံးကို လွှမ်းမိုးထားဆဲ ဖြစ်သည်။ ထို့ကြောင့် “အခုထိတော့ ဆိုးနေတုန်းပဲ” ဆိုသော စကားစုသည်လည်း အစဉ် တည်မြဲနိုင်လိမ့်မည် မဟုတ်ပါ။

အမြဲရှိတဲ့ မမြဲခြင်းတရား - ကျော်စွာမိုးကျော်စွာမိုးရေးသော “So far, so bad” But nothing is Permanent ကို ဆီလျော်အောင် ပြန်ဆိုသည်။
Reh:

Read More...

အပေါ်သို့