Tuesday, February 10, 2009

ယုံကြည်ချက်ကို ဖျက်ဆီး၍မရစကောင်း - အေးချမ်းမြေ့

Monday, 09 February 2009

ဇန်နဝါရီလအတွင်းက Christian Solidarity World Wide (CSW) ကထုတ်ပြန်သည့် သတင်းတချို့ ဖတ် လိုက်ရသည်။ ရန်ကုန်ရှိ ခရစ်ယာန်များကို စုပေါင်းဝတ်ပြုခွင့် မရအောင် စစ်အစိုးရက နှောင့်ယှက်သည် ဟူ သော သတင်းဖြစ်သည်။

၎င်းအစီအရင်ခံစာအရ ရန်ကုန်မြို့ပေါ်ရှိ အသင်းတော်ပေါင်း ၁၀၀ ခန့်ကို ဝတ်ပြုစည်းဝေး ပြုလုပ်ရာတွင် နှောင့်ယှက်သည် ဟုသိရသည်။ ထို့အတွက် ရန်ကုန်ရှိ ခရစ်ယာန် ၈၀ ရာခိုင်နှုန်းခန့်မှာ စုပေါင်း ဝတ်ပြု ကိုးကွယ်ခြင်း ပြုလုပ်ရန် အခက်အခဲဖြစ်ရသည်ဟု ဆိုထား၏။

ထို့ပြင် တောင်ဒဂုံဘက်တွင်လည်း ဘုရားကျောင်းမဟုတ်သည့် နေအိမ်များတွင် စုပေါင်းဝတ်ပြုခြင်းများ မပြုလုပ်ရန် ပိတ်ပင်သည်ဟု ပါရှိသည်။ သင်းအုပ်ဆရာများကိုလည်း ခံဝန် လက်မှတ်ရေးထိုးခိုင်းကြောင်း ရေးသားထားသည်။

ရန်ကုန်မြို့ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတခု (ဓာတ်ပုံ - flickr.com)


ကျမကျင်လည်ခဲ့ရာ အသိုင်းအဝန်းက ခရစ်ယာန် အသိုင်းအဝန်းဆိုလျှင် မှားလိမ့်မည် မဟုတ်ပါ။ ကျမ အမေ ဘက်က ဆွေမျိုးအသိုက်အဝန်းလည်း များပြား၊ များသလောက်လည်း ခရစ်ယာန် ဘာသာဝင်တွေချည်း ဖြစ် သည်။ အမေ့ အမေ ကျမအဘွားက အင်္ဂလီကန် ခရစ်ယာန်တဦးဖြစ်ပြီး အဘိုးကတော့ နှစ်ခြင်းခရစ်ယာန် ဖြစ်သည်။ အမေ့ မောင်နှမများထဲတွင် အမေတယောက်သာ အဘိုး၏နှစ်ခြင်းအယူကို ယူခဲ့ပြီး ကျန်သူများ အားလုံးက အင်္ဂလီကန် ဖြစ်သည်။

ဒီတော့ ကျမငယ်စဉ်က မောင်နှမဝမ်းကွဲများ၊ အဒေါ်များနှင့်အတူလိုက်ကာ အင်္ဂလီကန်ဝန်းကျင်တွင် ပျော်ရွှင် ခဲ့သည်။ တနင်္ဂနွေကျောင်း (Sunday School) တောင် ကျမက အင်္ဂလီကန်ဘုရားကျောင်းမှာပဲ တက်ခဲ့ရတာ ဖြစ်သည်။ သို့သော် အရွယ်လေး နည်းနည်းရလာတော့ နှစ်ခြင်းခရစ်ယာန်တယောက် ဖြစ်ချင်လာမိသည်။

အဲဒီလိုဖြစ်ရတာက အကြောင်းရှိပါသည်။ ကျမတို့ မိခင်အသင်းတော်ရဲ့ သင်းအုပ်ဆရာ ဦးသာထွန်းရွှေ (ကျမတို့က ဖေဖေတူးတူးဟုခေါ်သည်) ၏ “နှစ်ခြင်း သဘောထား” ကို ကျမ အလွန် သဘောကျမိသော ကြောင့် ဖြစ်၏။ ဆယ်ကျော်သက်အရွယ် စာအုပ်များကို ဝါးစားသလိုဖတ်ဖြစ်ချိန်တွင် ဖေဖေတူးတူး၏ တနင်္ဂနွေ တရားဟောချက်များက ကျမရင်ကို လာထိသည်။ သူ့နှုတ်က ဟောကြားချက်များသာမက သူ့ အနေအထိုင်၊ သူ၏ မေတ္တာတရား၊ သူ၏ ခရစ်ယာန်အသက်တာက ကျမကို နှစ်ခြင်း ဖြစ်ချင်စိတ်များဆီသို့ ဆွဲခေါ်ခဲ့သည်။

လူငယ်ဘဝတွင် တက်ဖြစ်သော ကျမတို့၏ တနင်္ဂနွေကျောင်းဆရာ ဦးပီတာ (ကျမတို့က ဦးပီဟုခေါ်သည်၊ သူက ဦးသာထွန်းရွှေ၏ အငယ်ဆုံးသားဖြစ်၏) သွန်သင်မှုများကလည်း ကျမ၏စိတ်ကို ပိုပြီး တိတိကျကျ ဆုံးဖြတ်စေခဲ့သည်။ သူအမြဲပြောသည့် စကားတခွန်းက “ခရစ်တော်လမ်းစဉ် တို့လမ်းစဉ်” ဟူ၍ဖြစ်သည်။ သူ က နောက်သလို ပြောင်သလိုနှင့် အတည်ပြောခဲ့သော်လည်း ကျမ၏ ရင်ထဲတွင် အဲဒီစကားက စွဲနေသည်။

အင်္ဂလီကန် ဘုရားကျောင်းတွင် တက်ခဲ့စဉ်က သမ္မာကျမ်းစာကို ကျမသေသေချာချာ မသိခဲ့၊ ဖတ်လည်း မဖတ်ဘူးခဲ့။ ကျမ၏ အစ်မတဝမ်းကွဲများဆိုလျှင် ခုအသက်အရွယ်အထိ သမ္မာကျမ်းစာကို သေချာ သိပုံမရပါ။ ကျမက ဓမ္မပညာရှင်များလောက်မသိသော်လည်း နှစ်ခြင်းဘုရားကျောင်းတွင် သင်ခဲ့ရသလောက်၊ ကျမ ကိုယ်တိုင် ဖတ်ဖြစ်သလောက်တော့ နားလည်သည်ထင်မိသည်။

နှစ်ခြင်းခရစ်ယာန်၏ အစွန်းမရောက်မှု၊ ကိုယ့်ရင်ထဲမှ စည်းမျဉ်းစည်းကမ်းကို ကိုယ့်ဘာသာ လိုက်လျှောက်ရ မှု .. ဒါတွေကို သဘောကျလာသည်။ ဒီလိုနှင့် ကျမ နှစ်ခြင်းခံဖြစ်သည်။ ကျမကို နှစ်ခြင်းပေးတော့ ဖေဖေ တူးတူးက ဒီတိုင်းမပေးခဲ့။ နှစ်ခြင်းမခံခင် ကျမတို့ကို နှစ်ခြင်းခရစ်ယာန်နှင့် ပတ်သက်သည့် လိုက်လျှောက် သင့်သည့် အချက်များကို သင်တန်းပေးသည်။

ပြီးတော့ ကျမတို့ကို တကယ်ကော ဒီဘာသာကို လက်ခံယုံကြည်ချင်တာလားဆိုတာ သေချာအောင် မေးခွန်း ထုတ်သည်။ နှစ်ခြင်းမခံချင်သေးလည်းရသည်၊ ဒီဘာသာကို စောကျောလေ့လာချင် လေ့လာနိုင်သေးသည် ဟု ဖွင့်ပေးသည်။ ကျမက ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် နှစ်ခြင်းခံယူလိုက်ခြင်း ဖြစ်သည်။

ကျမက အတင်းအဓမ္မ လူများပြီးရောဆိုသော သဘောဖြင့် ဘာသာ သွင်းပေးချင်သူများ၊ နားမလည်သူများ ကို အတင်းဆွဲကာ နှစ်ခြင်းပေးသူများ၊ သာသနာပြုသည်ဟုဆိုကာ ကျေးလက်ဒေသများရှိ အသိဥာဏ် မရင့်ကျက်သူများကို ခရစ်ယာန်ဘာသာ၏ အနှစ်သာရထက် လူကြိုက်များသည့် အပြင်ဗန်း ဆွဲဆောင်မှုများ ပြုလုပ်နားချကြသူများကို မုန်းသည်။

မှော်ဘီ မရန်းတလင်းရှိ အနာကြီးရောဂါသည်စခန်းတွင် ဦးဆောင်ဦးရွက်ပြုနေသူ ခရစ်ယာန်တို့က ရောဂါ သည်ချင်းအတူတူ ခရစ်ယာန်ဘာသာဝင်သူများကို ဦးစားပေးဆက်ဆံသည်ဟု စာရေးဆရာမ သန်းမြင့် အောင်က ပြောဖူးသည်။ သူကိုယ်တိုင် ထိုရောဂါသည်များကြား သွားရောက်လှူဒါန်းခဲ့စဉ် မြင်ခဲ့ခြင်း ဖြစ်၏။

“မိသားစုဝင်တွေ အားလုံး ခရစ်ယာန်ဘာသာ ဝင်လိုက်လို့ အိမ်နဲ့ ကောင်းကောင်းမွန်မွန် နေရတယ်။ အိမ် ထောင်ဦးစီး အဘက ခရစ်ယာန်ဘာသာတော့ မဝင်နိုင်ဘူးဆိုပြီး သူ့ဘာသာ တဲလေးထိုးနေတာ တွေ့ခဲ့ရ တယ်” ဟု ဆရာမ သန်းမြင့်အောင်က ပြောပြသည်။ ထိုစကားအတွက် ကျမ အရှက်ရခဲ့ရသည်။

ဘာသာရေးနှင့်ပတ်သက်လာလျှင် ကျမက အမေကိုပါ ဆရာလုပ်သူ ဖြစ်သည်။ အမေပဲဖြစ်ဖြစ် သမ္မာ ကျမ်း စာနှင့် လွဲချော်နေသည်ထင်လျှင် ထောက်ပြဝေဖန်သည်။ ထို့အတွက် ကျမနှင့် တခြားသော လူကြီးများ အမြဲ ပြဿနာတက်ရသည်။

ဖေဖေတူးတူး၏ စကားလုံးများ အနေအထိုင်အမူအကျင့်များနှင့် ကြီးပျင်းခဲ့ရသော ကျမအတွက် တခြားသော နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များနှင့် အတော်လေးဆန့်ကျင်ဘက်တွေဖြစ်ရသည်။

အမေက ဘုရားကျောင်းတက်မှ ခရစ်ယာန်ပီသသည်ဟူသော အစွဲရှိသည်။ ကျမက အဲဒါကို တွန်းလှန် ချေဖျက်ချင်သူ။ ဘုရားကျောင်းမတက်ဘဲ စိတ်ထဲမှာ ဘုရားနှင့် နီးကပ်နိုင်သည်ဟု ယူဆသူ။ ပြီးတော့ သခင် ယေရှု၏ မေတ္တာနှင့် ပတ်သက်သော တရားတော်များကို တတ်နိုင်သလောက် လိုက်လျှောက်လျှင် ဘုရား ကျောင်း အပတ်စဉ်တက်ပြီး သူတပါးကို အမုန်းပွားသူ၊ ရန်လိုသူ၊ မနာလိုစိတ်ကြီးသူတို့ထက် ခရစ်ယာန် ပီသ သည်ဟု ယုံကြည်သူဖြစ်သည်။

ကျမတို့ အသင်းတော်တွင် ထိုအချိန်က လက်ထောက်သင်းအုပ်ဆရာမှာ ခရစ်ယာန်လောကတွင် နာမည်ကြီး စာရေးဆရာ သန်လျင်ဖေသွင်ဖြစ်သည်။ ဖေဖေတူးတူး အတော်လေး နာမကျန်းဖြစ်ချိန်က ကျမတို့ အသင်း တော်အတွက် သင်းအုပ်ဆရာအဖြစ် ဆရာသန်လျင်ဖေသွင်ကို သူကိုယ်တိုင် ရွေးချယ်ခဲ့သည်။

ဆရာဦးဖေသွင်ကို ထုံးစံအရ သိက္ခာတင်ပွဲကျင်းပတော့ နှစ်ခြင်းခရစ်ယာန်လောကတွင် တကယ့် ထိတ်ထိတ် ကျဲ သင်းအုပ်ဆရာကြီးများ လာကြသည်။ ပလ္လင်ပေါ်တွင် ဦးဖေသွင်ကို အလယ်၌ထားကာ ဘေးက သင်း အုပ်ဆရာကြီးတွေက ဝိုင်းလျှက် ကောင်းချီးပေးတော့ ဖေဖေတူးတူးလည်း ပါသည်။ အဲဒီမှာ ကျန်သည့် ဆရာ ကြီးတွေက ခေါင်းပေါင်းတလူလူ၊ ဝတ်ရုံတကားကားနှင့်ဖြစ်နေသည်။ ဖေဖေတူးတူးကတော့ တိုက်ပုံ အမည်း လေးနှင့် ခေါင်းပေါင်းလည်းမပါ။

ကျမတို့ မြန်မာနှစ်ခြင်းတွင် ဝတ်ရုံမရှိ၊ အခေါ်အဝေါ်ကိုက တခြားဂိုဏ်းဃဏများလို ဘုန်းတော်ကြီးဟုပင် မခေါ် .. သင်းအုပ်ဆရာဟုသာ ခေါ်ကြသည်။ ဝတ်ရုံနှင့် ခေါင်းပေါင်းကြီးများနှင့် ဘယ်လိုမှ မလိုက်ဖက်။ တရားသူကြီးလိုလို၊ ရှေ့နေများလိုလို အမြင်ဆန်းပြီး ရယ်ချင်နေမိသည်။

နောက်တခု နှစ်ခြင်းကို သဘောကျသည့် အချက်က သင်းအုပ်ဆရာတပါးက အသင်းတော်တခုတွင် သေ သည်အထိနေရင်း အသင်းတော်ကိုဘခင်တဦးအဖြစ် စောင့်ရှောက်ရခြင်းဖြစ်သည်။ တခြား ဂိုဏ်းဃဏများ ကတော့ အဲလိုမဟုတ် အဆင့်ဆင့် ဂိုဏ်းထောက်၊ ဂိုဏ်းချုပ် စသည်ဖြင့် အုပ်ချုပ်ပြီး ဘုန်းတော်ကြီးများ က တာဝန်ကျရာ အရပ်သို့ ပြောင်းရွှေ့ကြရသည်။

ကျမတို့မြို့တွင် ဘုရားကျောင်းများက တကျောင်းနှင့်တကျောင်း နီးကပ်စွာတည်ရှိပြီး .. တဦးနှင့်တဦးလည်း ရင်းနှီးခင်မင်ကြသည်။ ဘုရားကျောင်းတကျောင်း၏ သာရေး၊ နာရေးကိစ္စများကို ကျန်ဘုရားကျောင်းများက ပါဝင်ကူညီလေ့ရှိသည်။ ပြီးတော့ နှစ်စဉ် နိုဝင်ဘာလတိုင်း ဂိုဏ်းပေါင်းစုံ ခရစ်ယာန် ရက်သတ္တပတ် ဆိုသည့် အစီအစဉ်ရှိသည်။ ထိုအစီအစဉ်က ကျမတို့ ကလေး၊ လူငယ်များအတွက် အလွန်ပျော်ဖို့ ကောင်းသည်။

ထိုအစီအစဉ်ကို ဖြစ်မြောက်ဖို့ ဘုရားကျောင်းတိုင်းက သင်းအုပ်ဆရာ၊ ဘုန်းတော်ကြီး၊ အသင်းတော် လူကြီး များ စုပေါင်းစည်းဝေးကာ အစီအစဉ်တိုင်းတွင် ဘုရားကျောင်းအားလုံး ဝိုင်းဝန်း အကောင်အထည် ဖော်ရ သည်။ ကျမ အကြိုက်ဆုံးကတော့ ဓမ္မသီချင်းဆိုပြိုင်ပွဲဖြစ်သည်။

သီချင်းဆိုပြိုင်ပွဲတွင် တပင်တိုင်၊ ၂ ယောက်သံစုံ၊ ၄ ယောက် သံစုံ ဟူ၍ ရှိသောကြောင့် ကိုယ့်ဘုရားကျောင်း၊ သူ့ဘုရားကျောင်းမခွဲဘဲ ၂ ယောက်သံစုံအတွက်၊ ၄ ယောက်သံစုံအတွက် ကိုယ်နှင့်လိုက်ဖက်မည့် ဆိုဖော် ဆိုဖက်ကို ရှာရတာ သဘောကျသည်။ ပြီးတော့ ဟိုးရှေးခေတ်ကတည်းက ရေးထားသည့် ဓမ္မသီချင်းများကို နုတ်မလွဲအောင် လေ့ကျင့်သီဆိုရတာ ပျော်သည်။

သီချင်းအကြောင်းစမိတော့ ဓမ္မသီချင်းလေးတပုဒ်ကို သတိရမိသည်။ အဲဒီသီချင်းကို အစကတော့ ကျမ အမှတ်တမဲ့ပင်။ သို့သော် သူငယ်ချင်းတယောက်က ကျမကို “အဲဒါ ဒေါ်အောင်ဆန်းစုကြည် အရမ်းကြိုက်တဲ့ သီချင်းပေါ့” ဟု လာပြောကတည်းက ကျမသေချာ ဆိုကြည့်၊ ဖတ်ကြည့်မိသည်။ ပြီးတော့ အဲဒီသီချင်းလေး ကို အလွတ်ရသွားသည်။ သီချင်းလေးက တိုတိုလေး။ ဒါပေမယ့် အဲဒီသီချင်းလေးက အဓိပ္ပာယ် ပြည့်ဝလှ သည်။ နှစ်ခြင်းခရစ်ယာန်တဦးဖြစ်သင့်သော နေထိုင်မှုကိုညွှန်ပြသည်ဟု ထင်သည်။

“ကျွန်ုပ်ကို ယုံသောသူများကြောင့် ဖြောင့်မတ်မည်။ ဂရုစိုက်သောသူများကြောင့် သန့်ရှင်းမည်။ ကိုယ် အား နည်းကြောင်း ကိုယ်သိ၍ စိတ်နှိမ့်ချမည်။ ပင်ပန်းခံရန်များသောကြောင့် ရဲရင့်မည်။ မိတ်ဆွေမဲ့သူနှင့် ရန်သူကို မိတ်ဖွဲ့မည်။ စွန့်ကြဲကြောင်းမေ့လျှက် စွန့်ကြဲပေးကမ်းမည်။ ဆောင်ရွက်ရန်များသောကြောင့် ခွန်အားနှင့်ပြည့် မည်။ ရွှင်လန်းချစ်ခင် မျှော်ကြည့်လျှက်ထူပင်မည်” ဆိုသည့် သီချင်းလေးကို ကျမရင်ထဲမှာ ဘယ်တော့မှ မမေ့။

ခရစ်ယာန် အိမ်ထောင် ရက်သတ္တပတ်အစီအစဉ်၏ နောက်ဆုံးမတိုင်မီတရက် စနေနေ့ညနေပိုင်းတွင် ခရစ် ယာန် အိမ်ထောင်တိုင်းက ဟင်းတမျိုးစီချက်ယူလာပြီး စုပေါင်းစားသောက်သည့် မိတ်ဆုံ ထမင်းစားပွဲရှိသည်။ ဂိုဏ်းပေါင်းစုံတည်ခင်းသည်ကတော့ သီးစုံပဲဟင်း တခွက်ဖြစ်၏။ အဲဒါပြီးတော့ ညဘက်တွင် ကလေး၊ လူကြီး၊ လူငယ်အားလုံးပါဝင်သော စင်မြင့်ဖျော်ဖြေပွဲရှိသည်။

ကလေးဘဝတွင် ပြဇာတ်များကို ထိုင်ကြည့်ကာ သဘောကျနှစ်ခြိုက်ခဲ့သမျှ လူငယ်ဘဝတွင် ကျမကိုယ်တိုင် ပြဇာတ် ဒါရိုက်တာ ဝင်လုပ်သည်။ အဓိက ခရစ်ယာန်အိမ်ထောင်များနှင့် သက်ဆိုင်သည့် ဟာသပြဇာတ်များ ကို တင်ဆက်ကြပြီး ထိုအစီအစဉ်ကြောင့် ဘုရားကျောင်းပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံက သူငယ်ချင်းများ တိုးပွား လာသည်။ ထို့ကြောင့်လည်း တခြား ဂိုဏ်းဃဏများကို ပိုလေ့လာခွင့်ရသည်။

မက်သဒစ် ခရစ်ယာန်များက စည်းမျဉ်းစည်းကမ်းကို အဓိကထားတာ တွေ့ရသည်။ သူတို့၏ စည်းမျဉ်း စည်း ကမ်းက စာအုပ်ထဲတွင် အခိုင်အမာရှိသည်။ ထိုစည်းကမ်းများအတိုင်း လိုက်နာခြင်း ရှိမရှိ ဆိုသည်ကိုတော့ သူတို့ကိုယ်တိုင်ပဲ သိလိမ့်မည်။

ကျမက အဲလို စည်းကမ်းတွေ သိပ်တင်းကျပ်တာမျိုးကိုလည်း မကြိုက်လှ။ စည်းကမ်းတင်းကျပ်လျှင် တင်း ကျပ်သည့်အတိုင်း တကယ်လိုက်နာသင့်သည်။ မလိုက်နာနိုင်ဘဲနှင့်တော့ စည်းကမ်းတင်းကျပ်တာမျိုး သဘောမကျ။

ကျမ၏ ခရစ်ယာန်လူငယ်ဘဝက စိတ်ချမ်းမြေ့စရာ၊ ပျော်စရာများနှင့် အတိပြီးကာ သင်ယူစရာများ အပြည့် ရှိခဲ့သည်။ ခရစ္စမတ်အချိန်မှာ ကျမတို့ လူငယ်များ သီချင်းဆိုထွက်ကြသည်။ မှတ်မှတ်ရရ ၁၉၈၈ အရေး အခင်းပြီးခါစ ခရစ္စမတ်အချိန်မှာတော့ ကျမတို့ကို လူကြီးများက သီချင်းဆို မထွက်စေချင်။ အဲဒီတုန်းက ည ဘက်မထွက်ရအမိန့် ချမှတ်ထားစဉ်ဖြစ်သည်။ ကျမတို့လူငယ်များကတော့ နှစ်စဉ်လုပ်နေကျအတိုင်း ပုံမှန် လုပ်ချင်သည်။ ဒီတော့ ကျမတို့ နေ့ခင်းဘက်တွင် သီချင်းဆိုထွက်ကြသည်။ ညမထွက်ရအမိန့် သတ်မှတ်ချိန် မတိုင်မီ ကျမတို့အဖွဲ့ သိမ်းကြသည်။ ဘာပြဿနာမှတော့မဖြစ်။

နောက်ပြီး နှစ်သစ်ကူးအကြိုညတွင်လည်း ထိုနည်းလည်းကောင်း။ လူကြီးများက မလုပ်စေချင်။ အဲဒီမှာ အသင်းတော်အားလုံး၏ လူကြီးတိုင်းက မလုပ်စေချင်ခြင်းဖြစ်သည်။ ကျမတို့ကတော့ လုပ်ချင်သည်။ အဲဒီမှာ ဂိုဏ်းပေါင်းစုံက သူငယ်ချင်းများ နှစ်သစ်စုကြိုရန်စီစဉ်ကြသည်။ မက်သဒစ်ဘုန်းတော်ကြီးက သူ့ဘုရား ကျောင်းကို ပေးသုံးသည်။ သူ့ဘုရားကျောင်းက ဝင်းခြံကြီးထဲတွင်ဖြစ်သောကြောင့် အပြင်က ရုတ်တရက် အသံမကြားရ၊ မမြင်ရ။ ထိုနှစ်တွင် ကျမတို့ ခါတိုင်းနှစ်များနှင့်မတူစွာ ကိုယ့်ဘုရားကျောင်းချည်း သီးသန့် မဟုတ်ဘဲ ဂိုဏ်းပေါင်းစုံစုပေါင်း၍ နှစ်သစ်ကိုကြိုဆိုဖြစ်ကြသည်။

ထိုသို့ စုပေါင်းလုပ်ဖြစ်ခြင်းက ကျမတို့လူငယ်များ အချင်းချင်း ပိုမိုရင်းနှီးကာ တဦးနှင့်တဦး ပိုမိုချစ်ခင်လာကြ သည်။ ကျမတို့မြို့တွင် ဘုရားကျောင်းစုစုပေါင်း ငါးကျောင်းရှိသည်။ အင်္ဂလီကန်၊ မက်သဒစ်၊ ရိုမန်ကက် သလစ်၊ မြန်မာနှစ်ခြင်းနှင့် ကရင်နှစ်ခြင်းတို့ဖြစ်သည်။ ထိုထဲတွင် အင်္ဂလီကန်နှင့် ရိုမန်ကက်သလစ်က သီးသန့်ဆန်သည်။ တခြားအသင်းတော်များနှင့် သိပ်ရောရောနှောနှောမနေ။ ကျန်သုံးကျောင်းကတော့ ဘာ ကိစ္စပဲရှိရှိ ရင်းနှီးသည်။ အတူလုပ်ဆောင်ကြသည်။

၁၉၈၉ နှစ်သစ်ကူးချိန်ကစပြီး ဘုရားကျောင်းသုံးကျောင်းက လူငယ်များ တရင်းတနှီးဖြစ်ကုန်ကြသည်ကို သဘောမတွေ့သူများရှိသည်။ အဲဒါကတော့ ကရင်နှစ်ခြင်းအသင်းတော်မှ လူကြီးတချို့ဖြစ်၏။ သူတို့ လူငယ် များကို သီးသန့်ခွဲထုတ်ချင်သည်။ အစပိုင်းတွင် မသိမသာခွဲထုတ်ရာမှ နောက်ပိုင်း သိသိသာသာ ခွဲထုတ်လာ သည်။ ကျမတို့နှင့် ပေါင်းသင်းသည်ကို သိသာစွာ မကြိုက်ကြောင်း ပြသလာသည်။

သူတို့မှာလည်း သူတို့အနာနှင့်သူတို့ ဆိုသည်ကို ကျမတို့နားလည်ပါသည်။ ဗမာလူမျိုးများအပေါ် နာကြည်း ချက်များစွာ သူတို့တွင်ရှိနေသည်။ ဗမာများက သူတို့ကိုနှိပ်စက်ခဲ့သည်ဟူသော အစွဲကြောင့် ဗမာအားလုံးကို သိမ်းကျုံးကာ မုန်းနေခဲ့သည်။ ကျမတို့ကတော့ အတိတ်ကိုထားခဲ့ကာ လက်ရှိအနေအထားတွင် ချစ်ခင် ပျော်ရွှင်ချင်သည်။ သို့သော်လည်း သူတို့၏ လက်ဆင့်ကမ်းအမုန်းက ခဝါချ၍ မရနိုင်ခဲ့။ အပေါ်ယံတွင် ချစ်ခင် ရင်းနှီးမှုများရှိသည်။ နာရေး၊ သာရေးများတွင် ကူညီဝိုင်းဝန်းသည်။ သို့သော် လူငယ်အချင်းချင်း တကယ့် မေတ္တာစိတ်ရင်းဖြင့် ပေါင်းစည်းချစ်ခင်ကြသည်ကိုတော့ မလိုလားတာအမှန်ပင်။

ကျမတို့မြို့ပေါ်မှာတော့ ခရစ်ယာန်ဟူ၍ ခွဲခြားဆက်ဆံခြင်းမျိုး .. အစိုးရ၏ နှောင့်ယှက်ဖိနှိပ်မှုမျိုး မတွေ့ပါ။ သို့သော်လည်း ဘုရားကျောင်းနာမည်ဖြင့် ခြံဝင်းချဲ့ထွင်ခွင့်မရှိ၊ မြေကွက်ဝယ်ခွင့်မရတာမျိုးလောက်တော့ ရှိသည်။ တခြား တောဒေသများ၊ အထူးသဖြင့် တိုင်းရင်းသားများနေထိုင်သည့် ချင်းဒေသ၊ ကချင်ဒေသ၊ ကရင်ဒေသနှင့် ဧရာဝတီတိုင်းအတွင်းမှာရှိသည့် ဘုရားကျောင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ခရစ်ယာန် ဘာသာဝင်များကို နှိပ်စက်ခြင်းများရှိသည်ဟု ခရစ်ယာန်အသိုင်းအဝန်းတွင် အချင်းချင်းပြောနေကြတာ ကြား ဖူးသည်။ သို့သော် ထိုသို့ကြားဖူးခဲ့တာ အလွန်ကြာခဲ့ပြီဖြစ်သည်။

CSW ကထုတ်ပြန်သည့် သတင်းနှင့်ပတ်သက်၍လည်း ကျမ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ကို မေးကြည့်သည်။ သူတို့ကတော့ မကြားမိသေးပါဟု ဆိုသည်။

ကျမက လူငယ်ဘဝတွင် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ လူငယ်ဌာန ဓမ္မသဘင်အဖွဲ့နှင့် နယ်လှည့် ဖျော်ဖြေပွဲများတွင် လိုက်ပါဖူးရာ နယ်စုံနီးပါးရောက်ဖြစ်သည်။ ကျမသွားခဲ့သည့် ရွာများတွင်တော့ အစိုးရ၏ နှိပ်စက်ညှဉ်းပန်း ခွဲခြားဆက်ဆံခံရသည်ဟု မကြားမိ။

သမ္မာကျမ်းစာ ဓမ္မသစ်တွင် သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း ကျန်ရစ်သည့် ခရစ်ယာန်များကို ရောမဧကရာဇ်က အကြီးအကျယ် နှိပ်စက်ညှဉ်းပန်းခဲ့သည့်အကြောင်းများ ရေးသားပါရှိသည်။ ခရစ်ယာန်များ မှာ လွှဖြင့် အပိုင်းပိုင်း တိုက်ဖြတ်ခံရသည်၊ မီးရှို့အသတ်ခံခဲ့ရသည်။ ဘုရားကျောင်းများ မီးရှို့ဖျက်ဆီးခံခဲ့ရ သည်။ ခရစ်ယာန်ဘာသာကို အမြစ်ကလှန်၍ ခြေမှုန်းဖျက်ဆီးခဲ့သည်။ သို့ရာတွင် ခရစ်ယာန်ဘာသာက ယနေ့ထက်တိုင် ရှိနေဆဲဖြစ်သည်။ ပျောက်ပျက်မသွားခဲ့။

လူကိုသတ်၍ရသည်၊ ဘုရားကျောင်းများကို ဖျက်ဆီး၍ ရနိုင်သည်။ ရင်ထဲတွင် ကိန်းအောင်းနေသော ယုံကြည်ချက်ကိုတော့ ဖျက်ဆီး၍ မရစကောင်း။ ကျမတို့ ရှေးဘိုးဘေးများ၏ ရင်ထဲတွင် ကိန်းအောင်းခဲ့ သော ယုံကြည်ချက်ကို လက်ဆင့်ကမ်းနိုင်သောကြောင့်လည်း ယနေ့ ကျမခရစ်ယာန်တယောက် ဖြစ်လာခဲ့ရ သည်မဟုတ်လား။

ကျမအနေနှင့်တော့ စစ်အစိုးရက ဝတ်ပြုခွင့်မရအောင် နှောင့်ယှက်ချင်လည်း နှောင့်ယှက်ပါစေ .. လူအများ ၏ စိတ်ထဲတွင် ခိုင်မာစွဲထင်နေသော ယုံကြည်ချက်ကို ဖျက်ဆီး၍ မရနိုင်ပါ။ ဘုရားကျောင်းမတက်ရလည်း ကိုယ့်ဘာသာ တယောက်တည်း ဘုရားဝတ်ပြုနိုင်သည် မဟုတ်လား။ ကိုယ့်ဘာသာတယောက်တည်း ဝတ်ပြုသည်ကို နှောင့်ယှက်လျှင်ကော .. ။ စိတ်ထဲတွင် ဘုရားသခင်ရှိနေလျှင် ခရစ်ယာန်တယောက်အဖို့ လုံလောက်သည်ဟု ထင်ပါသည်။



အေးချမ်းမြေ့
REF: ဧရာဝတီ

0 comments:

အပေါ်သို့