Thursday, February 12, 2009

ခြံစည်းရိုး၏ အခြားတဖက်မှ မေ့ပျောက်ခံတိုက်ပွဲ

ဒင်နီယယ်ပီဒါဆင်
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 11 200

စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသော တပ်ဖွဲ့ဝင်များ ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသများတွင် တုန် လှုပ်ခြောက်ခြားအောင် ပြုလုပ်နေသည်ကို ထိုင်းစစ်တပ်က တစုံတရာ အရေးယူ ဆောင်ရွက်လိုစိတ် မရှိခြင်း သော်လည်းကောင်း သို့မဟုတ် ဘာမှ မတတ်နိုင်ခြင်းသော်လည်းကောင်း ဖြစ်နေပုံရသည်။ မြန်မာ့ ဒီမို ကရေစီရေး လှုပ်ရှားမှုအပေါ် ကြီးမားသော နောက်ဆက်တွဲ အကျိုးဆက်များ ပေါ်ပေါက်လာစေနိုင်သည့် နယ်စပ်နိုင်ငံရေး အပြောင်းအလဲများကို ဒယ်နီယယ်ပီဒါဆင် က သတင်းပေးပို့ထားသည်။

မဲဆောက် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံမှ “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ” (နအဖ) (SPDC) ၏ မဟာမိတ်အဖွဲ့ဖြစ်သော ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) သည် ယခုလ ၇ ရက်နေ့က ထိုင်းနိုင်ငံမြောက်ပိုင်း အုန်းဖန်အနီးရှိ ထိုင်းကျေးရွာသားတချို့ကို ပြန်ပေးဆွဲ ခေါ် ဆောင်သွားခဲ့ကာ ရိုက်နှက်ပြီး အများစုကို ပြန်လွှတ်ပေးခဲ့သည်။

သို့သော် ဒေသခံ ခရစ်ယာန်ခေါင်းဆောင်နှင့် သူ့သားမက်တို့ကို ယခုတိုင် ဖမ်းဆီးထားဆဲ ဖြစ်သည်။

သူတို့ ဘယ်မှာရှိသည်ကို မသိရဘဲ သူတို့၏ လုံခြုံရေးအတွက် အလွန်အမင်း စိုးရိမ်ပူပန်စရာ ဖြစ်နေသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လကတည်းက မြန်မာစစ်တပ်နှင့် DKBA တို့သည် ထိုင်းနိုင်ငံ ပိုင်နက်အတွင်းသို့ ကြိမ်ဖန် များစွာ ကျူးကျော်ဝင်ရောက်ခဲ့သည်။

ဤသို့သော ဖြစ်ရပ်များသည် ယခုအခါ ရိုးနေပြီဖြစ်ပြီး၊ အနည်းဆုံး ဒေသခံ စစ်တပ်ဖွဲ့ အဆင့်၏ မျက်စိမှိတ် သဘောတူထားမှုကြောင့်သာ ဤသို့ လုပ်နိုင်ခြင်း ဖြစ်သည်ဟု ယုံကြည်ယူဆရပြီး ဤဒေသတွင် ဝမ်းစာ ရှာဖွေ စားသောက်နေကြရသော ကျေးရွာသားများအတွက် မလုံမခြုံ ဖြစ်နေရသည်မှာ လက်တွေ့ပင် ဖြစ် သည်။

ဤဖြစ်ရပ်အားလုံးသည် ပြီးခဲ့သော ဒီဇင်ဘာလက ၄ လအတွင်း ထိုင်းနိုင်ငံ၏ တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာသူ အဖိဆစ်အတွက် သတင်းဆိုးကြီးဖြစ်သည်။

စနေနေ့က ပြန်ပေးဆွဲခံရသူ ကျေးရွာသားများမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့ကို စာနာထောက်ခံသူများ ဖြစ်သည်ဟု ယူဆရသည်။

KNU နှင့် ယင်း၏ လက်နက်ကိုင်တပ်ဖွဲ့ KNLA နှစ်ခုစလုံးသည် မြန်မာအစိုးရကို ၁၉၄၉ ခုနှစ် ကတည်းက လက်နက်ကိုင် တိုက်ခိုက်နေသည့် အဖွဲ့အစည်းများဖြစ်သည်။

KNLA ၏ တပ်မှူးတဦးဖြစ်သော ဗိုလ်မှူးကြီးနဒါမြက ယခုအခါ ထိုင်းနှင့် မြန်မာစစ်တပ်များသည် အလွန်နီး စပ်သည့် ဆက်ဆံရေးများရှိနေကြပြီး၊ နယ်စပ်တွင် လှုပ်ရှားနေရသော သူတို့အတွက် အလွန်ခက်ခဲလာနေ သည်ဟု ပြောသည်။

"နယ်စပ်တလျှောက်ရှင်းဖို့ မြန်မာစစ်တပ်က DKBA ကို အသုံးချနေတာ" ဟု သူက ပြောသွားပြီး၊ ဤသို့ စစ် ဆင်သည့်အခါတိုင်း မြန်မာတပ်ဖွဲ့ဝင်များက အမြဲတမ်း အနီးတွင် ရှိသည်ဟုလည်း အလေးပေး ပြောသွား သည်။

ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနကမူ နအဖ နှင့် KNLA တို့အကြားတွင် တိုက်ပွဲများ နောက်ထပ် ထပ်မံဖြစ်ပွား ခြင်း မရှိတော့ဟူသော ပြောကြားချက်ကို တသမတ်တည်း ပြောဆိုနေပြီး၊ ယခုဖြစ်ပွားနေသော တိုက်ပွဲများ သည် ကရင်အချင်းချင်း တိုက်ခိုက်ကြခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

သို့သော် DKBA သည် လက်နက်နှင့် ထောက်ပံ့ရေး ပစ္စည်းများကို နအဖ ထံမှ ရရှိနေခြင်းဖြစ်သည်။

သောင်ရင်းမြစ်၏ တဖက်ကမ်း မြန်မာဘက်၏ အမာခံနယ်မြေဖြစ်သော မြဝတီမြို့မှလာသည့် ထောက်ပံ့ရေး လမ်းကြောင်းကို နအဖ တပ်ဖွဲ့များက နောက်ကြောင်းမှ အလွယ်တကူ ထိန်းသိမ်း ကာကွယ်ပေးထားနိုင် သည်။

မကြာသေးခင်ကာလများက အုန်းဖန်အနီးတဝိုက် နယ်စပ် ၂ ဖက်လုံးတွင် ဖြစ်ပွားလျက်ရှိသော တိုက်ခိုက်မှု များကို အကျိုးအမြတ် များလှသည့် စီးပွါးရေးလုပ်ငန်းများ လမ်းပွင့်သွားစေရန် ထိုင်းအာဏာပိုင်များက ရပ် တန့်သွားစေလိုသည်ဟု ဗိုလ်မှူးကြီး နဒါမြက ပြောသည်။

ဖုတ်ဖရ မှ အုန်းဖန်အထိ လွန်ခဲ့သော ၉ လလုံးလုံး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခဲ့သည့် ရှေ့တန်း နယ်မြေသည် နယ်စပ် နှစ်ဖက်စလုံးတွင် သစ်တောများ ပြုန်းတီးနေပြီ ဖြစ်သည်။

ရှည်ကြာလှသော ပဋိပက္ခအတွင်း နှစ်ဖက်စလုံးက တချိန်က ရှိခဲ့သော သစ်မာသစ်တောများကို ခုတ်လှဲထုတ် ယူခဲ့ပြီး ဖြစ်သည်။

ယခုအခါ မြေဆီထက်သန်လှသည့် မြေနီများမှ သီးနှံအများအပြား ထွက်ရှိနေသည်။

"ဒီဒေသမှာ လယ်ယာ အငှားချထားတာနဲ့ ရာဘာစိုက်ခင်းတွေက အလားအလာ အများကြီး ရှိတယ်ဆိုတာ ထိုင်းနဲ့ မြန်မာ နှစ်ဖက်စလုံးက မြင်တယ်" ဟု ဗိုလ်မှူးကြီး နဒါမြကပြောသည်။

"မြန်မာဘက်က သူတို့အတွက် ပိုလွယ်ပိုအဆင်ပြေလို့ မြဝတီကနေ ဖုတ်ဖရနဲ့ မျက်နှာချင်းဆိုင်အထိ လမ်း သစ်ဖောက်ချင်နေတာ။ ဒါပြီးရင် သူတို့ ငွေအများကြီးရမှာ" ဟု သူက ပြောသည်။

မြန်မာနယ်စပ်တလျှောက် ကားလမ်း ဖောက်လုပ်ခြင်းဖြင့် စိုက်ပျိုးသီးနှံ ထွက်ကုန်များ သယ်ယူရန် ကြာမြင့် ချိန်ကို လျှော့ချနိုင်ကာ မြင့်မားလှသည့် ဒေါနတောင်တန်းကြီး၏ အတားအဆီးများကို ကျော်လွှားနိုင်မည် ဖြစ် သည်။

လက်ရှိ ထိုင်းဘက်ကမ်းမှ ကောင်းမွန်စွာ ထိန်းသိမ်း ပြုပြင်ထားသော ကားလမ်းသည် အုန်းဖန်မှ အနီးဆုံး စီးပွားကုန်သွယ် ဗဟိုဌာနဖြစ်သော မဲဆောက်သို့ သွားလိုလျှင် မြင့်မားလှသော တောင်များကိုပတ်၍ သွား နေရပြီး နာရီပေါင်းများစွာ ကြာမြင့်အောင် မောင်းရသည်။

ထိုင်းနှင့် မြန်မာ စစ်အစိုးရအရာရှိတို့အကြား ချုပ်ဆိုမည့် မည်သည့် သဘောတူညီချက်မဆို ထိုင်းဝန်ကြီးချုပ် သစ် မစ္စတာအဖိဆစ်အတွက် ခက်ခဲသော အခြေအနေတရပ်ကို ဖြစ်ပေါ်စေလိမ့်မည်။

ယခုပင်လျှင် နိုင်ငံတကာ အကဲခတ်များက ထိုင်းစစ်တပ်သည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ပြီး၊ ဘန်ကောက် နိုင်ငံရေးယန္တရားကိုပင် ကျော်လွန်လုပ်ဆောင်နေသည်ဟု စွပ်စွဲပြောဆိုနေကြသည်။

စစ်တပ်အသုံးမကျမှုကြောင့် ပေါ်ပေါက်လာရသည့် ထိုင်း ဘုရင့်နိုင်ငံတောင်ပိုင်းရှိ မူဆလင်သူပုန်များ ထကြွ ရာ နေရာများတွင် ထိုင်းစစ်သားများသည် စနစ်တကျ ညှဉ်းပန်းနှိပ်စက်ခြင်းကို ကျူးလွန်နေကြပြီး၊ ရိုက်နှက် ခြင်း၊ လျှပ်စစ်ဖြင့် ရှော့တိုက်ခြင်း၊ အသက်ရှူမွန်းကြပ်အောင်လုပ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကား မှုများ အပါအဝင် နည်းပရိယာယ်ပေါင်းစုံဖြင့် လူ့အခွင့်အရေး ဖောက်ဖျက်မှုများကို ကျူးလွန်နေကြသည်ဟု စွပ်စွဲထားသည်။

မကြာသေးခင် လများကလည်း မူဆလင်ရိုဟင်ဂျာ ဒုက္ခသည်များအပေါ် ထိုင်းစစ်တပ်၏ ရက်ရက်စက်စက် မညှာမတာ ကိုင်တွယ်ခဲ့မှုကို ကမ္ဘာက အလွန်စက်ဆုပ် ရွံရှာမိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

မစ္စတာအဖိဆစ်ကမူ သူ၏ စစ်တပ်က ဤသို့ မဟုတ်မမှန် လုပ်ဆောင်မှုများ လုံးဝမရှိခဲ့ကြောင်း ပြတ်ပြတ် သားသား ငြင်းဆိုခဲ့သည်။ သို့သော် အားလပ်ရက် အလည်အပတ် သွားရောက်သူများ ရိုက်ယူလာခဲ့သည့် ဓာတ်ပုံများထဲတွင် ဖမ်းဆီးရမိသော ဒုက္ခသည်များကို ကြိုးတုပ်ကာ နေပူထဲတွင် သောင်ပြင်ပေါ်၌ မှောက် ခိုင်းထားသည်ကို သတင်းဌာနများက ဖြန့်ဖြူးပြသ၍ လူအများ မြင်တွေ့ခဲ့ကြရသည့်အတွက် ပြဿနာ ဖြစ်ခဲ့ ရသည်။

မစ္စတာ အဖိဆစ်သည် မခိုင်မာသော ညွန့်ပေါင်းအစိုးရကို ဦးဆောင်နေရသည်။ သူ့ဝန်ကြီးအဖွဲ့တွင် ယခင် အစိုးရဟောင်းမှ ဘက်ပြောင်းလာသူများနှင့် အခြားတဖက်တွင် ယမန်နှစ်က တိုင်းပြည်၏ အကြီးဆုံးလေဆိပ် ၂ ခုကို သိမ်းပိုက် ဆန္ဒပြခဲ့သော “ပြည်သူ့ဒီမိုကရေစီ မဟာမိတ်အဖွဲ့” (PAD) ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံ သူများ ပါဝင်သည်။

ထိုင်းနိုင်ငံ၏ နောက်ဆုံး ဝန်ကြီးချုပ်သည် အလွန် သတိကြီးစွာထား၍ လျှောက်လှမ်းရမည်ဖြစ်ပြီး၊ မဟုတ်ပါ က အစောပိုင်း အဖွင့်ရက်သတ္တပတ်များက ရရှိထားခဲ့သော တည်ငြိမ်မှုလေး ပျက်ပြားသွားမည်ဖြစ်သည်။

PAD က ထိုအချိန်က ထိုင်းဝန်ကြီးချုပ် စမတ် ဆွန်ထော်ရဝေ့ခ်ျ (Samak Sundrajev) ကို ၂ဝဝ၆ ခုနှစ် အောက်တိုဘာလက စစ်တပ်က ဖြုတ်ချခြင်း ခံလိုက်ရသည့် ဝန်ကြီးချုပ်ဟောင်း သပ်ဆင်ရှင်နာဝပ်ထရာ၏ ရုပ်သေးရုပ်ဟု ဆိုကာ ဘန်ကောက် နိုင်ငံတကာလေဆိပ်များကို ပြန်ပေးဆွဲ ဆန္ဒပြခဲ့ပြီးနောက် ထိုင်း နိုင်ငံ၏ ရှေ့အလားအလာနှင့် ပတ်သက်၍ Standard and Poor ဘဏ်ကြီးက အဆင့်လျှော့ချ သတ်မှတ်ခဲ့သည်။

ဆွန်ချိုင်းဝမ်ဆာဝပ်က ဆမတ်ကို အစားထိုးတာဝန်ယူပြီးနောက် PAD က ဆက်လက် ဆန္ဒပြခဲ့သည်။ ဤ ဖြစ်ရပ်များကြောင့် ထိုင်းဘုရင့်နိုင်ငံတော်၏ နိုင်ငံတကာတွင်ရှိနေသော အဆင့်အတန်းမှာ ပို၍ အခြေအနေ ဆိုးသွားပြီး၊ လက်ရှိ ပြဿနာမျိုးစုံ ပေါ်ထွက်နေသည့် ထိုင်းနိုင်ငံရေးအတွက် အကောင်းမြင် အခြေအနေဟု ဆိုရမည့် “တည်ငြိမ်သည်” ဆိုသည့်အဆင့်မှ “အနှုတ်လက္ခဏာ ဆောင်သည်” ဆိုသောအဆင့်သို့ S&P ဘဏ်ကြီးက အဆင့်လျှော့ချ သတ်မှတ်ခဲ့သည်။

မစ္စတာသပ်ဆင်ကမူ သူ ထိုင်းနိုင်ငံသို့ ပြန်ကာ ထိုင်းနိုင်ငံရေးကို ဦးဆောင်သွားမည်ဟု အကြိမ်ကြိမ် ကတိ ပေး ပြောကြားခဲ့သည်။ (သူ့ကို လာဘ်စားမှု စွဲချက်များဖြင့် ယခုတိုင် ဖမ်းဝရမ်း ထုတ်ထားဆဲ ဖြစ်သည်။)

သပ်ဆင် ပြန်လာမည်ဆိုသော သတင်းသည် လက်ရှိ ထိုင်းနိုင်ငံရေးလောက၌ နှစ်ခြမ်းကွဲနေခြင်းကို မည်သို့ မျှ အကျိုးမဖြစ်စေနိုင်ဘဲ ဘန်ကောက်တွင် မတည်မငြိမ် ရှုပ်ထွေးမှုများ ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ ဒေသခံ စစ်တပ်ဂိုဏ်းများက သူတို့လုပ်ချင်သလို လုပ်ကြနိုင်သည့်အတွက် ကရင်များအတွက်သာ ပိုဆိုး သော အခြေအနေ ပေါ်ပေါက်လာနိုင်သည်။

သပ်ဆင်အား ဆန့်ကျင် ဆန္ဒပြသည့် ပွဲများတွင် PAD အဖွဲ့ဝင်များက ဘုရင့်သင်္ကေတဖြစ်သည့် အရောင်ဖြစ် သော အဝါရောင်ကို ရွေးချယ်ဝတ်ဆင် ဆန္ဒပြခဲ့ကြသည်။

သပ်ဆင်ကို ထောက်ခံသူများကမူ ယခင်ဝန်ကြီးချုပ်ဖြစ်သည့် ကြေးနန်းဆက်သွယ်ရေး လုပ်ငန်းရှင် သူဌေး ကြီးကို ထောက်ခံသောအားဖြင့် အနီရောင်များ ဝတ်ဆင်ကာ ဆန္ဒပြခဲ့ကြသည်။

သူတို့အလိုဆန္ဒ ပြည့်ဝရေးအတွက် အဝါရောင်နှင့် အနီရောင် အုပ်စုနှစ်ခုစလုံးက ရသည့်နည်းဖြင့် တိုင်းပြည် မတည်မငြိမ်ဖြစ်အောင် ပြုလုပ်ခဲ့ကြသည်။

ဇန်နဝါရီလ ၃၁ ရက်၊ ၂ဝဝ၁ ခုနှစ်က ကျင်းပခဲ့သော ၅၂ ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနား တွင် ဗိုလ်မှူးကြီးနဒါမြက အင်တာဗျူးဖြေကြားရာ၌ မစ္စတာသပ်ဆင် ထိုင်းနိုင်ငံရေးတွင် အဆင့်အမြင့်ဆုံး ရာထူးရရှိခဲ့ခြင်းကို “တော်လှန်ရေး” တရပ်အဖြစ် ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုနှစ်တွင် မစ္စတာသပ်ဆင်က ဒီမိုကရက်ပါတီမှ ချွမ်လိပိုင် (Chuan Leekpai) ကို အပြတ်အသတ် အနိုင်ရရှိ ကာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး အာဏာသိမ်းခံရခြင်းလည်းမရှိ၊ ရွေးကောက်ပွဲများ စောစီးစွာ ရုတ်တရက် ကျင်းပရခြင်းလည်းမရှိဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သက်တမ်းပြည့် အာဏာရရှိခဲ့သော အစိုးရတရပ် အဖြစ် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့သည်။

ထိုအခမ်းအနား ကျင်းပနေသည့် ၂ဝဝ၁ ခုနှစ်က ဗိုလ်မှူးကြီးနဒါမြသည် သူ၏ ပထမဆုံးကလေးဖြစ်သော ၉ လသမီးလေးကို ထိန်းကျောင်းရင်း (ယခုအခါ ကလေး ၄ ဦးရှိပြီဖြစ်သည်) မစ္စတာသပ်ဆင် အာဏာရ လာခြင်းသည် ကရင်တို့အတွက် စိန်ခေါ်မှုအသစ်များကို ဆိုင်းမဆင့်ဗုံမဆင့် ပေါ်ပေါက်လာစေလိမ့်မည်ဟု ဤသတင်းထောက်ကို ပြောကြားခဲ့သည်။

ဤအစိုးရသစ်က လူကြိုက်များသော မူဝါဒများဖြစ်သည့် ဆင်းရဲသားများကို ငွေကြေးအထောက်အပံ့များ ပေး ခြင်း၊ ထိုင်းလူဦးရေ၏ အများစုဖြစ်သော လယ်မသမားများကို အမတော်ကြေးများပေးခြင်း စသည့် ချဉ်းကပ်မှု အသစ်များဖြင့် စီးပွားရေးကို အဓိကထား လုပ်ဆောင်သွားမည်ဟု သူက ပြောသည်။

ယင်းအတွက် ကရင်တို့ကလည်း မိမိတို့၏ တော်လှန်ရေး အခွင့်သာစေရန် ထိုင်းလူမျိုးတို့အတွက် စီးပွားရေး၊ ဘဏ္ဍာရေးအရ အကျိုးရှိစေမည့် အနေအထားကို ရောက်အောင် သွားရမည်ဟု သူက ပြောသည်။ ကရင်တို့ မှာ ထိုင်းဘုရင့် နိုင်ငံတော်အတွင်း မကြာခဏ ဝင်ရောက်ခိုလှုံနေရပြီး၊ ကရင်လူမျိုး တသိန်းကျော်မှာ နယ်စပ် တလျှောက်ရှိ ဒုက္ခသည်စခန်းများတွင် ဖြန့်ခွဲနေထိုင်နေကြသည်။

ယခုကဲ့သို့ ကရင့်တော်လှန်ရေး နှစ် ၆ဝ ပြည့်ပွဲ ကျင်းပပြီး နဒါမြ၏ အကြီးဆုံးသမီးလေး ဒါးအယ်ဖော (Dah Eh Paw) မှာလည်း ၉ နှစ်ပြည့်ခါနီးနေသော အချိန်၌ ကရင်ခုခံစစ်သည် ထိုင်းနိုင်ငံ၏ ဆက်လက်တိုးပွားနေ သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို အထောက်အကူဖြစ်စေရမည်ဟူသော အယူအဆမှာလည်း အာဏာ ကြားပွဲစားများကြောင့် ပျက်ပြယ်သွားရပြီ ဖြစ်သည်။

အမှန်စင်စစ် တိုတိုပြောရလျှင် ထိုင်းတို့က သူတို့နယ်မြေကို မကာကွယ်နိုင်သည့် အခြေအနေအောက်တွင် ထိုင်းဘုရင့်နိုင်ငံတော်မှ အချို့သော အစိတ်အပိုင်းများသည် မြန်မာအစိုးရ၏ အကျိုးစီးပွားများကို အကာ အကွယ်ပေး ထောက်ခံသည့်နည်းဖြင့် သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေလိုကြသည်။

မြန်မာအစိုးရက လက်နက်ကိုင်ဆန့်ကျင်ဘက် အဖွဲ့အစည်းများကို အသံတိတ်သွားအောင် လုပ်လိုသည်၊ ပျက်သုဉ်းသွားစေလိုသည်၊ သို့တည်းမဟုတ် နောက်နှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအဖြစ် အသွင်ပြောင်းလဲ ယှဉ်ပြိုင်စေလိုသည်၊ နယ်စပ်ကုန်သွယ်ရေးကို ဖွင့်လှစ်ပြီး တည်ငြိမ်အောင် ဆောင်ရွက်လိုသည်။

သူတို့ထက် လက်တွေ့ပိုကျသော ထိုင်းများကလည်း တိုက်ခိုက်မှုများ ရပ်ဆိုင်း၍ နယ်စပ်ကုန်သွယ်ရေး လွယ် ကူချောမွေ့အောင် လုပ်လိုသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲဆိုသည်မှာ ထိုင်းတို့အတွက် အရေးမကြီးလှ၊ လက်ရှိ သူ့နိုင်ငံရေး အခြေအနေများကလည်း ရှုပ်ထွေးနေချိန်၌ စစ်တပ်က အရပ်သားအုပ်ချုပ်ရေးမှ သီးခြားကင်း လွတ်သည့် မိမိတို့ကိုယ်ပိုင် လမ်းကြောင်းတခုအတိုင်း ဦးတည်သွားနေပုံရသည်။

DKBA နှင့် နအဖ တပ်ဖွဲ့များကို ထောက်ခံအားပေးခြင်းသည် နယ်စပ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကို အမြန်ဆုံး ရပ်တန့်သွားစေနိုင်သည့် နည်းလမ်းဖြစ်ပုံရသည်။ သို့သော် ဤလမ်းအတိုင်းသွားလျှင် ကမ္ဘာပေါ် တွင် သက်တမ်းအရှည်ကြာဆုံး လက်နက်ကိုင်သောင်းကျန်းမှုဖြစ်သည့် KNU ကို ဖျက်ဆီးလိုက်သလို ဖြစ် လိမ့်မည်။

KNU သည် ၁၉၄၉ ခုနှစ်ကတည်းက ဤကြောက်မက်ဖွယ် ဆိုးယုတ်လှသည့် မြန်မာအစိုးရကို ဆန့်ကျင် တိုက်ခိုက်ခဲ့ပြီး ဤအစိုးရက တိုင်းရင်းသား လူမျိုးစုများအပေါ် ကျူးလွန်သည့် ရက်စက်မှုများကို ဒုတိယ ကမ္ဘာစစ်အတွင်း ကြောက်မက်ဖွယ် အဖြစ်အပျက်များက လွတ်မြောက်စ ကမ္ဘာက သိအောင် သက်သေ ဖော်ထုတ် တင်ပြနိုင်ခဲ့သည်။ ဤကဲ့သို့ ဒုတိယကမ္ဘာစစ်အတွင်း ကြောက်မက်ဖွယ် ဆိုးယုတ်လှသည့် အဖြစ် အပျက်များ နောက်တကြိမ် မဖြစ်ပွားစေရပါဟု ကတိသစ္စာပြုထားသည့် ကမ္ဘာကြီးအတွက် ချောက်ချားဖွယ် ဖြစ်ရပ်များဖြစ်သည်။



REF: မဇ္ဈိမ

0 comments:

အပေါ်သို့