Thursday, February 12, 2009

ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်အခြေအနေ ပိုမိုတင်းမာ

Wednesday, 11 February 2009
ကိုစိုး

ဘင်္ဂလား ပင်လယ်အော်အတွင်းရှိ ရေပိုင်နက် အငြင်းပွားမှုပြဿနာနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလား ဒေ့ရှ် ၂ နိုင်ငံ နယ်စပ်အခြေအနေ ပိုမိုတင်းမာလျက်ရှိကြောင်း သိရသည်။

မကြာသေးခင်ရက်များက စ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က မြန်မာ နယ်စပ်ဘက်သို့ ကင်းထောက် လေယာဉ် များနှင့် ပျံသန်းစောင့်ကြည့်မှု ပိုမိုပြုလုပ်လာပြီး မြန်မာဘက်ကလည်း နယ်စပ်အနီးတွင် တပ်အင်အား တိုး ထားသည် ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရဉ္စရာ သတင်းဌာန အယ်ဒီတာ ကိုခိုင်မြတ်ကျော်က ပြောသည်။

“နှစ်နိုင်ငံ အခြေအနေက သိပ်မကောင်းဘူး၊ နယ်စပ်မှာလည်း အခြေအနေမကောင်းဘူး၊ ဘင်္ဂလားဒေ့ရှ်ဘက် က ကင်းထောက်လေယာဉ်တွေ နယ်စပ်ဘက်မှာ ပျံနေတာများလာတယ်၊ စောင့်ကြည့်မှုကပိုများလာတယ်၊ မြန်မာ ဘက်ကလည်း တပ်တွေတိုးလာတယ်၊ ဘူးသီးတောင်မှာပေါ့၊ ဘူးသီးတောင်က နယ်စပ်နဲ့ နီးနီးလေး” ဟု ကိုခိုင်မြတ်ကျော်က ဧရာဝတီသို့ ပြောပြသည်။

ထို့အပြင် မြန်မာဘက်က နယ်စပ်အနီးတွင် လေယာဉ်ကွင်းဆောက်နေသည်ဟူသော သတင်းများ ထွက်ပေါ် နေ ကြောင်း၊ ဘူးသီးတောင်မြို့တွင် တပ်ရင်း ၁၃ ရင်းခန့် အခြေစိုက်ထားကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါ ရေပိုင်နက်အငြင်းပွားမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် တနင်္ဂနွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေ သော အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရစ်ချတ် ဘောက်ချာကလည်း ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ကာကွယ်ရေးအတွက် အမေရိကန်က အကူအညီပေးမည်ဟု ပြောကြားခဲ့ကြောင်း ဒါကာ အခြေ စိုက် သတင်းဌာနများက ရေးသားဖော်ပြသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လိုအပ်ချက်အရ ရေပိုင်နက် လုံခြုံရေး အကူအညီကို ပေးမှာဖြစ်ပါတယ်၊ အကျိုးစီးပွား ဖြစ်နိုင်တဲ့ ပင်လယ်ရေပိုင်နက်ကို ကောင်းကောင်း ကာကွယ်သင့်တယ်လို့ ကျနော်ထင်ပါတယ်”ဟု ရစ်ချတ် ဘောက်ချာက ပြောသည်။

၎င်းရေပိုင်နက်တွင် စစ်ရေး အခြေစိုက် စခန်းအဖြစ် အသုံးပြုရန် အစီအစဉ် မရှိကြောင်းလည်း ၎င်းက ပြော ဆိုသည်။

ပြီးခဲသည့် ၂၀၀၈ ခု နိုဝင်ဘာလအတွင်းက မြန်မာဘက်မှ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင် သည့် အဖွဲ့ဝင် ၁၁ ဦးပါ အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်ဘက်က နိုင်ငံခြားရေးဝန်ကြီး အမ်အေကေမာမွတ် ဦးဆောင် သည့် ၁၂ ဦးပါ အဖွဲ့တို့ ၂ နိုင်ငံ ရေပိုင်နက်အငြင်းပွားမှု ပြဿနာအတွက် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ပေ။

နှစ်ချီ၍ အငြင်းပွားလျက်ရှိသော ယင်းရေပိုင်နက်ပြဿနာသည် ၂၀၀၈ ခု နိုဝင်ဘာလအတွင်းက ရေပိုင်နက် အငြင်းပွားရာနေရာ၌ မြန်မာဘက်က သဘာဝဓာတ်ငွေ့တူးဖော်ရာတွင် လုံခြုံရေး ရေတပ် စစ်သင်္ဘောများ ပို့လွှတ်ရာမှ စတင်၍ ပိုမို တင်းမာလာခဲ့ခြင်းဖြစ်သည်။

ထို ရေပိုင်နက် အငြင်းပွားမှု ပြဿနာအတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ ၁၉၈၂ ခုနှစ် ပင်လယ်ပြင်ရေပိုင်နက်ဆိုင် ရာ ဥပဒေအရ ကုလသမဂ္ဂတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ က ၂၀၁၁ ခုနှစ် ဇူလိုင်လ၌ ၎င်း၏ ရေပိုင်နက်ကို အခိုင် အမာ တင်ပြ ဖြေရှင်းရမည်ဖြစ်ပြီး မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ် မေလနှင့်ဇွန်လအတွင်းတွင် တင်ပြဖြေရှင်းချက် ပေးရမည်ဖြစ်ကြောင်း ဒေးလီးစတားသတင်းက ရေးသားထားသည်။

ကိုခိုင်မြတ်ကျော်ကမူ လက်ရှိ ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာအစိုးရနှင့် နီးစပ်မှုမရှိဘဲ အမေရိကန်နှင့် မဟာမိတ် ဖြစ်နေခြင်း၊ မြန်မာစစ်အစိုးရ အနေနှင့်လည်း ရေပိုင်နက်ပြဿနာကိုပြေလည်ရန် ဖြေရှင်းလိုသည့် အခြေအနေမတွေ့ရှိရသောကြောင့် ၂ နိုင်ငံ ဆက်ဆံရေး ရှေ့အလားအလာ မကောင်းကြောင်း ပြောသည်။

“မြန်မာဘက်က စစ်ရေးပြင်နေတာတွေရှိတယ်ဗျာ၊ ဘင်္ဂလားဒေ့ရှ်ကလည်း သူ့ရေပိုင်နက် ကာကွယ်ဖို့ အတွက် အမေရိကန်နဲ့ မဟာမိတ်ဆိုတော့ လှမ်းပြီးတော့ အကူအညီတောင်းတာလည်း ဖြစ်နိုင်မယ်၊ အဲဒီ တော့ မြန်မာဘက်က တခုခု လုပ်လိမ့်မယ်လို့ထင်တယ်၊ ပြီးတော့ သူတို့က အမျိုးသားစည်းလုံး ညီညွတ်မှုကို လိုနေတယ်၊ အဲဒီတော့ ဘင်္ဂလားဒေ့ရှ်နဲ့ စစ်ရေးဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုတွေလုပ်ပြီး လူထုကို စည်းရုံးတာ မျိုး လုပ်ချင်တဲ့ ပုံစံလို့ ပြောချင်တယ်၊ ညှိနှိုင်းလို့လည်း ရမယ်မထင်ဘူး၊ သူပိုင် ကိုယ်ပိုင်ဖြစ်နေတာကို၊ မြန်မာ ကလည်းပြောတယ်၊ ဘင်္ဂလားဒေ့ရှ်ကလည်း ပြောတယ်၊ ပြီးတော့ လက်ရှိ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ မြန်မာ အစိုးရနဲ့က သိပ် မနီးစပ်ဘူးလေ၊ ဆက်ဆံရေးက ရှေ့မှာ သိပ်ကောင်းလာမယ့် အလားအလာ မရှိဘူး”ဟု ကိုခိုင်မြတ်ကျော်က သုံးသပ်သည်။



REF: ဧရာဝတီ

0 comments:

အပေါ်သို့