Thursday, February 12, 2009

ကြံ့ဖွံ့ဝင်မှလမ်းခင်းပေး

၁၂ ဖေဖော်ဝါရီ ၂၀၀၉

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီး၏ လမ်းများကို ရန်ကုန်မြို့တော်ဝန်က ကြံ့ဖွံ့အသင်းဝင်သူများသည့် ရပ်ကွက်ကိုသာ ဦးစားပေး ပြင်ဆင်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ရပ်ကွက်တခုမှာရှိတဲ့ ကြံ့ဖွံ့အဖွဲ့ဝင်တွေကိုယ်တိုင်က အချို့ကဆိုရင် လူမှုရေးကိစ္စတွေကို စိတ်မ၀င်စား ကြဘူး။ အမှန်မှာဆိုရင် သူတို့ကြံ့ဖွံ့အသင်းက လောလောဆယ် အာဏာရှိနေတာပဲ။ ရပ်ကွက်အတွင်းက လမ်းတွေကို ချိုင့်တွေဖြစ်နေရာကနေ လမ်းကောင်းပြန်ဖြစ်ဖို့ဆိုတာ သူတို့က စွမ်းဆောင်ရင်ရတယ်။ အခုက အဲဒီလိုမဟုတ်။ သူတို့က ရန်ကုန်တိုင်း ကြံ့ဖွံ့ဗဟိုအလုပ်အမှုဆောင်ဆိုတဲ့ မြို့တော်ဝန်ကို ဒီလမ်းမှာ ကြံ့ဖွံ့ ၀င်မယ့်သူတွေရှိတယ်။ လမ်းခင်ပေးမယ်ဆိုရင် အသင်းဝယ်မယ့်သူတွေချည်းပဲဆိုပြီး ဖားပြီးတော့ ပြောတယ်။ ဒီလိုဆိုရင် မြို့တော်ဝန်က ခင်းပေးမယ်လို့ ပြောလိုက်တယ်။ အဲဒီလိုလည်း ပြောရော ရပ်ကွက်မှာ အားလုံးကို ကြံ့ဖွံ့အသင်းဝင်ခိုင်းတော့တာပဲ” ဟု ဒဂုံမြို့သစ်တောင်ပိုင်းသားတဦးက ပြောသည်။

မြို့တော်ဝန်ကလည်း ကြံ့ဖွံ့အသင်းသားများကို မည်သည့်နည်းနှင့်ဖြစ်စေ အသင်းသားအရေအတွက် တိုးပွားစေရေးကိုသာ ဦးတည်၍ စည်းရုံးခိုင်းထားကြောင်း ဒဂုံမြို့သစ်တောင်ပိုင်းမှ ကြံ့ဖွံ့အသင်းသားတဦးက ပြောသည်။

“ဒီလမ်းကို ကြံ့ဖွံ့က ခင်းပေးတာဟုတ်တယ်။ ပိုက်ဆံလည်း မပေးရပါဘူး။ ဒါပေမယ့် ကျနော်တို့ကို ကြံ့ဖွံ့အသင်းကို အတင်းဝင်ခိုင်းတယ်။ မ၀င်ရင် ဘာလုပ်မယ်၊ ညာလုပ်မယ်လို့တော့ မခြိမ်းခြောက်ပါဘူး။ အသင်းကို ၀င်ဖို့ချည်း ပြောနေတဲ့အတွက် စိတ်ထိခိုက်ရတယ်” ဟု တောင်ဒဂုံ (၅၄) ရပ်ကွက်သားတဦးက ၎င်းတို့ ရပ်ကွက်ရှိလမ်းကို ပြုပြင်ပေးပုံနှင့်ပတ်သက်၍ ပြောသည်။

ပြည်တွင်းသတင်းဂျာနယ်များက ရေးသားကြသည်မှာ မြို့တော်ဝန်က လမ်းပေါင်း (၉၀) ကျော်ကို အခမဲ့ ခင်းပေးနေကြောင်း ပါရှိသည်။

“ကျနော်တို့ရပ်ကွက်မှာ လမ်းခင်းပေးမယ်တဲ့။ အခုကတည်းက အသင်းဝင်အဆိုပြုလွှာတွေမှာ အသင်းဝင်ပါ တယ်ဆိုတဲ့အကြောင်း နာမည်၊ လိပ်စာ၊ အသက်၊ မှတ်ပုံတင်နံပါတ် အပြည့်အစုံကို ရေးပြီး ပေးလိုက်ရပြီ။ ဘာပဲဖြစ်ဖြစ် လမ်းက ကောင်းမယ်လို့ ပြောတယ်ဗျာ။ ကျနော် ကြံ့ဖွံ့ကိုတော့ မ၀င်ချင်ဘူး” ဟု တောင်ဒဂုံ (၅၃) ရပ်ကွက်သားတဦးက ပြောသည်။

ရန်ကုန်တွင်ရှိသော လှိုင်သာယာမြို့သစ်၊ ရွှေပြည်သာမြို့သစ်၊ ရွှေ့ပေါက္ကံမြို့သစ်၊ ဒဂုံမြို့သစ် (တောင်+မြောက်+ရှေ့) နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ လမ်းများမှာ မြေသားလမ်း အများစုတည်ရှိပြီး ၎င်းမြေသားလမ်းများမှာ မိုးတွင်းအခါ ရေမြုပ် ဗွက်ထကာ နွေရာသီတွင် ဖုန်ထ၍ ချိုင့်ခွက်ကြီးများအဖြစ် ရှိနေကြောင်း ရွှေပြည်သာမြို့သစ်နေသူတဦးက ပြောသည်။

ယခုအခါ မြို့နယ်ရပ်ကွက်များအသီးသီးရှိ ကြံ့ဖွံ့အဖွဲ့ဝင်များ၏ အကြီးဆုံးများဖြစ်ကြသော ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့မှာ အာဏာရှိသူများပီပီ ကြံ့ဖွံ့အသင်းဝင်များဖြစ်ရန် လူများကို စည်းရုံးကာ လမ်းမခင်းပေးမီကပင် ခင်းပေးမည်ဟု ဆိုကာ အသင်းဝင်အဆိုပြုလွှာများ ကြိုတင်တောင်းခံကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

“လမ်းခင်းပြီး ဖွင့်ပွဲလုပ်တဲ့နေ့တွေမှာ ကျနော်တို့ကို ကြံ့ဖွံ့ကတ်ပေးတယ်” ဟု ဒဂုံမြို့သစ်တောင်ပိုင်း သားတဦးက ပြောသည်။



REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့