Wednesday, February 11, 2009

ကမ္ဘာ့စီးပွားရေးကပ်နှင့် မြန်မာနိုင်ငံ အခြေအနေကို နှိုင်းယှဉ်ဟောပြော

2009-02-10

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ကျင်းပတဲ့ လူငယ်ဆွေးနွေးပွဲမှာ စီးပွားရေးပညာရှင်တဦးက ကမ္ဘာ့ စီးပွားရေးကပ်နဲ့ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ပြီး နှိုင်းယှဉ်ဟောပြောသွားတယ်လို့ သိရပါ
တယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်ပြိး တက်ရောက်ခဲ့သူ လူငယ်တဦးက ခုလိုပြောပြပါတယ်။

လူငယ်။ ။ “ဆရာဦးမျိုးမြင့်ကနေပြီးတော့ ကျွန်တော်တို့ ဒီစီးပွားရေး ဘာသာရပ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သူက ဟောပြောပို့ချသွားတယ်။ ပြီးတော့ တက်ရောက်လာတဲ့ လူငယ်တွေကနေပြီးတော့ သူ့ရဲ့ဟောပြောမှု နဲ့ ပတ်သက်လို့ မရှင်းလင်းတာတွေ၊ သိချင်တာတွေကို ပြန်ပြီးတော့ အပြန်အလှန်ပေါ့၊ ကျွန်တော်တို့ မေးခွန်းတွေမေးတယ်။ အဲ တက်လာတဲ့ ဒီ အဖွဲ့ချုပ်လူကြီးပိုင်းကတော့ အဘ ဦးဝင်းတင်တို့၊ ဦးခင်မောင် ဆွေတို့၊ နောက်တခါ ကျွန်တော်တို့ ရန်ကုန်တိုင်းအသင်းအဖွဲ့ ဥက္ကဌနဲ့ CEC ပေါ့။ ဦးစိုးမြင့်တို့၊ နောက် တခြား လူကြီးတွေကတော့ ဒေါက်တာသန်းငြိမ်းတို့၊ ဒေါ်မေဝင်းမြင့်တို့၊ နောက်တခါ ကျွန်တော်တို့ ဦးစိုးဝင်းတို့၊ ဦးဟံသာမြင့်တို့ စတဲ့ လူကြီးပိုင်းတွေလည်း တက်ရောက်တာ တွေ့ရပါတယ်။”

(Photo: AFP)

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တခုတွင် စားဝတ်နေရေးအတွက်
အမှိုက်ကောက်နေသော ကလေးသူငယ်များဖြစ်ပါသည်။ (Photo: AFP)

ဆွေးနွေးပွဲမှာ စီးပွားရေးပညာရှင် ဦးမျိုးမြင့်က ကမ္ဘာ့စီးပွားရေးကပ်ဖြစ်ပေါ်ချိန်မှာ တခြားနိုင်ငံတွေမှာ အစိုးရ က စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီမှုတွေလုပ်တဲ့အကြောင်းတွေကို ဆွေးနွေးသွားသလို မြန်မာနိုင်တွင်း ဖြစ်ပေါ်နေတဲ့ ငွေဖောင်းပွမှုများနဲ့ ခုလိုဖြစ်ပေါ်ရတဲ့အကြောင်းရင်းများ၊ ပြည်တွင်းကောက်ခံနေတဲ့ အခွန်အ ကောက်များအကြောင်း ဆွေးနွေးသွားရင် တိုင်းပြည်အသုံးစားရိတ်မှာ စစ်အသုံးစားရိတ် အသုံးပြုတာများတဲ့ မြောက်ကိုရီးယားနိုင်ငံ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာတွေအကြောင်း ဆွေးနွေးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးသွားတဲ့ ပညာရှင် ဦးမျိုးမြင့်ဟာ NLD ပါတီဝင်မဟုတ်ဘူးလို့ သိရပါတယ်။ ဆွေးနွေးပွဲကို NLD ပါတီဝင်လူငယ် ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။



REF: အာရ်အက်ဖ်အေ

0 comments:

အပေါ်သို့