Wednesday, February 11, 2009

ခေါင်းဆောင်တဦး၏ ရုပ်ပုံလွှာ - ခိုင်ထွန်း

ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 11 2009

သူမသည် ကျနော်တို့ တိုင်းပြည်ဖခင်၏ သမီးဖြစ်သည်။ သူသည် ပြည်တွင်းထက် ပြည်ပတွင် နေထိုင်ခဲ့ သည်။ ပြည်ပတွင် နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့သည်။ သားနှစ်ယောက် မွေးခဲ့သည်။ ကျနော်တို့ တိုင်းပြည် လူထုကြီး အုံကြွလာချိန် မတိုင်မီလေးတွင် သူ ရောက်လာသည်။ သူ၏ အိမ်ထောင်ရေး၊ သူ၏ ပုဂ္ဂလိက ရည်မှန်းချက်တို့ကို စွန့်လွှတ်ပြီး ပြည်သူကို ဦးဆောင်ခဲ့သည်။ ဖိနှိပ်သူကို အံတုခဲ့သည်။

သူ၏ တော်လှန်ရေးအစသည် ပြည်သူလူထုရော သူမပါ အောင်ပန်းဆင်စေခဲ့သည်။ သူ၏ ခေါင်းဆောင်မှုကို ကြည်ညိုစွာ လိုက်နာခဲ့ကြသည်။ သို့သော် ဤသည်က အစအဦးဖြစ်သည်။ သည့်နောက်တွင်မူ သူ့ကို လူထု ၏ မျက်စိအောက်မှ ဇွတ်အတင်းဆွဲထုတ်၍ အကျယ်ချုပ်ချ၏။ ဤသို့နည်းဖြင့် ပြည်သူလူထု၏ နားမျက်စိထဲမှ အဝေးသို့ အဖယ်ခံရလည်း၊ ပြည်သူများ၏ ရင်ထဲသို့မူ သူမသည် အခိုင်အမာ ၀င်ရောက်အမြစ်တွယ်သည်။

အကျဉ်းကျနေ့ရက်များတွင် သူ၏ ခြံကျယ်ကြီးထဲ ကျန်းမာရေးကိစ္စမှတပါး တိုင်ပင်စရာ လူမရှိခဲ့။ စကားပြော ဘက် သာမန်အဖော်အပေါင်း တဦးစ၊ နှစ်ဦးစ ရှိခဲ့သည်။ အရင်းအနှီးဆုံး ဘ၀အဖော်သည် သူ့ကို ထာဝရ နှုတ်ဆက်သွားခဲ့သည်။ ရင်သွေးတို့သည်လည်း သူ၏ မြင်ကွင်းတွင် မရှိခဲ့။

မြန်မာပြည်သို့ ပြန်ရောက်ရှိလာချိန် ၁၉၈၈ မှ စတင်လျှင် နှစ် ၂၀ ကြာမြင့်ခဲ့ပြီ။ ပြည်သူလူထု၏ မျက်စိထဲတွင် အမြဲတမ်း တက်ကြွနေသော ခေါင်းဆောင်၊ စိတ်ဓာတ် ပြတ်သားသလောက် ကိုယ်ကျိုးမဖက်သော ခေါင်း ဆောင်၏ သွင်ပြင်ကိုမူ တောက်လျှောက်ပင် သူမက အပြည့်အ၀ ပြနိုင်ခဲ့လေသည်။

ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် နှိုင်းယှဉ်ကြည့်မိသည်။ ကျောင်းသားသမဂ္ဂက ကိုအောင်ဆန်း၊ အရေး ပိုင် ဆုငွေထုတ်၍ ရှောင်တိမ်းနေရသော ကိုအောင်ဆန်း၊ ဂျပန်ပြည်က ဗိုလ်အောင်ဆန်း၊ ဖဆပလ က ဗိုလ်ချုပ်အောင်ဆန်း၊ ပြည်သူ၏ ရှေ့ဝယ်၊ ပြည်သူနှင့် လက်တွဲ၍ တိုင်းပြည်အရေးကို အစဉ်သဖြင့် ဆောင် ရွက်ခဲ့သည်။ သူ၏ ဘ၀သည် ပြည်သူ့တော်လှန်ရေးတလျှောက် ထပ်ချပ်မကွာ တသားတည်း လိုက်ပါခဲ့ သည်။ ပြည်သူ့မျက်စိ ရှေ့မှောက်၌ပင် သူ၏ဘ၀ အဆုံးသတ်ခဲ့သည်။

သမီးဖြစ်သူ သူမမှာမူ ဖခင်၏ တိုက်ပွဲစာမျက်နှာနှင့် မတူဘဲ ပြည်သူ့ရင်ခွင်ကြားမှ ခြောက်သွေ့ တိတ်ဆိတ် လှသော အိမ်အိုကြီးထဲဝယ် လွတ်လပ်ခွင့်ကို ဆုံးပါးရ၏။ သူက ပြည်သူလူထုကို ချစ်မြတ်နိုးစွာဖြင့် အကြမ်း မဖက်နည်းနှင့် ရှေ့တန်းမှ တိုက်ပွဲဝင်နေသည်။ သို့သော် အကျယ်ချုပ် ကျခံနေရသည်။ ပြည်သူတို့မှာလည်း ကိုယ့်ဒုက္ခနှင့်ကိုယ် ဖြစ်နေသောကြောင့် သူမကို သည်အတိုင်းပင် ကြည့်နေရသည်မှာ နှစ်အတော် ကြာခဲ့ လေပြီ။

ကုလသမဂ္ဂအရာရှိ ပေါ်လာမှ ခဏတဖြုတ်သာ မြင်လိုက်ရသည့် သူ၏ ရုပ်ပုံလွှာကို ကြည့်ရင်း ဘ၀နေ့ရက် တို့ကို အိမ်အိုကြီးထဲဝယ် သူ မည်ကဲ့သို့ ဖြတ်သန်းနေပါသနည်း။ သူ၏ ကျောက်တိုင်ပမာ ကြံ့ခိုင်မာကျောလှ သော တည်ငြိမ်သည့် သမာဓိကို မည်သို့ မွေးယူခဲ့သနည်း။ သူ တိုက်ယူပေးနေသော တိုက်ပွဲကာလ၀ယ် သူမ လက်တွဲခဲ့သော ပြည်သူလူထုသည် သူ့အတွက် ဒုက္ခများနေမည်ကို စိုးရိမ်နေရှာပေလိမ့်မည်။ သူ မလှုပ်သာ သည့်အချိန် တိုက်ပွဲအခြေအနေ မည်သို့ရှိနေမည်ကို တွေးတောနေလိမ့်မည်။ လှောင်ချိုင့်မှ လွတ်မြောက်ပြီး အကောင်အထည်ဖော်ရမည့် တိုက်ပွဲဗျူဟာကို အသေးစိတ် သုံးသပ်နေပေလိမ့်မည်။

အရည်အသွေး၏ မှတ်ကျောက်သည် ဖြတ်သန်းရသော တိုက်ပွဲ၏ ကြုံတွေ့ရသော အခက်အခဲအပေါ် ကြံ့ခိုင် ကျော်လွှားနိုင်မှုအပေါ်တွင် မှီတည်လေသည်။ အဆိုးရွားဆုံးသော အခြေအနေကို ကျော်ဖြတ်လာသူသည် အကောင်းဆုံး အရည်အသွေးကို ပိုင်ဆိုင်သူ ဖြစ်နိုင်သည်။ ရှည်လျားမည်းမှောင်လှသော တိုက်ပွဲကာလကြီး တွင် အလွန်ကြံ့ခိုင်သည့် ခေါင်းဆောင်၊ အလွန်ပင် အမြော်အမြင်ကြီးသော ခေါင်းဆောင်ကို ရထားသည်မှာ ကျနော်တို့ ပြည်သူလူထု ကံကောင်းသည်ဟု ဆိုရမည်။ တိုက်ပွဲက ခက်ခဲကြမ်းတမ်းလာလေလေ ခေါင်း ဆောင်၏ အရည်အသွေးကို မြင်ခွင့်ရလေလေ။ သူမသည် ရေရှည်အတွက် ခေါင်းဆောင်ကောင်းတယောက် အမှန်တကယ် ဖြစ်ပေသည်။

သန်းထောင်ပေါင်းများစွာသော ကမ္ဘာ့လူထုကြီးတွင် လူသား၏ အမြင့်ဆုံးသော သိက္ခာအတွက် အရာရာကို စွန့်လွှတ်နိုင်သည့် မဟာလူသားတို့၏ အရည်အတွက် နည်းပါးလှသည်။ သို့သော် သူတို့၏ ဦးတည်ချက်များ၊ အရှိန်အ၀ါများက ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေနိုင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်နက်အားကိုး၊ အာဏာအားကိုးဖြင့် ဖိနှိပ်သည့် စစ်အစိုးရကို သူ၏ ကိုယ်ပိုင်ကြီးမြတ်လှသော ဂုဏ်သိက္ခာ ပြတ်သားသော ဦးဆောင်မှု၊ ကိုယ်ကျိုးမဖက်သော စွန့်လွှတ်မှုတို့ကို အားပြုပြီး အံတုခဲ့သည်။

ကိုယ်ကျိုးမဖက်သော ခေါင်းဆောင်ကောင်းသည် သူ၏ စိတ်ဓာတ်ကို အမွေခံသည့် သမီးကို မွေးဖွားပေးခဲ့ လေသည်။



REF: မဇ္ဈိမ

0 comments:

အပေါ်သို့