Tuesday, February 10, 2009

ထောင်ဝင်စာ ပြန်ဖွင့်၊ တလတကြိမ် လျှော့ချ

၁၀ ဖေဖော်ဝါရီ ၂၀၀၉

ပြီးခဲ့သည့်လက အကြောင်းပြချက်မရှိ ပိတ်ပင်ထားသည့် နိုင်ငံရေးအကျဉ်းသားများ၏ ထောင်ဝင်စာ တွေ့ခွင့် ကို ယခုလ (၄) ရက်နေ့တွင် နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနက အကျဉ်းထောင်အသီးသီးကို ဖုန်း-ဖက်စ်ဖြင့် အကြောင်းကြားခဲ့ပြီးနောက် ဖေဖော်ဝါရီ (၉) ရက် တနင်္လာနေ့မှစပြီး တွေ့ဆုံခွင့်ရခဲ့ကြောင်း မိသား စုဝင် အချို့က ပြောသည်။

ထောင်ဒဏ် (၅၉) နှစ် ချမှတ်ခံထားရသည့် သရုပ်ဆောင် ဒါရိုက်တာ မောင်သူရခေါ် ဇာဂနာ၏ မိသားစုဝင် များနှင့် နီးစပ်သူတဦးက “ဖေဖော်ဝါရီ (၉) ရက် တနင်္လာနေ့မှာ သူ့ခယ်မ မငြိမ်း မြစ်ကြီးနား အကျဉ်းထောင် မှာ သွားတွေ့တာ တွေ့ခွင့်ရတယ်။ ကိုသူရ ကျန်းမာတယ်လို့ ပြောတယ်။ ဂျာနယ်တွေ၊ စာအုပ်တွေလည်း ဖတ်ခွင့်ရတယ်လို့ ပြောတယ်။ အခြား နိုင်ငံရေး အကျဉ်းသားတချို့ ကျန်းမာရေး မကောင်းဘူး ကြားပေမယ့် ဘယ်သူတွေလဲဆိုတာ တိတိကျကျ မသိရဘူး” ဟု ပြောသည်။

ပြည်မြို့အကျဉ်းထောင်တွင် ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သည့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင် တဦးကမူ အကျဉ်းထောင် အာဏာပိုင်တဦးက ၎င်းတို့ကို ညှိနှိုင်းကြောင်း၊ နိုင်ငံရေး အကျဉ်းသားများကို ယခင် ထောင်ဝင်စာ တလ (၂) ကြိမ် တွေ့ခွင့်ပေးနေရာမှ ယခု တလ (၁) ကြိမ်သာ တွေ့ခွင့်ပေးတော့မည် ဖြစ်ကြောင်း၊ သို့သော် အစိုးရ၊ အကျဉ်းထောင်ဘက်က ပိတ်ပင်သည့်ပုံစံမျိုး မပေါ်လွင်ရန် ကာယကံရှင်များ က တလ (၁) ကြိမ်သာ တွေ့ရန်ဆန္ဒရှိသဖြင့် တလတကြိမ်သာ လာတွေ့သည့် ပုံစံမျိုးဖြစ်အောင် ကတိပေး စေလိုကြောင်း စသဖြင့် တောင်းဆိုကြောင်း၊ ထို့ကြောင့် အဆိုပါ မိသားစုဝင်များက တလ (၁) ကြိမ်သာ လာ တွေ့မည်ဖြစ်ကြောင်း၊ မိမိတို့ သဘောဆန္ဒအရ ဖြစ်ပါသည်ဆိုပြီး ကတိပေးခဲ့ရကြောင်း သိရသည်။

နှစ်ရှည်ထောင်ကျဖူးသည့် နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီးတဦးက “အခု အဖြစ်အပျက် တွေကို ကြည့်ရင် စစ်အစိုးရဟာ နိုင်ငံရေး အကျဉ်းသားတွေကို အကျဉ်းထောင်ဥပဒေလက်စွဲပါ ပြဋ္ဌာန်းချက် တွေအတိုင်း သက်ဆိုင်ရာ အကျဉ်းထောင် အာဏာပိုင်တွေရဲ့ လုပ်ပိုင်ခွင့်အောက် လွှဲအပ်ထားတာမျိုး မရှိဘဲ အကျဉ်းသားနဲ့ မိသားစုဝင်တွေ အမျိုးမျိုး အခက်အခဲတွေ့ ဒုက္ခရောက်အောင်၊ ဒီကတဆင့် အာဏာပိုင်တွေ ထံ အရှုံးပေး ဒူးထောက် အညံ့ခံလာအောင် ဗဟိုကနေ စနစ်တကျ ချုပ်ကိုင် စီမံခန့်ခွဲ အမိန့်ပေးနေတာ တွေ့ရ မှာ ဖြစ်တယ်” ဟု ပြောသည်။



REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့