Wednesday, February 11, 2009

ကချင်ထိန်းချုပ်နယ်မြေမှ တရုတ်လူမျိုးများ အစုလိုက်အပြုံလိုက်ထွက်ခွာ

2009-02-10

တရုတ်နိုင်ငံနဲ့ နယ်ချင်းစပ်နေတဲ့ မြန်မာနိုင်ငံဘက် မိုင်ကြာယန်ဒေသမှာ လုပ်ကိုင်စားသောက်နေထိုင်တဲ့ တရုတ်လူမျိုးများ အခုရက်ပိုင်းအတွင်း ထောင်နဲ့ချီပြီး တရုတ်ပြည်ဘက်ကို ပြန်လည်ထွက်ခွာနေကြတယ်လို့ နယ်စပ်မှာ နေထိုင်တဲ့ ဒေသခံတွေက ပြောဆိုပါတယ်။

အခုလို တရုတ်လူမျိုးများ ပြန်လည်ထွက်ခွာနေတာဟာ တရုတ်နိုင်ငံဘက်က မိုင်ကြာယန်ကိုပေးထားတဲ့ လျှပ်စစ်မီးနဲ့ တယ်လီဖုန်းလိုင်းများဖြတ်တောက်လိုက်တာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုင်ကြာယန်မှာ နေထိုင်သူတဦးရဲ့ အဆိုအရ ဖေဖော်ဝါရီ ၉ ရက် မနေ့က လူခြောက်ထောင်ခန့် ပြန်လည် ထွက်ခွာလာတာဖြစ်ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ တရုတ်ပြည်ဘက်ကို ပြန်သူ ရာဂဏန်းရှိတယ်လို့ ဆို ပါတယ်။

(Photo: RFA)

KIO ကခဵင်လွတ်လပ်ရေးအဖွဲ့ချုပ် ဌာနတည်ရှိရာ လိုင်ဇာမြို့မှာ ဖေဖော်ဝါရီ ၅ ရက်နေ့က ကျင်းပသော ကချင်တော်လှန်ရေးနေ့အခမ်းအနားတွင် KIO တပ်ဖွဲ့ဝင် ၁၅၀၀ ခန့်က လက်နက်အပြည့်အစုံဖြင့်
ဥက္ကဌ ဦးဇောင်းဟရားကို ချီတက်အလေးပြုခြင်းသည် ထူးခြားမှုအဖြစ်ယူဆကြပါသည်။ (Photo: RFA)

မိုင်ကြာယန်ဒေသခံ။ ။ “ကိန်းဂဏန်းအရေအတွက်က နည်းနည်းမှန်းရခက်တယ်ဗျ။ ဘာဖြစ်လို့လဲဆို တော့ နယ်စပ်မျဉ်းကြောင်းကရှည်ပြီးတော့ အဆင်းတွေ၊ တောတွေပေါ့နော၊ ဆက်တဲ့လမ်းတွေကလည်း များတာကိုး။ အဲဒီတော့ အတိအကျတော့ ပြောရခက်တယ်။ ခန့်မှန်းကြတာပဲရှိတယ်လေ။ တချို့ကလည်း ၄၀၀၀ ပြောတယ်၊ တချို့ကလည်း ၅၀၀၀ ပြောတယ်။ ဒါပေမယ့် အနည်းဆုံး ၄၀၀၀ ကတော့ရှိတယ်။”

“သုံးနေတဲ့ လျှပ်စစ်က တရုတ်ပြည်က သုံးတာလေ။ ဖုန်းလိုင်းလည်း ပြတ်နေတယ်။ နောက် လျှပ်စစ်လိုင်း လည်း ပြတ်တဲ့အခါကျတော့ အတော်များများကတော့ အခြေအနေလည်း သိတော့ ထိတ်လန့်ကြတာပေါ့ ဗျာ။ ထိတ်လန့်တော့ သူတို့က ရရာလမ်းက ကောက်ထွက်ကြတာ။ တကယ်ကတော့ ညကြီးလည်း ထွက် ကြတာပဲလေ။ လမ်းတွေကလည်း အများကြီးကို၊ ကျွန်တော်တို့ ဒီအခင်းတွေ၊ ကြံခင်းတွေ၊ လယ်ကွင်းတွေ ကလည်း သွားစရာရှိတယ်လေ။”

“အကြောင်းရင်းကတော့ ကြောက်လန့်လို့ပါပဲ။ အနီးအနားပတ်ဝန်းကျင်မှာတော့ တပ်အင်အားတွေရှိတယ်။ ဘာညာပြောနေကြတယ်လေ။ တောထဲမှာ ဘာညာပေါ့။ ဝင်တာတော့ မရှိဘူးဗျ။ ရှင်းရှင်းပြောရရင်တော့ အခြေအနေက မတည်ငြိမ်ဘူးပေါ့ဗျာ။ အဓိကအားဖြင့်၊ ဒီ နယ်စပ်ဖြစ်တဲ့အခါကျတော့ တဖက်နိုင်ငံက ဒီ လျှပ်စစ်လိုင်းတွေ ဖြတ်တယ်။ တခါမှ မဖြစ်ဖူးဘူးလေ။ ဖုန်းလိုင်းတွေ ပြတ်တယ်ဆိုတော့ အခြေအနေ မကောင်းတော့ဘူး ဆိုပြီးတော့ ပြောကြတာပဲလေ။”

ဒါကတော့ နယ်စပ်မှာ နေထိုင်သူတဦး ပြောပြတာပါ။ မိုင်ကြာယန်နယ်မြေဟာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲ ထားတဲ့ ကချင်အဖွဲ့ KIO ထိန်းချုပ်နယ်မြေဖြစ်ပြီး ပြီးခဲ့တဲ့ လကုန်ပိုင်းက လောင်းကစားဒိုင်များမှာ ငွေချေးပြီး မပေးနိုင်သူတွေကို ဖမ်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြိးတဲ့နောက် တရုတ်ဘက်က မိုင်ကြာယန်ကို လျှပ်စစ်မီးနဲ့ တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်လိုက်တာဖြစ်ပါတယ်။ အဖမ်းခံရသူတွေဟာလည်း တရုတ် နိုင်ငံသားတွေ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့ပြင် အဲဒီဒေသကို စစ်အစိုးရဘက်က တပ်တွေ ဝင်ရောက်လာမယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIO အဖွဲ့အဆိုအရ လောင်းကစားဒိုင်တွေကို ဖွင့်ထားသူတွေဟာ တရုတ်နိုင်ငံဘက်က သူဌေးတွေဖြစ်ပြိး မိမိ တို့အနေနဲ့ အခွန်ကောက်ယူခြင်းသာဖြစ်ကြောင်း တနှစ်ကို ယွမ်ငွေ သိန်း ၈၀ ရရှိတယ်လို့ REA ကို ပြောပါ တယ်။ ဒါ့အပြင် လောင်းကစားဒိုင်တွေမှာ ဖမ်းဆီးတယ်ဆိုတာလည်း ဒိုင်တွေက ငွေချေးပြီး မပေးသူတွေကို ထိန်းသိမ်းထားတာဖြစ်ပြီး မိမိတို့ ဖမ်းဆီးခြင်းမဟုတ်ကြောင်း KIO ကပြောပါတယ်။



REF: အာရ်အက်ဖ်အေ

0 comments:

အပေါ်သို့