Thursday, February 12, 2009

ဂန်ဘာရီ၏ခရီး ဘန်ကီမွန်း အကောင်းမြင်

Wednesday, 11 February 2009

ဇာနည်ဝင်းမစ္စတာ ဘန်ကီမွန်း (ဓာတ်ပုံ - အေအက်ဖ်ပီ)


ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ၎င်း၏ အထူးအကြံပေးအရာရှိ မစ္စတာ ဂန်ဘာရီသည် ပြီးခဲ့သည့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စစ်အစိုးရ ၀န်ကြီးချုပ်၊ အတိုက်အခံ ခေါင်းဆောင်တို့နှင့် အဆင်ပြေ ကောင်းမွန်သည့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ခဲ့သည်ဟု ယမန်နေ့က ပြောကြားလိုက်သည်။

ကုလသမဂ္ဂ ဌာနချုပ်တွင် ပုံမှန် ပြုလုပ်သည့် လစဉ် သတင်းစာ ရှင်းလင်းပွဲတွင် အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ထိုသို့ ပြောလိုက်ခြင်းဖြစ်ပြီး နိုင်ငံရေးသမားများကို ထောင်မှ လွှတ်ပေးရန်၊ ကြိုတင် စည်းကမ်း ချက်များ သတ်မှတ်ခြင်း မပြုလုပ်ဘဲ စစ်အစိုးရနှင့် အတိုက်အခံတို့ တွေ့ဆုံ ဆွေးနွေးကြရန် စသဖြင့် ထပ်မံ တောင်းဆိုလိုက်သည်။

“မစ္စတာ ဂန်ဘာရီက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ခွင့် မရခဲ့ဘူးဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် သူက ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တို့နဲ့ တွေ့ခဲ့ပါတယ်” ဟု အတွင်းရေးမှူးချုပ်က သတင်းစာဆရာများကို ပြောပြသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် ကုလသမဂ္ဂ အဖွဲ့ကြီးက ကြားဝင် ဆောင်ရွက် လျက်ရှိပြီး၊ မြန်မာနိုင်ငံသို့ အထူးကိုယ်စားလှယ်များ အဆက်မပြတ် စေလွှတ်လျက်ရှိသည်။ လက်ရှိ အတွင်း ရေးမှူးချုပ်၏ အထူးအကြံပေးအရာရှိ မစ္စတာ ဂန်ဘာရီသည် ပြီးခဲ့သည့် ၃ နှစ်အတွင်း မြန်မာပြည်သို့ ၇ ကြိမ် သွားရောက်ကာ စစ်အစိုးရ ခေါင်းဆောင်များ၊ အတိုက်အခံ ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဖြစ် သည်။
ဤအတောအတွင်း ကုလသမဂ္ဂ၏ ကြိုးပမ်းချက်များကို ထောက်ခံသည့် တရုတ်နိုင်ငံ၏ ကြေညာချက် တစောင် ယမန်နေ့က ထွက်ပေါ်လာသည်။

မြန်မာနိုင်ငံအား အပြုသဘောဆောင်သည့် ကူညီမှုများ ပေးကြရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၊ ၎င်း၏ အထူး ကိုယ်စား လှယ် မစ္စတာဂန်ဘာရီတို့အတွက် ကြားဝင် စေ့စပ်ပေးသည့် လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွား မည်ဟု ဆိုသည်။

တရုတ်နိုင်ငံသို့ မစ္စတာဂန်ဘာရီ သွားရောက်ကာ တရုတ် နိုင်ငံခြားရေးဌာန ၀န်ကြီး၊ ဒုဝန်ကြီးတို့နှင့် သီးခြားစီ တွေ့ဆုံပြီး နောက်တနေ့တွင် ထိုသို့ ကြေညာလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့မှ ထင်ရှားသည့် တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်သူ ဦးအေးသာအောင်ကမူ ကုလသမဂ္ဂ၏ ကြားဝင် ဆောင်ရွက်မှုများကို အားရခြင်းမရှိဟု ဆိုသည်။

“စစ်အစိုးရက ကုလသမဂ္ဂ ပြောဆိုတာတွေကို တလေးတစား နားထောင်လေ့ မရှိပါဘူး၊ အချိန်ဆွဲနေခြင်းသာ ဖြစ်တယ်၊ အတိုက်အခံ အင်အားစုတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးရေးလုပ်ဖို့ ဆန္ဒမရှိဘူး၊ ဒါကြောင့် ကုလ သမဂ္ဂက မြန်မာ့အရေးကို လုံခြုံရေးကောင်စီ တင်သင့်ပါတယ်” ဟု ဦးအေးသာအောင်က ဧရာဝတီသို့ ပြော သည်။



REF: ဧရာဝတီ

0 comments:

အပေါ်သို့