ကိုဝိုင်း
ဧပြီလ 24 2009
ချင်းမိုင် (မဇ္ဈိမ)။ ။ တောင်ကိုရီးယားနိုင်ငံမှ အမြင့်မားဆုံးဆု တခုဖြစ်သည့် ဂွမ်ဂျူး လူ့ အခွင့်အရေးဆုကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား ချီးမြှင့်လိုက်သည်။
Gwangju Prize for Human Rights ဆုကို တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့ရှိ “May 18 Memorial Foundation” အဖွဲ့မှ ချီးမြှင့်ခြင်းဖြစ်ပြီး ယခုနှစ် ဆုရှင်အတွက် မြန်မာနိုင်ငံမှ ကိုမင်းကိုနိုင်၏ အမည်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲက အဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။
Gwangju Prize for Human Rights ဆုတံဆိပ်
“ဒီနှစ်အတွက် ဆုရတဲ့သူက မင်းကိုနိုင်ပါ။ မင်းကိုနိုင်က ဖိနှိပ်နေတဲ့ အကြားက ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေး အတွက် ရဲရဲရင့်ရင့် တိုက်ပွဲဝင်တဲ့သူ ဖြစ်လို့ပါ။ ဒါ့အပြင် ကျနော်တို့ဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေကောင်းဖြစ်တယ် ဆိုတာကိုလည်း ပြသချင်လို့ပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေက တိုးတက်လာတာ မရှိပါဘူး။ ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း အများကြီး ရှိနေပါသေးတယ်” ဟု ဆုပေးရေး အဖွဲ့မှ ဒါရိုက်တာ တဦးဖြစ်သူ မစ္စတာ ချန်ဟိုကင်းက မဇ္ဈိမကို ပြောသည်။
မေလ ၁၈ ရက်နေ့တွင် ဂွမ်ဂျုံးမြို့ရှိ May 18 Memorial ခန်းမဆောင်တွင် အခမ်းအနားဖြင့် ဆုချီးမြှင့်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၅ သောင်းနှင့်အတူ ဂွမ်ဂျူး လူ့အခွင့်အရေး ဆုတံဆိပ်ပါ ရွှေပြားနှင့် ဂုဏ်ထူးဆောင် လက်မှတ်တို့ကို ပေးအပ်မည် ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲမှ ပြန်ကြားရေး တာဝန်ခံ ကိုရန်နိုင်ထွန်းက ဆုလက်ခံမယ့်သူ နာမည်ကို လောလောဆယ်တွင် မသေချာသေးသည့် အတွက် မပြောနိုင် သေးသော်လည်း သူတို့ ပါတီဌာနခွဲက ဆုလက်ခံယူမည် မဟုတ်ကြောင်း ပြောသည်။
သူက ဆက်ပြီး ''ဆုငွေနဲ့ တံဆိပ်တွေကိုတော့ သိမ်းဆည်းထားမှာပါ။ ဘာလို့လဲဆိုတော့ ကာယကံရှင်ရဲ့ သဘော ဆန္ဒနဲ့အညီ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းဆုကြည် အတွက် ဆုရတုန်းကလည်းပဲ ဒေါ်စုရဲ့ ပိုက်ဆံကို အခုချိန်အထိ ကိုရီးယားဘဏ်မှာ သိမ်းဆည်းထားပါတယ်။ ဆုတံဆိပ်ကိုလည်း ဘဏ်မှာ အပ်နှံထားပါတယ်။ ကာယကံရှင်တွေနဲ့ ဆက်သွယ်ရမှ သူတို့သဘောအတိုင်း ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
ဂွမ်ဂျူးဆုကို ၂ဝဝဝ ခုနှစ်မှ စတင် ပေးအပ်လာခဲ့ပြီး အရှေ့တီမော ခေါင်းဆောင် ဇာနာနာ ဂတ်စ်မားအိုး ရရှိခဲ့သည်။ ပြီးခဲ့သည့် နှစ်က စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်သူ ပါကစ္စတန်မှ မစ္စတာ မူနီးယား မာလစ် ကို ပေးအပ်ခဲ့သည်။ အန်အယ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ၂ဝဝ၄ ခုနှစ်က ပေးအပ်ခဲ့သည်။
ဆုကြေးအဖြစ် ယခင်က အမေရိကန်ဒေါ်လာ တသောင်းသာ ပေးအပ် ခဲ့သော်လည်း ၂ဝဝ၅ ခုနှစ်မှ စတင်၍ ၅ သောင်းအဖြစ် သတ်မှတ်ခဲ့သည်။
ဆုချီးမြှင့်မည့် ရက်ဖြစ်သော မေလ ၁၈ ရက်နေ့တွင် သမ္မတဟောင်း ချန်ဒူးဝမ်ကို တော်လှန်စဉ်က ကျဆုံးသွားခဲ့သော ကျောင်းသား၊ ပြည်သူများကို ဂုဏ်ပြု အောက်မေ့သည့် အခမ်းအနားနှင့် အလေးပြု အခမ်းအနားများလည်း ပြုလုပ်မည်ဖြစ်ပြီး လက်ရှိသမ္မတ အပါအဝင်၊ လွှတ်တော်အမတ်များ၊ နိုင်ငံတကာမှ ခေါင်းဆောင်များလည်း တက်ရောက်ကြမည် ဖြစ်သည်။
ထိုနေ့တွင်ပင် မြန်မာ့အရေးဆွေးနွေးပွဲတခု သီးသန့် ကျင်းပ သွားရန်ကိုလည်း May 18 Memorial Foundation က စီစဉ်ပေးမည် ဖြစ်ကြောင်း သိရသည်။
“May 18 Memorial Foundation” အဖွဲ့ကို ဝမ်ဂျူးမြို့မှ ကျောင်းသားများက ကိုရီးယားသမ္မတ ချန်ဒူးဝမ်၏ အာဏာရှင်စနစ်ကို ၁၉၈ဝ ခုနှစ် မေလ ၁၈ ရက်နေ့မှ စတင်၍ တော်လှန်ခဲ့သည့် အထိမ်းအမှတ်အဖြစ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး လက်ရှိ တောင်ကိုရီးယား အစိုးရက အဓိက ထောက်ပံ့ပေးနေသည်။
Ref: မဇ္ဈိမ
Read More...
Collapse...
■ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အခြေအနေ တင်းမာ သတင်း
■ အန်အယ်လ်ဒီပါတီဝင်များ ခရီးသွားခြင်းကို အာဏာပိုင်များ နှောက်ယှက်နေ သတင်း
■ ရန်ကုန်၊ မန္တလေး နေရာတချို့မှာ ၀မ်းရောဂါဖြစ်ပွား သတင်း
■ ဒီကေဘီအေ၏ သက်သတ်လွတ်စားရန်အမိန့်ကို မကျေနပ်သည့် ဗုဒ္ဓဘာသာ ဘုန်းကြီး (၃) ပါး ထိုင်းနယ်စပ် ထွက်လာ သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်ရန် ရှမ်းနှင့် ရခိုင်တွင် အက်ဖ်အမ်ကို အသုံးပြုမည် သတင်း
■ ကမ္ဘာ့စီးပွားရေးဂယက်ကြောင့် ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လက်မဲ့ဖြစ် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းသူများ တရားစွဲခံရ သတင်း
■ မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီလုပ်ကြံသူကို ဖမ်းဆီးရမိ သတင်း
■ ဖောက်ထွက်ရန် ကြိုးစားမည့် အန်အလ်ယ်ဒီ စုံညီအစည်းအဝေးလား (အင်တာဗျူး)
■ အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဈေးကွက် ရပ်တန့် သတင်း
■ ၂ လောင်းပြိုင်လူသတ်မှု နောက်ဆက်တွဲသတင်း ဖော်ပြခွင့်မပြု သတင်း
■ ခလရ (၁၀၇) ပေါက်ပင်ကွင်းရွာကို မီးရှို့ သတင်း
Read More...
Collapse...
စစ်အစိုးရအာဘော် မြန်မာ့ အလင်းသတင်းစာတွင် ဧပြီလ ၂၁ ရက်နေ့က ဆောင်းပါးရှင် စောဖိုးစီမှ `` ရန်ပြိုခြင်းရဲ့ အဓိပ္ပါယ် ငြိမ်းချမ်းတဲ့ အခါ သိလိမ့်မည် ´´ ခေါင်းစဉ်ဖြင့် KNU အတွင်းရေးကိစ္စများကို ထုတ်ဖော် ရေးသားထားသည်။
ထိုင်းနယ်စပ်ရှိ နိုင်ငံရေး အကဲခတ် သမားများမှ ၄င်း ဆောင်းပါးပါ အချက် အလက်များသည် KNUကို သစ္စာဖောက်သွားသော နေစိုးမြအဖွဲ့မှ စစ်အစိုးရသို့ ပေးသည့် သတင်းများ ဖြစ်နိုင်ကြောင်း KNU ထိပ်ပိုင်း ခေါင်းဆောင်များ၏ အတွင်းရေး ကိစ္စများ၊ နယ်စပ်တွင် ထိုင်း-မြန်မာ ပြဿနာဖြစ်အောင် KNU မှ ပြုလုပ်ခဲ့သည့် ပစ်ခတ်မှုများ၊ KNU အတွင်း မပျော်တော့သည့် အလယ်အလတ်ပိုင်း တပ်ဖွဲ့ ၀င်များ၏ နောက်ဆုံး အခြေအနေများကို စစ်အစိုးရမှ သတင်းများ ရရှိသွားသဖြင့် အမြတ်ထွက်နေကြောင်း၊ နေစိုးမြကိစ္စကို မီဒီယာဖြင့် ပုံကြီးချဲ့ ထုတ်လွှင့်နေသလို တစ်ဘက်မှလည်း စစ်အင်အား အသုံးပြုပြီး KNU စခန်းတွေကို DKBA နဲ့ ပေါင်းပြီး တိုက်ခိုက်နေကြောင်း ဝေဖန် သုံးသပ်လျက်ရှိ သည်။
KNU မှ နေစိုးမြအဖွဲ့ ထိန်မောင် ထံ ရောက်သွားခြင်းသည် ၄င်းတို့အတွက် လုံးဝ မထိခိုက်ကြောင်း၊ နေစိုးမြသည် ကလေး အတွေးအခေါ်သာ ရှိပြီး KNU မှ ထုတ်ပယ်ထားသူ ဖြစ်ကြောင်း ငြင်းချက် ထုတ်တားသည်။
KNU နှင့် စစ်အစိုးရတို့ အကြား ထိုင်းအစိုးရမှ ကြားဝင် စေ့စပ်မှုများ ရှိကြောင်း သတင်းမီဒီယာ များတွင် ပါရှိနေသော်လည်း ထိုင်းအစိုးရ အနေဖြင့် KNU အပေါ် သဘောထား အမှန် မည်ကဲ့သို့ ထားရှိသည်မှာ စိတ်ဝင်စားဖွယ် ကောင်းကြောင်း၊ KNU ၏ တုန့်ပြန်ချက်ကို ထိုင်းနယ်စပ်ရှိ လူ့အခွင့်ရေး လှုပ်ရှားသူများ ကုလသမဂ္ဂ လက်အောက်ခံ လူမှု ကယ်ဆယ်ရေး အဖွဲ့များမှ စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။
KNU အနေဖြင့် နိုင်ငံရေးအရ သုံးပွင့်ဆိုင်ဆွေးနွေး ရေးကို သာလုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း KNU မှ ဗိုလ်မှူးစောလှငွေ က ထုတ်ဖော် ပြောကြားခဲ့သည်။
Read More...
Collapse...
မေကျော်
ဧပြီလ 23 2009
ချင်းမိုင် (မဇ္ဈိမ)။ ။ တရုတ် သတ္တုတူးဖော်ရေး အုပ်စုကြီးတစုက မြန်မာပြည်အထက်ပိုင်း မန္တလေးမြို့ မြောက်ပိုင်း တကောင်းတောင် သတ္တုတွင်း စီမံကိန်းကို အမေရိကန် ဒေါ်လာ သန်း ၈ဝဝ ဖြင့် တူးဖော်ခွင့် ရရှိသွားပြီဖြစ်သည်။
၂ဝဝ၈ ခုနှစ် ဇူလိုင်လ ကတည်းက စတင်ဆွေးနွေးထားသော ယင်းစီမံကိန်းမှာ ယခုလ အတွင်း စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ တရုတ်နိုင်ငံတွင် ကျင်းပသည့် အာရှဒေသဆိုင်ရာ ဘိုအောင်း ဆွေးနွေးပွဲ ခရီးစဉ်တွင် အကောင် အထည်ပေါ် ခဲ့ခြင်းဖြစ်သည်။
China Non-Ferrous Metal Group (CNMC) သည် မြန်မာစစ်အစိုးရနှင့် သဘောတူပြီးပြီဟု တရုတ်ဘာသာဖြင့် ရေးသားသည့် ယခုလ ၂၂ ရက်နေ့ထုတ် တရုတ်သတင်းစာကို ကိုးကား၍ Alibaba.com ၌ ဖော်ပြခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွက် အကြီးမားဆုံး သတ္ထုတွင်း စီမံကိန်းဖြစ်ကြောင်း CNMC ၏ အထွေထွေ မန်နေဂျာ Luo Tao က ပြောဆိုသည်။
ဤသတ္ထုတွင်းမှ ကန်ဒေါ်လာ သန်း ၈ဝဝ တန် ဖာရိုနီကယ် - Ferro nickel (သန့်စင်စတီးလ် ပြုလုပ်ရာ၌ အသုံးပြုသည့် ဓာတ်သတ္ထု တမျိုး) စီမံကိန်းမှာ တန်ချိန် ၈ သောင်း သတ္ထုသိုက်ဖြစ်ပြီး၊ အကောင်အထည် ပေါ်ပါက မြန်မာနိုင်ငံ တမျိုးသားလုံး အသားတင် ထုတ်လုပ်မှု (GDP) မှာ ၂ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု CNMC က ဆိုထားသည်။
CNMC၏ ဝက်ဘ်ဆိုက်တွင် မူလက ထုတ်ပြန်ချက်အရ တကောင်းတောင်မှာ သတ္ထုတူးဖော်ရေး လုပ်ကိုင်နိုင်ရန် လပေါင်း ၃ဝ ကြာ တည်ဆောက် ပြင်ဆင်ရမည် ဖြစ်ပြီး ၂ဝ၁၁ ခုနှစ် အစောပိုင်းတွင် သတ္ထုတူး လုပ်ငန်း စမည်ဖြစ်ကာ၊ တနှစ်လျှင် သန့်စင်ပြီး နီကယ် တန်ချိန် ၂၂,ဝဝဝ ထုတ်လုပ်နိုင်မည်ဟု ဆိုထားသည်။
မြန်မာ ဝန်ကြီးချုပ်က စီမံကိန်းအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးမည့် အကြောင်း ကတိပေးခဲ့ သလို၊ CNMC ၏ အလုပ်အမှုဆောင် တဦးက အချိန်စောနိုင်သမျှ စောပြီး လုပ်ငန်းရန် လုပ်ကိုင်သွားမည်ဟု ပြောဆိုခဲ့သည်။
အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု ခံထားရသည့် မြန်မာနိုင်ငံတွင် CNMC သည် စီးပွားရေးအရ အရေးပါသည့် လုပ်ငန်း စီမံကိန်းများကို တရုတ် ခေါင်းဆောင်များ၏ အထောက်အပံ့ဖြင့် ဝင်ရောက် လုပ်ကိုင်နေသော သတ္ထုတူးဖော်သည့် အုပ်စုကြီး ဖြစ်သည်။
ယခုလ ၂၁ ရက်နေ့ထုတ် မြန်မာစစ်အစိုးရ၏ မြန်မာ့အလင်း သတင်းစာတွင်မူ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် တရုတ်နိုင်ငံတွင် ကျင်းပသည့် အာရှဒေသဆိုင်ရာ ဘိုအောင်း ဆွေးနွေးပွဲသို့ တက်ရောက်ရင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့ရှိ Ritz Carlton ဟိုတယ်၌ ယခုလ ၁၇ ရက်နေ့က ChinaNon Ferous Metal Mining Group of Co., Ltd. မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ခဲ့ကြောင်းသာ ဖော်ပြ ခဲ့ပြီး အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပါ။
ဝန်ကြီးချုပ်က စီမံကိန်းအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးမည့် အကြောင်း ကတိပေးခဲ့သလို၊ CNMC ၏ အလုပ်အမှုဆောင် တဦးက အချိန်စောနိုင်သမျှ စောပြီး လုပ်ကိုင်သွားမည်ဟု ပြောဆိုခဲ့သည်။
သို့သော် CNMC ၏ နောက်ဆုံး အစီရင်ခံစာထဲတွင် မြန်မာစစ်အစိုးရသည် ယင်းသတ္ထုတူးဖော်ရေး လုပ်ငန်းမှာ အစုရှယ်ယာ ရာခိုင်နှုန်း မည်ရွှေ့မည်မျှ ပါဝင်မည်ကို ပြောဆိုထားခြင်း မရှိပါ။
တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်က ၂ဝဝ၈ ခုနှစ် ဇူလိုင်လတွင် လက်မှတ်ထိုးခဲ့သည့် ယခုသတ္ထုမိုင်း တူးဖော်ရေး လုပ်ငန်းကို အကောင်အထည် ပေါ်လာရန် အထူးဂရုပြု လုပ်ဆောင်ခဲ့သည်ဟု တရုတ်သတင်းက ဆိုသည်။
မန္တလေးတိုင်း တကောင်းမြို့နယ်အတွင်းရှိ တကောင်းတောင်သည် သတ္ထု ပေါကြွယ်ဝရာ ဒေသဖြစ်ပြီး၊ မန္တလေးမြို့ မြောက်ဘက် မိုင် ၂ဝဝ အကွာတွင် တည်ရှိသည်။
Ref: မဇ္ဈိမ
Read More...
Collapse...
■ ပြည်ပမြန်မာအသံလွှင့်ဋ္ဌာနများကို နားမထောင်ဖို့ တပ်တွင်းညွှန်ကြားချက်ထုတ် (သတင်း)
■ တောင်အာဖရိကရွေးကောက်ပွဲ အာဏာရ ANC အနိုင်ရဖွယ်ရှိ (သတင်း)
■ မြန်မာ့မူဝါဒ အမေရိကန်ပြန်သုံးသပ်မှု နိုဘယ်ဆုရှင် စိုးရိမ် (သတင်း)
■ ရေအတွက် အခက်ပွေဆဲ (ဆောင်းပါး)
■ တရုတ်ငှက်ဖျားဆေးအတုကြောင့် နယ်စပ်လူထု ဒုက္ခရောက် (သတင်း)
■ ကမ္ဘာ့စီးပွားရေးကျဆင်းမှု ပိုဆိုးနိုင် IMF သတိပေး (သတင်း)
■ လူထုဆန္ဒပြမှုကို စစ်တပ်သုံး ဖြိုခွဲရာမှာ စစ်တပ်က ဘယ်လိုသဘောထားပြီး ဖြေရှင်းသင့်သလဲ (သတင်း)
■ မလေးရှားအခွန်တိုးမြှင့်မှု မြန်မာအလုပ်သမားတွေကို ထိခိုက် (သတင်း)
■ ဆုတောင်းပွဲကျင်းပသူများအား သာသနာညှိုးနွမ်းစေမှုဖြင့် စွဲချက်တင် (သတင်း)
■ ပွင့်လင်းစွာဆွေးနွေးလျှင် ဖွံ့ဖြိုးရေး ပိုမိုထောက်ပံ့နိုင်မည်ဟု EU ပြောကြား (သတင်း)
■ ထိုင်းသံအမတ်ကြီးဟောင်း မြန်မာပြည်အကြောင်း စာအုပ်ထုတ်ဝေ (သတင်း)
■ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေး ထင်တာထက် ပိုကျဆင်း (သတင်း)
■ ဝမ်းရောဂါပျံ့ပွားမည်ကို ရန်ကုန်ဒေသခံများ စိုးရိမ် (သတင်း)
■ မူဆယ် ၁၀၅ မိုင်ဂိတ် စည်းကမ်းတင်းကျပ်မှု ကုန်သည်များ မကျေနပ် (သတင်း)
■ မန္တလေးတိုင်းရှိ ဘိလပ်မြေစက်ရုံတချို့ အပိတ်ခံရ (သတင်း)
■ ဝတ်ပြုဆုတောင်းသူနှစ်ဦး သာသနာတော်ညှိုးနွမ်းစေမှုဖြင့် တရားစွဲခံရ (သတင်း)
■ ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်တွင် နယ်စပ်ကုန်သွယ်မှု ထိခိုက်ကျဆင်း (သတင်း)
■ ခဲဆိပ်ပါဝင်သည့် ဆေးနှင့်ပစ္စည်းများ ဒုက္ခသည်စခန်းတွင် တားမြစ် (သတင်း)
Read More...
Collapse...
NEJ /၂၂ ဧပြီ ၂၀၀၉
စစ်အစိုးရက ထုတ်ပြန်ထားသော တားမြစ်မှုများကို ဖောက်ဖျက် ကျူးလွန်သူများမှာ စစ်ဖက်ဆိုင်ရာ အာဏာပိုင်များသာ ဖြစ်ကြောင်း ငွေဆောင် ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်း ဒုတိယတိုင်းမှူးကိုယ်တိုင် ငွေဆောင်ကမ်းခြေတွင် ဆိုင်ကယ် မစီးရဟု တားမြစ်ထားသော်လည်း စစ်ဖက်မှ အရာထမ်းများနှင့် ၎င်းတို့နှင့် ဆွေမျိုး တော်စပ်သူများက တားမြစ်ချက်ကို အလေးမထားဘဲ ဆိုင်ကယ်များ မောင်းနှင် နေကြကြောင်း ဒေသခံများက ပြောသည်။
“ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကမ်းခြေမှာ ဆိုင်ကယ်စီးနေသူ တဦးကို ဆိုင်ကယ် မစီးရဘူးလို့  အမိန့် ထုတ်ထားတယ် ဆိုတာ ပြောတဲ့အခါ သူက ဗိုလ်မှူး ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ကတ်တွေဘာတွေ ထုတ်ပြတယ်ဗျ။ ပြောလို့ ဘယ်ရတော့မလဲ” ဟု ငွေဆောင်မှ ဆိုင်ကယ် ကယ်ရီသမား တဦးက ပြောသည်။
ဧည့်သည်များကို အနှောင့်အယှက်ဖြစ်စေသည်ဟူသော အကြောင်းပြချက်ဖြင့် ငွေဆောင် ကမ်းခြေတွင် ပြီးခဲ့သည့် ဇန်န၀ါရီလ အတွင်းက အမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ငွေဆောင်ကမ်းခြေရှိ ဟိုတယ်များက ၎င်းတို့ထံ လာရောက် တည်းခိုသည့် ဧည့်သည်များအား ဆိုင်ကယ် မစီးရ တားမြစ်ချက် ထုတ်ပြန်ထားကြောင်း ပြောပြသည့်အတွက် ဆိုင်ကယ် စီးနင်းသည့် ဧည့်သည် လျော့ကျလာကြောင်း ဟိုတယ်တခုမှ တာဝန်ရှိသူ တဦးက ပြောသည်။
“ကျမတို့ ငွေဆောင်ဟိုတယ်တွေမှာ ဧည့်သည် မ၀င်တဲ့ အချိန်မျိုးဖြစ်ပေမယ့် ထုတ်ပြန်ထားတဲ့ တားမြစ်ချက်ကို ပြောပြရတော့ ဟိုတယ်ကို လာတဲ့ ဧည့်သည်တွေကတော့ တားမြစ်ချက်ကို လိုက်နာမှုရှိပါတယ်” ဟု ၎င်းကပြောသည်။
ငွေဆောင်ကမ်းခြေမှာ (၉) မိုင်ကျော်ရှည်ပြီး ဧည့်သည်များက ကမ်းခြေ တလျှောက် သွားလာရေးအတွက် ဆိုင်ကယ်များကို ငှားရမ်း စီးနင်းကြပြီး ဆိုင်ကယ်စီးရေ (၃၀၀) နှင့် (၄၀၀) ကြားရှိသည်ဟု သိရသည်။
“ကျနော်တို့လည်း စီးပွားရေးအရ ဆိုင်ကယ်ကယ်ရီဆွဲတာ ဖြစ်ပေမယ့် နယ်မြေ ရဲတွေကိုရော ဟိုတယ် ၀န်ထမ်းတွေ ကိုရော ကြောက်လန့် နေရတာ၊ ကျနော်တို့က ဒီအလုပ်ကိုပဲ လုပ်လာတာ ငွေဆောင် ကမ်းခြေဟိုတယ်တွေ စဖွင့် ကတည်းကပါဗျာ” ဟု ဆိုင်ကယ် ကယ်ရီသမားက ပြောသည်။
ငွေဆောင်ကမ်းခြေရှိ တေဇပိုင်သော ဟိုတယ်များတွင် လာရောက်တည်းခိုသော စစ်ဖက်ဆိုင်ရာအရာရှိများက ပို၍စည်းကမ်းကို လိုက်နာမှု မရှိကြောင်း ကိုယ်တွေ့ ကြုံရသူ တဦးက ပြောသည်။
“ကျနော်တို့ ကမ်းခြေဟိုတယ် တခုမှာ တည်းပါတယ်။ လွန်ခဲ့တဲ့ (၁) လလောက်က ပါပဲ။ ဆိုင်ကယ်ကို တဗြီးဗြီးနဲ့ လုပ်နေတဲ့ အဖွဲ့ တဖွဲ့တွေ့တယ်။ လူငယ်တွေပါပဲ။ ဒါနဲ့ မေးကြည့်တော့ စစ်ဖက် အကြီးအကဲ တယောက်ရဲ့ သားနဲ့  သူ့ သူငယ်ချင်းတွေ ပါတဲ့ဗျာ” ဟု ပြောသည်။
ငွေဆောင်ကမ်းခြေတွင် ဆိုင်ကယ်စီးပါက စီးနင်းသည့် ဆိုင်ကယ်နံပါတ်အား မှတ်သားကာ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။
Ref: ခေတ်ပြိုင်
Read More...
Collapse...
■ KNLA နှင့် DKBA ပဋိပက္ခ အထိအခိုက် အကျအဆုံး များ ( သတင်း)
■ ရောင်စုံထိုင်းနိုင်ငံရေး (သုံးသပ်ချက်)
■ အထူးအစည်းအဝေး မတိုင်မီ စီအာပီပီ၊ တိုင်းရင်းသားပါတီများနှင့် အန်အယ်လ်ဒီ အကြိုညှိနှိုင်း (သတင်း)
■ ဒီကေဘီအေနှင့် ကေအန်ယူ အပစ်အခတ် မရပ်စဲသေး (သတင်း)
■ လယ်ယာသိမ်းပိုက်ခံနေရကြောင်း တိုင်းရင်းသားလူငယ်များ ပြောကြား (သတင်း)
■ အောက်ခြေအဆင့်ဝန်ထမ်းများအား ရှားပါးစရိတ်ပေးမည် (သတင်း)
■ မြင်းခြံထောင်တွင် အကျဉ်းကျနေသူများ ကျန်းမာရေးစောင့်ရှောက်မှုမရ (သတင်း)
■ တိုင်းချစ်ပြည်ချစ်စိတ်ဆိုတာ အဲဒီကလာတာပဲ ( ဆောင်းပါး)
■ ဘိုကလေးတွင် ဝမ်းရောဂါဖြစ်ပွားမှု အဆမတန် များပြားနေ (သတင်း)
■ အိုဘားမားက နေပြည်တော်နဲ့ လက်ဆွဲနှုတ်ဆက်မလား (သတင်း)
■ လွတ်မြောက်ရေး ဆုတောင်းသူ ၂ ဦး ဖမ်းဆီးခံရ (သတင်း)
■ သီရိလင်္ကာစစ်တပ် ရာဇသံ တမီလ်ကျားသူပုန်တွေ လျစ်လျူရှု (သတင်း)
■ ဆိုမာလီ ပင်လယ်ဓားပြ အမေရိကန် တရားရုံးတော်မှာ စွဲချက်တင်ခံရ (သတင်း)
Read More...
Collapse...
မင်းနိုင်သူ /၂၁ ဧပြီ ၂၀၀၉
လာမည့် (၂၈-၂၉) ရက်တို့တွင် ကျင်းပမည့် အန်အယ်လ်ဒီ အထူး အစည်းအဝေးတွင် စာတမ်းသုံးစောင် တင်သွင်း သွားမည်ဖြစ်ကာ အဆိုပါ စာတမ်း သုံးစောင်နှင့် အစည်းအဝေး ကျင်းပမည့် အကြောင်းများကို အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အပါအ၀င် တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များနှင့် အကြို ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း စီအာပီပီ အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
“စာတမ်းသုံးစောင်တင်သွင်း ဆွေးနွေးသွားကြမယ်လို့ သိရတယ်။ အဲဒီ စာတမ်း သုံးစောင်က (၁) ၂၀၀၈ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲ အကြောင်း၊ နံပါတ် (၂) က ပါတီရဲ့ လက်ရှိ နိုင်ငံရေး ပြဿနာနဲ့ စည်းရုံးရေး၊ (၃) ကတော့ ပါတီရဲ့ အနာဂတ် ရပ်တည်ရေး၊ အဲဒါတွေကို တင်ပြ ဆွေးနွေး သွားကြမယ် ဆိုတာကို ပြောပါတယ်” ဟု ဦးအေးသာအောင်က ပြောသည်။
အန်အယ်လ်ဒီပါတီ၊ စီအာပီပီနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ အကြို ညှိနှိုင်း ဆွေးနွေးမှုကို ယခုလ ပထမပတ်အတွင်းက ပြုလုပ် ခဲ့ကြခြင်းဖြစ်ကာ ကျန်းမာရေးကြောင့် အနားယူ ထားရသည့် အန်အယ်လ်ဒီပါတီ ဗဟို အလုပ်အမှုဆောင် အချို့မှလွဲ၍ အားလုံး စုံစုံညီညီ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဦးအေးသာအောင်က “အန်ကယ်လ်တို့ စီအာပီပီနဲ့ တိုင်းရင်းသား ပါတီတွေဘက်က ပြန်ဆွေးနွေး ဖြစ်ခဲ့တာက အခုလို ခေါ်ပြီး စည်းဝေးတာ ကောင်းတယ်။ အရင့်အရင် ကတည်းကလည်း စုံညီ အစည်းအဝေးတွေ လုပ်သင့်တယ်။ ဒီလို လုပ်ခြင်းအားဖြင့် ပါတီမှာ စည်းရုံးရေး၊ ညီညွတ်ရေး အားကောင်းလာမယ့် အကြောင်း၊ ရှေ့မှာဆို ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ရင်ဆိုင်ရမယ့် အခြေအနေတွေ ရှိလာပြီလေ။ အဲလိုကာလမျိုးမှာ အားလုံး ဆွေးနွေးပြီးတော့ ရင်ဆိုင်တာ ကောင်းတဲ့ အကြောင်း အကြံပြုခဲ့ကြပါတယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ကတော့ အရင်အတိုင်းပဲ လက်မခံနိုင်တဲ့ အကြောင်း ပြောခဲ့ကြတယ်” ဟု ဆိုသည်။
မွန်တိုင်းရင်းသား နိုင်ငွေသိမ်းကလည်း တိုင်းရင်းသား ပါတီများမှ ရှေ့ဆက် လုပ်ရမည့် လုပ်ငန်းစဉ်များကို ပြတ်ပြတ် သားသား တင်ပြထားတာ ရှိပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိုင်းရင်းသား လူမျိုးစု အခွင့်အရေးများ လျော့နည်းနေသဖြင့် လက်မခံနိုင်ကြောင်းနှင့် ရွေးကောက်ပွဲ ၀င်မည် မဟုတ်ကြောင်း တို့ကို ထုတ်ပြန် ထားပြီးဖြစ်ကြောင်း၊ အန်အယ်လ်ဒီဘက်က စီအာပီပီ၊ တိုင်းရင်းသား ပါတီများနှင့် အကြို ညှိနှိုင်းမှုများ ရှိခဲ့သော်လည်း အထူး အစည်းအဝေး အတွက်မူ တိုင်းရင်းသား ပါတီကိုယ်စားလှယ် များကို ဖိတ်ကြားထားခြင်း မရှိကြောင်း ပြောသည်။
မန္တလေးတိုင်း အန်အယ်လ်ဒီလူငယ် ပါတီဝင်တဦးကမူ “အစည်းအဝေး တက်ရောက်ဖို့ စာမှာ ရေးထားတဲ့ လူငယ် ဖော်ဆောင်ရေးဆိုတာက တိုင်းမှာ မရှိဘူး။ တိုင်းမှာက လူငယ် အကူအညီပေးရေးပဲ ရှိတယ်။ ဗဟိုအဖွဲ့ချုပ်ရုံးမှာပဲ လူငယ်ဖော်ဆောင်ရေး အဖွဲ့ရှိတယ်။ ဒီကနေ လူငယ် ဖော်ဆောင်ရေး အဖွဲ့ထဲမှာ ပါထားတဲ့ သူတွေတော့ သွားမယ်။ ဘယ်သူတွေသွားမယ်၊ ဘာတွေ ဆွေးနွေးဖြစ်မယ် ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု ပြောသည်။
အဆိုပါ အထူးအစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် အန်အယ်လ်ဒီ ရွေးကောက်ခံ လွှတ်တော်ကိုယ်စား လှယ်များ၊ လူငယ် ဖော်ဆောင်ရေး တာဝန်ခံများ ပါဝင် ဆွေးနွေးသွားကြမည် ဖြစ်ရာ ပါတီသက်တမ်း အနှစ်နှစ်ဆယ် ကျော်အတွင်း တတိယ အကြိမ်မြောက် အကျယ်ပြန့်ဆုံး အစည်းအဝေး ဖြစ်မည်ဟု မျှော်လင့်ကြသည်။
၁၉၉၀ ရွေးကောက်ပွဲဝင်မည့် အမတ်လောင်းများ၊ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင်များ စည်းဝေး နိုင်ခဲ့ခြင်း၊ ၁၉၉၇ ခုနှစ်တွင် တိုင်းနှင့် ပြည်နယ်များမှ ခေါင်းဆောင် အဆင့်ဆင့်တို့ ပါဝင်သော အစည်းအဝေး ပြုလုပ်နိုင် ခြင်းတို့ နောက်တွင် အန်အယ်လ်ဒီ ပါတီအနေဖြင့် အထူး အစည်းအဝေးများ ပြုလုပ်နိုင်ခြင်း မရှိပေ။
၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း နောက်ပိုင်းတွင်လည်း အန်အယ်လ်ဒီ ပါတီ နယ်ရုံးခွဲများကို နအဖ စစ်အစိုးရက အကြောင်းပြချက် မရှိဘဲ ပိတ်ခိုင်းခဲ့ရာ ယခုအချိန်ထိ ဖြစ်သည်။
Ref: ခေတ်ပြိုင်
Read More...
Collapse...
ဒယ်နီယယ်ပီဒါဆင်
ဧပြီလ 21 2009
မဲဆောက် (မဇ္ဈိမ)။ ။ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ ထိုင်းနယ်စပ်နှင့် ကပ်နေသော စခန်းတခုကို မြန်မာစစ်တပ်နှင့် ယင်း၏ မဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့ တခုတို့က သိမ်းပိုက် နိုင်ရေးအတွက် တိုက်ခိုက် နေရာ ယခုအခါ ၉ ရက် ရှိသွားပြီဖြစ်ပြီး ယနေ့ မွန်းလွဲပိုင်းတွင် ၂ ဘက်စလုံးတွင် အထိအခိုက် အကျအဆုံးများကြောင်း သိရသည်။
KNLA တပ်မှူးတဦးက အဝိုင်းခံထားရသော ဝါးလေခီး စခန်းမှ ပြောကြားရာတွင် သူတို့ဘက်မှ တပ်သားတဦး ကျဆုံး၍ ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
သို့သော် ထိုသို့ အထိအခိုက် အကျအဆုံးမှာ မြန်မာစစ်တပ်နှင့် သူတို့၏ မဟာမိတ်ဖြစ်သော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တို့ဘက်တွင် ပိုများသည်ဟု ဆိုသည်။
နောက်ဆုံး တိုက်ခိုက်မှုများ စတင်ခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က စတင်၍ သေဆုံး ဒဏ်ရာရသူများကို သူ့ တပ်ဖွဲ့ဝင်တို့က ရေတွက်ကြည့်ရာ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအထိ ရန်သူဘက်မှ ၇ ဦး သေ၍ ၃၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု အဆိုပါ တပ်မှူးက ပြောသည်။
စခန်း အနီးတဝိုက် ထောင်ထားသော မြေမြှုပ်မိုင်းများနှင့် ထောင်ချောက် မိုင်းများကြောင့် ထိခိုက် သေဆုံးမှုများမှာ အများဆုံး ဖြစ်သည်။
ပူးပေါင်းအင်အား ၂၅ဝ ခန့်ရှိသော မြန်မာစစ်တပ်နှင့် DKBA တပ်တို့သည် ၆ဝ မမ၊ ၈၁ မမ မော်တာ အများအပြားကို အသုံးပြုကာ တိုက်ခိုက်နေကြသည်။
စခန်းတွင်းရှိ တပ်မှူးက အင်္ဂါနေ့မွန်းလွဲ ၃ နာရီခန့်က ပြောကြားရာတွင် နောက်ဆုံး မော်တာဆံများ ကျရောက် ပေါက်ကွဲခဲ့သည်မှာ လွန်ခဲ့သော ၂၅ မိနစ်ခန့်က ဖြစ်ပြီး အခြေအနေမှာ မကောင်းဟု ဆိုသည်။ “သူတို့ ကျနော်တို့ကို နေ့တိုင်း လာတိုက်နေတာ”။
ဤသို့ လာရောက် တိုက်ခိုက်မည်ကို KNLA စစ်သားများက စောစီးစွာ ကတဲကပင် မျှော်လင့် ထားခဲ့ကြပြီး၊ အသင့် ပြင်ဆင်ထားခဲ့သည်ဟု ဆိုသည်။
ထိုဒေသတခုလုံးမှာ မြေမြှုပ်မိုင်းများ၊ ထောင်ချောက် ဗုံးများနှင့် ပြည့်နှက်နေပြီး၊ KNLA အနေဖြင့် သူတို့ ကိုယ်ပိုင် ထုတ်လုပ်ထားသော ရှေ့ထွက် မိုင်းများဖြင့် ခုခံ တိုက်ခိုက်နေကာ ယင်းသည် မီတာ ၂၅ဝ အကွာအဝေးအထိ ထိရောက်စွာ အသုံးပြု တိုက်ခိုက် နိုင်သည်ဟု KNLA ၏ ဒုဥက္ကဌ ဒေးဗစ်သာကပေါ က ပြောသည်။
ဝါးလေခီးစခန်းသည် KNLA တပ်မဟာ ၆၊ တပ်ရင်း ၂ဝ၁ ၏ စခန်းဖြစ်ပြီး၊ ထိုင်းနယ်စပ်နှင့် ခဲတပစ်သာ ဝေးသော်လည်း သီးခြား ဖြစ်နေသော နေရာဖြစ်သည်။ ထိုင်းစစ်သားများက ဤစခန်းသို့ ချဉ်းကပ်လမ်း အဖြစ် အသုံးချနိုင်ဘွယ် လမ်းကြောင်း အားလုံးကို အင်အား အလုံးအရင်းဖြင့် ပိတ်ဆို့ ကာကွယ်ထားသည်။
Ref: မဇ္ဈိမ
Read More...
Collapse...
Tuesday, 21 April 2009
မြန်မာ စစ်အစိုးရက ပုဂ္ဂလိက ဘောလုံး အသင်းကြီးများ ပေါ်ပေါက်လာရန် ပြီးခဲ့သည့် လက စီစဉ် လိုက်ခြင်းမှာ ၂၀၁၀ ရွေးကောက်ပွဲ နှင့် ဆက်နွယ်နေသည်ဟု ရန်ကုန် အခြေစိုက် နိုင်ငံရေး အကဲခတ်များက ပြောသည်။
“လာမယ့် ရွေးကောက်ပွဲမှာ အစိုးရ ထောက်ခံတဲ့ ပါတီတွေကို မဲထည့်ဖို့ စည်းရုံးရေး လုပ်တယ် ဆိုတာ သိသာပါတယ်။ ဒါကြောင့် လူတွေ ကြိုက်တတ်တဲ့ ဘောလုံးပွဲတွေကို လုပ်ပြနေတာပါ” ဟု ရန်ကုန်မှ နိုင်ငံရေး လေ့လာသူ တဦးက ဆိုသည်။
ထို ဘောလုံးအသင်းများ ဖြစ်ပေါ်လာရန် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လမ်းညွှန်ခြင်း ဖြစ်ပြီး သူနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များက ဝိုင်းဝန်း အကောင် အထည် ဖော်ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။
စစ်အစိုးရက စီးပွားရေး လုပ်ငန်းရှင်များ ရွေးကောက်ပွဲ ၀င်နိုင်ရန် မကြာသေးမီက စီစဉ် ပေးခဲ့ ကြောင်းလည်း ရန်ကုန်မှ အကဲခတ်တဦးက ထောက်ပြသည်။
အဆိုပါ အကဲခတ် ထောက်ပြသည့် အချက်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)က ပြီးခဲ့သည့် လကုန်ပိုင်းတွင် ပြင်ဆင်မှု ပြုလုပ်ခဲ့သော စည်းမျဉ်း စည်းကမ်းများကို ဆိုလိုခြင်း ဖြစ်သည်။
အသင်း၏ စည်းမျဉ်းတွင် ပါဝင်သော အသင်းဝင်များသည် နိုင်ငံရေး ပါတီ တခုခု၏ အဖွဲ့ဝင် သို့မဟုတ် ထိပ်တန်း ဦးဆောင်သူ မဖြစ်စေရ ဟူသည့် အချက်ကို UMFCCIက ပယ်ဖျက်ခဲ့သည်။
စီးပွားရေးလုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ဘောလုံးအသင်း ၈ သင်းကို ဖွဲ့စည်း ထားကြောင်း မြန်မာ ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့သည့်လဆန်းပိုင်းတွင် ကြေညာခဲ့သည်။ ထိုအသင်းများမှာ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရန်ကုန်၊ မန္တလေး စသည့် တိုင်း ၇ တိုင်းကို ကိုယ်စားပြုသည်ဟု သိရသည်။
ရန်ကုန် အခြေစိုက် အားကစား အယ်ဒီတာ တဦးက “ အခုလို ဒေသအလိုက် ဘောလုံး အသင်းတွေ ခွဲထားခြင်းဟာ ဘောလုံး ပိုင်ရှင်တွေ အတွက် သူ့ ဒေသဆိုင်ရာ ဒေသခံတွေကို လာမယ့် ရွေးကောက်ပွဲ အတွက် မဲဆွယ်နိုင်ဖို့ မျှော်လင့်ထားပုံရတယ်” ဟုလည်း ပြောသည်။
စီးပွားရေးကုမ္ပဏီများက ဖွဲ့စည်းထားသည့် ဘောလုံးအသင်း ၈ သင်းမှာ ရန်ကုန် ယူနိုက်တက် (ထူးကုမ္ပဏီ)၊ ရတနာပုံ (Alpine ကုမ္ပဏီ)၊ ကမ္ဘောဇ (ကမ္ဘောဇဘဏ်ကုမ္ပဏီ)၊ မကွေး ( အေးရှားဝေါလ် ကုမ္ပဏီ)၊ Southern Myanmar ယူနိုက်တက် (ယုဇန ကုမ္ပဏီ)၊ ဥဿာ ယူနိုက်တက် (IBTC ကုမ္ပဏီ)၊ Delta United (ဧဒင်ကုမ္ပဏီ)၊ ဇေယျာရွှေမြေ (ရွှေနဂါးမင်းကုမ္ပဏီ ) တို့ ဖြစ်သည်။
ပြည်ပမှ အားကစား အယ်ဒီတာ တဦးက ဘောလုံး အသင်းများကို အစိုးရ ဝန်ကြီး ဌာနများ လက်အောက်တွင်သာ ထားရှိခဲ့ရာမှ ပုဂ္ဂလိကပိုင်သည့် ကြေးစား အသင်းများ အဖြစ်သို့ ပြောင်းလဲခြင်းသည် ဘောလုံး လောကကို မြှင့်တင်ရာ ရောက်သည် ဟု ပြောသည်။
“ပုဂ္ဂလိက ဘောလုံးအသင်း ထောင်ခိုင်းတာနဲ့ ပတ်သက်လို့ တကယ်တမ်း ဘောလုံးလောက တိုးတက်ဖို့ အတွက် ထောင်ခိုင်းတယ် ဆိုရင် တပိုင်းက ကောင်းတယ်လို့ ပြောလို့ရသလို၊ တပိုင်းကလည်း လုပ်ငန်းရှင်တွေကို အတင်း စီစဉ်၊ ရင်းနှီး မြှုပ်နှံခိုင်းတာနဲ့ ဘောလုံး လောက တိုးတက်မလား ဆိုတာ မေးခွန်း ထုတ်စရာ ရှိပါတယ်။ တဘက်ကလည်း အစိုးရပိုင် မဟုတ်ဘဲ ပုဂ္ဂလိကပိုင် ပြောင်းမှ တိုးတက် မယ်ဆိုတာလည်း ရှိသေးတယ်လေ” ဟု ပြည်ပ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) ၏ အားကစား အယ်ဒီတာ တဦး ဖြစ်သူ ကိုဇင်မောင်က ပြောသည်။
“ခုမှ စတာတောင် နောက်ကျနေပြီ၊ ဘေး အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်တို့မှာ စောစော ပြောင်းလဲနိုင်တဲ့ အတွက် အဆင့် တခုကို ရောက်သွားပြီ၊ ပြောင်းလဲနိုင်တဲ့အတွက် အသီးအပွင့်တွေကို ခံစားနေရပြီလေ” ဟုလည်း ကိုဇင်မောင်က ပြောသည်။
Ref: ဧရာဝတီ
Read More...
Collapse...
ဗိုလ်ထက်မင်း
ဧပြီလ(၂၀) ရက်၊ ၂၀၀၉
နအဖဟာ ၁၉၉၆-၉၇ ခုနှစ်များမှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်း ကြီးနဲ့ တပ်မတော် (ကြည်း၊ လေ) (ခြေလျင်၊ တင့်) ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်း ကြီးတွေကို ထိပ်တန်း လျှို့ဝှက်ချက် အဆင့်နဲ့ ဆင်နွှဲခဲ့ ပြီးတဲ့နောက် တပ်မ (၂၂/ ၄၄/ ၅၅/ ၇၇/ ၈၈) တပ်မ ငါးခုစလုံးအား နောက်တန်း ဌာနချုပ်များသို့ မပြန်ခိုင်းတော့ဘဲ ကရင်ပြည်နယ် စစ်ဆင်ရေးသို့ ထိုးသွင်းကာ တောက်လျှောက် ထိုးစစ်ဆင်ခဲ့ပါတယ်။
အဲဒီနောက် ကြာအင်းဆိပ်ကြီး နယ်မြေတ၀ိုက် စစ်ဆင်ရေး တာဝန်ယူရတဲ့ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးချုပ် မောင်မောင်သိန်းထံ ကေအန်ယူမှ တိုက်ခိုက်ရေး ထူးချွန်တဲ့ တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၆) ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောသမူဟဲက လက်နက်ချလိုကြောင်း ဆက်သွယ် သတင်းပို့လာပါတယ်။ ဗိုလ်သန်းရွှေက ဒီနေရာမှာ ကေအန်ယူကို စိတ်ဓာတ်ရေးရာ ထိခိုက်ကျဆင်းအောင် လုပ်ရမယ်ဆိုကာ စိတ်ဓာတ်စစ်ဆင်ရေး နည်းဗျူဟာ အပါအ၀င် အောက်လမ်းနည်းကိုပါ ရောမွှေ စီစဉ်ခိုင်းပါတော့တယ်။
ဗိုလ်သန်းရွှေဟာ သဘောထားတင်းမာတဲ့ ဗိုလ်မောင်အေး အပါအ၀င် ဗိုလ်မြင့်အောင်နဲ့ ဝန်ကြီးများအပြင် အတွင်းရေးမှူး (၁) ဗိုလ်ခင်ညွန့်ကိုပါ စောသမူဟဲအား သွားရောက်တွေ့ဆုံ လက်ခံဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်မောင်အေးနဲ့ ဗိုလ်ခင်ညွန့်တို့ နှစ်ဦးဟာ စစ်သက်တမ်း တလျှောက်မှာ မတွဲစဖူး အတွဲထူးပြီးတော့ စောသမူဟဲရဲ့ လက်နက်ချ အခမ်းအနားကို လုပ်ခဲ့ကြရပါတယ်။
အဲဒီ လက်နက်ချအခမ်းအနားမှာ ကေအန်ယူအလံကို မြေမှာ ဗိုလ်မောင်အေးရဲ့  ဖိနပ်နဲ့ ချနင်းဖို့ အောက်လမ်း အစီအမံ တွေပါ လုပ်ဆောင်ခဲ့ပါတယ်။ ဆက်လက်ပြီး စိတ်ဓာတ် စစ်ဆင်ရေး အနေနဲ့ လုပ်ခိုင်းရာမှာ နာမည်ကြီး စစ်ဗိုလ် သီချင်းရေး ဆရာ ဗိုလ်မှူးမြသန်းစံ (ကကပြည်) အား ငြိမ်းချမ်းရေး ပန်းခင်း သီချင်းအား အမြန်ရေးသား စပ်ဆိုခိုင်းကာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ထုတ်လွှင့် ခိုင်းခဲ့ပါတယ်။
ဒီနေရာမှာ စစ်အစိုးရဲ့ ပျင်းရိဖွယ်ကောင်းလှပြီး လက်တွေ့ မရှိတဲ့ မူဝါဒတွေ ဦးတည်ချက် တွေကို ပြည်သူတွေ နားဝင်ချိုအောင် ဆွဲဆောင်နိုင်အောင် အနုပညာပီသစွာ စပ်ဆိုပေးနိုင်တဲ့ စစ်သားတပိုင်း၊ အနုပညာရှင် တပိုင်း ပါရမီရှင် ဗိုလ်မှူးမြသန်းစံဟာ တပ်က ထွက်လိုက်ရတာမို့ နှမြောစရာ ကောင်းလှပါတယ်။ တပ်က ထွက်လိုက်ရတဲ့ အကြောင်းရင်းကလည်း သူ့အား အမိန့်အာဏာတွေနဲ့ ဇွတ်တရွတ် လုပ်ခိုင်းနေတာမို့ အနုပညာဟာ အာဏာနဲ့ အမိန့်ပေးပြီး ချက်ချင်းရေးခိုင်းလို့ ရတာမျိုး မဟုတ်ဘဲ ဈာန်ဝင်မှ လုပ်ရတာဖြစ်ကြောင်း တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ သူ့ကို အချိန်ပေးကာ သံစဉ်နဲ့စာသား ချောမွေ့အောင် ထည့်ပြီးမှ လုပ်ပေးနိုင်မယ်လို့ အာဏာရှင်တွေကို ပြန်ပြောခဲ့တဲ့ အတွက် အချေအတင် ဖြစ်ခဲ့ရာက ပြန်လည် တုံ့ပြန်ခဲ့ကာ တပ်မှ ထွက်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်အာဏာ ရှင်တွေဟာ သူတို့ လိုချင်ပြီဆိုရင် ပြည်သူကို မဆိုထားနဲ့ မိမိလက်အောက်ခံ အရာရှိတွေကိုတောင် နိုင်ထက် စီးနင်း အမိန့်နဲ့ အာဏာသုံးကာ နှိပ်ကွပ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
အဲဒီတုန်းက လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့ လွှတ်လိုက်တဲ့ လယ်ဆည်ဝန်ကြီး ဗိုလ်မြင့်အောင်ကလည်း ကြာအင်းဆိပ်ကြီးမြို့က ရှေ့တန်းနယ်မြေ ကျိုက်ဒုံစခန်းမှာ ဖင်ပူအောင် မနေနိုင်ဘဲ ဒေသဖွံ့ဖြိုးရေးကို ပြီးစလွယ် လုပ်ပေးကာ ပြန်ပြေး သွားခဲ့ပါတယ်။ သူဟာ တပ်မ (၄၄) တပ်မမှူး ဘ၀နဲ့ ကရင်ပြည်နယ်ရဲ့  အကျိုးကျေးဇူးကြောင့် ရာထူး တက်သွားခဲ့တာကိုတောင် ဘ၀မေ့သွားကာ ကရင်ဒေသရဲ့  ဖွံ့ဖြိုးရေးကို ဂရု မစိုက်တာကတော့ တရားကျစရာ ကောင်းလှပါတယ်။
နအဖဟာ သမူဟဲလို လက်နက်ချပြီး ၀င်ရောက်လာတာမျိုးကိုလည်း စနစ်တကျ လုံခြုံရေး စီမံမှုနဲ့ ကာကွယ် စောင့်ရှောက်မှု မပေးဘဲ ပစ်ထားတာကြောင့် သူ့ရဲ့မိသားစု ပစ်သတ် ခံရတာမျိုး ဖြစ်ပွားခဲ့တာမို့ တိုင်းရင်းသား တွေအနေနဲ့ အထူး သတိထား သင့်လှပါတယ်။ နအဖအပေါ် အားကိုးတကြီး လက်နက်ချပြီး ၀င်ရောက်လာတဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေဟာ လက်နက် မရှိရင် အနိုင်ကျင့် ခံရမယ့်အပြင် လုပ်ကြံ ပစ်သတ်ခံရတဲ့ ဒီလိုဖြစ်စဉ်မျိုးတွေ မလွဲမသွေ တနေ့ ကြုံတွေ့ရမှာကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။
ကေအန်ယူက သစ်တောရေးရာဝန်ကြီး ဖဒိုအောင်ဆန်းကတော့ သစ်ကိစ္စ ပြဿနာ တက်လာလို့ ဘားအံမှာရှိတဲ့ ထောက်လှမ်းရေး တပ် (၂၅) က တပ်မှူး ဗိုလ်မှူးခင်မောင်ကြည်မှ တဆင့် လက်နက်ချဖို့ ဆက်သွယ်ကာ နအဖထံ ၀င်ရောက်သွားခဲ့ခြင်း ဖြစ်ပါတယ်။ ဖဒိုအောင်ဆန်းဟာ နအဖရဲ့ အရိုးအရင်း ချကျွေးထားတဲ့ ပါမစ်တွေကို လောဘဇော တက်ပြီး ဈေးကစားရာ ပွဲစားပေါင်းစုံ ရှုပ်ထွေးလာပြီး ပွဲစားတချို့က မကျေနပ်ဘဲ တိုင်ကြားလာ တာကြောင့် သူကိုယ်တိုင်လာမှ ပစ္စည်းထုတ်ပေးမယ်လို့ သက်ဆိုင်ရာက ခေါ်ပြောရတဲ့ အထိ ရှုပ်ထွေးမှု ဖြစ်ခဲ့ပါတယ်။ ပွဲစားကုလား တဦးဆိုရင် စရန်ငွေ ပေးထားလျက်နဲ့ ဖဒိုအောင်ဆန်းဟာ တခြားမှာ ဒီထက်ဈေးကောင်းရလို့ ကတိဖျက်ပြီး ပါမစ် မပေးတော့တာမို့ သွားရောက် တောင်းဆိုခဲ့ရာ ဖဒိုအောင်ဆန်းက သေနတ်ပြပြီး ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရပါတယ်။
ဖဒိုအောင်ဆန်းဟာ အမျိုးသားညီလာခံ တက်နေစဉ်မှာလည်း နိုင်ငံရေးတွင် စိတ်ပါဝင်စားမှု လုံးဝမရှိသူ ဖြစ်ပါတယ်။ ဒါ့အပြင် သွားချင်ရာသွားကာ ညီလာခံမှ ရုတ်တရက် နေအိမ်သို့ ပြန်သွားသလို၊ တည်းခိုဆောင်ကို ထောက်ပံ့ စရိတ်လာပေးတဲ့ လွှတ်တော်ရုံးက မိန်းမပျို နှစ်ဦးအား သူ့အပြော “အားဆေး” ခေါ် တိုင်းရင်းဆေးတွေကို ပါးစပ်ထဲ အတင်းခွံ့ကျွေးလို ကျွေးပြီး ပေါက်တတ်ကရ နေသူဖြစ်ကြောင်း သိရပါတယ်။
နအဖဟာ နိုင်ငံရေးအရ အသုံးချလိုတဲ့အခါမှာတော့ ဖဒိုအောင်ဆန်းကို သတင်းထောက်တွေနဲ့ သတင်းဌာနတွေ ရှေ့မှာ နအဖကောင်းကြောင်း ရှင်းလင်း ပြောဆိုခိုင်းတာမို့ လူတတ်ကြီးလုပ်ပြီး နိုင်ငံရေး ပါရဂူသဖွယ် ကင်မရာရှေ့မှာ နအဖအလိုကျ ကားရားကားရား လုပ်ပြပုံကဖြင့် သနားစရာ ကောင်းလှပါတယ်။ တကယ်တော့ ဖဒိုအောင်ဆန်းဟာ နအဖရဲ့  ကြိုးဆွဲရာကို ကနေရရှာတဲ့ မျောက်ကြီးသဖွယ် အသုံးတော် ခံနေရတဲ့ဘ၀ကို ရောက်မှန်းမသိ ရောက်နေသူသာ ဖြစ်ပါတယ်။ နအဖဟာ သမူဟဲနဲ့ ဖဒိုအောင်ဆန်းကို ကြည့်ပြီး တိုင်းရင်းသားတွေ အပေါ်မှာ အထင်သေး နှိမ့်ချ ဆက်ဆံမှုတွေနဲ့ အကြွင်းမဲ့ လက်နက် ချခိုင်းရေးကိုသာ အားသန်နေပါတယ်။
နအဖဟာ ကေအန်ယူကို အင်အားချည့်နဲ့စေဖို့သာ ကြံရွယ်ပြီး ကေအန်ယူ ဗဟိုနဲ့ တိုက်ရိုက် မဆွေးနွေးသေးဘဲ တပ်မဟာမှူး တွေကို တိုက်ရိုက် Deal လုပ်ကာ ဖဲ့ထုတ်ခဲ့ပါတယ်။ ကေအန်ယူ အင်အားချည့်နဲ့ပြီး ဘေးကျပ် နံကျပ်ဖြစ်အောင် ဖန်တီးပြီးမှ ကေအန်ယူ ဗဟိုကို အထက်စီးနဲ့ ဆွေးနွေးမယ်လို့ နအဖက ကြံစည်ထားခဲ့ပါတယ်။ ကေအန်ယူ တပ်မဟာ မှူးတွေ ဖြစ်ကြတဲ့ ဗိုလ်အော်လီဗါနဲ့ ဗိုလ်ရွှေဆိုင်းတို့က သစ္စာရှိကြလို့ နအဖရဲ့  သွေးခွဲမှုအား ငြင်းဆန်ခဲ့ကြပြီး တပ်မဟာ (၇) မှူး ဗိုလ်ထိန်မောင်ကိုတော့ နအဖ ဗိုလ်မြတ်ထွန်းဦးက ထပ်မံ ဖဲ့ထုတ် စည်းရုံးနိုင်ခဲ့ပါတယ်။ ဗိုလ်ထိန်မောင် နအဖကို အညံ့ခံ ပူးပေါင်းရာမှာ တပ်မဟာတခုလုံး မပါဘဲ အင်အား အနည်းငယ်သာရှိလို့ နအဖက ဘ၀င်မကျကာ ပစ်ထားရာ လိုက်ပါသွားသူ တချို့တောင် နောင်တရပြီး ပြန်ပြေးခဲ့ကြပါတယ်။ ဗိုလ်ထိန်မောင်လည်း မထူးဇာတ်ခင်းပြီး နအဖ အလိုကျ ကနေရပါတယ်။
တကယ်တော့ နအဖဟာ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ တန်းတူ အခွင့်အရေးမျိုး ပေးဖို့ နေနေသာသာ ဘာတခုမှ တင်ပြပိုင်ခွင့် မရှိတဲ့ ညီလာခံ အတုအယောင်က တဖက်သတ် ဥပဒေနဲ့အတူ ဗြောင်ကျကျ အနိုင်ကျင့် ယူထားတဲ့ စစ်ဗိုလ် တမတ်သားရယ်၊ ကြံ့ဖွံ့ရယ်၊ စစ်အစိုးရ လက်ဝေခံ ကုန်သည်စီးပွားရေး လုပ်ငန်းရှင်ရယ်၊ ဌာနဆိုင်ရာ အသွင်ပြောင်း စစ်ဗိုလ်လူထွက်ရယ် စတဲ့ ကိုယ်စားလှယ် အတုတွေနဲ့သာ လူထုကို လိမ်ညာကာ မျက်လှည့်ပွဲကြီးကို ကျင်းပပါတော့မယ်။
ဒါကြောင့် လူနည်းစု ကောင်းစားရေးသာရှိပြီး တတိုင်းပြည်လုံး ကျွန်ဖြစ်တာထက် ဆိုးဝါးအုံးမယ့် နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုင်းရင်းသားတွေ အားလုံးမှာ လုံးဝ တာဝန်ရှိပါတယ်။ အာဏာ သိမ်းထားတဲ့ ဒီစစ်အာဏာရှင် လက်ထက်မှာတောင် ဒီလောက် နွံနစ်နေရင် ရွေးကောက်ပွဲ ပြီးရင်တော့ ပေးထားတဲ့ မရှိမဲ့ ရှိမဲ့ အခွင့်အရေးလေးကို ပြန်သိမ်းလိုက်မှာ သေချာသလောက် ရှိတယ်ဆိုတာ ယနေ့ အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့တွေ အားလုံးသိထားဖို့ တင်ပြလိုက်ရပါတယ် ခင်ဗျား။
ဗိုလ်ထက်မင်း
Ref: ခေတ်ပြိုင်
Read More...
Collapse...
ရဲဘော်ဖိုးသံချောင်း
ဧပြီလ(၂၀) ရက်၊ ၂၀၀၉
ဗမာပြည်နိုင်ငံရေးသမိုင်းတလျှောက်မှာ သူများတွေ တွေ့ရှိတဲ့၊ အထူးသဖြင့် အနောက် နိုင်ငံတွေက တွေ့ရှိတဲ့ သဘောတရား တွေကို ဗမာပြည် နိုင်ငံရေးထဲ အတင်း သွတ်သွင်းလာတာတွေ မကြာခဏ တွေ့ရတတ်ပါတယ်။ ဒါကို လုပ်သူတွေကတော့ အင်္ဂလိပ်စာ ဖတ်တတ်တဲ့ ပညာတတ် သူတွေပဲ ဖြစ်ပါတယ်။
ဒီလိုသွတ်သွင်းလာတဲ့ အယူအဆတွေဟာ ကိုယ့်နိုင်ငံက လက်တွေ့ အခြေအနေနဲ့ ကိုက်ညီ တာလည်းရှိ၊ မကိုက်ညီတာလည်း ရှိလို့ ဆိုရမှာပါ။ တချို့များဆိုရင် တခေတ်က မန္တလေးက အငြိမ့်မင်းသမီးတွေ သီဆိုလေ့ ရှိသလို “ဦးသူယူ” ဆိုသလိုမျိုးတောင်၊ သူ့ထက်ငါဦး လုပ်နေကြတာ ဖြစ်ပါတယ်။
ဒီလိုသွတ်သွင်းလာတာတွေအထဲက အခုနောက်ဆုံး သယ်ဆောင် လာကြတဲ့ အယူအဆ တခုကတော့ ဖြစ်တည်မှု အကျပ်အတည်း ဆိုတာပါပဲ။ ဒီလို စကားလုံး ကြီးကြီးနဲ့ တွယ်လိုက်တာနဲ့ တဆက်တည်းမှာ ဒီချုပ်ကို တိုက်ခိုက်ချင် နေပြီး ဘာနဲ့ တိုက်ခိုက်ရမှန်း မသိဖြစ်နေသူတွေ၊ အပြစ် ပုံချလိုသူတွေနဲ့ နအဖကို မျက်နှာလုပ် လိုသူတွေ အများ အပြားဟာ ဒီလေသံအတိုင်း နောက်က လိုက်ပြောကြတာကိုလည်း တွေ့ရပါတယ်။
အဲဒီလိုနိုင်ငံခြားကနေ ကိုယ့်နိုင်ငံနဲ့ဆိုင်မှန်းမသိ၊ မဆိုင်မှန်းမသိ ဆွဲယူလာတဲ့ ဒီ အသုံးအနှုန်း အယူအဆကို ခေါင်းပေါ်ကနေ စွပ်ချပေးတာ ခံလိုက်ရသူကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပဲ ဖြစ်ပါတယ်။ ဒီချုပ်အနေနဲ့ ဘာမှ ပြန်ပြောခွင့် မရှိတဲ့အခြေအနေကို အခွင့် ကောင်းယူပြီး ဒီလို တံဆိပ် တပ်ပေးလိုက်တာ ဖြစ်ပါတယ်။ သူတို့ဟာ ကိုယ့်အသက်ရှင် ရပ်တည်မှု အတွက် (အာဏာတည်မြဲရေး အတွက်) အမျိုးမျိုး ကုတ်ကပ်၊ ညစ်ပတ် ရမ်းကားနေရတဲ့၊ အာဏာ ရနေပါလျက်နဲ့ အခုအချိန်အထိ ရွေးကောက်ပွဲဥပဒေ မကြေညာနိုင်သေးတဲ့ နအဖ စစ်အစိုးရကိုကျတော့ ဖြစ်တည်မှု အကျပ်အတည်း ဆိုက်နေတယ်လို့ မပြောဘဲ ဘာဖြစ်လို့ နအဖရဲ့ ဖိနှိပ်မှုမျိုးစုံကို အနှစ် နှစ်ဆယ်ကျော် အလူးအလှိမ့်ခံရင်း ရပ်တည် နေသူတွေကိုမှ ဒီလိုခြယ်မှုန်း ပြတာလဲ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖက ချေမှုန်းတော့မှာကို သူတို့က သိနေလို့များလား ရယ်လို့တောင် စဉ်းစားစရာ ဖြစ်နေပါတယ်။
တကယ်ကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြောင်းပဲ ပြောပြော၊ စစ်အစိုးရ အကြောင်းပဲ ပြောပြော၊ ဟိုတုန်းကနဲ့အခု အခြေအနေတွေ မတူတော့တာကို မထည့်သွင်း၊ မစဉ်စားလို့ မဖြစ်ပါဘူး။ ၁၉၈၈-၉ဝ ကာလနဲ့ ဒီနေ့ မတူတာတွေ အများကြီး ရှိနေပါတယ်။ ၁၉၈၈-၉ဝ ကာလတုန်းက လူထုမှာရော ရှေ့တန်းက လှုပ်ရှား သူတွေမှာပါ တက်ကြွမှု အပြည့် ရှိနေကြပါတယ်။ သူတို့ရဲ့ ခေါင်းထဲမှာလို့ ပြောရမလား၊ ရင်ထဲမှာလို့ ပြောရမလား၊ “ထိုးစစ်စိတ်ဓာတ်” နဲ့ “အောင်ပွဲခံစိတ်ဓာတ်” တို့ မြဲမြဲမြံမြံ ကိန်းအောင်း နေပါတယ်။
အာဇာနည်တွေရဲ့မျက်နှာတွေလည်း မျက်စိထဲက မထွက်သေးတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် မိုးကို တက်ပြီးဒူးနဲ့ တိုက်ရဲတယ်ဆိုတဲ့ သတ္တိမျိုး တွေ့ဖို့ ဝေးနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ တဖက်မှာ ကြည့်လိုက်ပြန်တော့လည်း မဆလဟာ အလဲထိုးခံသွားရပြီး နဝတဟာ ခံစစ်ရောက်နေတယ် ဆိုတာကိုလည်း အရှင်းသား မြင်တွေ့ နေကြရပါတယ်။ ဗိုလ်စောမောင်ကို တင်လိုက်တာကိုက အငှားဗိုက်နဲ့ ဓားထိုး ခံလေသလားလို့ တွေးတောနေကြတဲ့ အချိန် ဖြစ်ပါတယ်။
အဲဒီအချိန်မှာ နဝတတက်လာပုံကိုပဲ ပြန်စဉ်းစားကြည့်ပါ။ နဝတဟာ အလံ တလူလူ၊ အောင်စည် အောင်မောင်းတွေ တီးပြီး ထွက်လာတာ မဟုတ်ပါဘူး။ “အာမခံချက်တွေ” (ကတိတွေ) အမျိုးမျိုးပြောပြီး ထွက်လာတာဖြစ်ပါတယ်။ ပါတီဝင် သန်းဂဏန်း ရှိတယ်ဆိုတဲ့ မဆလပါတီကိုလည်း ဖျက်သိမ်းပေးရ၊ လူဦးရေရဲ့ (၉၄) ရာခိုင်နှုန်းကျော်က အတည်ပြုခဲ့ ပါတယ်ဆိုတဲ့ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေကိုလည်း ဖျက်သိမ်း ပေးခဲ့ရပါတယ်။ ဒါ့အပြင် ဗိုလ်စောမောင်က ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ စစ်တပ်ဟာ စစ်တန်းလျား (နေရာမှန်) ကို ပြန်ပါမယ်လို့လည်း ကတိပေးနေရပါတယ်။ အခြေခံ ဥပဒေအသစ်ကို ကျုပ်တို့ စစ်တပ်က မရေးဘူး၊ တရားခံဖြစ်လိမ့်မယ်၊ ခင်ဗျားတို့ပဲ ရေးကြလို့ ပြောနေရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
အဲဒီလို လူထုအရှိန်သိပ်မြင့်နေချိန်မှာ စစ်အုပ်စုကို ကပ်ဖားရပ်ဖား လုပ်လိုတဲ့ လူတွေလည်း ခေါင်း မထောင်ရဲပါဘူး။ အဲဒီလို အနေအထားမှာ ကြံ့ဖွံ့ဖွဲ့လို့ မရပါဘူး။ နောက်ပြီး အခု ပေါ်ပေါက် လှုပ်ရှားနေတဲ့ ပေါက်တတ်ကရ အဖွဲ့အစည်းတွေလည်း ခေါင်းမပြူရဲပါဘူး။ အဲဒီတုန်းကသာ ဖြစ်တည်မှု အကျပ်အတည်း ဆိုတာကို အသံဟလိုက်ရင် နဝတအစိုးရဟာ ဒါငါတို့ကို ပြောတာပဲဆိုပြီး ဆွဲစေ့ လိုက်မှာ သေချာပါတယ်။ ဒါပေမယ့် အခု ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်တော့မယ့်အချိန်မှာ ကျတော့ အနေအထားတွေဟာ အားလုံးလိုလို ပြောင်းပြန်ဖြစ် နေပါတယ်။ သူတို့စိတ်ကြိုက်ရေးပြီး မဲလိမ်မဲခိုးကာ လူထုကို ဓားမိုး အတည်ပြု ခိုင်းထားတဲ့ အခြေခံဥပဒေကို သိဒ္ဓိ တင်ပေးဖို့ လုပ်မယ့် ရွေးကောက်ပွဲ တရပ်အတွက် တာစူ နေချိန်ဖြစ်ပါတယ်။ သူတို့အနေနဲ့ လူထုကို “ငြိမ်ဝပ်ပိပြား” အောင်လည်း လုပ်ပြီးနေပြီ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုလည်း အတောင်အလက် ချိုးပြီးထားပါပြီ။ အိုမင်းမစွမ်း ဖြစ်နေတဲ့ ခေါင်းပိုင်းပဲ ချန်ထားပြီး တက်တက်ကြွကြွ လှုပ်ရှားသူတွေကို ခြေချုပ်၊ အကျယ်ချုပ်၊ ထောင်ချုပ်တွေနဲ့ ချုပ်ချယ် ထားပါတယ်။ (ဒီလိုအခက်အခဲတွေ ကြုံတွေ့နေတာကို ဖြစ်တည်မှု အကျပ်အတည်း ဆိုက်နေတာလို့ ပြောလေသလား မသိပါ)။ မတရားသင်း ကြေညာထားတဲ့ အဖွဲ့တွေလည်း များသထက် များလာနေတာကို အားလုံး သတိပြုမိကြမှာပါ။ ဒါသာမက ၁၉၈၈-၉ဝ တုန်းက တက်ကြွလှုပ်ရှားသူ အများအပြားဟာ အခုအခါမှာ ပြည်ပကို ကြဲကွဲရောက်ရှိနေကြ ပါတယ်။ နောက်ပြီး တစည်း တလုံးထဲလည်း မရှိကြပါဘူး။
ဒီလိုအခြေအနေတွေအောက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဖြစ်တည်မှု အကျပ်အတည်း တွေ့နေတယ်လို့ ပြောနေတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီ လိုအခက်အခဲကို ထောက်ရုံတင် မကပဲ အဲဒီက ထွက်လမ်း အနေနဲ့ နအဖရဲ့ ရွေးကောက်ပွဲကို ဝင်ဖို့လည်း နတ်လမ်းညွှန် လုပ်နေပါတယ်။ ဒါကိုမှ လက်တွေ့ကျတယ်လို့ ဆိုသူကလည်း ဆိုပါတယ်။ အမှန်ပြောရရင် ဒါဟာ ကျားလှောင်အိမ်ထဲကို ကျားစာအဖြစ်ခံဖို့ “ကိုယ့်ဆန္ဒအရ” အဝင်ခိုင်းနေတာပါ။ မြေခွေးအမြီးပြတ်က သေဖော်ညှိတာလို့လည်း ဆိုနိုင်ပါတယ်။
တကယ်က ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲလုပ်ပြီးခဲ့တာဟာ အနှစ်(၂ဝ) ရှိပါတော့မယ်။ မင်းမှာသစ္စာ၊ လူမှာ ကတိလို့ အဆိုရှိပေမယ့် အာဏာကို လက်မလွှတ်လိုတဲ့ နအဖ ဗိုလ်ချုပ်တွေဟာ သစ္စာလည်း လုံးဝမရှိ၊ ကတိလည်း လုံးဝမတည်တာကို တွေ့ခဲ့ကြရပါပြီ။ သူတို့ဟာ ကလေးတွေ ကစားသလို “ရွှေတံခါးကြီးဖွင့်ပါအုန်း” ဆိုတာမျိုးနဲ့ လူထုကို အမျိုးမျိုး လှည့်စားလို့သာ နေတယ်။ ပြောရရင် သူတို့ ဘာလုပ်နေတယ် ဆိုတာကို ပြည်တွင်းပြည်ပက လူတိုင်းသိပါတယ်။ အခုသူတို့ကို ထောက်ခံနေတဲ့၊ ဆန့်ကျင်လေသံ မဟဝံ့တဲ့၊ ရွေးကောက်ပွဲဝင်ပြီး မိုးခါးရေ သောက်ဖို့ တိုက်တွန်းနေတဲ့ လူတွေတောင် သိပါတယ်။ စစ်အုပ်စုရဲ့ သစ္စာဟာ ဘယ်လိုဟာမျိုးဖြစ်တယ် ဆိုတာ ဒီနိုင်ငံမှာ ကလေးတောင်မှ သိပါတယ်။
မနိုင်ရင်အရှုံးပေးပြီး ဝင်ရောလိုက်ဆိုတဲ့အယူအဆဟာ စံကျတဲ့ အရှုံးပေးရေး အယူအဆ တမျိုး ဖြစ်ပါတယ်။ ဒါဟာအဆင့်နိမ့် သတ္တဝါတွေရဲ့ စဉ်းစားနည်းမျိုးသာ ဖြစ်ပါတယ်။ နိုင်မယ်ထင်ရင် မာန်ဖီပြ၊ ရှုံးမယ်ထင်ရင် သွားဖြီးပြပြီး အမြီးကုတ်သွား တာဟာ သူတို့ရဲ့ အလေ့အကျင့်ပါ။ ရှစ်လေးလုံး အရေးတော်ပုံ အရှိန်မြင့်နေတုန်းက တက်ကြွ၊ လက်သီးလက်မောင်း တန်းခဲ့ပြီး၊ အခု နအဖက ပွဲကြမ်းနေတဲ့ အခါမှာကျတော့ ရွှေပြည်အေးတရားတွေ ဟောနေသူတွေကို “အမြင်မှန်ရသူတွေ” လို့ ခေါ်နိုင်ပါသလား။ နအဖကို ဆက်လက် ဆန့်ကျင်နေတာဟာ “လက်တွေ့မကျဘူး” လို့ ဆိုသူတွေကို လက်တွေ့က သင်ခန်းစာ ပေးပါလိမ့်မယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တချို့လူတွေလို ရွေးကောက်ပွဲမှာ သူဌေးဖြစ် ခွေးဖြစ် ဝင်အောလို့ မဖြစ်ပါဘူး။ ၁၉၉ဝ ခုနှစ်တုန်းက ဦးနုဟာ စစ်တပ်ဟာ သူ့ဆီက အာဏာ လုသွားတယ်လို့ ပြောစရာ ရှိပေမယ့် ရွေးကောက်ပွဲမှာ ဒီငြိမ်းအဖွဲ့ ဝင်လိုက်တော့ အရှက်ကွဲ သွားရတဲ့ သင်ခန်းစာ ရှိပါတယ်။ လူတွေ၊ အဖွဲ့အစည်းတွေ၊ အထူးသဖြင့် နိုင်ငံရေး အဖွဲ့အစည်း တွေမှာ နောက်ကြောင်းသမိုင်း ရှိကြတဲ့ အလျောက် သမိုင်းက ပေးထားတဲ့ တာဝန်တွေ၊ လုပ်ငန်းတွေကို ထမ်းဆောင်ရ ပါသေးတယ်။ ဒီလို ဆိုတဲ့အတွက် အခြေအနေ သစ်တွေက ပြဋ္ဌာန်းတဲ့ လုပ်ငန်းတွေကို မလုပ်ရဘူးလို့ မဆိုလိုပါဘူး။ အဲဒီ နှစ်ရပ်စလုံးကို ပေါင်းစပ်ရမှာ ဖြစ်ပါတယ်။ သမိုင်းရှည်ကြာလေ၊ ထောက်ထားရတာ များလေလို့ ဆိုရင် မမှားပါဘူး။
မှန်ပါတယ်။ သူတို့မှာ အခက်အခဲကြီးပါတယ်။ အခုအခါမှာ သူတို့ရဲ့အခက်အခဲဟာ လူထုရဲ့ အခက်အခဲလို့လည်း ပြောနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဒီချုပ်အခက် ငါတို့အချက်ဆိုပြီး ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ဖို့ တက်ကြွနေသူတွေ မိုးကျလို့ မှိုထွက်သလို ပေါ်ထွက်နေပါတယ်။ နအဖ ထားရာမှာ ထားသလိုနေမယ်လို့ ဆုံးဖြတ်ထားသူတွေအတွက် တော့ လတ်တလောအားဖြင့် ဖြစ်တည်မှု အခက်အခဲ မရှိသေးတာ သေချာပါတယ်။
ရဲဘော်ဖိုးသံချောင်း
Ref: ခေတ်ပြိုင်
Read More...
Collapse...
20 April 2009
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ဆက်လျှက် ထိမ်းသိမ်း ခံနေရတာကို အမေရိကန် အထက်လွှတ်တော် အမတ်တွေနဲ့ အတူ စိုးရိမ်တဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေမှုးချုပ် ဘန်ကီမွန်း (Ban-ki Moon) က ပြောဆိုခဲ့ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန် အထက်လွှတ်တော် အမျိုးသမီး အမတ်တွေက ကုလသမဂ္ဂ အတွင်းရေမှုးချုပ်ဆီ ရေးသား ပေးပို့တဲ့စာကို လက်ခံရရှိခဲ့တဲ့ အကြောင်း ဧပြီလ ၁၅ ရက်နေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှုးချုပ်ရဲ့  လက်ထောက် ပြောဆိုခွင့်ရှိသူ ဖာရန် ဟတ်ခ် () က ပြောဆို သွားခဲ့ပါတယ်။
ဧပြီလ ၉ ရက်နေ့ နေ့စွဲနဲ့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဆီ ရေးသား ပေးပို့ခဲ့တဲ့ စာကို ကယ်လီဖိုးနီးယား ပြည်နယ် (California) အထက်လွှတ်တော် အမတ် ဒိုင်ယန် ဖိုင်းစတိုင်း (Dianne Feinstein)၊ မယ်ရီလန်ပြည်နယ် (Maryland) အထက်လွှတ်တော် အမတ် ဘာဘရာ မီကူလ်စကီး (Barbara A Mikulski) နဲ့ အာကန်ဆော့ပြည်နယ် (Arkansas) အထက်လွှတ်တော် အမတ် ဘလန်ချီ လင်ကွန်း (Blanche Lincoln) တို့ ပါဝင်ကြပါတယ်။
မြန်မာစစ်အစိုးရက ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ ၂၀၀၁ ရွေးကောက်ပွဲ အစီအစဉ်ကို ဖျက်သိမ်းဖို့ အတွက် မြန်မာ စစ်အစိုးရကို ဖိအားပေးဖို့လည်း အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကို အမေရိကန် အထက် လွှတ်တော်အမတ် တွေက တိုက်တွန်း ထားပါတယ်။
Ref: VOA News
Read More...
Collapse...
ကိုဝိုင်း
ဧပြီလ 20 2009
ချင်းမိုင် (မဇ္ဈိမ)။ ။ မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးနေသည်ဟု နာမည်ထွက်နေသော ဝ’ ပြည်နယ် သွေးစည်း ညီညွတ်ရေးပါတီ နှင့် လက်တွဲခြင်းကြောင့် နိုင်ငံရေး သိက္ခာကို ထိခိုက်နိုင်မည် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုက ယနေ့ပြောသည်။
ဝ’ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ - ဝသပ (UWSP) ဖွဲ့စည်း တည်ထောင်ခြင်း အနှစ် ၂ဝ ပြည့် အထိမ်းအမှတ်ပွဲသို့ ပေးပို့သော အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု - အန်ဒီအက် ၏ သဝဏ်လွှာ၌ “အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောင် နိုင်သည်အထိ အန်ဒီအက်နှင့်အတူ ဝသပမှ ဦးဆောင်ပါဝင်ရန်” ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။
“ဝလက်နက်ကိုင် တပ်ဖွဲ့က သူ့အနေနဲ့ နောက်ကွယ်မှာ မူးယစ်ဆေးဝါး ပြဿနာ ရှိတာကတော့ တကဏ္ဍ ပေါ့လေ။ ဒါပေမဲ့ အခု ၂၀၀၈ ဆိုရင် ဝ’ နယ်ထဲမှာ မူးယစ်ဆေးဝါး မရှိတော့ဘူး ဆိုပြီး သူတို့ ကြေညာလို့ ရပြီ။ အခု လှုပ်ရှားနေတာက ဝ’ အမျိုးသားအတွက် တကယ် ခိုင်ခိုင်မာမာ ရပ်တည် လှုပ်ရှားနေတာကို ကြည့်ရင် အန်ဒီအက်အနေနဲ့ လက်တွဲပြီးတော့ လုပ်နိုင်တယ်။ UWSP ကလည်း ဝ’ အမျိုးသားကို ကိုယ်စားပြုပြီး အလုပ်လုပ်တဲ့ အဖွဲ့ အစည်းတခု ဖြစ်တယ်ဆိုပြီး အန်ဒီအက်က သုံးသပ်ထားတယ်” ဟု အန်ဒီအက် အထွေထွေ အတွင်းရေးမှူး မိုင်ဘုန်းကျော်က မဇ္ဈိမကို ပြောသည်။
အန်ဒီအက် သဝဏ်လွှာကို ‘ဝသပ’ နိုင်ငံခြားရေးဌာနသို့ ယခုလ ၁၅ ရက်နေ့တွင် ပေးပို့ခဲ့ခြင်း ဖြစ်သော်လည်း လက်တွဲရန် ဖိတ်ခေါ်ချက်နှင့် ပတ်သက်၍မူ တစုံတရာ အကြောင်းပြန်ကြားချက် မရရှိသေးကြောင်းနှင့် ‘ဝသပ’ အနေဖြင့် အန်ဒီအက်နှင့် ပူးပေါင်းပြီး နအဖကို တော်လှန် တိုက်ခိုက်မည် ဆိုပါက တံခါးဖွင့်ထားကြောင်း အန်ဒီအက်က ဆိုသည်။
“သဝဏ်လွှာထဲမှာပါတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့တော့ အကြောင်း မပြန်သေးပါဘူး။ သဝဏ်လွှာကို လက်ခံ ရရှိကြောင်းကိုတော့ အကြောင်းပြန်တယ်။ သူတို့ရဲ့ ခေါင်းဆောင်ကြားထဲမှာ တင်ပြပေးမယ် ဆိုပြီးတော့ သူတို့ နိုင်ငံခြားရေး ဌာနက အကြောင်းပြန်တယ်။ ဝသပ မှာလည်း ဖိအားတွေ အမျိုးမျိုးရှိတော့ နအဖ ကို ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ခိုက်မယ်ဆိုရင် ကျနော်တို့နဲ့အတူ ပူးပေါင်းပြီး တော်လှန် တိုက်ခိုက်ဖို့။ တံခါးဖွင့်ထားတဲ့ သဘောဖြစ်ပါတယ်” ဟု အန်ဒီအက် အထွေထွေ အတွင်းရေးမှူးက ပြောသည်။
‘ဝသပ’ ဥက္ကဋ္ဌ ပေါက်ယူချန်းကမူ နအဖ စစ်အစိုးရနှင့် မတူညီချက်များကို ညှိနှိုင်းခြင်းဖြင့်သာ ဖြေရှင်းသွားမည် ဖြစ်ပြီး တိုးတက်သည့် ဒေသကြီးတခု ဖြစ်လာစေရန် ငြိမ်းချမ်းသောနည်းဖြင့် တည်ဆောက် သွားမည်ဖြစ်ကြောင်း ယခုလ ၁၇ ရက်နေ့တွင် ကျင်းပသည့် ပါတီ ဖွဲ့စည်းခြင်း အနှစ် ၂ဝ ပြည့် ပွဲတွင် ပြောကြားသွားခဲ့သည်။
သို့သော် နအဖနှင့် ‘ဝသပ’ အကြား တဖက်နှင့်တဖက် အယုံအကြည် မရှိကြဘဲ စစ်ရေး ပြင်ဆင်မှုများ ရှိနေပြီး တိုက်ပွဲများ ပြန်ဖြစ်ပါက ‘ဝသပ’ အနေဖြင့် အဆင်သင့် ရှိကြောင်း မိုင်ဘုန်းကျော်က ပြောသည်။
“ဥက္ကဋ္ဌကြီး ပေါက်ယူချန်း ပြောတာကတော့ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းမယ်။ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ ပြောတာပေါ့။ ဒါပေမဲ့ လက်တွေ့ အခြေအနေမှာတော့ အခက်အခဲတွေ အများကြီး ရှိတယ်။ ဥပမာ - နအဖ အနေနဲ့လည်း ဝ’ ကို အယုံအကြည် မရှိဘဲ စစ်ရေးပြင်ဆင်နေတာ။ ဝ’ ဘက်ကလည်း စစ်ရေး ပြင်ဆင်နေတာ ရှိတယ် ဆိုတဲ့ဟာတွေ ကျနော်တို့ သတင်းအတိအကျတွေ ရှိတယ်။ မလွဲသာတဲ့အဆုံး လက်နက်ကိုင် တော်လှန်ရေး လုပ်ရမယ် ဆိုလည်း ဝသပ ဘက်ကလည်း အဆင်သင့် ပြင်ဆင်ထားတဲ့ သဘောရှိပါတယ်” ဟု သူက ပြောသည်။
အန်ဒီအက်၏ သဝဏ်လွှာထဲတွင် ယခုနှစ်ဆန်းပိုင်း၌ ‘ဝသပ’ အဖွဲ့က ဝ’ပြည်နယ်အစိုးရ ဖွဲ့စည်းကြောင်း ကြေညာခဲ့မှုသည် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေကို ပယ်ချခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ပြခြင်းသာ ဖြစ်ပြီး ပြည်ထောင်စုမှ ခွဲထွက်ရန် မဟုတ်သဖြင့် ကြိုဆိုကြောင်း ဖော်ပြသည်။
‘ဝသပ’ အဖွဲ့နှင့် အန်ဒီအက် ကိုယ်စားလှယ်များအကြား တိုင်းရင်းသား တန်းတူညီမျှရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို လက်တွဲ ဆောင်ရွက်သွားရန် ၁၉၈၉ ခုနှစ် နိုဝင်ဘာလအတွင်းက ဝသပ ပန်ဆန်းဌာနချုပ်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။
အန်ဒီအက်ကို ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် တိုင်းရင်းသားများ၏ တန်းတူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ပေါင်း ၁ဝ ဖွဲ့ကျော်ဖြင့် စတင် ဖွဲ့စည်းခဲ့သည်။ သို့သော် အဖွဲ့ဝင်အချို့သည် နအဖနှင့် အပစ်အခတ် ရပ်စဲသွားသဖြင့် ယခုအခါ အဖွဲ့ဝင် ၈ ဖွဲ့ဖြင့်သာ ဆက်လက် လှုပ်ရှားနေသည်။
လက်ရှိအဖွဲ့ဝင်များမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသား တပ်ဦး CNF ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP ၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ LDU ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF ၊ ပအို့ဝ် ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ PPLO ၊ ဝအမျိုးသား အဖွဲ့ WNO ၊ မွန်ပြည်သစ် ပါတီ NMSP တို့ ဖြစ်သည်။
Ref: မဇ္ဈိမ
Read More...
Collapse...
မေကျော်
20၊ 2009
ချင်းမိုင် (မဇ္ဈိမ)။ ။ တွံတေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လူငယ်အဖွဲ့ ရေးရာ ဒု တာဝန်မှူးနှင့် အဖွဲ့ဝင် အမျိုးသမီးတဦးကို ယခုလ ၁၈ ရက်နေ့က ရပ်ကွက် ရာအိမ်မှူးနှင့် အဖွဲ့က ဝိုင်းဝန်း၍ ကိုယ်ထိလက်ရောက် ရန်မူခဲ့ကြောင်း သိရသည်။
လူငယ်အဖွဲ့ရေးရာ ဒုတာဝန်မှူး ကိုဘိုဘို (ကုန်စိမ်းရောင်းချသူ) နှင့် ဇနီးသည်ဖြစ်သူ ပါတီအဖွဲ့ဝင် မအိသဲမွန်ကို တရပ်ကွက်ထဲတွင် နေထိုင်သူ ကွမ်းခြံရပ်ကွက် ရာအိမ်မှူး ကိုပေါက်နှင့် ကိုမျိုးကို အပါအဝင် အခြား ၂ ဦးက ပြုမူခဲ့ခြင်း ဖြစ်သည်။
၁၈ ရက်နေ့ ညနေ ၄ နာရီခန့်က ဇနီးမောင်နှံ နှစ်ဦးသည် နေအိမ်သို့အပြန် ဘုရားသုံးဆူ ဘုန်းကြီးကျောင်း အနီးတွင် ရာအိမ်မှူးနှင့် အဖွဲ့က စတင်၍ ဆဲဆိုကြရာ၊ ဆဲရေးတိုင်းထွာမှု မလုပ်ရန် တားမြစ်သည့် ကိုဘိုဘို ကို ဝိုင်းဝန်း၍ ရင်ဘတ်ကို ဆောင့်တွန်းခဲ့ပြီး၊ အတူပါလာသူ မအိသဲမွန်က တားမြစ်သော်လည်း သူ့ကို လက်ဆွဲပြီး ဆောင့်တွန်းခဲ့ကြောင်း တွံတေးမြို့နယ် NLD ဥက္ကဋ္ဌက ပြောသည်။
အခင်းဖြစ်ပွားသည့် နေ့ကပင် တွံတေးရဲစခန်းသို့ ချက်ချင်း တိုင်ချက်ဖွင့်သည်ကို စခန်းမှူး ဦးမြင့်ကျော်က အမှု ဖွင့်ပေးသော်လည်း ဒုရဲအုပ် သိန်းဇော်ဦးက ပြစ်မှု ကျူးလွန်သူများကို မြို့နယ်ကောင်စီ မယက ဥက္ကဋ္ဌ၏ ခွင့်ပြုချက် မရ၍ ဖမ်းဆီးခြင်း မပြုနိုင်ကြောင်း ပြောခဲ့သည်။
“သူတို့ကလည်း မဖမ်းပေးမချင်း ရဲစခန်းမှာပဲ နေနေတယ်။ ရဲတာဝန်မှူးက ဒီကိစ္စက မယက ဥက္ကဋ္ဌက ဖမ်းခွင့် မပေးလို့ မဖမ်းပေးဘူးလို့ ပြောလိုက်တယ်လေ။ ပြန်လာတော့ ၁၂ နာရီ။ ၁ ချက်လောက်မှ ပြန်လာကြတယ်” ဟု သွားရောက် တိုင်ကြားရာတွင် ပါဝင်ခဲ့သူတဦးက မဇ္ဈိမကို ပြန်ပြောပြသည်။
နောက်တရက်ဖြစ်သည့် ယမန်နေ့ နံနက်ပိုင်းတွင်မူ ကျူးလွန်သူ ၄ ဦးကို ရဲစခန်းက ဖမ်းဆီးခဲ့သော်လည်း၊ ညနေ ၄ နာရီခန့်တွင် အာမခံနှင့် ပြန်လွှတ်ပေးခဲ့သည်။
မည်သည့် အကြောင်းကြောင့် ရာအိမ်မှူးနှင့် အဖွဲ့က ကိုယ်ထိလက်ရောက် ရန်မူခဲ့သည်ကို မသိရ သေးကြောင်း တွံတေးမြို့နယ် ပါတီ ဥက္ကဋ္ဌက ပြောသည်။
Ref: မဇ္ဈိမ
Read More...
Collapse...
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88