Monday, February 7, 2011

တိုင်းရင်းသား ဒုသမ္မတ ရုပ်သေးရုပ်လား


ဒု သမ္မတအဖြစ် ရွေးချယ်ခံရသူ ဒေါက်တာ စိုင်းမောက်ခမ်းသည် ရှမ်းတိုင်းရင်းသား တဦးဖြစ်သော်လည်း တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်နေသည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ပြုပြင်ပြောင်းလဲရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး စသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဦးမည်မဟုတ်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင် ချန်ထွန်းက ယခုရွေးချယ်ခံ ရသည့် သမ္မတအဖွဲ့သည် ရားထူး သစ်များကို ရရှိသော်လည်း အစိုးရအဖွဲ့အသစ်ကို မောင်းနှင်မည့် အခြေခံဥပဒေသည် သာ အဓိက ကျကြောင်း၊ သမ္မတ အဖွဲ့သည် နိုင်ငံတကာကိုကြိုဆို ဧည့်ခံ ရန် အတွက် သာ ဖြစ်ကြောင်း ပြောသည်။

“သမ္မတ၊ ဒု သမ္မတတွေ အကုန်လုံး က ကြံ့ခိုင်ရေးပါတီ တခုတည်းကပဲ ဖြစ်နေတော့ သူတို့ကြားထဲမှာ ဘာပြဿနာမှ တော့ ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီပါတီရဲ့ ခေါင်းဆောင်ပိုင်းက ဗိုလ်ချုပ်ဟောင်းတွေကပဲ လွှမ်းမိုးနေမှာ။ ရုပ်ပြကောင်းအောင် ခန့်ထားတဲ့ ဒေါက်တာ စိုင်းမောက်ခမ်းကလည်း ဗိုလ်ချုပ်ကြီးတွေကို ကျော်ပြီး ဘာမှ လုပ်ခွင့် ရှိမှာမဟုတ်ဘူး။ အသေးအဖွဲ ကိစ္စ တွေကိုတော့ သူ့အနေနဲ့ လုပ်ခွင့် ရကောင်းရနိုင်တယ်” ဟု သခင် ချန်ထွန်းက သုံးသပ် သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်က ဒု သမ္မတ အသစ်ဖြစ်သူ ဒေါက်တာ စိုင်းမောက်ခမ်းသည် နိုင်ငံ၏ အရေးကြီး ဆုံးဖြတ် ချက်များ ချမှတ်ရာတွင် ပါဝင် မည့်သူတယောက် ဖြစ်နိုင်မည် မဟုတ်ကြောင်း ပြောဆို သည်။

“ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအတွက် ဆိုတာမျိုး၊ ဘယ်ရွာအတွက် သမားတော်တွေ လိုအပ်နေတယ် ဆိုတာမျိုးလောက်ကိုပဲ သူ ဖြည့်ဆည်းပေးနိုင်လိမ့်မယ်။ သုံးပွင့်ဆိုင် ဆွေးနွေးရေးတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးတွေကို သူဘာမှ စွက်ဖက်ခွင့်ရှိမှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

အစိုးရအဖွဲ့သစ်တွင် အမှန်တကယ် အာဏာရှိနေမည်မှာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဟုခေါ်သည့် ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသော အဖွဲ့တွင်သာ အာဏာဆက်လက် ရှိနေမည်ဟုလည်း ဦးအေးသာအောင်က ထောက်ပြသည်။

ဒေါက်တာ စိုင်းမောက်ခမ်းကို ၁၉၅၀ ခုနှစ်တွင် ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်မြို့ ဖြစ်သည့် မူဆယ်မြို့တွင် မွေးဖွားခဲ့သည်။ အခြေခံပညာကို မူဆယ်မြို့၌ပင် သင်ကြားခဲ့ပြီး ငယ်စဉ်ကပင် ပညာထူးချွန် သည်။ ရိုးသား ကြိုးစားသည်၊ စိတ်နှလုံးကောင်း ရှိသည်ဟု ပညာသင်ဖက်များက ပြောကြသည်။

၁၉၆၈ ခုနှစ်တွင် မန္တလေး ဆေးတက္ကသိုလ်သို့ တက်ရောက်သင်ကြားသည်။ မိဘများက ကောင်းမွန်စွာ မထောက်ပံ့နိုင်သဖြင့် ရှမ်းသူဌေးတဦး၏ အထောက်အပံ့ဖြင့် ဆေးတက္ကသိုလ် တက်ခဲ့ရကြောင်း၊ ဆေးတက္ကသိုလ်ပြီးဆုံးချိန်တွင် ဒေါက်တာ စိုင်းမောက်ခမ်းကို ထောက်ပံ့ထားသည့်မိသားစုက ၎င်းတို့၏ သမီးဖြစ်သူ နန်းရွှေမှုံနှင့် အိမ်ထောင် ချပေးခဲ့ကြောင်း နီးစပ်သူတဦးက ဆိုသည်။ အိမ်ထောင်ပြုပြီးနောက် ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်ခဲ့သည်။

လားရှိုးမြို့တွင် ဆရာဝန် အကျော်အမော်များ ရှိသော်လည်း လူနာအများစုမှာ ဒေါက်တာ စိုင်းမောက်ခမ်း ထံ၌သာ ကုသကြကြောင်း၊ ဒေါက်တာ စိုင်းမောက်ခမ်းသည် ဝေဒနာရှင် များအား မည်သို့ ဆက်ဆံရမည်၊ အားပေးရမည်ကို ပိုမိုနားလည်သဖြင့် ၎င်းထံတွင် ကုသမှုခံယူမှု ပိုများကြောင်း လားရှိုးမြို့ခံတဦးက ဆိုသည်။

နောက်ပိုင်း၌ မြို့နေလူထုအကြားတွင် ပိုမို ကျော်ကြားလာပြီး ယူလီခ အမည်ရှိ ကိုယ်ပိုင် ဆေးရုံကို ဖွင့်လှစ် နိုင်ခဲ့သည်။ ဒေါက်တာ စိုင်းမောက်ခမ်းက မန်နေဂျင်း ဒါရိုက်တာအဖြစ် လက်ရှိ တာဝန်ယူထားဆဲဖြစ်သည်။

ဘိန်းဘုရင် ခွန်ဆာ၏ မော်ထိုင်းတပ်မတော် (MTA) မှ ခွဲထွက်အဖွဲ့ဖြစ်သည့် ရှမ်းပြည် အမျိုးသားတပ်မတော် (SSNA) က ၁၉၉၅ ခုနှစ်တွင် အလင်းဝင်သောအခါ ဒေါက်တာ စိုင်းမောက်ခမ်းတို့ ဇနီးမောင်နှံသည် SSNA ခေါင်းဆောင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး ကဏ်းရွက်၊ ဗိုလ်မှူးကြီး ကုဏ်ခေး စသူတို့နှင့် နီးစပ်သူများဖြစ်ခဲ့သည်။

အလင်းဝင်ခါစ SSNA အဖွဲ့ကိုလည်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက လုပ်ပိုင်ခွင့်များအဖြစ် သစ်ထုတ်လုပ်ရေး လုပ်ငန်းများ အများအပြားချပေးခဲ့သည်။ ဒေါက်တာ စိုင်းမောက်ခမ်းတို့သည်လည်း SSNA ခေါင်းဆောင်ပိုင်းများနှင့် နီးစပ်သူများ ဖြစ်သည့်အလျောက် သစ်စက်များ ပိုင်ဆိုင်လာကြသည်ဟု လားရှိုးမြို့ စီးပွားရေး အသိုင်း အဝိုင်းက ပြောသည်။

ထိုအချိန်မှ စတင်၍ ဒေါက်တာ စိုင်းမောက်ခမ်းသည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးများ ဖြစ်ခဲ့ဖူးသည့် သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဗိုလ်ချုပ် မြင့်လှိုင်၊ ဗိုလ်ချုပ် အောင်သန်းထွဋ်တို့ထံ ဝင်ဆံ့ခဲ့ကာ စီးပွားရေးသမား ဆန်လာသည်ဟုလည်း ပြောဆို ကြ သည်။

ဒေါက်တာ စိုင်းမောက်ခမ်းသည် လားရှိုးဂေါက်ကလပ်တွင် ပုံမှန်ကစားနေသူ ဖြစ်သဖြင့် စစ်တိုင်းမှူးများနှင့် သာမက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးများထံလည်း ပေါက်ရောက်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ ကျောထောက်နောက်ခံပေးထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို ကိုယ်စားပြုကာ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ မှ ဝင်ရောက်ယှဉ်ပြိုင်ရန် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်က ဒေါက်တာ စိုင်းမောက်ခမ်းကို တိုက်တွန်းခဲ့သဖြင့် ပါဝင်ခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သူများက ဆိုသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ကို ရှမ်းလူထုက တခဲနက် ထောက်ခံအားပေးနေချိန်တွင် ဒေသခံများ လေးစားသည့် ဒေါက်တာ စိုင်းမောက်ခမ်းက ကြံ့ဖွံ့ပါတီ အတွက် မဲဆွယ် စည်းရုံးရေး ဆင်းနေသည်ကို မြင်ရသည့်အတွက် ဝမ်းနည်းမိသည်ဟု ဒေသခံများက ပြောဆိုခဲ့ကြဖူးသည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ တွင် ဒေါက်တာ စိုင်းမောက်ခမ်းက ကျားဖြူပါတီ ကိုယ်စားလှယ် ဦးစိုင်းခမ်းလိုင်နှင့် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပပြီး နောက်တရက်တွင် ရွေးကောက်ပွဲ ကော်မရှင်က ဒေါက်တာ စိုင်းမောက်ခမ်းသည် ၄၃၆၄၁ မဲဖြင့် ၂၉၁၃၂ မဲရရှိသည့် ဦးစိုင်းခမ်းလိုင်ကို အနိုင်ရရှိကြောင်း ကြေညာခဲ့သည်။ ကျားဖြူ ပါတီကိုယ်စားလှယ် အပါအဝင် မြို့နေလူထုက မဲလိမ်ခြင်းဖြင့် အနိုင်ရခဲ့သည်ဟု ပြောဆို ခဲ့ကြသည်။

ဒေါက်တာ စိုင်းမောက်ခမ်းနှင့် နီးစပ်သူများက ၎င်းသည် မည်သည့် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ခြင်းမရှိဘဲ နိုင်ငံရေးသမားထက် စီးပွားရေးသမား ပိုဆန်သည့် ပုဂ္ဂိုလ်ဖြစ်သည်ဟု ပြောဆိုကြသည်။

ဒေါက်တာ စိုင်းမောက်ခမ်းသည် လားရှိုးမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် အတည်မပြုနိုင်သော သတင်းများ အရ ၎င်းသည် ဒု သမ္မတ အဖြစ် အရွေးခံ ရချိန်မှစ၍ ယင်း ဥက္ကဋ္ဌရာထူးမှ နှုတ်ထွက် ခဲ့ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများထဲတွင် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတဖြစ်သူ စဝ်ရွှေသိုက်ပြီးလျှင် ဒေါက်တာ စိုင်းမောက်ခမ်းသည် နိုင်ငံတော်၏ ထိပ်တန်းရာထူးကို ရရှိသူဖြစ်သည်။

Ref;Irrawaddy

Read More...

ဘိန်းဘုရင် ခွန်ဆာ စခန်းဟောင်း ပြတိုက်လုပ်ရန် စီစဉ်


ကွယ်လွန်သူ ဘိန်းဘုရင် ခွန်ဆာ၏ ထိုင်းနိုင်ငံရှိ တပ်စခန်း ဟောင်းများကို ပြတိုက် ပြုလုပ်ရန် ထိုင်းအစိုးရ အာဏာပိုင်များက စီစဉ်ခဲ့ရာ အကောင်အထည် မဖော်နိုင် သေးကြောင်း သိရသည်။

မော်ထိုင်း တပ်မတော် (MTA) ခွန်ဆာ တပ်စခန်းဟောင်းနှင့် သူ၏ တပ်သားများ နေထိုင်ခဲ့သော အဆောက်အအုံများသည် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင်အတွင်းရှိ Ban Hin Taek ထိုင်းကျေးရွာ၌ တည်ရှိပြီး ယင်း နေရာများကို “ခွန်ဆာ စခန်း ဟောင်း”ဟု အမည်ပေးထားခြင်း ဖြစ်သည်။

ခွန်ဆာ စခန်းဟောင်းကို နိုင်ငံခြား ခရီးသွား ဧည့်သည် များ ဆွဲဆောင်ရန် ပြတိုက်အဖြစ် ဖန်တီးကာ ခွန်ဆာ ရဲ့ဘ၀ ဖြစ်စဉ်များကို ဖော်ဆောင် ရန်အတွက် ကြိုးပမ်းခဲ့သော်လည်း ယခု အထိ မအောင်မြင်နိုင်သေး ကြောင်း ပြီးခဲ့သည့် စနေနေ့က ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ငွေကြေးမလုံလောက်မှုနှင့် ဘိန်းဘုရင် တဦးအား အထိမ်းအမှတ်အဖြစ် ပြတိုက်ထားရန် သင့်မသင့်ဆိုသော နိုင်ငံရေး သုံးသပ်ချက်များကြောင့် ယခုအစီအစဉ်
အထမမြောက် နိုင်ကြောင်း ယင်း သတင်း၌ ပါရှိသည်။

၁၉၈၂ ခုနှစ်တွင် ယင်း စခန်းဟောင်းကို ထိုင်း တပ်ဖွဲ့ဝင်များက ၀င်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့သည့်အထိ ခွန်ဆာနှင့် ၎င်း၏ တပ်ဖွဲ့များ နေထိုင်ခဲ့သည်။ ထို့နောက် ၎င်းတို့သည် ရှမ်းပြည်နယ် အတွင်းရှိ ဟိုမိန်းစခန်းသို့ ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။

ခွန်ဆာသည် ရှမ်း တရုတ် ကပြားဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် မြန်မာစစ်အစိုးရထံ၌ လက်နက် မချမီ အချိန်အထိ အင်အား ၁၅,၀၀၀ ခန့်ရှိ ကိုယ်ပိုင် စစ်တပ်ဖြင့် ထိုင်း၊ မြန်မာ၊ လာအိုနယ်စပ် ရွှေတြိဂံဒေသကို လွှမ်းမိုးနိုင်ခဲ့သည်။

မော်ထိုင်း တပ်မတော် ခေါင်းဆောင်အဖြစ် ဘ၀တလျှောက်လုံး ဆောင်ရွက်ခဲ့သော ခွန်ဆာ၏ ပြတိုက်ကို တည်ဆောက်ရန် မသင့်လျော်ကြောင်း တချို့ဝေဖန်သူ များရှိ သော်လည်း ပြတိုက်သည် မကောင်းသည့် သဘောထားမျိုး ဖော်ဆောင်သည့် အနေဖြင့် မမှတ်ယူကြရန်နှင့် ပြတိုက်သည် နောင်လာနောင်သားတို့ သင်ခန်းစာယူနိုင်စရာနေရာ ဌာနတခုဖြစ်ကြောင်း ပညာရှင် တချို့နှင့် ဒေသခံများက ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

ချင်းမိုင်အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ယင်း ကျေးရွာတွင် MTA လူဟောင်း တပ်မှူး တပ်သားများ ယခု အထိ ဆက်လက် နေထိုင်လျက် ရှိကြောင်း ဧရာဝတီသို့ ပြောသည်။ ကျေးရွာ ဒေသခံများက ယင်း စီမံကိန်း ကို ကန့်ကွက် သည်ဟု မကြားကြောင်း ၎င်းက ဆိုသည်။

ဦးခွန်ဆာ မကွယ်လွန်ခင်က ကမ္ဘာတ၀န်းတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိမှုဖြင့် အမေရိကန် အစိုးရက ခွန်ဆာကို ဖမ်းဆီးရမိပါက ဆုငွေ အမေရိကန် ဒေါ်လာ ၂ သန်း ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ခွန်ဆာသည် ၁၉၉၆ ခုနှစ်တွင် စစ်အစိုးရထံ လက်နက်ချပြီးနောက် ရန်ကုန်သို့ ပြောင်းရွှေ့ ခဲ့ကာ စစ်အစိုးရ၏ အကာအကွယ်ဖြင့် နေထိုင်ခဲ့ပြီး လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်တွင် ရန်ကုန်မြို့ နေအိမ်၌ ကွယ်လွန်ခဲ့သည်။

ဦးခွန်ဆာသည် “အမေရိကန် အစိုးရလက်သို့ လွှဲပြောင်းပေးခြင်း မခံရနိုင်” ဟူသော ယုံကြည်ချက်ဖြင့် မြန်မာအစိုးရနှင့် စေ့စပ် ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း MTA ဗဟိုကော်မတီဝင်တဦးကို ကိုးကား၍ “ခွန်ဆာ ဦးဆောင်သော MTA အဖွဲ့ ဘာ ကြောင့် လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရသလဲ”ဟူသည့် စာအုပ်တွင် မြန်မာအစိုးရက မြန်မာ ဘာသာဖြင့် ထုတ်ဝေခဲ့ သည်။

ဦးခွန်ဆာသည် စစ်အစိုးရထံ လက်နက်ချခဲ့သော်လည်း MTA မှ ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်ကမူ ခွဲထွက်ခဲ့ပြီး SSA- S (ရှမ်းပြည် တပ်မတော် တောင်ပိုင်း) ကို ဖွဲ့စည်း ခဲ့သည်။ SSA- S တွင် အင်အား ၇ ထောင်ကျော် ရှိပြီး ထိုင်း - မြန်နယ်စပ်တွင် စစ်အစိုးရကို တော်လှန်နေဆဲ ဖြစ်သည်။

Ref;Irrawaddy

Read More...

ပါတီဖျက်သိမ်းခံရမှု NLD ကုလ လူ့အခွင့်အရေးကောင်စီ တိုင်မည်

ဦးကျော်ကျော်သိန်း ။
တနင်္လာ, 07 ဖေဖော်ဝါရီ 2011 ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်ပိုင်ခွင့် အထူး အယူခံကို အပြီးသတ် ပယ်ချ လိုက်တာဟာ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းပါ အချက်အတော်များများကို ဖောက်ဖျက် ကျူးလွန်တယ် ဆိုပြီး ဂျီနီဗာ အခြေစိုက် လူ့အခွင့်အရေး ကောင်စီကို တင်ပြ တိုင်ကြားဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD တာဝန်ရှိသူတွေ ဒီကနေ့ တနင်္လာနေ့မှာ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ရှေ့နေအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး ကြပြီးတဲ့ နောက်မှာ အခုလို ဆုံးဖြတ်ချက် ချခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြ ပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် တရားဝင် ရပ်တည်ပိုင်ခွင့် အတွက် အထူးအယူခံ လျှောက်ထား ခဲ့တာမှာ NLD ပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ၀င်ပြိုင်ဖို့ တရားဝင် မှတ်ပုံတင်ရေး ငြင်းဆန် ခဲ့တာကြောင့်ဆိုပြီး နေပြည်တော်မှာ ရုံးထိုင်တဲ့ တရားရုံးချုပ် ကနေ အထူးအယူခံကို ပယ်ချခဲ့ပါတယ်။ အဲဒီလို ပယ်ချတာဟာ လူ့အခွင့်အရေး ကြေညာ စာတမ်းပါ အချက် အတော်များများကို ဖောက်ဖျက်ကျူးလွန်တာ ဖြစ်တယ်ဆိုပြီး NLD က လူ့အခွင့်အရေး ကောင်စီကို တင်ပြ တိုင်ကြားဖို့ ပြင်ဆင် နေတာပါ။

“အဓိက ရည်ရွယ်ချက်ကတော့ ကျနော်တို့ တိုင်းပြည်မှာ Rule of Law တရားဥပဒေ စိုးမိုးမှု မရှိဘူး၊ ဒီအမှုမှာ ပေါ်လွင် နေတယ် ဆိုတဲ့ဟာကို အဓိကပါ။”

NLD ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

အထူးအယူခံကို ပယ်ချခံရပြီးတဲ့နောက် မြန်မာနိုင်ငံ တရားရေးစနစ်မှာ ဥပဒေ လမ်းကြောင်းအရ နောက်ထပ် လုပ်စရာ ဘာမှ မရှိတော့ဘူး၊ လမ်းကုန်သွားပြီ ဆိုပြီး NLD ဘက်က အရင်က ပြောထား ဖူးပါတယ်။ ဒါကြောင့် လူ့အခွင့်အရေး ကောင်စီကို တင်ပြတာမှာ သူတို့ဘက်ကနေ ခိုင်ခိုင်မာမာ တင်ပြနိုင်မယ်ဆိုရင် လူ့အခွင့်အရေး ကောင်စီကနေ သူတို့ဘက်ကို အလေးသာ ဆုံးဖြတ်ပေးမယ်လို့ NLD က မျှော်လင့် ထားပါတယ်။

အခု NLD ဘက်က ထောက်ပြတဲ့ အချက်ထဲမှာ အဓိကဖြစ်တဲ့ Rule of Law တရားဥပဒေ စိုးမိုးမှုဟာ မြန်မာနိုင်ငံမှာ ပျက်စီးနေခဲ့တာ အတော် ကြာပြီလို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ပညာရှင်တွေက မကြာခဏ ထောက်ပြ ပြောဆို ခဲ့ကြပါတယ်။ အခုအချိန်မှာ သမ္မတလည်းရွေးပြီး လွှတ်တော် အစည်းအဝေး တွေလည်း ကျင်းပနေ၊ အုပ်ချုပ်ရေး ပုံစံတခုကလည်း မကြာခင်မှာ ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီ အခြေအနေတွေက တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်လာမယ့်ဆီ ရှေးရှု သွားလိမ့်မယ်လို့ ဦးဉာဏ်ဝင်းကတော့ မျှော်လင့် မထားပါဘူး။

“လက်ရှိ အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီး ပြောရရင် ကျနော်တော့ အကောင်းမမြင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခု အစိုး ရဖွဲ့တာတို့၊ သမ္မတ ရွေးတာတို့ အားလုံးက ဘာမှ အပြောင်းအလဲ မမြင်ဘူး။ ဘာဖြစ်လို့ အပြောင်းအလဲ မမြင်လဲ ဆိုတော့ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော် ဆိုတာကြီးကို ဆောင်ရွက်ပြီးကာမှ နအဖဆိုတာ ရှိနေတယ်ဗျ၊ ဥပဒေအရ။ အဲဒါကိုက ဘာမှ အပြောင်းအလဲ မရှိဘူးလို့ ကျနော် အဲဒီလိုပဲ ပြောချင်တယ်။”

တရားဥပဒေစိုးမိုးမှု ရှိတယ်ဆိုတာက တရားဥပဒေ အထက်မှာ ဘယ်သူမှ မရှိတာ၊ ဥပဒေရှေ့မှောက်မှာ နိုင်ငံသူ နိုင်ငံသား အားလုံး တန်းတူညီမျှ ရှိတာ၊ နိုင်ငံသူ နိုင်ငံသားတွေကို အာဏာပိုင်တွေက တရားလက်လွတ် မတရားပြုမူ လုပ်ဆောင်တာ မျိုးတွေကနေ အကာအကွယ် ပေးတာ စသည်အားဖြင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီ တည်ဆောက်ရေးမှာ တရားဥပဒေ စိုးမိုးမှု ရှိဖို့ရာဟာ အရေးအကြီးဆုံး ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ထောက်ပြပါတယ်။

“အဓိက အကျဆုံးပဲ။ တိုင်းပြည် Rule of Law မရှိဘဲနဲ့ လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီတို့ ဆိုတာ မရှိနိုင်ဘူး။ လူ့အခွင့်အရေး၊ ဒီမိုကရေစီက Rule of Law နဲ့ တတွဲတည်းပဲ ကျနော်တို့ ရှုမြင်ပါတယ်။”

NLD ပါတီဟာ နိုင်ငံရေးပါတီအဖြစ် တရားဝင် ရပ်တည်ခွင့်အတွက် တရားဥပဒေကြောင်းအရ ကြိုးစား နိုင်တဲ့ အခွင့်အလမ်းတွေ ကုန်သွားပြီ ဖြစ်ပြီး လက်ရှိမှာ တရားဝင် နိုင်ငံရေး ပါတီတခု မဟုတ်တော့ပေမဲ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်အရပ်မှာ ဆိုင်းဘုတ်တင် အလံ ထောင်ထားတဲ့ ပါတီရုံးချုပ် ဆက်ရှိနေသေးသလို လှုပ်ရှားမှုတွေကလည်း ရှိနေဆဲပါ။ အခုချိန်ထိတော့ NLD ပါတီရဲ့ လှုပ်ရှားမှုတွေကို မြန်မာ အာဏာပိုင်တွေဘက်က သိသိသာသာ ဟန့်တားတာမျိုး မရှိသေးပါဘူး။

Ref;VOA

Read More...

စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်လုပ်ဖို့ NLD လိုလား


တနင်္လာ, 07 ဖေဖော်ဝါရီ 2011

အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေဟာ ပြည်သူ အများထက်ကို စစ်အစိုးရအပေါ် ထိရောက်စေတဲ့အတွက် ဒဏ်ခတ်မှုတွေ ဆက်ပြီး ရှိနေသင့် တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။

ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ ပြည်သူအများစုထက် စစ်အစိုးရနဲ့ သူနဲ့နီးစပ်တဲ့ စီးပွားရေး သမားတွေကိုပဲ ထိခိုက်စေတယ်လို့ NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးရဲ့ အပြောကို ရိုက်တာ သတင်းထဲမှာ ကိုးကား ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေရဲ့ သက်ရောက်မှုနဲ့ ပတ်သက်လို့ NLD ရဲ့ လေ့လာတွေ့ရှိမှုတွေ၊ စီးပွားရေး ပညာရှင်တွေရဲ့ အကြံပေး ဆွေးနွေးမှုတွေအပေါ် အခြေခံပြီး NLD က အစီရင်ခံစာ တစောင်ကိုလည်း ဒီသီတင်းပတ်ထဲမှာ ထုတ်ပြန်ဖို့ ရှိနေ တယ်လို့ ဆိုပါတယ်။

နေအိမ်အကျယ်ချုပ်ကနေ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလမှာ ပြန်လွတ်လာစဉ်က ပြည်သူ အများရဲ့ သဘောထားတွေကို နားထောင်ပြီး အရေးယူ ဒဏ်ခတ်မှုတွေကို ဖယ်ရှား သင့်၊ မသင့် ဆိုတာကို NLD က ဆုံးဖြတ်မယ်လို့ ပြောခဲ့တာပါ။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေက မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်မလာစေဘဲ တရုတ်တို့ အိန္ဒိယတို့လို အိမ်နီးချင်း နိုင်ငံတွေနဲ့ စီးပွားရေးအရ ရင်းနှီးမှုတွေ ပိုရစေတယ်လို့ မြန်မာ့အရေး လေ့လာနေသူ တချို့က ပြောနေကြသလို အာဆီယံနိုင်ငံတွေ အပါအဝင် မြန်မာ့အိမ်နီးချင်း နိုင်ငံတချို့က အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဖယ်ရှား သင့်ပြီလို့ ပြောနေပါတယ်။

ဒါပေမဲ့ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေကတော့ ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှားဖို့ အခု အချိန်ဟာ စောနေသေးတယ်လို့ ပြောကြပါတယ်။

အစိုးရသစ်ဆီကနေ ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့ကို စောင့်ကြည့် နေတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ ပြောခဲ့တာ ဖြစ်ပါတယ်။

Ref;VOA

Read More...

အင်အားကြီးနိုင်ငံများနဲ့ မြန်မာ့အရေး

Monday, February 7, 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များရဲ့ အဆိုအရ နောင် အနာဂတ်မှာ အစိုးရသစ်နဲ့ NLD အကြား ဆွေးနွေး ညှိနှိုင်းဖို့၊ ဒိုင်ယာလော့ဂ်တွေ လုပ်ဖို့ ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ NLD ပါတီကို တရားဝင် ရပ်တည်ခွင့်ရရေး ဆက်ကြိုးပမ်း လိုတယ်လို့ သိရပါတယ်။

ရန်ကုန်နဲ့ ဘန်ကောက် သံတမန်တွေက NLD ခေါင်းဆောင်တွေကို အရင် ကတည်းက ပုံမှန် လာရောက် တွေ့ဆုံတာ မျိုးတွေ ရှိပေမယ့် NLD က ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ် လိုက်ပြီးတဲ့နောက်မှာ အဲလို လာရောက် တွေ့ဆုံမှုမျိုး နည်းသွား ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီးနောက်ပိုင်းမှာ သံတမန်တွေ ထပ်ပြီး အလာ စိပ်ပြန်ပါတယ်။

အမေးများတာကတော့ ရွေးကေက်ပွဲနဲ့ ပါလီမန်မှာ “လှုပ်ရှားနိုင်တဲ့ ခွင်” (space) ကိစ္စတွေပဲ ဖြစ်ပါသတဲ့။ ဂျာမနီ၊ အမေရိကန် သံရုံးတွေက တလွှတ်တည်း လွှတ်ပြီး လွှတ်တော် ကိစ္စတွေပဲ တွင်တွင် ပြောနေ၊ မေးနေလို့ “လွှတ်တော်လိုင်း” သမားတွေလို့ NLD က ခေါင်းဆောင် တဦးက ပြောပါတယ်။ ဗြိတိန်ကတော့ ဒီလောက် မဟုတ်ပါဘူးတဲ့။

NLD အဖွဲ့ဝင်များနဲ့ ထောင်ထဲရောက်နေတဲ့ ကျောင်းသားခေါင်းဆောင် တွေကတော့ နောက်ထပ် လာမယ့် အမေရိကန် သံရုံး ကိုယ်စားလှယ်ကို သတိထား ရွေးချယ် သင့်တယ်လို့ ပြောနေကြပါတယ်။ (လက်ရှိ ကိုယ်စားလှယ် လာရီ ဒင်းဂါးက မကြာမီ တာဝန် ပြီးဆုံးတော့မှာမို့ပါ။) နှစ်အတော်ကြာ ကတည်းက အမေရိကန်ဟာ ဓားထက်တဲ့ သံတမန်မျိုး မြန်မာပြည်ကို မပို့တာ ကြာပြီလို့ ပြောရပါမယ်။

NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကတော့ NLD ကနေ ဒေါ်အောင်ဆန်းစုကြည် ခွာလို့ မဖြစ်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ပါတီနဲ့ အတူရှိနေဖို့က အရေးကြီးလို့ပဲလို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ခွာပြဲ စေချင်သူတွေ၊ သီးခြား ဖြစ်စေချင်သူတွေ ရှိနေတယ်၊ ဒါဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ဦးဝင်းတင်က ပြောပါတယ်။

တရုတ်နဲ့ အမေရိကန်ဟာ အရေးပါတဲ့ ကဏ္ဍက ရှိနေတယ်၊ တရုတ်နဲ့ အမေရိကန် မြန်မာပြည် အကြောင်း ဆွေးနွေးတယ် ကြားရင် ဝမ်းသာပါတယ်၊ ဒါပေမယ့် သူ့အနေနဲ့ သံသယတော့ ရှိနေဆဲပဲလို့ ဦးဝင်းတင်က ဆိုပါတယ်။

“ကျနော်တို့ ကံကြမ္မာက ကျနော်တို့ လက်ထဲမှာပါပဲ။ ကျနော်တို့ကို သူများအဆုံးဖြတ်ခံဖြစ်အောင် ဘယ်သူ့ကိုမှ ထိုးပေးမှာ မဟုတ်ပါဘူး” လို့ ဦးဝင်းတင်က ပြောပါတယ်။

Ref: ဧရာဝတ်ီဘလော့

Read More...

အစိုးရသစ်ကနေ အမျိုးသား ရင်ကြားစေ့ရေး ဘယ်လောက် မျှော်လင့် နိုင်မလဲ

ဦးသားညွန့်ဦး ။
တနင်္ဂနွေ, 06 ဖေဖော်ဝါရီ 2011 ။

ပြီးခဲ့တဲ့ အပတ်အတွင်းမှာ လွှတ်တော် အသီးသီးရဲ့ ဥက္ကဋ္ဌတွေကို ရွေးချယ် လိုက်ပြီ ဖြစ်သလို နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတတွေကို ရွေးချယ် ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့ နိုင်ငံရေးမှာ အဓိက ရင်ဆိုင်နေရတဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ပြဿနာကိုတော့ အစိုးရသစ်၊ လွှတ်တော်သစ် ကနေ ကိုင်တွယ် ဖြေရှင်းနိုင်မယ့် လက္ခဏာ မရှိသေးဘူးလို့ မြန်မာ့နိုင်ငံရေး လှုပ်ရှားသူတွေက ယူဆကြပါတယ်။ ဒါပေမဲ့လည်း လက်ရှိ လွှတ်တော်သစ် ကနေ အမျိုးသား ညီညွတ်ရေးအတွက် အစပြုနိုင်တဲ့ လမ်းစတွေ ပေါ်နိုင်တယ်လို့ မျှော်လင့် သူတွေလည်း ရှိပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

လွှတ်တော်ကနေ ရွေးချယ်လိုက်တဲ့ နိုင်ငံတော် သမ္မတ ဦးဆောင်ပြီး မကြာခင်မှာတော့ အစိုးရသစ် တရပ် ဖွဲ့စည်း ရတော့မှာပါ။ ဒါပေမဲ့လည်း နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စစ်တပ်အပေါ် အာဏာ ချုပ်ကိုင် ထားဦးမယ်လို့လည်း အများက ယူဆနေတုန်းပါ။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်က မလုပ်ခဲ့တဲ့ အမျိုးသား ရင်ကြား စေ့ရေးကို နောက်တက် လာမယ့် အစိုးရကလည်း လုပ်မယ့်ပုံ မရှိဘူးလို့ ဥရောပ မြန်မာရုံး ဒါရိုက်တာ ဦးဟန်ညောင်ဝေက ယူဆပါတယ်။ နယ်စပ်ဒေသ တိုင်းရင်းသားတွေနဲ့ တင်းမာနေတဲ့ အခြေအနေဟာလည်း လက်ရှိ ဖွဲ့စည်းပုံ အရ ဆိုရင် အစိုးရ သစ်ရော လွှတ်တော်သစ်ပါ ကိုင်တွယ် ဖြေရှင်းနိုင်မယ့် အခြေအနေ မရှိဘဲ စစ်တပ်နဲ့ပဲ သက်ဆိုင်တဲ့သဘော ဖြစ်နေတယ်လို့ သူက သုံးသပ်ပါတယ်။

“ကျနော်ထင်တာ ဒီအစိုးရသစ် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အခြေခံ ဥပဒေအရ ဆိုရင် တိုင်းရင်းသား တွေနဲ့ ဖြစ်နေတဲ့ ကိစ္စက တပ်မတော်နဲ့ ဆိုင်တယ်၊ လုံခြုံရေးနဲ့ ဆိုင်တယ် ဆိုတော့ ပြည်ထောင်စု လွှတ်တော်ထဲမှာ ဆွေးနွေးမယ် ဆိုရင်တော့ ဆွေးနွေး နိုင်ပါတယ်၊ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုရင် တိုင်းရင်းသားတွေ တန်းတူ လိုလားတဲ့ အချက်တွေ၊ ဒီဟာတွေက အခြေခံ ဥပဒေနဲ့ ဆိုင်တာပါပဲ။”

ဒါပေမဲ့လည်း လွှတ်တော်သစ်ကနေ အမျိုးသား ရင်ကြားစေ့ရေး အတွက် အစပျိုး နိုင်တဲ့ အခွင့် အလမ်းတွေ ရှိတယ်လို့ ဦးဟန်ညောင်ဝေက ယူဆပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးနိုင်ဖို့ လွှတ်တော်က အစပြု ကြိုးပမ်း နိုင်တယ်လို့ သူက မြင်ပါတယ်။

“ထောင်ထဲမှာ ရောက်နေတဲ့ ခေါင်းဆောင်တွေ အများကြီး ရှိပါတယ်။ အဲဒီ ထောင်ထဲမှာ ရှိနေတဲ့ ခေါင်းဆောင် တွေကို လွှတ်တော်က နေပြီး လွတ်ငြိမ်း ချမ်းသာခွင့်လား၊ ဘာလား အဲဒါတွေ လုပ်ပေးတယ် ဆိုရင် ဒီနေရာမှာ ပြန်လည် သင့်မြတ်ရေး အတွက် အများကြီး အကျိုး ဖြစ်နိုင်တယ်လို့ မြင်ပါတယ်။”

လွှတ်တော်ထဲ ၀င်ခဲ့ကြတဲ့ ဒီမိုကရေစီ အတိုက်အခံနဲ့ တိုင်းရင်းသား အချို့ကလည်း အခြား နိုင်ငံရေး ကိစ္စတွေထက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ ပြည်ပရောက်တွေ ပြန်လာခွင့် ပေးဖို့ ဆိုတဲ့ ဥပဒေကြမ်း တခု တင်မယ်လို့ ပြောကြ ဆိုကြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ ကြံ့ခိုင်ရေးပါတီ မဲအားကောင်းတဲ့ လွှတ်တော်ထဲမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ၊ တပ် ကိုယ်စားလှယ်တွေရဲ့ မဲမပါဘဲနဲ့တော့ ဒီဥပဒေကြမ်းဟာလည်း အကောင်အထည် ပေါ်လာမှာ မဟုတ်ပါဘူး။

နိုင်ငံရေး အကျဉ်းသားလွှတ်ဖို့ မပြောနဲ့၊ မကြာသေးခင်ကပဲ တချို့ နိုင်ငံရေး အကျဉ်းသားတွေကို ရပ်ဝေး နယ်ထောင် ပြောင်းတာတွေတောင် ရှိခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“ပုံမှန်အားဖြင့်ဆိုရင်တော့ အစိုးရသစ်တရပ် ဖွဲ့လာပြီးပြီဆိုရင် ပြည်သူ လူထုရဲ့ ထောက်ခံမှုကို လိုချင်လို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံတကာရဲ့ ထောက်ခံမှုကို လိုချင်လို့ပဲဖြစ်ဖြစ် လွတ်ငြိမ်းချမ်းသာခွင့် တွေတော့ ပေးလေ့ရှိတယ်။ ဒါပေမဲ့ အဲဒီလို ပေးတဲ့ အခါမှာလည်း အများစုကတော့ ရိုးရိုး သာမန် အကျဉ်းသားတွေကို လွှတ်ပေးတာ များပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေက အရေအတွက် တချို့တော့ ပါနိုင်တယ်။ ဒါပေမဲ့ အကုန်လုံး လွတ်လာနိုင်မယ့် အနေအထားမျိုးကိုတော့ ကျနော်တို့ မမြင်ပါဘူး။”

အခုက အစိုးရသစ် အပြောင်းအလဲလည်း ဖြစ်မယ်ဆိုတော့ အရင်ကလို နိုင်ငံရေး အကျဉ်းသား အရေ အတွက်တွေ တစုံတရာ ကျသွားမယ်၊ အဖမ်းအဆီးတွေ နည်းသွားမယ် လို့ရော ယူဆဖွယ် ရှိလားခင်ဗျ။

“အဲဒီလိုမျိုးတော့ ယူဆဖွယ် မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရသစ် ဖွဲ့လာပြီးရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို သူတို့ ဘယ်လို သဘောထားမလဲ၊ ဒီအတိုင်းပဲ ဆက်ပြီး လွှတ်ပေး ထားမှာလား၊ ဒါမှမဟုတ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မတရားသင်း အဖြစ်နဲ့ ကြေညာပြီးတော့ ဒီလူတွေက ဆိုင်းဘုတ် ဖြုတ်မပေးဘူး၊ ဆက်ပြီး လှုပ်ရှားမှုတွေ ရှိနေဦးမယ်ဆိုရင် ဖမ်းတာ ဆီးတာတွေ ဖြစ်လာနိုင်တယ်။ အလားတူပဲ တိုင်းရင်းသား ပါတီတွေကိုလည်း လုပ်လာ နိုင်တာတွေ ရှိတယ်။

“အခု နယ်စပ်ဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့်လည်း အဖမ်းအဆီး တွေက နယ်စပ် ဒေသမှာ ဆိုရင် တောက်လျှောက် ဖြစ်နေတာ ရှိပါတယ်။ ဒါကြောင့် ဒီအဖမ်းအဆီးတွေက လျော့သွားမယ့် အနေအထား မျိုးကိုတော့ ကျနော်တို့ သိပ်မတွေ့ရ သေးပါဘူး။”

ဦးဟန်ညောင်ဝေကတော့ အခုရှိလာတဲ့ လွှတ်တော်သစ် အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်နိုင်ဖို့ မျှော်လင့်ချက် မရှိပေမဲ့လို့ ပြည်နယ် အဆင့် လွှတ်တော်တွေမှာ တိုင်းရင်းသားတွေနဲ့ လက်ရှိ အာဏာပိုင် အကြား ကနဦးအဆင့်အားဖြင့် အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်တဲ့ လုပ်ပိုင်ခွင့်တွေတော့ ရှိထားတယ်လို့ ပြောပါတယ်။

“နိုင်ငံရေးအရကြည့်မယ် ဆိုရင်တော့ အများကြီး လုပ်လို့မရဘူး။ ဒါပေမဲ့ အဲဒီ ပြည်နယ် လွှတ်တော်တွေက သူ့လူမျိုးရဲ့ အခွင့် အရေးပေါ့၊ စာပေဖြစ်ဖြစ်၊ စကားဖြစ်ဖြစ်၊ ဘာသာဖြစ်ဖြစ် အဲဒါတွေ လုပ်နိုင်တယ်ဆိုရင် ညီညွတ်ရေးအတွက်၊ ပြန်လည် သင့်မြတ်ရေး အတွက် အများကြီး အကျိုးဆောင် သွားနိုင်ပါတယ်။”

မနေ့က မြန်မာအစိုးရထုတ် သတင်းစာတွေထဲမှာတော့ အခုလွှတ်တော် တွေဟာ ပြီးခဲ့တဲ့ လမ်းပြ မြေပုံကို လက်မခံတဲ့ လူနည်းစုလေးက လွဲလို့ တနိုင်ငံလုံး အတိုင်းအတာ ပြည်ထောင်စု အားလုံး၊ ပြည်သူ အားလုံးကို ကိုယ်စားပြုတဲ့ လွှတ်တော်တွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ အတိုက်အခံတွေ တွေးသလို အမျိုးသား ရင်ကြားစေ့ရေးဟာ လက်တလော အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာလို့ မြန်မာ အာဏာပိုင်တွေ ဘက်ကတော့ ယူဆပုံ မရပါဘူး။ ဒါကြောင့်ထင်ပါတယ်၊ နိုင်ငံရေး လှုပ်ရှားသူတွေကတော့ လာမယ့် အစိုးရသစ်၊ လွှတ်တော်သစ် ကနေ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတာကို အလေးပေး ကိုင်တွယ်မယ့် လက္ခဏာ အခုအချိန် အထိ ရေးရေးတောင် မမြင်ရသေးဘူးလို့ ယူဆ ကြပါတယ်။

Ref: VOA News

Read More...

PDC Monthly News Commentary - February 2011

PDC Monthly News Commentary - February 2011

Read More...

လွှတ်တော်ထဲ အပြန်အလှန် မေးခွန်းထုတ်ဖို့ ကိုယ်စားလှယ်တွေ ပြင်ဆင်





မသိင်္ဂီထိုက်


မြန်မာနိုင်ငံမှာ ဇန်န၀ါရီလ ၃၁ ရက်နေ့က စတင်ကျင်းပနေတဲ့ လွှတ်တော်ထဲမှာ အစိုးရသစ် အတွင်း မူဝါဒ ချမှတ် လုပ်ဆောင်မှုတွေကို ဝေဖန် ဆွေးနွေးဖို့အတွက် လွှတ်တော်အမတ်တွေ ပြင်ဆင်နေကြပါတယ်။ လွှတ်တော်အမတ်တွေက အစိုးရကို မေးမြန်းချင်တာတွေကို လွှတ်တော် သဘာပတိဆီ တင်ပြပြီး သဘာပတိက မေးမြန်းခွင့်ပြုတာတွေကိုပဲ မေးမြန်းကြရမှာ ဖြစ်ပါတယ်။ အဲဒီလို အစိုးရသစ်ရဲ့ မူဝါဒကို ဆွေးနွေးဖို့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က အမတ်တွေ ပြင်ဆင်နေတဲ့ အချိန်မှာ ပြည်နယ်လွှတ်တော်တွေကတော့ အစိုးရသစ် ဖွဲ့အပြီး ပြန်လည်စတင်မယ့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွေကို စောင့်ဆိုင်းနေကြပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဆက်သွယ် မေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

လာမယ့် အင်္ဂါနေ့မှာ ဖွဲ့စည်းမယ့် အစိုးရသစ်အတွင်း မူဝါဒ ချမှတ်လုပ်ဆောင်နေမှုတွေကို လွှတ်တော်အမတ်တွေက ထောက်ပြဝေဖန် ဆွေးနွေးဖို့အတွက် ကြိုတင် ပြင်ဆင်နေ ကြပါတယ်။ မေးခွန်းတွေကို သက်ဆိုင်ရာ လွှတ်တော် သဘာပတိဆီကို ကြိုတင် တင်ပြထား ကြရမှာဖြစ်ပြီး သဘာပတိက ခွင့်ပြုတဲ့ မေးခွန်းတွေကိုပဲ အစိုးရအဖွဲ့က တာဝန်ရှိသူ တွေကို မေးမြန်းခွင့်ရမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က အခုလို ပြောပါတယ်။

“အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကျနော်တို့ကို ဟိုတနေ့က ပြောတယ်၊ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောတာ။ ခင်ဗျားတို့ဘက်က မေးခွန်း မေးစရာတွေရှိရင် အခု ကြိုပြီး ပေးထားနော်တဲ့၊ နောက် ၁၀ ရက်လောက်ဆို အစိုးရအဖွဲ့ ပေါ်တော့မယ်တဲ့၊ အစိုးရအဖွဲ့ ပေါ်တဲ့အခါ ခင်ဗျားတို့ မေးထားတဲ့ မေးခွန်းတွေနဲ့ သက်ဆိုင်တဲ့လူကို ကျနော်တို့ ခေါ်ထားပေးမယ်တဲ့။ အဲတော့ မေးစရာရှိတာ မေးဖို့ ကျနော်တို့ အခု အချက်အလက် စုနေတာပေါ့ဗျာ။”

အခုတော့ လွှတ်တော်အမတ်တွေက အစိုးရအဖွဲ့တွင်း မူဝါဒတွေနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြ ပြင်ဆင်နိုင်ဖို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မေးခွန်းတွေကို လွှတ်တော် သဘာပတိထံကို ၁၀ ရက် ကြိုတင် အကြောင်းကြားဖို့ ညွှန်ကြားထားတာ ဖြစ်သလို ဒါကို သဘာပတိက ပယ်ချခွင့်လည်း ရှိပါတယ်။ ဆွေးနွေးမေးမြန်းခွင့်ရတဲ့ မူဝါဒတွေကို ပြင်ဆင်ခွင့် ရဖို့ကတော့ လွှတ်တော်တွင်း မဲခွဲ ဆုံးဖြတ်ရာမှာ အင်အား မညီမျှမှုကြောင့် လွယ်ကူမှာ မဟုတ်ဘူးလို့လည်း လွှတ်တော်အမတ်တွေက ပြောဆို ကြပါတယ်။ လက်ရှိ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှု အနေအထားကို ဦးဖုန်းမြင့်အောင် ပြောပြတာကတော့…

“မဲခွဲတော့လည်း ကိုယ့်လူက နည်းတော့ ကိုယ့်လူမဲပဲ ရတာပေါ့ဗျာ။ ဒုတိယသမ္မတ ရွေးပွဲမှာတုန်းက၊ တပ်မတော် ကိုယ်စားလှယ် မပါဘူးပေါ့၊ အဲဒီမှာလည်း ကျနော်တို့ ဒီမိုကရက်တစ် အင်အားစုက ၃၀ လောက်ပဲ ရှိတယ်။ သူတို့အဖွဲ့က ၁၄၀ လောက် ရှိသွားတယ်။ အဲဒီတော့ မဲခွဲတော့လည်း ၁၄၀၊ ၂၇ မဲ၊ အဲဒီလောက်ပါပဲ။ သူ့လူက သူ့ရှိသလောက် မဲရတယ်၊ ကိုယ့်လူကလည်း ကိုယ့်လူရှိသလောက်ပဲ မဲရတယ်။ မဲပေးတာနဲ့ ပတ်သက်လို့ကတော့ မဲခွဲတိုင်းတော့ ခံနေရမှာပေါ့ဗျာ။”

အစိုးရ အဖွဲ့သစ်ကိုတော့ လက်ရှိသမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းပြီးနောက် သမ္မတကပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေကို ရွေးချယ် တင်မြှောက်မှာ ဖြစ်ပါတယ်။ ဇန်န၀ါရီလ ၃၁ ရက်နေ့က လွှတ်တော်သဘာပတိ ရွေးချယ်ပြီးနောက် ရပ်နားထားတဲ့ ပြည်နယ် လွှတ်တော်တွေမှာ တိုင်းရင်းသား ပါတီတွေက လွှတ်တော်အမတ်တွေ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်နိုင်တဲ့ အလားအလာပေါ်မှာတော့ ရှမ်းပြည်နယ် လွှတ်တော်အမတ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက အခုလို ပြောပါတယ်။

“ပြောရတော့ ခက်တယ်ဗျ။ အမှန် ကျနော်တို့ မျှော်မှန်းထားတာ တိုင်းရင်းသားထဲက ဒု-သမ္မတ တယောက် ဖြစ်ဖို့ဆိုတာတော့ ကျနော်တို့ မျှော်မှန်းသလိုတော့ ဖြစ်လာတယ် ပေါ့ဗျာ။ ပြည်နယ်မှာ တိုင်းရင်းသား ပါတီတွေထဲက ၀န်ကြီးချုပ် ဖြစ်ဖို့ဆိုတဲ့ဟာတော့ ကျနော်တို့ကတော့ မျှော်တော့ မျှော်လင့်တာပေါ့ဗျာ။ ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာတော့ ပြောလို့မရဘူး။ ၀န်ကြီးချုပ်ကို သမ္မတက အဆိုတင်သွင်း မှာကိုး။ ပြည်နယ်လွှတ်တော်ရဲ့ သဘောတူညီချက် ယူရမှာ။ အဓိကကတော့ သမ္မတပါပဲ။ ကျနော်တို့ပါတီ အနေနဲ့က ရှမ်းပြည်နယ် လွှတ်တော်မှာ ၃၁ ဦးပဲ နိုင်တာကိုး။ ပြည်ခိုင်ဖြိုးက ၅၄ ဦး နိုင်တာကိုး။ ကျနော်တို့က ဒုတိယနေရာပဲ ရတာပေါ့။”

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကနေ လွှတ်တော်သဘာပတိ၊ ဒုတိယသမ္မတနဲ့ သမ္မတ ရာထူးတွေကို လွှတ်တော် ၂ ရပ်ထဲမှာ ကိုယ်စားလှယ်နေရာ ၃၈၈ နေရာ ရထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမတ်တွေနဲ့ စစ်တပ် ကိုယ်စားလှယ်တွေကသာ ရရှိခဲ့တာဖြစ်ပြီး ပြည်နယ် သဘာပတိ ရွေးကောက် တင်မြှောက်မှုတွေမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကပဲ အသာစီး ရရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ပေါ်လာမယ့် အစိုးရရဲ့ မူဝါဒတွေကို ပြင်ဆင်နိုင်ရေးနဲ့ ပြည်ထောင်စုနဲ့ ပြည်နယ် အစိုးရ အဖွဲ့တွေမှာ လူနည်းစု အနိုင်ရ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား ပါတီ တွေရဲ့ အခန်းကဏ္ဍဟာ ကျယ်ကျယ်ပြန့်ပြန့် ရနိုင်မယ့် အခြေအနေ ရှိမရှိ ဆိုတာ ကတော့ မသေချာဘူးလို့လည်း လွှတ်တော်အမတ်တွေက ပြောကြားနေကြပါတယ်။

Ref;VOA

Read More...

ဓာတ်ပုံသတင်းထောက် ဦးမောင်မောင်ဇေယျ ထောင်ဒဏ်၁၃နှစ် ချမှတ်ခံ

မနှစ်က ရန်ကုန်သင်္ကြန် ကန်တော်ကြီး X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုကို ဓာတ်ပုံ ရိုက်ကူးခဲ့တဲ့ အတွက် ထိန်းသိမ်းခံထားရတဲ့ ဦးမောင်မောင်ဇေယျကို အင်းစိန် ထောင် အထူးတရားရုံးက ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့၊ ကန်တော်ကြီးနဘေးရှိ X2O သင်္ကြန်မဏ္ဍပ်တွင် ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့က ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲသဖြင့် ထိခိုက်ဒဏ်ရာရသူများကို လူနာတင်ယာဉ်ပေါ်သို့ တင်ဆောင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

မနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ဇနီးဖြစ်သူ ဒေါ်ရီရီတင်က အခုလို ပြောပြပါတယ်။

“အားလုံးပေါင်း အမှု လေးမှုစလုံးအတွက် ၁၃ နှစ်ပေါ့။ ၄ ရက်နေ့ သောကြာနေ့က။ ဒီအတိုင်းပဲ လာမယ်ဆိုတာ သိပြီးသားပဲလေ”

နော်ဝေနိုင်ငံ အခြေစိုက် DVB ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက်တွေဖြစ်တဲ့ ဦးမောင်မောင်ဇေယျနဲ့ သားဖြစ်သူ ကိုစည်သူ ဇေယျ တို့ဟာ ၂ဝ၁ဝ ခုနှစ် ဧပြီလအတွင်း ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးစခန်းမှာ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရပါတယ်။ စစ်အစိုးရက ကိုစည်သူဇေယျကို တရားမဝင် နယ်စပ် ဖြတ်ကျော်မှု၊ မတရားအသင်းနဲ့ ဆက်သွယ်မှု စတဲ့ ပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ပါတယ်။

ဖခင်ဖြစ်သူ ဦးမောင်မောင်ဇေယျ ကိုလည်း အီလက်ထရောနစ် ဥပဒေ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ မတရားအသင်းနဲ့ ဆက်သွယ်မှု စတဲ့ ပုဒ်မတွေတပ်ပြီး ထောင် ၁၃ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ခင်ပွန်း ဦးမောင်မောင်ဇေယျနဲ့ သား ကိုစည်သူဇေယျ တို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေအတွက် အယူခံဝင်နိုင်ဖို့ ရှေ့နေတွေနဲ့ တိုင်ပင် ဆောင်ရွက်နေတယ်လို့ ဒေါ်ရီရီတင်က ပြောပါတယ်။

ဦးမောင်မောင်ဇေယျဟာ ကွယ်လွန်သူ နာမည်ကျော် စာရေးဆရာကြီး လင်းယုန် မောင်မောင်ရဲ့သား ဖြစ်ပါတယ်။

Ref;RFA

Read More...

Sunday, February 6, 2011

တောင်ကိုးရီးယား ကျောင်းသားတွေ HIV ဂေဟာ လာရောက်လေ့လာ

2011-02-06

တောင်ကိုးရီးယားနိုင်ငံ Haja အနုပညာ သင်တန်းကျောင်းက ကျောင်းသူကျောင်းသား တွေဟာ NLD မဖြူဖြူသင်း ကူညီဆောင်ရွက်နေတဲ့ HIV ဂေဟာနဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ ဦးစီး ဆောင်ရွက်နေတဲ့ နာရေးကူညီမှု အသင်းတွေကို ဒီကနေ့ သွားရောက် ခဲ့ကြပါတယ်။

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်ရှိ HIV-AIDS ဝေဒနာသည်များ ဂေဟာသို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အလယ်) နိုဝင်ဘာ ၁၇ ရက်က သွားရောက် ကြည့်ရှုစဉ် အားပေးစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

Haja production school at Seoul Youth Factory for Alternative Culture Korea သင်တန်းကျောင်းက အသက် ၁၅ နှစ်နဲ့ ၁၈ နှစ်အကြား ကျောင်းသူ ကျောင်းသား ၁၅ ဦးဟာ စာတမ်းပြုစုဖို့အတွက် ကွင်းဆင်း လေ့လာတဲ့အနေနဲ့ မြန်မာပြည်တွင်းက စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေရဲ့ လူမှုရေး လုပ်ဆောင်နေမှုတွေကို လာရောက် လေ့လာရင်း ဒီကနေ့မနက် ၈ နာရီလောက်က တောင်ဒဂုံ HIV ဂေဟာကို ရောက်လာခဲ့တဲ့အကြောင်း မဖြူဖြူသင်းက ပြောပါတယ်။

မြန်မာတွေရဲ့ နယ်စပ်မှာရှိတဲ့ ကလေးတွေရဲ့ ပညာရေးစနစ်တွေ လေ့လာခဲ့တယ်တဲ့။ အခု ပြည်တွင်းရောက်တော့လည်း ပြည်တွင်းမှာရှိနေတဲ့ ကလေးတွေရဲ့ ပညာရေးကိစ္စတွေ၊ HIV ကိစ္စတွေ ဘယ်လိုနေသလဲ ဆိုတာကို သူတို့ သိချင်တဲ့ အတွက် လိုက်လေ့လာကြတယ်

ဒီကနေ့ နေ့လည်ပိုင်းမှာ မြောက်ဒဂုံမြို့နယ်က ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ ဦးစီး ဖွင့်လှစ်ထားတဲ့ နာရေး ကူညီမှုအသင်းကို သွားရောက်ပြီး အသင်းရဲ့ လက်ရှိ ဆောင်ရွက်ချက်တွေကို လေ့လာ မေးမြန်းသွားတယ်လို့လည်း သိရပါတယ်။ ဒီ ကိုးရီးယား ကျောင်းသားအဖွဲ့ဟာ ထိုင်း-မြန်မာ နယ်စပ်က လူမှုရေး အသင်းအဖွဲ့တွေဆီကို လည်း သွားရောက် လေ့လာခဲ့ကြောင်း သိရပါတယ်။

ကိုးရီးယားကျောင်းသားတွေရဲ့ လေ့လာရေးခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါ်ခင်ခင်အိရဲ့စုစည်း တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

Ref;RFA

Read More...

ပိတ်ဆို့မှု ဆက်လက်ထားဖို့ NLD ထောက်ခံမယ်

2011-02-06

စစ်အစိုးရအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိသင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မနက်ဖြန် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ထုတ်ပြန်မယ့် ကြေညာချက် မှာ ပါရှိမယ်လို့ သိရှိရပါတယ်။

၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေး ညီလာခံတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သည့် သဝဏ်လွှာမိန့်ခွန်း အသံသွင်းတိတ်ခွေကို ဖွင့်ပြခဲ့ပါသည်။ (Photo: AFP)

ဖေဖော်ဝါရီလ ၄ ရက်နေ့ RFA က ထုတ်လွှင့်ခဲ့တဲ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်’ အစီအစဉ်မှာ “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုအပေါ် သဘောထား ကို ဒီရက်ပိုင်းအတွင်း တရားဝင် ကြေညာပါမယ်။ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေးကို နိုင်ငံရေးနည်းဗျူဟာ တခုအနေနဲ့ သုံးနေတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့တွေ ရှိသလို တိုင်းပြည်ရဲ့ စီးပွားရေးကို တကယ်ပဲ ထိခိုက်တယ်ထင်လို့ ရုပ်သိမ်းပေးစေချင်တဲ့ သူတွေလည်း ရှိပါတယ်။ ဒါတွေ မှန်မမှန် သေချာသုံးသပ်ပြီး ဘယ်လို ဆက်လုပ်သင့် သလဲဆိုတာ အဖြေတခု ရှာရမှာပါ” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက် ပါရှိပြီး နောက် အခုလို သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီကြေညာချက်နဲ့ပတ်သက်ပြီး NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ RFA ဆက်သွယ် မေးမြန်း ချက်ကို နားဆင်နိုင်ပါတယ်။

Ref;RFA

Read More...

ကရင့်နေ့ထူးနေ့မြတ် ၃ခု စုပေါင်း အခမ်းအနား ဆစ်ဒနီတွင် ကျင်းပ ပြီးစီး

ဖေဖော်ဝါရီ ၆ရက်။ စောကျော်ခွီး (ကေအိုင်စီ)

သြစတြေးလျားရောက် ကရင်တိုင်းရင်းသားများက ကရင့် အမျိုးသား တော်လှန်ရေးနေ့၊ ကေအဲန်ယူနေ့နှင့် ကရင် အမျိုးသားနေ့ တို့အတွက် စုပေါင်းနေ့ထူးနေ့မြတ် အခမ်းအနားကို သြစတြေးလျားနိုင်ငံ၊ နယူးဆော့သ်ဝေး ပြည်နယ် ဆစ်ဒနီမြို့တွင် ယမန်နေ့ ည ၇နာရီမှ ည ၁၀နာရီ အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအခမ်းအနားကို Australian Karen Organization (AKO) မှ ဆစ်ဒနီမြို့၊ Granville Town Hall တွင် ကျင်းပပြုလုပ်ခဲ့ ရာ ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားကြသူများ၊ ဘားမားကဲန်ပိန်းကိုယ်စားလှယ်၊ ရှစ်လေးလုံးကျောင်းသားများ၊ ပြည်ပရောက် ကရင်ပြည်သူများ စုစုပေါင်း လူဦးရေ ၁၅၀ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။


AKO ကရင်လူငယ်ရေးရာ တာဝန်ခံတစ်ဦးဖြစ်သူ နော်နိဘလူမူးက “ဒီနေ့ထူး(၃)ရပ် ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းတွေကို မျိုး ဆက်သစ်တွေ နက်နက်နဲနဲ ပိုသိကြပြီး နိုးနိုးကြားကြားရှိ နေကြဖို့၊ ကရင်တွေရဲ့ တောင်းဆိုချက်နဲ့ တော်လှန်ရေးမူလေးရပ်ကို သိမြင်ကြပြီး တတိယနိုင်ငံရောက် ကရင်ပြည်သူတွေ အတိတ်က ဆိုးကျိုးတွေကိုမမေ့ကြဘဲ အမြဲတမ်း အမှတ်ရနေစေဖို့နဲ့ အခု ချိန်ထိ စစ်ဘေးစစ်ဒဏ် ဒုက္ခအမျိုးမျိုး ကြုံတွေ့ နေရဆဲဖြစ်တဲ့ ကိုယ့်လူမျိုးတွေကို ဝိုင်းဝန်းကူညီ ဖြေရှင်းနိုင်ကြစေဖို့ ရည်ရွယ် ကျင်းပ ရတာပါ။”ဟု ပြောသည်။

အခမ်းအနားတွင် ကရင့်တော်လှန်ရေးဖြစ်ပေါ်လာပုံနှင့် KCO, KYO, KNU, KNDO ဖွဲ့စည်းလာပုံများကို နော်ဒီးနာကလည်း ကောင်း၊ ကေအဲန်ယူနေ့ဖြစ်ပေါ်လာပုံကို အေကေအို လူငယ်တဦးဖြစ်သူ နော်ထူးရာဖောနှင့် AKO နယူးဆော့သ်ဝေးပြည်နယ် ဥက္ကဌ မန်းအော်လန်းဒိုက ကရင်လူမျိုးတို့၏ နိုင်ငံရေးကြွေးကြော်သံ ၄ရပ်အကြောင်းကို အဖွင့် မိန့်ခွန်းတွင် အသီးသီး ပြော ကြားသွားခဲ့သည်။

မန်းအော်လန်းဒိုက “၁၉၄၈ ခုနှစ် ဇန်နဝါရီလမှာ ကုလသမဂ္ဂ ကနေလူ့အခွင့်ရေး ကြေညာစာတမ်း ထုတ်ပြန် ကြေညာခဲ့ တယ်။ ကရင့်ကြွေးကြော်သံကြီးကိုလည်း ၁၉၄၈၊ ဖေဖော်ဝါရီ (၁၁)ရက်မှာ ထုတ်ဖော်ခဲ့တယ်။ ကရင့်နိုင်ငံရေး နဲ့ လမ်းစဉ်ဟာ လူ့အခွင့် အရေး ကြေညာစာတမ်းနဲ့ ကိုက်ညီမှု ရှိတဲ့အတွက် ကရင့်တော်လှန်ရေးဟာ တရားသော တော်လှန်ရေး ဖြစ်ပါတယ်။ စောဘဦး ကြီး မူ လေးချက် ဟာလည်း ယနေ့ထိ ခေတ်မှီသစ်လွင်နေဆဲ ဖြစ်ပါတယ်။”ဟု ပြောကြား သွား ခဲ့သည်။

အခမ်းအနားတွင် လူငယ်များက တော်လှန်ရေးသီချင်းများ၊ စစ်ဘေးစစ်ဒဏ် ခံရသူများ အတွက် ခံစားချက် သီချင်းများ၊၊ ညီ ညွှတ်ရေးသီချင်းများ သီဆိုဖျော်ဖြေ ခဲ့ကြသလို နယ်စပ်မှ ဌာနေမဲ့ ပြည်တွင်း ကရင်ဒုက္ခသည် များအတွက် ရန်ပုံငွေ ရှာသည့် ဈေးရောင်းပွဲတော် ကိုလည်း ပြုလုပ်ခဲ့ကြသည်။

သြစတြေးလျားနိုင်ငံ၊ ကေအဲန်ယူ ကိုယ်စားလှယ် မန်းချစ်စိန်ကလည်း “ကရင်တွေဟာ နိုင်ငံရေးကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့တာပါပဲ။ ဖဆပလ အစိုးရက ရွေးချယ်ခွင့် မပေးတဲ့ အနေအထား၊ အခြေအနေ ကို ကရင်တွေဟာ ရင်ဆိုင် ခဲ့ရတယ်။ ကရင်တွေဟာ ပြည်တွင်းစစ် တရားခံ မဟုတ်ဘူး။ တတိယနိုင်ငံရောက်လာ တဲ့ ကရင်ပြည်သူ တွေကလည်း ဆက်လက် ၀ိုင်းဝန်း အားဖြည့်ပေးကြပါ။”ဟု တိုက်တွန်း ပြောဆိုခဲ့သည်။

အခမ်းအနား တက်ရောက်ခဲ့သူ စောအောင်အောင်က “ကရင်တွေပြည်ပကို ပြန့်သွား ကြပေမယ့် အခုလို ကရင့်နေ့ထူးနေ့မြတ် တွေကို အရှိန်အဟုန်မပျက် ကျင်းပပေးခြင်း အားဖြင့် ကျနော်တို့ကို တော်လှန်ရေးသတိတရားတွေ ပြန်အမှတ်ရနေစေပြီး နောင်လာမဲ့ မျိုးဆက်လေးတွေအတွက်လည်း တော်လှန်ပန်းတွေ ပျိုးချလိုက်သလို ဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

သြစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့တွင် ၂၀၀၅ခုနှစ်ကတည်းက ဆစ်ဒနီမြို့ရောက် ကရင်များ ၏ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက် အပေါ် မူတည်၍ ကရင့်နေ့ထူးနေ့မြတ်(၃)ခု စုပေါင်း အခမ်းအနားကို နှစ်စဉ် ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၆)ကြိမ်မြောက်ရှိပြီးဖြစ် သည်။

၂၀၀၅ခုနှစ်က ပြုလုပ်ခဲ့သည့် ကရင်အမျိုးသားစည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲ ဆုံးဖြတ်ချက်အရ ပြည်ပရောက် ကရင်လူ မျိုးများအနေဖြင့် ဇန်န၀ါရီလ၃၁ရက် (ကရင်အမျိုးသားတော်လှန်ရေးနေ့)၊ ဖေဖော်ဝါရီလ ၅ရက်(ကေအဲန်ယူနေ့)နှင့် ဖေဖော်ဝါ ရီလ ၁၁ရက်(ကရင့်အမျိုးသားနေ့)များကို စုပေါင်းကျင်းပလာရခြင်းဖြစ်သည်ဟု သိရသည်။


Ref;ကေအိုင်စီ

Read More...

အဆောက်အအုံ ၃၀ခန့်ကို နအဖ မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီလ ၅ရက်။
စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဘူးသိုမြို့နယ် ဘွားဒဲကျေးရွာအုပ်စု သူးမွဲထာ့ရှိ ကျို့လို့နေရာ၌ ဆေးခန်း အပါအ၀င် ဈေးဆိုင်၊ တဲ အိမ် စုစုပေါင်း ၃၀ခန့်ကို နအဖ တပ်မ(၁၁) လက်အောက်ခံ တပ်ရင်းနှစ်ရင်းက ဇန်န၀ါရီလ ၃ရက်နေ့၊ ညနေ ၃နာရီတွင် သွား ရောက်မီးရှို့ဖျက်ဆီးလိုက်သည်ဟု သိရသည်။

အဆိုပါ နအဖ လှုပ်ရှားတပ်ဖွဲ့များသည် ၂၀၁၁ ခုနှစ်အတွင်း နယ်စပ်တလျှောက်ရှိ နယ်ခြားစောင့်တပ်ထားရှိရန် နယ်မြေရှင်း လင်းသည့်အနေဖြင့် အဆိုပါ အဆောက် အအုံများကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း KNU ဖာပွန်ခရိုင်၊ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ကေအိုင်စီကို ယခုလို ရှင်းပြသည်။

သူက “နအဖတပ်တွေဟာ နယ်ခြားစောင့်တပ်ထားမယ်ဆိုတော့ နယ်စပ်တလျှောက်က နေရာတွေကို လာပြီးဖျက်ဆီးမှာပဲ လေ။ အခုဖြစ်တာက အဲဒီမှာရှိတဲ့ အရပ်သားတွေကော၊ KNU ဗဟိုက သွားဖွင့်ထားတဲ့ ဆေးခန်းက ၀န်ထမ်းတွေကော အကုန် လုံး ကြိုတင် ရှောင်တိမ်းနိုင်ခဲ့ပါတယ်။ အရပ်သားတွေကတော့ သူတို့ မူရင်းဌာနေ ဘွားဒဲကျေးရွာ အုပ်စုထဲက ရွာတွေမှာ ပြန်ပြီး နေတယ်။ တချို့ထိုင်းဘက်ကူးတယ်။”ဟု ပြောသည်။

ကျို့လို့တွင် ဈေးရောင်းနေသည့် ဆိုင်ရှင်တစ်ဦးက “နအဖတွေ အခုလို မီးလာရှို့တာ ကျနော်တို့ အသက်မွေးဝမ်းကျောင်း ထိခိုက်တယ်ဆိုပေမဲ့ ကိုယ့်အသက်ရှင်ဖို့က အရေးကြီး တယ်ဆိုတော့ ကျနော်တို့က ပြေးရတာပဲ။”ဟု ပြောဆိုသည်။

မြန်မာပြည်ဘက်ခြမ်းမှ သူးမွဲထာ့ ကျို့လို့နေရာသည် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်နှင့် သောင်ရင်းမြစ်(သူးမွဲကလိုး) မြစ်ဆုံ ရာတွင် တည်ရှိပြီး ဘွဲဒဲကျေးရွာအုပ်စုမှ ရွာသူရွာသား များက ဆေးဝါး၊ ဆန်၊ ဆီ၊ ဆား၊ ငြုပ်သီး၊ ငါးပိ၊ အချိုရည်၊ အ၀တ်အထည်နှင့် အိမ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့ကို ကျို့လို့ရှိ ဈေးဆိုင်များတွင် လာရောက် ၀ယ်ယူကြသည်။

လူဦးရေ ၁၀၀ခန့်နေထိုင်သည့် ကျို့လို့နေရာသည် ဘူးသိုမြို့နယ် ဘွားဒဲကျေးရွာအုပ်စုရှိ မာမူ၊ မောလောခို့၊ ဂေကေတူ စသည့် ရွာများနှင့် နီးစပ်သလို မြန်မာပြည်တွင်းမှ လာသူခရီးသည်များက ခေတ္တနားခိုပြီး သံလွင်မြစ်ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံသို့ အလွယ်တကူ ဖြတ်ကူးနိုင်ရန် စက်လှေဆိပ်နေရာလည်း ဖြစ်သည်။

ကျို့လို့နေရာရှိ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးလိုက်သည့် နအဖ တပ်မ(၁၁) လက်အောက်ခံ တပ်ရင်း ၂ရင်းနံပါတ်ကို ဒေသခံများက တပ်အပ် မပြောနိုင်သော်လည်း အင်အား(၇၀၀)ခန့်ရှိ တပ်မ(၁၁) လက်အောက်ခံတွင် ခမရ(၂၁၂)၊ (၂၁၄)၊ (၂၁၆)နှင့် (၂၂၀)တပ်ရင်းတို့ ရှိသည်ဟု KNU တပ်မဟာ(၅)က ပြောသည်။


Ref;KIC

Read More...

ဒုတိယ ပင်လုံညီလာခံ ဖြစ်မြောက်ရေး KIO ကြိုးပမ်းမည်

ဒုတိယအကြိမ် ပင်လုံညီလာခံ ပေါ်ပေါက်အောင် ကြိုးစားသွားမယ့် အကြောင်း နှစ် ၅ဝမြောက် ကချင် တော်လှန်ရေးနေ့ အခမ်းအနားမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။


ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ဧပြီ ၁၆ ရက်က ကျင်းပသော နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လူထုအစည်းအဝေးသို့ တက်ရောက်သည့် KIO ၊ KIA ခေါင်းဆောင်များနှင့် ပြည်သူလူထု ဖြစ်ပါသည်။ (Photo: RFA)

KIO အဖွဲ့ရဲ့ နှစ် ၅၀ မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက် ကနေ ၅ ရက်နေ့အထိ အရှေ့ပိုင်းတိုင်း တပ်မဟာ (၃) နယ်မြေ မိုင်ဂျာယန်ဒေသမှာ ကျင်းပနေပါတယ်။ အခမ်းအနားမှာ ဒီကနေ့ မိန့်ခွန်းပြောကြားရာမှာ KIO ဥက္ကဌ ဦးဇောင်းဟရား က တက်ရောက်လာတဲ့ ပြည်သူလူထု သုံးထောင်လောက်ကို ပင်လုံ သဘောတူညီချက်နဲ့ ပတ်သက်ပြီး အဓိကထား ပြောသွားတယ်လို့ အခမ်းအနား တက်ရောက် နေတဲ့ ကချင်အမျိုးသားတဦးက RFA ကို ပြောပါတယ်။

“အဓိကတော့ ပင်လုံ သဘောတူညီချက် အကောင်အထည်ပေါ်တဲ့အထိ ကချင် လူမျိုးတွေ အားလုံး စည်းစည်းလုံးလုံးနဲ့ တစုတစည်းတည်း လုပ်ဆောင်ရအောင် ဆိုပြီးတော့ တိုက်တွန်းတယ်။ တခြား တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့လည်း မဟာမိတ်လုပ်ထားတယ် ဆိုတဲ့အကြောင်း၊ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်မယ့်အကြောင်း၊ ဒုတိယအကြိမ်မြောက် ညီလာခံ ခေါ်ယူနိုင်ဖို့ အခြေအနေအထိ ကြိုးစား လုပ်ဆောင်သွားရအောင် တိုက်တွန်း သွားပါတယ်”

ဒါ့အပြင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုလည်း အင်အားတောင့်တင်းအောင် လုပ်ဆောင်သွားဖို့ လိုတဲ့အကြောင်း KIO ဥက္ကဋ္ဌက ပြောဆိုသွားပါတယ်။ အဲဒီနောက် ဒီနေ့ အခမ်းအနား နောက်ဆုံးနေ့ကို ကချင် မနောအကတွေနဲ့ ကျင်းပပါတယ်။ အခမ်းအနားကို လာရောက်တဲ့ ပြည်သူတွေကို အာဏာပိုင်တွေက လွယ်ကျယ်မြို့ အနီးမှာ စစ်ဆေးမေးမြန်း တယ်လို့ အဲဒီ ကချင်အမျိုးသားကပဲ ဆက်ပြောပါတယ်။

“လဝက ရယ်၊ ရဲရယ် မှတ်ပုံတင်တွေကြည့် နာမည်တွေ ယူတယ်၊ လိပ်စာတွေ ယူတယ်။ လွယ်ကျယ်အထွက် ဆေးရုံကုန်းမှာ စောင့်ပြီးတော့ စစ်တာ။ တချို့က စိုးရိမ်ပြီးတော့ တခြားလမ်းကနေ လာကြတယ်။ တရုတ်ပြည်လမ်းပေါ့။ တပ်မဟာ အလိုက် တပ်မဟာ တစ် နှစ် သုံး လေး၊ တပ်မဟာ ငါး။ တော်တော်များများ လာတယ်။ ပြည်သူတွေက ပိုများ တာပေါ့”

KIO အဖွဲ့ဟာ မြန်မာစစ်အစိုးရနဲ့ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုးခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ် ဧပြီလမှာ KIO ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ စစ်အစိုးရဘက်က တိုက်တွန်းလာတဲ့ အချိန်ကစလို့ နှစ်ဘက်ဆက်ဆံရေး အခြေအနေ တဖြည်းဖြည်း ဆိုးဝါးလာနေပါတယ်။

၁၉၆၁ ခုနှစ် ဝန်ကြီးချုပ်ဦးနု အစိုးရလက်ထက် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြုလုပ် မယ့်အကြောင်း ကြေညာပြီးနောက်ပိုင်း ကချင်အမျိုးသား ဇော်တူး၊ ဇော်ဆိုင်း ဦးဆောင်ပြီး KIO အဖွဲ့ကို ရှမ်းပြည်နယ်မှာ စတင် ဖွဲ့စည်းခဲ့ပါတယ်။

Ref;RFA

Read More...

အတိုက်အခံတွေကို နေရာပေးဖို့ မစ္စတာဘန်ကီမွန်း မေတ္တာရပ်ခံ

2011-02-05

မြန်မာနိုင်ငံမှာ အခု ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်ကနေ ပေါ်ထွက်လာမယ့် အစိုးရ အဖွဲ့သစ်အနေနဲ့ အတိုက်အခံ ပါတီကိုယ်စားလှယ်တွေကို ပိုမို နေရာပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မနေ့က တိုက်တွန်း ပြောကြား လိုက်ပါတယ်။

အာရှနိုင်ငံများသို့ ခရီးလှည့်လည်သော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ပထမဆုံး ဝင်ရောက်သည့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ထိုင်းဝန်ကြီးချုပ် အဘီဆစ်နှင့်အတူ အောက်တိုဘာ ၂၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် မေးခွန်းများကို ဖြေကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

မစ္စတာဘန်ကီမွန်းက အစိုးရသစ်မှာ နိုင်ငံရေးပါတီ အားလုံးကို ကိုယ်စားပြုတဲ့ အရပ်သား များပိုမို ပါဝင်ခွင့်ရပြီး ပြည်သူလူထုရဲ့ လိုလားချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ် ကြောင်း၊ မြန်မာ့နိုင်ငံရေးဟာ မူလ အခြေအနေကနေ တိုးတက်မယ့် အပြောင်းအလဲ အစပျိုးပြီလို့ မှတ်ယူပါကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲအဖြစ် အနောက်နိုင်ငံတွေက ဝေဖန်ခဲ့ပါတယ်။ အခု သမ္မတအဖြစ် အရွေးချယ်ခံရတဲ့ ဦးသိန်းစိန်ဟာ ရွေးကောက်ပွဲမှာ မသမာမှုတွေ ကျူးလွန်ခဲ့တယ်လို့ အဝေဖန်ခံနေရတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ဦးသိန်းစိန်ဟာ စစ်အစိုးရရဲ့ ဗိုလ်ချုပ်ကြီးဟောင်းတဦး ဖြစ်ပြီး မကြာသေးခင်ကမှ အရပ်သားအဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

Ref;RFA

Read More...

အပေါ်သို့