Friday, January 7, 2011

အမေရိကန်ရဲ့ မြန်မာမူဝါဒ ရှေ့မတိုး

ကြာသပတေး, 06 ဇန်နဝါရီ 2011



နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေ အနေတွေ တိုးတက်မှုတွေ မရှိတဲ့ အတွက် ထိတွေ့ ဆက်ဆံမှု တွေလည်း ရှေ့ မတိုးနိုင်ဘဲ ဖြစ်နေ ရတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြော ဆိုလိုက်ပါတယ်။ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ် ပေးတာမျိုးလို နိုင်ငံရေး၊ လူ့အခွင့်အရေး ပြုပြင် ပြောင်းလဲမှုတွေကို မြန်မာ စစ်အစိုးရဘက်က လုပ်ဆောင်ဖို့ လိုနေသေးတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ မာ့ခ် တုန်နာ (Mark Toner) က ကြာသပတေးနေ့ ၀ါရှင်တန်မြို့က သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောဆိုလိုက်တာပါ။

“ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်ဖို့ ကျနော်တို့ ကြိုးပမ်း နေတာတွေဟာ ၀န်ခံရမယ် ဆိုရင်တော့ တိုးတက်မှုတွေ၊ အသီး အပွင့်တွေ များများ စားစား ထွက်ပေါ် လာတာ မရှိပါဘူး။ ဒါပေမဲ့လည်း သိတဲ့ အတိုင်း နိုင်ငံရေး အကျဉ်းသား တွေကို ပြန်လွှတ် ပေးဖို့နဲ့ ဒီမိုကရေစီ ဆန်တဲ့ ခြေလှမ်းတွေကို သိသိ သာသာ လှမ်းဖို့ အတွက်လည်း ကျနော်တို့က သူတို့အပေါ် ဆက်ပြီး ဖိအား ပေးနေတာ ဖြစ်ပါတယ်။”

စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားပေမဲ့လည်း ထိတွေ့ ဆက်ဆံမှုတွေ လုပ်ဆောင် သွားတဲ့ မူဝါဒတွေကိုပါ ကျင့်သုံးဖို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ထိတွေ့ ဆက်ဆံရေး မူဝါဒတွေရဲ့ တစိတ်တပိုင်း အဖြစ် အမေရိကန် နိုင်ငံခြားရေး ဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) ဒီဇင်ဘာလ ၇ ရက်နေ့တုန်းက မြန်မာနိုင်ငံကို ၄ ရက်ကြာ သွားရောက် ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အမေရိကန် ပြည်ထောင်စု အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေးလို ကိစ္စ မျိုးတွေမှာ တိတိ ကျကျ သတ်မှတ်ချက် တွေနဲ့ အကောင် အထည်ဖော် ဆောင်ရွက် သွားတဲ့ မူဝါဒမျိုး ချမှတ်သင့်တဲ့ အကြောင်းနဲ့ နိုင်ငံတကာ အသိုင်းအ၀န်း အနေနဲ့ မြန်မာ့အရေးကို တစု တစည်းတည်း ပူးပေါင်း ဆောင်ရွက်နိုင်ရင် ပိုမို ထိရောက်မှု ရှိနိုင်မယ့် အကြောင်း ဗွီအိုအေ မြန်မာပိုင်းနဲ့ မေးမြန်းခန်း တခုအတွင်း ပြောဆိုခဲ့ပါတယ်။

Ref: VOA News


Read More...

လယ်သမား ၄၀၀ ခန့် ရန်ကုန်မှာ စီတန်းချီတက်ဆန္ဒပြ

2011-01-06

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်မှာ တောင်သူလယ်သမား ၄ ရာနီးပါး ဇန်နဝါရီ ၆ ရက် ဒီကနေ့ ဆန္ဒပြခဲ့ကြတယ်လို့ RFA က သတင်း ရရှိပါတယ်။

လယ်သိမ်းခံထားရတဲ့ မြို့နယ်အသီးသီးက တောင်သူတွေဟာ သင်္ဃန်းကျွန်း ဘီအိုစီ မှတ်တိုင်ကနေ ခရိုင်ရုံးအထိ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြခဲ့ကြပြီး လယ်ယာ လုပ်ပိုင်ခွင့် ပြန်လည်ရရှိဖို့ အာဏာပိုင်တွေထံ တောင်းဆို ခဲ့ကြတယ်လို့ အကျိုးဆောင် ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။

ကုမ္ပဏီတွေက သူတို့လယ်တွေကို သိမ်းယူတဲ့အခါမှာ အစပထမတော့ အကျိုးတူ လုပ်ဖို့ ဆိုပြီး ကမ်းလှမ်း လာပါတယ်။ ဒါပေမဲ့ နောက်ပိုင်း တဖြည်းဖြည်းနဲ့ တောင်သူတွေ လုပ်ပိုင်ခွင့် မရတော့တဲ့ အခြေအနေ အထိ ဖြစ်ခဲ့ရတာကြောင့် အခုလို ချီတက် လမ်းလျှောက်ပြီး ဆွေးနွေးရတာ ဖြစ်တယ်လို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ညောင်ပင်ကျေးရွာက လယ်သမား တယောက်ကလည်း ပြောပြပါတယ်။

အခုလို လယ်သမား ၃၀၀ ကျော်က ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ ဒဂုံ တောင်ပိုင်း မြို့နယ်က အာဏာပိုင်တွေနဲ့ ခုလို ချီတက် ဆွေးနွေး လိုက်တဲ့ အတွက် ရွာတရွာ အတွက်တော့ လယ်ယာ လုပ်ကိုင်ခွင့် ရခဲ့သလို တခြားရွာတွေ အတွက်လည်း စာတင်ထားတာကို အာဏာပိုင်တွေက လက်ခံ ထားတယ်လို့ ဦးဖိုးဖြူက ဆက်ပြောပါတယ်။

တောင်သူလယ်သမားတွေ အခုလို ရန်ကုန်မှာ စီတန်းလမ်းလျှောက် ဆန္ဒ ပြခဲ့ကြတာဟာ အခု ၂၀၁၁ ခုနှစ် အတွင်း ပထမဆုံး လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။

လယ်သမားတွေရဲ့ တောင်းဆိုချက်တချို့ကို ခရိုင်အာဏာပိုင်တွေက လိုက်လျောခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့မြို့နယ်၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်နဲ့ ဒဂုံတောင်ပိုင်းမြို့နယ်က ညောင်ပင်ရွာ၊ သရက်ပင်ချောင်ရွာ၊ ကျည်စုရွာ၊ သုံးခွရွာ၊ ထောင်တလုပ်ရွာ၊ သစ်ပင်ရွာ၊ စုစုပေါင်း ၇ ရွာက လယ်ဧက ၅၀၀၀ ကျော်ထဲက ရွာတရွာ အတွက်ပဲ လယ်လုပ်ပိုင်ခွင့် ပြန်ရခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့လယ်တွေကို ရွှေနဂါးမင်းကုပ္ပဏီ ၊ ရွှေဟိန်းထက်၊ အေရှားဝေါနဲ့ ရွှေတောင်ကုမ္ပဏီတွေက သိမ်းပိုက်ထားတာ ဖြစ်တယ် လို့သိရပါတယ်။၊

Ref: RFA News

Read More...

Thursday, January 6, 2011

စစ်တိုင်းဌာနချုပ် အသစ်တိုးချဲ့

ရန်ပိုင်
Wednesday, 29 December 2010

စစ်အစိုးရက “အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်” ဟု အမည်ပေးထားသည့် တိုင်းစစ်ဌာနချုပ် အသစ်ကို ရှမ်းပြည် တောင်ပိုင်းတွင် ထပ်မံ ဖွင့်လှစ်လိုက်သည်။

အဆိုပါ တိုင်းစစ်ဌာချုပ်သစ်ကို တောင်ကြီးနှင့် ကျိုင်းတုံဒေသ အကြားရှိ ခိုလမ်ဒေသတွင် အဓိက အခြေစိုက်မည် ဖြစ်ပြီး တိုင်းမှူးအဖြစ် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မြထွန်းဦးအား ပြီးခဲ့သည့် သောကြာနေ့က အတည်ပြု ခန့်အပ် လိုက်ကြောင်း နေပြည်တော်ရှိ စစ်တပ် အသိုင်းအ၀န်းက ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးချုပ် မြထွန်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (DSA) ၂၅ မှ ဖြစ်ပြီး စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ဖွဲ့စည်းခါစက ဒုဗိုလ်မှူးကြီး တဦးအဖြစ် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေအတွင်း လှုပ်ရှားခဲ့ပြီး ဗိုလ်ချုပ် ထိန်မောင် လက်နက် ချလာစေရန် အဓိက လှုပ်ရှားခဲ့သူလည်း ဖြစ်သည်။

ထို့နောက် မကွေးတိုင်း ပခုက္ကူမြို့တွင် ဖွင့်လှစ်ထားသည့် တပ်မ ၁၀၁ ၏ တပ်မမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ယခုနှစ် သြဂုတ်လ အတွင်းက ပြုလုပ်ခဲ့သည့် စစ်တပ်အတွင်း ရာထူး အပြောင်းအရွှေ့တွင် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ခိုလမ်၊ ကျိုင်းတောင်း၊ မိုးနဲဒေသသည် ရှမ်းပြည်တပ်မတော် - တောင်ပိုင်း (SSA-S) တပ်များနှင့် ရှမ်းပြည် တပ်မတော် - မြောက်ပိုင်း (SSA- N) တပ်များ လှုပ်ရှားနေသော ဒေသဖြစ်ပြီး လေတပ် အခြေစိုက် စခန်းဖြစ်သည့် နမ့်ဆန်မြို့နှင့်လည်း အနီးဆုံး တည်ရှိသည့် ဒေသဖြစ်သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးခါစ၌ မေမြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ရန်ကုန်၊ အင်းစိန် အခြေစိုက်သည့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ၂ ခုသာ ဖွင့်လှစ် ခဲ့သော်လည်း မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်တွင် စစ်တိုင်းကြီးများကို ၉ ခုအထိ တိုးချဲ့ ဖွဲ့စည်းခဲ့သည်။

၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့် နောက်တွင် ယခင် မန္တလေးမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို မုံရွာသို့ ပြောင်းရွှေ့စေပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မန္တလေးမြို့သို့ ပြောင်းရွှေ့စေကာ ပဲခူးတိုင်း တောင်ငူမြို့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဟု အသစ် ဖွင့်စေသည်။

၁၉၉၆ ခုနှစ်က မြန်မာပြည်အောက်ပိုင်း ပင်လယ်ကမ်းရိုးတန်းမြို့ ဖြစ်သည့် မြိတ်မြို့ အခြေစိုက် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်နှင့် ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံမြို့ အခြေစိုက် တြိဂံတိုင်း စစ်ဌာနချုပ် တို့ကို ဖွင့်လှစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ ရုံးစိုက်သည့် နေပြည်တော်ကို အခြေပြုပြီး နေပြည်တော်တိုင်း စစ်ဌာနချုပ်ကို ထပ်မံဖွင့်လှစ်ခဲ့သည်။

လက်ရှိ မြန်မာ့တပ်မတော် ဖွဲ့စည်းပုံတွင် ယခု စစ်တိုင်းသစ် အပါအဝင် စစ်တိုင်းကြီး စုစုပေါင်း ၁၄ ခုဖြင့် ဖွဲ့စည်းထားပြီး တပ်မ စစ်ဌာနချုပ် ၁၀ ခု၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် ၂၀ ဖြင့် ဖွဲ့စည်းထားသည်။

ထို့အပြင် စစ်အစိုးရက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ ကယားပြည်နယ် လွိုင်ကော် ဒေသနှင့် အနောက် မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေ အတွင်းရှိ တနိုင်းဒေသတွင်လည်း စစ်တိုင်း အသစ်များကို ထပ်မံ ဖွင့်လှစ်သွားရန် ရှိသည်ဟုလည်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်ဒေသသည် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားဒေသနှင့် ကပ်လျက် တည်ရှိပြီး အဆိုပါ ဒေသတွင် လက်ရှိ ကရင်နီ တိုးတက်ရေးပါတီ (KNPP) တပ်များ လှုပ်ရှား နေသည့် ဒေသ ဖြစ်သည့်အတွက် စစ်အစိုးရ အတွက် အရေး ပါကြောင်း ထို့ကြောင့် စစ်ဌာနချုပ်များ ဖွင့်လှစ်လိမ့်မည်ဟု ထင်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇော ကလည်း သုံးသပ်သည်။

လွိုင်ကော်ဒေသနှင့် ပျဉ်းမနား၊ ပေါင်းလောင်းဒေသတွင် ယခင်က ဗမာပြည် ကွန်မြူနစ်ပါတီ လှုပ်ရှားခဲ့သည့် ဒေသများ ဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီး၊ ပင်လောင်း ဒေသနှင့်လည်း ဆက်စပ်နေသည်။ နေပြည်တော် တပ်ကုန်းမြို့မှ ပင်လောင်း ဒေသသို့ သွားရောက်နိုင်ပြီး ထိုမှတဆင့် လွိုင်ကော်မြို့သို့ ကားလမ်း ဆက်သွယ် ထားသည်။

Ref: ဧရာဝတီ်

Read More...

ကျမတို့က လက်တွေ့လုပ်သူတွေဖြစ်ပါတယ်ဟု ဒေါ်စုက ဂျင်ဝက်ဘ်ကိုပြော


















Reference IDCreatedReleased ClassificationOrigin
09RANGOON539 2009-08-18 10:102010-12-12 21:09SECRETEmbassy Rangoon



VZCZCXYZ0000
OO RUEHWEB

DE RUEHGO #0539/01 2301059
ZNY SSSSS ZZH
O 181059Z AUG 09
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 9364
INFO RHEHNSC/NSC WASHDC IMMEDIATE
S E C R E T RANGOON 000539

SENSITIVE
SIPDIS

E.O. 12958: DECL: 08/18/2019
TAGS: PGOV PREL BM
SUBJECT: BURMA: SENIOR GENERALS START A CONVERSATION; HOW WILL WE RESPOND?

REF: A. RANGOON 535
B. RANGOON 536

C. RANGOON 527
D. RANGOON 534

Classified By: P/E Chief Jennifer Harhigh for Reasons 1.4 (b) & (d)

အကြောင်းအရာ။ ။ မြန်မာနိုင်ငံ- ဗိုလ်ချုပ်မှူးကြီးက စကားစတင် ပြောဆိုလာခြင်း။ မိမိတို့ မည်သို့ တုံ့ပြန်မည်နည်း။

လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ ။ နိုင်ငံရေး-စီးပွားရေးဌာန အကြီးအကဲ ဂျင်နီဖာ ဟာဟိုက် (Jennifer Harhigh) အကြောင်းပြချက် 1.4 (b) & (d)

အကျဉ်းချုပ်
၁။ (S) မြန်မာ ထိပ်တန်းဗိုလ်ချုပ်များက ဆီးနိတ်အမတ် ဝက်ဘ် လာရောက်ခြင်းကို အသုံးချပြီး ၎င်းတို့ ရှင်းရှင်း လင်းလင်း ဖေါ်ပြလိုသော အချက်များမှာ မြန်မာအစိုးရနှင့် အမေရိကန်အစိုးရ ဆက်ဆံရေး ပိုမိုကောင်းမွန်လိုခြင်း၊ ဝါရှင်တန် နှင့် တိုက်ရိုက်ဆက်ဆံလိုပြီး အထူးသံတမန်တဦး (စစ်အစိုးရ၏ အတွင်းလူဖြစ်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဖြစ်ခဲ့ဖူးသူ ဦးသောင်း) ကို ရွေးချယ် သတ်မှတ်ပြီး ဖြစ်ကြောင်းတို့ပင် ဖြစ်သည်။ သန်းရွှေ သူ့လက်သီးဆုပ်ကို ဖြေချလိုက်သည်မှာ (အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို ပထမဆုံးအကြိမ် ၎င်းနှင့် တွေ့ဆုံခွင့်ပေးခြင်း၊ "ချစ် ကြည်ရေး"ကို ပြသသောအားဖြင့် အမေရိကန် အကျဉ်းသား တဦးကို ပြန်ပို့ ခြင်း) ကို ထောက်ထား၍ သေချာနေပါသည်။ ဗိုလ်ချုပ်များသည် အကြောင်း ပြန်ကြားချက်ကို မျှော်နေ ပါလိမ့်မည်။ (UNGA) (ကုလသမဂ္ဂ အထွထွေ ညီလာခံ) အပြီးမှာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဉာဏ်ဝင်းကို ဝါရှင်တန်ရှိ သံရုံးသို့ သွားရောက်ခွင့် ပေးသင့်ပါသည်။ မျှော်လင့်ချက်များ အပြန် အလှန် ဖော်ပြနိုင်ရေး အတွက် ကျွန်ုပ်တို့ ဦးသောင်းနှင့် မကြာမတင် မှာ ဆွေးနွေးသင့်ပြီး ထိုမှတဆင့် ဝါရှင်တန် အဆင့် ဆွေးနွေးပွဲဆီသို့ တက်လှမ်းသင့်ပါသည်။ တချိန်တည်းမှာပင် စစ်အစိုးရနှင့် "ပြတ်သားသော" အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဆွေးနွေးပွဲ ဖြစ်မြောက်အောင် အတိအလင်းရော တိတ်တဆိတ်ပါ အားပေးသင့်ပါသည်။ ဆွေးနွေးပွဲ ကာလ အတွင်းမှာလည်း ကျွန်ုပ်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးဖြစ်အောင် ကြိုးပမ်း သင့်ပါသည်။ အကျဉ်းချုပ်- ပြီးဆုံး။

လက်သီးဆုပ် ဖြေလိုက်ပြီလား။
---------------
၂။ (S) ပထမဦးဆုံး အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်၏ သန်းရွှေနှင့် တွေ့ဆုံမှုသည် မျှော်လင့်မထားဘဲ ဖြစ်ပေါ် လာခဲ့သည်။ သူ နားစွင့်ရုံ နားစွင့် နေသည်မှာ ပေါ်လွင်လှပါသည်။ ဒေါ်အောင်ဆန်းစုကြည် အကြောင်း သူ့ကို ပြောနေစဉ်မှာပင် စိတ်ဆိုးဟန် သော်လည်းကောင်း၊ မုန်းတီးဟန် သော်လည်းကောင်း မပြခဲ့ချေ။ သူက ဆီးနိတ် အမတ် ဝက်ဘ်ကို ပြုံးပြ နှုတ်ခွန်းဆက်ပြီး နွေးနွေးထွေးထွေး လက်ဆွဲ နှုတ်ဆက်ခဲ့ပါသည်။ ဆွေးနွေးပွဲ တလျှောက်လုံး သူက "မိတ်ဆွေများ"၊ "ချစ်ကြည်ရေး"ဟူသော စကားများကို လှိုင်ဘောလယ်အောင် ပြောခဲ့သည်။

၃။ (S) သန်းရွှေနှင့် ဝန်ကြီးချုပ် သိန်းစိန်တို့ ဆီးနိတ်အမတ် ဝက်ဘ်နှင့် တဦးချင်းစီ တွေ့ဆုံဆွေးနွေး ရာ၌ စာရွက် တမျိုးတည်းကို ကိုင်၍ ဆွေးနွေး ကြသည် (ရည်ညွှန်းချက် က နှင့် ခ)။ သူတို့နှစ်ဦးစလုံးပင် ယခင်က သည့်ထက် အဆင် ပြေခဲ့သော အမေရိကန်-မြန်မာ ဆက်ဆံရေး အကြောင်းကို ဖေါ်ပြကြပြီး လက်ရှိ ဆက်ဆံရေးလည်း ပို၍ ကောင်းလာလိမ့်မည်ဟု အလေးတင်း ဖေါ်ပြခဲ့ကြသည်။ "တိုက်ရိုက်" နှင့် အပြန်အလှန် ဆက်ဆံရေး၊ နေပြည်တော်နှင့် တိုက်ရိုက် ဆက်သွယ်သော ဦးသောင်းကို အထူး သံတမန်အဖြစ် ခန့်အပ်ရေးကို တောင်းဆိုခြင်း၊ နှစ်ဖက်စလုံး သံအမတ်အဆင့်များကို တိုးမြှင့်ရန် အကြံပြုခြင်း တို့ဖြင့် ဗိုလ်ချုပ်များ ဘက်က လက်ကမ်း လာနေခြင်းသည် ရှင်းနေပါ သည်။

၎။ (S) ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာသည် အမေရိကန်အစိုးရအဖို့ လွန်စွာအရေးပါ နေကြောင်း၊ ဤပြဿနာသည် အမှန်တကယ် ဆက်ဆံရေး တိုးတက် ကောင်းမွန်ရေး အတွက် ဖြေရှင်း ပေးရမည့် ပြဿနာဖြစ်ကြောင်း ဆီးနိတ်အမတ် ဝက်ဘ်၏ ပြောစကားကို သန်းရွှေနှင့် သူ၏ ထိပ်တန်း ဗိုလ်ချုပ်များ ကောင်းကောင်းကြီး သဘောပေါက်ပါသည်။ ဒေါ် အောင်ဆန်းစုကြည် လွှတ်ပေးရေး ကိစ္စကို သန်းရွှေနှင့် ပြောသောအခါ၌ သန်းရွှေက တိုတိုတုတ်တုတ်ပင် တုံ့ပြန်ပါသည်။ ကတိကဝတ် မပေးခဲ့ချေ။ ဆီးနိတ် အမတ်က စကားကို ဖြတ်လိုက်ပြီး အခြား အကြောင်းအရာဘက်သို့ လှည့်သွားခြင်း ကြောင့်လည်း ဖြစ်နိုင်ပါသည်။ (ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ငြင်းပယ်သော အဖြေကို စောင့် သည်ထက် တိုးလို့တန်းလန်း ထားလိုက်ခြင်းက ပိုကောင်းသည်ဟု သူက နောက်ပိုင်းမှာ ကျွန်ုပ်တို့ကို ပြောပြခဲ့သည်)။ သို့ရာတွင် သန်းရွှေအဖို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မကောင်းကြောင်း စကားစရန် အခွင့်အရေး ယူခဲ့ပုံရပါ သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များက သန်းရွှေ သဘောထား ပြောင်းသွားပုံ ရသည်ဟု သူတို့ထင်ကြောင်း၊ ဆွေးနွေးပွဲ လုပ်ရန် အသင့်ရှိသည်ဟု မျှော်လင့်ရကြောင်း ကျွန်ုပ်တို့ကို လည်းပြော၊ ထို့နောက် ဆီးနိတ်အမတ် ဝက်ဘ်ကိုလည်း ပြောခဲ့သည်။

မျှော်လင့်ချက်များ မြင့်မားနေသည်။
-------------------
၅။ (S) စစ်အစိုးရ၏ ကြံရွယ်ချက်များကို နောက်ထပ် ညွှန်ပြနေသည်မှာ အင်္ဂလိပ်သာသာနှင့်ရော မြန်မာ ဘာသာနှင့်ပါ ထုတ် ဝေသော အစိုးရ အာဘော် သတင်းစာ မြန်မာ့ အလင်းပင် ဖြစ်သည်။ ထိုသတင်းစာ၏ ခေါင်းကြီးပိုင်းက ဆီးနိတ်အမတ် ဝက်ဘ်၏ အလည်အပတ် လာရောက်ခြင်းကို အောင်မြင်မှုအဖြစ် "ခရီးရှည်ကြီး၏ ပထမခြေလှမ်း" ဟူသော ခေါင်းစဉ် ဖြင့် သြဘာပေး ရေးသားခဲ့သည်။ မြန်မာနိုင်ငံ၏ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုနက်ရှိုင်းရေးနှင့် နှစ်နိုင်ငံအကြား ကွဲလွဲမှုများ လျှော့ပါးရေး သဘောထားကြောင့် ဆီးနိတ်အမတ် ဝက်ဘ်နှင့် ထက်ထက်သန်သန် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ဆောင်းပါးက ဖေါ်ပြခဲ့သည်။ ဆီးနိတ် အမတ်၏ အလည်အပတ် ခရီးသည် "နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေး အတွက် ပထမဆုံး ခြေလှမ်း မိုင်ပေါင်း (၁,ဝဝဝ) ခရီး၏ ပထမဆုံး ခြေလှမ်း" ဖြစ်သည်ဟု နိဂုံးချုပ် ရေးသား ထားသည်။

၆။ (S) လောလောဆယ် မြန်မာအစိုးရပိုင်း ပုဂ္ဂိုလ်များထဲမှာရော၊ သာမန်ပြည်သူများထဲမှာပါ အားလုံး နီးပါးက ဆီးနိတ် အမတ်၏ တွေ့ဆုံ ဆွေးနွေးမှုများကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ပို၍ အကောင်းဘက်သို့ ရှေ့ရှု လာမည်ဟု မျှော်လင့်နေကြသည်။ အလည်အပတ်ခရီး နောက်ပိုင်း အမျိုးသားနေ့ ဧည့်ခံပွဲ၌ သံတမန်အရာရှိများကို ဆုတောင်း ပေးသူများ ဝိုင်းဝိုင်း လည်နေခဲ့ကာ ဆက်ဆံရေး ကောင်းမွန်လာရေးဆီ ရှေ့ရှုသော တိုးတက်မှုများ အတွက် ကျေနပ်မိကြောင်း ဖေါ်ပြခဲ့ကြသည်။ ဤခရီး အကြောင်းသည် ရန်ကုန်တမြို့လုံး လက်ဖက်ရည်ဆိုင် စကား ဖြစ်လျက်ရှိကာ လူအတော်များများက နောင်ရေရှည်မှာ ဖြစ်လာနိုင်မည့် အလားအလာများကို တွက်ဆကြည့်နေကြ သည်။

၇။ XXXXXXXXXXXX

ကျွန်ုပ်တို့က ရှေ့တိုး၍ လက်ကမ်းခြင်း
------------
၈။ (S) ဗိုလ်ချုပ်များက သူတို့အဖို့ အရေးလည်းကြီး၊ ကျေအေးမှုလည်းရနိုင်သော ခြေလှမ်းကြီး တလှမ်းကို လှမ်းခဲ့ပြီ ဟု ယုံကြည် နေသည်မှာ သေချာပါသည်။ သန်းရွှေက အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို ပထမဦးဆုံး အကြိမ် တွေ့ဆုံ ခဲ့သည်။ (စစ်အစိုးရသည် နိုင်ငံအချင်းချင်း ဝါစဉ်အလိုက် ဆက်ဆံနေသော လောကမှာ ပြစရာ တခုရလာခြင်းကို အသုံး ချနေသည်ဖြစ်ရာ ဤကိစ္စသည် အထူး ကြီးကျယ်သော ကိစ္စကြီး တခုဖြစ်သည်။ တရုတ်ပြည်က (နအဖ) အဖွဲ့ဝင်များကို ၎င်းတို့ အမျိုးသားနေ့ အခမ်းအနား တက်စေခြင်း၊ ကျွန်ုပ်တို့က နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိများကို လက်ခံ တွေ့ဆုံခြင်းတို့ကို ကြည့်ပါ)။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဒဏ်ခတ် ပိတ်ပင်မှုကို ရုပ်သိမ်းပေးပြီး နောက်ပိုင်း စစ် အစိုးရက ဆီးနိတ်အမတ် ဝက်ဘ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပေးခဲ့သည်။ (မှတ်ချက်- ကျွန်ုပ်တို့သိရ သလောက် ဆီးနိတ်အမတ် ဝက်ဘ်က ခရီးမသွားမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် တောင်းဆိုခဲ့ခြင်း မရှိ ချေ။ သို့ရာတွင် ဤသို့ တောင်းဆိုလိမ့်မည်ဟု စစ်အစိုးရက ကြိုတွက်မိကာ ဝက်ဘ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ လိုခြင်း ရှိ- မရှိ မေးခဲ့သည်။ မှတ်ချက်-ဆုံး)။ ကျွန်ုပ်တို့က သိပ်အရေးမကြီးပါဟု အကြောင်းပြန်ခဲ့သည်။ သို့ရာတွင်အရေး ကြီးသည်ကတော့ အမှန်ပင်ဖြစ်သည်။ ချစ်ကြည်ရေး စိတ်ဓာတ်ကို ပြသောအားဖြင့် စစ်အစိုးရက အမေရိကန် အကျဉ်း သားတဦးကို ပြန်ပို့ပေးခဲ့သည်။

၉။ (S) ဗိုလ်ချုပ်ကြီးများက အမေရိကန်၏ တုံ့ပြန်မှုကို မျှော်လင့်နေပါလိမ့်မည်။ မကြာမီမှာ ပြန်ကြား ပေးလိမ့်မည် ဟုလည်း မျှော်လင့် နေပုံရပါသည်။ လောလောဆယ် ကျွန်ုပ်တို့ အနေနှင့် အမေရိကန် အစိုးရသည် CODEL ၏ ရလဒ်ပေါ်မှာ အခြေခံကာ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒမှာ အကြီးအကျယ် ပြောင်းလဲမှုများ လုပ်သင့်သည်ဟု မယုံကြည်ကြပါ။ သို့ရာတွင် တိုက်ရိုက် ဆက်သွယ်မှု လုပ်ရန် မြန်မာနိုင်ငံ၏ ကမ်းလှမ်းချက်ကို လက်ခံပေးရေး အတွက် စဉ်းစားသင့်ကြောင်းနှင့် အချိန် ကြာလာသည်နှင့်အမျှ မည်သို့ ဖြစ်လာနိုင်ဖွယ် ရှိသည်ကို စဉ်းစား သင့်ကြောင်း ကျွန်ုပ်တို့ ယုံကြည် မိသည်ကား အမှန်ပင် ဖြစ်ပါသည်။ ဤအခြေအနေ၌ ဝါရှင်တန် အနေနှင့် ထည့်သွင်း စဉ်းစားရန် အောက်ပါ အကြံပြုချက်များကို ကျွန်ုပ်တို့ ဖေါ်ပြ အပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးကို ၀ါရှင်တန်သို့ သွားခွင့်ပြုသင့်သည်။
-------------
၁ဝ။ (S) နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများက နိုင်ငံခြားရေး ဝန်ကြီး ဉာဏ်ဝင်းသည် (UNGA) အပြီး ဝါရှင်တန်ရှိ မြန်မာသံရုံး မွမ်းမံ ပြင်ဆင် နေသည်ကို သွားကြည့်လိုကြောင်း ဖေါ်ပြ ပြောဆိုခဲ့ကြသည်။ ဤကိစ္စ သည် အမေရိကန် အစိုးရဖေါ်ပြသော အတုံ့အပြန် ချစ်ကြည်ရေး အရိပ်လက္ခဏာ တရပ်အဖြစ် မြင်နေပုံရပါသည်။ နိုင်ငံခြား ရေး ဝန်ကြီးက အစိုးရပိုင်း ပုဂ္ဂိုလ်များ အချင်းချင်း တွေ့ဆုံ ဆွေးနွေးရေးကို တောင်းဆို လိုကြောင်း အရိပ်လက္ခဏာများကို ကျွန်ုပ်တို့ မတွေ့ရပါ။ မကြာမီက ဒေါ်အောင်ဆန်းစုကြည် အမှု စီရင်ချက်၏ ဂယက်ရိုက်ခတ်မှုများနှင့် (၂ဝဝ၇) စက်တင်ဘာ နှစ်ပတ်လည် ဖြစ်ရပ်များ၏ အဓိပ္ပာယ် လေးနက်မှုကို ကျွန်ုပ်တို့ သိရှိပါသည်။ သို့ရာတွင် Post နေထိုင်မည့် ကာလ၊ သို့မဟုတ် ဆက်ဆံမှု တို့နှင့် ဆိုင်သော ကြိုတင်စည်းကမ်း ကန့်သတ်ချက်များ ချမှတ်သည့်တိုင် ဝါရှင်တန်သို့ သွားရောက် လည်ပတ်ခွင့်ကို အကြီးအကျယ် ထောက်ခံခဲ့သည်။

ဦးသောင်းနှင့် တွေ့ဆုံဆွေးနွေးမည့် နည်းလမ်းများကို ရှာသင့်သည်။
---------
၁၁။ (S) ဦးသောင်းနှင့် ပွဲဦးထွက် တွေ့ဆုံရေးအစီအစဉ်ချမှတ်ရေး၊ သူ၏ အခန်းကဏ္ဍ၊ သူ၏ အခွင့် အာဏာ တို့ကို စုံစမ်း လေ့လာရေး၊ ထိပ်တန်း ဗိုလ်ချုပ်များနှင့် သူ တွေ့ဆုံနိုင်မည့် အဆင့်တို့ကို သိရှိရေး အတွက် မကြာမီမှာ သူနှင့်တွေ့ဆုံ ဆွေးနွေး မည့် နည်းလမ်းများ ရှာသင့်ပါသည်။ သူ့ကို ယာယီတာဝန်ခံ (Charge) အဆင့်မှာ ထားလျက် ဝါရှင်တန် အခြေစိုက် အစိုးရပိုင်း ပုဂ္ဂိုလ်တဦး နှင့် (DAS အဆင့်မှာ ဖြစ်ကောင်းဖြစ်မည်) တတိယနိုင်ငံ တနိုင်ငံမှာ ပွဲဦးထွက် တွေ့ဆုံပြီးနောက် သင့်တော်သော အဆင့်တဆင့်သို့ တက်လှမ်း သင့်သည်။ ဦးသောင်းကို ပြောကြားရာ၌ ဝန်ကြီးချုပ်တင်ပြသော မြောက်ကိုရီးယား ပြဿနာ၊ စစ်သုံ့ပန်းနှင့် စစ်အတွင်း ပျောက်ဆုံးသူများ (POW/ MIA) ရုပ်ကြွင်းများ ရှာဖွေရေး ကဲ့သို့ ကိစ္စများ၌ အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်ဖက်စလုံး အနိုင်-အနိုင်ဟု ယူဆရသော ကိစ္စများ ရှာဖွေဖော်ထုတ်ရေး အပါအဝင် ပြဿနာများကို ဖူးခက် (Phuket) ဆွေးနွေးပွဲများမှာ ဆွေးနွေးပြီး နောက် ဒေါ်အောင်ဆန်းစုကြည်၏ အဆင့်နေရာ သတ်မှတ်ရေးတွင် အမေရိကန်၏ ထောက်ခံမှုကို ထပ်လောင်း ပြော ကြားသင့်သည်။

စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်စေရေး တိုက်တွန်းသင့်သည်။
-----------------
၁၂။ (S) ဒေါ်အောင်ဆန်းစုကြည်မှာ ယခင်ထက်ပို၍ ရှင်းရှင်းလင်းလင်း မြင်ထားပုံမရချေ။ သူ၏ ထိပ်တန်း ဦးစားပေး လုပ်ငန်း သည် ကြိုတင် စည်းကမ်း သတ်မှတ်ချက် မပါဘဲ စစ်အစိုးရနှင့် တိုက်ရိုက် ဆွေးနွေးမှုများ စတင်ရန်ဖြစ်သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ၏ ခိုင်မာ ပြတ်သားမှုလည်းရှိ ပျော့ပြောင်းမှုလည်း ရှိသော ရပ်တည်ချက်ကိုလည်း ကောင်း၊ ဒဏ်ခတ်မှုများ (ရည်ညွှန်းချက် ဃ) အပါအဝင် ကိစ္စရပ်များတွင် စစ်အစိုးရနှင့် ဘုံရပ်တည်ချက် ပူးပေါင်းရှာလို သော ဆန္ဒကိုလည်းကောင်း အလေးထား ဖော်ပြခဲ့သည်။ -------။ ကျွန်ုပ်တို့က ဤအချက်များနှင့် ပတ်သက်၍ အကြံပြုစာ တစောင်ကို အောင်ကြည်ထံ ယာယီ တာဝန်ခံမှ နေ၍ ပေးပို့ခဲ့သည်။ ဆီးနိတ် အမတ် ဝက်ဘ်နှင့် ညှိနှိုင်းကာ သူ၏ ရပ် တည်ချက်ကို ကမ္ဘာက ရှင်းရှင်း လင်းလင်း သိစေရန်နှင့် သူသည် တင်းမာပြီး အလျှော့ပေးခြင်း မရှိဟူသော စစ်အစိုးရ၏ အာဘော်ကိုလည်း ချေဖျက်ရန် သူ့ပြောစကား အချို့ကို အများသိအောင် ထုတ်ဖော်ပေးသင့်သည်။ အပြင်မှ မြန်မာနိုင်ငံ လာရောက်သူများ တိုင်းပြည် အခြေအနေကို မျှမျှတတ မြင်တတ်အောင် ကြိုးစားနေသရွေ့ ထိုသူတို့ အလည်အပတ် လာသည်ကို သူက ထောက်ခံ အားပေးကြောင်း၊ စစ်အစိုးရနှင့် တွေ့ဆုံသည်ကိုပင် ထောက်ခံ အားပေးကြောင်းကိုလည်း အများသိအောင် ဆောင်ရွက် ပေးသင့်ပါသည်။

အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းခြင်း
---------------
၁၃။ (S) ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ချုပ်ကာလသည် ဥပဒေအရဆိုလျှင် သိပ်မကျန်တော့ချေ။ သို့ရာတွင် လက်တွေ့မှာ မည်သို့ ဖြစ်လာမည် မသေချာချေ။ ကျွန်ုပ်တို့သည် ဒေါ်အောင်ဆန်းစုကြည်ကို (အခြားသော နိုင်ငံရေး အကျဉ်းသား များနှင့်အတူ) လွှတ်ပေးရန် တလျှောက်လုံး တောင်းဆိုလာခဲ့ရာ လောလောဆယ်မှာ သူ့ကို သူ့ပါတီဝင်များ၊ အပြင်မှ အလည်အပတ် လာရောက်သူများနှင့် တွေ့ဆုံခွင့် ပေးရန်လည်း စစ်အစိုးရကို တိုက်တွန်း သင့်ပါသည်။ ဆီးနိတ် အမတ် ဝက်ဘ်နှင့် တွေ့ဆုံသော အခါများ၌ သူသည် သူ့ လွတ်မြောက်ရေး ကိစ္စကို ပြောဆိုခဲ့ဖူးခြင်း မရှိချေ။ သို့ရာတွင် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပါတီ ရပ်တည်ချက်အကြောင်း ဆွေးနွေးမှုများ အပါအဝင် NLD နှင့် ဆွေးနွေးမှုများ လုပ်ရန် လိုအပ်ကြောင်း အလေးထား ပြောခဲ့သည်။ သူ့အရိပ်အကဲကို ကြည့်ကာ သူ့ကို ဧည်သည့်များ နှင့် ပုံမှန်ဆိုသလို အနှောင့်အယှက် ကင်းစွာ တွေ့ခွင့်ပေးရန် စစ်အစိုးရကို တိုက်တွန်း သင့်ပါသည်။ တကယ်တမ်း စစ်အစိုးရ ဘက်က သူ့ကို အိမ်ချုပ်ချထားရာ၌ သတ်မှတ်ထားသော ချုပ်ချယ်မှုများကို လျှော့ပေးပြီး သူနှင့် အဓိပ္ပာယ်ရှိ သော ဆွေးနွေးပွဲ လုပ်မည်ဆိုလျှင် ကျွန်ုပ်တို့ဘက်က မည်သို့ တုံ့ပြန် သင့်သည်ကိုလည်း စဉ်းစားသင့်ပါသည်။ အလုပ် အမှုဆောင် အဖွဲ့ဝင်များက ပင်လျှင် ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ် ကျနေစဉ်မှာ စစ်အစိုးရနှင့် ဆွေးနွေးပွဲ ဖြစ်မြောက်ပြီး တိုးတက်မှုများ ရလာနိုင်ဖွယ်ရှိသည် ဆိုနေကြသည်။

၁၄။ (S) ဆီးနိတ်အမတ်ဝက်ဘ်၏ အလည်အပတ်ခရီးအပြီး နောက်ဆက်တွဲအနေနှင့် သံရုံးအဆင့်က ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံခွင့်ရရန် ကြိုးစားကာ NLD နှင့် စစ်အစိုးရတို့ ကြိတ်ဝိုင်း ဆွေးနွေးပွဲကို တိုးတက်လာအောင် အမေရိကန် ဘက်က အကောင်းဆုံး ဆောင်ရွက် ပေးနိုင်မည့် နည်းလမ်းကို စုံစမ်း မေးမြန်းသင့်ပါသည်။ အကယ်၍ ကျွန်ုပ်တို့ ကြိုးပမ်း မှု အောင်မြင်ပါက ဝါရှင်တန် အခြေစိုက် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို သွားရောက်တွေ့ဆုံရန် ဖြစ်နိုင်ပါလိမ့်မည်။ Post ဆီသို့ ပုံမှန်သွား ရောက်နေကျ အတိုင်း သွားရင်းလည်း တွေ့ဆုံနိုင်မည် ဖြစ်ပါသည်။ အခြား သံတမန် အဖွဲ့များကလည်း ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ခွင့်တောင်းရန် စဉ်းစားကာ ကျွန်ုပ်တို့နှင့် ညှိနှိုင်းလျက် ရှိပါသည်။

ကျွန်ုပ်တို့ လက်တွေ့ ကျရမည်၊ ဆွေးနွေးပွဲ ဆက်လုပ်နေရမည်။
--------------------
၁၅။ (S) ဆီးနိတ်အမတ် ဝက်ဘ်နှင့် တွေ့ဆုံဆွေးနွေးမှု တလျှောက်လုံးမှာ အောင်ဆန်းစုကြည်က "ကျမတို့မှာ ရည်မှန်းချက်တွေ အတိအကျ ရှိပါတယ်။ လိုအင်ဆန္ဒတွေလဲ အတိအကျ ရှိပါတယ်။ ဒါပေမဲ့ ကျမတို့က လက်တွေ့လုပ်သူတွေ ဖြစ်ပါတယ်။ ကျမတို့ ဖြေရှင်းနည်း တခုကို လိုချင်ပါတယ်" ဟု သူ၏ လက်တွေ့လုပ်လိုသော စိတ်ဓာတ်ကို အလေးထား ပြောကြားခဲ့သည်။ စစ်အစိုးရနှင့် ကြိုတင် စည်းကမ်း သတ်မှတ်ချက် မပါဘဲ ဆွေးနွေးလိုသည် ဟုလည်း သူက အလေးထား ပြောကြားခဲ့ပါသည်။ ၂ဝဝ၇ အတွင်းက အောင်ကြည်ကို "ဆွေးနွေးပွဲကို ရပ်မပစ်ပါဘူးလို့ သဘောတူထား ကြရအောင်၊ ဆွေးနွေးရာမှာတော့ တဆင့်ပြီး တဆင့် ဆွေးနွေး သွားကြပါစို့" ဟု ပြောခဲ့ကြောင်း ဆီးနိတ် အမတ်ဝက်ဘ်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောခဲ့သည်။ ကျွန်ုပ်တို့၏ အမြင်အရ ဆိုလျှင် အမေရိကန် အစိုးရအနေ နှင့် ပြဿနာများကို တဆင့်ပြီးတဆင့် ရှင်းသွားရင်း ဆွေးနွေးပွဲများ ဆက်လုပ်သွားကာ ဤရည်မှန်းချက် ပေါက်မြောက် အောင် ကြိုးပမ်း သွားသင့်ပါသည်။ စစ်အစိုးရ၏ ယခု ကမ်းလှမ်းချက်များကို တုံ့ပြန်ခြင်းဖြင့် ဤလုပ်ငန်းကို စနိုင်မည်ဟု ကျွန်ုပ်တို့ မြင်ပါသည်။


VAJDA

Ref: မဇ္ဈိမ

Read More...

ဒဏ်ခတ်ပိတ်ဆို့မှုကို စစ်အစိုးရဝေဖန်ဟု အမေရိကန် ကြေးနန်းပြော


















Reference IDCreatedReleased ClassificationOrigin
09RANGOON536 2009-08-17 11:112010-12-12 21:09SECRETEmbassy Rangoon



VZCZCXRO4173
OO RUEHCHI RUEHDT RUEHHM RUEHNH RUEHTRO
DE RUEHGO #0536/01 2291149
ZNY SSSSS ZZH
O 171149Z AUG 09
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 9360
INFO RHEHNSC/NSC WASHDC IMMEDIATE
RUCNASE/ASEAN MEMBER COLLECTIVE
RUEHGG/UN SECURITY COUNCIL COLLECTIVE
RUEHBY/AMEMBASSY CANBERRA 2233
RUEHNE/AMEMBASSY NEW DELHI 5697
RUEHUL/AMEMBASSY SEOUL 9299
RUEHKO/AMEMBASSY TOKYO 6880
RUEHCHI/AMCONSUL CHIANG MAI 2291
RHHMUNA/CDR USPACOM HONOLULU HI
RUCNDT/USMISSION USUN NEW YORK 2671
RUEKJCS/SECDEF WASHDC
RUEKJCS/JOINT STAFF WASHDC
S E C R E T SECTION 01 OF 04 RANGOON 000536

SENSITIVE
SIPDIS

DEPT FOR EAP/MLS, DRL, AND IO
PACOM FOR FPA

E.O. 12958: DECL: 08/16/2019
TAGS: PGOV PREL PHUM BM
SUBJECT: BURMA: SENATOR WEBB'S MEETING WITH PRIME MINISTER THEIN SEIN
RANGOON 00000536 001.2 OF 004
Classified By: P/E Chief Jennifer Harhigh for Reasons 1.4 (b) & (d)

အကြောင်းအရာ။ ။ အထက်လွှတ်တော်အမတ် ဝက်ဘ် နှင့် ဝန်ကြီးချုပ်သိန်းစိန်တို့ တွေ့ဆုံဆွေးနွေးမှု
လျှို့ဝှက် မှတ်တမ်းဖြည့်သွင်းသူ။ ။ နိုင်ငံရေး-စီးပွားရေး ဌာန အကြီးအကဲ ဂျင်နီဖာ ဟားဟိုက် (Jennifer Harhigh) အကြောင်းပြချက် 1.4 (b) & (d)

အကျဉ်းချုပ်
-------

၁။ (S) သြဂုတ်လ ၁၄ ရက် ဝန်ကြီးချုပ် သိန်းစိန်နှင့် တနာရီကြာ အစည်းအဝေးအတွင်း ဆီနိတ်တာ ဝက်ဘ်က ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခွင့်ရရန် မေတ္တာ ရပ်ခံခဲ့ပြီး ကမ္ဘာ့ မျက်နှာစာတွင် မြန်မာနိုင်ငံ ရပ်တည်ချက်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အပြုသဘော သက်ရောက်စေရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးရန်ပါ တောင်းဆိုခဲ့သည်။ ထိန်းသိမ်း ခံထားရသည့် အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကိုလည်း ပြန်လွှတ်ပေး၍ နေရပ်ရင်းသို့ ပြန်ခွင့်ပြုရန် ဆီနိတ်တာက တောင်းဆိုခဲ့သည်။ စစ်အစိုးရ၏ လက်သုံး စကားအတိုင်း ဝန်ကြီးချုပ်က ပြစ်ဒဏ် ခတ်ပိတ်ဆို့မှုများက စီးပွားရေးကို အထိနာစေပြီး ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် အနှောက်အယှက် ဖြစ်စေကြောင်း နှင့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး အားလုံး ပါဝင်နိုင်သော လုပ်ငန်းစဉ်တခု ဖြစ်ရစေမည်ဟု ကတိပြုကာ စစ်အစိုးရ၏ လမ်းပြမြေပုံကိုသာ ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး ကို လိုလားကြောင်း၊ ဝါရှင်တန်နှင့် တိုက်ရိုက် ဆက်သွယ်မှု ကိုလည်း လိုလားကြောင်း ဝန်ကြီးချုပ်က တိတိကျကျ ပြောဆို ခဲ့သည်။ မြန်မာအစိုးရနှင့် တိုက်ရိုက် ဆက်သွယ်စရာလူ အဖြစ် ယခင် အမေရိကန် သံအမတ်ဟောင်း ယခုသိပ္ပံနှင့် နည်း ပညာဝန်ကြီး ဦးသောင်းကို တာဝန်ခံအဖြစ် ခန့်ထားကြောင်း စစ်အစိုးရက ပြောဆိုခဲ့သည်။ အစည်း အဝေး အနေအထားသည် အပြုသဘော ဆောင်၍ နွေးထွေးမှုရှိသည်။ အကယ်၍ ကိစ္စအချို့ကို ဖြေရှင်းပြီးပါက နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်၍ အကျိုး ဖြစ်ထွန်းလာမည်ဟု ဆီနိတ်တာ ဝက်ဘ်နှင့် ဝန်ကြီးချုပ် သိန်းစိန်တို့က ဖော်ပြပြောဆို ခဲ့ကြသည်။ (အကျဉ်းချုပ်ပြီး)

အစည်းအဝေးတက်ရောက်သူများ
-------------
၂။ (S) သြဂုတ်လ ၁၄ ရက် မြန်မာနိုင်ငံ နေပြည်တော်ရှိ အစိုးရဧည့်ဂေဟာတွင် ပြုလုပ်သော Codel Webb နှင့် ဝန်ကြီးချုပ် သိန်းစိန်၊ အခြား အစိုးရ ဝန်ကြီးများ တွေ့ဆုံသော အစည်းအဝေး တက်ရောက်သူများမှာ

ဆီနိတ်တာ ဂျင်ဝက်ဘ်
အထက်လွှတ်တော် အကြီးတန်း ဝန်ထမ်း မာသာ မက်လီလန်ရို့စ်
သံရုံးယာယီတာဝန်ခံ လယ်ရီဒင်းဂါး
DATT ဗိုလ်မှူးကြီး ဘရီ စလုန်း
နိုင်ငံရေး၊ စီးပွားရေး အရာရှိချုပ် ဂျင်နီဖာ ဟာဟိုက်

မြန်မာနိုင်ငံမှ
ဗိုလ်ချုပ်ကြီးသိန်းစိန်-ဝန်ကြီးချုပ်
ဦးသောင်း - သိပံ္ပနှင့် နည်းပညာဝန်ကြီး
ဦးဉာဏ်ဝင်း - နိုင်ငံခြားရေး ဝန်ကြီး
ဗိုလ်မှူးချုပ်ကျော်ဆန်း - ပြန်ကြားရေးဝန်ကြီး
ဗိုလ်မှူးချုပ် ခင်အောင်မြင့် - ယဉ်ကျေးမှုဝန်ကြီး
ဗိုလ်မှူးကြီး သူရိန်ဇော်- အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး
ဗိုလ်မှူးကြီး သန့်ရှင်း- ဝန်ကြီးချုပ်ရုံး အရာရှိချုပ်
ဦးကျော်ကျော် - ညွှန်ကြားရေးမှူးချုပ်၊ စီမံခန့်ခွဲရေးဌာန (Protocol Department)၊ နိုင်ငံခြားရေးဝန်ကြီးဌာန
ဦးရဲလွင် (မှတ်တမ်းလိုက်သူ)

အလည်အပတ် ခရီးစဉ်.. နိုင်ငံတော် အကြီးအကဲနှင့် တွေ့ဆုံခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန် လာနိုင်သည်။
--------------------------------------------- -----------
၃။ (S) ဝန်ကြီးချုပ် သိန်းစိန်က သူ့အနေနှင့် ဆီနိတ်တာ၏ အောင်မြင်မှုများအပေါ် အလွန် ဂုဏ်ယူပါကြောင်း ပြောဆိုကာ ဆီနိတ်တာ ဝက်ဘ်ကို နွေးထွေးစွာ နှုတ်ခွန်း ဆက်ခဲ့သည်။ ဆီနိတ်တာ၏ ခရီးစဉ်ကို အလွန် အရေးကြီးသော ခရီးစဉ် အဖြစ် မြန်မာ အစိုးရက မြင်ပါကြောင်းနှင့် နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခြင်းမှ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန် လာစေမည်ဟု မှတ်ယူပါကြောင်း ၎င်းက ပြောဆိုခဲ့သည်။ အမေရိကန် အစိုးရနှင့် မြန်မာ အစိုးရ အကြား မတူညီမှုများ ရှိသော်လည်း မှန်ကန်သော အခြေအနေများ အောက်တွင် ရှေ့ဆက် လျှောက်နိုင်မည့် လမ်းသစ်တခု ရှိနိုင်ကြောင်း ဆီနိတ်တာ ဝက်ဘ်က ပြန်လည် ပြောကြားခဲ့သည်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများ ဖြစ်လာ လိမ့်မည်ဟုလည်း သူ မျှော်လင့်ကြောင်း ပြောဆိုသည်။

ရှေ့တလှမ်းတိုး၍ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေ ခြင်းအပေါ် ဆီနိတ်တာဝက်ဘ်က မြန်မာ အစိုးရကို ချီးကျူးခဲ့သည်။ ရွေးကောက်ပွဲ ဥပဒေများ အကောင်အထည်ဖေါ်ခြင်း သည် ပြင်ပကမ္ဘာ အတွက် အရေးကြီးသော လက္ခဏာ တရပ်ဖြစ်သည်။ ၎င်းလုပ်ငန်း နယ်ပယ်များတွင် တိုးတက်မှု၊ အခြား ကိစ္စရပ်များတွင် အဖြေရှာမှုများနှင့် အတူ တွေ့ဆုံဆွေးနွေးမှု အသစ်တခု ဖေါ်ဆောင် နိုင်လာလိမ့်မည်။ မြန်မာနိုင်ငံ သည် စိန်ခေါ်ချက်များကို ရင်ဆိုင် နေရကြောင်း နှင့် တိုင်းရင်းသား များစွာရှိသော မြန်မာနိုင်ငံ၏ တည်ငြိမ်မှုသည် ရှုပ်ထွေး နက်နဲသော ကိစ္စဟု သူနားလည်ကြောင်း ဆီနိတ်တာက ပြောဆိုခဲ့သည်။ ဆီနိတ်တာက သူသည် မြန်မာနိုင်ငံ အပေါ် ပြစ်ဒဏ်ခတ်ပိတ်ဆို့မှု အတွက် ချဉ်းကပ်မှု အသစ်တခု လိုအပ်သည်ဟု ပြောဆို ရေးသားခဲ့ကြောင်းနှင့် လွန်ခဲ့သော လများအတွင်း ဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်များကြောင့် အမေရိကန်၏ ဒဏ်ခတ် ပိတ်ဆို့ရေး မူဝါဒကို ပြောင်းလဲရန် ခက်ခဲ သွားကြောင်းလည်း ပြောဆိုခဲ့သည်။

ဆီနိတ်တာက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် မေတ္တာရပ်ခံခြင်း၊ သူ့ကို ဖမ်းဆီးထားမှု အပေါ် မေးမြန်းခြင်း
--------------------------------------------- ---------
၎။ (C) အမေရိကန်နိုင်ငံအတွက် အရေးကြီးသော လက္ခဏာတခုဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ကို တွေ့ဆုံခွင့် ပေးရန် ဆီနိတ်တာ ဝက်ဘ်က ဝန်ကြီးချုပ်ကို တောင်းဆိုခဲ့သည်။ မည်သည့် အတွက်ကြောင့် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဆက်ထားရန် လိုသနည်းဟု ဆီနိတ်တာက ဝန်ကြီးချုပ်ကို မေးခွန်း ထုတ်ခဲ့ပြီး မြန်မာ အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပေါ် ဆက်ဆံမှုအပေါ် မူတည်၍ ကမ္ဘာ့ နိုင်ငံများစုက မြန်မာ အစိုးရ အပေါ် သဘောထား ချမှတ် ကြသည်ဟုလည်း သူက ဖြည့်စွက် ပြောဆိုခဲ့သည်။

၅။ (C) ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော တရားခွင် ပြီးဆုံးသွားပြီးဖြစ်ကြောင်း စီရင်ချက် ကိုလည်း ဥပဒေနှင့် အညီ ချမှတ် ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြန်လည် ဖြေကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေ ကိစ္စသည် ပြည်တွင်း ရေးသက်သက်သာ ဖြစ်သည်။ သူ့ကို အနိမ့်ဆုံးပြစ်ဒဏ် ၃ နှစ်သာ ချမှတ်ထားသည်။ (နအဖ) က ယင်းပြစ်ဒဏ်ကို လျှော့ချ ပေးထားပြီး သူ့အနေဖြင့် နေအိမ်တွင် ကျန်ရှိသော ၁၈ လကို ကျခံရမည် ဖြစ်သည်။ အကယ်၍ ချမှတ်ထားသည့် စည်းမျဉ်းကို လိုက်နာပါက ပြစ်ဒဏ်ကို နောက်ထပ် လျှော့ချ ပေးမည်ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်၏ ဇူလိုင် ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးခဲ့သည်မှာ သူလာစဉ်က တရားခွင် အပြီး မသတ်သေးသောကြောင့် ဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆက်ပြောသည်။ ယခုအချိန်တွင် အခြေအနေ မတူတော့သောကြောင့် မြန်မာ အစိုးရက ဆီနိတ်တာ၏ မေတ္တာ ရပ်ခံချက်ကို လိုက်လျော ခွင့်ပြုခဲ့သည်။ ဝက်ဘ်က သူ့အနေနှင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ လမ်းသစ်တခု ရှာဖွေရန် စိတ် ဝင်စားကြောင်းနှင့် အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို လူထုနှင့် ကင်းဝေးစွာ ထားပါက ရွေးကောက်ပွဲကို "ပွင့်လင်းသော" ရွေးကောက်ပွဲအဖြစ် ကမ္ဘာမှ လက်ခံရန် ခက်ခဲသည်ဟု ဖြည့်စွက် ပြောဆိုခဲ့သည်။

ထိန်းသိမ်းခံထားရသော အမေရိကန်နိုင်ငံသားကို ပြန်ပို့ရန် အားထုတ်ခြင်း
-----------------------------------

၆။ (C) ချစ်ကြည်ရေးလုပ်ရပ်အနေနှင့် အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို ပြန်လွှတ်ပေးရန် နှင့် နေရပ်ရင်း ပြန်ပို့ရန် ဆီနိတ်တာ ဝက်ဘ်က တောင်းဆိုခဲ့သည်။ ယက်တော၏ လုပ်ရပ်အပေါ် သူ့အနေနှင့် မကာကွယ်ကြောင်း၊ သို့သော် ၎င်းအမေရိကန် နိုင်ငံသား၏ ဆိုးဝါးနေသော ကျန်းမာရေးကို အလေးအနက် ပြုပေးရန် ဆီနိတ်တာက ပြောဆိုခဲ့သည်။ ယက်တောသည် ၎င်းကျူးလွန်ခဲ့သော ပြစ်မှုအတိုင်း အပြစ်ပေး ခံထားရသည်ဟု ဝန်ကြီးချုပ်က ပြန်လည် ဖြေကြားခဲ့သည်။ ယင်းကဲ့သို့ ပြစ်မှုများကို အစိုးရ လုပ်ထုံး လုပ်နည်းများ အတိုင်း လုပ်ကိုင်ကြောင်း၊ သို့သော် အစိုးရ အနေဖြင့် မေတ္တာရပ်ခံချက် အပေါ် သေချာစွာ စဉ်းစားပေးမည်ဟု ဝန်ကြီးချုပ်က ကတိပြုခဲ့သည်။

မြန်မာအစိုးရက ပိုမိုကောင်းမွန်သော နှစ်နိုင်ငံဆက်ဆံရေးရရှိရန် အားထုတ်ခြင်း
--------------------------------------
၇။ (C) နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးကို လွတ်လပ်ရေး မရခင် ၁၉၄၇ မှပင် စတင် တည်ဆောက်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။ ဒုတိယ သမ္မတ နစ်ဆင်သည် ၁၉၅၈ တွင် လာလည်ခဲ့ပြီး ၁၉၈၅ တွင် နောက်တကြိမ် လာခဲ့သည်။ ၁၉၆၆ တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဝါရှင်တန်သို့ တရားဝင် သွားရောက် လည်ပတ်ခဲ့သည်။ ဆီနိတ်တာများ ဖြစ်သော မက္ကိန်း နှင့် ကယ်ရီတို့လည်း လာရောက် လည်ပတ် ခဲ့ဖူးသည်။ မြန်မာနိုင်ငံသည် ၁၉၈၈ မတိုင်ခင်က အမေရိကန် နိုင်ငံထံမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်ရေး၊ ဘိန်းတိုက်ဖျက်ရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် လူသား အရင်းအမြစ် အကူအညီများ ရရှိခဲ့သည်။ နာဂစ်မုန်တိုင်း တိုက်အပြီး အမေရိကန် နိုင်ငံက အရေးပေါ် အကူအညီများ ရက်ရက်ရောရော ထောက်ပံ့ ပေးခဲ့သည့် အတွက် မြန်မာနိုင်ငံက ကျေးဇူး တင်ရပါသည်။ မြန်မာ အစိုးရသည် ဒုတိယ ကမ္ဘာစစ် အတွင်းက ကျန်ရစ်ခဲ့သော အမေရိကန် ရုပ်ကြွင်းများကို ကြိုးစားရှာဖွေ၍ ပြန်လည် ပို့ဆောင်ပေးနေသည်။

၈။ (S) မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေခြင်းကို ယုံကြည်ကြောင်း အပြုသဘော ဆက်ဆံရေး ရရှိရန်အတွက် အားထုတ်ကြောင်း နှင့် နိုင်ငံအားလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေးရရှိရန်လည်း အားထုတ်ကြိုးပမ်းနေကြောင်း သိန်းစိန်က ပြောဆိုခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံက ယခင်အမေရိကန်ဆိုင်ရာ သံအမတ်ဟောင်း၊ ယခု သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း (အစည်းအဝေးပါဝင်သူ) ကို ဝါရှင်တန်နှင့် ဆက်ဆံရေး တာဝန်ခံ အဖြစ် ရွေးချယ်ထား ကြောင်း သူက ဆက်လက် ပြောဆိုသည်။ အမေရိကန် နိုင်ငံနှင့် မြန်မာနိုင်ငံသည် ယခင်က ဆက်ဆံရေးအလွန် ကောင်း မွန်သော နိုင်ငံနှစ်ခု ဖြစ်ခဲ့ကြောင်း၊ မြန်မာ အစိုးရသည် တိုက်ရိုက် ဆက်သွယ်မှုနှင့် တွေ့ဆုံ ဆွေးနွေးမှုကို လိုလားကြောင်း ဝန်ကြီးချုပ်က ထုတ်ဖေါ် ပြောဆိုခဲ့သည်။

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အထူးကိုယ်စားလှယ် ဂန်ဘာရီတို့၏ အား ထုတ်မှုများသည် တိုက်ရိုက် ဆက်သွယ်မှု မဟုတ်ကြောင်း "အမေရိကန် အစိုးရသို့ ကျေးဇူးပြု၍ ပြောပေးပါ" မြန်မာ အစိုးရက အမေရိကန် အစိုးရနှင့် တိုက်ရိုက် ဆံဆက်ဆံရေး ကိုသာ လိုလားကြောင်း ဝန်ကြီးချုပ်က ဆီနိတ်တာ ဝက်ဘ်ကို အကြံပြု ခဲ့သည်။ (မှတ်ချက်။ သီးခြား တွေ့ဆုံမှုတွင် နိုင်ငံခြားရေးရုံး စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်က ဦးသောင်းသည် ဝါရှင်တန်နှင့် တိုက်ရိုက် စကားပြောဆိုရေး အတွက် အဆင်သင့် ရှိနေကြောင်း သံရုံး ယာယီ တာဝန်ခံကို ပြောဆိုခဲ့သည်။ မှတ်ချက်ပြီး) မြို့တော် နှစ်ခုလုံးတွင် နှစ်နိုင်ငံလုံးက သံအမတ်အဆင့် ကိုယ်စားလှယ်များ တိုးမြှင့် ထားရန် ဝန်ကြီးချုပ်က အကြံပြုတင်ပြ ထားသည်။

တည်ငြိမ်ရေး၊ လုံခြုံရေးအပေါ် စစ်အစိုးရအမြင်
------------------------------------------
၉။ (C) ဝန်ကြီးချုပ်က စကား အခြေအတင် ငြင်းခုံပြောဆိုခြင်းကို ရှောင်ရှားသည်။ သို့သော် စစ်အစိုးရ၏ သုံးနေကျ စကားများ အတိုင်း မြန်မာနိုင်ငံ၏ မတူကွဲပြားသော တိုင်းရင်းသား နောက်ခံနှင့် တည်ငြိမ်မှုနှင့် လုံခြုံရေး အတွက် လိုအပ်ချက်များ ကိုသာ ထပ်ခါထပ်ခါ ပြောဆိုခဲ့သည်။ စစ်အစိုးရသည် ပြည်သူလူထုကို ဒီမိုကရေစီ ကျင့်စဉ်များနှင့် ပတ်သက်၍ ပညာပေး နေပြီး ပြဿနာ များကိုလည်း အကောင်းဆုံး ဖြစ်အောင် ဖြေရှင်း ပေးနေသည်ဟု ဆိုသည်။ အစိုးရ အနေဖြင့် လူတဦး (ဝါ) အဖွဲ့တဖွဲ့တည်း အပေါ်သာ အာရုံစိုက်၍ မရဘဲ အားလုံး ပါဝင်လာအောင် ဆောင်ရွက်ရမည်။ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ စသဖြင့် အရာ အားလုံးသည် ချိတ်ဆက်နေသည်။ ငြိမ်းချမ်းရေးနှင့် တည်ငြိမ် အေးချမ်းရေး အတွက် လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းမှု မြန်မာနိုင်ငံတွင် ရှိရမည်ဟု ဝန်ကြီးချုပ်က အလေးအနက် ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ်က ရင်းနှီးမြုပ်နှံမှုများလာရောက်ရန် တောင်းဆိုခြင်း၊ ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုကို ဝေဖန်ခြင်း
---------------------------------------------
၁ဝ။ (C) စီးပွားရေးနှင့် ပတ်သက်၍ ကမ္ဘာအဝှမ်း ဘဏ္ဍာရေးအကျပ်အတည်းနှင့် ပြစ်ဒဏ်ခတ် ပိတ်ဆို့ မှုများက မြန်မာ့ စီးပွားရေး အပေါ် သက်ရောက်မှု ရှိကြောင်း ဝန်ကြီးချုပ်က မှတ်ချက်ချ ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အခြေခံ တိုင်းပြည်တခု ဖြစ်၍ လူထုကို ကျွေးမွေးရန် ဆန်စပါး အလုံအလောက် ထုတ်လုပ်ကာ ပိုသည့် ကုန်ပမာဏကို နိုင်ငံခြားသို့ တင်ပို့သည်။ သို့သော် အစားအစာ လုံခြုံမှု သာမက မြန်မာနိုင်ငံသည် စက်မှု ဖွံ့ဖြိုးမှုရှိရန် လိုအပ်သည်။ တိုင်းပြည်တွင် သံယဇာတများ ရှိကြောင်း သို့သော် ပြင်ပ ရင်းနှီးမြုပ်နှံမှုနှင့် နည်းပညာ အကူအညီ လိုအပ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ အနောက်နိုင်ငံ၏ ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုများသည် ဆင်းရဲမွဲတေမှုကို ပိုဖြစ်စေကြောင်း ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဟန့်အတား ဖြစ်စေသည့် အပြင် အနောက်နိုင်ငံများ အပေါ် အမုန်းပွားမှုကိုသာ ဖြစ်ပေါ်စေသည်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုသည် နိုင်ငံရေးအရ တည်ငြိမ်မှုနှင့် ဒီမိုကရေစီသို့ ဦးတည် စေသည်ဟု ဆိုသည်။

ရွေးကောက်ပွဲသည် လွတ်လပ်သော၊ တရားမျှတသော၊ အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲဖြစ်မည်။
---------------------------------------
၁၁။ (C) အီရတ်နှင့် အာဖဂန်တိုင်းပြည်များကပေးသော သင်ခန်းစာဖြစ်သည့် " ဒီမိုကရေစီကို အလျင် အမြန် မဖေါ်ဆောင်နှင့်" သင်ခန်းစာကို မြန်မာနိုင်ငံက လေ့လာထားပြီး ဖြစ်ကြောင်း ပြောဆိုကာ စစ်အစိုးရ၏ "ဒီမိုကရေစီ လမ်းပြမြေပုံ"ကို ဝန်ကြီးချုပ်က ရှင်းပြခဲ့သည်။ အခြေခံဥပဒေကို လူထု ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက လက်ခံ အတည်ပြု ထားပြီး ဖြစ်သည်။ ၂ဝ၁ဝ တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်သော၊ တရားမျှတသော၊ အားလုံး ပါဝင်နိုင် သော ရွေးကောက်ပွဲ ဖြစ်ရမည်ဟု ဝန်ကြီးချုပ်က အကြောက် အကန် ပြောဆိုခဲ့သည်။ နိုင်ငံရေး ပါတီဥပဒေနှင့် ရွေးကောက် ပွဲဥပဒေများ မကြာခင် ထွက်လာလိမ့်မည်။ "သတ်မှတ်ချက်နှင့် လျော်ညီသော" ပါတီများအားလုံး ဝင်ရောက် ယှဉ်ပြိုင်ကြ မည် ဖြစ်သည်။ ဝန်ကြီးချုပ်က ဆီနိတ်တာ ဝက်ဘ်အား နောက်တခါ ပြန်လာ လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ပြီး သမ္မတကြီး အိုဘားမားထံသို့လည်း ဆုမွန်ကောင်း တောင်းလိုက်ကြောင်း ပြောဆိုခဲ့သည်။

ဆီနိတ်တာဝက်ဘ်။ အမေရိကန်နှင့် မြန်မာနှစ်နိုင်ငံတွဲဖက်အလုပ်လုပ်ကိုင်နိုင်သည်။
--------------------------------------------- --
၁၂။ (C) အိုဘားမားအစိုးရသည် မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ပြန်လည်သုံးသပ် နေကြောင်းနှင့် နိုင်ငံခြားရေး ဝန်ကြီး ဆီနိတ်တာ ကလင်တန်၊ အိုဘားမားနှင့် မြန်မာ့အရေးနှင့် ပတ်သက်၍ သူ ဆွေးနွေးမှုများစွာ လုပ်ခဲ့ကြောင်း ဆီနိတ်တာ ဝက်ဘ်က တုံ့ပြန် ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံသို့ သူ ယခု လာရောက်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံမှုကို မတူညီသော လမ်းကြောင်းပေါ်သို့ ကူညီ ပြောင်းလဲပေးရန် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အချို့ ကိစ္စရပ်များကို ဖြေရှင်း ပြီးသည်နှင့် အမေရိကန်နှင့် မြန်မာနိုင်ငံသည် မိတ်ဆွေ ပြန်ဖြစ်ရမည့် အခြေအနေများ ရှိပြီးသား ဖြစ်သည်။ နှစ်နိုင်ငံ စလုံးသည် အင်္ဂလိပ် ကိုလိုနီဖြစ်ခဲ့ပြီး တိုင်းရင်းသား များစွာရှိသည်။ မတူ ကွဲပြားမှုသည် စိန်ခေါ်ချက်တခု ဖြစ်သလို ခွန်အား တခုလည်း ဖြစ်သည်။ ၁၉၄၇ ကတည်းက စ၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခြေအနေကို သူသိရှိကြောင်း တရုတ်နိုင်ငံဘက်က နှစ်ကြာရှည်စွာ ရှုပ်ထွေးမှုများ ရှိခဲ့သည်ကိုလည်း သူသိရှိသည်ဟု ဆီနိတ်တာက ပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် အတူတကွ တွဲဖက် လုပ်ကိုင်ကြောင်းနှင့် အမေရိကန် အနေဖြင့်လည်း ဒေသအတွင်း ချိန်ခွင်လျှာကို ထိန်းပေးနိုင်ကြောင်း ဆိုသည်။

၁၃။ (C) တိုင်းပြည်တပြည်သည် ဒီမိုကရေစီထွန်းကားစေရေးအတွက် ဖွံ့ဖြိုးတိုးတက်မှု လိုသည် ဆိုသော ဝန်ကြီးချုပ်၏ ဆိုလိုရင်းကို ဆီနိတ်တာက အသိအမှတ်ပြု လက်ခံခဲ့သည်။ သူ့အနေဖြင့် အစိုးရနှင့် အမေရိကန် အခြေစိုက် ဗီယက်နမ်များ အကြား ပေါင်းကူးတံတား အဖြစ် သူထမ်းဆောင် ပေးခဲ့ရသည်များကို ဆီနိတ်တာက ရည်ညွန်း ပြောဆိုခဲ့သည်။ သူ့၏ ၂ဝ၁ဝ အလွတ်သဘော မြန်မာ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံနှစ်ခုကို နှိုင်းယှဉ် လေ့လာခဲ့သည်။ ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုကြောင့် သူနှင့် နီးစပ်သော မိတ်ဆွေ တဦးသည် မြန်မာနိုင်ငံမှ သူ့စီးပွားရေးကို ပိတ်ခဲ့ရပြီး ဝန်ထမ်းများလည်း အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရသည်ဟု ဆီနိတ်တာက ပြောဆိုခဲ့သည်။ အကယ်၍ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ခဲ့ပါက မြန်မာနိုင်ငံ သားများသည် ထိုထက် ကောင်းမွန်သော ဘဝများကို ပိုင်ဆိုင်ခွင့် ရနိုင်သည်။ အမေရိကန် အစိုးရ၏ ယုံကြည် ထောက်ခံမှုများ ရနိုင်သော အကြောင်းအရာများကို မြန်မာအစိုးရက ဖြေရှင်း ဆောင်ရွက် သင့်သည်ဟု ဆီနိတ်တာက ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က ဆီိနိတ်တာ၏ ခရီးစဉ် အတွက် ကျေးဇူး တင်ရှိပါကြောင်းနှင့် "ခင်ဗျား အခုတင်ပြတဲ့ အချက်တွေကို ကျနော်တို့ဘက်က စဉ်းစားပါမည်" ဟုလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ကိုယ်ရေးအချက်အလက်မှတ်စု
---------------
၁၄။ (C) ဦးသောင်းသည် လက်ရှိတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် နေသည်။ ၁၉၉၁ မှ ၁၉၉၆ အထိ အမေရိကန် ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ထမ်းဆောင်ခဲ့ပြီး ကနေဒါဆိုင်ရာ သံအမတ် အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။ ၎င်းသည် အလုပ်သမား ဝန်ကြီးနှင့် စက်မှု - ၁ ဝန်ကြီးအဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။ သတ္တုတူးဖော်ရေး၊ စက်မှုလုပ်ငန်းနှင့် ပတ်သက်သော အစိုးရ တာဝန်များစွာကို ထမ်းဆောင်ဖူးသည်။ သူသည် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် အတူ စစ်တက္ကသိုလ် တပတ်စဉ်တည်း အတူတူ ဆင်းခဲ့သည်ဟု ဆိုသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ စိတ်ဓာတ် စစ်ဆင်ရေး ဌာနတွင် အတူတကွ တာဝန် ထမ်းဆောင်ခဲ့သည်ဟု ယုံကြည်ရသည်။ လေ့လာ အကဲခတ်သူ အများစုက ၎င်းသည် ထိပ်ပိုင်း ခေါင်းဆောင် နှစ်ဦးစလုံးနှင့် နီးစပ်သော အတွင်းလူ တယောက်ဟု ဆိုသည်။

၁၅။ (SBU) Codel Webb က ယင်းသတင်းအချက်နှင့် ပတ်သက်၍ ရှင်းလင်းပေးရန် ငြင်းဆန်ခဲ့သည်။

VAJDA


Ref: မဇ္ဈိမ

Read More...

Wednesday, January 5, 2011

ငါးစီးရှင်ကျောက်ဆည်၏ ကာချင်း

January 05, 2011


(နိဒါန်း)
ကျွန်ုပ်ကို လူထုက ဘုရင်ရူး၊ မင်းတြားရူး၊ မယားကြောက်ရူး၊ အာဏာရူး၊ ယတြာရူး။ ပါဝါရူး၊ ဥစ္စရူး စသဖြင့် အရူးပဒေသာ ဘွဲ့ကို ပေးအပ် ထားရုံ သာမက ပေါတာကြီး၊ မြုံစိစိနဲ့ ထုံပေပေကြီး လူရမ်းကားကြီး စသဖြင့်လည်း ထောပနာ ပြုကြပေသည်။ ကျွန်ုပ်သည် စစ်တိုက်ဖို့နဲ့ လွှတ်မိုက်ဖို့ပဲ သိသူအဖြစ် ထင်ရှားလင့်ကစား ကျွန်ုပ်၏ ရင်တွင်းဝယ် အနုပညာ စိတ်လည်း ကိန်းအောင်း နေပေသည်တမုံ့။ အားလပ် ချိန်များတွင် ဂိမ်းကစားခြင်း၊ ကြွက်နှင့်ကြောင် ကာတွန်းကားကို တရှိုက်မက်မက် ကြည့်ရှု အားပေးခြင်း သာမက ရံဖန်ရံခါ တေးသီချင်း ရေးစပ် ခြင်း စာကဗျာ ရေးစပ်ခြင်းကိုလည်း ၀ါသနာ ထုံကြောင်းကိုကား သိသူ အလွန် နည်းပေသည်။

ကျွန်ုပ်သည် မကြာတော့သော အချိန်ကာလတွင် ဘ၀နေ၀င်ချိန်ရောက်ရှိတော့မည့် အဖြစ်ကို ကစင့်ကလျား သတိ ပြုမိခြင်းနှင့် အတူ မင်းတြားကြီး အဖြစ်မှ မကြာမီ သိုးဆောင်း စကားဖြင့် (ရီတိုင်းယာ) ခေါ် အနားယူ အနိုင် ပိုင်းတော့မည်ဟု ဆုံးဖြတ်ချက် ချထားပြီး ဖြစ်ပေသည်။

အလျဉ်းသင့်၍ ဖေါ်ပြရလျှင် ကျွန်ုပ် ဤလောကမှ အနားယူသင့်ပြီ မှန်သော်လည်း ကျွန်ုပ်ဖြစ်ချင်သော အရာ တခုက ရှိနေပေသည်။ ယင်းမှာ ကျွန်ုပ်သည် ဆင်ဖြူငါးစီးကို ပိုင်ဆိုင် ထားလင့်ကစား ဆင်ဖြူခြောက်စီး သာ ပိုင်ဆိုင်ခဲ့သော် ရှေးရှေး မင်းတို့ ထက် သာလွန်အောင် ခြောက်စီးရှင် မင်းတြားကြီး ဟု သမုတ် ခေါ်ဝေါ် ခံလိုခြင်း ဖြစ်ပေသည်။ ပမာပြရသော် အကယ်ဒမီ ငါးဆု ရထားသူက ၆ ဆု ရယူလိုသည့် ဆန္ဒကဲ့သို့ သာတည်း။ ကျွန်ုပ်ကို အများ က “ခြောက်စီးရှင် မင်းတြားကြီး” “ခြောက်စီးရှင် မင်းတြားကြီး” ဟု ခေါ်ဝေါ်ခဲ့သော် မည်မျှ နားဝင် ချိုပေမည်နည်း။ မည်မျှ နားအရသာ ရှိပေမည်နည်းဟု “ခြောက်စီးရှင် မင်းတြားကြီး” ဘ၀ကို ဖြစ်လိုသည့် အာသီသ ရှိကြောင်းကို ၀န်ခံလိုပေသည်။ (စကားချပ်)

ရှိစေတော့..။ “ခြောက်စီးရှင် မင်းတြားကြီး” ဖြစ်မို့ ဆိုသည်မှာ မျှော်လင့်ချက် အလွန်နည်းပေသည်။ ရာဇ၀င်တွင် ငါးစီးရှင် မင်းတြားတို့သည် ငါးစီး ပိုင်ဆိုင်ပြီး မကြာမီ ထီးနန်း စွန့်ရသူချည်း ဖြစ်ပေရာ ကျွန်ုပ်လည်း ထီးနန်း စွန့်ရတော့မည့် အဖြစ်ကို သဘာဝ ကျကျ နားလည် လက်ခံထားပြီး ဖြစ်ပေသည်။

ထိုသို့ ထီးနန်းမစွန့်ခင် ကျွန်ုပ် အကြောင်းကို နောင်လာနောင်သားများ ပြောဆိုကြရာတွင် “ငါးစီးရှင်ကျော်စွာ” သည် ကာချင်း များကို ရေးသား ခဲ့သလို “ငါးစီးရှင် ကျောက်ဆည်” သည်လည်း ကာချင်းများ ရေးသား ခဲ့ပေသည် ဟု သမိုင်း တွင်ချင်သဖြင့် ကျွန်ုပ်သည် ကဗျာများကို လေ့လာ ဖတ်ရှုကာ ကာချင်းများ ရေးသား နိုင်အောင် အားထုတ် ခဲ့ ပေသည်။ ပင်းယခေတ်တွင် ကာချင်း ပေါ်ခဲ့သလို မင်းရွ ခေတ်တွင်လည်း ကာချင်း ပေါ်ခဲ့ချင်ပေသည်။ ထို့ကြောင့် ကျွန်ုပ်ကြိုးစား အားထုတ်ခဲ့ပါသည်။

မင်းရွခေတ် ငါးစီးရှင် ကျောက်ဆည်မင်း ရေးသားသော ကာချင်းကို အောက်ပါအတိုင်း မှတ်တမ်းတင် အပ်ပါသည်။ အယ်ဒီတာ မင်းတို့ ဖေါ်ပြကြ ပါကုန်။ (စာမူခလည်း ပေးကြပါကုန်။ ဤကား စကားချပ်-ဟီဟိ)

ကာချင်းကို ရွတ်ဆိုရာတွင် ဇာတိမာန် တက်ကြွအောင် ရှေးက လက်တဖက်က ကာကို ကိုင်၍ အခြားလက်တ ဖက်တွင် ဓါး၊ လှံကို ကိုင်ကာ သီဆိုခဲ့ပေရာ ရဲတော်တို့က သေနတ်ကိုင်၍ သီဆိုကြပါကုန်..။


မင်းရွေခေတ်-- ငါးစီးရှင် ကျောက်ဆည်၏ ကာချင်း


ချာဝတိံသာ နန့်ရွာလော ငရဲရွာလော ဟုတ်တည်း ချုပ်ကြီး ချုပ်ကြီး

ဟုတ်တည်း ချုပ်ကြီး ချုပ်ကြီး

ကြပ်ပြေးဟူသည် ပူသည်ပူသည်။

ကြပ်ပြေးနေပြည် ပူအိုက်နေ ကာရာအိုကေ အရက်ပေါကြွယ်

စစ်ဗိုလ်မူးမူး ခွေးကမြူး ဖုန်ထူဖာပေါတယ် ဖာပေါတယ်

ညချမ်းခါကို ပါတီဆို ခွက်ပုန်းမော့ကြမယ် မော့ကြမယ်

လျှပ်စစ်မီးဆို ထိန်ထိန်ပို တို့တွေ ပျော်ကြတယ် ပျော်ကြတယ်

တပ်မတော်နေ့ဆို ကညာပျို မော်ဒယ်မလေးရယ် မလေးရယ်

ကမြူးဟစ်ခုန် ကဲကြပုံ တော်သလင်းလသို့နှယ် လသို့နှယ်။

စုကြ၀ိုင်းအုံ ကတော်စုံ ပိုကာဆွဲကြတယ် ဆွဲကြတယ်။

သားနှင့်မြေးစုံ ပျော်ကြပုံ ရာဘဆေးချတယ် ဆေးချတယ်။

မကောင်းလော မသိလော မတွေ့လော..။

တိုင်းပြည်တွင်းမှာ ဆူသည် ဆူသည်။

မုန်းတိုင်းတိုက်လေ ရေကြီးလေ လူတွေသေကြတယ် သေကြတယ်။

မြို့ရွာအနှံ့စုံ မကြာမကြာကို အလွန် ဗုံးပေါက်တယ် ဗုံးပေါက်တယ်။

သွေးလွန်တုပ်ကွေး ကြက်တုပ်ကွေး လူနာတွေပေါကြွယ်

ဝမ်းလျှောဖျားနာပုံ ရောဂါစုံ အလွန်ထိတ်လန့်ဖွယ် ထိတ်လန့်ဖွယ်

သူခိုးဓါးပြစုံ ခါးပိုက်နှိုက် အစုံ လူလိမ်တွေပေါကြွယ် အလွန်ပေါကြွယ်

ဘုန်းကြီးဆွမ်းခံ မြင်ရပြန် လှူရန် ရှားလှတယ် ရှားလှတယ်

မြို့ရောတောမကျန် မီးကမမှန် မှောင်နဲ့မည်းမည်းရယ် မည်းမည်းရယ်

စားနေ၀တ်ဒဏ် အလူးအလဲခံ ထမင်းရည်သောက်ကြတယ် သောက်ကြတယ်

မကောင်းလော မသိလော မတွေ့လော..။

ရွေးကောက်ပွဲမှာ လိမ်သည် လိမ်သည်

ရွေးကောက်ပွဲသံ ဆူညံညံ လူတွေရယ်ကြတယ်။

ချော့ခြောက်ပေးဘုန်း မဲစည်းရုံး ကြံ့ဖွတ်လုပ်နေတယ် လုပ်နေတယ်

လမ်းတ၀က်ခင်းကာ မဲထည့်ပါ မဲရမှလမ်းခင်းပေးမယ် ခင်းပေးမယ်

မဲပေးကြလျှင် ဗလီပင် ယခုပင် ဆောက်ပေးမယ် ဆောက်ပေးမယ်

မဲမပေးလျှင် သိစေချင် အလုပ်တွေ ဖြုတ်ပစ်မယ် ဖြုတ်ပစ်မယ်

မဲမပေးကြရန် အတိုက်အခံ ပြောရင် ဖမ်းချုပ်မယ် ဖမ်းချုပ်မယ်

လမ်းခွဲထွက်သွား ဒီမိုသမား ညစ်သမျှ ခံရတယ် ခံရတယ်

ကြံ့ဖွတ်ဆိုလျှင် လူတိုင်းချဉ် မိုက်ရင်မဲပေးကွယ် မဲပေးကွယ်

မလိမ်လော မညာလော မညစ်လော

တို့တိုင်းပြည်ရွာ တို့မြန်မာတို့ စစ်ကျွန်ဖြစ်ကာ မစည်းရုံးပါ၍ ခံရသည်ချည်း ခံဖက်တည်း။


ငါးစီးရှင် ကျောက်ဆည်



Read More...

ရွှေကလောင် (SKL) ဘွဲ့ပေးချင်တယ်

လူထုစိန်ဝင်း

''ပြည်သူတွေ တာဝန်ကျေဖို့ လိုတယ်'' နိုင်ငံရေးသမားတွေ ဟောတာပြောတာ နားထောင်ရတဲ့ အခါ ဖြစ်စေ၊ ခေတ်ပေါ် ဒီမိုကရေစီ မဟာ ပညာကျော်တွေ ရေးတဲ့ စာတိုစာရှည်တွေကို ဖတ်ရတဲ့အခါ ဖြစ်စေ၊ ပြည်သူတွေ တာဝန်ကျေပါ။ ကိုယ့်တာဝန် ကိုယ်သိပါ ဆိုတဲ့ စကားတွေကို ထပ်ခါထပ်ခါ ကြားရတယ်။

ကြားရတဲ့အခါတိုင်း နားကလောပြီး ဖတ်ရတဲ့ အခါတိုင်း မျက်စိနောက်မိတယ်။ 'ငပြူးကများ ပြဲရတယ်ရှိသေး'လို့ အမြဲ ပါးစပ်က ထွက်လာလေ့ ရှိတယ်။ တကယ်တမ်း ကိုယ့်တာဝန်ကိုယ် သိပြီး တာဝန်ကျေရမှာက သူတို့လေ။ ခေတ်တိုင်း ခေတ်တိုင်းမှာ မြန်မာပြည်သူ လူထုက တာဝန်မကျေခဲ့တာ ဘယ်မှာရှိလို့လဲ။ နယ်ချဲ့တပ်တွေ ရတနာပုံ နေပြည်တော်ကို သိမ်းဖို့ ကြည်းကြောင်း၊ ရေကြောင်း ချီလာတော့ လမ်း တစ်လျှောက်လုံးမှာ ရှိတဲ့ ရွာတိုင်းရွာတိုင်းက ရရာလက်နက် ဆွဲကိုင်ပြီး ခုခံ တိုက်ခိုက်ခဲ့ကြတယ်။ မြင်းခြံ၊ သပြေတန်း၊ အင်းဝ ခံတပ်တွေက ရဲမက် အပေါင်းကလည်း အသေခံပြီး တိုက်ဖို့ အသင့် ရှိနေခဲ့ကြတယ်။ ကင်းဝန်မင်းကြီးက 'အင်္ဂလိပ်တွေကို မခုခံရ၊ ခုခံလျှင် သူပုန်' ဆိုတဲ့ ကြေးနန်းရိုက် အမိန့်ထုတ်လို့သာ မတိုက်ကြရတာ ဖြစ်တယ်။

လက်နက်ချ အညံ့ခံခိုင်း
နေပြည်တော်ကို သိမ်းပိုက်ပြီး ဘုရင်နဲ့ မိဖုရားကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး နောက်မှာလည်း မြန်မာ မျိုးချစ်တွေက အနယ်နယ် အရပ်ရပ်မှာ နယ်ချဲ့ တပ်တွေကို ဆန့်ကျင် တိုက်ခိုက်မြဲ တိုက်ခိုက်ကြတယ်။ အဲဒီအခါ ကင်းဝန်မင်းကြီးနဲ့ အပေါင်းပါများက နယ်ချဲ့ တပ်တွေနဲ့အတူ နယ်တကာ လိုက်ပါပြီး မြန်မာ မျိုးချစ်တွေကို လက်နက်ချ အညံ့ခံဖို့ လှုံ့ဆော် စည်းရုံးခဲ့ကြတယ်။ လက်နက် ချသူတွေကို တိုက်သူကြီး၊ ရွာသူကြီး ရာထူးတွေ ပေးမယ်ဆိုပြီး နားချခဲ့တယ်။ လစာ ရိက္ခာတွေ၊ ဘွဲ့ထူး ဂုဏ်ထူးတွေ ပေးပြီး ဆွယ်ခဲ့ကြတယ်။

ဒီလိုနဲ့ပဲ စစ်ကဲတော်မင်းတို့ သမာဓိမြို့ဝန်မင်းတို့ ဆိုတဲ့ နယ်ချဲ့လက်ပါးစေ အဖြစ် ရောက်သူတွေ ရောက်သွား ကြတယ်။ ကျက်သရေဆောင် ရွှေစလွယ်ရမင်း(KSM)၊ အမှုထမ်းကောင်းမင်း(ATM)၊ တိုင်းကျိုး ပြည်ကျိုးဆောင် (TPS) ဆိုတဲ့ ဘွဲ့ခံတွေလည်း ပေါ်ထွက် လာခဲ့တယ်။ နှစ်လုံးပြူး ဆုချခံရသူ၊ ရွှေဓား ချီးမြှင့် ခံရသူတွေလည်း အများအပြား ရှိလာခဲ့ကြတယ်။

ဆာဘွဲ့အထိ ရခဲ့ကြ
အဲဒီ ဘွဲ့ထူးဂုဏ်ထူးတွေဟာ နယ်ချဲ့အစိုးရက သူတို့အကျိုးကို သစ္စာရှိစွာ ထမ်းဆောင်တဲ့ လက်ပါး စေတွေကို ချီးမြှင့်တာ ဖြစ်တယ်။ နောက်ပိုင်း မြန်မာလူထုရဲ့ လွတ်လပ်ရေး တိုက်ပွဲတွေ အရှိန်အဟုန် ကြီးမား ပြင်းထန်လာတဲ့ အခါကျတော့ ဘိလပ် ရွှေမြို့တော်ကြီးရှိ 'ဂျော့ဘုရင် ရွှေဘုန်းနေကနှုန်းပမာ' ကိုယ်တိုင်က ချီးမြှင့်တယ် ဆိုတဲ့ 'ဆာ' ဘွဲ့ ပေး ခံရသူများတောင် ရှိလာခဲ့တယ်။ ဂဠုန် ဆရာစံနဲ့ အပေါင်းအပါ မျိုးချစ် လယ်သမားတွေ ကိုတော့ ကြိုးစင်ကို ပို့ခဲ့ကြတယ်။ ကိုနုတို့၊ ကိုအောင်ဆန်း တို့လို ကျောင်းသားတွေကို တက္ကသိုလ်က ထုတ်ပစ်ခဲ့တယ်။ သခင် ကိုယ်တော်မှိုင်းကို ရန်သူတော် နံပါတ်တစ်လို့ ကြေညာပြီး ကိုအောင်ဆန်းကို ဆုတော်ငွေငါးကျပ် အထုတ်ခံ ၀ရမ်းပြေး အဖြစ် သတ်မှတ်ခဲ့တယ်။

အမျိုးသားကျောင်းတွေ
ကိုနု၊ ကိုအောင်ဆန်းတို့ ကျောင်းထုတ်ခံရလို့ တက္ကသိုလ် ကျောင်းသားတွေက သပိတ် မှောက်ကြတော့လည်း မိဘ ပြည်သူ တစ်ရပ်လုံးက တစ်ခဲနက် ထောက်ခံကြတယ်။ နောက်တော့ အင်္ဂလိပ်ရဲ့ ကျွန်ပညာအစား သခင်ပညာ သင်ကြားနိုင်ဖို့ အမျိုးသား ကျောင်းတွေ တစ်နိုင်ငံလုံး အနှံ့ ထူထောင် ပေးခဲ့ကြတယ်။ ပြည်သူတွေ ကိုယ်တိုင် ငွေကြေး စိုက်ထုတ်ပြီး ကျောင်းတွေ ထောင်ပေး ခဲ့ကြတာ ဖြစ်တယ်။ သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်ကစပြီး အခကြေးငွေ လုံးဝ မယူဘဲ စေတနာဆရာ အဖြစ် လုပ်ကိုင် ခဲ့ကြတယ်။

အမျိုးသမီးတွေလည်း တိုက်ခဲ့ကြ
အဲဒီနောက် ကိုအောင်ဆန်းတို့ လူငယ်တစ်စု ဘီအိုင်အေ ဖွဲ့စည်း ထူထောင်ပြီး ဂျပန်တွေနဲ့ အတူ ၀င်ရောက် လာတော့လည်း တစ်ပြည်လုံးက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပြီး ယောက်ျားမှန်သမျှ ဘီအိုင်အေ တပ်ထဲ ၀င်ခဲ့ကြတယ်။ တစ်ခါ ဗိုလ်ချုပ် အောင်ဆန်းတို့က ဂျပန်ကိုပြန်ပြီး တော်လှန်ကြ ဆိုတော့လည်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရရာလက်နက် စွဲကိုင်ပြီး တော်လှန်ရေး ဆင်နွှဲခဲ့ကြတယ်။ အမျိုးသမီးတွေလည်း ယောက်ျားတွေနဲ့ တန်းတူ ရင်ပေါင်တန်းပြီး တိုက်ပွဲ ၀င်ခဲ့ကြတယ်။ အဲဒီအချိန်က အင်္ဂလိပ်၊ အမေရိကန် စစ်တပ်တွေတောင် စစ်မြေပြင်မှာ လက်နက်ကိုင် တိုက်ခိုက်တဲ့ အမျိုးသမီး တပ်ဖွဲ့တွေ မရှိသေးပါဘူး။

တိုက်ပွဲခေါ်သံ ပေးသမျှ
စစ်ပြီးခေတ် လွတ်လပ်ရေးအတွက် နိုင်ငံရေးတိုက်ပွဲတွေ ဆင်နွှဲရာမှာလည်း ဗိုလ်ချုပ်တို့ ဖဆပလက တိုက်ပွဲခေါ်သံ ပေးသမျှ တစ်ခဲနက် လိုက်ပါ ထောက်ခံ ခဲ့ကြတာချည်း ဖြစ်တယ်။ နေသူရိန် အစည်း အဝေးကြီး တက်ကြဆိုလည်း အိမ်ရှိလူကုန် လာ တက်ကြတယ်။ ပြည်လုံးကျွတ် သပိတ် တိုက်ပွဲခေါ်သံ ပေးလိုက်တော့လည်း အစိုးရ ၀န်ထမ်း အားလုံး၊ နယ်ချဲ့ လက်အောက်က ပုလိပ်တွေပါ မကျန် သပိတ် မှောက်ခဲ့ကြတယ်။ ပင်လုံ ညီလာခံ လုပ်မယ် ဆိုတော့လည်း တိုင်းရင်းသားတွေပါ စုစည်း ပါဝင်ခဲ့ကြတယ်။ လွတ်လပ်ရေး တိုက်ပွဲ အဆင့်ဆင့်မှာ ပြည်သူ လူထုဘက်က တာဝန် ကျေခဲ့ကြတာချည်း ဖြစ်တယ်။ ခေါင်းဆောင် ကောင်းတွေရဲ့ နောက်က အရိုးကြေကြေ အရေခန်းခန်း တာဝန် သိသိနဲ့ လိုက်ပါလာ ခဲ့ကြတာချည်း ဖြစ်တယ်။

ခေါင်းဆောင်ပိုင်းရဲ့ တာဝန်
လွတ်လပ်ရေးရပြီးနောက်ပိုင်း အမျိုးသား တပ်ပေါင်းစုကြီး ဖြစ်တဲ့ ဖဆပလကြီး ပြိုကွဲသွားတာ၊ ပြည်တွင်း စစ်ကြီး ဖြစ်ခဲ့တာ။ ဖွံ့ဖြိုးဆဲ နိုင်ငံ ဆိုတဲ့ အဆင့်က တက်မလာတာ အားလုံးဟာ ပြည်သူတွေကြောင့် လုံးဝ မဟုတ်ဘူး။ မြန်မာပြည်သူ လူထုဟာ နယ်ချဲ့ လက်အောက်လည်း ကျွန်ဖြစ်ခဲ့ဖူး၊ ဖက်ဆစ် လက်အောက်လည်း ရောက်ခဲ့ဖူး၊ တော်လှန်ရေး တိုက်ပွဲ အလီလီလည်း ဆင်နွှဲခဲ့ဖူး၊ ဖဆပလရဲ့ ပြည်တော်သာ ခေတ်နဲ့ ပြူစောထီး ကိုလည်း ကြုံခဲ့ဖူး၊ ၁၉၆၂ ခုနှစ် အာဏာသိမ်း ကောင်စီ အောက်လည်း ရောက်ခဲ့ဖူး၊ မြန်မာ့ ဆိုရှယ်လစ် ဆိုတာလည်း ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့ အကြုံတွေ၊ စစ်ရေးရော၊ နိုင်ငံရေးပါ ကြွယ်ဝ နေပါတယ်။ ဒါကြောင့် မြန်မာ လူမျိုးတိုင်း ကိုယ့်တာဝန်ကိုယ် သိပ်သိပါတယ်။ ရှေးက တာဝန်ကျေခဲ့ သလို နောင်လည်း တာဝန်ကျေဖို့ အသင့် ရှိပါတယ်။

ရွှေကလောင်ဘွဲ့ပေးချင်
နိုင်ငံရေးသမားတွေက သူတို့ တာဝန်မကျေခဲ့ကြတာတွေ ကိုတော့ ဘာမှ မပြောဘဲ ရေငုံ နှုတ်ပိတ် လုပ်နေခဲ့ကြပြီး ပြည်သူ လူထု ကိုသာ တာဝန် ကျေကြပါ။ တာဝန် သိကြပါလို့ ထပ်ခါတလဲလဲ ပြောနေတာတွေ ကြားရတဲ့ အခါတိုင်း ပါးစပ် ယားလွန်းလို့ မ နည်း ချုပ်တီး ထားရတယ်။ အလားတူပဲ ခေတ်ပေါ် မဟာ ပညာကျော်တွေက နိုင်ငံကြီးသား ပီသကြပါလို့ လျှာအရိုး မရှိတိုင်း တောပြော၊ တောင်ပြော ပြောနေတာတွေ ကြားရတိုင်းလည်း၊ KSM တွေ ATM တွေ TPS တွေကို ပြေးပြေးပြီး သတိ ရလိုက်မိတယ်။ SKL (Shwe Ka Laung ရွှေကလောင်) ဆိုတဲ့ ဘွဲ့ထူး တစ်ခု ထွင်ပြီး ပေးလိုက်ချင်စိတ်တောင် ပေါက်မိတယ်။

မပြုံးဘဲနဲ့ ၀ါးလုံးကွဲရယ်ချင်
သူတို့ပြောပြောနေတဲ့ တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံကြီးတွေက နိုင်ငံကြီးသား ပီသတဲ့ ပြည်သူတွေ တာဝန်သိလို့၊ တာဝန်ကျေလို့ သူတို့ နိုင်ငံကြီးတွေ ချမ်းသာ နေတာ ဆိုတဲ့ အသံတွေ ကြားရတိုင်း 'မပြုံးဘဲနဲ့ ၀ါးလုံးကွဲ' ရယ်ချင် လာရတယ်။ နယူးယောက် ကုလသမဂ္ဂ အဆောက် အအုံကြီး ပတ်ဝန်းကျင်က လမ်းတွေမှာ ညနေ ၆ နာရီကျော်ရင် တစ်ယောက်ထဲ လမ်းမလျှောက် ပါနဲ့လို့ ကုလသမဂ္ဂ လုံခြုံရေး အစောင့်တွေ ညီလာခံ လာတက်သူတွေကို မပြတ် သတိပေး နေရတာ၊ ငြိမ်းချမ်း သာယာနေတဲ့ နိုင်ငံကြီးရဲ့ ပြယုဂ်လား။ ဘရွတ်ကလင် ရပ်ကွက်က လမ်းတွေမှာ ဟီးထနေတဲ့ အမှိုက်ပုံကြီးတွေ၊ မိလ္လာပိုက်ပေါက်က လျှံထွက်ပြီး လမ်းပေါ်မှာ အိုင်ထွန်း နေတာတွေ၊ ကလေးလေးတွေက မူးယစ်ဆေး လိုက် ရောင်းနေတာတွေ၊ လူငယ် ဒုစရိုက်ဂိုဏ်းတွေ အချင်းချင်း ရိုက်ပွဲ သတ်ပွဲကြီးတွေ နေ့စဉ် ဆူညံ နေတာတွေကရော ဒီမိုကရေစီရဲ့ သင်္ကေတတွေလား။

သစ်ပင်လူသားများ
သမ္မတ အိုဘားမားရဲ့မြို့ ချီကာဂို ပန်းခြံကြီး အတွင်းက နှစ်ပေါင်းရာချီ ရှိနေပြီဖြစ်တဲ့ ဧရာမ သစ်ပင်ကြီး အောက်မှာ နေထိုင်ကြတဲ့ အိုးမဲ့ အိမ်မဲ့တွေ ထောင်ချီ ရှိနေတဲ့ အတွက် အဲဒီ 'Tree People' လို့ ခေါ်တဲ့ 'သစ်ပင်လူသား' များ အတွက် မြူနီစပါယ်က စာတိုက် သင်္ကေတတစ်ခု သတ်မှတ်ပြီး စာတိုက်ပုံး ထားပေးရပါတယ်။ အဲဒီနိုင်ငံက သမ္မတ ရွေးကောက်ပွဲနဲ့ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပတဲ့ အခါတိုင်း မဲလာပေးသူ ငါးဆယ်ရာခိုင်နှုန်း ရှိအောင် ပါတီကြီးတွေက သူတို့ ပါတီဝင်တွေကို မနည်းကြီး ဆော်သြ ပေးရပါတယ်၊ အဲဒါ တာဝန် သိတာလား၊ တာဝန် ကျေတာလား။

သနားစရာ
ခေတ်ပေါ် မဟာပညာကျော် (SKL) တွေ ခဏခဏ ချီးမွမ်းပြနေကြတဲ့ အာရှနိုင်ငံ သေးသေးလေးမှာ အိမ်ဖော် မိန်းကလေးတွေကို ရေနွေးပူ လောင်းတာ၊ အပ်တွေ ရိုက်သွင်းပြီး ဆုံးမတာ၊ ဓားနဲ့ အသားကိုမွှန်းပြီး နှိပ် စက်တာတွေ သူတို့ဆီက သတင်းစာ တွေမှာ နေ့စဉ်လိုလို ပါနေပါတယ်။ နိုင်ငံကြီးသား စိတ်ဓာတ်၊ နိုင်ငံကြီးသား ပီသမှုဆိုတာ အဲဒါမျိုးတွေလား။ မြေအောက် ဘူတာရုံမှာ ဓာတ်ငွေ့တွေ လွှတ်ပြီး လူရာပေါင်း များစွာ ဒုက္ခရောက် အောင် လုပ်တာ နိုင်ငံကြီးသား ပီသမှုလား။ မူလတန်း ကျောင်းကလေးထဲ မောင်းပြန် သေနတ်ကြီးနဲ့ ဒလကြမ်း ၀င်မွှေတာ နိုင်ငံကြီးသား စိတ်ဓာတ်လား၊ နိုင်ငံတော် သမ္မတကြီးက အိမ်ဖြူတော်မှာ လုပ်အား လာပေးတဲ့ သူလေးကို မတော်မလျော်ပြုတာ နိုင်ငံကြီးသား အပြုအမူလား၊ ခေတ်ပေါ် မဟာပညာကျော် (SKL) များ ဒါတွေကို မသိဘူးလား။ တော်တော်သနားစရာ ကောင်းတယ်။

လမင်းထိန်ထိန်သာ
မှန်တံခါးတွေ အလုံပိတ်ပြီး လေအေးပေးစက် ဖွင့်ထားတဲ့ အခန်းကြီးထဲက မထွက်ဘဲ မြန်မာပြည်မှာ လမသာဘူးလို့ ညည်းပြပြီး ဒီမိုကရေစီ နိုင်ငံကြီးတွေက လကို လွမ်းနေလို့ ကတော့ ပြည်သူတွေက 'သနားတယ်' လို့ ဟားတိုက် ရယ်သွမ်း သွေးလိုက်ကြမှာ သေချာတယ်။ မနေ့က ဘိလပ်မှာ လမသာဘူး။ နှင်းတွေကျလို့ ဘောလုံးပွဲတွေတောင် ရွှေ့လိုက်ရတယ်။ ရန်ကုန်မြို့ မှာတော့ လမင်းကြီး ထိန်ထိန်သာလို့။

KSM: Kyet thaye Saung Shwe Salwe Ya Min.
ATM: Ahmu Htan Kaung Min.
TPS: Taing Kyo Pyi Kyo Saung



Read More...

လူတိုင်းမှာ စဉ်းစားဖို့ ခေါင်းတစ်လုံး ရှိတယ်

လူထုစိန်ဝင်း

ဒီဆောင်းပါးကို ဆရာ လူထုစိန်ဝင်းက ၂၀၁၀ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်းမှာ ရေးသားခဲ့ပါတယ်။ ဆင်ဆာ (ဖြုတ်) ထိခဲ့တာကြောင့် ဖော်ပြခွင့်မရခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။

‘ မြန်မာတွေ ဒီမိုကရေစီအတွက် အဆင်သင့်ဖြစ်ရဲ့လား’ နိုင်ငံခြားသား မဟုတ်တဲ့ မြန်မာ လူမျိုး တစ်ယောက်ရဲ့ ပါးစပ်က ဒီလိုမေးခွန်းမျိုး ထွက်လာတာ ကြားရတော့ ပြုံးလိုက်မိတယ်။ ‘ ဒီပုတ် ထဲက ဒီပဲတွေချည့် ပါပဲလား’ လို့လည်း ကောက်ချက် ချလိုက်တယ်။

ပညာရေချိန်နိမ့်သေးလို့
‘မြန်မာတွေ လွတ်လပ်ရေးနဲ့ မတန်သေးဘူး’ လွန်ခဲ့တဲ့နှစ်ပေါင်း ခုနစ်ဆယ်ကျော်၊ ရှစ်ဆယ် တုန်းကလည်း ဒီစကားမျိုးတွေ ပြောခဲ့ ကြဖူးတယ်။ နိုင်ငံခြားသား ကိုလိုနီနယ်ချဲ့ သမားတွေက ပြောခဲ့တာ မဟုတ်ဘူး။ မြန်မာ လူမျိုးတွေ ပါးစပ်က ပြောခဲ့ကြတာ။ နယ်ချဲ့ သမားတွေက လက်သပ် မွေးထားတဲ့ ဘိလပ်ပြန်တွေ၊ မြို့အုပ် ၀န်ထောက်တွေက ပြောခဲ့ကြတာ ဖြစ်တယ်။ မြန်မာ လူမျိုးတွေ ပညာရေ နိမ့်ကျနေသေးလို့ ရာနှုန်းပြည့် လွတ်လပ်ရေးနဲ့ မထိုက်တန် သေးဘူး။ ဟုမ္မရူးလို ဘုရင်ခံရဲ့ လက်အောက်ခံ အုပ်ချုပ်ရေးလို စနစ်မျိုးကိုသာ တောင်းသင့်တယ်လို့ ဆိုခဲ့ ကြတယ်။ နယ်ချဲ့ အုပ်ချုပ်ရေး ယန္တရားကြီး တစ်ခုလုံးကို ကိုင်လှုပ်ခဲ့တဲ့ တောင်သူ လယ်သမား သူပုန် ထမှုကြီးကို နယ်ချဲ့ အစိုးရက သောင်းကျန်းသူ ဓားပြတွေလို့ တံဆိပ် တပ်ခဲ့သလို၊ အလို တော်ရိ မြန်မာ အရာရှိတွေ ကလည်း ဘုရင်ရူး ရူးနေသူ တစ်ယောက်ရဲ့ လှုံ့ဆော်မှု နောက်ကို လိုက်ပါ သွားခဲ့ကြတဲ့ ပညာမဲ့ တောသားများရဲ့ သောင်းကျန်းမှုလို့ ခေါ်ခဲ့ကြတယ်။

သေဒဏ်ပေးခဲ့တာ မြန်မာ
ဆရာစံ ခေါင်းဆောင်တဲ့မျိုးချစ် သူပုန်တွေကို ရုံးတင်စစ်ဆေးပြီး သေဒဏ် ပေးခဲ့တာလည်း မြန်မာတွေ ဖြစ်တယ်။ အဲဒီခေတ် ဘိလပ်ပြန် တွေနဲ့ မြို့အုပ် ၀န်ထောက် စတဲ့ ရေပေါ်ဆီ လူတန်းစား အားလုံး လိုလိုက နယ်ချဲ့ အစိုးရ ဆက်လက် အုပ်ချုပ် နေတာကိုပဲ လိုလားကြတယ်။ လွတ်လပ်ရေး ရသွားရင် သူတို့ မျက်စိ ဆံပင်မွှေး စူးနေတဲ့ သခင် ပေါက်စတွေက သူတို့ အထက်က နေပြီး အစိုးရ တက်လုပ် ကြမှာကို နည်းနည်းလေးမှ မရှုဆိတ်နိုင်ကြဘူး။ အဲဒါကြောင့် မျက်နှာဖြူဘုရင်ခံ မင်းကြီးအောက်က ဟုမ္မရူး အဆင့်လောက် ဒိုမီနီယံ အဆင့်လောက်ပဲ တောင်းသင့်တယ်လို့ ပြောခဲ့ကြတာ ဖြစ်တယ်။ မြန်မာတွေ ပညာတတ်အောင် အရင် လုပ်ကြဦးလို့လည်း သြ၀ါဒ ချွေခဲ့ ကြတယ်။

သားမြေးရေပေါ်ဆီတွေ
နယ်ချဲ့ခေတ်လက်ကိုင်တုတ် ရေပေါ်ဆီ လူတန်းစားတွေက လွတ်လပ်ရေးနဲ့ မတန်သေးဘူးလို့ ပြောခဲ့ ကြသလို အခုခေတ် သူတို့ရဲ့ သားမြေး ရေပေါ်ဆီတွေ (အီလစ်)တွေ ကလည်းမြန်မာတွေ ဒီမိုကရေစီနဲ့ မထိုက်တန် သေးဘူးလို့ ပြောဆို နေကြ ပြန်တယ်။ အကြောင်း ပြချက်ကတော့ တစ် သံတည်း အတူ ထွက်ကြတယ် ‘ပညာရေချိန် နိမ့်သေးလို့’ တဲ့။ ပညာတတ်မှပဲ စကားပြောခွင့် ရှိသလို၊ နားကြားခွင့် ရှိသလို ဖြစ်နေတော့တယ်။ အမှန် စင်စစ်တော့ ဒီမိုကရေစီ ဆိုတာ လူတိုင်း လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေး ဖြစ်တယ်။ ပေးမှ ရတာမျိုး မဟုတ်ဘူး။ သဘာဝ တရားက လူတိုင်းကို မွေးကတည်းက စဉ်းစားဖို့ ခေါင်းတစ်လုံး၊ စကားပြောဖို့ ပါးစပ်တစ်ပေါက်၊ နားထောင်ဖို့ နားရွက်တစ်စုံ အပြင် အသက်ရှင် နေထိုင် နိုင်ဖို့ အတွက် လိုအပ်သမျှ အားလုံး ဖန်တီး ပေးလိုက်တယ်။ လူဖြူကိုမှ ပါးစပ် ထည့်ပေးထားပြီး လူမည်း၊ လူညို၊ လူဝါတွေကို ပါးစပ် ထည့် မပေးဘူး ဆိုတာမျိုး မရှိဘူး။

ရေပေါ်ဆီတွေလက်ထဲထားချင်လို့
ဒါဖြင့်ရင် ဘယ်လိုလူမျိုးတွေက ဘာကြောင့် ‘ပညာရေချိန်မြင့်မှ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်’ လို့ ပြောဆို နေကြတာလဲ။ အဖြေက ရှင်းပါတယ်။ ကျေးပိုင် ကျွန်ပိုင်စနစ်ကျင့် သုံးတဲ့ ရှေးရောမ ခေါမခေတ်က ပေါ်ထွန်းခဲ့တဲ့ ‘ပညာရှင် များကသာ တိုင်းပြည်ကို အုပ်ချုပ်သင့်တယ်’ ဆိုတဲ့ အယူ အဆကို စွဲကိုင် ထားသူတွေက ပြောကြတာ ဖြစ်တယ်။ ဒီမိုကရေစီ အယူအဆကို စွဲကိုင်ထားသူ တွေက ပြောကြတာ ဖြစ်တယ်။ ဒီမိုကရေစီစနစ် စတင် ထူထောင်ခဲ့တဲ့ အဲဒီခေတ် အခါက မိန်းမ တွေနဲ့ ကျွန်တွေဟာ မဲပေးခွင့် မရှိခဲ့ကြဘူး။ ဂုဏ်သရေရှိ သခင် လူတန်းစား ယောက်ျား တွေပဲ မဲပေးခွင့်၊ အုပ်ချုပ်ခွင့် ရှိတယ်။ နယ်ချဲ့ခေတ် ဒေသန္တရ အုပ်ချုပ်ရေး ရွေးကောက်ပွဲတွေ မှာလည်း မြေပိုင်၊ ယာပိုင်၊ အိုး ပိုင်၊ အိမ်ပိုင်နဲ့ အလုပ်အကိုင် ရှိသူတွေ သာ မဲပေးခွင့် ရှိခဲ့တယ်။ အကြောင်း ကတော့ နိုင်ငံသားအားလုံး တန်းတူညီမျှ အခွင့်အရေး မပေးလိုဘဲ အုပ်ချုပ်ရေး အာဏာကို ရေ ပေါ်ဆီ လူတန်းစား ကသာ ချုပ်ကိုင် ထားလိုတဲ့ သဘော ဖြစ်တယ်။

ဘ၀ပေးအသိ
ဘယ်ခေတ်က ဘယ်အခါမဆို မြို့တော်ကြီးတွေမှာ နေတဲ့ အုပ်ချုပ်သူ လူတန်စားနဲ့ သူတို့ရဲ့ လက်ဝေခံ ကုန်သည်ပွဲစား လူတန်းစားတွေ ကသာ ချမ်းသာ ကြွယ်ဝ ကြပြီး တောင်သူ လယ်လုပ် ဓားမခုတ်တွေနဲ့ လက်လုပ် လက်စားတွေက ဆင်းရဲကြတယ်။ ဆင်းရဲတော့ ပညာကောင်း ကောင်း မသင်နိုင်ဘူး။ ပညာရေချိန် နိမ့်ကျပေမယ့် မိုးရွာချိန်မှာ မျိုးစေ့ချ စိုက်ပျိုးရမယ်။ ရင့်မှည့် လာချိန်မှာ ရိတ်သိမ်းရမယ်။ မိုးခေါင်ရင် ချောင်းတွေ၊ မြောင်းတွေက ရေတွေကို မြောင်းဖောက် သွယ်ယူပြီး လယ်ကို ရေပေးရမယ် ဆိုတာတွေကို သိကြတယ်။ ဘယ်သူကမှ လာပြီး သင်ပေး စရာမလိုဘူး။ သူတို့ရဲ့ ဘ၀ပေး အသိနဲ့ လုပ်တတ်ကြတာ ဖြစ်တယ်။ ပိုက်ဆံဆိုတာ ပေါ်လာချိန်က စပြီး စားသုံးလို့ ပိုလျှံတဲ့ သီးနှံတွေကို ဈေး မြို့တက်ရောင်းမယ်။ ကိုယ်လိုတဲ့ ပစ္စည်း ပြန်ဝယ် မယ်။ ဒါတွေလည်း ဘ၀ပေး အသိနဲ့ လုပ်တတ် ခဲ့ကြတာပါပဲ။ ဘယ်သူကမှ သင်ပေးစရာ မလိုဘူး။

ပြည်သူ့အစေခံ
နိုင်ငံရေးဆိုတာ ဘာလဲ။ အလွယ်ဆုံး ပြောမယ်ဆိုရင် သတ်မှတ်ထားတဲ့ နယ်နိမိတ် အပိုင်း အခြား တစ်ခု အတွင်းမှာ တည်ရှိ နေတဲ့ တိုင်းပြည် တစ်ပြည်နဲ့ အဲဒီ တိုင်းပြည်အတွင်း မှီတင်းနေ ထိုင်ကြတဲ့ တိုင်းသူ ပြည်သားများရဲ့ အရေးကိစ္စ မှန်သမျှဟာ နိုင်ငံရေး ဖြစ်တယ်။ နိုင်ငံသားအား လုံးရဲ့ အရေးကိစ္စ ဖြစ်တဲ့ အတွက် နိုင်ငံသား အားလုံးနဲ့ ဆိုင်တယ်။ သက်ဦးဆံပိုင် ရှင်ဘုရင် ဖြစ်စေ၊ သမ္မတ အစိုးရမျိုး ဖြစ်စေ၊ နိုင်ငံသူ နိုင်ငံသားများ ဆီက ရတဲ့ အခွန် အတုပ်ကို စားရသူတွေ ဖြစ်တာကြောင့် နိုင်ငံသူ နိုင်ငံသားရဲ့ အရေး ကိစ္စ အ၀၀ကို အလေးထား ဆောင်ရွက်ကြရတယ်။ ပဒေသရာဇ် စနစ်မှာ ဘုရင်က အကန်တော့ခံ နေရာမှာ နေပေမယ့်လည်း တိုင်းပြည်ဝန်ကို ထမ်းရသူ ဖြစ်တယ်။ သမ္မတစနစ်၊ ပါလီမန် စနစ် ခေတ်တွေ ရောက်တော့ သမ္မတတို့၊ ၀န်ကြီးတို့ ဆိုတာ တွေကို အကန်တော့ခံ နေရာမှာ မထားတော့ဘူး။ ပြည်သူ လူအများရဲ့ လစာ ရိက္ခာကိုစားပြီး ပြည်သူ့ ၀န်တာကို ထမ်းဆောင် သူများဖြစ်တဲ့ အတွက် ‘Public Servant’ ပြည်သူ့ အစေခံ ဒါမှ မဟုတ် ပြည်သူ့ ၀န်ထမ်းလို့ သတ်မှတ်ကြတယ်။

မြက်စားတဲ့လူမရှိ
ရှင်ဘုရင်ဖြစ်ဖြစ်၊ သမ္မတဖြစ် ဖြစ် ပြည်သူပေးတဲ့ လစာ ရိက္ခာကို စားပြီး ပြည်သူ့ဝန်ကို ထမ်း ကြရ သူတွေချည့် ဖြစ်တယ်။ အဲဒါကြောင့် ဒီမိုကရေစီ ခေတ်မှာ ပြည်သူတွေက အရှင်သခင်တွေ ဖြစ်ပြီး အစိုးရတွေက ပြည်သူ့ အစေခံတွေ ဖြစ်တယ်။ ယဉ်ကျေးတဲ့ စကားနဲ့ ပြောရင် ပြည်သူ့ ၀န်ထမ်းတွေ ဖြစ်တယ်။ တိုင်းသူ ပြည်သား တိုင်းဟာ မြို့နေဖြစ်ဖြစ်၊ တောနေဖြစ်ဖြစ် ပညာ တတ်သူ ဖြစ်ဖြစ်၊ ပညာ မတတ်သူဖြစ်ဖြစ်၊ အားလုံး အခွန်အတုပ် ပေးရသူတွေ ဖြစ်တာကြောင့် လခစား မှန်သမျှရဲ့ အလုပ်ရှင်တွေလို့ ဆိုနိုင်တယ်။ ဒါ့အပြင် လူမှန်ရင် ပညာရေချိန် နိမ့်သည် ဖြစ်စေ၊ မြင့်သည်ဖြစ်စေ ပူတာကို ပူမှန်းသိတယ်။ အေးတာကိုအေး မှန်းသိတယ်။ ကောင်းတာ ကို ကောင်းမှန်းသိတယ်။ မကောင်းတာကိုလည်း မကောင်းမှန်းသိတယ်။ ပညာမတတ်လို့ မြက်စားတဲ့ လူ မရှိဘူး။

ပိတ်ပင်ခွင့်မရှိ
လူတိုင်းမှာ ခေါင်းရှိလို့ စဉ်းစားတတ်တယ်။ နားရှိလို့ နားထောင်တတ်တယ်။ မျက်စိရှိလို့ ကြည့် တတ်တယ်။ ပါးစပ်ရှိလို့ ပြောတတ်တယ်။ ပညာမတတ်လို့ မစဉ်းစားရဘူး။ မ ကြားရဘူး၊ မ ကြည့်ရဘူး၊ မပြောရဘူးလို့ တားဆီးလို့ မရဘူး။ ဒါဟာ လူတိုင်း အတွက် သဘာဝ တရားက ဖန်တီးပေးထားတဲ့ မွေးရာပါ အခွင့်အရေး ဖြစ်တယ်။ ပညာရေချိန် နိမ့်သေးတဲ့ အတွက် ဒီအခွင့် အရေးတွေနဲ့ မထိုက်တန် သေးဘူးလို့ ဘယ်သူကမှ ပိတ်ပင် တားဆီးပိုင်ခွင့် မရှိဘူး။ ကိုယ့်ဟာ ကိုယ် ပညာရေချိန် မြင့်တယ် ထင်ပြီး လူအများကို ဒီမိုကရေစီနဲ့ မထိုက်တန် သေးဘူးလို့ ပြောနေ သူများဟာ အမှန်တကယ်တော့ သနားစရာ ကောင်းလောက်အောင်ကို အသိ ဥာဏ်ပညာ နိမ့်ကျ နုံချာသူတွေဖြစ်တယ်။ အင်္ဂလိပ် စကားပုံ တစ်ခုရှိတယ်။ (He who kinks, he knows everything knows nothing) ‘သူ့ကိုယ်သူ ဘာမဆိုသိတယ်၊ တတ်တယ်ထင်နေတဲ့ သူဟာ ဘာမှကို မသိမတတ်သူ ဖြစ်တယ်’ ဆိုတာပါပဲ။

နှုတ်ခမ်းပဲ့ချင်းမီးမှုတ်
မြန်မာလိုတော့ ‘မပြည့်တဲ့အိုး ဘောင်ဘင်ခတ်’ ပေါ့။ သူ့ဟာသူ ဘောင်ဘင် ခတ်တာ ခတ် ချင်တိုင်း ခတ်ပါစေ။ ဘာမှ ပြောစရာ မရှိပါဘူး။ ဘောင်ဘင်ခတ်သူချင်း စုပြီး တတိယအုပ်စု ဖွဲ့ဖွဲ့၊ စတုတ္ထ အုပ်စုဖွဲ့ဖွဲ့ ဖွဲ့ချင်သလောက် ဖွဲ့ပါစေ လူရာ မ၀င်ပါဘူး။ မြန်မာ လူမျိုးတွေကို နှိမ့်ချစော် ကားလုပ်ပြီး ဒီမိုကရေစီနဲ့ မထိုက်တန်သေးဘူး၊ ပညာရေချိန် မြင့်အောင် လုပ်ပါဦးမယ် ဆိုတာမျိုး တွေတော့ မပြောလာနဲ့ ပြည်သူတွေ့ ကြက်ခေါင်းဆိတ် မခံဘူးသာမှတ်။ နှုတ်ခမ်းပဲ့ချင်း မီးမှုတ် နေရုံနဲ့တော့ မီးတောက် လာမှာ မဟုတ်ဘူးဆိုတာ ဘောင်ဘင် ခတ်သူတွေ မသိပေမယ့် ပြည်သူ တွေ သိတယ်။ လူတိုင်းမှာ စဉ်းစားဖို့ ခေါင်းတစ်လုံးစီ ရှိပါတယ်။


Ref: လူထုစိန်ဝင်း

Read More...

Daw Aung San Su Kyi's New Year Message


Burma Update

Read More...

ထူးမခြားနား၊ မီးရေစုံသား

လူထုစိန်ဝင်း

ဒီဆောင်းပါးကို ဆရာ လူထုစိန်ဝင်းက ၂၀၁၀ပြည့်နှစ်၊ နိုဝင်ဘာလအတွင်းမှာ ရေးသား ခဲ့ပါတယ်။ ဆင်ဆာ (ဖြုတ်) ထိခဲ့တာကြောင့် ဖော်ပြခွင့်မရခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။ ‘ထူးမခြားနား’ ဆိုတဲ့ စာသားကြောင့်ပဲ ဒီဆောင်းပါးက စာဖတ်ပရိသတ်တွေနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။


‘ထူးမခြားနား၊ မီးရေစုံသား၊ ရောင်တော်ထွေပြား၊ ပြောင်းလို့ လို့များထွေ၊ ထူးထွေတည့် အံ့ရာ သော်’
မနက် စောစောစီးစီး ကျက်သရေမင်္ဂလာရှိလှတဲ့ တေးသံလေထဲမှာ လွင့်ပျံလာတာကို သဲ့သဲ့ကြား လိုက်ရတဲ့အတွက် အိပ်ရာထဲကနေပြီး နားစွင့် မိလိုက်တယ်။ ရန်ကုန်မြို့လယ်မှာ ‘ထူး မခြားနား’ အသံကြားရတာ ထူးထူးခြားခြား ရှိလှပါလား။ ဘယ်ကလာတဲ့ အသံပါလိမ့်။

မသိုးသင်္ကန်းရက်ပြိုင်ပွဲ
‘ထူးမခြားနား -မီးရေစုံသား’
သဲ့သဲ့ကြားရတဲ့အသံက တဖြည်းဖြည်း ပီပြင်လာတယ်။ ‘ထူးမခြားနား- မီးရေစုံသား၊ ပြောင်းလို့ လို့များထွေ၊ ထူးတွေတည့် အံ့ရာသော်’ မလှမ်းမကမ်း ရောက်လာလို့ အသံကပိုပြီး ကျယ်လာ တယ်။ မနက် စောစောမှာ ကျက်သရေမင်္ဂလာ အပေါင်းနဲ့ ခညောင်းလိုက်တာ။ ‘ထူးမခြားနား-မီးရေစုံသား’ တဲ့ ခဏနေတော့ သီချင်းသံရပ်သွားပြီး စကားသံ ထွက်လာတယ်။ တန်ဆောင် တိုင် မသိုးသင်္ကန်းရက် ပြိုင်ပွဲအတွက် အလှူတော်ငွေ ထည့်ဝင်နိုင်ကြောင်း နှိုးဆော်နေတာ ဖြစ် တယ်။

မန္တလေးကို သတိရ
တန်ဆောင်တိုင်ပွဲတော် ရောက်ပြန်ပါပေါ့လား။ အချိန်တွေကုန်သွား တာမြန်လိုက်တာ။ သီတင်းကျွတ် ပွဲတော် ပြီးတာတောင် မကြာသေးဘူး။ မနေ့ကလိုပဲ ထင်နေတုန်း တန်ဆောင်တိုင်ပွဲတော် က ရောက်လာပြီ။ မန္တလေးကို သတိရလိုက်တာ။ ရှေးတုန်း က ရန်ကုန် တန်ဆောင်တိုင် ပွဲတော် ဘယ်လောက် စည်တယ် ပြောပြော မန္တလေးလောက်တော့ ပျော်စရာ ကောင်းတယ် မထင်ဘူး။ တန်ဆောင်မုန်း လဆန်းတာနဲ့ ဈေးချိုတော်ထဲမှာ တစ်ရုံပြီး တစ်ရုံ ကထိန်တွေ ခင်းကြတာ နေ့စဉ် ရက်ဆက်ပဲ။ အကျွေး အမွေး ကလည်းစုံ၊ လှူဖွယ်ပဒေသာပင် တွေကလည်းစုံ၊ လူတွေကလည်း စုံတော့ ကြိတ်ကြိတ် တိုးနေတယ်။ နွဲ့နွဲ့စန်းတို့၊ အမာစိန်တို့ ဆိုတာ နေ့ပွဲ ညပွဲ ဆက်နေကြတယ်။ မြို့မ ကတော့ မပါမဖြစ်ပေါ့။

ရွှေတိဂုံတစ်ဆူတည်းသာရှိ
‘ဖြူနီညိုပြာ -ထွေလာတည့် ထူးထူးဆန်း၊ ထူးထူးဆန်း’
ဒီတစ်ခါတော့ ‘ထူးမခြားနား’ ရဲ့ ဒုတိယပိုဒ်ကိုဖွင့်တယ်။ ခဏနေရင် သီချင်းရပ်ပြီး မသိုး သင်္ကန်းရက် ပြိုင်ပွဲ အလှူခံတဲ့ အသံ ထွက်လာလိမ့်ဦးမယ်။ ငယ်စဉ်က မန္တလေးမှာ မသိုးသင်္ကန်း ရက် ပြိုင်ပွဲ မရှိပါဘူး။ ရန်ကုန်မှာ အခြေချ နေရတဲ့ အခါကျတော့ အဖိတ်နေ့ ညဦးပိုင်း ကတည်းက ဖျာတွေ၊ အိပ်ရာခင်းတွေ ခေါင်းအုံးတွေနဲ့ စားဖွယ်ရာ အစုံအလင် ယူပြီး ရင်ပြင်တော်ပေါ် သွားနေ ခဲ့ကြတယ်။ အိမ်သားတွေရော သတင်းယူဖို့ သတင်းထောက်တွေ ဓာတ်ပုံ သတင်းထောက်တွေ ရော လူစုံတက်စုံဆိုတော့ ပျော်စရာ ကောင်းလှတယ်။

စစ်ကိုင်းမှာ ကြိတ်ကြိတ်တိုး
ပျော်စရာကောင်းတယ်ဆိုပေမယ့် မန္တလေးတန်ဆောင်တိုင်ကိုတော့ လွမ်းတုန်းပါပဲ။ ကျောင်း သား ဘ၀ တုန်းက ဆိုရင် မဖြစ် ဖြစ်အောင်ကို ပြန်ပြေးတာ။ အဖိတ်နေ့မနက် မန္တလေးရောက် တာနဲ့ အိမ်ကိုခဏ လေးဝင်ပြီး စစ်ကိုင်းဘက် တန်းပြေး တော့တာပါပဲ။ အဖိတ်နေ့ညက တော့ မန္တလေး တစ်မြို့လုံး စစ်ကိုင်းတောင်ရိုး ရောက်နေတယ် လို့တောင် ပြောရ လောက်အောင် နေရာ တိုင်း ကြိတ်ကြိတ်တိုး ဖြစ်နေတယ်။ ချောင်တိုင်း ချောင်တိုင်းမှာလည်း သူ့အစုနဲ့သူ လူတွေပြည့် နေတယ်။ တစ်နေ့ခင်းလုံး ချက်ကြ ပြုတ်ကြနဲ့ ဆူညံ စည်ကားနေတယ်။ ညနေစာ စားသောက် ပြီးတာနဲ့ အားလုံး ၀တ်ကောင်း စားလှတွေ ၀တ်ပြီး ဘုရားဖူး လှည့်ကြတော့တယ်။ ဆွမ်းဦး ပုည ရှင် ဥမင်သုံးဆယ်၊ ဥမင် ခြောက်ဆယ်စတဲ့ နေရာတွေကတော့ အစည်ကားဆုံးပေါ့။ ညနက်လေ တိုးမပေါက်လေပါပဲ။ မြို့မအဖွဲ့ကလည်း တစ်ညလုံးဘုရား လည်ဖူးရင်းနဲ့ ပရိသတ်ကို ဖျော်ဖြေ ကြတယ်။

မြစ်ထဲမှာ ငှက်စီးပြီး
တချို့ကတော့ မြစ်ထဲမှာငှက်စီး ပြီး စစ်ကိုင်းတောင်အလှကို ခံစားကြတယ်။ နေရာတိုင်းမှာ တေးသံတွေ တစ်ကြော်ကြော်နဲ့ ပျော်မြူး ကြတယ်။ တောင်ပေါ်မှာ လေတဟူးဟူးနဲ့ ခိုက်ခိုက် တုန်ချမ်းလေ သီချင်းတွေပိုပြီး အော်ဟစ်ကြလေမို့ ‘အုံးခြိမ့်ခြိမ့်ညံ’ လို့ ဆိုရမလောက် ဖြစ်နေ တယ်။ ချမ်းပေတုန်ပေမယ့် မောပေပန်းပေမယ့် တစ်ညလုံး ဘယ်သူမှမအိပ်ဘူး။ မြို့မလည်း မအိပ်ဘူး။ ၀မ်းဟာလာရင်လည်း မပူရဘူး။ ဘယ်ချောင် ၀င်စားစား ကြိုက်ရာ ရွေးစားလို့ရတယ်။ စတုဒိသာ အကျွေးအမွေး တွေက နေရာတိုင်းမှာ တစ်ပုံတစ်ပင်။ ချောင်တွေထဲမှာ သာမဟုတ်ဘူး။ လမ်းဘေး တွေမှာလည်း လက်ဖက်သုပ်၊ ဂျင်းသုပ် ဗန်းကြီးတွေနဲ့ ဆီးဖြူသီး ဆားစိမ်နဲ့ ဘာလ ချောင်ကြော် ဇလုံကြီးတွေ နေရာတိုင်းမှာ ချထားကြတယ်။

မေ့မရတဲ့ပွဲတော်ည
ဒီနေ့ထိ စွဲစွဲလန်းလန်း မှတ်မိသေးတဲ့ တန်ဆောင်တိုင် ညတစ်ညရှိ သေးတယ်။ ချောင်လည် ချောင်ပတ် လုပ်ရတာ ခြေညောင်း လာတော့ သူငယ်ချင်း တစ်ယောက်နဲ့ အဖော်တွေ ဆီကခွဲ ထွက်လာပြီး ရှင်ဖြူရှင် လှေဆိပ်က ငှက်တစ်စီး ငှားစီးကြတာ မိုးစင်စင် လင်းသွားခဲ့တယ်။ မြစ်ထဲ ကနေပြီး တောင်တန်းကြီးကို ကြည့်ရတာ သိပ်လှတယ်။ ပွဲတော် ညကိုတော့ တစ်တောင်လုံး ထိန်ထိန် လင်းနေတယ်။ မီးစိမ်း မီးနီ မီးပြာတွေ နေရာတိုင်းမှာ။ အဖိတ်နေ့ ညရဲ့ ပြည့်ပြည့် ၀ိုင်းဝိုင်း လမင်းကြီးကလည်း ထိန်ထိန် သာလို့။ မြစ်ပြင် တစ်ခုလုံး လရောင် ဆမ်းထားတဲ့ အတွက် ရွှန်းလက် တောက်ပနေတယ်။ မီးစိမ်း၊ မီးနီ၊ မီးပြာ ရောင်တွေရေထဲမှာ မီးပြဿဒ်တွေလို ထင်ဟပ် နေတာကြည့်ပြီး တောင်နဲ့ရေပြင် တစ်ဆက် တစ်စပ်တည်းလို့ ထင်မှတ်ရတယ်။ ဆောင်းလေ ကလေး တစ်ချက် သုတ်ဖြူးလိုက်တဲ့ အခါ ရေထဲက မီးပြဿဒ်တွေ လှုပ်ခါသွားတယ်။ လှလိုက်တာ။ လှလိုက်တာ။
‘ထူးမခြားနား- မီးရေစုံသာ၊ ရောင်တောင်ထွေပြား၊ ပြောင်းလို့လို့များထွေ၊ ထူးတွေထည့် အံ့ရာ သော်’

လျှမ်းလျှမ်းဖြိုး၊ အာကာကျော်ဟိုး
‘တေဇာရွှင်ရွှင်၊ ပေါ်လွင်တည့် လျှမ်းလျှမ်းဖြိုး၊ လျှမ်းလျှမ်းဖြိုး၊ အာကာကျော်ဟိုး၊ ဘုန်းတန် ခိုးရောင်၊ ဝေေ၀ ရွှန်းပြောင်’ အလှူခံကားက ရှေ့ဆက် ထွက်ခွာ သွားတာကြောင့် တေးသီချင်းသံ လည်း တဖြည်းဖြည်း ဝေးဝေး သွားရာက သဲ့သဲ့လေး ကြားရတယ်။ ခဏကြာတော့ အသံလုံးဝ ပျောက်သွားတယ်။ ဆွတ်ပျံ့ ကြည်နူးဖွယ်ရာ ကျက်သရေ မင်္ဂလာရှိလှတဲ့ တေးသံကို လွမ်းတ သသ ဖြစ်ကျန်ရစ်တယ်။
‘ထူးမခြားနား-မီးရေစုံသား၊ ထူးမခြားနား’ အသံပျောက်သွားပေမယ့် နှုတ်ဖျားမှာ စွဲကျန်ရစ် တယ်။ တစ်မနက်လုံး ‘ထူးမခြားနား၊ ထူးမ ခြားနား’ ဆိုတာပဲ ထပ်ခါတလဲလဲ ရွတ်ဆိုနေမိတယ်။

စိတ်တေလေ
စိတ်ဆိုတာ တော်တော်ထိန်းရ ခက်တယ်။ ဒါကြောင့်လည်း ‘စိတ်တေလေ’ လို့ ကဗျာဖွဲ့သူတွေ က ဖွဲ့ကြတာ နေမှာ။ စစ်ကိုင်း တောင်ရိုးက နေပြီး ရုတ်တရက် ချက်ချင်း ရွှေတိဂုံ မသိုးသင်္ကန်း ရက် ပြိုင်ပွဲကို ရောက်သွားတယ်။ ရက်ကန်းစင်တွေ နေရာမှာ လူတွေ အုံးအုံးကြွက်ကြွက် တိုးဝှေ့ ဆူညံ နေကြတယ်။ ဆိုင်းဝိုင်းက တစ်ချက်တစ်ချက် ဗိန်းမောင်း တီးပေးလိုက်တဲ့ အခါမှာ ရက်ကန်း ခတ်သူတွေပါ ဗိန်းမောင်းသံနဲ့ အညီ ကြိုးကို ဒလကြမ်း ဆွဲဆောင့် နေကြလို့ လက်မောင်း တွေ ပြုတ်ထွက်မလား ထင်ရတယ်။ အဲဒီလို ဗိန်းမောင်းသံ ကြားတဲ့ အခါ ဇရပ်တွေထဲမှာ ၀ိုင်းဖွဲ့ နေသူတွေ၊ လဲလျောင်း နေသူတွေ အမောတကော ပြေးလာ ကြည့်ကြတယ်။ ပြီးဖို့ အတော် လိုသေးတာတွေ့ရင် ကိုယ့်နေရာကိုယ် ပြန်သွား ကြပြန်တယ်။ ဗိန်းမောင်းသံက အရုဏ်ကျင်း ခါနီး လေကျယ်လာလေပဲ။

ရွှေကြာသင်္ကန်းစစ်စစ်
အရုဏ်မတက်ခင် အပြီးရက်ကြရလို့ မသိုးသင်္ကန်းလို့ ခေါ်တာတဲ့။ အခုခေတ်တော့မသိဘူး။ ရှေးကတော့ အစက အဆုံး တကယ်ကို နေ့ချင်းပြီး လုပ်ကြရတာ။ တစ်ခါက သတင်းယူဖို့ သေ သေချာချာ သွားကြည့် ခဲ့ဖူးတယ်။ ဘယ်က ယူလာမှန်း မသိတဲ့ ကြာပန်းတွေ ကားနဲ့ တစ်စီးပြီး တစ်စီး ရောက်လာတယ်။ ကြာပင် ကြာရိုးတွေကို အမျိုးသမီးတွေက အမျှင်အမျှင် ဖြစ်အောင် ဆွဲခွာကြတယ်။ စိတ်ကြ ဖြာကြတယ်။ နောက်တော့ ချားတစ်ပြီး ရစ်ကြ ဆွဲကြတယ်။ ကြာပန်းက ချည်ဖြစ်တဲ့အထိ တစ်နေ့လုံးကို လုပ်ကြရတာ။ ညနေ ၆ နာရီ ထိုးတာနဲ့ စပြီး ရက်ကြရတယ်။ သန်းခေါင်းကျော် အရုဏ်မကျင်းမီ ပြီးကြရတယ်။ ဒါကြောင့် မသိုးသင်္ကန်းလို့ ခေါ်သလို ရွှေကြာ သင်္ကန်း လို့လည်း ခေါ်တာဖြစ်တယ်။

ထူးမခြားနားနဲ့ပူဇော်
ရက်လို့ပြီး ချုပ်လုပ်ပြီးတဲ့ အခါကျတော့ စေတီတော်ကြီးကို လက်ယာရစ် လှည့်ပတ်ပူဇော်ကြ တယ်။’ ထူးမခြားနား၊ မီးရေစုံသား၊ ရောင်တော်ထွေပြား၊ ပြောင်းလို့လို့ များထွေ၊ ထူးထွေတည့် အံ့ရာသော်’ ဒီအခါကျတော့ ဆိုင်းဝိုင်းကြီးက ဗိန်းမောင်း မတိုက်တော့ဘူး။ ‘ ထူးမခြားနား’ နဲ့ မြတ်စွာဘုရားကို ပူဇော်တယ်။ မနက် အရုဏ်တက်မှာ ‘ထူးမခြားနား’ တေးသံနဲ့ ပူဇော်ပြီး ရွှေကြာ သင်္ကန်း ကပ်ရတာလောက် ကြည်နူးစရာ မရှိဘူး ထင်တယ်။ ရန်ကုန် တန်ဆောင်တိုင်ဟာ အင်မတန် ကျော်ကြားတယ်၊ သင်္ကြန်လည်း သံချပ်သံတွေနဲ့ မြိုင်လှတယ်လို့ ဆိုကြတယ်။ ဒါပေ မယ့် ရွှေတိဂုံ စေတီတော်ရင်ပြင်က တန်ဆောင်တိုင် ညလောက်တော့ ဘယ်ဟာမှ လွမ်းလောက် စရာလို့ မထင်ပါဘူး။

အတိတ်ရဲ့အရိပ်
တကယ်တော့ အတိတ်ရဲ့အရိပ်တွေ ချည်းပါပဲ။ စစ်ကိုင်းတောင် ကထိန်ညတွေကလည်း အရင် လို ပျော်စရာ မကောင်းတော့ ပါဘူးတဲ့။ ရွှေတိဂုံ မသိုး သင်္ကန်းရက် ပြိုင်ပွဲလည်း ရှေးကလို ၀က်ဝက်ကွဲ မစည်ကား တော့ပါဘူး။ ‘ထူးမခြားနား၊ ထူးမခြားနား’ ဆိုတဲ့ တေးသံတောင် အတိတ်ရဲ့ အရိပ် ဖြစ်နေပြီလေ။ မကြားရ တာကြာပါပြီ။ ဒီနေ့မနက်မှ တိုက်တိုက် ဆိုင်ဆိုင် ကြားရတာ။ ဟော ပြောရင်းဆိုရင်း အလှူခံ ကား တစ်ပတ်လှည့်လာ ပြန်ပြီထင်တယ်။

‘ထူးမခြားနား၊ ထူးမခြားနား၊ မီးရေစုံသား’

Ref: လူထုစိန်ဝင်း

Read More...

Wednesday, December 29, 2010

နိုင်ငံတကာမှာ လူမိုက်ဖြစ်နေရတာကို မြန်မာဗိုလ်ချုပ်များ ရှက်ရွံ့ဟု အမေရိကန် ကြေးနန်းပြော


















Reference IDCreatedReleased ClassificationOrigin
09RANGOON205 2009-04-02 07:072010-12-12 21:09SECRETEmbassy Rangoon



VZCZCXYZ0000
PP RUEHWEB

DE RUEHGO #0205/01 0920733
ZNY SSSSS ZZH
P 020733Z APR 09
FM AMEMBASSY RANGOON
TO SECSTATE WASHDC PRIORITY 8841
S E C R E T RANGOON 000205

SIPDIS

DEPT FOR EAP/DAS MARCIEL AND EAP/MLS

E.O. 12958: DECL: 04/02/2019
TAGS: PREL PGOV BM
SUBJECT: BURMA'S GENERALS: STARTING THE CONVERSATION
Classified By: Charge d'Affaires Larry Dinger for Reasons 1.4 (b) & (d)

အကြောင်းအရာ။ ။ မြန်မာဗိုလ်ချုပ်များနှင့် စကားပြောဆိုမှု စတင်ခြင်း။
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ ။ သံရုံးယာယီ တာဝန်ခံ လယ်ရီ ဒင်းဂါး။ အကြောင်းပြချက် 1.4 (b) & (d)

အကျဉ်းချုပ်
--------

၁။ (S) မြန်မာနိုင်ငံအပေါ် ထားရှိသော အမေရိကန်အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ ပြန်လည်သုံးသပ်မှု ဆက်လက် လုပ်ဆောင်ခြင်း၊ စစ်အစိုးရက ဝါရှင်တန်နှင့် ဆက်ဆံလိုသော သဘောလက္ခဏာ ပြသနေသောကြောင့် ထိပ်တန်း ဗိုလ်ချုပ်ကြီးများနှင့် ပတ်သက်၍ မည်သည့် အရာများက ၎င်းတို့ကို တွန်းအားဖြစ်စေသည်၊ ထိတွေ့ ဆက်ဆံမှုအပိုင်းမှ ၎င်းတို့မည်သည့် အရာများ လိုလား နေကြသည် နှင့် အမေရိကန် အစိုးရက မည်သည့်အချက်များကို တင်ပြဆွေးနွေးမည် စသဖြင့် စဉ်းစား ချက်တချို့ကို မိမိတို့ တင်ပြလိုသည်။ မြန်မာ စစ်တပ်သည် အထက် - အောက်အုပ်ချုပ်သော ယန္တရားတခုဖြစ်ပြီး တိုင်း တပါးကြောက်သော၊ အမျိုးသား ညီညွတ်ရေးကို ထိန်းသိမ်း ထားရမည်ဟူသော အမြင်သာ ရှိသည်။ တချိန်တည်းတွင် ထိပ်တန်း ဗိုလ်ချုပ်ကြီးများသည် နိုင်ငံတကာ မျက်နှာစာတွင် လူမိုက်ကြီးများ ဖြစ်နေရခြင်းကို ရှက်ရွံ့နေကြပြီး လူအများ၏ လေးစားမှု ခံယူလိုကြသည်။

မြန်မာနိုင်ငံက တရုတ်နိုင်ငံအပေါ် အမြဲတစေ မှီခို အားထားနေရခြင်းနှင့် သမိုင်းကြောင်းအရ ရန်သူများ အကြား မဟာဗျူဟာ မြောက် ပထဝီ တည်ရှိမှု အပေါ်တွင်လည်း စိုးရိမ်နေကြသည်။ နာဂစ်မုန်တိုင်းအပြီး နိုင်ငံ တကာ မိသားစု၏ စာနာထောက်ထားမှုကို တစေ့တစောင်း မြင်ခဲ့ရသူများက နိုင်ငံတကာပြစ်ဒဏ်ခတ် ပိတ်ဆို့မှုများ ဖယ်ရှားပြီး စီးပွားရေးအကူအညီများ ရယူလိုသည်မှာ သံသယမရှိပါ။ မည်သို့သော တွန်းအားရှိစေကာမူ မြန်မာထိပ်တန်း စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုသည် နှေးကွေးသော၊ စိတ်ပျက်ဖွယ်ကောင်းသော လုပ်ငန်းတခု ဖြစ်ပေမည်။ အမေရိကန်နိုင်ငံအတွင်းတွင်လည်း နိုင်ငံရေးအရ အားမလိုအားမရမှုတွေ ဖြစ်လာနိုင်သည်။

တွေ့ဆုံဆွေးနွေးမှုမှတဆင့် အခြေခံဥပဒေအပြောင်းအလဲများကဲ့သို့သော ချက်ချင်းပေါ်ထွက်လာနိုင်သည့် နိုင်ငံရေး ရလဒ်များ မပေါ်ထွက်လာ နိုင်သော် လည်း အမေရိကန်အစိုးရနှင့် တိုးတက်လာသော ဆက်ဆံရေးဆိုသည်မှာ မည်ကဲ့သို့ အရာ ဖြစ်သည်ကို နောက်လာမည့် ခေါင်းဆောင်များသို့ ပြသခြင်းဖြင့် အနာဂတ် အပြောင်းအလဲ အတွက် မျိုးစေ့ချခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါ သည်။ မည်သို့ဆိုစေ အရေးကြီးဆုံး ကိစ္စသည် တွေ့ဆုံ ဆွေးနွေးခြင်းမှ တဆင့် မြန်မာနိုင်ငံ၏ နှစ်ကာလရှည် ဒုက္ခရောက်နေသူ ပြည်သူများ အတွက် စစ်မှန်သော အကျိုးဖြစ်ထွန်းမှုများ ရှိလာစေသဖြင့် တန်ဖိုးထိုက်တန်သော ရည်မှန်းချက်တခုပင် ဖြစ် သည်။ အကျဉ်းချုပ်- ပြီး။

သူတို့က မည်သို့ထင်မြင်သနည်း။
------------------
၂။ (S) မြန်မာနိုင်ငံအရေးအတွက် အဓိကဆုံးဖြတ်ချက်များကို ထိပ်ပိုင်းကသာ ချမှတ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် ၎င်းတို့ အတွင်းစည်းဝိုင်းကသာ ဆုံးဖြတ်ချက်များ ချသည်။ သန်းရွှေ၏ ပုဂ္ဂိုလ်ရေး စရိုက်သည် သိလိုစိတ် ပြင်းပြသည်။ သူ၏ လက်အောက်အရာရှိများက သတင်းကောင်းများကိုသာ ပြောပြသည့်ပုံ ရသဖြင့် လက်တွေ့ ဖြစ်ရပ်မှန်များကို ထိပ်တန်း ဗိုလ်ချုပ်ကြီးများ သိမြင်နိုင်မှု နည်းသည်။ ထိုသို့သတင်း အဆတ်ပြတ်နေ သော အခြေအနေအောက်တွင် ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့၏ ဒီမိုကရေစီ လမ်းပြမြေပုံနှင့် ပျက်စီး ယိုယွင်းနေသော အထက်- အောက် စီးပွားရေး မူဝါဒများ အတိုင်း ဆက်လက် လျှောက်လှမ်း နေကြသည်။ ကိုယ်ကျိုးစီးပွား သည်သာလျှင် ၎င်းတို့၏ စဉ်းစားချက်တွင် ရှိသည်ဆိုသော အချက် ရှင်းရှင်းလင်းလင်း ရှိသော်လည်း ၎င်းတို့ တကိုယ်ရေ ကောင်းစားရေး အတွက်သာ လုပ်ဆောင်နေသည်ဟု စဉ်းစားပါက မှားနိုင်သည်။ ၎င်းတို့သည် တိုင်းပြည်နှင့် လူမျိုးအတွက် အကောင်းဆုံး သယ်ပိုး ဆောင်ရွက် ပေးနေသည့် မြန်မာ့ "စစ်ဘုရင်များ" ၏ အစဉ်အလာကို စွဲမက် ယုံကြည် သူများဖြစ်ကြသည်။ အပြင် ကမ္ဘာက ၎င်းတို့ကို နားလည်မှု လွဲနေသည်ဟုသာ ဗိုလ်ချုပ်ကြီးများ ရိုးရိုးလေး မှတ်ယူထားကြသည်။

၃။ (S) နိုင်ငံတော်စည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ်ရေးကို ထိပ်တန်းဦးစားပေးအဆင့် တန်ဖိုး ထားသော မြန်မာနိုင်ငံ၏ ပြည်တွင်း ပဋိပက္ခများတွင် တိုက်ပွဲများတွင် ပါဝင်ခဲ့ကြသည့် စစ်သား စစ်စစ်များလည်း ရှိသည်။ စစ်တပ်သည်သာ ညီညွတ် ရေးနှင့် တည်ငြိမ်ရေး အတွက် အာမခံပေးနိုင်သည်ဟု ထိပ်တန်း ဗိုလ်ချုပ်ကြီးများက ဦးလည်မသုန် တထစ်ချ ယုံကြည် ထားပုံရသည်။ ထို့ကြောင့် အုပ်ချုပ်ရေးတွင် လက်နက်ကိုင် တပ်ဖွဲ့များအတွက် ဦးစားပေး အခန်းကဏ္ဍ တရပ် မဖြစ်မနေရှိရ မည်ဟု ၎င်းတို့က ရှုမြင်သည်။ ထိပ်တန်း ဗိုလ်ချုပ်ကြီးများသည် အရာရှိ လောင်းများကို "အနာဂတ်အတွက် ဦးဆောင်မည့် သားကောင်းများ" ဖြစ်ရမည်ဟူ၍ ရိုက်သွင်းကာ ၎င်း စစ်အတွေးအခေါ်ကို ထပ်ခါတလဲလဲ ဖေါ်ကျူးနေသည်။

၎။ (S) အပေါ်ပိုင်း ထိပ်တန်းစစ်ခေါင်းဆောင်များကသာ လက်တွေ့ဆုံးဖြတ်ချက်များချမှတ်သောကြောင့် ထိုသူများသည် အရပ်သား ဦးဆောင်သော အမေရိကန် အစိုးရနှင့် ထိတွေ့ ဆက်ဆံသည့် ပုံစံတိုင်းတွင် ပါဝင်ရန် လိုအပ်မည်။ မြန်မာစစ်တပ် သည် စစ်ဘက် အချင်းချင်း ပြောဆို ဆွေးနွေးနေသာ ဝန်းကျင်က ၎င်းတို့အတွက် ပို၍ သက်တောင့်သက်သာ ဖြစ်စေနိုင် သည်။

၅။ (S) ဗိုလ်ချုပ်ကြီးများက သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာကိုင်းရှိုင်းသူများအဖြစ် ထင်မြင်ကြသည်။ မကြာသေးသော ကာလ အတွင်း နိုင်ငံပိုင် မီဒီယာများသည် ထိပ်တန်း ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့ မိသားစုများက နေပြည်တော်တွင် လတ် တလော တည်ထား ကိုးကွယ်သည့် ဥပ္ပါတသန္တိ စေတီတော်အား ဘာသာရေးအရ ဆည်းကပ်နေသည့် ပုံများကို လူထု အကြား ပြသနေရခြင်းဖြင့် အလုပ်ရှုပ် နေခဲ့သည်။ ယင်းစေတီတော်သည် မိရိုးဖလာ ကိုးကွယ်လာခဲ့သော ရွှေတိဂုံစေတီ တော်ကြီး၏ ရုပ်ပွားစေတီတဆူ ဖြစ်သည်။ ယင်းကဲ့သို့ ဗုဒ္ဓဘာသာအရ ကုသိုလ် ကောင်းမှု ပြုခြင်းသည် လူထု ဆက်ဆံရေး နည်းလမ်းတခု အဖြစ် ရှုမြင်နိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာ အစွဲအလမ်း တခုဟုလည်း ရှုမြင်နိုင်သည်။

၆။ (S) မိသားစုကိစ္စများ။ ထိပ်တန်းဗိုလ်ချုပ်ကြီးများသည် ၎င်းတို့၏ သားသမီးများနှင့် မြေးများကို စိတ်ကြိုက် လွှတ်ထား ပေးသည်။ မိသားစု လုံခြုံရေးအတွက် အမြဲတစေ ရှာကြံကြောင့်ကျသည်။ ရွှေဝါရောင် တော်လှန်ရေး ဆန္ဒပြပွဲများ၊ ဖြိုခွင်းမှုများကို လွတ်လွတ် ကင်းကင်း ရှိစေရန် ၂ဝဝ၇ စက်တင်ဘာလတွင် ၎င်းတို့ သားသမီးများကို ဒူဘိုင်းသို့ ပို့ထားခဲ့သည်။ ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့မိသားစု အနာဂတ် အတွက် ဘဏ္ဍာရေးအရ ခိုင်မာမှုရှိစေရန် ပြည်တွင်းတွင် စီးပွားရေး အကျိုး အမြတ်ရှိသော နေရာများ၊ နိုင်ငံရပ်ခြား ဘဏ်အကောင့်များ ဖွင့်၍ စီမံပေးထားသည်။ ဗိုလ်ချုပ်ကြီးများ၏ မိသားစုဝင်များ အပေါ် မိမိတို့၏ ဗီဇာ ပိတ်ပင်မှုသည် သူတို့ အတွက် စိတ်ကသိကအောက် ဖြစ်စေသည်။

၇။ (S) အနောက်ကမ္ဘာ၏ ကျိုးကြောင်းပြ ပြောဆိုမှုများသည် စစ်အစိုးရ၏ ဆုံးဖြတ်ချက် ချရာတွင် အမြဲတစေ ထင်ဟပ်ပေါ် လွင်ခြင်း မရှိပေ။ သန်းရွှေသည် ဗေဒင်ဆရာများ အပေါ်တွင် အားကိုး ပြုနေသည်ဟုလည်း ပြောဆိုမှုများရှိသည်။ မြို့တော် ကို မြန်မာနိုင်ငံ ကုန်းတွင်းပိုင်း ဒေသသို့ ပြောင်းရွှေ့လိုက်ခြင်းသည် ဗေဒင်ဆရာ၏ အကြံပြုချက်ကြောင့်ဟု မိမိတို့ကြားသိ ရသည်။ ရန်ကုန်သည် လမ်းပေါ် ဆန္ဒပြမှုများ နှင့် ဆိုးဝါးသော မုန်တိုင်းတခု တိုက်ခိုက် ခံရမည်ဟူသော ဗေဒင်ဆရာများ၏ ဟောကိန်းကြောင့် ပြောင်းရွှေ့သည်ဟု သိရသည်။ ကိန်ဂဏန်း အဟောသည်လည်း တခုအပါအဝင် ဖြစ်သည်။ ၁၉၈၇ တွင် ၉ ဂဏန်းရအောင် ငွေစက္ကူများကို ချက်ချင်း ပြောင်းလိုက်ခြင်း၊ ၂ဝဝ၉ ကို အောင်မြင်သော နှစ် တနှစ်ဖြစ်စေရန် ပြီးခဲ့သည့် စက်တင်ဘာတွင် အကျဉ်းသား ၉,ဝဝ၂ ဦး လွှတ်ပေးခြင်းများ စသည်တို့ မြင်တွေ့ခဲ့ရသည်။ ထိုကဲ့သို့သော ဆုံးဖြတ်ချက် နည်းလမ်းများသည် မိမိတို့အတွက် ထူးဆန်း နေပေသော်ငြား ထိုအရာများသည် မြန်မာလူမျိုး အများစုအတွက် ဘဝနေထိုင်မှု တစိတ်တဒေသအဖြစ် နေ့တဓူဝ ပါဝင်နေသည်။

၈။ (S)
ထိပ်တန်းဗိုလ်ချုပ်ကြီးများသည် နိုင်ငံခြားသား ကြောက်ရွံ့မုန်းတီးသူများ ဖြစ်သည်။ နိုင်ငံခြားသားများကို နားလည် နိုင်ခြင်း မရှိသလို လုံးဝ ယုံကြည်မှုလည်း မရှိပေ။ အထူးသဖြင့် ၎င်းတို့ တရားဝင်မှုကို စိန်ခေါ်သူများကို ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရပ်ခြားတွင် ကြီးပြင်း၊ အင်္ဂလန်သားနှင့် အိမ်ထောင်ကျ၊ ထို့နောက် မြန်မာပြည်သို့ ပြန်ရောက်လာပြီး စစ် အာဏာပိုင်များကို စိန်ခေါ် အန်တုသူ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်သန်းရွှေက မုန်းတီးသည့် အကြောင်းရင်း တခုလည်း ဖြစ်နိုင်သည်။

သမိုင်းကြောင်းအရ မြန်မာများသည် တရုတ်၊အိန္ဒိယ နှင့် ထိုင်းနိုင်ငံများအပါအဝင် ၎င်းတို့ အိမ်နီးနားချင်း များနှင့် စစ်ပွဲများ ဆင်နွှဲခဲ့သည်။ လက်ရှိ စစ်အစိုးရသည် ရင်းနှီးမြှုပ်နှံမှု၊ ကူသန်းရောင်းဝယ်မှု၊ နိုင်ငံတကာ အဖွဲ့အစည်းများတွင် ထောက်ခံမှု ရရန်အတွက် တရုတ်နိုင်ငံ အပေါ် အကြီးအကျယ် မှီခို အားထားနေရပြီး နောက်ဆက်တွဲ အဖြစ် တရုတ်များ၏ အကြံပြုချက် ကိုလည်း အတိုင်းအတာ တခုအထိ လက်ခံနေရသော်လည်း အဓိက ကိစ္စရပ်များ အထူးသဖြင့် တိုင်းပြည် အုပ်ချုပ်ရေးတွင် စစ်တပ်၏ အဓိက အခန်းကဏ္ဍနှင့် ပတ်သက်၍ တရုတ်များ (ပြင်ပမည်သူမဆို) ၏ တောင်းဆိုချက်များကို ထိပ်တန်းဗိုလ် ချုပ်ကြီးများ လက်ခံနိုင်ဖွယ် အလွန်နည်းသည်။

၉။ (S)
ဗိုလ်ချုပ်ကြီးများသည် အမေရိကန်အပေါ် စိုးရိမ်ကြောက်လန့်သည်။ ဝင်ရောက် ကျူးကျော် တိုက်ခိုက်မည်ကို စိုးရိမ် သောကြောင့် ကာကွယ်ရေး စနစ် ပြင်ဆင်ထားသည်။ အမေရိကန် အစိုးရက "အစိုးရ အပြောင်းအလဲ လုပ်ရမည် ဟူသော တင်စား ပြောဆိုချက်" (regime change) က စိုးရိမ်ချက်များကို ပိုဆိုးသွားစေသည်။ သန်းရွှေသည် ကမ်းခြေနှင့် အလွန်ကွာ ဝေးသော ကုန်တွင်းပိုင်း နေပြည်တော်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်သည့် ကောလာဟလ တခုက ကမ်းတက်တိုက် ခိုက်မှုမှ ကာကွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် မေလ နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီးနောက် လူသားချင်းစာနာသော ရည် ရွယ်ချက်ဖြင့် ရဟတ်ယာဉ်တင် သင်္ဘော မြန်မာ့ ရေပိုင်နက်အနီး ဆိုက်ကပ်သော အခါ အမေရိကန်က ကျူးကျော်ရန် ပြင်ဆင်နေပြီဟု စစ်အစိုးရက အမှန်တကယ် ယုံကြည်ခဲ့သည်။

၁ဝ။ (S) သန်းရွှေနှင့်သူ့လုပ်ဖေါ်ကိုင်ဖက်များက ယခုကာလကို မြန်မာသမိုင်း၏ သမိုင်းစာမျက်နှာ တခု အဖြစ် ရှုမြင်သည်။ ဒီမိုကရေစီသည် "တဖြည်းဖြည်း ရင့်ကျက်လာစေရန်" အတွက် စည်းကမ်းရှိသော လုပ်ငန်းစဉ် တခု လိုအပ်သည်ဟု ဗိုလ်ချုပ်ကြီးများက လက်ခံထားသည်။ အမေရိကန်နှင့် အနောက် နိုင်ငံများသည် ဒီမိုကရေစီကို အပြည့် အဝ ကိုင်တွယ်နိုင်ခြင်း မရှိသေးသည့် နိုင်ငံတခု အပေါ် ဒီမိုကရေစီစနစ် အတင်းဇွတ်သုံးခိုင်း နေသည်ဟု ဗိုလ်ချုပ်ကြီးများ က ယုံကြည်သည်။ အာဏာ ဆက်ကိုင်ထားလိုသည့် အဆိုးမြင် အကြောင်းပြချက် တခုသာဖြစ်သည်။ ဗိုလ်ချုပ်ကြီးများက သူတို့သာလျှင် အရာခပ်သိမ်း အသိဆုံးဟု မှတ်ထင်သည်။

၁၁။ (S) တချိန်ထဲတွင် ဗိုလ်ချုပ်ကြီးများသည် မော်ကြွားသည်။ နိုင်ငံတကာမိသားစု၏ လက်ခံမှု ကိုလည်း အာသာငမ်း ငမ်း လိုချင်ကြသည်။ ပြစ်ဒဏ်ပိတ်ဆို့ ခံရခြင်းအပေါ် သူတို့မနှစ်မြို့ကြ။ တချို့သော အာဏာရှင် ခေါင်းဆောင်များ အပါ အဝင် တခြား ကမ္ဘာ့ ခေါင်းဆောင်များအပေါ် ထားရှိသော တလေးတစား ဆက်ဆံသည့် ပုံစံမျိုး ရယူလိုသည်။ နိုင်ငံတကာ အစည်းအဝေးများတွင် တက်ရောက်သော မြန်မာ ကိုယ်စားလှယ်များ အကြောင်းနှင့် အထင်ကရ နိုင်ငံခြားမှ လာရောက် လည်ပတ်သူများနှင့် တွေ့ဆုံမှုများသည် အစိုးရသတင်းစာ ခေါင်းကြီးပိုင်းတွင် အမြဲပါလေ့ရှိသည်။

မည်သည့်အတွက်ကြောင့် စစ်အစိုးရက ယခုအချိန်မှ စကားပြောလိုကောင်း ပြောနိုင်သနည်း။
--------------------------------------
၁၂။ (S) ထိပ်တန်းဗိုလ်ချုပ်ကြီးများသည် အမေရိကန်အစိုးရ၏ ချည်းကပ်မှုအသစ်တခု အတွက် မျှော်လင့် နေကြသလို ထိတွေ့ ဆက်ဆံနိုင်မည့် နည်းလမ်းများလည်းကို ရှာကြံ လိုနေသည်ဟူသော ညွန်ပြချက်များ ရှိနေသည်။ အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင်ပင် ဗိုလ်ချုပ်ကြီးများက အားထုတ်မှုများ လုပ်ဆောင်လာခဲ့သည်။ လွန်ခဲ့သည့် သြဂုတ်လက မြန်မာနိုင်ငံသို့ ထိပ်တန်း အမေရိကန် စစ်အရာရှိတဦး လာရောက် လည်ပတ်သင့်သည်ဟု ၎င်းတို့က အကြံပြုခဲ့သည်။ ဝါရှင်တန်နှင့် ၎င်းတို့ စကားပြော လိုသည်ကို ထင်ထင်ရှားရှား ပြသခဲ့သလို ယင်းရည်ရွယ်ချက်ကြောင့် ယာယီသံရုံး တာဝန် ခံမှသည် သံအမတ် အဆင့်သို့ တိုးမြှင့်ရန်လည်း မကြာသေးခင် ကပင် ၎င်းတို့က တောင်းဆိုခဲ့သည်။ ကနဦးပိုင်း ဆွေးနွေးမှု များအတွက် မူးယစ်ဆေးဝါး နှင့် POW/MIA (စစ်သုံ့ပန်း နှင့် စစ်ပွဲအတွင်း ပျောက်ဆုံးခဲ့သူများ) ကိစ္စများသည် အသုံးဝင်နိုင် သော အကြောင်းအရာများ ဖြစ်နိုင်သည်ဟု ၎င်းတို့က မကြာခင်က အကြံပြုခဲ့သည်။ EAP/MLS ဒါရိုက်တာ ဘလိတ် (Blake) လွန်ခဲ့သည့် အပတ်က မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်စဉ်က အာဏာပိုင်များက အံ့အားသင့်ဖွယ် အဆင့်မြင့် တာဝန်ရှိသူများနှင့် တွေ့ခွင့်ပေးခဲ့သည်။

မည်သည့်အကြောင်းအရာများက စကားပြောဖို့ တွန်းအား ဖြစ်စေသနည်း။

၁၃။ (S) ပြီးခဲ့သည့် မေလက နာဂစ်မုန်တိုင်းတိုက်ခိုက်စဉ်က အမေရိကန် အစိုးရက ဗိုလ်ချုပ်ကြီးများ စိုးရိမ် ထားသလို ကျူး ကျော်ရန် မဟုတ်ဘဲ လူသားချင်း စာနာသော အားထုတ်မှု အဖြစ်သာ ကူညီ ဆောင်ရွက်ခဲ့သည့် အခါ ဗိုလ်ချုပ်ကြီးများ အံ့သြတကြီး ဖြစ်ခဲ့သလို ကျေးဇူးတင်မှုပင် ရှိခဲ့သည်။ နိုင်ငံတကာ လူသားချင်း စာနာသော အကူ အညီများသည် တန်ဖိုး ရှိနိုင်သည် ဟူသော အချက်ကို တချို့ ထိပ်တန်း ခေါင်းဆောင်များက နာဂစ်မှတဆင့် သင်ခန်းစာ ရယူခဲ့သည်။ စစ်တပ်အတွင်းရှိ တချို့သူများက တရုတ်နိုင်ငံ အပေါ် အမှီအခို ကဲလွန်းမှုနှင့် ပတ်သက်၍ ရတက်မအေး ဖြစ်ရသည်။ တချိန်က အန္တရာယ်ရှိခဲ့သော အိမ်နီးနားချင်းနှင့် ဖြစ်ခဲ့ရသည့် ဖြစ်ရပ်ဆိုး အပေါ် အားလုံးက ပြန်ပြောင်း အမှတ် ရဆဲ ရှိသေးသည်။ သမ္မတ အိုဘားမား၏ ထိတွေ့ ဆက်ဆံရေး အကြောင်း အရာများကို စိတ်ဝင်စားသည်။ အမေရိကန် အစိုးရ နှင့် သာမန်ထက်ပိုသော ဆက်ဆံမှုမှတဆင့် ရရှိလာမည့် နိုင်ငံတကာက လေးစားမှုကို ဗိုလ်ချုပ်ကြီးများ ရလိုကြသည်။ ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုကြောင့် ၎င်းတို့ အတိုင်းအတာ တခုအထိ ခံစားရသလို အနည်းဆုံး ဒေါသထွက်ရသည်။ အာဆီယံ နိုင်ငံများအပြင် တရုတ်ကပင် တွေ့ဆုံဆွေးနွေးရန် ဗိုလ်ချုပ်ကြီးများကို အကြံပြုထားနိုင်သည်။

၁၄။ (S) ထိပ်တန်းဗိုလ်ချုပ်ကြီးအများစုသည် ထွက်ပေါက်မဟာဗျူဟာတခု ရှာကြံနေသည်မှာ လုံးဝ ဖြစ်နိုင်သည်။ အနား ယူဖို့ အခွင့် အလမ်းကို မြန်မာ ခေါင်းဆောင်များ မည်သည့်အခါမှ မစဉ်းစားခဲ့ပေ။ သမိုင်းကြောင်း အရ မြန်မာဘုရင်များ (သို့မဟုတ်) ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့နှင့် နီးစပ်သူများသည် အာဏာလက်ရှိ သေဆုံးသွားခြင်း၊ အသတ်ခံရခြင်း၊ ဖြုတ်ချခံရ ခြင်း နှင့် အကျဉ်းကျခံရခြင်း တခုခု ဖြစ်တတ်သည်။ လက်ရှိ ထိပ်တန်း ခေါင်းဆောင်များသည် အိုမင်းနေပြီဖြစ်သည်။ သို့သော် ပြင်ပကမ္ဘာက မှတ်ယူထားသည့် ပြည်သူများအပေါ် ကျူးလွန်သည့် ၎င်းတို့ပြစ်မှုများ အတွက် တာဝန်ခံမည့် ဆန္ဒ လုံးဝ မရှိပေ။

သန်းရွှေသည် အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနို အပါအဝင် ၎င်းနှင့်ဆွေးနွေးခဲ့သူများအား သူ့အနေနှင့် နိုင်ငံတကာ ခုံရုံးသို့ တက်ရောက်ရန် လုံးဝ ဆန္ဒမရှိကြောင်းကို ထုတ်ဖေါ် ပြောဆိုခဲ့သည်။ ထိပ်တန်း ဗိုလ်ချုပ်ကြီးအားလုံး ၎င်းတို့ ဆန္ဒ အလျောက်နေရလျှင် ၎င်းတို့ မိသားစုပိုင် ပစ္စည်းများ ဆက်လက် ထိန်းသိမ်းခွင့်နှင့် တရားမစွဲပါ ဟူသော အာမခံချက်ကို ရလျှင် ဆင်းပေးလိုမည် ဖြစ်သည်။

စစ်အစိုးရက မည်သည့်အရာကို တင်ပြလာနိုင်သနည်း။
------------------------------
၁၅။ (S) ထိပ်တန်းဗိုလ်ချုပ်ကြီးများက ၎င်းတို့အနေနှင့် သဘော တူညီချက် လုပ်ဆောင်ပြီး ဖြစ်သည်ဟု မှတ်ယူ ထားပုံရ သည်။ American Center ကဲ့သို့ ယဉ်ကျေးမှု အဖွဲ့များ၊ နိုင်ငံခြား သံရုံးများကို လာရောက် ဖွင့်ခွင့်ပြုထားသည်။ ၂ဝဝ၉ အထိ ကုလသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ် အလည်အပတ် ခရီးစဉ် ၄ ကြိမ်အထိ ခွင့်ပြုထားသည်။ အခြေခံ ဥပဒေမူကြမ်း ရေးဆွဲ၊ လူထု ဆန္ဒခံယူပွဲ တခု ကျင်းပ၊ ရွေးကောက်ပွဲ ကျင်းပစသည့် ဒီမိုကရေစီ လမ်းပြမြေပုံဖြင့် သွားရန်သာ ဗိုလ်ချုပ်ကြီးများ သန္နိဌာန် ချထားသည်။ ဦးဝင်းတင်ကဲ့သို့ ထိပ်တန်း နိုင်ငံရေး သမားများ အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ မလွှတ်ပေးသေးပေ။

၁၆။ (S) မဝေးသောကာလအတွင်း အဓိကနိုင်ငံရေးကိစ္စရပ်များတွင် အရေးပါသော တိုးတက်မှုများ ဖြစ်လာ လိမ့်မည်ဟု မိမိတို့ မမျှော်မှန်း သင့်ပေ။ စစ်အစိုးရသည် ဒီမိုကရေစီ လမ်းပြမြေပုံကို ဖျက်သိမ်းရန်၊ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ဆီသို့ ပြန်သွားရန် (သို့မဟုတ်) အခြေခံ ဥပဒေသစ်ကို ပြန်လည် သုံးသပ်ရန် စသဖြင့် လုံးဝ လုပ်ဆောင်မည့် အခြေအနေမရှိပေ။ ထိပ်တန်း ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့နှင့် ၎င်းတို့ မိသားစုဝင်များ၏ လုံခြုံမှု၊ ကြွယ်ဝမှုအတွက် ယုံကြည်စိတ်ချမှု မရှိမချင်း နေရာမှ ဖယ်ပေးမည် မဟုတ်ပေ။

၁၇။ (S) ဖြစ်နိုင်ချေရှိသော ကမ်းလှမ်းချက်တချို့
နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု ကမ်းလှမ်းထားသည့်အပေါ် စစ်အစိုးရက ရွေးကောက်ပွဲ လုပ်ငန်းစဉ် အတွင်း အပြောင်း အလဲ တချို့ကို လက်ခံကောင်း လက်ခံလာနိုင်သည်။

လက်ရှိထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပေါ်ထား ရှိသည့် တချို့သတ်မှတ်ချက်များကို စစ် အစိုးရ လျော့ပေးကောင်း ပေးနိုင်သည်။

ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသားတချို့ပြန်လွှတ်ပေးရန် ၎င်းတို့ကို ဆွဲဆောင်ကောင်း ဆွဲဆောင် နိုင်မည်။ အနိမ့်ဆုံး နိုင်ငံရေး အကျဉ်းသားများထံသို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) သွားရောက်ခွင့် ပြန်လည် ခွင့်ပြုရန် စဉ်းစားကောင်း စဉ်းစားနိုင်သည်။

စစ်အစိုးရက နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်မည့် ပူပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လိုကြသည်။ ဥပမာ မူးယစ် ဆေးဝါး နှိမ်နင်းခြင်း၊ အကြမ်းဖက် လုပ်ငန်းများ နှိမ်နင်းခြင်း၊ လူကုန်ကူးမှု နှိမ်နင်းခြင်း၊ စီးပွားရေးမူဝါဒ အကြံပြုခြင်း၊ သဘာဝ ဘေးအန္တရာယ် လျော့ချရေး စသည့် ကိစ္စရပ်များဖြစ်သည်။ စစ်ဘက် အချင်းအချင်း ထိတွေ့ မှု၊ ဥပဒေဝန်ထမ်း လေ့ကျင့်သင်တန်း အခွင့် အလမ်းများကိုလည်း စစ်အစိုးရက လိုလားသည်။

မိမိတို့သံရုံးကပါဝင်နိုင်သော အသေးစားလုပ်ငန်းဆိုင်ရာ သဘောတူညီချက်ကိုလည်း စစ်အစိုးရ လိုလားသည်။ ဥပမာ ဗီဇာကိစ္စများ၊ တိုင်းပြည်အတွင်း ခရီးသွားလာခွင့် တိုးမြှင့်ပေးခြင်းများ၊ ယခင်မန္တလေးတွင် အမေရိကန် ကောင်စစ်ဝန်ရုံး ထားရှိသလိုမျိုး ပြန်ဖွင့်ရန်၊ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီပေးရေး အဖွဲ့ (USAID) ၏ နိုင်ငံရပ်ခြား လူသားချင်း စာနာသော အထောက် အပံ့များ ပြန်ပေးရန် စသည်တို့ ဖြစ်သည်။

ဟန်ပန်အမူအယာဆက်ဆံမှုသည်လည်း မြန်မာလူမျိုးများအတွက် အရေးကြီးသည်။ စစ်အစိုးရက ဝါရှင်တန်ရှိ ၎င်း၏ COM အား သံရုံးတာဝန်ခံမှ သံအမတ်အဆင့်သို့ တိုးမြှင့်လိုသည်။ အမေရိကန်နိုင်ငံက Burma အစား Myanmar ဟူ၍သာ အသုံးပြုစေလိုသည်။

အကယ်၍ အမေရိကန်အစိုးရက ထိတွေဆက်ဆံမှုပြုလုပ်ပါက မိမိတို့က မည်သည့်အရာများကို တင်ပြ၍ မည်သည့် အရာများကို ကမ်းလှမ်းမည်နည်း။
--------------------------------------------
၁၈။ (S) ဆက်ဆံမှုဖေါ်ဆောင်ရေး အားထုတ်မှုတိုင်းတွင် အချိန်ယူရမည်။ အစည်းအဝေးတခု (ဝါ) နှစ်ခုမျှနှင့် မပြီး။ တွေ့ဆုံမှု များစွာ လိုအပ်မည်။ တဖြည်းဖြည်း ယုံကြည်မှု တည်ဆောက်ကာ၊ မြန်မာဘက်ခြမ်းမှ ပွင့်ပွင့်လင်းလင်း ပြောဆိုလာ သည်အထိ စောင့်ရနိုင်သည်။ ယင်းသည် အာရှနည်းအာရှဟန် ဖြစ်သည်။

ကနဦးအဆင့်များတွင် အမေရိကန်နိုင်ငံတွင် ကျူးကျော်လိုခြင်း (ဝါ) လက်ဝါးကြီးအုပ်လိုခြင်း ရှိသည် ဟူသည့် စစ်အစိုးရ၏ စိုးရိမ်ချက်ကို ချေဖျက်ရမည်။ ပြင်ပကမ္ဘာနှင့် ကောင်းမွန်သော ဆက်ဆံမှု မြန်မာနိုင်ငံ ရရှိကာ တရုတ်အပေါ် အားကိုးမှုအ တွက် အစားထိုး နည်းလမ်း တခုရမည်ဟူ၍ မိမိတို့ဘက်ခြမ်းက ပြသသင့်သည်။ ခေါင်းဆောင်များက ၎င်းတို့နည်းလမ်းများကို ပြောင်းလဲ ပါက နှစ်နိုင်ငံ အကျိုးစီးပွားကို အခြေခံသော အမေရိကန်နိုင်ငံနှင့် အဓိပ္ပာယ်ရှိသော ဆက်ဆံရေးတခု တည်ဆောက် လာနိုင်မည်။

သို့တိုင် အရေးကြီးသော အဓိကရေရှည်ကိစ္စရပ်များကို ရှေ့တန်းတင်ရန် အရေးကြီးသည်။ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ စတင်ရေး။

အစောပိုင်းတွင် မိမိတို့အနေဖြင့် အထက်တွင်ဖေါ်ပြထားသော အရေးကိစ္စများဖြစ်သည့် မူးယစ် ဆေးဝါး နှိမ် နင်းခြင်း၊ အကြမ်းဖက် လုပ်ငန်းများ နှိမ်နင်းခြင်း၊ လူကုန်ကူးမှု နှိမ်နင်းခြင်း၊ စီးပွားရေးမူဝါဒ အကြံပြုခြင်း၊ သဘာဝဘေး အန္တရာယ် လျော့ပါး စေရေးနှင့် ဒုတိယ ကမ္ဘာစစ်မှ ကျန်ရစ်ခဲ့သော စစ်သည်များ၏ ရုပ်ကြွင်းများ တူးဖော်ခြင်း စသည့် နှစ်ဖက်အ ကျိုးစီးပွားကို အခြေခံသင့်သည်။ အထက်ဖော်ပြပါ နယ်ပယ်များတွင် အမေရိကန်နိုင်ငံက သင်တန်း အထောက်အကူများလည်း ပေးနိုင်သည်။

ကမ္ဘာ့အဝှမ်းစီးပွားပျက်ကပ်၏ သက်ရောက်မှုများက အခွင့်အလမ်းများ ဖန်တီးပေးသည်။ မြန်မာ နိုင်ငံစီးပွားရေး သည် ယိုယွင်း ပျက်စီးနေသည်။ စစ်အစိုးရ ဘက်ခြမ်းက အပြုသဘော ဆောင်သော နိုင်ငံရေး ခြေလှမ်းများက မြန်မာ့ စီးပွားရေး အတက်အကျကို အဆုံး အဖြတ်ပေးသည့် ကျယ်ပြန့်သော စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများကို ဖြေလျော့ စေနိုင်သည်။

ကမ္ဘာ့ဘဏ်နှင့် IMF နည်းပညာ အကူအညီများဖြင့် ဆွဲဆောင်နိုင်သလို တိုးတက်လာပါက ချေးငွေများဖြင့်ပါ ဆွဲ ဆောင်နိုင်သည်။ အောက်ခြေအဆင့် အစိုးရ အခြေပြု အဖွဲ့အစည်းများနှင့် UNDP လုပ်ငန်းများအပေါ် ကန့်သတ် ထားချက်များကို ပြန်လည် ဆွေးနွေးရန် မိမိတို့ စဉ်းစားသင့်သည်။ လုံလောက်သော တိုးတက်မှုများအတွက် စစ်အစိုးရနှင့် ၎င်း၏ စီးပွားဘက်များ အပေါ် ပစ်မှတ်ထား ပိတ်ဆို့ထားမှုက ကမ်းလှမ်းမှု တခုလည်း ဖြစ်လာနိုင်သည်။

လိုအပ်နေသော သူများကို ကူညီပေးရန် လူသားချင်းစာနာသော အကူအညီများ (စစ်အစိုးရ လမ်းကြောင်းများ ပြင်ပ) ထောက်ပံ့ ပေးလိုသည့် မိမိတို့ ဆန္ဒကို ရှင်းရှင်းလင်းလင်း ပြသသင့်သည်။ ထိုသို့ အကူအညီများသည် လူထု လူမှု အသိုင်းအဝန်းများ၏ စွမ်းရည်များ မြှင့်တင်ပေးခြင်း နှင့် မြန်မာ အောက်ခြေထု ပြည်သူများကို ပြင်ပကမ္ဘာက ကူညီ ပေး နေသည်၊ စစ်အစိုးရက ကူညီပေးခြင်း မရှိဟူသော သရုပ်ကို ဖေါ်ပြနိုင်သဖြင့် စစ်အစိုးရကို အားနည်း သွားစေနိုင်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အသက်မွေးဝမ်းကြောင်းများလုပ်ငန်းများကို အမေရိကန်အစိုးရ အကူအညီဖြင့် ကူညီ ပေးနိုင်သော ရိုဟင်ဂျာ ကိစ္စရပ်တွင် စစ်အစိုးရနှင့် ပူပေါင်း ဆောင်ရွက်သင့်သည်။

၁၉၈ဝ က ပိတ်ခဲ့သော အမေရိကန်ကောင်ဆယ်လာရုံးနေရာကို အသုံးပြု၍ မန္တလေးတွင် PD ဆက်ဆံရေး ဌာနတခု တရားဝင် ဖွင့်နိုင်သည်။ နိုင်ငံအဝှမ်း ပညာရေးနှီးနှော ဖလှယ်မှုများ တိုးမြင့် လုပ်နိုင်သည်။ လွန်ခဲ့သောနှစ်များ စွာက အမေရိကန်တွင် ပညာ သင်ကြားခဲ့သူများက အမေရိကန်နှင့် ပတ်သက်သော မြတ်နိုးဖွယ် အမှတ်တရများ ရှိနေသေးကာ အမေရိကန်နှင့် ပတ်သက်၍ အပြုသဘော မြင်ကြသည်။ အရည်အချင်းရှိသော ပညာရေး သင်ကြားခွင့် သည် မြန်မာနိုင်ငံသားများ အတွက် ဦးစားပေးတခု ဖြစ်သည်။

Myanmar ဟူသော အသုံးအနှုန်းကို လက်ခံအသုံးပြုရန် မိမိတို့စဉ်းစား သင့်သည်။ Burma ဟူသော အသုံးအနှုန်း သည် ကိုလိုနီခေတ်၏ အကြွင်းအကျန် အသုံးအနှုန်းဖြစ်ကာ တခြား တိုင်းရင်းများအကြား လူများစု ဗမာ တိုင်းရင်းသားကို မြှင့်တင်ပေးရာ ရောက်သည်။ မြန်မာ တနိုင်ငံလုံးတွင် လူတိုင်းက Myanmar ဟုသုံးသည်။ တောင် အာရှ နိုင်ငံများလည်း ယင်းကဲ့သို့သုံးသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကတော့ ငြင်းဆန် နေဆဲဖြစ်သည်။

- စစ်အစိုးရက ဝါရှင်တန်မှ ၎င်းတို့ COM ကို ယာယီတာဝန်ခံမှ သံအမတ်သို့ မြှင့်တင်ပေးရန် မေတ္တာ ရပ်ခံချက်ကို မိမိတို့က သဘောတူနိုင်သည်။

ယူဆချက်
---------
၁၉။ (S) ပိုမိုကောင်းမွန်သော ဆက်ဆံရေးတခုစတင်တည်ဆောက်ခြင်းသည် အချိန်တို ကာလအတွင်း အောင်မြင်ရန် ခက်ခဲ နေသေးသည့် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးရလဒ်များအပေါ် ကိုင်တွယ်ထားခြင်း ထက်ပို၍ အရေးကြီးသည်ဟု တချို့ တင်ပြသည်။ ထိုအမြင်တွင် အမေရိကန်၏ ဒေသတွင်း ကမ္ဘာအဝှမ်း အကျိုးစီးပွားများဖြင့် မြန်မာနိုင်ငံ မူဝါဒကို တွန်းအား ပေးသင့်သည်။ မှန်ကန်သော ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး ရလဒ်များထက် လျော့၍ တောင်းဆိုမှုသည် နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားသူများ၏ အားထုတ်မှုကို စတေးသလို ဖြစ်နိုင်သည်ဟု တချို့က အခိုင်အမာ ရပ် တည်နေဆဲ ဖြစ်သည်။ တွေ့ဆုံ ဆွေးနွေးမှု လမ်းကြောင်းကို လိုက်မည့် အားထုတ်မှု တိုင်းတွင် အလွန်စိတ်ရှည်ဖို့ လိုအပ်သလို မည်မျှ ကမ်းလှမ်းနိုင်သည်နှင့် မည်မျှ ပြန်တောင်းဆိုနိုင်သည့် အပေါ် ပြည့်စုံသော စဉ်းစားချက်ရှိရမည်။

စစ်အစိုးရထိတွေ့ ဆက်ဆံလိုသည့် တိမ်းညွတ်မှုသည် ၎င်း၏ အကျိုးစီးပွားများ စေ့ဆော်မှုကြောင့် ဖြစ်သည်။ (ပိတ်ဆို့မှု လျှော့ချရေး၊ လေးစားမှု ရရှိရေး၊ တရုတ်လွှမ်းမိုးမှုကို ပြောင်းလဲပစ်ရေး)။ သို့သော် ထိပ်တန်း ဗိုလ်ချုပ်ကြီးများက အနောက် နိုင်ငံများ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပန်းတိုင်သို့ အလျင် အမြန် ကူးပြောင်းခြင်းကို လုံးဝ အန္တရာယ်ရှိသော အရာဟု ရှုမြင်သည်။ သို့တိုင် တခြားတဖက်တွင် စေ့စပ်ညှိနှိုင်းမှု စတင်ရန် မည်မျှ အဆင်သင့် ရှိနေနိုင်သည်ကို မည်သည့်အခါမှ မသိနိုင်ပေ။ စိတ်ပျက်ဖွယ် ၂ဝ၁ဝ ရွေးကောက်ပွဲ ကလည်း အခွင့်အလမ်းတခု ဖြစ်နိုင်သည်။ ၂ဝ။ (S) ဒီမိုကရေစီ ရှေ့တန်း စစ်မျက်နှာတွင် အဓိက အောင်မြင်မှုများသည် တဖြည်းဖြည်းဖြင့်သာ ဖြစ်နိုင်ချေ ရှိသောကြောင့် အနာဂတ် ဒီမိုရေစီ အတွက် အုတ်မြတ်များ တည်ဆောက်ရန် ရေရှည် အားထုတ်မှုများ လုပ်ဆောင်ရန် အမေရိကန် နိုင်ငံအတွက် အရေးကြီးသည်ဟု မိမိတို့ ယုံကြည်သည်။

မိမိတို့ MSP တခုချင်းစီတွင် ဆိုင်ကလုန်းအလွန်အကူအညီပေးမှုများကို ပိုမို ကျယ်ပြန့်သော လူသားချင်း စာနာသော အားထုတ် မှုများနှင့် ဆက်လက် လုပ်ဆောင်သင့်သည်။ အကယ်၍ ကောင်းမွန်စွာ ပုံဖေါ်ထားနိုင်ပါက ယင်းအကူအညီ များသည် အောက်ခြေ လူတန်းစားများ၏ အခြေခံ ရပ်တည်နိုင်မှုများကို တည်ဆောက် ပေးနိုင်ပြီး ပြည်သူလူထုက စားဝတ် နေရေးထက် နိုင်ငံရေး ရည်မှန်းချက်ကိုပါ ကျော်လွန်၍ စဉ်းစား လာနိုင်မည်ဖြစ်သည်။ ယင်း အကူအညီများသည် ဗြောင်ကျသော အံတုမှုလည်းဖြစ်သည်။ အကူအညီ လက်ခံသူများက ၎င်းတို့ကို မည်သူက ကူညီပေး၍ (နိုင်ငံတကာအလှူရှင်များ) မည်သူကမကူညီ (စစ်အစိုးရ) သည်ကို နားလည်လာမည်။ ယင်းအကူအညီ ပေးရာတွင် လူသားချင်း စာနာသော အကူအညီ အောက်မှတဆင့် ကျန်းမာရေး၊ အစိုးရနှင့် မဆိုင်သော ပညာရေး၊ အသေးစားချေးငွေလုပ်ငန်း၊ တခြားဒေသတွင်းလုပ်ငန်းများအပြင် လူထုလူမှုအသိုင်းအဝိုင်း အရည်အချင်း မြှင့်တင်ရေး နည်းလမ်းများလည်း ပါဝင်မည်။ မိမိတို့ ဒေသတွင်း ဦးစားပေးများတွင် စစ်အစိုးရက စစ်မှန်သော စိတ်ဝင်စားမှု များပြသသော အချက်အလက်များကို အမေရိကန် အစိုးရက အာရုံ စိုက်ကြည့်သင့်သည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ ကူးစက်ရောဂါများတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်သော ယူနစ်များက အစပြုရန် ကောင်းသော နေရာများဖြစ်သည်။ ၎င်းတို့က ပါဝင်ဆောင်ရွက်ရန် စိတ်ဝင်စားကြသည်။ သို့သော် သင်တန်း များပေးရန် လိုအပ်သည်။ မိမိတို့၏ ဒေသတွင်း ရည်မှန်းချက်များတွင် ပါဝင် ဆောင်ရွက်ပေးခြင်းများ အပြင် ဖေါ်ပြပါ အချက် အလက်များတွင် ကူညီပေး ခြင်းဖြင့် အနောက်ကမ္ဘာ အပေါ် စစ်အစိုးရက ထားရှိသည့် အမြင်ကို ပိုမိုကျယ်ပြန့်စွာ ပြန်လည် စဉ်းစားနိုင်စေမည် ဖြစ်သည်။

ဒင်းဂါး

Ref: မဇ္ဈိမ

Read More...

Saturday, December 25, 2010

လွတ်လပ်ရေး ရွှေသားမီးတိုင် နှင့် ကိုလိုနီခေတ် ကာလ ၂၀ ရာစု ၏ အလယ်ပိုင်း နှစ်များ

Dec 25, 2010

မင်းကိုခါး (ကွမ်းခြံကုန်း)

အသက် ၃၂ နှစ်သာ ရှိသေးသော လူငယ်တဦးသည် တတိုင်းတပြည်လုံးကို ကတိ ပေးထားသည်။

၁၉၄၇ ခုနှစ်။

ထိုလူငယ်၏ ကတိကိုလည်း တတိုင်းတပြည်လုံးက ယုံကြည်ကိုးစား နိုးကြားတက်ကြွ နေကြသည်။ သူ၏ ကတိမှာ “တနှစ်အတွင်း လုံးဝ လွတ်လပ်ရေးရစေရမယ်”ဟူ၍ ဖြစ်သည်။ ကတိပေးသူ လူငယ်ကား . . .
သူ့ခေတ်သည် ကျွန်ဘ၀ကိုလိုနီခေတ်နှင့် ထိုကိုလိုနီခေတ်မှ လွတ်မြောက်ရန် “လွတ်လပ်ရေး” ကြိုးပမ်းမှု ခေတ်ကာလဖြစ်သည်။ သူဖြတ်သန်းရသော အချိန်အားလုံးသည် ထိုခေတ်ကြီး အဖြစ် အပျက်များနှင့်သာ လုံးထွေး ရောပြွမ်း နေခဲ့ရလေသည်။ လွတ်လပ်ရေး ရရှိချိန်ကိုကား သူ မတွေ့မမြင်ခဲ့ရပေ။



သူ့အဖို့ တသက်တာကား အကျပ်အတည်းများကို ကျောခိုင်းနောက်လှည့်၍ ရှောင်လွှဲသွားရန် လမ်းကြောင်းများ မရှိပေ။ အဘယ့်ကြောင့်နည်း။ သူသည် ကိုလိုနီ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တော်လှန်ရေး သမားတယောက် ဖြစ်သောကြောင့်ပင်။ “ လွတ်လပ်ရေး ” “ နိုင်ငံ၏ ပုံရိပ်သစ် ” နေ့တိုင်းပင် သူ စိတ်ကူးမျှော်မှန်းခဲ့သည်။ သူ့ခေတ်က မြန်မာအမျိုးသားစာဆို ဆရာကြီး သခင်ကိုယ်တော်မှိုင်း က ပြောခဲ့သည်။ ကျွန်ခေတ်မှာ လူရာ မ၀င်ချင်ဘူးတဲ့။ ကိုအောင်ဆန်း (သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း)သည် ထိုလူစားဖြစ်သည်။ သူ့ ခေတ်ပြိုင်များက ဆန်းစစ်တွေ့ရှိသော လူငယ် ကိုအောင်ဆန်းသည် ကိုလိုနီ ကျွန်ခေတ်တွင် လူရာဝင်ရေး အတွက် အပေါင်းအသင်း အဆက်အသွယ် အခွင့်အလမ်း တက်လမ်းတွေ လိုက်ရှာဖွေသူ မဟုတ်။ တကိုယ်ရေ ကောင်းစား ကြီးပွါးရေး အတွေးအခေါ်တွေ သူ့မှာမရှိ။

သူ့အတွေးက နိုင်ငံနှင့်ချီ၍ “ လွတ်မြောက်မှု ” ။

ကိုလိုနီသူ့ကျွန်ဘ၀တွင် ပြည်သူလူထုက “ဘုရားကျွန်တော်မျိုး” ဟု လက်အုပ်ချီပြီး “မှန်ပါ့ ဘုရား” ဟု နယ်ချဲ့ အုပ်စိုးသူ လူမျိုးခြားကို ဘုရားထူး ဒူးထောက်ခဲ့ရ၊ နိမ့်ကျညှိုးငယ်၊ ဒုက္ခအသွယ်သွယ်က ၁၉၃၀ ပြည့်လွန် နှစ်များတွင် လူငယ် တဦးသာဖြစ်သော ကိုအောင်ဆန်းကို စူးစူးရှရှ နာကျည်း ထန်ပြင်းစေခဲ့ပြီးပြီ။ ဘုရင်ခံတဲ့။ ကိုလိုနီ ယန္တရားကြီးကား ပဒေသရာဇ်ခေတ် နယ်စားမြို့စား အုပ်ချုပ်ရေးပုံစံနှင့် မဝေးလှသော ၀တ်ရုံဟောင်းကြီးကို ခပ်တင်းတင်း လွှမ်းခြုံလျက်။ နိုင်ငံကို ကျွန်ပြု စိုးမိုးထားသော ကိုလိုနီနယ်ချဲ့နှင့် နယ်ချဲ့ အလိုတော် ရိများက နန်းရင်းဝန်ကြီး၊ အမတ်ချုပ်ကြီး၊ ၀တ်လုံတော်ရကြီး၊ တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ အရေးပိုင်၊ နယ်ပိုင်၊ မြို့ပိုင်၊ မြို့အုပ်၊ သူကြီး “စေ” တလုံးပိုင်၊ အာဏာဇောင်းထက်မြ၊ ဘုရင်ခံချုပ်၊ ဘုရင်ခံ ဆိုသူတွေ မပြောနှင့် ဗြိတိသျှ နေမ၀င် အင်ပါယာ ယန္တရားကြီးရဲ့ အောက်ဆုံးအဆင့် သူကြီးဆိုသူကပင် မြန်မာနိုင်ငံမှာ “ဘုရား” ထူး ခံချင်၊ အမိန့်တော်မြတ် ချမှတ်ချင် . . . ။

အို . . . သင်တို့ကို ငါ ငြင်းဆိုလိုက်တယ်။

“ မြန်မာပြည်တ၀ှမ်းအကုန်
ဒို့အိမ်မှတ်ပါ ဒို့ယာမှတ်ပါ
အဲဒါ ဒို့ဗမာ ”
“ နောင် ဥဒါန်းဘယ်ကြေစရာ
ရာဇ၀င်တင်ထား မျိုးရိုးနွယ်လာ ၊
ကမ္ဘာတခွင်မှာဖြင့် ၊ ဗမာအထင်အရှား
ဒို့ခေတ်တွင်မှ ညံ့ကြတော့မှာလား ”

အမျိုးအစားသစ် နယ်ချဲ့ဆန့်ကျင်ရေး မြန်မာပြည် လွတ်လပ်ရေး အရေးတော်ပုံ နိုင်ငံရေး အင်အားစုများက ကိုလိုနီ ဖိနှိပ် စိုးမိုးသူတို့ ဆန္ဒနှင့် သီးခြား ကင်းလွတ်စွာ ဖူးပွင့် လာကြပုံမှာ အိပ်မက်မဟုတ်။ သမိုင်း၏ ဖြစ်ပေါ်တိုးတက်မှု အရှိတရားက ၀သန်မိုးဦး တဖြိုက် ရွာလိုက်တဲ့အခါ စိန်ပန်းတွေ ရဲခနဲ လင်းခနဲ လန်းဆတ် တောက်ပ ဖူးပွင့်လိုက်ကြ သလိုပဲ။ မြန်မာစာဆိုများ၊ ဂီတ ပညာရှင်များ ကပင် ကျောခိုင်းနေ၍ မရ။ မျက်နှာမူကာ မြတ်မြတ်နိုးနိုး စာဖွဲ့လွမ်းပွေ့ လိုက်ချင်စရာ။

သမိုင်းရဲ့ အကွေ့။
နိုင်ငံကို စစ်ပွဲကြီးသုံးကြိမ်ပြုပြီး သိမ်းပိုက်အုပ်စိုးခဲ့သော နယ်ချဲ့ ကိုလိုနီ အာဏာရှင်တွေက အရှင်သခင် မဟုတ်။ ဒါ . . . ဒို့မြေ၊ ဒို့ရေ . . . ဒို့ကိုယ်တိုင် အရှင်သခင်။ သူတို့နာမည်ရှေ့မှာ “သခင် ” ဘွဲ့ကို မြင့်မြတ်ခြင်း နိမိတ်ပုံလို တပ်ဆင်လိုက်ကြသည်။
ယုံလိုက်ကြ။ ကိုယ့်ကိုယ်ကို ယုံကြည်လိုက်ကြ။ ကိုယ်သာအရှင်၊ ကိုယ်သာ သခင်။

ကိုလိုနီသမိုင်းခေတ် ၁၉၃၀ ပြည့်နှစ် ဆရာစံတောင်သူလယ်သမား အရေးတော်ပုံကြီး၏ ပြင်းထန်သော ကိုလိုနီ ဆန့်ကျင်ရေး ပုန်ကန်မှုက ထို ၁၉၃၀ ပြည့်လွန် နှစ်များ၏ အလယ်ပိုင်း ကာလများတွင် လွတ်လပ်ရေး တိုက်ပွဲဝင် နိုင်ငံရေး အင်အားစုများ ဖြစ်လာကြတော့မည့် ကိုအောင်ဆန်းတို့ကို ပေါက်ကွဲအား မြှင့်ပေးသော စွမ်းအားပြည့်မြန်မာ့ သမိုင်း ဒီရေ ဖြစ်ခဲ့သည်။

. . . . . . . . . . . . . . . . . . . . . . . . . . . . . .



“ စံရှားခေါ် ဆရာစံ။ အထက်စွပ်စွဲချက်များကြောင့် သင့်အပေါ်မှာ အပြစ်ရှိကြောင်း။ ဤရုံးတော်က တွေ့ရှိကြောင်း။ ၎င်းအပြင် ဗြိတိသျှ နေမ၀င် အင်ပါယာ၏ ရှင်ဘုရင်နှင့် ဘုရင်၏ အစိုးရတို့အား အသင်က ပုန်စား ပုန်ကန်ပြုလုပ်ကြောင်း ထင်ရှား၏။ ဤသို့ပြုလုပ်ခြင်းကြောင့် တိုင်းပြည်တွင် လူအမြောက်အမြား သေကြေပြီးလျှင် ဥစ္စာစီးပွါးလည်း ပျက်ပြားကြောင်း။ သို့သော် ဤသို့ ပျက်ပြားသော်လည်း သင်သည် ၀မ်းနည်းခြင်းမရှိ။ ၀မ်းနည်းသည့် လက္ခဏာလည်း မပြခဲ့ချေ။
ထို့ကြောင့် သင့်လည်ပင်းကိုကြိုးတပ်၍ မသေမချင်း အသင့်ကို သတ်စေရန် အမိန့်ချမှတ်လိုက်ကြောင်း ” ။

လယ်သမားသူပုန်ကြီး ဆရာစံကမူ “ မှန်ပါ့ဘုရား ” ဟု လက်အုပ်မချီ။ ဘုရားမထူး။ မတရား ဗိုလ်ကျ အုပ်စိုးသူတို့ကို တော်လှန် ပုန်ကန်ခြင်း အမှန်တရားအား စွန့်လွှတ်ရန် လုံးဝ မစဉ်းစားခဲ့။ ကျွန်ခေတ်မှာ လူရာ မ၀င်ချင်ဘူး။

ဆရာစံကို ကိုလိုနီကြိုးစင်ပေါ်သို့ ဆွဲခေါ်လာကြသည်။ အို လူမျိုးခြား ဖိနှိပ်သူတို့ ... မြန်မာ့ရာဇ၀င် ထဲ တရားမ၀င် ကျူးကျော် ခုန်တက် လာစ နှစ်များကပင် သင်တို့ကို ငါ ငြင်းဆိုလိုက်တယ်။ လက်ထိပ်ခတ်လျက်။ ငေးကြည့်နေသူများက “ ဆရာစံ တုန်လှုပ်လေမလား ” စူးစမ်းလျက်။ ကျွန် ဖြစ်ရတာထက် သေရတာက မြတ်တယ်။ မင်းတို့ မလိုပါဘူး။ ဖယ်ကြစမ်း။ ငါ့ဘာသာ တက်နိုင်တယ်။ တွဲခေါ်လာသူများကို ကြိုးစင်ရှေ့မှာ တွန်းဖယ် ထားပစ်ခဲ့ လိုက်လေရဲ့။ ပထမ ခြေတလှမ်း။ အမျိုးအတွက်။ ဒုတိယခြေတလှမ်း။ ဘာသာအတွက်။ တတိယခြေတလှမ်း။ သာသနာအတွက်။ ဆရာစံ၏ ရုပ်ပုံလွှာက သူချစ်လှစွာသော နိုင်ငံကို မြတ်မြတ်နိုးနိုး လှုပ်နှိုး ပစ်ခဲ့သည့် နိမိတ်ပုံ။ ဘယ်သောခါမှ မမေ့နိုင်ဖွယ်ရာ တည်ကြည်လေးနက်စွာ ဦးခေါင်းကို မတ်ထားသည့် မြန်မာ့ သူရဲကောင်း။ ငါ ပြန်လာမယ်။ တနေ့ ပြန်လာမယ်။ သန်းနဲ့ချီပြီး ပြန်လာခဲ့မယ်။ ကြီးမြတ်သော သုပဏ္ဏက ဂဠုဏရာဇာ မြန်မာကြီးသည် ကြိုးစင်ထက် မယိမ်းမယိုင် တက်သွားနေသည်။ သူ့နောက်ကျောမှာ ကိုလိုနီခေတ် သူ့ကျွန်ဘ၀ မြန်မာနိုင်ငံ အနှံ့ဆီ သာယာဝတီထောင် ကိုလိုနီအုတ်ရိုးကို ထွင်းဖောက်ပြီး ယုံကြည်မှု အရောင် တလွင်လွင့် တောက်ပ ထွက်ပေါ်သွားတော့သည်။

အဲဒီယုံကြည်မှုအရောင်တွေသည် ၁၉၃၅ - ၃၆ ခုနှစ်က ကိုအောင်ဆန်းတို့ မျိုးဆက်ရဲ့ ရင်ဘတ်တွေ ထဲဆီ စူးရှမြုပ်ဝင် ပဲ့တင်နေကြသည်။

ကိုလိုနီဘ၀ကြီးကို တို့ ငြင်းဆိုခဲ့ကြတယ်။ ကျွန်ခေတ် သမိုင်းရဲ့အမှောင် အင်အားစုတွေကို တို့ ရွံမုန်းခဲ့ ကြတယ်။
“ သက်သေသာဓကတို့သည် နွေဦးပေါက်လှုပ်ရှားသော သစ်ရွက်များကဲ့သို့ ငါတို့၏ ရင်တွင်းဝယ် ဆထက်ထမ်းပိုး တိုးကာ တဖျတ်ဖျတ် တလူလူ လွှင့်ခတ်၍နေပါအံ့။

ဤနေရာဝယ် အနှစ်တထောင် ကာလပတ်လုံး ရှပ်တိုက်၍နေသော ခြေရာ အပေါင်းတို့ သည်လည်း သင်တို့၏ သွေးကွက်များကို ချေဖျက်နိုင်မည် မဟုတ်။

ဤတိတ်ဆိတ်ခြင်းကို ရေတွက်ခြင်းငှာမစွမ်းနိုင်သော အသံဗလံများသည် ရေပွက်ပမာ ထပွက်သော် ငြားလည်း သင်တို့၏မြတ်သော သေခြင်းကို ထောမနာပြုသော ခေါင်းလောင်းသံသာ သည်ကား ပဲ့တင်ထပ်၍ နေမည်သာတည်း ” ။

ချီလီကဗျာဆရာကြီး ပါဘလိုနီရူဒါ
(ဒဂုန်တာရာ မြန်မာပြန်)
တာရာမဂ္ဂဇင်း၊ ၁၉၄၆ - ခုနှစ်။

* * * * * * * * * * * * * * * * *

ကိုအောင်ဆန်းသည် တွေးနေသည်။ သူ့အဖိုး ဗိုလ်မင်းရောင်သည်လည်း အရေးတော်ပုံတွင် ခေါင်းဖြတ် ခံခဲ့ရသည်။ ဆရာစံ၏ လယ်သမား သူပုန် ရဲဘော်ကြီးများ သည်လည်း ဦးခေါင်းတွေ ဖြတ်ခံခဲ့ရသည်။ (၁၉၃၅ - ၃၆) နှစ်ကာလက သူ၏ ခေတ်ပြိုင်များသည် ကိုအောင်ဆန်းကို မှုန်ဆန်သော လူငယ် တယောက်အဖြစ် စတင်တွေ့ရှိ ကြရသည်။ စာသင်ခန်း ထဲမှာလည်း တွေးသည်။ အင်းလျား ကန်ကြီးဘေး လမ်းလျှောက်ရင်း မှာလည်း တွေးသည်။ ပဲခူးဆောင် အပေါ်ထပ်မှ ဆံပင်စုတ်ဖွားနှင့် လှေကားထစ်များကို နင်း၍ နင်း၍ ဆင်းလာနေရင်း မှာပင် တွေးမိနေ သေးသည်။ “သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏”။ “တက္ကသိုလ်တွင် ရှိစဉ်က ကိုအောင်ဆန်း သည် ပြုံးသောမျက်နှာကို ထားခဲ၏ ” တဲ့၊ ကဗျာ အနုပညာရှင် ဒဂုန်တာရာက သူတွေ့ရှိသော ကိုအောင်ဆန်းကို ရုပ်ပုံလွှာတွင် ဖွဲ့နွဲ့သည်။ သူ၏ ခေတ်ပြိုင်များကမူ ထိုပုံရိပ်တွေကို နောင်သောအခါ လွမ်းမောဖွယ် တွေအဖြစ် ပြန်လည်အောက်မေ့ သတိ ရခဲ့ကြရသည်။

၃၆ ခုနှစ်က တိုင်းပြည်သည် “ အောင်ဆန်း” ဆိုသော အမည်ကို ထိုခေတ် သတင်းစာများတွင် စတင်တွေ့ရှိ လိုက်ကြချိန်မှာ ထိုလုလင်၏ ရင်အုပ်ထဲတွင် သူတို့ခေတ် တခုလုံး၏ အလွမ်းများ အပြည့်အနင့် သယ်ဆောင် ထားသည်ကို လူတို့က အပြည့်အ၀ မသိနိုင်ကြသေး။ အချိန်က တိုလှသေး၏။ သူ့မှာတော့ ၃၆ ခုနှစ် မတိုင်မီ သူ့နာမည် တိုင်းပြည်နှင့် စတင် မိတ်ဆက်ခြင်း မပြုရသေးချိန် မှာပင် ရင်ထဲ၌ တိုင်းပြည်မနိုးခင် “ ချစ်လှစွာသော ကျွန်ဘ၀ အမိ မြန်မာပြည်ရဲ့ နောက်တနေ့ မနက်ခင်း ဂုဏ်တောက်စွာ လင်းခဲ့ဖို့ အရုဏ်ဦးကို နှလုံးသွေးနဲ့ သယ်ဆောင် နေခဲ့ရပြီ”လေ။ သူ့ရှေ့တွင် မြန်မာပြည်၌ ဆယ်စုတခု၊ နှစ်ခုမက အချိန်မှစ၍ ကိုလိုနီခေတ် ကိုယ်ကျိုးရှာ ၀ါရင့် နိုင်ငံရေးသမား ဟောင်းကြီးများက ရှိနေခဲ့ပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကဗျာထဲက အတိုင်း “ ငါးထောင် အသပြာစား မာန်ရယ်နဲ့ မာန်ဖီဖီပွား၊ မယားတောင်ညာခံနှင့် စံသည်တကား” အမည် ထိုက်သည့် ပုဂ္ဂိုလ်တွေလည်း မြန်မာနိုင်ငံရေး ပွဲဦး ပွဲကူးထဲမှာ အုတ်အရောရော ကျောက်အရောရော ပါဝင်။ ၃၆ ခုနှစ်တွင် ပေါ်လာသော ကိုအောင်ဆန်းတို့လို အသက် ၂၁ နှစ်အရွယ် လူငယ်များ၏ အမျိုးအစားသစ် အမျိုးသားရေး နိုင်ငံရေး လွတ်လပ်ရေး ရည်မှန်းချက်ကို စိမ်းရိုင်း လတ်ဆတ်စွာ ထိတ်ခနဲ တွေ့ကြရသည်။ မည်သို့ အကဲဖြတ်မလဲ။ သမိုင်းခေတ်က လာနေပြီ။ ၁၉၃၆။ အသက် ၂၁ နှစ်။ သူ ပြောပြောနေသော လုံးဝ လွတ်လပ်ရေး။ မင်း ငယ်ပါသေးတယ်။ ဗြိတိသျှ အလိုတော်ရိ ခေတ် အဆက်ဆက် သော့ကိုင် ထားလိုသူ မင်းတိုင်ပင် နိုင်ငံရေး သမားဟောင်းကြီးတွေရဲ့ မဲ့ပြုံး၊ ကြိတ်ပြုံး၊ မလိုတမာ အပြုံး တွေနဲ့ နဖူးတွန့် မျက်စချီ အကြည့်တွေကလည်း အဲဒီခေတ်ထဲမှာ အပြည့်။

သို့သော် အမှန်တရားကို ရှာပုံတော် ဖွင့်နေကြပြီ။
တလက်မမှ နောက်ပြန်ဆုတ်ပေးလို့ မရတော့။

ခေါင်းမှာ ဆံပင်ပွယောင်းယောင်း။ မျက်နှာက မှုန်ကုပ်ကုပ်။ သပ်ရပ်ချောမွေ့မှု မရှိ။ ကိုလိုနီ ယန္တရား အကြိုက် အိုင်စီအက် အရာရှိကြီးတွေရဲ့ ရှေ့တော်ပြေး ပုံရိပ်ဖြစ်ရမည့် ပညာတတ် တက္ကသိုလ် ကျောင်းသား အသွင်အပြင်ကို သူ့ထံမှာ တွေ့မြင်ရန် ခက်ခဲလှသည်။ ၁၉၃၆ က ရွှေတောင် ပိုးလုံချည်နှင့် ပြည်တွင်းဖြစ် ဖျင်ကြမ်းကို ၀တ်ဆင်ပြီး စင်မြင့်ပေါ်၌ စကားပြောသော သူ့ကို ဂျူဗလီဟောလ်တွင် ထိုခေတ်လူငယ် အများက တွေ့မြင်ဖူး ကြရသည်။ သူ့မှာ လူအလတ်တန်းစား ပညာတတ် စရိုက်ဟန်တွေ မတွေ့ရ။ သူ့ကိုယ်သူ အတင်း ယဉ်ကျေးအောင် သူက ဟန်ဆောင် မလုပ်။ ဒါကဖြင့် နာမည်ကျော် ပညာတတ်လူငယ် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ပါပဲလေ။ သာမန်လူထဲက လူ . . . လမ်း ပေါ်မှာ နေရာတကာ တွေ့မြင်နိုင်တဲ့ ပုံသွင်ပါပဲလေ။ ဒါပေမယ့် အဲဒီ ရာဇ၀င် ခေတ်ကြီးရဲ့ သွေးခုန်သံများ အားလုံးကို သူဝတ်ဆင်၊ သူ့ခေတ် မျိုးဆက်များရဲ့ ပေါင်းရုံးထားတဲ့ စိတ်ဓာတ် စွမ်းအင်များနဲ့ မျက်နှာက ပိုင်းဖြတ်မှုအပြည့်။

လွတ်လပ်ရေးအတွေးတွေထမ်းလို့ သူ လျှောက်လှမ်းသွားတဲ့ ခြေရာများ
နောက်ရာစုထိ နစ်ကျွံသွားခဲ့တာပါပဲ။
ဒီခြေရာတွေကို ဘယ်အုပ်စိုးသူ ကိုလိုနီမျိုးဆက်ကမှ မဖျက်နိုင်။
သူ့ ခေတ်ပြိုင်ရဲ့ အကောင်းဆုံးတေးသံတွေကို
သူ့နှလုံးအိမ်ရဲ့ နံရံမှာ ကမ္ဘတည်ထွင်းထုထားတယ်။

သူ့ကိုယ်ပေါ် သူ့ခေတ်ရဲ့ အောက်မေ့ဖွယ်တွေက တဖွဲဖွဲဆွတ်ပျံ့ စိမ်းပျံ့  စီးကျလို့ပ . . . ။
စိတ်မရှည်နိုင်
လွတ်လပ်ရေးကို ဒီလုလင်က သူတယောက်တည်း ထမ်းသယ်တော့မယ့်အတိုင်း။
ကိုယ်ရေးကိုယ်တာ နာကျင်မှုတွေကိုမှ သတိမရနိုင်
သူ့ရင်အုပ်ရဲ့  အတွင်းဘက်အမှောင်ထဲမှာ
အသက်ရှင်စွမ်းနေတဲ့အရာ
အခြားသူတွေရဲ့ ရင်အုပ်ထဲမှာ
ပြာဖုံးမီးခဲတွေ . . . မီးလျှံအလင်းထွန်းညှိဖို့
သူလိုက်လို့သာရှာခဲ့။
လေကောင်းလေသန့်တွေ မြန်မာပြည်အနှံ့
ရင်အုပ်တွေထဲဆီ သူအရောက်ပို့ဖို့
ဒုက္ခတရားကိုသာ ဘ၀နဲ့စစ်ခံယူပြီး
ရွှေလို ပြန်သန့်စင်ခဲ့လေပေါ့။
ဒါဟာ ကိုအောင်ဆန်းပေါ့။

၃၆ ခုနှစ်ကိုယ်တိုင်ပင်လျှင် အဲဒီ ၂၁ နှစ်အရွယ် လုလင်ရဲ့ သမိုင်းဆန်တဲ့ သွေးခုန်သံတွေ ဆီက လှပ ခမ်းနားမှုတွေ ပြန်ရခဲ့ပေါ့။ Hell Hound at large (ငရဲခွေးကြီးလွတ်နေပြီ)။ နှစ်ဦးကာလ အိုးဝေမဂ္ဂဇင်းရဲ့ ငရဲခွေး ဆောင်းပါးက ကိုလိုနီ စိုးမိုးသူ အင်္ဂလိပ် အာဏာပိုင်တွေဆီ လေညင်းကလေး ခတ်ပုံက သူတို့ တုန်လှုပ်စရာ။ မဂ္ဂဇင်း စာတည်း မည်သူလဲ။ မင်း . . . ပြောပါ။ သူ့အဖို့ အကျပ်အတည်းများကို ကျောခိုင်း နောက်လှည့်၍ ရှောင်လွှဲ သွားရန် နဂိုကတည်းကပင် သူ မကြိုးစားခဲ့။ အဲဒီ အညာသား မြန်မာလူငယ်က ငယ်ငယ်ကတည်းကပင် ဒါမျိုး မကြိုးစားခဲ့။ နောင်သောအခါ အကြိမ်ကြိမ် ပြန်လည်တသဖို့ ဖြစ်လာခဲ့ရတာပါပဲ။ အားလုံးအကြိုက် ရိုးရိုးစင်းစင်း ပါပဲလေ။ ၁၉၃၆ ခုနှစ်တွင် သူ့အဖြေ။

“ မပြောနိုင်ဘူး ”

ကိုလိုနီခေတ်ရဲ့ တက္ကသိုလ်မျက်နှာဖြူအာဏာပိုင်တွေက ကိုအောင်ဆန်းကို တက္ကသိုလ်မှ ထုတ်ပယ်ကြောင်း ကြေညာ . . . ။ ၁၉၂၀ ပထမ ကျောင်းသားသပိတ်မှ ၁၆ နှစ်အကြာ ကိုလိုနီ ဆန့်ကျင်ရေး ဒုတိယ ကျောင်းသား သပိတ်ကြီး မွေးဖွားလာပုံ အစရဲ့  မဟာသွေးစီးသံသည် သူ၏ ရင်ဘတ်တွင် ပထမ,စပေါက်ကွဲခဲ့တာပါပဲ . . . ။

ပဲခူးဆောင်အလယ်ထပ် သူ့အခန်းမှနေ၍ သူသည် အောက်ထပ်သို့ အတွေးဖြင့် ဆင်းလာ တတ်၏။ (၁၉၃၇ - ၃၈) ခုနှစ်က သူ၏ ကျောင်းနေဘက် များသည် သူ၏ သပ်ရပ်မှုမရှိ၊ သို့သော် စာအုပ်များ ပြည့်နှက် ရှုပ်ပွနေသော သူ့အခန်းကို ပဲခူးဆောင်တွင် တွေ့ဖူးကြသည်မှာ ပြန်တွေးရင် ရာဇ၀င်ကျော် သူရဲကောင်း လုလင်ရဲ့ လွမ်းမောဖွယ်ရာ ကားချပ် တခုပါ။ ကံ့ကော်တွေက ဝေလို့။ ဆွတ်ပျံ့စိမ်းပြာ အင်းလျားရွှေကန်တော်။ မြူမှုန်တွေက ပြာရီရီ။ သက်ငြိမ် ရှုမျှော်ခင်း အလှအပ။ ၁၉၃၈ ခုနှစ် နှစ်လယ်မှာတော့ အိပ်ယာလိပ် ထမ်းပြီး မြန်မာ့ သမိုင်း မုန်တိုင်းထဲဆီ ဇာတ်ဝင်ခန်း တခုလို ရေကျော်ရှိ ဒို့ဗမာ အစည်းအရုံးသို့ သူ ထွက်ခွာလာ ခဲ့လေသည်။ မိုးစက်တွေက ကျလို့။ မဖြီးရသေးသော ဆံပင်။ အင်္ကျီလျော့ရဲ ကြေမွကိုလည်း မပြင်ဆင်ရသေး။ မြန်မာပြည်ရဲ့ ကိုလိုနီ မြေအရိုင်းကို ရင်ဘတ်နဲ့ ထွန်ယက်ဖို့ ဆင်းလာတဲ့ အတိုင်းပါပဲလေ။

အဲဒီခေတ် ဗြိတိသျှကိုလိုနီဥပဒေပြု လွှတ်တော်ထဲမှာတော့ ရာထူးရာခံနှင့် မြန်မာပြည် ကျွန်ခေတ်မှာ လူရာဝင်ရေး ကိုယ်ကျိုးရှာ ကုလားထိုင် လုပွဲမှာ စီးကရက် မီးခိုးငွေ့များ၊ ယမကာ နံ့များဖြင့် ယစ်ဝေကောင်းဆဲပင် ရှိနေသည်။
နောင် . . . ဥဒါန်းဘယ်မကြေစရာ၊ ရာဇ၀င်တင်ထား မျိုးရိုးနွယ်လာ၊ ကမ္ဘာတခွင်မှာဖြင့်၊
ဗမာ အထင်အရှား၊ တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား . . .

* * * * * * * * * * * * * * * * *


အမျိုးသားရေးကြိုးပမ်းကြပါ၊ အရှေ့ က နေ၀န်းထွက်သည့်ပမာ၊ ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ၊

တို့ဗမာဟေ့ . . . တို့ဗမာ . . . ဗမာပြည်တ၀ှမ်း အကုန် တို့အိမ်မှတ်ပါ . . . တို့ယာမှတ်ပါ . . အဲဒါ ဒို့ဗမာ . . .

သမိုင်းခေတ်များရဲ့ အကွေ့အချိုးတွေက မာယာများတဲ့ မြစ်တွေလို မြစ်ကျဉ်းတွေ၊ မြစ်ကွေ့တွေ၊ မှုတ်ဝဲ၊ စုပ်ဝဲတွေ၊ ကျောက်ဆောင်တွေ၊ သောင်တွေ၊ အမှိုက်တွေ၊ ဒိုက်တွေကလည်း များပါပေ့။ သို့သော် ထူးဆန်းသည်မှာ မြစ်တွေက မြစ်ဝှမ်းမှာ နေကြသည့် လူထုရဲ့ ဘ၀တွေနဲ့ ပေါင်းစပ်ထွေပြားကာ အတိုင်းအဆမဲ့ ပိုလို့ နက်ရှိုင်းသွားတတ် ကြသေးသည်။ သမိုင်းခေတ်နဲ့ သူ့လူထုလိုပါပဲ။ ကိုအောင်ဆန်းက မြစ်ကို ဖြတ်ကူးသွားသူ မဟုတ်။ မြစ်ကို အလျားလိုက် စုန်ကူးသူ။ သူ့တမ်းချင်းတွေကို အဲဒီရာဇ၀င် မြစ်ရိုးကြီးအတိုင်း သီဆိုသွားသည်။ မြန်မာ ပြည်သူတွေက နေ့နေ့ညည ကြားနေကြရပြီး စိတ်ထိခိုက်ကာ တမ်းချင်းရှင်ကို ရှာဖွေကြသည်။ သို့သော် ရှာစရာမလိုပါ။ တမ်းချင်းရှင် က သူတို့ ရင်အုပ်တွေထဲဆီအထိ သူ့တမ်းချင်းတွေကို ဒက်ဒက်ထိ လာဆိုလေသည်။

သူ့နာမည်ရှေ့ မှာ
မြန်မာပြည်ရာဇ၀င်ခေတ်ရဲ့  ဂုဏ်ရှိန်မြင့်သည့် “ သခင် ” ဘွဲ့ကို
တော်လှန်ရေးအနုပညာရဲ့  သင်္ကေတလို တပ်ဆင်လို့ . . .
မြင့်မြတ်မှုနဲ့ ရိုးဖြောင့်မှု
သူ့ကိုယ်ပေါ် အရောင်တလွင့်လွင့် . . . ။
အခက်အခဲအကျပ်အတည်း ဆိုတာတဲ့လား
လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဉ်မှာ မလွှဲမရှောင်သာ
တွေ့ရမယ့်
ဖြစ်ရိုးဖြစ်စဉ် သမားရိုးကျကိစ္စတရပ်သာ
သူ ယုံကြည်လေရဲ့ ။
နယ်ချဲ့ သံဖနောင့်အင်ပါယာကြီး
အင်အားကြီးမားတယ်ထင်ရပေမယ့်
ဟောင်းနွမ်းဆုတ်ဆိုင်းနေတဲ့ ကိုလိုနီတရား။
လွတ်လပ်ရေးကြိုးပမ်းခြင်း အင်အားကတော့
နုပျိုပွင့်လန်းတိုးထွက်စ။
သေးငယ်တယ်ထင်ရပေမယ့် သေးငယ်ရာက ရှင်သန်ဖွင့်ထွား
လောကဖြစ်စဉ်တရား။
ဒါ ဒို့မြေ . . . ဒို့ရေ . . . ဒို့ကိုယ်တိုင် အရှင်သခင်။
ကိုယ်ကျိုးရှာ ကိုလိုနီကျွန်ပြုသူတွေရဲ့ 
သံကြိုးကွင်းတွေ
တုန်ခါနေ။
တဆတ်ဆတ်တုန်ခါ . . .
မြန်မာတမျိုးသားလုံး သခင်မျိုးဟေ့လို့
လက်ရုံးဆန့်တန်းကျူးရင့်စေဖို့
အသည့်နှလုံးကို မြေပေါ်ထွန်းညှိစိုက်ချ
အဲဒီ ရွှေသရဖူအလင်းတိုင်ဘေး ညထဲမတ်မတ်ရပ်
“ လွတ်လပ်ရေး သူ ကျူးရင့်ပုံ . . .
သူ့ဘေးမှာ မဟာဧရာဝတီက တလက်လက်စီးလိုက်လို့ . . .
ဒီလုလင်ရဲ့ ရင်ဘတ်နဲ့
ကျွန်ဘ၀ထဲ မသေဆုံးတဲ့ မြန်မာပြည်လွတ်လပ်ရေးအိပ်မက်တို့
ရာဇ၀င်မြောက် သွေးခုန်ပွင့်ဖူးချေသမို့
စိတ်ချလိုက်။

အခက်အခဲများရှေ့ တွင် ကျောခိုင်းပြီး နောက်ပြန်လှည့်မည့် လူမျိုးလည်း မဟုတ်ပေ။

I hope for the best but I am prepare for the worst.
အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။ ဒါပေမဲ့ အဆိုးဆုံးကို ရင်ဆိုင်ဖို့လည်း အသင့်ပဲ။
(နယူးဒေလီ လေဆိပ်၊ ၁၉၄၇ ခုနှစ်)

၁၉၄၇ ခုနှစ်။ သူကွယ်လွန်ခါနီးနေရပေပြီ။ (၇) လ, သာ ကျန်တော့သည်။ ထိုနှစ် ဇန်န၀ါရီလသည် ခိုက်ခိုက် တုန်ချမ်း စိမ့်နေပေသည်။ သူသည် ကမ္ဘာ့ အနောက်ခြမ်း (အင်္ဂလန်) သို့ ခရီးစတင် ထွက်လာခဲ့သည်။ အသက် ၃၂ နှစ်သာ ရှိသေးသော ဦးအောင်ဆန်းသည် တိုင်းပြည်ကို တနှစ်အတွင်း လုံးဝ လွတ်လပ်ရေး ရစေရမယ်ဟု ကတိ ပေးထားသည်။ အသက် ၃၂ နှစ်အရွယ် လူငယ်တဦး၏ ကတိကို (ထိုခေတ်) သူ၏ တိုင်းပြည်ကလည်း မြတ်နိုးမှုတွေ အပြည့်နှင့် ယုံကြည် စွဲလန်း နေကြသည်။ သူ . . . ကိုလိုနီ ခေတ်ကြီးထဲမှာ ထန်ပြင်းရိုင်းစိုင်း မာကျောနေ သလား။ ပင်လယ်ဝါမှာ ခုတ်မောင်းသွားတဲ့ ဟိုင်လီ သင်္ဘောကြီးပေါ်မှာ ရုပ်ဖျက် ပုန်းအောင်းပြီး ချစ်လှတဲ့ တိုင်းပြည်နဲ့ ဝေးရာဆီ လျှို့ဝှက် ထွက်ခွါသွားခဲ့ ရတာတွေကကော။ ထိုသို့ ထွက်ခွါခဲ့ရပုံကို “အရှေ့သို့ ကျွန်ုပ် ထွက်ခွါ လာခဲ့ရသည်မှာ အမှောင်တိုက်တွင်းသို့ သက်ဆင်း လာခဲ့ရသည်နှင့် တူ၏” ဟု နောင်အခါ ပြန်ရေးခဲ့၏။ လူက မှုန်ဆန်ထန်ပြင်း နေမိရပေမယ့် တိုင်းပြည်ပေါ် ချစ်စိတ်ကိုတော့ ရင်ထဲမှာ နူးနူးညံ့ညံ့ ယုယစွာ ထိန်းလို့။ သူ့သစ္စာကို အသက်နဲ့ရင်းပြီး စောင့်ခဲ့တယ်။ သူ့မေတ္တာတရားရဲ့ ချိုမြတဲ့ သင်္ကေတကို ဖော်ပြဖို့တော့ ထွေထွေရာရာ လူ့ဘ၀တ ခုလုံးကိုပဲ အဆုံးတိုင် ပုံပေး ထားခဲ့လေရဲ့ ပ . . . ။
အလှည့်အပြောင်းတွေက များလှရဲ့။ ထိုအတွင်း သူ့သူငယ်ချင်း ကိုအောင်ကျော် (ဗိုလ်အောင်ကျော်) လည်း ဆုံးခဲ့ပြီ။ အဲဒီတုန်းက ၁၉၃၈ ခုနှစ် အမှောင်တိုက်ထဲမှာ။ ကိုအောင်ကျော်လည်း ငယ်ရွယ် လွန်းလှ ပါသေးသည်။ ၂၃ နှစ်။ သူ့ချစ်မိတ်ဆွေ ကိုဗဟိန်း (သခင်ဗဟိန်း) လည်း ၁၉၄၆ ခုနှစ်က မန္တလေးတွင် ကွယ်လွန်ခဲ့ပြီ။ သူသည် လဲလျောင်း ငြိမ်သက်နေသော ရုပ်ကလာပ်ဘေးတွင် စိမ်းစိမ်းမြေ့မြေ့ အောက်မေ့စွာ မိနစ်များစွာ ရပ်တန့်ငေးငိုင် သက်ငြိမ် ရုပ်ဝတ္ထု သဖွယ် နေခဲ့မိသည်။ သူတို့ မျိုးဆက်တွေက ကြွေပွင့်တွေလား။ သူ့စိတ်ထဲမှာတော့ သူ့ရဲဘော်များသည် ကြွေလွင့်ကာမှပင် ပိုလို့ မွှေးမြလာပြန်ရဲ့။ အချိန်တွေက ကြာသလား။ တိုတောင်းသလား။ ထိုအတွင်း ဂျပန်ဖက်ဆစ် တော်လှန်ရေး ကြီးကိုပင် ခေါင်းဆောင် အဖြစ်နှင့် ဖြတ်သန်း ခဲ့ရပြီးပြီ။ တမြေ့မြေ့ အောက်မေ့ဖွယ်တွေက များပြား လှပါဘိသည်။ သူစာရေးချင်သည်။ “ လွတ်လပ်ရေးရပြီးလျှင် စာရေးဆရာ အဖြစ်နှင့်ပင် သူနေတော့မည် ” ဟု မိတ်ဆွေများကို အကြိမ်များစွာ ပြောမိလေသည်။

အချိန်တွေက သိပ်မရှိတော့ဟု သူထင်နေသည်။ အဆက်မပြတ် သူ လှုပ်ရှားခဲ့သည်။ သမိုင်းမြစ်နဒီကို အလျားလိုက် စုန်ဆန်တုန်း။
ရပ်ကြည့်သူတွေ၊ မဲ့သူတွေ၊ ၁၉၃၆ ခုနှစ်ကလို မလောက်လေး မလောက်စား သူငယ်လေး လို့ မြင်နေကြဆဲ ၀ါရင့် အလိုတော်ရိကြီးတွေ ကတော့ အထင်သေး၊ အမြင်သေး၊ မာတာစိတ်ဓာတ် အညံ့စားတွေနဲ့ ဆန္ဒစွဲ ရှုမြင်ကြတုန်း။
အခွင့်သာတာနဲ့ သမိုင်းဘီးကို နောက်ပြန်လှည့်ရန်။

သို့သော် ၁၉၃၆ ခုနှစ်၊ ၁၉၃၇ ခုနှစ် မဟုတ်တော့။ ၁၉၄၇ ခုနှစ် ရောက်နေပြီ။ ၁၀ နှစ် အတွင်း လူထုက လုလင်ကို သူတို့ရဲ့ သူရဲကောင်း အဖြစ် မမေ့နိုင်ဘဲ ပွေ့ပိုက်ခဲ့ကြရပြီ။

အို . . . သူတို့ မယုံကြည်နိုင်ကြသေးဘူးလား။
ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း (သို့မဟုတ်) ကိုလိုနီခေတ်ထဲက မြန်မာ့နိုင်ငံရေး ဂန္ထ၀င်ရဲ့ ပုံရိပ်သစ်။

* * * * * * * *

၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ။
နယူးဒေလီမြို့ “၀ယ်လင်တန်” လေဆိပ်တွင် ဦးအောင်ဆန်းသည် လောင်းကွတ် ရှည်ကြီးကို ၀တ်ထား ရသည်။ ဆောင်းလေတွေက အရိုးကွဲအောင် တစိမ့်စိမ့် တိုက်ခတ်နေသည်။ နှင်းတွေ တဖွေးဖွေး ကျနေသည်။ သူသည် အင်္ဂလန်သို့ မြန်မာ့ လွတ်လပ်ရေးအတွက် ခရီးထွက်ခဲ့ခြင်း။ လုံးဝ လွတ်လပ်ရေး . . . ။ တိုင်းပြည်ကိုလည်း သူ ကတိပေးခဲ့ပြီ။

အာရှတိုက်ကြီးကို ၀က်ဝံလက်သည်း ဆောင်းရာသီက စူးစူးနစ်နစ် ကုတ်ခြစ်နေသည်။ မြောက်ပြန်လေသည် ကတုန်ကယင်။
ကင်မရာမီးတွေက တဖျတ်ဖျတ်လွင့်နေသည်။ လေဆိပ်တွင် သတင်းစာ ဆရာများ၊ သတင်းထောက်များက မေးခွန်းတွေ အများအပြား မေးကြသည်။ ဦးအောင်ဆန်းကမူ ၁၉၄၇ ခုနှစ်အတွက် ဖြေဆိုရန် စိတ်ထဲမှာ တွေတွေ ဝေေ၀ စဉ်းစားရန် မရှိ။ ရှင်းလင်းပြီးသား ဖြစ်သည်။ တရား ထူထောင်ပြီး ဖြစ်သည်။ သူသည် အနှစ်တရာကျော် ကျွန်ပြု အုပ်စိုးမှုကို အဆုံးသတ်ရန် ရာဇ၀င် အလှည့်အပြောင်းများကို ထိုင်စောင့်နေသူ မဟုတ်ဘဲ ကိုယ်တိုင် ရှာဖွေခဲ့သူ၊ ပြုစုခဲ့သူ၊ ဖန်တီးခဲ့သူ။ တိုက်ပွဲဝင် တော်လှန်ရေးသမား။
အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။ ဒါပေမဲ့ အဆိုးဆုံးကို ရင်ဆိုင်ဖို့လည်း အသင့်ပဲ။
အကျပ်အတည်းများဆီ သူသွားခဲ့တာလား။ အကျပ်အတည်းတွေက သူ့ဆီလာတာလား။

သူက သမိုင်းဖြစ်ပေါ်လှုပ်ရှားမှုဆီ မယိမ်း မယိုင်လာသည်။ သမိုင်းခေတ်က သူ့ကို စူးစူးမက်မက် ပြန်ရှာဖွေ လေသည်။
သူ့အာရုံထဲမှာ တခုတည်းသာရှိသည်။ သူ လုလင်ကျောင်းသားဘ၀ကတည်းက ပဲ့တင်ထပ်အောင် အကြိမ်ကြိမ် အော်ကြီးဟစ်ကျယ် ပြောခဲ့ရသောစကား။ လွတ်လပ်ရေး။ ဒါကဖြင့် မိုးသောက်ရင် သင် ပိုပြီးလှလာလိမ့် မယ်လို့ သူ့တိုင်းပြည်ကို သူလွမ်းဆွတ်ဖွယ် ယုံကြည်မျှော်လင့်ခြင်းပင် ဖြစ်ပေသည်။


မင်းကိုခါး (ကွမ်းခြံကုန်း)

(မှတ်ချက်။ ။ ကွယ်လွန်သူ ပညာရှင်ဆရာသိုက်စိုး၏ သုတေသီ ဆရာသမား ဘ၀ကို လေးစား အားကျ ပညာရှာ ဦးခိုက်သောအားဖြင့် ဤ မြန်မာစကားပြေ ရသ စာတမ်းကို ရေးဖွဲ့ပါကြောင်း။)

စာကိုး
ဦးဘခိုင်(ဖေဘီယန်) - * မြန်မာပြည်နိုင်ငံရေးရာဇ၀င်
ဒဂုန်တာရာ - * ရုပ်ပုံလွှာ
ဒဂုန်တာရာ - * အယ်ဒီတာစားပွဲ၊ စာပေအနုပညာဝေဖန်ရေးနှင့် ပန်းနုရောင်အို
ဒဂုန်တာရာ - * ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ
မောင်ထင် - * ဗမာ့နိုင်ငံရေးသုခမိန်
ဗိုလ်မှူးဘသောင်း - * ဗမာ့တော်လှန်ရေးသမိုင်း
တက္ကသိုလ်နေ၀င်း - * ပြည်ထောင်စုဗိသုကာ
တက္ကသိုလ်နေ၀င်း - * အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း
သုတေသီမြင့်ထွန်း - * အမွိုင်သို့ လျှို့ ဝှက်ခရီး
ဗိုလ်ချုပ်မိန့်ခွန်းများ - *


(အမှတ် ၄။ စက်တင်ဘာ၊ ၂၀၀၇။ ထုတ် စပယ်ဖြူ မဂ္ဂဇင်းတွင် ပါသော ဆောင်းပါးအား ဝိမုတ္တိမှ ကူးယူ ဖေါ်ပြပါသည်။)



Read More...

အပေါ်သို့