Tuesday, June 26, 2012

ဇာဂနာအကြောင်း မှတ်တမ်းရုပ်ရှင် လန်ဒန်မြို့ AI အဖွဲ့ ရုံးခန်းတွင် ပြသ

2012-06-25

အင်္ဂလိပ်လူမျိုး Rex Bloomstein ရိုက်ကူးတဲ့ This Prison where I live ကျွန်တော်နေတဲ့ ဒီအကျဉ်းထောင် ဆိုတဲ့ လူရွှင်တော် ဇာဂနာ အကြောင်း မှတ်တမ်းရုပ်ရှင်ကို လန်ဒန်မြို့ရှိ Amnesty International အပြည်ပြည်ဆိုင်ရာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ရုံးခန်းမှာ မနေ့ နေ့လည်က ပြသခဲ့ပါတယ်။

ဒီဇာတ်ကား ရိုက်ကူးတဲ့ အချိန်နဲ့ စတင်ပြသစဉ်က ကိုဇာဂနာဟာ မြစ်ကြီးနား အကျဉ်းထောင်မှာ အကျဉ်းကျနေချိန်က ဖြစ်ပါတယ်။ ကိုဇာဂနာက ဒီဇာတ်ကားကို သူမြစ်ကြီးနားထောင်မှာ ရှိနေစဉ်က အခြားနိုင်ငံရေး အကျဉ်းသားတွေနဲ့ ထောင်ထဲမှာ ကြည့်ခွင့်ရတယ် လို့ အခုလို ပြောပြပါတယ်။


"အဲဒီဥစ္စာ ကျွန်တော် ကြည့်ပြီးသားပါခင်ဗျ။ ကျွန်တော်ထောင်ထဲမှာ နေကတည်းက ကြည့်ရတာပေါ့နော်။ ကျွန်တော်အနေနဲ့ကတော့ ကျွန်တော့်ကို အသိအမှတ်ပြုတယ်၊ နောက် ကျွန်တော့်နောက်ကို တကောက်ကောက် လိုက်ပြီးတော့ လိုက်ရှာတယ်၊ ဆိုတဲ့လူကို အရမ်းချီးကျူးမိတယ်။ သူ့ရဲ့စွန့်စားမှုပေါ့။ သူယူတဲ့ အန္တရာယ်ကို သူဝယ်ယူမှုကိုလည်း ကျွန်တော်လေးစား တယ်။ ဒီအတွက်ကြောင့် ကျွန်တော် ထောင်က ထွက်ထွက်ချင်း သူ့ကိုကျေးဇူးတင်ကြောင်းလည်း ကျွန်တော် ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့ ကျွန်တော်နဲ့ လူချင်း တခါမှ မတွေ့ဖူးခဲ့ဘူး။ အခု ဒီအင်္ဂလန်ကို ရောက်တော့မှ ၆ ရက်နေ့ကစပြီး သူနဲ့ ကျွန်တော်နဲ့ စတွေ့ခဲ့တယ်။ တကယ့်ငယ်ပေါင်း ကြီး ဖော်တွေလိုပဲ အရမ်းခင်သွားပြီးတော့ ဒီနေ့သူနဲ့ ကျွန်တော် ပြန်လည် ဆုံတွေ့ခန်း Happy Ending အဲတာလေး ကိုလည်း ဒီနေ့ ကျွန် တော်ပြမလို့ဗျ"

အခု ကိုဇာဂနာ လွတ်လွတ်လပ်လပ် သွားလာနေတာကို တွေ့ရတာဟာ လူသားတွေရဲ့ စည်းလုံးညီညွှတ်မှုကြောင့် ဖြစ်တယ်လို့ ဒါရိုက်တာ Rex Bloomstein က -

"ဒါက ကျွန်တော်တို့ နဲ့အတူ ကမ္ဘာ့ အနှံ့အပြားမှာရှိတဲ့ ရာနဲ့ချီတဲ့ လူတွေက ဇာဂနာ လွတ်မြောက်အောင် ကြိုးစားအားထုတ်ကြလို့သာ ဖြစ်တယ်။ ဒါက တနည်းပြောရရင် လူသားတွေရဲ့ စိတ်ဝိညာဉ်တွေ စည်းလုံးညီညွှတ်ကြတာပဲ ဖြစ်တယ်။ ကျွန်တော် သူ့ကို UK ကို ရောက်တော့ သီးသန့် တွေ့ဆုံခဲ့ပြီးပါပြီ။ သူက ထောင်ထဲက အတွေ့အကြုံတွေကို ပြောပြပါတယ်။ သူဟာ တကယ့်ကို သတ္တိရှိတဲ့ သူ၊ အလေးထားရမယ့်သူ တစ်ယောက် ဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဒီဇာတ်ကား ရိုက်ကူးတဲ့ အဲဒီ ဒါရိုက်တာနဲ့ အဲဒီဇာတ်ကားမှာပါတဲ့ ဂျာမန်လူမျိုး လူရွှင်တော် မိုက်ကယ် မှီတာမီရာတို့က နောက်နှစ်မှာ မြန်မာနိုင်ငံကို သွားရောက်ပြီး လူငယ်တွေကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေး နည်းပညာတွေနဲ့ လူရွှင်တော်တွေ အနေနဲ့ ဘယ်လို ဟာသ အဓိပ္ပာယ် ရှာရတယ်ဆိုတာကို သင်ကြားပေးဖို့ ရှိတယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ချင်းမိုင်သို့ အလုပ်သွားလုပ်ရန်ကြိုးပမ်းသည့် မယ်ရာမိုဒုက္ခသည်ဖမ်းဆီးခံရ

25 June 2012
စောခါးစူးညား

ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ အလုပ်သွားလုပ်ရန် ကြိုးပမ်းသည့် ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်၊ ဆူးမွဲမြို့နယ်ရှိ မယ်ရာမို ဒုက္ခ သည်စခန်းမှ ဒုက္ခသည် ၅ဦးကိုဇွန်လ ၂၃ရက်နေ့ကထိုင်းအာဏာပိုင်က ဖမ်းဆီးခဲ့သည်ဟု ကရင်ဒုက္ခသည်များကော်မတီ-KRC က ပြော သည်။

မယ်ရာမိုဒုက္ခသည်မှ ဒုက္ခသည် ၇ဦးသည် ထိုင်းနိုင်ငံသား စောနုချေ ဆိုသူ၏ အကူအညီဖြင့် ချင်းမိုင်သို့ အလုပ်သွားလုပ်ရန် မဲစရီးယား မြို့တွင် ရောက်ရှိပြီး ချင်းမိုင်ကားဂိတ်တွင် ကားစောင့်နေစဉ် ၅ဦးကိုထိုင်းအာဏာပိုင်က ဖမ်းဆီးခဲ့ပြီး ၂ဦးမှာ ထွက်ပြေးလွတ် မြောက်ခဲ့ သည်ဟု KRC ၏ မြောက်ပိုင်းတာဝန်ခံ စောထူးထူးကပြောသည်။


“ဒုက္ခသည်စခန်းထဲမှာ နေတာ အပြင်အလုပ်ထွက်လုပ်ဖို့ ထိုင်းက ခွင့်ပြုတာ မရှိဘူးလေ။ အခုလို အလုပ်လုပ်ဖို့ ထွက်တော့ အဖမ်းခံရ တာ ပဲ။ လောလောဆယ် သူတို့ကို ချင်းမိုင်သွားဖို့ ခေါ်တဲ့ စောနေုချေကိုတော့ မဲစရီးယားရဲစခန်းမှာ အစစ်ခံနေရတုန်းပဲ။”ဟု စောထူး ထူးက ကေအိုင်စီသို့ ပြောဆိုသည်။

ဆက်လက်၍ ဖမ်းဆီးခံရသည့် ဒုက္ခသည်များသည် ထိုင်းဥပဒေနှင့် ညှိစွန်းနေသည့်အတွက် ၎င်းတို့လွတ်မြောက်ရန် ကြိုးပမ်းမှုတွင် အခက်အခဲရှိကြောင်းနှင့် ထွက်ပြေးလွတ်မြောက်သည့် ဒုက္ခသည်နှစ်ဦးသည် မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို မသိရသေး ကြောင်း သူက ဆက်ပြောသည်။

လက်ရှိ အခြေအနေတွင် အဖမ်းခံရသူ ၅ဦးအနက် ၄ဦးကို မဲစရီးယားထောင်ထဲတွင် ချုပ်နှောင်ထားဆဲဖြစ်ပြီး တဦးမှာ အသက် ၁၇နှစ်သာ ရှိသေးသောကြောင့် ထိုင်းအာဏာပိုင်က ပြန်လွတ်ပေးခဲ့ရာ ယနေ့မနက်တွင် မဲစရီးယားမှ မယ်ရာမိုသို့ ပြန်နေပြီဟု သိရသည်။

စောတူးတူးက “အရင်က ဒီလို စခန်းအပြင်ထွက်ပြီး အလုပ်လုပ်ဖို့ မဲစရီးယားမှာ ဒုက္ခသည်တွေ ဖမ်းတာ မရှိဖူး ဘူး။ အခု ချင်းမိုင်မှာ အလုပ်သွားလုပ်မယ့် ဒုက္ခသည်တွေကလည်း စခန်းထဲမှာ စားဝတ်နေရေး အရမ်းကြပ်တဲ့ လူတွေ မဟုတ်ဘူး။”ဟု ဖြည့်စွက်ပြော ဆိုသည်။

သို့သော် မယ်ရာမိုဒုက္ခသည်စခန်းရှိ ဒုက္ခသည်အချို့သည် စခန်းမှ ပေးသည့် ရိက္ခာများအပြင် စားဝတ်နေ ရေးပိုမိုပြေလည်ရေးအတွက် အနီးအနားရှိ ထိုင်းတောင်ပေါ်ရွာများတွင် နေ့စားအလုပ်ဖြင့် အလုပ်ထွက်လုပ်သည့်သူများ ရှိကြောင်း သိရသည်။

မယ်ရာမိုစခန်းသည် ၁၉၉၅ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ဒုက္ခသည်စခန်းဖြစ်ပြီး လက်ရှိ လူဦးရေ ၁၉,၀၀၀ ခန့်ရှိသည်ဟု KRC ၏ မေလထုတ် ဒုက္ခသည်လူဦးရေစာရင်းတွင် ဖော်ပြထားသည်။

Ref: ကေအိုင်စီ

Read More...

တောထဲသို့ အင်ဥ ထွက်ရှာသည့် အီတိုးထာ့ IDP တစ်ဦး ပစ်သတ်ခံရ

25 June 2012
စောခါးစူးညား

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အီတိုးထာ့ ပြည်တွင်း ဒုက္ခသည်(IDP)စခန်းမှ အသက် (၄၈)နှစ်အရွယ် စောကရီးမူးဆိုသူသည် တောထဲသို့ အင်ဥ(မှို) သွားရှာစားနေစဉ်မြန်မာအစိုးရတပ် (ခလရ-၁၉)၏ကိုကြာ့ခို့စခန်းအခြစိုက်ကန့်သတ် နယ်မြေအတွင်းတွင် ဇွန်လ(၁၃)ရက်နေ့က ပစ်သတ်ခြင်းခံခဲ့ရသည်ဟု အီတိုးထာ့ဒေသခံများက ပြောသည်။

အခင်းဖြစ်ပွားသည့် နေရာတွင် အီတိုးထာ့၏ မြောက်ဘက်မှာ ခြေလျင်ဖြင့် တစ်နာရီကျော် ခရီးရှိပြီးခလရ-၁၉အခြေစိုက်တပ်စခန်းနှင့် ကိုက် ၁၀၀ ကျော်အကွာတွင်တည်ရှိသည်ဟု ပြည်တွင်းကရင်ဒုက္ခသည်များကို ကူညီပေးနေသည့် (Karen Office Relief Develop ment-KORD)အဖွဲ့မှ တာဝန်ခံ စောမောလောက ကေအိုင်စီသို့ ပြောသည်။


သူက “သူပစ်သတ်ခံရတဲ့ နေရာက မြန်မာတပ်စခန်းနဲ့ တော်တော်နီးတယ်။ ကန့်သတ်နယ်မြေဆိုတော့ ပစ်လိုက်တယ်တဲ့ သဘောပဲ။ ဒီလူက အရပ်ဝတ်နဲ့ဆိုတော့ အဝေးကနေ မြင်ရင်တော အရပ်သားဆိုတာ သိနိုင်တယ်။ အခုက အဝေးကနေ ပစ်ထိပြီး အနီးကပ် ထပ် ပစ်တဲ့အသွင် တွေ့ရတယ်။ ဘယ်ဘက် မျက်လုံးတဖက် မရှိတော့ဘူး။”ဟု ပြောသည်။

မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့၏ အပစ်အခတ်ရပ်စဲရေးကာလတွင် အီတိုးထာ့ စခန်းရှိ လူများက ဝေးလံသည့် တောထဲသို့ သွားသော်လည်း အန္တရာယ်ကြီးကြီးမားမား ရှိမည်ဟု မယူဆဘဲ အင်ဥများ ပေါက်နေသည့်ယခုလို မိုးရာသီတွင် ထိုကဲ့သို့ အင်ဥများ ရှာထွက်ခြင်းဖြစ်သည်ဟုသိရသည်။

“အဲဒီနေ့ အင်ဥရှာထွက်တာ စောကရီးမူးနဲ့ အဖော်နှစ်ယောက်ပါ။ အင်ဥတွေ ပိုရချင်တဲ့ဇောနဲ့ အဖော်နှစ်ယောက်ရဲ့ အရှေ့မှာသွားတော့ အပစ်ခံရတာပဲ။ ပြီးတော့ သူတို့သုံးယောက်ရဲ့အနောက်မှာ အမျိုးသမီးတဖွဲ့ရှိသေးတယ်။ သေနတ်သံကြားတော့ အားလုံး ထွက်ပြေး သွားကြတယ်။”ဟု အီတိုးထာ့ ဒုက္ခသည်တဦး၏ စကားကို ကိုးကား၍ စောမောလောက ဖြည့်စွက်ပြောဆိုသည်။

အီတိုးထာ့စခန်းရှိ လုံခြုံရေးတာဝန်ရှိသူများက ပစ်သတ်ခံရသူ စောကရီးမူး၏ ရုပ်အလောင်းကို ဇွန်လ ၁၄ရက်နေ့တွင် ရှာတွေ့ပြီး ၎င်း ပစ်သတ်ခံရသည့်နေရာ တောထဲ၌ပင် မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်။

ပစ်သတ်ခြင်းခံရသည့် စောကရီးမူးသည် ဇနီးအပါအ၀င် ကျန်ရစ်သူ မိသားစု ၇ဦးရှိသည်ဟု သိရသည်။

Ref: ကေအိုင်စီ

Read More...

ဆန္ဒပြ Famoso အလုပ်သမားများအား အလုပ်ထုတ်ပစ်မည်ဟု သူဌေး အကြပ်ကိုင်

နေမျိုး
ဇွန်လ ၂၅ ရက် ၂၀၁၂ ခုနှစ်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန် ၁ ရှိ Famoso စက်ရုံမှ ဆန္ဒပြနေဆဲ အလုပ်သမားများ အနေနှင့် ဇူလိုင်လ လယ်အထိ လုပ်ငန်းခွင် အတွင်းသို့ ပြန်လည် ဝင်ရောက်ခြင်း မရှိပါက စက်ရုံဝန်ထမ်းအဖြစ်မှ ရပ်စဲ မည်ဟု အလုပ်ရှင်ဘက်မှ ပြောဆိုထားပြီး အလုပ် သမား များကလည်း တောင်းဆိုချက်များ မပြေလည်မချင်း ဆက်လက် ဆန္ဒပြကြမည် ဖြစ်ကြောင်း အလုပ်သမား ကိုယ်စားလှယ် မဟေ မာန်ချစ် က ပြောသည်။

“အလုပ်ရှင်ကတော့ လစာ တိုးမပေးနိုင်တဲ့ အကြောင်းကို ပဲပြောတာရှင့်။ သူ့ဘက်က ဖိအားပေးတာက ဒီအလုပ်ကို မဝင်ရင် သမီး တို့ကို အလုပ်က ထုတ်ပစ်မယ်။ ဇူလိုင် ၁၆ ရက်နေ့ နောက်ဆုံးလို့ ပြောတယ်ရှင့်။ အဲဒီရက်နေ့ အလုပ်ကို မဝင်ဘူးဆိုရင် ကိုယ့်သဘော နဲ့ကိုယ် အလုပ်က ထွက်တယ်လို့ သတ်မှတ်တယ်။ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲရင် လစာ လာထုတ်လို့ ပြောပါတယ်ရှင့်။ စက်ရုံ အပြင် ထွက်ပြီး ဆန္ဒပြနေတာမို့လို့ သူ့ရဲ့အလုပ်သမားလို့ မသတ်မှတ်ဘူးတဲ့ရှင့်” ဟု မဇ္ဈိမကို ပြောသည်။

ဆန္ဒပြ အလုပ်သမားများ၏ လစာတိုးပေးရေးကိစ္စကို ဇွန်လ၂၅ ရက်နေ့ နေ့လည်က ဗိုလ်တထောင်မြို့နယ် အလုပ်သမား ခုံသမာဓိ ရုံးတွင် ကြားနာခဲ့သော်လည်း အပြီးသတ် ဆုံးဖြတ်ချက် မချနိုင်သေးကြောင်း သိရသည်။

“ခုံသမာဓိရုံးက ညှိနှိုင်းပေးမှာ မဟုတ်ဘူး။ အဆုံးအဖြတ်ကိုပဲ ပေးမှာ။ သူတို့က ဒီတပါတ်အတွင်းမှာပဲ ဖြေရှင်းပေးမယ် ပေါ့။ ဒီတော့ သမီးတို့က ဆက်စောင့်ရမှာပေါ့။ သူတို့ဆီက ဆုံးဖြတ်တာကို မကျေနပ်ဘူးဆိုရင် သမီးတို့က ခုံသမာဓိ ဗဟိုကို တက်ဖို့ပဲ ရှိတော့ တယ်ရှင့်။ မကျေနပ်ရင်တော့ သမီးတို့က ဆက်ပြီးဆန္ဒပြဖို့ အစီအစဉ် ရှိတယ်ရှင့်။ ဒီလောက် အထိ တောင့်ပြီး ဆန္ဒပြခဲ့ပြီးပြီ။ ကျမ တို့အလုပ်သမားတွေက ဆက်ပြီး တောင့်ခံပြီး ဆန္ဒပြသွားမှာပါ” ဟု အလုပ်သမား ကိုယ်စားလှယ် မဟေမာန်ချစ် က ပြောသည်။

စတင်ဆန္ဒပြခဲ့ကြသည့် ဇွန်လ ၈ ရက်နေ့က အလုပ်သမားဌာနမှ ညွှန်/မှူး ဦးဝင်းရှိန်၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် အလုပ်ရှင်ဘက်မှ အလုပ်သမားများ၏တောင်းဆိုချက် ၉ ချက်အနက် ၆ ချက်ကို သဘောတူညီခဲ့သော်လည်း အလုပ်ရှင်၏ အမည်သာပါရှိပြီး လက် မှတ်ထိုးထားခြင်း မရှိတာကြောင့် တရားမဝင်ကြောင်း ယနေ့ ခုံသမာဓိတွင် အလုပ်ရှင်မှ ပြောဆိုကြောင်း သိရသည်။

ဇွန်လ ၂၄ ရက်နေ့က နေပြည်တော်မှ ဒု-ညွှန်/ချုပ် ဦးမျိုးအောင် နှင့် အလုပ်သမား ညှိနှိုင်းရေးအဖွဲ့မှ ဦးသက်နိုင်ဦးတို့ လာရောက် ညှိနှိုင်းပေးသော်လည်း လုပ်ငန်းရှင်နှင့် အလုပ်သမားများအကြား ပြေလည်မှု မရရှိသေးပေ။

အလုပ်သမား ရပိုင်ခွင့် စည်းမျဉ်းစည်းကမ်းများအတိုင်း တောင်းဆိုရခြင်းကို ယခင်က အလုပ်ရှင်ဘက်မှ လိုက်နာမည်ဟု ပြောဆို ထား ပြီး ယခုအခါ ပြင်ဆင်ပြောဆိုနေကြောင်းလည်း မဟေမာန်ချစ်က “အလုပ်ရှင်က ခန့်ထားတဲ့ Supervisor (ကြီးကြပ်ရေးမှူး) တွေရဲ့ စကားကို သေချာ တသွေမတိမ်း နာခံရမယ်ဆိုတဲ့ အချက် ပယ်ဖျက်ဖို့။ ဂိတ် Pass (ဝင်/ ထွက်ခွင့်) အတွက် အလုပ်သမား ခေါင်း ဆောင်တွေထဲက တယောက်ယောက်ကို ရွှေးပြီးတော့ ခန့်ထားပေးဖို့ တောင်းဆိုထားတာ။ ဘဘဦးဝင်းရှိန်တို့နဲ့ တွေ့တုန်းက အဲလိုမျိုး တောင်းဆိုထားတာကို လိုက်နာမယ်ပြောပြီး အခုကျ တော့ စဉ်းစားမယ်ပြောတယ်” ဟု ပြောသည်။

ဂျပန်နိုင်ငံသား အလုပ်ရှင်ဘက်မှလည်း လုပ်ငန်းမလည်ပါတ်နိုင်၍ ဆုံးရှုံးမှုများ ရှိနေပြီး အလုပ်သမားများအား စက်ရုံထဲသို့ ပြန်လည် ဝင်ရောက်စေချင်သလို အလုပ်သမားများ ဘက်မှလည်း ၎င်းတို့ဆန္ဒပြသည့် ၁၄ ရက်တာ လုပ်ခ ပေးရန် လိုလားကြသည်။

အလုပ်သမားများက ရက်ရှည်ဆန္ဒပြပွဲများ မပြုလုပ်လိုကြောင်းနှင့် အလုပ်ရှင်ဘက်မှ အခြေခံလစာ တိုးမြှင့်ပေးမယ်လို့ မျှော်လင့် ကြောင်း ပြောသည်။

“အဲဒါကြောင့်မိုလို့ ညှိနှိုင်းပေးမယ့် လူကြီးတွေကို သမီးတို့ကိစ္စကို မျှမျှတတ ညှိနှိုင်းပေးပါလို့ ပြောချင်ပါတယ်ရှင့်။ သူတို့ကမျှမျှတတ ညှိနှိုင်းပေးပါတယ်။ သမီးတို့ကလည်း စက်ရုံကြီးကို မပိတ်စေချင်ပါဘူးရှင့်။ လည်ပတ်စေချင်ပါတယ်။ သမီးတို့လည်း အလုပ်က မထွက် ချင်ပါဘူးရှင့်” ဟု မဟေမာန်ချစ် က ပြောသည်။

ခုံသမာဓိမှ မည်သည့်ရက်တွင် အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်မည့်နေ့ရက် မသိရှိရသေးသော်လည်း ဆန္ဒပြနေစဉ် ကာလအတွင်း အလုပ်သမားများအား ၈၈ မျိုးဆက် ကျောင်းသားများမှ သောက်ရေနှင့် အမိုးအကာများ စီစဉ်ပေးသည်။

FAMOSO စက်ရုံတွင် အလုပ်သမား ၆၅၄ ဦး ရှိပြီး စက်ရုံအပြင်တွင် ဆန္ဒပြနေသူ ၄၇၇ ဦးရှိကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

ထိုင်းနှင့် အမေရိကန် အပြန်အလှန် သံသယများ လျော့ကျစေရေး

ကာဝီ ချွန်ကစ်တာဝုန်
ဇွန်လ ၂၅ ရက် ၂၀၁၂ ခုနှစ်

ဇွန်လ ၁၄ ရက်နေ့တွင် ၀ါရှင်တန်၌ ငါးကြိမ်မြောက် ထိုင်း-အမေရိကန် မဟာဗျူဟာမြောက် ဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်ကြေညာ ချက် အရ နှစ်နိုင်ငံ အနာဂတ်ဆက်ဆံရေးက လမ်းကြောင်းမှန်အတိုင်း ဆက်လက်ဦးတည်သွားဖို့ ရှိနေသည်။

သို့သော်လည်း နောက် ရက်အနည်းငယ်ကြာ သည့်အခါ ဤသို့ကတိက၀တ်များက ပြဿနာ နှင့် ကြုံတွေ့ရတော့သည်။

မကြာသေးခင် ရက်သတ္တပတ်များအတွင်း ထိုင်း အစိုးရနှင့် အတိုက်အခံ ဒီမိုကရက်ပါတီ တို့အကြား အူတာပေါင် (U-tapao) လေဆိပ်
ကို အမေရိကန်က အသုံးပြုရေးကိစ္စနှင့် ပတ်သက်၍ အပြန်အလှန် စွပ်စွဲဝေဖန်ချက် များ ထွက်ပေါ်လာသည်နှင့် အတူ ထိုင်း- အမေရိ ကန် အကြား ပူးပေါင်းလုပ်ဆောင်မည့် လုပ်ငန်းကိစ္စများအဖို့လည်း လုံလောက်သည့် ပွင့်လင်းမြင်သာမှု၊ သက်ဆိုင်သည့် အင်အားစု အားလုံးနှင့် ညှိနှိုင်းတိုင်ပင်မှု မရှိလျှင် လွယ်လွယ်ကူကူ ရှေ့ဆက်၍ မရနိုင်မည့်အရေးကို တွေ့မြင်လာကြရသည်။

ဝါရှင်တန်အစိုးရက ၁၉၉၇ ခုနှစ်၊ ထိုင်းနိုင်ငံ ငွေကြေးအကျပ်အတည်း ဆိုက်စဉ်ကာလအတွင်း ဘဏ္ဍာငွေကြေး ပံ့ပိုးကူညီရန် ငြင်းဆန် ခဲ့ဖူးသည်။ ဤအတွက်ကြောင့်လည်း ထိုင်းတို့၏ စိတ်အတွင်း ဒဏ်ရာအနာတခုလို ယနေ့တိုင် ကျန်ရစ်နေရသေးသည်။ သူတို့ ယခင် တကြိမ်တခါက ယုံကြည်အားထားခဲ့ဖူးသလို အမေရိကန်အစိုးရကို မယုံကြည် မကိုးစားနိုင် ဖြစ်ခဲ့ရသည်။

ဤအခြေအနေများကြောင့် ယခုအခါ မဟာဗျူဟာမြောက် ဆွေးနွေးပွဲတွင် ပထမဦးဆုံး အကြိမ်အဖြစ် ပြည်သူချင်း- ပြည်သူချင်း ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရန်အတွက် အလုပ်အဖွဲ့တခု ဖွဲ့စည်းရန် သဘောတူညီခဲ့သည်ကိုလည်း နားလည်၍ ရနိုင်သည်။ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်မှာ နှစ်ပေါင်း ၁၈၀ ကျော်ပြီးသည့် ကာလတွင် အစိုးရများအနေဖြင့် နှစ်နိုင်ငံရှိ ပြည်သူ များ အကြား အပြန်အလှန် ဆက်ဆံဖလှယ်မှု တိုးမြင့်လာစေရန် အကြံဉာဏ် များလည်း လိုအပ်နေပါသေးသည်။ နိုင်ငံရေးအရ လှည့်ဖျား ပြောဆိုကြသည့် သတင်းစကားများ မရှိလျှင် ထိုင်းနှင့် အမေရိကန် ပြည်သူများအဖို့ အထူးပင် ချစ်ခင်နိုင်ကြပါသည်။ သို့သော်လည်း နှစ်နိုင်ငံအကြား အရေးကိစ္စများကို မျိုးချစ်စိတ်အခံဖြင့် ရှုမြင်သုံးသပ်ကြသည့်အခါ အမေရိကန် ဆန့်ကျင်ရေး စိတ်ခံစားမှုများ ပေါ် ပေါက် လာစေရေး အလွယ်တကူ မီးမွှေးနိုင်ခြေ ဖြစ်လာတော့သည်။

ပထမဦးဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံက သူတို့နိုင်ငံမှ ခရီးသွားတိုးရစ်များနှင့် အခြားသူများ အမေရိကန်ပြည်ထောင်စု သို့ ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ သွားရောက်လည်ပတ်ခွင့်ရရေးအတွက် တောင်းဆိုခဲ့ပါသည်။ ၀ါယာလက်စ် လမ်းမရှိ အမေရိကန်သံရုံးရှေ့တွင် ဗီဇာ လျှောက်ရန် တန်းစီနေရသော လူတန်းရှည်ကြီးမှာ ရေရှည်ဆက်ဆံခဲ့သည့် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် စိတ်ပျက်ဖွယ်အချက်တခု ဖြစ်ပါသည်။ အခြားတဖက်တွင် ရုရှားနိုင်ငံက ထိုင်းနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်၍ လာ ရောက်ခွင့်ပြုခဲ့ရာ ဤသို့ခွင့်ပြုသည့် ပထမဦးဆုံး အင်အားကြီး နိုင်ငံတခု ဖြစ်လာပါသည်။

ဝါရှင်တန်နှင့် ပြောဆိုဆွေးနွေးမှုများမှာ ပွင့်လင်း၍ ကြိုတင်ချမှတ်ထားသည့် ခေါင်းစဉ်များ ရှိမနေခဲ့ပါ။ အမေရိကန် ပြည်ထောင်စု၏ အရှေ့အာရှဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲ (Kurt Campbell)၊ နိုင်ငံခြားရေး အမြဲတမ်း အတွင်းဝန် ဆီ ဟာဆက် ဖောင်ခက်ကယော့ (Sihasak Phuangkhetkeou) တို့မှာ တဦးနှင့်တဦး အလွန်အလွမ်းသင့်ကြပါသည်။ ယခုတကြိမ်တွင် သူတို့က ထိုင်း-အမေရိကန် ဆက်ဆံရေး ပြဿနာ အထွေထွေကို ဆွေးနွေးခဲ့ကြပါသည်။ အထူးသဖြင့် ပို၍အားဖြည့်ရန် လိုအပ် နေသည့် ဧရိယာများကို အာရုံထား ဆွေးနွေးခဲ့ကြသည်။

အထူးသဖြင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဲ့သို့သော နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စများသည် ၂၀၀၆ ခုနှစ်၊ ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ချိန်မှစ၍ အထူးတလည် ထိခိုက်ခဲ့ရသည်။ မဟာမိတ်ပြုမှု၏ ဗဟိုဆုံချက် ဖြစ်သည့် လုံခြုံရေးဆိုင်ရာ အကြံပြုဆွေးနွေးမှုများလည်း ၎င်းအချိန်မှစ၍ ယာယီ ဆိုင်းငံ့ထားခဲ့သည်။

အချိန်များစွာ ကြာမြင့်ခဲ့ရပြီးမှ ၀ါရှင်တန်က နောက်ဆုံး ထိုင်း-အမေရိကန် ကာကွယ်ရေးဆိုင်ရာ ထိပ်တန်း အရာရှိကြီးများ ဆွေးနွေးပွဲ ဒုတိယအကြိမ်ကို စတင်ရန် သဘောတူညီခဲ့သည်။ ထိုင်း စစ်ဖက်ဆိုင်ရာ ခေါင်းဆောင် များအတွက် စိတ်ဓာတ် တက်ကြွလာစေရန် လျော်ကန်သည့် ကြိုးပမ်းဆောင်ရွက်ချက်လည်း ဖြစ်သည်။

ထိုင်းနိုင်ငံက နေတိုးအဖွဲ့ဝင် မဟုတ်သည့် မဟာမိတ်နိုင်ငံ ဖြစ်သည့်အလျောက် ကာကွယ်ရေးဆိုင်ရာ နောက်ဆုံးပေါ် စွမ်းဆောင် ရည်များ ဖြည့်ဆည်းပေးရန် အမေရိကန်က ပျက်ကွက်နေမှု အပေါ်တွင်လည်း သူတို့က ယခင် အချိန်ကာလများတွင် တစိုက်မတ်မတ် စောဒကတက် ပြောဆိုခဲ့ကြဖူးသည်။ ထိုင်းနိုင်ငံက မကြာသေးမီ တချိန်က တင်ပြခဲ့ဖူးသည့် ကျည်နှင့် လက်နက်စနစ်များ စာရင်းကို လည်း အမေရိကန်က ကာလတစုံတရာကြာ လျစ်လျူရှု ထားခဲ့သည်။

တကြိမ်တွင် ဆီဟာဆက် က ကာ့တ် ကင်းဘဲကို မေးခဲ့ဖူးသည်။ အကယ်၍ ထိုင်းနိုင်ငံမှ တောင်းဆိုမှုများကို အမေရိကန်က တုံ့ပြန် ဆောင်ရွက်ပေးရန် ပျက်ကွက်နေခဲ့ပါက နေတိုးအဖွဲ့ဝင် မဟုတ်သည့် မဟာမိတ်ပြုမှုဆိုသည်မှာ မည်သို့အဓိပ္ပါယ် ရှိပါတော့မည်နည်း ဟု မေးခွန်းထုတ်ခဲ့ဖူးသည်။

ယခုတကြိမ် ဆွေးနွေးပွဲတွင်တော့ နှစ်ဖက်စလုံးက သူတို့၏ ရည်ရွယ်ချက်များကို ထုတ်ဖော်တင်ပြခဲ့ကြသလို မဟာဗျူဟာ အမြင်များ ကိုလည်း ဖလှယ်ခဲ့ကြသည်။ အထူးသဖြင့် ထိုင်းက အာရှတိုက်အတွင်း အမေရိကန် ပြည်ထောင်စု၏ တည်ရှိမှု အခန်းကဏ္ဍကို စိုးရိမ် မေးခွန်း ထုတ်ခဲ့သည်။ ကာ့တ်ကင်းဘဲ က ပထမနေ့တွင် အာရှတိုက်အတွင်း ၎င်းတည်ရှိနေမှု တိုးချဲ့ရေးနှင့် ပြန်လည်ချိန်ညှိရေးကိစ္စများ အဆိုပြုချက်ကို နေ့တ၀က်ကြာ အချိန်ယူ၍ ရှင်းပြခဲ့သည်။ သူက စစ်ရေးအင်အားတိုးချဲ့မှု သို့မဟုတ် ၎င်းတို့ တည်ရှိနေမှု တိုးချဲ့ရေး အတွက်ကို အာရုံထားခြင်း မဟုတ်ကြောင်း အလေးပေး ပြောဆိုခဲ့သည်။ ၎င်းအစား အမေရိကန်က အာရှတိုက်နှင့် ဘက်စုံ ချည်းကပ် ဆက်ဆံလိုမှု ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သို့အတွက်ကြောင့် အမေရိကန်က ထိုင်းနိုင်ငံနှင့် မဟာမိတ်ပြုမှု၊ ကတိက၀တ်များ ရှိထား မှုကို တန်ဖိုးထားနေရခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ ကလင်တန် က အမေရိကန်ထိပ်တန်း ရင်းနှီးမြှုပ်နှံ သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ အုပ်စုကြီးကို ဦးဆောင်၍ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် လာရောက် လည်ပတ်မည့် အကြောင်းကိုလည်း ဖြည့်စွက်ပြောဆိုခဲ့သေး သည်။

အပြန်အလှန်အနေဖြင့် ထိုင်းနိုင်ငံက ပိုမိုချဉ်းကပ်ဆောင်ရွက်မှုများကို ကြိုဆိုခဲ့သလို ဒေသဆိုင်ရာ လုပ်ငန်းစဉ်များ တွင် အာဆီယံအဖွဲ့ က အဓိက ဗဟိုချက်မမှ ရှိနေပုံကိုလည်း အသိအမှတ်ပြု ဖော်ပြခဲ့သည်။

ဆီဟာဆက် က ဒေသတွင်း တရုတ်နိုင်ငံ၏ အခန်းကဏ္ဍအပေါ် ယုံကြည်မှုရှိကြောင်း၊ ဘေဂျင်း အစိုးရက ကမ္ဘာပေါ် တွင် တာဝန်သိ သည့် အင်အားကြီးနိုင်ငံတခုသဖွယ် ပြုမူမည်ဟု ယုံကြည်ကြောင်းလည်း ပြောဆိုခဲ့သည်။ အမေရိကန် နှင့် တရုတ်နိုင်ငံ တို့က သူတို့ ဆက်ဆံရေးကို မည်သို့မည်ပုံ ဦးတည်ကြမည်ကို သိရှိကြသလို သူတို့ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ထိပ်တိုက်တွေ့ဆုံမှုများ ရှောင်ရှားနိုင်ကြမည်၊ အာဆီယံနိုင်ငံများအပေါ် အန္တရာယ် ဖြစ်စေနိုင်မည့်အရေး ရှောင်ရှားနိုင်ကြမည်ကိုလည်း အလေးပေး ပြောဆိုခဲ့ သည်။ ထိုင်းနိုင်ငံက (၂၀၁၂- ၂၀၁၅) ခုနှစ်များအတွင်း တောင်တရုတ် ပင်လယ်ပဋိပက္ခများ ဖြေရှင်းရေးအတွက် အာဆီယံ-တရုတ် ဆက်ဆံရေး ကိစ္စများ အတွက် ပူးပေါင်းဆောင်ရွက်မှုကို အဓိက တာဝန်ယူရမည်ဖြစ်ရာ ထိုင်းနိုင်ငံ၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍကိုလည်း ယုံကြည်မှုရှိကြောင်း အမေရိကန်က ဖော်ပြပြောဆိုခဲ့သည်။

လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက် ထိုင်းနိုင်ငံရှိ အူတာပေါင် လေဆိပ် ကို အသုံးပြုနိုင် ရေးအတွက် လိုအပ်သည့်ပြဋ္ဌာန်းချက်များ လေ့လာရန် ဒုတိယ အလုပ်အဖွဲ့တခုကိုလည်း ဖွဲ့စည်း နိုင်ခဲ့ကြသည်။ ၎င်းနေရာကို ထိုင်း နိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးနှင့် သဘာဝ ကပ်ဘေး ကယ်ဆယ်ရေး ဗဟိုဌာနတခုအဖြစ် အသုံးပြုရန် အဆိုပြုထားသည့်အတွက်ကြောင့်လည်းဖြစ်သည်။ ထိုင်းနိုင်ငံက သဘာဝကပ်ဘေး ဒုက္ခများ ကြုံတွေ့ရသည့်အခါ ဒေသတွင်းတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စများအတွက် ၎င်းတို့နိုင်ငံက ဗဟိုချက်မအဖြစ် ဆောင်ရွက်ပေးနိုင်ရေးကို ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP) နှင့် ၂၀၀၅ ခုနှစ်က အဆိုပြုခဲ့ဖူးသည်။ ကုလသမဂ္ဂ-အာဆီယံအသင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (U.N.-Asean framework) အောက်တွင် အဆိုပြုခဲ့ခြင်း ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှုများ
ဖြစ်လာသောကြောင့် ၎င်းအစား မလေးရှားနိုင်ငံရှိ ဆူဘန်း (Subang) လေဆိပ်ကို ရွေးချယ် ခဲ့ကြသည်။

ထိုအချိန်မှစ၍ ၎င်းရည်ရွယ်ချက်ဖြင့် စင်တာ (ဗဟိုဌာန) တခု ဖွင့်လှစ်နိုင်ရေးကိစ္စ အစိုးရ စဉ်းစားချက်တွင် ရှိနေခဲ့ သည်။ အစပိုင်းတွင် ထိုင်း တော်ဝင်ရေတပ်မတော်က ၎င်းစင်တာကို နှစ်နိုင်ငံဆက်ဆံရေး မူဘောင်အောက်တွင် ထည့်သွင်းလိုသော်လည်း အမေရိကန် ပြည်ထောင်စုကမူ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု အတွက် စင်မြင့်တခုသဖွယ် အသုံးပြုလိုသည်။

၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလ ဆူနာမီရေလှိုင်းဒဏ်၊ ထို့နောက် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများတွင် သဘာဝ ကပ်ဘေး ဒဏ်များ ရိုက်ခတ်ခံရပြီးနောက်တွင် အူတာပေါင် လေဆိပ်မှာ အရှေ့တောင် အာရှဒေသတွင် အချက်အခြာနေရာ တွင် ရှိနေသောကြောင့် ရှာဖွေရေး/ကယ်ဆယ်ရေး လုပ်ငန်းများ (search and rescue missions) များအတွက် ပို၍ အာရုံကျလာကြသည်။

နှစ်စဉ် ထိုင်း-အမေရိကန်စစ်ရေး ပူးပေါင်းလေ့ကျင့်မှုဖြစ်သည့် ရွှေမြွေဟောက် (Cobra Gold) စစ်ဆင်ရေးမှာ လူသားချင်း စာနာမှုနှင့် ကပ်ဘေးဒုက္ခကယ်တင်ရေးကိစ္စများအတွက် နိုင်ငံစုံတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်းအဖြစ် ပို၍အလေးထား ဆောင်ရွက်လာခဲ့ကြ သည်။ အူတာပေါင် လေဆိပ်ကို ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုခွင့်ရှိခဲ့ဖူးသည့် အမေရိကန်နိုင်ငံအဖို့ တရားဝင် သဘောတူခွင့်ပြုမှု ရလိုပြီး လူသားချင်းစာနာမှု ကပ်ဘေးဒုက္ခများ ဖြစ်ပွားချိန်တွင် အဆင်သင့်ဆောင်ရွက်နိုင်အောင် ထိုင်းအစိုးရထံမှ လုပ်ပိုင်ခွင့် လုပ် ငန်းစဉ်များ သိရှိရယူလိုနေသည်။ မဟာဗျူဟာ ဆွေးနွေးပွဲတွင် အမေရိကန်ဖက်မှ ထောက်ပြရာ၌ ယခင်က ဆောင်ရွက်ခဲ့သော အရေး ပေါ် အကူအညီပေးရေး အစီအစဉ်များသည် အခြားနိုင်ငံများက "ကြိုတင်စီစဉ်မှု မရှိသော အရေးပေါ်လုပ်ငန်းများ" အဖြစ်သာ မှတ်ယူ ကြသည် ဟု ဆိုသည်။ ၀ါရှင်တန်အစိုးရက ၎င်းအမြင်ကိုလည်း ပြောင်းလဲပစ်လိုသည်။

ထိုမျှမက အမေရိကန်ပြည်ထောင်စုက ထိုင်းနိုင်ငံအဖို့ တတိယနိုင်ငံများဖြစ်ကြသည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံများ နှင့် ပူးပေါင်းဆက်ဆံရေး၌ ကူညီမှုပေးပါရန် အထူးသဖြင့် မဲခေါင်မြစ် အောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှု (Lower Mekong Initiative) ၌ နှစ်နိုင်ငံချင်း ဆက်ဆံရေး အဖြစ်သော်လည်းကောင်း၊ နိုင်ငံစုံဆက်ဆံရေး အဖြစ် သော်လည်းကောင်း ကူညီပေးပါရန် တိုက်တွန်းခဲ့ သေးသည်။ ဤသို့တိုးချဲ့ ဆက်ဆံမှုကြောင့်လည်း အရှေ့တောင် အာရှဒေသ၌ အမေရိကန်၏ ပေါက်ရောက်ခြေချနိုင်မှု ပိုမိုကျယ်ပြန့် အားကောင်းလာစေမည်လည်း ဖြစ်သည်ဟု ဆိုသည်။

ယခုအချိန်တွင် ဤဆက်ဆံရေးကိစ္စသည်ပင် သဘောထားကွဲပြားရန် အကြောင်းအချက်တခု ဖြစ်နေပြန်သည်။ ဒီမိုကရက်ပါတီက အူတာပေါင် လေဆိပ် အသုံးပြုရေးတွင် ရှင်းလင်းစွာ ဆောင်ရွက်ရန် အစိုးရကို တိုက်တွန်း တောင်းဆိုနေသည်။ အမှန်တွင် ၎င်းအတိုက် အခံပါတီက ပို၍သိဖို့ အကြောင်း ရှိနေသည်။ အကြောင်းမှာ ယခု ဆွေးနွေးပွဲများသည် အဖိဆစ် ဦးဆောင်သည့် အစိုးရလက်ထက် ကတည်းက စတင်ဆောင်ရွက်လာခဲ့ခြင်း ဖြစ်သောကြောင့်ပင်။

ထိုင်းနိုင်ငံဖက်က လေဆိပ်အသုံးပြုရေးနှင့် ပတ်သက်၍ စည်းမျဉ်း၊ ပြဋ္ဌာန်းချက်များ ပြုစုရေးဆွဲနေသောကြောင့် ထိုင်းနိုင်ငံက လိုလား သည့်အချက်များကို ထည့်သွင်းရေးဆွဲနိုင်ပါသည်။ နောက်ဆုံး အူတာပေါင်ကို နိုင်ငံတကာ လေဆိပ်တခုအဖြစ် အသွင်ပြောင်း၍ လာ မည့်နှစ်များတွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်ရန်လည်း အသုံးပြုနိုင်ပါသေးသည်။

သို့သော်လည်း ထိုင်း-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး ကြိုးပမ်း ဆောင်ရွက်ချက်များသည် အထူးသဖြင့် မဟာ ဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများသည် ပြည်တွင်း၌ ရန်ဖြစ်ငြင်းခုံနေမှုနှင့် နိုင်ငံရေးအရ လိုသလိုအဓိပ္ပါယ်ဖွင့် နေမှုများကြောင့် အထူးခက်ခဲနေဖွယ် ရှိပြန်သည်။ ဤအတိုင်းသာ ထိုင်းနိုင်ငံဘက်တွင် ဆက်ဖြစ်ပေါ်နေပါက ဆုံးရှုံးမှု ကြုံရဖွယ်ရှိပြီး အမေရိကန်က ထိုင်းအစား အခြားနိုင်ငံတခုကို ရှာဖွေတော့မည် ဖြစ်သည်။ အတွင်းကျကျ ဆွေးနွေးမှုများအရ အခြားရွေးချယ်စရာ နိုင်ငံတခုအဖြစ် ကမ္ဘောဒီးယားကို မျက်စေ့ ကျနေကြောင်း မကြာခဏဆိုသလို ရည်ညွှန်းပြောဆိုသည်ကို ကြားခဲ့ရဖူးသည်။ အကြောင်းမှာ ကမ္ဘော ဒီးယား ခေါင်းဆောင်များက အမေရိကန် ပြည်ထောင်စုက လိုအပ်နေသည့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များအတွက် လိုက်လျော ဆောင်ရွက်ရန် လိုလားနေကြသောကြောင့် ဖြစ်ပါသည်။

Kavi Chongkittavorn ရေးသားသည့် Thailand, U.S.: reducing mutual distrust ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်။

ကာဝီ ချွန်ကစ်တာဝုန် (Kavi Chongkittavorn) သည် အရေ့တောင်အာရှဒေသ နိုင်ငံရေးနှင့် ယဉ်ကျေးမှုများအကြောင်း ဝေဖန်
ရေးသားနေသူတဦး ဖြစ်ပါသည်။

Ref: မဇ္ဈိမ

Read More...

‘လျှပ်တပြက်’အား ရန်ကုန်အစိုးရ တရားစွဲခြင်း ရုတ်သိမ်းပေးရန် MJA တောင်းဆို

ဝေစန္ဒာ
ဇွန်လ ၂၅ ရက် ၂၀၁၂ ခုနှစ်

လျှပ်တပြက် သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ပုဒ်မ ၅၀၅ (ခ) (ဂ) ဖြင့် ပုဇွန်တောင် တရားရုံး တွင် တရားစွဲထားခြင်းကို ပြန်လည် ရုပ်သိမ်းပေးရန် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း MJA ဖြစ်မြောက်ရေး ကော်မတီမှ ဇွန်လ ၂၃ ရက်နေ့က တောင်းဆိုလိုက်သည်။

ဂျာနယ်အား ထုတ်ဝေခွင့် ယာယီ ပိတ်ထားခြင်းဖြင့် အစိုးရမှ အရေးယူပြီး ဖြစ်သောကြောင့် အယ်ဒီတာချုပ်အား ထပ်မံအရေးယူရန် ဆောင်ရွက်နေမှုများအား ပြန်လည် ရုတ်သိမ်းပေးရန် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ခြင်း ဖြစ်သည်။


“စာပေစိစစ်က စည်းကမ်းကို ဖောက်ဖျက်တယ်ဆိုပြီး လျှပ်တပြက် သတင်းဂျာနယ်ကို ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်း ထားခိုင်းပြီး အုပ်ချုပ်ရေး အာဏာအရ အရေးယူပြီးပါပြီ။ အခု ထပ်ပြီး တရားဆွဲဆို လာတဲ့အပေါ်မှာ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ် မြောက်ရေး ကော်မတီအနေနဲ့ အမှု ပြန်လည်ရုပ်သိမ်းပေးဖို့် သတင်းထုတ်ပြန်ချက်ကို နိုင်ငံတော် သမ္မတရုံးနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို စာပို့ပြီး တရားဝင် တောင်းဆိုသွားမှာပါ” ဟု ကော်မတီ ဒုဥက္ကဋ္ဌ ဦးသီဟစော က မဇ္ဈိမကို ပြောသည်။

ကြေညာချက်တွင် “အသွင်ကူးပြောင်းရေးကာလ၏ သဘောသဘာဝအလျောက် ဖြစ်ပေါ်တတ်သော ချို့ယွင်း အားနည်းမှုရှိခြင်းများကို တဘက်နှင့်တဘက် သဘောထားကြီးစွာ နားလည်ပေးခြင်း၊ အပြုသဘောဖြင့် တည့်မတ် ပေးခြင်း၊ ဥပဒေများဖြင့် ဟန့်တားခြင်းထက် စည်းရုံးပညာပေးခြင်းများဖြင့် သိမ်မွေ့စွာ ဆောင်ရွက်သင့်သည်” ဟု ပါရှိသည်။

ဤသို့သောကာလတွင် “သတင်းမီဒီယာများအား တရားစွဲဆိုခြင်းများ၊ ခြိမ်းခြောက်ခြင်းများသည် အပြန်အလှန် ယုံကြည်နားလည်မှု တည်ဆောက်ရေးအတွက် အဟန့်အတားများ ဖြစ်စေနိုင်ပါသည်” ဟုလည်း MJA ဖြစ်မြောက်ရေး ကော်မတီ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ တရားဆွဲထားသည့် အမှုအား တနင်္လာနေ့တွင် အယ်ဒီတာချုပ် ဦးမြတ်ခိုင် ရင်ဆိုင်ရမည် သည်။

“အမှုကတော့ ပုဒ်မ ၅၀၅ (ခ) (ဂ) နဲ့ဆွဲတာပါ။ အမှုရင်ဆိုင်ဖို့ ရှေ့နေကတော့ ဦးသိန်းညွှန့် ဖြစ်ပါတယ်” ဟု ဦးမြတ်ခိုင် က မဇ္ဈိမကို ပြောသည်။

လျှပ်တပြက်ဂျာနယ် အတွဲ (၃) အမှတ် ၉၁ တွင် ရခိုင်အရေး ကိစ္စရပ်အပေါ် သတင်းရေးသားပုံနှင့် မသီတာထွေး အလောင်းပုံ ဖော်ပြ ခြင်းနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်း၊ ဥပဒေ ပိုင်းများဖြင့် အရေးယူမည်ဟု ဇွန်လ ၁ဝ ရက်နေ့က ရန်ကုန်တိုင်း လွှတ်တော်တွင် ဝန်ကြီးချုပ်က အစိုးရ အဖွဲ့ဝင်များနှင့် မီဒီယာများ ရှေ့တွင် ပြောကြားခဲ့သည်။

ပုဒ်မ ၅ဝ၅ (ခ)မှာ “နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သော ပြစ်မှုကို တဦး တယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်း မဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် သို့တည်းမဟုတ် (ဃ) လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစု အချင်းချင်းဖြစ်စေ တဖက်နှင့်တဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးကို ဖြစ်စေ၊
ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်” ဟု ရန်ကုန်ဝန်ကြီးချုပ် ဦးမြင့်ဆွေက သတင်းမီဒီယာများအား ထိုနေ့ သတင်းစာရှင်းပွဲတွင် ပြစ်တင် သတိပေးခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ဧရာဝတီမြစ်ရေ မြင့်တက်လာ၍ မြစ်ကြီးနားမြို့ခံများ စိုးရိမ်နေ

ဖနိဒါ
ဇွန်လ ၂၅ ရက် ၂၀၁၂ ခုနှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး မြို့ပေါ် ရပ်ကွက် အချို့တွင် မြစ်ရေများ စတင် ဝင်ရောက်နေ သဖြင့် ဒေသခံများ စိုးရိမ်နေရကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ် စီတာပူ၊ အင်ဂျန်းကောင်၊ မြို့သစ်ကြီး၊ သီတာ၊ မန်ခရိန် စသည့် မြေနိမ့်ပိုင်း မြို့ရပ်ကွက် အချို့တွင် မြစ်ရေ စီးဝင် လာသဖြင့် ဒေသခံများ ပစ္စည်းများ ရွှေ့ပြောင်းနေကာ နောက်ထပ် နှစ်ပေခန့် တက်လာပါက စိုးရိမ်နေကြခြင်း ဖြစ်သည်။

“မနေ့ညက ဧရာဝတီမြစ် ပုံမှန်ထက် အမြင့်ပေ ၆ ပေ၊ ၇ ပေလောက် တက်သွားတယ်။ ဒီနေ့တော့ မနောကွင်း ကနေ ကားလမ်းဘက် ကျော်လာပြီဆိုရင်တော့ စိုးရိမ်ရလို့ အဆင်သင့် စောင့်ကြည့်နေကြတယ်။ မြစ်ရေက တဖြည်းဖြည်းနဲ့ တက်နေတာ။ တမြို့လုံး လူတွေ က မြစ်ကို စောင့်ကြည့်နေတာ ပွဲလိုဖြစ်နေတယ်” ဟု စီတာပူရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

တနင်္ဂနွေနေ့က မြစ်ရေ အမှတ် ၁,၂ဝဝ စင်တီမီတာရှိရာမှ တနင်္လာနေ့တွင် ၁,၃ဝဝ စင်တီမီတာသို့ ရောက်ရှိ လာသဖြင့် ပြည်နယ် အစိုးရ က လိုက်လံ သတိပေးနေသည်ဟု စီတာပူရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

ဧရာဝတီမြစ် အထက်ပိုင်း ချီဖွေ၊ ဆော့လော ဘက်များ မိုးရွာသွန်းသဖြင့် မေခမြစ် ရေမြင့်တက်လာရာမှ ဧရာဝတီမြစ် မြင့်တက်လာခြင်း ဖြစ်သည်။

“နောက်ထပ် နှစ်ပေလောက် တက်လာရင်တော့ မနောကွင်းလမ်းပေါ် ကျော်ပြီး ရေဝင်လာတော့မယ်။ ဒါပေမယ့် ကားလမ်းပေါ်တော့ မတက်လာသေးဘူး။ တချို့က ပစ္စည်းတွေတောင် အောက်ထပ်က ပစ္စည်းတွေ အပေါ်ထပ်ကို ရွှေ့နေပြီ”ဟု သူက မဇ္စျိမကို ပြော သည်။

မြစ်ကြီးနားမြို့တွင် နှစ်စဉ် မိုးတွင်းကာလမှာ ဧရာဝတီ မြစ်ရေမြင့်တက်ခဲ့ မြို့ပေါ် ရေလျှံလေ့ရှိသော်လည်း ၂ဝဝ၄ ခုနှစ် မြစ်ကြီးနားမြို့ တမြို့လုံး လေလွမ်းမိုး ကြုံတွေ့ရမည်ကို စိုးရိမ်နေရသည်ဟု စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)မှ ပြည်သူ့လွှတ်တော် အမတ် ဒေါ်ဒွဲဘူက ပြောသည်။

“မနေ့ကတော့ ဧရာဝတီမြစ်တော့ မလျှံသေးဘူး။ တာရိုးရောက်ဖို့ ၁ဝ ပေလောက် လိုသေးတယ်။ ဒီမနက်ပိုင်းတော့ မြို့သစ်ကြီး ဘက်မှာ နည်းနည်းဝင်နေပြီ၊ ကျွန်းပျဉ်သာ ဘက်လည်း ဝင်နေပြီ” ဟု သူက မဇ္စျိမကို ပြောသည်။

၂ဝဝ၄ ခုနှစ်က မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကြီးခြင်းကြောင် လူ ၁ဝ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

Ref: မဇ္ဈိမ

Read More...

ဦးအောင်မင်းနှင့် လူ့ဘောင်သစ် တွေ့၊ ပါတီ တရားဝင် ရပ်တည်ခွင့် ဆွေးနွေး

ဖနိဒါ
ဇွန်လ ၂၅ ရက် ၂၀၁၂ ခုနှစ်

မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ပအခြေစိုက် အဖွဲ့တခု ဖြစ်သော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS တို့ တနင်္လာနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နှစ်နာရီခန့်ကြာ တွေ့ဆုံခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း တရားဝင် ပါတီအဖြစ် ရပ်တည်ခွင့်ပေးရန်၊ မတရားအသင်းအဖြစ်မှ ဖျက်သိမ်းပေးရန်နှင့် ပါတီဝင် များအား တဦးခြင်း စွပ်စွဲထားချက်များကို ဖျက်သိမ်းပေးရန် ဆွေးနွေးခဲ့သည်ဟု DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။

“အဓိက အထဲမှာ နိုင်ငံရေးလုပ်ခွင့်ရှိအောင် ဆိုတဲ့အချက်ပဲ။ ကျနော်တို့ကို စွပ်စွဲထားတာတွေ ပယ်ဖျက်ပေးဖို့ အဓိက ထားပြီးတော့ ဆွေးနွေးခဲ့တယ်။ ကျနော်တို့ အဖွဲ့နဲ့ ပတ်သက်လို့ ဥပဒေကို ဖျက်သိမ်းပေးဖို့ပါ” ဟု မဇ္ဈိမကို ပြောသည်။


ဝန်ကြီး ဦးအောင်မင်းဘက်မှ DPNS နှင့် ဆွေးနွေးချက်များကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြပေး၍ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေး မည်ဟု ပြောဆိုခဲ့ကြောင်း ဦးအောင်မိုးဇော် က ပြောသည်။

ယခု တွေ့ဆုံဆွေးနွေးမှုမှာ နွေးထွေးမှု ရှိပြီး ကျေနပ်အားရကြောင်းလည်း သူက ဆက်ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ၊ ဘန်ကောက် သံအမတ်တို့ အပါ အဝင် ငါးဦးအဖွဲ့နှင့် DPNS မှ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်း၊ ဗဟိုဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးတိုးတိုး ထွန်းနှင့် ဦးဇော်ဇော်ထွန်းတို့ လေးဦးပါအဖွဲ့တို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

DPNS ကို ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး ကျောင်းသားလူငယ်များနှင့် တည်ထောင်ဖွဲ့စည်းခဲ့ပြီး သံဃာ့သမဂ္ဂီ၊ NLD လူငယ်၊ ဗကသ စသည့် တက်ကြွသော အင်အားစုများနှင့် ရင်းနှီးစွာ လှုပ်ရှားခဲ့သည်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် NLD အောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး ရွေးကောက်ပွဲရလဒ်အတိုင်း အာဏာလွှဲပြောင်းပေးခြင်း မရှိသည့် အပြင် DPNS ကို အစိုးရက မတရားအသင်း အဖြစ် သတ်မှတ်ကာ အဖွဲ့ဝင် တက်ကြွသူများကိုလည်း တရားခံပြေး အဖြစ် ကြေညာခဲ့သည်။ ထို့နောက် ပါတီ ဗဟိုကော်မတီ တရပ် လုံး “တော်လှန်ရေးနယ်မြေ”သို့ ဆင်းလာခဲ့ကြသည်။

ဦးအောင်မင်းနှင့် လူ့ဘောင်သစ် ယခု တွေ့ဆုံမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပထမအကြိမ် တွေ့ဆုံခဲ့ဖူးသည်။ လာမည့် ဇူလိုင်လတွင်လည်း ထပ်မံတွေ့ဆုံရန် ရှိသည်ဟု ဦးအောင်မိုးဇော်က ပြောသည်။

ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ ၂၈ ရက်နေ့အထိ ပြည်ပအခြေစိုက် အဖွဲ့အစည်း ၁၄ ဖွဲ့နှင့် ဝန်ကြီးဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ တဖွဲ့ချင်း တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပံ့ပိုးပေးသူ ဦးညိုအုန်းမြင့် က ပြောသည်။

“တွေ့မှာက စုစုပေါင်း ၁၄ ဖွဲ့ စီစဉ်ထားပါတယ်။ အဓိကတော့ KNU နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မတိုင်ခင်မှာ ကျန်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တဖွဲ့စီ၊ သတ်သတ်စီ တွေ့ဆုံမှာပါ” ဟု ဦးညိုအုန်းမြင့်က ပြောသည်။

ဦးအောင်မင်းတို့အဖွဲ့သည် အင်္ဂါနေ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ဝန်ကြီးဦးအောင်မင်းတို့ တွေ့ဆုံမည် ဖြစ်ပြီး ဒေါက်တာ စင်တီယာမောင်၏ ဆေးခန်းသို့ သွားရောက် ကြည့်ရှုကြဦးမည် ဖြစ်ကြောင်း သိရသည်။

မြန်မာပြည်သားများအပေါ် လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ဒေါက်တာ စင်တီယာမောင်အား ကျေးဇူးတင်ကြောင်း သမ္မတ ဦးသိန်းစိန်၏ အမှာစကားအား ဝန်ကြီး ဦးအောင်မင်း က ပြောကြားမည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြော သည်။

အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) FTUB၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP၊ ပအိုးဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး ABSDF စသည့် အဖွဲ့အစည်းများ အပါအဝင် ၁၄ ဖွဲ့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

Ref: မဇ္ဈိမ


Read More...

ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ဓားပြများ သောင်းကျန်း

ဟင်္သာနီ (မွန်မြေ)၊ ကွန်းချမ်း
ဇွန်လ ၂၅ ရက်

ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် တနင်္သာရီတိုင်း အထက်ပိုင်းရှိ ရေဖြူ မြို့နယ်တို့တွင် နေ့ခင်းကြောင်တောင် ဓားပြ တိုက်မှုနှင့် ရွာသူရွာသားများအား ရိုက်နှက် ဓားပြတိုက်မှုတို့ ဤရက်ပိုင်း အတွင်း ဖြစ်ပွားခဲ့သည်။

မြဝတီမြို့တွင် တနင်္ဂနွေနေ့ မွန်းလွဲ တနာရီခွဲခန့်က မြို့လယ်ရှိ “အင်ပါယာ” ရွှေဆိုင်အား အမည်မသိ လက်နက်ကိုင် အဖွဲ့မှ လာရောက် လုယက် ဓါးမြ တိုက်ခဲ့သည်။ ရွှေချိန် ၂ ပိဿာ ကျော်နှင့် မြန်မာငွေ သိန်း ၃ဝဝ ခန့် အလုအယက် ခံခဲ့ရကြောင်း ရွှေဆိုင်ပိုင်နှင့် ရင်းနှီး သည့် လုပ်ငန်းရှင် တဦးက ပြောသည်။

“ဟွန်ဒါကား ခဲရောင်နဲ့ မှန်တွေမှာ စတေကာ အမဲ တပ်ထားတဲ့ ကားနဲ့လာတယ်။ ဓါးမြ သုံးဦးက ကားပေါ်က ခုန်ဆင်း လာပြီး သေနတ် သုံးချက် ဖောက်ပြီး ဆိုင်ထဲကို ဝင်လာတယ်။ မျက်နှာဖုံးတွေ လက်အိတ်တွေ တပ်ထား တွေ တပ်ထားတော့ ရုပ်ကို မမြင်ရဘူး။ ပိုက်ဆံ အိတ်ထဲမှာ ကျပ်သိန်းသုံးရာ ထည့်ထားတာ လုယူသွားတယ်။ ရွှေတွေကိုတော့ ယူလို့ ရသလောက် ကြုံးယူ သွားတယ်။ ဖြစ်စဉ်က ငါးမိနစ် လောက်တောင် မကြာဘူး။ နောက်ပြီး ကားနဲ့ ပြန်မောင်း ထွက်သွားတယ်” ဟု မဇ္ဈိမကို ပြောသည်။

အခင်း ဖြစ်ပွားချိန်၌ ရွှေဆိုင်တွင်းတွင် ဆိုင်ပိုင်ရှင်၏ သမီး တဦးနှင့် အကူ ဝန်ထမ်း နှစ်ဦးတို့ တာဝန်ယူ ရောင်းချ နေလျက် ရှိသည်။ ဆိုင်ရှင် ဦးမင်းအုန်းဖေ၊ ဇနီး ဒေါ်မိ အေးကြည်၊ သမီးနှင့် အကူဝန်ထမ်း နှစ်ဦး တို့အား တနင်္လာနေ့ နံနက်၌ သက်ဆိုင်ရာ ရဲစခန်းမှ ခေါ်ယူကာ စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

“ဒီလမ်းက ကားတွေ၊ ဆိုင်ကယ်၊ ဆိုက်ကား အရမ်းရှုပ်တဲ့ လမ်းဖြစ်တယ်။ သေနတ်သံ ကြားတော့ လူတွေက ရုတ်ရုတ် သဲသဲ ဖြစ်ပြီး ထွက်ပြေး ကြတာပေါ့။ ပြီးတော့မှ ရွှေဆိုင်ကို ဓားမြ တိုက်တယ်လို့ သိရတယ်။ အခင်း ဖြစ်ပြီးနောက် သက်ဆိုင်ရာ မြို့နယ် ဦးစီးမှူးနဲ့ ရဲတွေ တာဝန်ရှိသူတွေ လာရောက်ပြီး ဓါတ်ပုံမှတ်တမ်းတင်ပြီး စစ်ဆေး မေးမြန်း သွားတယ်” ဟု မြဝတီမြို့ခံ တဦးဖြစ်သူ ကိုလေး က ပြောသည်။

ဓါးမြများမှာ AK 47 နှင့် M 16 လက်နက်များ ကိုင်ဆောင်ခဲ့သည်ဟု သိရှိရသည်။ “အင်ပါယာ” ရွှေဆိုင်သည် နယ်မြေခံ ရဲစခန်းနှင့် ကိုက် ၂ဝဝ ကျော်ကျော် ကွာဝေးကြောင်း မြဝတီ မြို့ခံမှ ပြောသည်။

ဓါးမြတိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက် ဖြစ်သည်ကို သက်ဆိုင်ရာ ရဲစခန်းမှ ထုတ်ပြန် ပြောကြား ခြင်း မရှိသေးပေ။

ထို့ပြင် ဇွန်လ ၂၂ ရက်နေ့ ညကလည်း မွန်လက်နက်ကိုင်အဖွဲ့တဖွဲ့က ရွာသားများကို ရိုက်နှက်ကာ ဓားပြတိုက် သည့် ဖြစ်ရပ်တခု တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ ရေငန်ကြီး ကျေးရွာတွင် ဖြစ်ပွားခဲ့သည်။

ကြိုးတုပ် ရိုက်နှက်ခံရသူ ဆယ်ဦးကျော်တွင် ခြောက်ဦးမှာ ဒဏ်ရာ ပြင်းထန်ပြီး ရွာသားများထံမှ ရွှေ ၁၂ ကျပ်သား နှင့် ကျပ်ငွေ အချို့လည်း ရယူသွားခဲ့ကြောင်း ရေငန်ကြီး ကျေးရွာမှ ရွာသားတဦးက ပြောသည်။

“အဲဒီ ခြောက်ယောက်က ထမင်းစားလို့တောင် မရဘူး” ဟု ရွာသားတဦးက ပြောသည်။ ဒဏ်ရာ ပြင်းထန်သူများမှာ အသက် ၄ဝ နှင့် ၆ဝ ဝန်းကျင်အတွင်းရှိ နိုင်ပီး + မိရှီး၊ နိုင်ဆန်း + မိပုနှင့် နိုင်လန်ဘား + မိကွန်းစိုးတို့ လင်မယား စုံတွဲများ ဖြစ်ကြသည်။

အိမ်ခြေ ၅ဝ ခန့် ရှိသည့် ရေငန်ကြီးရွာသည် ရေး-ထားဝယ် မီးရထားလမ်းပေါ်တွင် ရှိပြီး ရေး-ထားဝယ် မော်တော် ကားလမ်းပေါ်ရှိ ရားဖူးရွာ၏ အနောက်ဘက် ၅ မိုင်ခန့်တွင် ရှိသည်။ ဓားပြတိုက် လက်နက်ကိုင်များက တအိမ် ရွှေတကျပ်သား တောင်းခံထားရာမှ ကျေးရွာဥက္ကဋ္ဌက အသနားခံ ဝင်ရောက် ညှိနှိုင်းမှုကြောင့် ရွှေ ၁၂ ကျပ်သား နှင့် ပြေလည်ခဲ့သည်ဟု သိရသည်။

တနင်္သာရီတိုင်း မြောက်ပိုင်းနှင့် မွန်ပြည်နယ် တောင်ပိုင်းတွင် နိုင်ချမ်းဒိန်း ဦးဆောင်သည့် အဖွဲ့နှင့် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် အရှေ့ တောင်တိုင်း စစ်ဌာနချုပ်၌ လက်နက်ချခဲ့သည့် နိုင်ဗင် ဦးဆောင်သည့် မွန်လက်နက်ကိုင် အဖွဲ့တို့ လှုပ်ရှားနေပြီး မည်သည့်အဖွဲ့၏ လက်ချက် ဖြစ်သည်ကို မသိရှိကြကြောင်း ရွာသားများက ပြောသည်။

“သူတို့အဖွဲ့မှာ ခြောက်ယောက် လောက်ပဲ ပါတယ်။ ကျနော်တို့လည်း သူတို့ကို မကြည့်ရဲလို့ ဘယ်အဖွဲ့ကလဲဆိုတာ ကျနော်တို့ အတိ အကျ မပြောနိုင်ဘူး” ဟု ရိုက်နှက်ခံရသည့် ရွာသားတဦးက ပြောသည်။

ထိုသို့ ဓားပြတိုက် ငွေကြေးတောင်းခံမှုကြောင့် မွန်လက်နက်ကိုင်အဖွဲ့ကို ထောက်ပံ့သည်ဆိုပြီး ဇွန်လ ၂၃ ရက်နေ့ တွင် ရေငန်ကြီးရွာ၏ တောင်ဘက် ၅ မိုင်ခန့် ကွာဝေးသည့် မင်းသားရွာရှိ အစိုးရတပ် ခမရ ၂၈၂ မှ နယ်လှည့် ကင်းတပ်ဖွဲ့က ရေငန်ကြီး ရွာသားများကို ခေါ်ယူကာ မွန်လက်နက်ကိုင်အဖွဲ့ကို ထောက်ပံ့ခဲ့သည့်အတိုင်း ၎င်းတို့ကို လည်း ပေးဆောင်ရန် ငွေကြေးတောင်းခံထားကြောင်း ရွာသားများက ပြောသည်။

“ကျမတို့မှာ ပေးစရာကို မရှိတော့ဘူး။ အခုက ပေးနိုင်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ သားသမီးတွေဆီကနေ ပိုက်ဆံ တွေ လိုက် တောင်းနေရတယ်။ ရွာကနေ ရှောင်ပြေးတဲ့ လူတွေလည်း ရှောင်ပြေးနေကြပြီ” ဟု ရေငန်ကြီး ကျေးရွာသူ တဦးက ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ဓားပြတိုက် လက်နက်ကိုင်အဖွဲ့မှာ လက်နက်ချ နိုင်ဗင်အဖွဲ့မှ လက်ကျန်များ ဖြစ်သည့် ချမ်းသာနှင့် အလွန် အုပ်စုတို့ ဖြစ်ပြီး၊ မကြာမီ နိုင်ဗင်အဖွဲ့နှင့် ပူးပေါင်းရန်အတွက် ဓားပြတိုက်ကာ ငွေကြေး စုဆောင်းနေခြင်း ဖြစ်သည်ဟု သိရသည်။

ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် မြောက်ပိုင်းရှိ ဒေသခံများမှာ အစိုးရတပ်များနှင့် ၎င်းတို့ တပ်ဖွဲ့ကြောင့် ရွာ မီးရှို့ခံရခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြား ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Ref: မဇ္ဈိမ

Read More...

ရိုဟင်ဂျာအရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အလေးထား ဆွေးနွေးတော့မည်

ဇွန်လ ၂၅ ရက် ၂၀၁၂ ခုနှစ်

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လတ်တလော ရှေ့တန်းရောက်လာနေသော ရိုဟင်ဂျာများ အရေးအား ဇူလိုင်လအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ ပိုမိုအလေးထား ဆွေးနွေးကြမည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ကာ ထိုနိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina နှင့် တွေ့ဆုံစဉ် အဆိုပါ ရိုဟင်ဂျာများ အရေးလည်း ထည့်သွင်းဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

“ဒီတကြိမ်မှာတော့ မြန်မာဒုက္ခသည်အရေးကိစ္စကို ပိုပြီး အလေးအနက်ထား ဆွေးနွေးသွားဖို့ ရှိပါတယ်” ဟူ၍ ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Major General Anup Kumar Chakma အား ကိုးကား၍ အေအက်ဖ်ပီ သတင်းတရပ် တွင် ရေးသားထားသည်။

ဇူလိုင်လ ၁၅ ရက်မှ ၁၇ ရက်အထိ သမ္မတ ဦးသိန်းစိန်၏ သုံးရက်ကြာ ခရီးစဉ်အတွင်း နယ်မြေချင်း ၁၆၉ မိုင် ထိစပ်လျက်ရှိသည့် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံဆက်ဆံရေးကိစ္စများ ဆွေးနွေးရာတွင် အဆိုပါ ရိုဟင်ဂျာအရေးမှာ ခေါင်းစဉ်တခုဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင် ဇွန်လအတွင်း ဆိုးရွားပြင်းထန်ခဲ့သော ဒေသခံ ရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာ များအကြား အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် လူပေါင်း ၆ဝ ကျော် သေဆုံးခဲ့ရပြီး အဆောက်အအုံပေါင်း နှစ်ထောင်ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရသည်။

ထွက်ပြေးလာကြသော ရာနှင့်ချီသည့် ရိုဟင်ဂျာ မူဆလင်များကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့် ရေတပ်က လက်မခံဘဲ ပြန်လည်နှင်ထုတ်ခဲ့သည်ကို ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်နေကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစ္စလာမ် အစွန်းရောက် Jamaat-e-Islami ပါတီမှာ မြန်မာပြည်ရှိ ရိုဟင်ဂျာများအား ချုပ်ကိုင် လွှမ်းမိုးထား ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က ဇွန်လ ၁၄ ရက်နေ့ ပါလီမန်တွင် စွပ်စွဲ ပြောဆိုထားသည်။ ထို့ပြင် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် ထိုပါတီက ရိုဟင်ဂျာများအား လှုံ့ဆော်နေ သည်ဟုလည်း မြန်မာအစိုးရက စွပ်စွဲထားသည်။

“ဒီကိစ္စကို ကျမတို့ သေသေချာချာ စုံစမ်းစစ်ဆေးနေပါတယ်။ ရိုဟင်ဂျာတွေအတွက် နယ်စပ်ကို ဘယ်တော့မှ ဖွင့်ပေးမှာ မဟုတ်ပါဘူး” ဟု Dipu Moni က ယတိပြတ် ပြောဆိုလိုက်သည်။

ထို ရိုဟင်ဂျာဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အရေးကို အလျင်အမြန် ဖြေရှင်း ရန် လိုအပ်ဟု ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာ လဆန်းက မြန်မာနိုင်ငံသို့ လာရောက်စဉ် နှစ်နိုင်ငံ ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရားဝင် အသိအမှတ်ပြု မြန်မာဒုက္ခသည်ပေါင်း ၂၉,၃ဝဝ ဦးရှိပြီး ဒုက္ခသည်ကဲ့သို့ နေထိုင်သူပေါင်း နှစ်သိန်း ရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ ထုတ်ပြန်ချက် အရ သိရသည်။

ထိုသို့ မြန်မာနိုင်ငံနိုင်ငံမှ ဒုက္ခသည်များ ရှိနေခြင်းမှာ ၎င်းတို့ နိုင်ငံအတွင်း လူမှုရေး၊ ဘဏ္ဍာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသည်ဟုလည်း မစ္စစ်ရှိတ်ဟာဆီနာက ပြောဆိုထားသည်။

မြန်မာအစိုးရဘက်မှ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညှိထားပြီးဖြစ်သည့် ဒုက္ခသည်များကို ပြန်လည် လက်ခံမည်ဟု ဆိုထားသည်။

သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် လုံခြုံရေး ကိစ္စရပ်များလည်း ဆွေးနွေးမည် ဖြစ်သည်။ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်းလမ်းနှင့် ဒက္ကာ/စစ်တကောင်း - ရန်ကုန် တိုက်ရိုက် လေကြောင်းပျံသန်းရေး၊ ကုန်သွယ်ရေးတိုးမြှင့်ရေး၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး တို့လည်း နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးကြမည် ဖြစ်သည်။

“နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်ရေးအတွက် ပူးတွဲကော်မရှင် ဖွဲ့စည်း တည်ထောင်မှုဆိုင်ရာ သဘောတူညီချက်” နှင့် နှစ်နိုင်ငံ စက်မှုလက်မှု အသင်းချုပ်ချင်းအကြား “ပူးတွဲ စီးပွားရေး ကောင်စီ ဖွဲ့စည်းတည်ထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ” တို့ကို ၂ဝ၁၂ နှစ်ကုန်ပိုင်းက လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံမှ စွမ်းအင် ဝယ်ယူလိုသော်လည်း မြန်မာ့ သဘာဝ ဓာတ်ငွေ့များမှာ တရုတ်နိုင်ငံသို့ ရောင်းချပြီး ဖြစ်သည့် အတွက် အသစ်ထပ်မံ တွေ့ရှိပါက ဘင်္ဂလားဒေ့ရှ်အား ဦးစားပေး ရောင်းချမည်ဟု သမ္မတ ဦးသိန်းစိန် က ကတိထားခဲ့ဖူးသည်။

Ref: မဇ္ဈိမ

Read More...

Monday, June 25, 2012

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Gordon Brown နဲ့ ဒေါ်စု တွေ့ဆုံမည်

24 ဇွန် 2012

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်၊ ရောက်ရှိနေအတွင်း စနေ တနင်္ဂနွေ အားလပ်ရက်တွေမှာ မိသားစုနဲ့ သီးသန့် တွေ့ဆုံ ခဲ့ပါတယ်။ ဒီနေ့ တနင်္လာနေ့မှာတော့ လန်ဒန်မြို့မှာ ဗြိတိန် ၀န်ကြီးချုပ်ဟောင်း Gordon Brown နဲ့ တွေ့ဆုံပြီး၊ နောက်ပိုင်းမှာ British Council ရုံးကို သွားရောက်ဖို့ ရှိပါတယ်။

မနက်ဖြန် အင်္ဂါနေ့မှာတော့ ပြင်သစ် နိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ ခရီးစဉ်မှာ အတူ လိုက်ပါသွားတဲ့ ဦးခွန်သာမြင့်က ဗွီအိုအေ ကို ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ခရီးစဉ်အပြီးသတ်ပြီးရင်တော့ ဇွန်လ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လာမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ နေပြည်တော်မြို့မှာ ဇူလိုင်လ ၄ ရက်နေ့မှာ ပြန်စမယ့် ပြည်သူ့လွှတ် တော် အစည်းအဝေးကို တက်ရောက် လိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။

ဒီသီတင်းပတ်မှာပဲ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေတဲ့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းအမှတ် (၅၄) နေအိမ် ခြံဝန်းကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ တ၀က်စီခွဲဝေယူဖို့ အနောက်ပိုင်း ခရိုင်တရားရုံးက အမိန့်ချမှတ် လိုက်တယ်လို့ ပြည်တွင်း အပတ်စဉ် သတင်းဂျာနယ် တချို့က ဖော်ပြကြပါတယ်။

Ref: ဗွီအိုအေ

Read More...

အီဂျစ်သမ္မတအဖြစ် မူစလင်ညီအစ်ကိုအဖွဲ့ ခေါင်းဆောင် အနိုင်ရ

24 ဇွန် 2012

အီဂျစ်နိုင်ငံမှာ အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ သမ္မတရွေးကောက်ပွဲ ရလဒ်တွေကို ဒီကနေ့ ကြေညာသွားတာမှာ မူစလင် ညီအစ်ကို တော်များအဖွဲ့က သမ္မတလောင်း မိုဟာမက် မော်စီ (Mohammed Morsi) အနိုင်ရကြောင်း ရုပ်မြင်သံကြားကနေ တိုက်ရိုက် ကြေ ညာသွားပါတယ်။

အီဂျစ်ရွေးကောက်ပွဲ ကော်မရှင်က မိုဟာမက် မော်စီ အနိုင်ရကြောင်း ကြေညာလိုက်တယ်ဆိုရင်ပဲ ကိုင်ရိုမြို့လယ်က တဟီရာ (Tahrir) ရင်ပြင်မှာ စုဝေး ဆန္ဒပြနေကြတဲ့ ထောင်ပေါင်းများစွာသော အီဂျစ်ပြည်သူတွေက လက်ခုပ် သြဘာတွေပေး၊ အလံတွေ ဝှေ့ယမ်းပြီး ကြိုဆိုလိုက်ကြပါတယ်။ Tahrir ရင်ပြင်ဟာ သမ္မတဟောင်း ဟိုစနီမူဘာရက် (Hosni Mubarak) ပြုတ်ကျရေးအတွက် ထောင်ပေါင်းများစွာသော အီဂျစ်ပြည်သူတွေ လနဲ့ချီ စုဝေးဆန္ဒပြခဲ့တဲ့ သမိုင်းဝင် ရင်ပြင် ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲ ရလဒ်တွေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက ကြေညာရမှာ ဖြစ်ပေမဲ့လည်း မဲမသမာမှုတွေနဲ့ ပတ်သက်ပြီး နှစ်ဘက် ကိုယ်စားလှယ်လောင်းတွေက တိုင်ကြားလာတာတွေကို စုံစမ်း စစ်ဆေးဖို့ အချိန်လိုတယ်ဆိုပြီး ဒီကနေ့မှ ကြေညာဖို့ ရွေးကောက်ပွဲ ကော်မရှင်က ရက်ရွေ့ဆိုင်းလိုက်တာပါ။ အီဂျစ်သမ္မတ ရွေးကောက်ပွဲကို မူစလင် ညီအစ်ကိုတော်များအဖွဲ့က သမ္မတ လောင်း မိုဟာမက် မော်စီ နဲ့ ၀န်ကြီးချုပ်ဟောင်း အာမစ်ရှာဖစ် (Ahmed Shafiq) တို့ ယှဉ်ပြိုင်နေကြတာပါ။

ရွေးကောက်ပွဲရလဒ်တွေ မကြေညာခင် ကိုင်ရိုမြို့တော်က လမ်းတွေ၊ အထင်ကရ အစိုးရအဆောက်အဦးတွေမှာ အီဂျစ်အာဏာပိုင် တွေက လုံခြုံရေးတွေ တိုးမြင့် ချထားပါတယ်။သူတို့ ကိုယ်စားလှယ်လောင်း ရှုံးနိမ့်ရင် တန်ပြန် လက်စားချေမှုတွေ ပြုလုပ်မယ်လို့ ကိုယ်စားလှယ်လောင်း ၂ ယောက်စလုံးကို ထောက်ခံသူတွေက အသီသီး ခြိမ်းခြောက်ထားကြတာပါ။

Ref: ဗွီအိုအေ

Read More...

တရုတ်အာကာသယာဉ်နဲ့ အာကာသစခန်းငယ် ပထမဆုံးအကြိမ် အောင်မြင်စွာ ချိတ်ဆက်နိုင်

24 ဇွန် 2012

ကမ္ဘာပတ်လမ်းကြောင်းမှာ လည်ပတ် ပျံသန်းနေတဲ့ အာကာသစခန်းငယ်နဲ့ အာကာသယာဉ်ကို တရုတ်နိုင်ငံက ပထမဆုံးအကြိမ် အောင် မြင်စွာ စမ်းသပ် ချိတ်ဆက်လိုက်ပါတယ်။ Shenzhou – 9 လို့ခေါ်တဲ့ အာကာသယာဉ်ပေါ်က ယာဉ်မှူး သုံးယောက်တို့ဟာ Tiangong-1 လို့ခေါ်တဲ့ အာကာသ စမ်းသပ်စခန်းငယ်နဲ့ အလိုအလျောက် စက်ကိရိယာကို သုံးပြီးတော့ တနင်္ဂနွေနေ့က အောင်မြင်စွာ ချိတ်ဆက်နိုင် ခဲ့ကြပါတယ်။

အာကာသယာဉ်မှူး သုံးဦးအနက် တစ်ဦးဟာ တရုတ်ပြည်ရဲ့ ပထမဦးဆုံး အမျိုးသမီး အာကာသယာဉ်မှူး Liu Yang ဖြစ်ပါတယ်။ Shenzhou – 9 အာကာသယာဉ်ကို ဇွန်လ ၁၆ ရက်နေ့က လွှတ်တင်ခဲ့တာ ဖြစ်ပြီးတော့ နှစ်ရက်အကြာမှာ အခုလို အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပိုပြီးတော့ ကြီးမားတဲ့ အာကာသစခန်းနဲ့ ချိတ်ဆက်ရမယ်ဆိုရင် ဒီထက် ခက်ခဲရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေ ရှိလာနိုင်လိမ့်မယ်လို့ တရုတ် အရာရှိကြီးတွေက ပြောပါတယ်။ တရုတ်နိုင်ငံဟာ အဲဒီ စခန်းကြီးကို ၂၀၂၀ ခုနှစ်မှာ အပြီး ဆောက်လုပ်မယ်လို့ သိရပါတယ်။ Tiangong-1 အာကာသစခန်းငယ်ဟာ စမ်းသပ်လုပ်ငန်း ဖြစ်ပြီး ကမ္ဘာပတ်လမ်းကြောင်းမှာ ၂၀၁၃ ခုနှစ်အထိ ရှိနေမှာဖြစ်ပါတယ်။

Ref: ဗွီအိုအေ

Read More...

တူရကီတိုက်လေယာဉ် နိုင်ငံတကာ လေပိုင်နက်မှာ ပစ်ချခံရ

24 ဇွန် 2012

တူရကီ ဂျက်တိုက်လေယာဉ် တစ်စင်းကို နိုင်ငံတကာလေပိုင်နက်ထဲ ပျံသန်းနေတုန်း ဆီးရီးယားက ပစ်ချလိုက်တယ်လို့ တူရကီနိုင်ငံ ခြားဝန်ကြီးက ပြောပါတယ်။ ဂျက်တိုက် လေယာဉ်မှူးတွေဟာ မြေထဲပင်လယ်ပေါ်မှာ အဲဒီဂျက်လေယာဉ်ရဲ့ ရေဒါစနစ် စွမ်းရည်ကို စမ်းသပ်နေတုန်း ဆီးရီးယားဘက်က သောကြာနေ့က ပစ်ချလိုက်တာ ဖြစ်ပါတယ်။ ဒီတိုက်လေယာဉ်အနေနဲ့ ဆီးရီးယားရဲ့ လေပိုင် နက်ထဲကို ဖြတ်ရုံလေး ဖြတ်ပျံသွားတာဖြစ်ပြီး ဒါဟာလည်း ပစ်ချမခံရမှီ ၁၅ မိနစ်လောက်မှာ ဖြတ်ခဲ့တာလို့ တူရကီဝန်ကြီးက နိုင်ငံပိုင် ရုပ်မြင်သံကြားTRT နဲ့ တနင်္ဂနွေနေ့က တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး တူရကီအာဏာပိုင်တွေနဲ့ သံတမန်တွေ အင်္ဂါနေ့မှာ တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်တယ်လို့ မြောက်အတ္တလန္တိတ် စာချုပ် နေတိုးအဖွဲ့က ပြောပါတယ်။ တူရကီနိုင်ငံဘက်က ဒီဆွေးနွေးပွဲလုပ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ နိုင်ငံတကာ မဟာမိတ် အဖွဲ့က လည်း ပြောပါတယ်။

ဒီတိုက်လေယာဉ်အနေနဲ့ ဆီးရီးယားလေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်သွားမိတာ ဖြစ်နိုင်ပေမဲ့ ဒီလေယာဉ်တွေရဲ့ ပျံသန်းနှုန်းက အရမ်းမြင့်တဲ့အတွက် ဝေဟင်ထဲက နယ်စပ်လမ်းကြောင်းတွေကို အချိန်တိုတိုလေးနဲ့ပဲ ဖြတ်ပျံသွားမိ တာလည်း ဖြစ်နိုင်တယ်လို့ စနေနေ့က တူရကီသမ္မတ Abdullah Gul ကလည်း ပြောပါတယ်။ ဆီးရီးယားနိုင်ငံနဲ့ တူရကီနိုင်ငံကြား ဒီတိုက်လေယာဉ် ပစ်ချတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ကို အီရန်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

Ref: ဗွီအိုအေ

Read More...

ရခိုင်ပြည်ကိစ္စ နိုင်ငံရေးပါတီတွေနဲ့ သတင်းသမားတွေ သတိပေးခံရ

23 ဇွန် 2012
မသင်းသီရိ

ရခိုင်ပြည်နယ်ထဲက အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေကို တရားစွဲတာတွေနဲ့ နိုင်ငံရေးပါတီတွေ ၀င်ရောက် ပတ် သက်ခြင်းမပြုဖို့ တားမြစ်ချက်တွေဟာ ဒီမိုကရေစီနိုင်ငံ တခုဆီကို ဦးတည်နေတဲ့ မြန်မာနိုင်ငံအတွက် မသင့်တော်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ် အခြေအနေတွေမှာ နိုင်ငံရေးပါတီတွေ ၀င်မပတ် သက်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတိပေးခဲ့သလို အပတ်စဉ်ထုတ် လျှပ်တပြက် ဂျာနယ်ကိုလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က တရားစွဲဆိုထားတဲ့အပေါ် အခုလို ဝေဖန်ထောက်ပြ လိုက်ကြတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေ အပြည်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့်တွေကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးကို ဦးတည်သွားနေတဲ့ မြန်မာနိုင်ငံအတွက် လက်ရှိ အစိုးရ အဖွဲ့တချို့ရဲ့ လုပ်ဆောင်ချက်တွေဟာ သံသယဖြစ်စရာ အခြေအနေတွေလို့ မြန်မာ့အရေး လှုပ်ရှား သူတွေက သုံးသပ်လိုက်ကြတာပါ။

ရခိုင်ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အပတ်စဉ်ထုတ် လျှပ်တပြက်ဂျာနယ်ကို အစိုးရက တရားစွဲတာ နိုင်ငံ ရေးပါတီတွေကိုလည်း ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၀င်ရောက် ပြောဆိုတာတွေ မလုပ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိပေးချက် ထုတ်ပြန်တဲ့အပေါ်ကို ခုလို ပြန်လည် ထောက်ပြကြတာ ဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီး သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်ပေးမယ်လို့ ကတိက၀တ်တွေ ပြုထားတဲ့အချိန်နဲ့ တပြိုင်နက် သတင်းမီဒီယာတွေကို တရားစွဲဆိုတာ၊ ခေါ်ယူသတိပေး တားမြစ်နေတာတွေဟာ သတင်းသမားတွေ အတွက် စိုးရိမ်စရာ အခြေအနေတွေ ဖြစ်တယ်လို့ နော်ဝေနိုင်ငံက မြန်မာ့သတင်း သမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က သုံးသပ်ပါတယ်။

“အခုလိုမျိုး သတင်းဂျာနယ်တွေကို အစိုးရက စိတ်မထင်ရင် မထင်သလို မကြာခဏ တရားစွဲတဲ့ ဓလေ့ဟာ ဒီမိုကရေစီ နိုင်ငံတခုကို ဦးတည်နေတဲ့ မြန်မာနိုင်ငံအတွက်တော့ သိပ်ပြီး မသင့်လျော်လှဘူးလို့ ထင်ပါတယ်။ အစိုးရအနေနဲ့ ဒီလကုန်မှာ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းတော့မယ်လို့ ပြောထားတာလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီ လက်တွေ့ အခြေအနေတွေကို မြင်ရတာမှာတော့ အစိုးရဟာ စာပေ စိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပေမယ့်လို့ စာပေစိစစ်ရေးနဲ့ ပတ်သက်တဲ့မူတွေ၊ တင်းကျပ်မှုတွေ၊ ချုပ်ထိန်းမှုတွေကိုတော့ တရားရုံးကို အ သုံးပြုပြီးတော့ သတင်းဂျာနယ်တွေကို သူတို့ကို တနည်းတဖုံ ပြန်ပြီးတော့ ထိန်းချုပ်နေတဲ့ သဘောပါပဲခင်ဗျ။”

လျှပ်တပြက် ဂျာနယ်ဟာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ သတင်းတွေ ဖော်ပြချက်နဲ့ ပတ်သက်ပြီးတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က အပတ်စဉ်ထုတ် လျှပ်တပြက် ဂျာနယ်ကို ပုဒ်မ ၅၀၅ (ခ)(ဂ) နဲ့ ဇွန်လ ၁၉ ရက်နေ့မှာ သမ္မာန်စာ ပို့ တရားစွဲဆိုထားပြီး ဇွန်လ ၂၅ ရက်နေ့မှာ ရုံးချိန်း ချိန်းထားပါတယ်။ ဒီပုဒ်မဟာ ထောင်ဒဏ်၂ နှစ်နဲ့ ငွေဒဏ်အပြင် ပြစ်ဒဏ် နှစ်ရပ်လုံး ချနိုင်တာဖြစ်ပါတယ်။

လျှပ်တပြက် ဂျာနယ်ဟာ ရခိုင်ပြည် နယ်သတင်းနဲ့ ပတ်သက်လို့ ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှာ ဖြစ်ခဲ့တဲ့ မသီတာထွေးရဲ့ အမှုနဲ့ ပတ်သက်လို့ ဓာတ်ပုံတချို့ ဖော်ပြခဲ့ပြီး သတင်းစာရဲ့ အသုံးအနှုန်း အမှားတွေကို ဝေဖန် ထောက်ပြတာတွေကို ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ လျှပ်တပျက် ဂျာနယ်က ဖော်ပြခဲ့တဲ့ မူလ သတင်း အရင်းအမြစ်တွေကိုလည်း ပြန်လည် ဆန်းစစ်ဖို့လိုမယ်လို့လည်း ဦးမောင် မောင်မြင့်က ထောက်ပြပါတယ်။

“တကယ်တမ်းကတော့ အစိုးရအနေနဲ့ ပြန်ပြီး ကြည့်သင့်တဲ့အချက်တွေ ရှိပါတယ်။ ဒီ လျှပ်တပြက်ဂျာနယ်က သုံးစွဲခဲ့တဲ့ သမ္မတရုံး ညွန်ကြားရေးမှူး သူ့ရဲ့ ကိုယ်ပိုင် facebook ပေါ်မှာ တင်ခဲ့ပါတယ်။ ဓာတ်ပုံကိုလည်း လျှပ်တပြက် ဂျာနယ်က သူ့ရဲ့ facebook စာမျက်နှာပေါ်က ယူတယ်ဆိုတဲ့ သတင်းကိုလည်း ကျနော်တို့ ကြားရပါတယ်။ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကုလားဆိုတဲ့ အသုံး အနှုန်းမျိုးကို သုံးနှုန်းပြီးတော့ အစိုးရရဲ့ ကိုယ်ပိုင်သတင်းစာကနေ စပြီး ဖန်တီးခဲ့ပါတယ်။ ဆိုတော့ အစိုးရဟာ သူ့ရဲ့ သမ္မတရုံးဝန် ထမ်း ကို အရေးမယူဘူး။ အစိုးရရဲ့ ကိုယ်ပိုင်သတင်းစာ ကိုလည်း အရေးမယူဘူး။ ဒါပေမဲ့လို့ ပုဂ္ဂလိကဂျာနယ်တွေကိုမှ ရွေးပြီးတော့ အရေး ယူတာဟာ အစိုးရအနေနဲ့ စာပေလွတ်လပ်ခွင့်ကို ဆက်ပြီးတော့ ထိန်းချုပ်ထားချင်တဲ့ သာဓက ပြတယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်ထဲက အကြမ်းဖက်မှုတွေနဲ့အတူ နေရပ် စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ ပတ်သက်လို့လည်း နိုင်ငံရေးပါတီတွေဟာ လူထုနဲ့ ထိတွေ့ပြောဆိုတာတွေ၊ သတင်းမီဒီယာတွေနဲ့ ပြောဆိုတာအပြင် ပါတီသဘောထား ထုတ်ပြန်ခြင်းတွေ မလုပ်ဖို့ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ဇွန်လ ၁၈ ရက်နေ့မှာ နိုင်ငံရေးပါတီတွေကို သတိပေးစာ ထုတ်ပြန် အကြောင်းကြားပါတယ်။ ဒီ အချက်တွေဟာ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်စဉ်က ဥပဒေပုဒ်မ (၆) ကို ချိုးဖောက်တာမျိုး ဖြစ်တာမို့ အရေးယူလို့ရတယ်လို့လည်း ဖော်ပြထားပါတယ်။ လတ်တလော ဖြစ်နေတဲ့ ရခိုင်ပြည်နယ် ပြဿနာအပြင် လျှပ်စစ်မီးမရတဲ့ ကိစ္စအတွက် ဆန္ဒဖော်ထုတ်တာတွေ၊ အလုပ်သမား ဆန္ဒပြမှုတွေမှာပါ နိုင်ငံရေးပါတီတွေ ပါဝင်ပတ်သက်မှုတွေကိုလည်း သတိပေးထား ပါတယ်။ ဒါပေမဲ့ လူထုအကျိုး အတွက် လုပ်ဆောင်ကြမယ့် နိုင်ငံရေးပါတီ အနေနဲ့ နိုင်ငံသားတွေရဲ့ အရေးကို ပြောဆိုရမှာ ဖြစ်တယ်လို့ လန်ဒန်မြို့ကို အခု ရောက် နေတဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာကလည်း ထောက်ပြပါတယ်။

“ကျနော်တို့ တိုင်းပြည်မှာ လျှပ်စစ်မီး မရတာလည်း နိုင်ငံသားတွေရဲ့ ပြဿနာပါပဲ။ ထိုနည်းတူ လုပ်ခလစာနည်းပြီးတော့ တနေ့ကိုမှ ၀င်ငွေ ၁,၀၀၀၊ ၁,၅၀၀ ပဲ ရတာလည်း နိုင်ငံသားတွေရဲ့ ပြဿနာပါပဲ။ ဒီနိုင်ငံသားတွေကို ကိုယ်စားပြုနေတဲ့ နိုင်ငံရေးပါတီတွေဆိုတာ နိုင်ငံသားတွေကိစ္စကို ၀င်ပြီး ဖြေရှင်းရမှာပါပဲ။ ဒါကို နိုင်ငံရေးပါတီတွေရဲ့ လွတ်လွတ်လပ်လပ် နိုင်ငံရေးလုပ်ပိုင်ခွင့်နဲ့ သူတို့ရဲ့ လွတ် လွတ် လပ်လပ် ရပ်တည်ခွင့်ကိုတော့ အနှောက်အယှက် မပေးသင့်ဘူးလို့တော့ ကျနော့်အနေနဲ့ကတော့ ရွေးကောက်ပွဲ ကော်မရှင်ကို ဒီလိုပဲ ပြတ်ပြတ်သားသား ပြောချင်တယ်။”

အခု ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၆၂ ဦး ရှိနေပြီလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ အခု ရခိုင် ပြည်နယ်ထဲက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေဟာ စာပေစိစစ်ရေးရဲ့ မူဝါဒအတိုင်း ဖော်ပြဖို့ နဲ့ ဥပဒေ ချိုးဖောက်မှု ရှိတယ်ဆိုရင် အရေးယူမယ်လို့ ရန်ကုန်တိုင်း အစိုးရ ၀န်ကြီးချုပ် ဦးမြင့်ဆွေကရော၊ စာပေစိစစ်ရေး အကြီးအကဲကပါ သတင်းသမားတွေ ကို ခေါ်ယူ သတိပေးထားတာလည်း ရှိပါတယ်။

Ref: ဗွီအိုအေ

Read More...

အပေါ်သို့