Friday, March 6, 2009

မြန်မာစီးပွားရေးလုပ်ငန်းရှင်ကြီးများ ဘောလုံးသင်းများထောင်ပြီ

၅ မတ် ၂၀၀၉

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ စစ်အစိုးရလက်ထက် အခွင့်ထူးခံရရှိနေသည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် ဘောလုံးကလပ်အသင်းများကို စတင်တည်ထောင်ပြီးဖြစ်ကြောင်း မတ်လ (၄) ရက်နေ့ ရန်ကုန် ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ထုတ်ဖော်ပြောကြားသည်။

ဦးဇော်ဇော်အပြင် ကလပ်အသင်း ထောင်ပြီးဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် စာနယ်ဇင်းသမားများ တက်ရောက်သည့် အဆိုပါပွဲတွင် အသင်း (၈) သင်း စတင်ဖွဲ့စည်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ရန်ကုန်အခြေစိုက်မည့် ရန်ကုန်ယူနိုက်တက်အသင်းကို ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ၊ လားရှိုးအခြေစိုက်မည့် ကမ္ဘောဇအသင်းကို ကမ္ဘောဇဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်း၊ မန္တလေးအခြေစိုက်မည့် ရတနာပုံအသင်းကို အယ်လ်ပိုင်း သောက် ရေသန့် လုပ်ငန်းရှင် ဒေါက်တာစိုင်းဆမ်ထွန်း၊ မကွေးအခြေစိုက်မည့် မကွေးအသင်းကို အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်၊ ထားဝယ်မှာ အခြေစိုက်မည့် Southern Myanmar United အသင်းကို ယုဇနကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်၊ ပဲခူးအခြေစိုက်မည့် ဥဿာယူနိုက်တက်အသင်းကို အိုင်ဘီတီစီ အရက်ကုမ္ပဏီ ပိုင်ရှင် ဦးအောင်မိုးကျော်၊ ပုသိမ်အခြေစိုက်မည့် ဒယ်လ်တာယူနိုက်တက် အသင်းကို အေဒင်ကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်၊ စစ်ကိုင်းအခြေစိုက်မည့် ဇေယျာရွှေမြေအသင်းကို ရွှေနဂါးမင်းကုမ္ပဏီပိုင်ရှင် ဦးဝင်းမြင့်တို့က တည်ထောင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်အရ ကလပ်အသင်းများတွင် နိုင်ငံခြားသား နည်းပြများ ခေါ်ယူငှားရမ်းပိုင်ခွင့်ရှိပြီး ဘောလုံးသမားများ အပါအဝင် တသင်းကို အများဆုံး နိုင်ငံခြားသား (၅) ယောက်အထိ ခေါ်ယူနိုင်ကြောင်း သိရသည်။

ကလပ်အသင်းတသင်းကို အနည်းဆုံး ကျပ်သိန်း (၂,ဝဝဝ) ဖြင့် စတင်ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး ပါဝင်ကစားမည့် ဘောလုံးကစားသမားများကို အနည်းဆုံး တလလျှင် လစာ ကျပ် (၃) သိန်းပေးရမည် ဖြစ်ကြောင်းလည်း သိရသည်။

ယခုကဲ့သို့ ပရော်ဖက်ရှင်နယ်အသင်းများ ဖွဲ့စည်းခဲ့ပြီး ဖြစ်သည့်အတွက် လက်ရှိ ကျင်းပနေသည့် မြန်မာလိဂ် အပျော်တမ်းပွဲများကို ယခုနှစ် ဘောလုံးရာသီ၌ အဆုံးသတ်တော့မည် ဖြစ်သည်။

လာမည့်နှစ် ဘောလုံးရာသီအစ၌ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် (၄) သင်းစီ အုပ်စုနှစ်စုခွဲပြီး ဖလားလုပွဲ ပုံစံ စတင်ကျင်းပမည်ဖြစ်ပြီး နောက်ပိုင်း ၂ဝ၁ဝ ပြည့်နှစ်တွင် ကလပ်အသင်း (၁၂) သင်းအထိ ဖွဲ့စည်းရန် ရည်ရွယ်ပြီး ဥရောပ ကလပ်အသင်းများပုံစံ အိမ်ကွင်း အဝေးကွင်း စနစ်ဖြင့် ပြိုင်ပွဲများ ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ဘောလုံးအားကစားကို ပြည်သူတရပ်လုံးက လှိုက်လှိုက်လှဲလှဲ ဝါသနာပါကြသော်လည်း နေရာတကာ စစ်အစိုးရ အာဏာပိုင်များ၏ ဝင်ရောက်စွက်ဖက်မှု၊ တလွဲစီမံခန့်ခွဲမှုများကြောင့် ဘောလုံးအားကစား အဆင့်အတန်း အလွန်နိမ့်ကျနေကြောင်း အားကစားသမားဟောင်းကြီးများနှင့် အားကစားဆိုင်ရာ ဆောင်းပါးရှင်များကလည်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြသည်။

ပြည်တွင်း ဘောလုံးပြိုင်ပွဲများ ကျင်းပရာတွင်လည်းကောင်း၊ နိုင်ငံတကာ ကစားပွဲများအတွက် လက်ရွေးစင် လူရွေးချယ်ရာတွင်လည်းကောင်း၊ နိုင်ငံတကာသို့ သွားရောက်ယှဉ်ပြိုင်ရာ၌ အားကစားနှင့် မနီးစပ်သည့် အာဏာပိုင် စစ်ဗိုလ်နှင့် စစ်ဗိုလ်ဟောင်းတို့၏ စွက်ဖက်မှုကြောင့် မြန်မာဘောလုံးအသင်းများ၏ စွမ်းဆောင်ရည် နိမ့်ကျခဲ့ရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဝါရင့်အားကစား ကလောင်ရှင်ကြီးတဦးက “မြန်မာဘောလုံးလောက တိုးတက် စေချင်ရင် နိုင်ငံအနှံ့က အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်ကျောင်းတွေမှာ ဘောလုံးအားကစားကို အားပေးဖို့၊ ဘောလုံးကွင်းတွေကို တည်ဆောက် ကစားခွင့်ပြုဖို့၊ ဘောလုံးအားကစား ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို လွတ်လပ်စွာကျင်းပ ပြုလုပ်ခွင့်ပေးဖို့ စတာတွေ လိုအပ်တယ်။ ငွေတွေ အများကြီးသုံး ကလပ် အသင်းတွေ ဖွဲ့ရုံနဲ့ မြန်မာဘောလုံးအားကစား တိုးတက်လာလိမ့်မယ်လို့ မမျှော်လင့်နိုင်ဘူး။ အဓိက အကျဆုံးနဲ့ အခြေခံ အကျဆုံးအချက်ကတော့ ဘောလုံးအားကစားကို စစ်အာဏာပိုင်တွေရဲ့ စွက်ဖက်မှု ကင်းနိုင်သမျှ ကင်းစေဖို့ပဲ ဖြစ်တယ်” ဟု ဝေဖန်ပြောကြားသည်။

အဆိုအပါ သတင်းစာရှင်းလင်းပွဲတွင် ရတနာပုံကလပ်အသင်း တည်ထောင်သူ အယ်လ်ပိုင်း သောက်ရေသန့် ကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက သူ့အသင်းအတွက် နည်းပြအဖြစ် ပြင်သစ်လူမျိုးတဦး၊ နည်းစနစ် ဒါရိုက်တာအဖြစ် ဘယ်လ်ဂျီယံ လူမျိုးတဦးကို ခေါ်ယူထားပြီး ကစားသမားများအဖြစ် နိုင်ဂျီးရီးယားနိုင်ငံသား (၃) ဦးနှင့် အိုင်ဗရီကို့စ် နိုင်ငံသား (၂) ဦးကို ကမ်းလှမ်းထားကြောင်း၊ ၎င်းခေါ်ယူထားသည့် ပြင်သစ်နိုင်ငံသား နည်းပြကို စင်မြင့်ပေါ်ခေါ်ယူပြီး ကြွားဝါခဲ့ကြောင်းလည်း သိရသည်။



REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့