Friday, March 6, 2009

မြန်မာလိုင်းကား ဆန့်ကျင်ရေး မဲဆောက်ထိုင်းလိုင်းကားများ ဆန္ဒပြ

၅ မတ် ၂၀၀၉

ယနေ့နံနက်က ထိုင်းဘက်ကမ်း ချစ်ကြည်ရေးတံတားမှ မဲဆောက်သို့ပြေးဆွဲသည့် ထိုင်းခရီးသည်တင် လိုင်းကားအသင်းက မဲဆောက်မြို့တွင်း မြန်မာခရီးသည်တင်ကား ပြေးဆွဲမှုကို ရပ်တန့်ရန် ဆန္ဒပြတောင်းဆိုကာ နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို မော်တော်ယာဉ် အစီး (၁၅၀) ခန့်ဖြင့် ပိတ်ဆို့လိုက်သဖြင့် မဲဆောက်-မြဝတီ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်း ရပ်တန့်သွားသည်။

မြန်မာနိုင်ငံ မြဝတီဘက်မှလာသည့် ခရီးသည်တင်ကား အစီး (၁၀၀) ခန့်သည် နေ့စဉ် မြဝတီမှမဲဆောက်သို့ ပြေးဆွဲရာတွင် ခရီးသည်များ သွားလိုရာသို့ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးမှုကြောင့် မြန်မာကားများ ခရီးသည်ပိုမိုရရှိပြီး ထိုင်းလိုင်းကားစီးသူဦးရေ ကျဆင်းလာကာ ဝင်ငွေထိခိုက်မှုကြောင့် ယခုကဲ့သို့ ဆန္ဒပြခြင်းဖြစ်သည်ဟု မော်တော်ယာဉ် အစည်းအရုံးဥက္ကဋ္ဌ နိုင်စုံဘွန်းထဝီဖိုင်းဘွန်းစကွန် ကပြောသည်။

၎င်းက “မြန်မာကား ပြေးတာများတော့ ကျနော်တို့လိုင်းကား အစီး (၃၀၀) လောက်ဟာ ဝင်ငွေမရှိတော့ဘူး။ ဒါကြောင့် အခုလိုဆန္ဒပြပြီး တံတားကိုပိတ်လိုက်တာပါ။ ကျနော်တို့ တောင်းဆိုချက်မရမချင်း ပိတ်ထားတဲ့ကားတွေကို လုံးဝမဖယ်ဘူး။ ထိုင်းလိုင်းကားတွေဟာ သူ့လိုင်းနဲ့သူ ဆွဲရတယ်။ အဲဒါကို ဗမာကားတွေက တွေ့ကရာနေရာအနှံ့ ခရီးသည်လိုက်တင် တော့ ကျနော်တို့ ဒုက္ခရောက်ကုန်တာပေါ့။ အရင်က တောင်းဆိုတာကို ခရိုင်အဆင့် အာဏာပိုင်တွေက ထိထိရောက်ရောက် မဖြေရှင်းပေးဘူး။ အခုကိစ္စကိုတော့ အစိုးရအဖွဲ့က လာပြီး တိုက်ရိုက်ဖြေရှင်းပေးတာကိုပဲ လက်ခံမယ်” ဟုပြောသည်။

မြဝတီခရိုင် မော်တော်ယာဉ်အဖွဲ့မှ တာဝန်ရှိသူတဦးက မြဝတီ-မဲဆောက် ပြေးဆွဲသည့် မြန်မာကား အစီး (၇၀) ခန့်သာရှိသည်ဟု ပြောကြားပြီး ထိုင်းကားများမှာ မြဝတီသို့နေ့စဉ် အစီးရေ (၂၀၀) ခန့် ကုန်စည်များတင်ဆောင်ကာ ဝင်ထွက်လျက်ရှိသည်ဟု ပြောသည်။

ယခုဖြစ်ရပ်ကြောင့် ထိုင်းကုန်သည်ကြီးများနှင့် ဒေသခံများမှာ မြန်မာဘက်မှ ချစ်ကြည်ရေး တံတား ပိတ်လိုက်မည်ဆိုပါက ကုန်သွယ်ရေးလုပ်ငန်းများ ထိခိုက်နိုင်သဖြင့် အထူးစိုးရိမ် ပူပန်နေကြသည်။ ယခင်က အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့စဉ် မြန်မာဘက်မှ ချစ်ကြည်ရေး တံတားကို အကန့်အသတ်မရှိ ပိတ်လေ့ပိတ်ထရှိ၍ ထိုင်းကုန်စည်များ နယ်စပ်တွင် ပိတ်မိနေ ပြီး ကုန်စည်စီးဆင်းမှုမရှိသဖြင့် ကုန်သည်များ အရှုံးနှင့်ရင်ဆိုင်ရမှုများ ဖြစ်ခဲ့ကြသည်။

ထိုင်းလိုင်းကားများမှာ ချစ်ကြည်ရေးတံတားထိပ်မှ မဲဆောက်သို့ လူတဦးလျှင် (၁၅) ဘတ် နှုန်းဖြင့် ပြေးဆွဲပြီး မြန်မာလိုင်းကားများမှာ မြဝတီ-မဲဆောက် လူတဦးလျှင် ဘတ် (၅၀) နှုန်းဖြင့် အစစ်အဆေးမရှိ၊ ချစ်ကြည်ရေးတံတားပေါ်မှ သွားလာနိုင်ခြင်းကြောင့် လူစီးများခြင်း ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံမှ လာရောက်သူများမှာ ချစ်ကြည်ရေးတံတားထိပ်မှတဆင့် မဲဆောက်မြို့ သို့ (၄) မိုင်ခန့် လမ်းလျှောက်လာနေရပြီး အငှားမော်တော်ဆိုင်ကယ်များကိုလည်း ခရီးသည် များမတင်ရန် ဆန္ဒပြသူများက တားဆီးထားသည်။

ယခုဆန္ဒပြမှုကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်း ရပ်တန့်သွားပြီး မြို့တွင်းလိုင်းကား ပြေးဆွဲမှု မရှိတော့သဖြင့် နှစ်နိုင်ငံ ခရီးသည်များနှင့် ကုန်တင်ကားများ၊ လိုင်းကားများ နယ်စပ်တွင် ပိတ်မိလျက်ရှိသည်။ မြဝတီ-မဲဆောက် ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသည် မြန်မာဘက်သို့ လစဉ် ဘတ် သန်း (၁,၀၀၀) တန်ဖိုးရှိ ကုန်စည်များ ပုံမှန်တင်ပို့လျက်ရှိသည်။

မတ်လ (၄) ရက်နေ့ကလည်း ပြောင်းဖူးစိုက်ပျိုးသည့် ထိုင်းတောင်သူများအား ထိုင်းအစိုးရမှ ထောက်ပံ့ကြေး မပေးနိုင်သည့်ကိစ္စနှင့်ပတ်သက်၍ ပြောင်းဖူးတင်သည့် ထိုင်းကုန်တင်ကား တဒါဇင်ကျော်ခန့် မဲဆောက်မြို့ အ၀င်အထွက် လမ်းများအား ပိတ်ဆို့ ဆန္ဒပြခဲ့သည်။ ထိုဆန္ဒပြမှုကြောင့် ဘန်ကောက်နှင့် ချင်းမိုင်သွားမည့်ကားများ မထွက်နိုင်သည့်အပြင် မြန်မာနိုင်ငံဘက်ကူးမည့်သူများလည်း မကူးနိုင်ဖြစ်ခဲ့သည်။



REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့