Friday, March 6, 2009

“ရဲ” စိတ်တွေမွေးထားကြ - ဒီလှိုင်း

၎ မတ် ၂၀၀၉

လက်ဝှေ့သမား နှစ်ဦးလက်ဝှေ့ထိုးကြတဲ့အခါ နိုင်သူက နိုင်တယ်၊ ရှုံးသူက ရှုံးတယ်။ ရှုံးသူက မကျေနပ်လို့ နိုင်သူကို စိန်ခေါ်တဲ့ပွဲကို စိန်ခေါ်ပွဲလို့ ခေါ်ကြတယ်။ အားကစားဘက်မှာ ဒီပွဲမျိုးရှိသလိုပဲ စီးပွားရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ် အသီးသီးမှာ “စိန်ခေါ်ပွဲ” အမျိုးမျိုးရှိကြတယ်။ ဒီလို ပေါက်ကွဲဖြစ်ပေါ်ကြတဲ့ အခြေခံဟာ ဘာလဲဆိုတော့ မကျေနပ်လို့ မခံချင်လို့ဆိုတာ ထင်ရှားတယ်။ နိုင်သူကထပ်ပြီး နိုင်ချင်နိုင်မယ်၊ ရှုံးသူက ထပ်ပြီး ရှုံးချင်ရှုံးမယ်။ နိုင်သူက ရှုံးချင်ရှုံးပြီး ရှုံးသူက နိုင်ချင်နိုင်မယ်။ ကျိန်းသေပေါက် ဘယ်သူမှ မပြောနိုင်ကြပါဘူးဗျာ။

နယ်ပယ်အသီးသီး၊ နိုင်ငံအသီးသီးရဲ့  “စိန်ခေါ်ပွဲ” ကတော့ စိန်ခေါ်ပွဲ အမျိုးမျိုးထဲမှာ စွန့်စားရတာ ပိုများသလို ခွန်အားစုရတာတွေ၊ နည်းပညာလေ့လာရတာတွေ ပိုများလာတာ တွေ့ရပါတယ်။ နိုင်ငံတနိုင်ငံရဲ့  အုပ်ချုပ်သူ လူတန်းစားဟာ တိုင်းသူပြည်သားတွေအပေါ် ကောင်းတဲ့စနစ်နဲ့ အုပ်ချုပ်နိုင်ရင် ပြည်သူတွေက ထောက်ခံကြတယ်။

အတိုက်အခံတွေကလည်း ချီးကျူးအားပေးကြတယ်။ ဝေဖန်စရာရှိရင် ဝေဖန်ပေးကြတယ်။ ဒီလိုအုပ်ချုပ်သူဟာ ပြည်သူတွေရဲ့  အားပေးထောက်ခံမှုကို ကျေကျေနပ်နပ်ကြီး ခံယူကြသလို အတိုက်အခံတွေရဲ့  ဝေဖန်တာတွေ အကြံပြုတာတွေကိုလည်း နှိမ့်နှိမ့်ချချ ကြိုဆိုကြတယ်။ ရန်ပြုတုံ့ပြန်တာတွေ၊ အာဃာတထားတာတွေ မလုပ်ကြဘူး။ ကောင်းတဲ့စနစ်တခုကို အခြေခံပြီး တည်ဆောက်ထားတဲ့အတွက် ကောင်းတဲ့အုပ်ချုပ်သူ ပညာတတ်ပြီး အရာရာကို ဟုတ်မဟုတ်၊ မှန်မမှန် ပိုင်းခြားတတ်သူတွေ ဖြစ်လို့ဆိုတာ မေးစရာလိုတာမှမဟုတ်ဘဲ။ ဟုတ်တယ်မဟုတ်လားဗျာ။

ပြီးခဲ့တဲ့ ရက်အတွင်းက နိုင်ငံခြားသတင်းတပုဒ် ဖတ်ရတယ်။ သတင်းကတော့ လက်တင်အမေရိက တိုက်မှာရှိတဲ့ ဗင်နီဇွဲလား နိုင်ငံက လက်ရှိသမ္မတကို နောက်လာမယ့် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲအ တွက် ဆန္ဒခံယူပွဲ လုပ်တယ်ဆိုတဲ့ သတင်းဖြစ်တယ်။ လက်ရှိသမ္မတ နာမည်ကတော့ ဟူဂို ချာဗက်ဇ် ဖြစ်တယ်။ ဗင်နီဇွဲလားဆိုရှယ်လစ်တော်လှန်ရေးအတွက် အာမခံချက် ရရှိနိုင်ဖို့ဆိုပြီး ဒီသမ္မတက ဆိုတယ်။ ဝေဖန်ရေးသမားတွေကတော့ သမ္မတ ဟူဂိုဟာ ဒုတိယသမ္မတ သက်တမ်းအတွက် အာဏာအကြီးအကျယ် သုံးပြီး အနိုင်ယူလိုက်တယ်လို့ဆိုကြတယ်။ သမ္မတက သူ့ရဲ့  နန်းတော်က နေပြီး အနာဂတ်တိုင်းပြည်ဟာ အခြေအနေကောင်း၊ အခွင့်အခါကောင်းတွေ ပွင့်လင်းသွားပြီလို့ ကြေညာတော့ သူ့ကို ထောက်ခံတဲ့သူတွေက တခဲနက် သြဘာပေးကြတယ်ဆိုပဲ။

အတိုက်အခံခေါင်းဆောင် လီယိုပေါ်ဒို လိုပက်ဇ်က သမ္မတ ဟူဂိုဟာ အာဏာနဲ့ ဖိအားပေးပြီး ဆန္ဒခံယူပွဲမှာ မဲအရေအတွက်များအောင် လုပ်မယ်ဆိုတာ သိလို့ သူ့အနေနဲ့ ယှဉ်ပြိုင်မှာ မဟုတ်ဘူး ဆိုပြီး ဘီဘီစီသတင်းဌာနကို ပြောကြားတယ်ဗျ။ အဲဒီနိုင်ငံမှာ ဆယ်နှစ်အတွင်း ရွေးကောက်ပွဲ (၁၅) ကြိမ်လုပ်ခဲ့တယ်ဆိုပါလား။ အဲဒီရွေးကောက်ပွဲတွေ အားလုံးဟာ တရားမျှတမှု မရှိဆုံး၊ အမှားအယွင်း တွေ အလုပ်ဆုံးလို့ သူကထောက်ပြပြန်တယ်။ ပြီးတော့ ဗင်နီဇွဲလားအစိုးရရဲ့  ဝါဒဖြန့်ချိရေး လုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေ၊ ကြော်ငြာတွေ ပိုလုပ်လာတယ်လို့လည်း ဝေဖန်ပြောကြားကြတယ်ဗျ။

ခုချိန်မှာ နိုင်ငံတိုင်း နိုင်ငံတကာ စီးပွားရေး အကျပ်အတည်း ဆိုက်နေတဲ့ကိစ္စနဲ့ ရင်ဆိုင်နေရတယ်။ ကုန်ဈေးနှုန်းတက်တဲ့ကိစ္စ၊ ငွေကြေးဖောင်းပွတဲ့ ကိစ္စနဲ့လည်း ရင်ဆိုင်နေရတယ်။ နိုင်ငံတိုင်းမှာ ပြဿနာပေါင်းစုံ တွေ့နေရတယ်။ အတိုက်အခံ ခေါင်းဆောင် လိုပက်ဇ်ဟာ ၂၀၁၂ ခု ရွေးကောက်ပွဲမှာ ဘာဖြစ်လို့ မယှဉ်ပြိုင်တာလဲ။ ဟူဂိုလုပ်မယ့် ရွေးကောက်ပွဲကို မကြိုက်လို့ဘဲဆိုတာ ပြောနေစရာ လိုသေးလားဗျာ။ ဒီတော့လည်း အဲဒီမှာ စိန်ခေါ်ပွဲအသစ်တွေ ထပ်တွေ့ရဖို့ ရှိတယ်ဆိုတာပဲဗျာ။

ဒါကိုကြည့်ပြီးတော့ ဗမာပြည်အရေး မျှော်တွေးကြည့်ရင်း နအဖစစ်အုပ်စု၊ တနည်းအားဖြင့် ပြည်သူလူထုရဲ့  စစ်မှန်တဲ့ ပြည်သူ့အာဏာကို မတရားသိမ်းပိုက်ခဲ့တဲ့ စစ်အုပ်စု ခုချိန်ထိဆို အနှစ် (၂၀) ကျော်ခဲ့ပြီ။ ပြီးတော့ ဗင်နီဇွဲလားလိုပဲ။ နအဖဟာ ပြည်သူလူထုကို နားလှည့်ပါးရိုက် နေဆဲပဲ ဖြစ်တယ်။ ဒီလို မျက်လှည့်ပြပွဲလုပ်ထားတဲ့ ကိစ္စကို “ရိုးအ” တဲ့ ဗမာပြည်သူတရပ်လုံး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ဘာတွေဆက်လုပ်ကြမလဲ။ နည်းလမ်းတွေ အမျိုးမျိုး ပြင်ဆင်ထားဖို့ လိုနေပြီလို့ပဲ ဆိုချင်တယ်ဗျာ။

နအဖကို တောက်လျှောက် တိုက်ပွဲဝင်လာတဲ့ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းတွေအနေနဲ့ ပါးစပ်ပြောမဟုတ်ဘဲ လက်တွေ့လုပ်ဖို့ လိုလာပြီဆိုတာ အထူးပြောစရာမလိုဘူး။ ရပ်တည်ချက် ကောင်းဖို့ အယူအဆ၊ အတွေးအခေါ်တွေ “ညက်” နေဖို့လိုနေပြီ။ အချိန်ဆွဲနေရင် ဆွဲသလောက် နအဖရဲ့ ဘက်က မျက်လှည့်ပြကွက်တွေ တိုးတိုးပြီး လုပ်နေကြတယ်ဆိုတာ သတိရှိဖို့လိုတယ်။ အပေါ်က တင်ပြခဲ့တဲ့ သမ္မတ ဟူဂိုရဲ့  လုပ်ရပ်နဲ့ နှိုင်းယှဉ်တတ်ဖို့ အထူးလိုနေပြီ။ အဲဒီ သမ္မတရဲ့  အတိုက်အခံ လီယိုပေါ်ဒို-လိုပက်ဇ် လမ်းစဉ်အတိုင်း အမှန်တရားဘက်ကရပ်ပြီး “ရွေးကောက်ပွဲ မဝင်ရေး လမ်းစဉ်” ကို ကြည့်ရင် အားကျစရာ မကောင်းဘူးလားဗျာ။

ဗမာပြည်ဟာ ရေခံမြေခံကောင်းတဲ့နိုင်ငံဆိုတာ သိကြပြီးသားပါ။ ပြီးတော့ ဗမာပြည်ရဲ့ အခြေခံ လူတန်းစားအများစုဟာ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားတွေနဲ့ ရဟန်းပျိုတွေ ဖြစ်ကြတယ်။ ခုလည်း ကြည့်စမ်းပါအုံး။ နအဖဟာ ရာဇဝတ်အကျဉ်းသားတွေ ထောင်ချီလွှတ်ပေးနေတယ်လို့ ကမ္ဘာကို ကြေညာနေပြီ။ ဒီလိုလွှတ်တဲ့ကိစ္စရဲ့ အဓိကလုပ်ရပ်ကတော့ ၂၀၁၀ရွေးကောက်ပွဲမတိုင်ခင် နအဖလက်ပါးစေ၊ စွမ်းအားရှင်တွေကို အားဖြည့်ပေးဖို့ဆိုတာ သဘောပေါက်ထားဖို့လိုတယ်။ သူတို့ ဘက်က ဘက်ပေါင်းစုံ စီမံကိန်းချပြီး ပြည်သူလူထု တရပ်လုံးကို ဖြိုခွင်းဖို့ လုပ်နေကြပြီဆိုတာ ကြိုတင် သိထားဖို့ အထူးအရေးကြီးနေပြီဗျ။ သူတို့ရဲ့  လမ်းပြမြေပုံအတိုင်း ခေါင်းမာမာနဲ့ အတင်းရွေးကောက်ပွဲ လုပ်ပြီး တိုင်းပြည်ကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ဖို့ လုပ်နေကြပြီ။ နအဖရဲ့ အတိုက်အခံ အုပ်စုအားလုံး ဘက်ကလည်း ပြင်ဆင်သင့်သလောက် ပြင်ဆင်နေကြတဲ့အသံတွေ ကြားနေရတဲ့အတွက် နအဖဟာ ကြောက်ဒူးတုန်သလောက် တုန်နေလောက်ပြီ။ သူတို့ရဲ့  သေနတ်ပြောင်းဝဟာ ပြည်သူတွေရဲ့  ရင်ဝတည့်တည့်ကို ပစ်ဖို့ဝန်မလေးဘူးဆိုတာ အထူးပြောစရာ မလိုဘူးဗျ။ နအဖဟာ သူတို့ရဲ့  ပထွေးတော် အာဏာရှင်နေဝင်းရဲ့  ထုံးကို နှလုံးမူကြမှာ သေချာတယ်။ အဲဒီထုံးက သေနတ်ကို မိုးပေါ်ထောင်မပစ်ဖို့၊ ရင်ဝတည့်တည့်ကို ပစ်ဖို့ အမိန့်ချပေးခဲ့ပြီးပြီ။

ဒီတော့ သူတို့ဘက်က“ရန်-ငါ-စည်း” ပြတ်သလို ပြည်သူ့ဘက်ကလည်း သူတို့ထက်ပိုပြီး “ရန်-ငါ-စည်း” ပြတ်ဖို့ ဂရုစိုက်ရမယ့်အချိန် ရောက်နေပြီ။ ဗမာပြည်ရဲ့ သမိုင်းမှာ သွေးချောင်းစီး တိုက်ပွဲတွေ ဖြစ်ခဲ့ရတာ ဘာဖြစ်လို့လဲ။ အာဏာရှင်စနစ်ကြောင့် ဆိုတာ သိကြပါတယ်ဗျာ။ အာဏာရှင်တွေ သက်ဆိုးရှည်တာဟာ ပြည်သူ့တိုက်ပွဲတွေကို သူတို့ရဲ့ သေနတ်၊ ကျည်ဆန်တွေသုံးပြီး ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ကြ လို့ပဲ မဟုတ်လား။ ပြည်သူတွေ သိထားပြီပဲဗျာ။ ဒီတော့ ဒီနေ့လုပ်ရမယ့် တိုက်ပွဲပုံစံဟာ ရန်သူ (နအဖ) ရဲ့  အသေးအမွှား အောက်ခြေကအစ ရနိုင်သလောက် နေရာဒေသ အသီးသီးကို ချေမှုန်းပစ်မှ ဖြစ်တော့မယ်။ ပြည်သူ့တိုက်ပွဲနဲ့ ပြည်သူ့အောင်ပွဲကို ရယူဖို့ဆိုတာ လက်ရုံးရည်၊ နှလုံးရည်ပြည့်စုံဖို့ လိုနေပြီ။ ပြည်သူတွင်း ပဋိပက္ခဖြစ်လာအောင် နအဖဘက်က ဆက်တိုက် လုပ်လာတော့မယ့် ကိစ္စကို အရေးတကြီး သိထားကြဖို့ လိုတယ်နော်။

လူနဲ့ လက်နက် ဘယ်ဟာအရေးကြီးလဲ။ ဒီနှစ်ခုစလုံးဟာ ရုပ်ဝတ္ထုတွေဖြစ်တယ်။ ဒါပေမယ့် လူဟာ အတွေးအခေါ်ရှိတယ်။ အယူအဆရှိတယ်။ ဒါကြောင့် ဒီနေ့ ပြည်သူတွေ ခါးစည်းခံနေကြရတဲ့ အဖြစ်ဆိုးတွေကို ပိုပြီးခါးသီးလာအောင် နေရာဒေသ အသီးသီးမှာ နည်းမျိုးစုံးနဲ့ ရန်သူ (နအဖ) ရဲ့ ကုလားထိုင်ကို ဆွဲခါပစ်ဖို့လိုနေကြောင်းပါ ခင်ဗျ။ သူတို့ ကုလားထိုင် ပြုတ်မှာကို သူတို့ အကြောက်ဆုံးဖြစ်တယ်။ ပြည်သူတွေရဲ့  “လုပ်ရဲ၊ ကိုင်ရဲ၊ တိုက်ရဲ” တဲ့ “ရဲ” စိတ်ဓာတ်တွေ သူတို့ အရမ်းကြောက်ကြတယ်ဆိုတာ ပြည်သူတွေဘက်က အချိန်ရှိသရွေ့  အားမွေးထားဖို့ပဲဗျို့။ ပြည်သူတွေ အငတ်ဘေးဆိုက်နေတာ အားလုံးဝိုင်းလုပ်ကြမှ ဖြစ်တော့မယ်။ တကယ်တော့ “စိန်ခေါ်ပွဲ” ရှေ့ရှိနေတယ်ဆိုတာ အချင်းချင်း လက်တို့သတိပေးထားကြဖို့ပါ ခင်ဗျ။



ဒီလှိုင်း
REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့