Thursday, August 27, 2009

အိပ်မက်က လန့်နိုး

August 27, 2009

ဝိမုတ္တိကို ပေးပို့လာတဲ့ ကိုးကန့်တပ်မှူးဟောင်း တဦးရဲ့ ရင်ဖွင့်သံ ခံစားချက်ကို ငြိမ်းအဖွဲ့သား အားလုံး သိရှိနိုင်ဖို့ တဆင့် ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်။

အိပ်မက်က လန့်နိုး

ကျနော်တပ်ကထွက်နားနေတာ ကြာပြီ။ ယန်နဲ့ဖုန် ပြန်တိုက်တဲ့ အချိန်ကစပြီး ကျနော် အရပ်သား တယောက်လိုပဲ ထွက်နေလိုက်တာ။

ဒီနေရာ ဒီဒေသမှာ ဒီလို မကြူံဘူးတဲ့ အခွင့်အရေးတွေ ရနေတာဟာ တဒင်္ဂပဲ ဆိုတာ တခါမှ မတွေးမိဘူး။ ရာသက်ပန် ဒီလိုပဲ နေ-စား-သွားရမယ်လို့ ထင်တာပေါ့ ။ ဘာလို့လဲဆိုတော့ ကျနော့် အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် တခါက ဗကပ တွေကို သိပ်မုန်းခဲ့တာ။ သူတို့တွေ နေရာတကာမှာ ချုပ်ချယ်ခဲ့တယ်လို့ အဲဒီတုန်းက မြင်ခဲ့တာ။ ဒီတော့ ကျနော်တို့ ကိုယ့်ခြေ ကိုယ့်လက် လုပ်ချင်တာ လုပ်နိုင်အောင် ခွဲထွက် ခဲ့တာပေါ့။

အဲဒီအချိန် တုန်းက နအဖ က ကျနော်တို့အပေါ် ဆက်ဆံခဲ့တာတွေက ယုံတောင် မယုံနိုင် စရာပါပဲ။ အခုနဲ့တခြား စီပဲလေ။ ဖူးဖူးမှုတ်ထားတာ။ ကျနော်တို့ ဘာပဲလုပ်လုပ် တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ ဆိုပြီး ကြိုလိုက်ကြတာ။ ကိုယ့်ကိုယ်ကိုလည်း ဘ၀င်တွေ မြင့်တော့တာပေါ့။ တချိန်တည်းမှာလည်း ဗကပ ခေါင်းဆောင်တွေ ငါတို့ကို လိမ်ပြောထားတာ ပဲလို့ ထင်ခဲ့တာ။ ငါတို့ကို ဒီလို အခွင့်အရေးတွေ ပေးမှာစိုးလို့ သူတို့ ချုပ်ချယ် ထားတာပါလား ဆိုပြီး ဆဲမှ ဆဲပေါ့။

အခုတော့ ကျောချ မှဓါးပြမှန်းသိ ဆိုသလိုပဲ ။ အနှစ် ၂၀ ပြန်ငဲ့ကြည့်လိုက်တော့ ကျနော်တို့ ကိုးကန့်တွေ အစိတ်စိတ် အမွှာမွှာ အခွဲခံ ကြရပီလေ။ နအဖ တပ်တွေက ကျနော်တို့ ဒေသကို အကုန်လုံး ချုပ်ကိုင် လိုက်ကြပြီ။ တချိန်တုန်းက တိုက်ယူလို့ မရခဲ့တဲ့ နယ်မြေ ဒေသတွေ အကုန်လုံး အခုတော့ ကျနော်တို့ ချင်းလည်း ရန်သူဖြစ်။ ပြန် ချ။ သူတို့က အဆင်သင့် ၀င်ထိုင်။ ခဲတလုံးနဲ့ ငှက် ၂ ကောင် ပစ်တာလား။ ယာလည်းညက် ကြက်လည်းမော ဆိုတဲ့ စကားအတိုင်း အကုန် ဖြစ်ကုန်ပြီလေ။ ဒီမြေနေ ဒီရေ သောက်နေတဲ့ ကျနော်တို့ လူထုတွေ ဒုက္ခပင်လယ် ဝေကြပြီကော။

ကျနော်တို့ ဘာလုပ်ကြမလဲ။ ကျနော်တို့ ငြိမ်းအဖွဲ့တွေ အကုန်လုံး နအဖ စစ်အုပ်စုရဲ့ အကြံယုတ် အောက်မှာ တစတစနဲ့ အဖြိုခံ အမြိုခံနေ ရပြီလေ။ အားလုံး တော်လှန်ရေးသတိ ပြန်ရှိကြပါစို့။ ဒီမိုကရေစီ အင်အားစု အကုန်လုံးနဲ့ လက်တွဲပြီး တော်လှန်ရေး ပြန်စ ကြရအောင်လား။

အငြိမ်းစားကိုးကန့်တပ်မှူးတဦး

0 comments:

အပေါ်သို့