Monday, December 7, 2009

တတိယမြောက် အိုအေစစ်

ဂါမဏိ

၁၉၆၂ ခုနှစ်ကစပြီး စစ်အာဏာရှင်စနစ်အောက်ရောက်သွားတဲ့အတွက် လူမှုရေး၊ စီးပွားရေး ယိုယွင်း ကျပ်တည်းမှုတွေ၊ မတရား နှိပ်ကွပ်မှုတွေကို ခါးစည်း ခံခဲ့ရတဲ့ မြန်မာပြည်သူတွေ အဖို့ မွန်းကျပ် ပိပြားမှုတွေဆီက အပြီးအပိုင် လွတ်မြောက်ဖို့ မဖြစ်နိုင် ခဲ့ပေမယ့် အခါအားလျော်စွာ တစုံတရာ သက်သာရာ သက်သာကြောင်း ရစေတဲ့ နေရာဌာနလေးတွေ ပေါ်လာခဲ့ပါတယ်။ ဒါတွေဟာ ပူလောင်ပြင်းရှ ခြောက်သယောင်း ထနေတဲ့ သဲကန္တာရကြီးထဲက ရေကြည်တပေါက် သောက်နိုင် စိမ်းမြအေးချမ်းတဲ့ အရိပ်လေးနည်းနည်း ခိုနားနိုင်စရာ အိုအေစစ်တွေလို ဖြစ်ခဲ့ပါတယ်။

အခု တင်ပြမယ့် အိုအေစစ် (၃) ခုဟာ အောက်ဗမာပြည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့က လူမျိုးပေါင်းစုံ ပြည်သူတွေ အတွက် တခဏ ခိုနား အားဖြည့်စရာတွေ ဖြစ်ခဲ့ ဖြစ်နေပါတယ်။ အဲဒီအိုအေစစ်တွေ ကတော့ သထုံ-သက္က တောင် အလံတရာ နယ်မြေ၊ ဘားအံ- သာမညတောင် နယ်မြေနဲ့ (ထိုင်းနိုင်ငံ) မြန်မာနယ်စပ် အနီး မဲဆောက်မြို့က မယ် တော်ဆေးခန်းတို့ ဖြစ်ပါတယ်။

အလံတရာဆရာတော် ပအိုဝ်းလူမျိုး ဦးးစန္ဒနဝံသဟာ ပြည်တွင်းစစ်မီး အရှိန်ကြီးကြီးနဲ့ တောက်လောင်နေတဲ့ သထုံ နယ်မှာ အမြင့်ပေ ၆၀၀ (ရွှေတိဂုံဘုရားထက် နှစ်ဆနီးပါးအမြင့်) ရှိတဲ့ စေတီတော်ကြီးကို လူထုအားသက် သက်နဲ့ တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။ ဘယ်ကမှ ငွေကြေး၊ အဆင့်မြင့် ဆောက်လုပ်ရေး အတတ်ပညာ ပံ့ပိုးမှု မရဘဲ ဧရာမ စေတီတော် တည်ဆောက်ရေးကို စီမံ ခန့်ခွဲဖို့ဆိုတာ တော်ရုံတန်ရုံ စိတ်ဓာတ်၊ အရည်အချင်းနဲ့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာဝင် ပအိုဝ်း၊ မွန်၊ ကရင်တွေရဲ့ အင်မတန် ကြည်ညို လေးစားမှုကို ထိုက်ထိုက်တန်တန် ရယူခဲ့ပြီးတော့ စေတီ တော်ကြီးကို နှစ် (၄၀) ကြာ တည်ဆောက် ခဲ့ရပါတယ်။ ပေါ်တာထမ်း၊ ရွာမီးရှို့၊ ရန်သူသတင်း ရိုက်နှက်စစ်မေး၊ ငွေ တောင်း စသဖြင့် စစ်ဘေးစစ်ဒဏ် ခံရတဲ့ လူထုတွေဟာ အလံတရာ ဆရာတော် ခြေရင်းကို ရောက်လာပြီး ခိုလှုံခွင့်ရခဲ့ ကြပါတယ်။ ဆရာတော်က စေတီတည်နေတဲ့ ဧရိယာကို ဘေးမဲ့ နယ်မြေအဖြစ် သတ်မှတ်ပြီး လာသမျှလူတွေကို သက်သတ်လွတ် ထမင်းကျွေးပြီး အိပ်ဖို့ နေရာပေးပါတယ်။ ဒီ နယ်မြေထဲမှာ စစ်နှစ်ဘက်စလုံးက ပေါ်တာဝင်မဆွဲ၊ ငွေ ဝင်မကောက်ရဲဘဲ ရှိန်ကြပါတယ်။ အလံတရာနယ်မြေထဲ အတင်းဝင် ပေါ်တာဆွဲ၊ ငွေဝင်ကောက်တဲ့ စစ်သားတွေဟာ စစ်ဆင်ရေး ထွက်တဲ့အခါ မိုင်းနင်းမိတာ၊ တိုက်ပွဲကျတာ စသဖြင့် တမျိုး မဟုတ်တမျိုး ဒုက္ခရောက်တယ် ဆိုပြီးတော့ လည်း နာမည်ကြီးခဲ့ပါတယ်။

ဒါကို စစ်အာဏာရှင် နေဝင်းက သူပုန်ဘုန်းကြီးလို့ သတ်မှတ်ပြီး ရိက္ခာ ဖြတ်ခဲ့ပါသေးတယ်။ ဒီအခါမှာ ဆရာတော်ဟာ (နောင်မှာ သစ္စာ မဏ္ဍိုင်ဘုရား ဖြစ်လာမယ့် နေရာမှာ) သစ္စာဆိုပြီး ရိက္ခာပြတ်လို့ စားရေးဒုက္ခ တွေ့နေတဲ့ ဒါယကာ၊ ဒါယိ ကာမတွေနဲ့ အတူတူ အေးအတူပူအမျှ ဒုက္ခခံဖို့ ဆုံးဖြတ်ပြီး ‘ရေဆွမ်း’ ပဲ ဘုဉ်းးပေးတော် မူပါတော့တယ်။ ဒီလိုစိတ်ဓာတ် တွေကြောင့် လူထုက ပိုကြည်ညိုပြီး ရိက္ခာ မရရအောင် ခိုးပို့ခဲ့ကြပါတယ်။ အကြည်ညိုလွန်ပြီး နောက်ပွင့်တဲ့ ဘုရားအဖြစ် အရမ်း အမွှန်းတင်တာတွေ၊ ဘုရား ရုပ်ပွားတော်ကို ဆရာတော့် မျက်နှာနဲ့ တူအောင် ထုလုပ်တာတွေ၊ ဗုဒ္ဓဘုရားမုဒြာ အတိုင်း ဓာတ်ပုံ၊ ပန်းချီပိုစတာတွေ ထုတ်တဲ့အထိ နောက်လိုက်တွေက လုပ်ခဲ့တဲ့ အဆိုးပိုင်းတွေတော့ ရှိခဲ့ပါတယ်။

အလံတရာဘုရား တည်တဲ့နေရာဟာ မူလက အဓမ္မကုန်းလို့ ခေါ်ပြီး အင်မတန် စရိုက်ကြမ်းတဲ့ နေရာ ဖြစ်ပါတယ်။ ဒါကို ဆရာတော်က အဲဒီမှာ ပထမဆုံး လုပ်အားဒါနက စ,စည်းရုံးပြီး နောက်ပိုင်းမှာ ရိက္ခာဒါန ငွေကြေးဒါန ထည့်ဝင်ဖို့ ဆွဲခေါ်ခဲ့ပါတယ်။ ဒုတိယ အဆင့်ကျတော့ (၅) ပါးသီလစောင့်ဖို့ စည်းရုံးခဲ့ပြီး နောက်ဆုံးအဆင့်မှာ ဘာဝနာဆောက် တည်ဖို့ မြှင့်တင် ခဲ့ပါတယ်။ ဒီနည်းနဲ့ အင်မတန် ဆိုးပေတဲ့ ရွာသားတွေဟာ ဝတ်စုံအဖြူဝတ်၊ သက်သတ်လွတ်စား၊ အင်မတန် ယဉ်ကျေး သိမ်မွေ့ပြီး အများတကာ လေးစားရတဲ့ လူတွေ ဖြစ်လာပါတယ်။ အလံတရာ နယ်မြေဟာ လူတိုင်း အေးအတူ ပူအမျှ ဘုံစနစ် ကျင့်သုံးတဲ့ နေရာဖြစ်ပြီး ရာဇဝတ်မှု ကင်းရှင်းတဲ့ နယ်မြေ ဖြစ်ခဲ့ပါတယ်။

ဆရာတော်ဟာ ဘုရားတည်ရုံတင်မကဘဲ ရပ်ရွာလူထု အကျိုးအတွက် လူငယ်တွေကို ရန်ကုန်၊ မန္တလေး လွှတ်ပြီး ကား ဝပ်ရှော့ပညာ၊ ဘုရားထီး လုပ်တဲ့ပညာ၊ ဘုရားရွှေချပညာ၊ ပုံနှိပ်စက်ပညာ၊ ပန်းရံ-ပန်းဘဲ-ပန်းတည်းပညာတွေ သင်ခိုင်း ပါတယ်။ ပအိုဝ်း စာပေသစ် ဖော်ထုတ်တာလည်း လုပ်ပေးခဲ့ပါတယ်။

ဒုတိယအိုအေစစ်ဖြစ်တဲ့ သာမညတောင် ဘေးမဲ့နယ်မြေနဲ့ သာမည ဆရာတော် ပအိုဝ်းလူမျိုး ဦးးဝိနယ ကတော့ မဆလ ခေတ်အကုန်နဲ့ နဝတ - နအဖခေတ် အစမှာ အောက်ဗမာပြည် လူထုတွေရဲ့ အားကိုးခိုနားရာ စိတ်လုံခြုံမှု ပေးစရာ ဖြစ်ခဲ့ပါ တယ်။ စစ်ဒဏ်ခံ ကရင်၊ မွန်၊ ပအိုဝ်း၊ ဗမာ တိုင်းရင်းသားတွေကို အေးရိပ်ပေး၊ လာသမျှ ထမင်းကျွေးခဲ့ပါတယ်။ ကရင် စစ် ပြေးဒုက္ခသည် တသောင်း ဝန်းကျင်ကို လက်ခံ ထားခဲ့ပါတယ်။ ၁၉၈၁ ကနေ ၂၀၀၃ အထိ (၂၂) နှစ်တာကာလ အတွင်း ဘုရားစေတီ၊ ကျောင်းတိုက်၊ ဇရပ်၊ ဓမ္မာရုံစတဲ့ သာသနိက အဆောက်အအုံတွေ အမြောက်အမြား ဆောက်လုပ်ရုံတင် မက သာမညတောင် နယ်မြေကိုလည်း ဖွံ့ဖြိုး တိုးတက်အောင် အမြင်ကျယ်ကျယ်နဲ့ လမ်းပန်း ဆက်သွယ်ရေးက အစ ရေ၊ မီးအထိ အပင်ပန်းခံ ကြိုးစား တည်ဆောက်ခဲ့ပါတယ်။

နအဖ အုပ်ချုပ်တဲ့ နယ်မြေက လမ်းတွေထက် အဆ များစွာသာတဲ့ လမ်း (၉၇) မိုင် ဖောက်နိုင်ခင်းနိုင်ပြီး တံတားပေါင်း (၉၀) တည်ဆောက် နိုင်ခဲ့ပါတယ်။ မိဘမဲ့ကလေး တွေကို ထိန်းသိမ်း ပေးရုံမက ပညာရေး အတွက် စာသင်ကျောင်းတွေလည်း ဆောက်လုပ် ပေးခဲ့ပါတယ်။

၁၉၈၀ ခုနှစ်များမှာ ဗမာပြည်တလွှား ထင်ရှား ကျော်ကြားလာပြီး လာဘ်ပါသကရွှင်ခဲ့ပေမယ့် ဝင်သမျှကို သာသနာနဲ့ ဒါယကာ ပြည်သူလူထုများ အတွက် စေတနာ အရင်းခံနဲ့ ပြန်လည်ပံ့ပိုးခဲ့တဲ့ ဆရာတော်ကြီးကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ၁၉၉၅ နဲ့ ၂၀၀၂ ခုတို့မှာ လာရောက် ဖူးတွေ့ခဲ့ရပါတယ်။ ဆရာတော်ကြီး ကိုယ်တိုင်ကလည်း တောင်ခြေအထိ ဆင်းပြီး ကြိုခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူ့ ဆရာတော်ကြီးဟာ နအဖ စစ်ခေါင်းဆောင် ဗိုလ်ခင်ညွန့် လာတာကိုတော့ အရေးတယူ မလုပ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဓာတ်ပုံ တွဲအရိုက် ခံပေမဲ့ ဗိုလ်ခင်ညွန့်နဲ့တော့ တွဲအရိုက် မခံခဲ့ပါဘူး။

တတိယမြောက် အိုအေစစ်ဖြစ်တဲ့ မဲဆောက်မြို့က မယ်တော်ဆေးခန်းနဲ့ ဒေါက်တာ စင်သီယာမောင်တို့ ကတော့ စစ်အာဏာရှင် ဖြုတ်ချရေး၊ ဒီမိုကရေစီ ရရှိရေး ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးရဲ့ လက်ထွက်တွေ ဖြစ်ပါတယ်။ ဒီမို ကရေစီ တိုက်ပွဲဝင် သမားလည်းဖြစ်၊ ဆေးဆရာလည်း ဖြစ်တဲ့ ကရင်လူမျိုး ဒေါက်တာစင်သီယာဟာ နယ်စပ်နှစ်ဘက် မှာရှိတဲ့ လူထု တွေကို ဖြစ်နိုင်တဲ့နေရာက အကျိုးပြုနိုင်ဖို့ မယ်တော်ဆေးခန်းကို ၁၉၈၉ မှာ စတည်ထောင်ခဲ့ပါတယ်။

အကူအညီ အထောက်အပံ့ မဆိုစလောက်လေးနဲ့ ရုန်းကန်ခဲ့ရတဲ့ ဒေါက်တာစင်သီယာတို့ အဖွဲ့ဟာ လက်အောက် ငယ်သားတွေနဲ့ အေးအတူပူအမျှ နေထိုင်စားသောက် အဆင်းရဲ အပင်ပန်းခံပြီး မယ်တော်ဆေးခန်းကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်ထိလည်း ဒေါက်တာ စင်သီယာဟာ နိုင်ငံခြားအလှူရှင် အထောက်အပံ့တွေ အများကြီး ရပေမယ့် ရိုးရိုးကုတ်ကုတ်ပဲ နေပြီး ဆေးခန်း စီမံခန့်ခွဲမှုကို ထက်ထက်မြက်မြက် လုပ်နေဆဲဖြစ်ပါတယ်။

အခုအခါ မယ်တော်ဆေးခန်းဟာ ထိုင်းနိုင်ငံ မဲဆောက်ဒေသရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျန်းမာရေး အတွက် မလွဲမသွေ အားကိုးရာ ဖြစ်နေရုံတင် မကဘဲ နအဖ စစ်အစိုးရ အောက်မှာ ကျန်းမာရေး အာမခံချက် မရှိရှာတဲ့ အောက်မြန်မာပြည် တလွှားက ပြည်သူလူထုတွေ အုံနဲ့ကျင်းနဲ့ လာရောက်ကုသခံ၊ စိတ်ဓာတ် အားပေးခံရာ နေရာ ဖြစ်နေပါတယ်။ မြန်မာပြည် ဘက်ကမ်းက နအဖ စစ်သားတွေက အစ လူမျိုးမခွဲ၊ ဘာသာမခွဲ၊ အယူအဆမခွဲဘဲ စောင့်ရှောက် ကုသပေးနေလို့ ပြည်တွင်းမှာ ပိုက်ဆံရှိတဲ့ လူတန်းစား တွေတောင် နအဖဆေးရုံတွေ၊ ငွေစားဖို့ပဲ သိတဲ့ ပုဂ္ဂလိ က ဆေးရုံတွေကို အားမကိုး တော့ဘဲ မြဝတီ တံတားကူးပြီး မယ်တော်ဆေးခန်းကို လာကြတယ်လို့ သိရပါတယ်။

အခုအခါ မယ်တော်ဆေးခန်းဟာ ကျန်းမာရေးတင်မက ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးငယ်တွေ၊ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် ကလေးတွေ၊ နယ်စပ်ဒုက္ခသည် စခန်းက ကလေးတွေရဲ့ပညာရေး၊ မွေးစာရင်းရရှိရေး၊ အသက် မွေးဝမ်းကျောင်း ပညာများ သင်ကြားရေး တွေကိုပါ အကျိုးဆောင် နေပါတယ်။ ထောင်ဂဏန်းရှိတဲ့ ဆေးမှူးတွေ၊ ကျောင်းဆရာတွေ မွေးမြူဖော်ထုတ်ရေး အရည်အချင်း မြှင့်တင်ရေးက အစ နယ်လှည့် ကျောပိုးအိတ် ဆေးမှူး လုပ်ငန်းနဲ့ စွန့်ပစ်ခံ သို့မဟုတ် လူ ကုန်ကူးခံ သို့မဟုတ် မိဘမဲ့ ကလေးငယ် စောင့်ရှောက် ကယ်တင်ရေးတွေ အထိ ဦးစီး ဦးဆောင် နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ နယ် စပ်နှစ်ဘက်နေ မြန်မာပြည်သူ လူမျိုးစုံအတွက် မျှော်လင့်ချက် အလင်းမျှင်တမျှင် ဖြစ်နေပါတယ်။

ဒါကြောင့်လည်း နအဖဟာ လက်ကိုင်တုတ်ဒေါက်တိုင်တွေ လွှတ်ပြီး ဒေါက်တာစင်သီယာကို နအဖဆီ ပြန်လက်နက်ချအောင် ဆွဲဆောင်တာ ခြိမ်းချောက်တာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူ့ ဘက်တော်သား ပီသလှတဲ့ ဆရာမကြီး ဟာ နအဖရဲ့ ဆွယ်လုံးတွေကို နားမယောင်ခဲ့သလို ခြောက်လုံးတွေကိုလည်း မကြောက်ခဲ့ပါဘူး။ မိမိရဲ့ ပြည်သူ့ အကျိုးပြု လမ်းကြောင်းအတိုင်းပဲ တစိုက်မတ်မတ် ရဲရဲဝံ့ဝံ့ ဆက်လျှောက်ခဲ့ပါတယ်။ အိုအေစစ် ဆိုတဲ့အတိုင်း အယုတ် အလတ် အမြတ်မရွေး လက်ခံပြီး အေးရိပ်ပေးတာ ဖြစ်တဲ့အတွက် အဆိုးတွေ ဝင်လာတာကိုလည်း တွေ့ရမှာဖြစ်ပါ တယ်။ အထူးသဖြင့် စစ်အာဏာရှင်စနစ် သက်တမ်း ရှည်ကြာလာတာနဲ့ အမျှ လူထု စားဝတ်နေရေး ကျဆင်းမှုနဲ့အတူ စာရိတ္တ ပျက်ယွင်းမှုတွေလည်း ကြီးထွား ပျံ့နှံ့လာလို့ သာမညတောင် နယ်မြေ၊ မယ်တော် ဆေးခန်းနယ်မြေ တို့ကိုလည်း ဂယက်ရိုက်ခတ် ကူးစက်တာတွေ နာမည်ပျက်တာတွေ ရှိပါတယ်။

သာမညတောင်နယ်မြေမှာ ရာဇဝတ်မှုကျူးလွန်ပြီး ပြေးလာတဲ့ လူဆိုး လူမိုက်တွေ၊ ရဟန်းတုတွေ လာခိုတာရှိသလို စီမံ ခန့်ခွဲရေး ပိုင်းထဲ အထိ ဝင်နေလို့ နာမည်ပျက်တာ အလွဲသုံးစား လုပ်တာတွေ ရှိခဲ့ပါတယ်။ အလားတူ မယ်တော်ဆေးခန်း မှာလည်း တတိယ နိုင်ငံထွက်ဖို့ ရည်ရွယ်ချက်နဲ့ ပြည်သူလူထုအပေါ် တကယ် စေတနာမပါဘဲ (ဝတ်ကျေတန်းကျေ အဆင့်ထက် ပိုဆိုးတဲ့) ပြီး ပြီးရော လုပ်နေတဲ့ ဆေးမှူးတွေနဲ့ ဝန်ထမ်းတွေ၊ လူနာတွေရဲ့ ရပိုင်ခွင့်တွေ၊ ဘဝတူဝန်ထမ်းတွေ ရဲ့ ရပိုင်ခွင့်တွေကို ခိုးဝှက်ယူနေသူတွေ ရှိနေတာ စိတ်မကောင်း စရာပါဘဲ။ ဆေးခန်းနဲ့ မအပ်စပ်ဘဲ ပညာအမြင်ကျဉ်းတာ၊ လူမျိုးရေး အမြင်ကျဉ်းတာတို့ ကလည်း အိုအေစစ်ကို ပျက်စီး ဆုတ်ယုတ်စေနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။ အိုအေစစ်တွေဟာ ထိန်းသိမ်း စောင့်ရှောက်မှု မကောင်းရင် သို့မဟုတ် အသုံးချပုံ မူမမှန်ရင် သဲတွေဖုံးသွားပြီး ရေခန်းသွား တတ်ပါတယ်။

အိုအေစစ်သုံးခုကို ယှဉ်ကြည့်ရင် တူညီချက်တွေ အများကြီးတွေ့ရပါတယ်။ အလံတရာနဲ့ သာမည အိုအေစစ်တွေဟာ ဘာသာရေး အခြေခံတဲ့ အိုအေစစ်တွေ ဖြစ်ပြီး မယ်တော် ဆေးခန်းကတော့ ကျန်းမာရေးကို အခြေခံတဲ့ အိုအေစစ် ဖြစ်ပါတယ်။ ဒါပေမဲ့ မူလ ပထမ အခြေခံ ပေါ်မှာသာ ကန့်သတ်မနေဘဲ အဖိနှိပ်ခံ ပြည်သူတွေ၊ ဆင်းရဲ ဒုက္ခပေါင်းစုံ ခံနေရတဲ့ လူထုတွေ အတွက် ဖြစ်နိုင်သမျှ အကျယ်ပြန့်ဆုံး အကျိုးပြု လှုပ်ရှားသွားတာ တွေ့ရပါတယ်။

နောက်တူညီချက်ကတော့ အိုအေစစ်ထူထောင်သူတွေဟာ နာမည်မရခင် ကာလမှာ ဆင်းရဲ ချို့တဲ့စွာနဲ့ အနစ်နာခံ ရုန်းကန် ခဲ့ကြတာ ဖြစ်တယ်။ ဒါပေမဲ့ နိမ့်ကျကာလမှာ ဖြစ်ဖြစ်၊ အမြင့်ကာလမှာ ဖြစ်ဖြစ် သူတို့ဟာ တသမတ်တည်း အရိုးခံ နေထိုင် ရပ်တည် သွားကြတာ တွေ့ရပါတယ်။ နိမ့်လို့လည်း စိတ်ဓာတ်မကျ၊ မြင့်လို့လည်း မြောက်တက် မသွားဘဲ သာ မန်ပြည်သူတွေ လက်အောက် ငယ်သားတွေနဲ့ အဆင့်အတန်း မခွဲ အခွင့်အရေး ပိုမယူဘဲ ဒိုးတူပေါင်ဖက် လက်တွဲ အလုပ် လုပ်သွားတာ ဖြစ်ပါတယ်။

အိုအေစစ်ထူထောင်သူတွေဟာ အလုပ်လုပ်ရာမှာ ဇွဲနပဲနဲ့ မနေမနား ပြင်းပြင်းထန်ထန် လုပ်ကြတာလည်း တူညီကြပါတယ်။ အလုပ်ကို တိုးတက်ဖို့ အမြဲစဉ်းစား ကြံဆ စူးစမ်း လေ့လာပြီး လက်တွေ့လုပ်ကိုင် ကြိုးစားကြသူတွေ ဖြစ်ကြပါ တယ်။ အပြောမဟုတ် အလုပ်နဲ့ သက်သေပြတယ်ဆိုတာ သူတို့ဖြစ်ပါတယ်။

အရေးအကြီးဆုံးတူညီချက်ကတော့ စစ်အာဏာရှင် စနစ်အောက်မှာ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူ တွေကို လူမျိုးမခွဲ၊ ဘာသာမခွဲ၊ လူတန်းစား မခွဲဘဲ တတ်နိုင်သမျှ စိတ်ချမ်းသာခွင့် ပေးဖို့၊ စိတ်လုံခြုံမှုပေးဖို့ အင်မတန်ကြီးမား ဖြူစင်တဲ့စေ တနာရှိတာပဲ ဖြစ်ပါတယ်။

ဂါမဏိ

မှတ်ချက် ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သထုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်မြင့်ထွန်း (NCGUB အလုပ်သမားရေးရာဝန်ကြီး) ၏ မယ်တော်ဆေးခန်း အနှစ် (၂၀) အထိမ်းအမှတ် ဂုဏ်ပြုမိန့်ခွန်းကို အခြေခံပါသည်။




0 comments:

အပေါ်သို့