Saturday, December 12, 2009

ဂျိုးဇက်စတစ်ဂ်လဇ်ကို ဆရာတင်မလို့တဲ့လား

ရဲဘော်ဖိုးသံချောင်း
၁၁ ဒီဇင်ဘာ ၂၀၀၉

အမေရိကန်က နိုဘယ်လ်ဆုရ ဘောဂဗေဒပညာရှင် မစ္စတာဂျိုးဇက် စတစ်ဂ်လဇ် ဗမာပြည်ကို ရောက်လာတော့မယ်။

ယက်တောဒီပလိုမေစီ အရှိန်ရနေပါကလားလို့ တွေးစရာပါပဲ။

နအဖစစ်ဗိုလ်ချုပ်တွေကတော့ ဆီနေတာဂျင်ဝက်ဘ်လို အမေရိကန်အမတ်ကိုသာ မက ဒေါက်တာ စတစ်ဂ်လဇ်လို အမေရိကန် ပညာရှင်ကိုလည်း ကြပ်ပြေးကို ရောက်လာအောင် သူတို့ လုပ်နိုင်စွမ်း ရှိတယ်လို့ ဝင့်ဝါနေမှာ မြင်ယောင်မိနေပါတယ်။ မကြာခင်မှာ မစ္စစ်ကလင်တန်၊ သမ္မတ အိုဘားမားတို့ကိုပါ ကြပ်ပြေးကို ရောက်လာစေမယ်လို့များ ကြုံးဝါးနေသလားလည်း မသိပါဘူး။

ဒီမှာမေးစရာဖြစ်လာတာက ဗေဒင်ဆရာကလွဲရင် ဘယ်သူဆရာလုပ်တာကိုမှ လက်ခံလေ့ မရှိတဲ့ နအဖ စစ်ဗိုလ်ချုပ်တွေဟာ ဘာရည်ရွယ်ချက်တွေနဲ့ အမေရိကန်နိုင်ငံက စီးပွားရေး ပါရဂူတယောက်ကို အခုလို ပင့်ခေါ် အကြံဉာဏ် တောင်းနေတာလဲ။ နအဖ စစ်အစိုးရဟာ ဗမာပြည် စီးပွားရေးကို နားလည် သဘောပေါက်တဲ့ ဗမာနိုင်ငံသား စီးပွားရေးပညာရှင် ရှာမတွေ့နိုင်လို့လား။ ဒါမှမဟုတ် မရှာချင်လို့လား။

နအဖရဲ့ ဒီခြေလှမ်းရဲ့ နောက်ကွယ်မှာ စီးပွားရေးရည်ရွယ်ချက်ထက် နိုင်ငံရေး ရည်ရွယ်ချက်က ပိုတယ်လို့ ထင်ပါတယ်။

သေချာနေတာတချက်ကတော့ စစ်အစိုးရဟာ ယက်တောကိစ္စက စခဲ့တဲ့ ဝါရှင်တန်နဲ့ ဆက်ဆံရေးကို စိုသောလက် မခြောက် စေရအောင် ဆက်သွယ်မှုတွေ တမျိုးပြီးတမျိုး၊ ဖန်တီး ဖော်ထုတ်နေတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်တွေက အမေရိကန်ကို သွားလိုက်၊ အမေရိကန်က လူတွေက ကြပ်ပြေးကိုလာလိုက်၊ ရွှေလမ်းငွေလမ်း ပေါက်နေတယ်လို့ ပြောလို့ရအောင်၊ ကမ္ဘာက ထင်မြင်လာအောင် လုပ်နေကြတာ ဖြစ်ပါတယ်။ အမေရိကန်က အလံစိမ်း ပြလိုက်ရင် ဥရောပဆိုတာ ခြေထောက်နဲ့ သာမက ခေါင်းနဲ့တောင် လာနိုင်တယ် ဆိုတာလည်း သူတို့ တွက်မိပါတယ်။ အာဆီယံလိုဟာကတော့ စကားထဲတောင် ထည့်ပြောစရာ မလိုတော့ပါဘူး။ နောက်ပြီး သူတို့အနေနဲ့ တခြား အိမ်နီးနားချင်း တွေကို လက်မထောင်ပြပြီး ဈေးဆစ်လို့လည်း ပိုကောင်းမယ်ဆိုတာ သေချာနေပါတယ်။

နောက်တချက်က သူတို့နအဖစစ်အစိုးရဟာ အိမ်ဖြူတော်ရဲ့အကြံဉာဏ်တွေကို လိုလားပါကြောင်း၊ သြဝါဒ ခံလိုပါကြောင်း၊ ဗိုလ်နေဝင်း လက်ထက်တုန်းက မဆလလမ်းစဉ်ကို လုံးဝ စွန့်လွှတ်ပြီး ဖြစ်ပါကြောင်း ဝါရှင်တန်က ပုဂ္ဂိုလ်တွေကို သိစေချင်တာဖြစ် ပါတယ်။ အမေရိကန် အနေနဲ့ နောင်မှာ ဗမာပြည်နဲ့ ကုန်သွယ်ရး၊ စီးပွားရေးအတူ လုပ်နိုင်ရေးအတွက် ကိုယ်တိုင်လာပြီး ပန္နက်ချ နိုင်ပါတယ်လို့ ဆိုချင် နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့လည်းပဲ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ချင်ပါတယ်၊ လိုလားပါတယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။ နိုင်ငံတကာ အဝန်းအဝိုင်းထဲကို လူလူ သူသူ ပြန်ရောက်လိုတဲ့ သဘောပါပဲ။

ဒါ့အပြင် အလွန်အရေးကြီးတဲ့ နောက်အချက်တချက်လည်း ရှိပါသေးတယ်။ အဲဒါကတော့ သူတို့ရဲ့ဒီနိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ တွေဟာ သူတို့ရဲ့ ၂ဝဝ၈ အခြေခံဥပဒေ ချမှတ်မှု၊ ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပမှု၊ နောက် “အစိုးရသစ်” တရပ် ဖွဲ့စည်းမှု စတာတွေနဲ့ ဆက်စပ်နေတယ် လို့လည်း ဝါရှင်တန်ကို သိစေချင်လို့ ဖြစ်ပါတယ်။

တချက်ခုတ် အများကြီးပြတ်မယ့်အကြံအစည်ပါ။

ပြန်စဉ်းစားလိုက်ရင် လွတ်လပ်ရေးဒီဘက် ဗမာပြည်သမိုင်းမှာ ဒီလိုစီမံကိန်းတွေ မရှိခဲ့တာ မဟုတ်ပါဘူး။ ဖဆပလရဲ့ ပြည်တော်သာ စီမံကိန်း၊ မြေ-ကျေး-ရှင်း အစီအမံ စတာတွေကို ဗမာပြည်သားတွေ မမေ့သေးပါဘူး။ လူတကိုယ် တိုက်တလုံး၊ ကားတစီး၊ လခရှစ်ရာ ရမယ် ဆိုတဲ့ ဦးနုရဲ့ ကေတီအေခေါ် ပြည်တော်သာ စီမံကိန်းဟာ နောက်ဆုံးကျတော့ အာဏာရသူ အဆင့်ဆင့် ခြစား ပစ်လိုက်တာနဲ့ ပျက်ဆီး ပျောက်ကွယ် သွားခဲ့ရပါတယ်။ အခု တကယ်လို့များ စတစ်ဂ်လဇ်ရဲ့ အကြံပေးချက်နဲ့ စီးပွားရေး စီမံကိန်းတခုကို ဗမာပြည်မှာ အကောင်အထည် ဖော်ကြပြီ ဆိုရင် နအဖရဲ့ အဆင့်ဆင့် အာဏာရသူတွေဟာ အဲဒီလို ခြမစားပါဘူးလို့ ဘယ်သူကများ အာမခံရဲပါသလဲ။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးတို့တောင် သူတို့လူတွေ ခြမစားဘူး၊ လာဘ်မစားဘူးလို့ အာမ မခံဝံ့ဘူး ထင်ပါတယ်။

ဒေါက်တာစတစ်ဂ်လဇ်လာတာဟာ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ခေါင်းစဉ်နဲ့ လာတာ ဖြစ်ပါတယ်။ တကယ်တော့ ဗမာပြည်က ကျေးလက်ပြည်သူတွေ ဆင်းရဲ မွဲတေနေတာဟာ နအဖက အမတော်ကြေး လုံလောက်အောင် မပေးလို့၊ ဘာလို့ဆိုတဲ့ သာမန် ပြဿနာတွေကြောင့် မဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ်။ အမေရိကန် အစိုးရလည်းသိ၊ နိုင်ငံတကာ စီးပွားရေး ပညာရှင်တွေလည်းသိ၊ နအဖ အစိုးရကိုယ်တိုင်လည်း သိပါတယ်။ ဗမာပြည်ရဲ့ ကျေးလက်စီးပွားရေး ပြဿနာဟာ ဒီတိုင်းပြည်မှာ ဖြစ်ပေါ် တည်ရှိနေတဲ့ အခြေခံ ပြဿနာနဲ့ တိုက်ရိုက် ဆက်စပ်နေတာ ဖြစ်ပါတယ်။ အဲဒါက စစ်အုပ်နဲ့ သူ့အပေါင်းပါတွေက နိုင်ငံ့ စီးပွားရေး အားလုံးကို လက်ဝါးကြီး အုပ်ချင်တာ၊ ကျေးလက် စီးပွားရေးကို မြို့ပြမှာ အဓိက အခြေခံထားတဲ့ သူတို့ရဲ့ စီးပွားရေးတွေကို အလုပ်အကျွေး ပြုတဲ့ အနေအထားမှာပဲ ကန့်သတ် ထားလိုတာ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။ လယ်သမားတွေကို သူတို့အတွက် အစားအစာနဲ့ ကုန်ကြမ်း ထုတ်ပေးသူတွေ အဖြစ်ကနေ တိုးတက် မလာစေချင်တာဟာ နအဖ ဗိုလ်ချုပ်တွေရဲ့ တကယ့် ရင်တွင်းက ဆန္ဒပါ။ အခုဆိုရင် ကျေးလက် စီးပွားရေးက မြို့ပြစီးပွားရေးကို အလုပ်အကျွေး ပြုရတာတင်မက မြို့ပြ စီးပွားရေး အတွက် နေရာတွေ ဖယ်ပေး နေရတာတွေတောင် ဖြစ်နေပါတယ်။ နအဖနဲ့ သူတို့ ဆွေသားရင်းချာတွေ၊ သူတို့နဲ့ ဆက်နေတဲ့ ပြည်ပက လုပ်ငန်းရှင်တွေကြောင့် လယ်သမားတွေဆီက မြေတွေသိမ်း၊ ဈေးကွက်တွေ မှောက်လှန် နေတာတွေဟာ ကိုလိုနီခေတ်က ချစ်တီးထက် ဆိုးပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ မှန်တာပြောရရင် နအဖဗိုလ်ချုပ်တွေ မစ္စတာစတစ်ဂ်လဇ်ရဲ့ အကြံပေး ချက်တွေကို လက်ခံတာ၊ လက်မခံ တာဟာ ဒီမိုကရေစီ အရေးတော်ပုံနဲ့ ဘာမှ မဆိုင်ပါဘူး။ အဲဒါတွေကို လက်ခံလိုက်လို့လည်း တိုင်းပြည် တိုးတက်လာမှာ မဟုတ်သလို နအဖ စစ်အုပ်စုရဲ့ တကယ့် လက္ခဏာလည်း ပြောင်းလဲ မသွားပါဘူး။ ဒါပေမယ့် နအဖ ဗိုလ်ချုပ်တွေ အမေရိကန်နဲ့ ဆက်ဆံရေး ပုံမှန် ဖြစ်သွားတယ်ဆိုရင် အတိုက်အခံ အင်အားစုတွေ ဘယ်လို ဆက်လုပ်ကြမယ် ဆိုတာကတော့ အလေးထား စဉ်းစားသင့်တဲ့ ကိစ္စလို့ ထင်ပါတယ်။ အကြောင်းက အဲဒီလိုသာ ဖြစ်သွားရင် ဒါဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း၊ ဗမာပြည်နဲ့ ပတ်သက်လို့ ဖြစ်ပေါ်ခဲ့တဲ့ အကြီးမားဆုံး နိုင်ငံတကာ ဆက်ဆံမှု အပြောင်းအလဲကြီး ဖြစ်လာမှာမို့ပါ။

အဲဒီအခါမှာ အတိုက်အခံတွေနဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို တိုင်တည်တာချည်း လုပ်နေလို့ မရတော့တာ သေချာ ပါတယ်။ (ဒီလို တိုင်တည်ခဲ့တာတွေဟာ မှားတယ်၊ မလိုအပ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါ)။ ဒီမိုကရေစီ အရေးတော်ပုံ အောင်မြင်ရေး အတွက် တခြား လက်တွေ့ကျတဲ့၊ ပိုမိုထိရောက်တဲ့ သေနင်္ဂဗျူဟာနဲ့ နည်းပရိယာယ်တွေ ရှာဖွေ ချမှတ်ရတော့မယ်လို့ ထင်ပါတယ်။ အဲဒီအချိန်ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲလွန် နိုင်ငံရေး အခြေအနေနဲ့လည်း တထပ်တည်း ကျနေမယ်ဆိုတာ သတိပြုသင့်ပါတယ်။ အခြေအနေတွေဟာ ပိုရှုပ်ထွေး လာနိုင်ပါတယ်။ ဒါပေမယ့် ရှုပ်ထွေးမှုတွေ ကနေ ပိုမိုကောင်းမွန်တဲ့ အဆင့်သစ် တရပ်ကို ပြောင်းလဲ သွားတတ်တယ် ဆိုတာကိုလည်း စိတ်နှလုံး သွင်းထားရပါမယ်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့