Thursday, December 10, 2009

နအဖသတင်းစာပါ ဆောင်းပါးဖော်ပြချက်များ အန်အယ်လ်ဒီ မှ ဦးဝင်းတင် တုံ့ပြန် ပြောဆို

မင်းနိုင်သူ
၉ ဒီဇင်ဘာ ၂၀၀၉

ယနေ့ထုတ် နအဖအစိုးရသတင်းစာများတွင်ပါရှိသော ဆောင်းပါးရှင် ချမ်းမြအေး၏ စိတ်ရင်း စေတနာမှန်ပြီး ရိုးသားမယ်ဆိုရင် ဆိုသည့် ဆောင်းပါး၌ ရေးသား ဖော်ပြချက်များသည် ဗိုလ်ချုပ်မှူးကြီး၏ သဘောထားဖြစ်သည်ဟု မယူဆကြောင်း အန်အယ်လ်ဒီပါတီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က တုံ့ပြန် ပြောဆိုလိုက်သည်။

အဆိုပါဆောင်းပါတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီးထံ ပေးစာကို ပြည်ပ မီဒီယာများနှင့် ပေါင်းကာ ကြိုဖွ ခဲ့သည်ဟု ရေးသားထားသည်။

“ဒီဆောင်းပါးတွေဟာ အစိုးရရဲ့ သဘောထားကို ထင်ဟပ် တတ်တယ် ဆိုပေမယ့် ဒီဆောင်းပါးဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ သဘောထား ဖြစ်တယ်လို့ မယူဆဘူး။ ဆောင်းပါးရှင်ဟာ ကြားခံ အဆင့်နဲ့ ရေးသားနေသူသာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီး ဆီကို တိုက်ရိုက် တင်ပြထားတာ ဖြစ်တယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးဆီက တုံ့ပြန်မှု ရှိလာဦးမယ်လို့ ထင်တယ်။ ဆောင်းပါး နိဂုံးမှာလည်း တွေ့ဆုံမှု ဖြစ်လာဦးမယ့် သဘော ရေးထားတာလည်း ရှိတယ်” ဟု ဦးဝင်းတင်က သုံးသပ်ပြောဆိုသည်။

အဆိုပါဆောင်းပါးသည် ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးစာ နှစ်စောင်နှင့် စပ်လျဉ်းပြီး နအဖ စစ်အစိုးရ ရှုထောင့်မှ သုံးသပ် တင်ပြထားခြင်း ဖြစ်သည်။

“အခုရက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်အကြီးအကဲ ထံ အိတ်ဖွင့် ပေးစာတွေနဲ့ ပတ်သက်လို့ ပြည်တွင်း နိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ ပြည်ပ မီဒီယာတွေ ချိတ်ဆက်ပြီး အမျိုးမျိုး ဝေဖန်သွေးထိုးရင်း တွန်းပို့နေကြတာ တွေ့ရပါတယ်” ဟု ဆောင်းပါးရှင်က အစချီ ရေးသားထားသည်။

ပေးစာနှစ်စောင်နှင့် စပ်လျဉ်း၍လည်း “ဒီပေးစာနှစ်စောင်ကို ကြည့်ရင် ရိုးသားမှု မရှိတာတွေ့နိုင်ပါတယ်။ တကယ်တော့ နိုင်ငံတော် အစိုးရကို ရိုးရိုးသားသား ချဉ်းကပ်ပြီး ညှိနှိုင်းဖို့ ကြိုးစားတာမျိုးသာ ဖြစ်သင့်ပါတယ်။ အခုတော့ မရိုးသားတဲ့သဘော၊ ကိုယ်ကောင်း သူများဆိုး ဖြစ်အောင် လုပ်တဲ့သဘော ဖြစ်နေပြီး တည်ဆဲ အစိုးရရဲ့ Image ပျက်အောင် ရည်ရွယ်လုပ်သလို မျိုးလို့ပဲ ကျနော် ခံစားမိပါတယ်” ဟုလည်း ဆောင်းပါးရှင်က မှတ်ချက်ပေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီတို့ အနေဖြင့် ပေးစာ (၂) စောင်ပေးပို့ရာတွင် ပထမအကြိမ်က ပါတီ ကြေညာချက်နှင့် အတူ ပူးတွဲ ထုတ်ပြန်ခဲ့ကြောင်း၊ ဒုတိယ အကြိမ်တွင်လည်း အန်အယ်လ်ဒီ လူငယ်အဖွဲ့က မီဒီယာများသို့ တိတ်တဆိတ် ကြိုဖြန့်ခဲ့ကြောင်း၊ မီဒီယာများမှ တဆင့် တည်ဆဲအစိုးရကို အကျပ်ကိုင်ရန် ဖြစ်ကြောင်း စသဖြင့် ရေးသားထားသည်။

ဆောင်းပါးရှင်က အဆိုပါ စာနှစ်စောင်ကိစ္စ အပြင် ၂၀၀၇ ခုနှစ်အတွင်း မစ္စတာ ဂမ်ဘာရီ လာရောက်စဉ်က ဂမ်ဘာရီမှ တဆင့် စင်ကာပူ နိုင်ငံတွင် တဖက်သတ် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီတို့သည် မရိုးသားသည့် သဘောထားဖြင့် မီဒီယာကို အသုံးချကာ လက်ဦးအောင် ဖွနေသည်မှာ (၃) ကြိမ်တိုင်ပြီ ဖြစ်ကြောင်း ရေးသားထားသည်။

အဆိုပါရေးသားချက်များနှင့်စပ်လျဉ်း၍ ဦးဝင်းတင်က “ကျနော်တို့ တရားဝင် ရပ်တည်ဆဲ ဖြစ်တဲ့ ပါတီရဲ့လှုပ်ရှားမှုတွေ၊ အာဘော်တွေနဲ့ ပတ်သက်ပြီး ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြနိုင်ခွင့် မရှိဘူး။ အဲဒီအခါမှာ ပြည်ပ မီဒီယာတွေက ကျနော်တို့ကို မေးတယ်၊ မြန်းတယ်၊ ဆက်သွယ်တယ်။ ကျနော်တို့ကလည်း မီဒီယာကို တုံ့ပြန်ရမယ့် ၀တ္တရား ရှိသည်နဲ့ အညီ ပြောတယ်၊ ဆက်ဆံတယ်။ ဒါကလွဲပြီး ကျနော်တို့က မီဒီယာနဲ့ ပုလင်းတူဘူးဆို့ လုပ်ခြင်းသော်လည်းကောင်း၊ မီဒီယာကို ခိုင်းစားခြင်းမျိုး၊ အသုံးချခြင်းမျိုး လုပ်လို့မရဘူး။ ဒီမိုကရေစီ ထုံးတမ်း စဉ်လာအရ မီဒီယာဟာ သူ့လုပ်ငန်းသူ လုပ်နေကြတာ။ အဲဒါကို သူတို့ နားမလည်ဘူး။ သူတို့ အကျင့်စရိုက် အတိုင်းပဲ ထင်နေကြတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာ (၂) စောင်အနက် နောက်ဆုံးတစောင် စောလျင်စွာ မီဒီယာသို့ ပေါက်ကြားရသည့် အတွက်မူ စိတ်မကောင်း ဖြစ်ရသော်လည်း ပထမ အကြိမ်စာမှာ ဗဟို အလုပ်အမှုဆောင် အဖွဲ့၏ သဘောထားဖြင့် လုံလောက်သည့် အချိန်ပေးပြီးမှ ထုတ်ပြန်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

နေအိမ်အကျယ်ချုပ်ကျခံနေရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အပေါ် အရေးယူပိတ်ဆို့ထားမှု ရုပ်သိမ်းပယ်ဖျက်ရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက်
မြန်မာနိုင်ငံ ဆိုင်ရာ အနောက်နိုင်ငံ အချို့မှ သံတမန်များနှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း စက်တင်ဘာ (၂၅) ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့ခဲ့သည့်စာတွင် ထည့်သွင်း တောင်းဆိုထားသည်။ အဆိုပါ တောင်းဆိုချက်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာချက် အမှတ် ၆/ ၀၉/ ၀၉ အဖြစ် ထုတ်ပြန်ခဲ့သည်။

ဒုတိယပေးစာကို ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ နိုဝင်ဘာ (၁၁) ရက်နေ့စွဲဖြင့် တွေ့ဆုံဆွေးနွေးရေး အတွက် ကမ်းလှမ်း ပေးပို့ခဲ့သည်။

သို့သော် အဆိုပါ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေး ကိစ္စ နောက်ဆက်တွဲ ဟူသော ပေးစာသည် ပြည်ပ မီဒီယာများတွင် ပေါက်ကြား ခဲ့ခြင်းဖြစ်သည်။

ထိုစာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရနှင့်ညှိနှိုင်းကာ နိုင်ငံအကျိုး ရှိစေမည့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပြီး သူမ ပါတီ ကိစ္စရပ်များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဗဟို အလုပ်အမှုဆောင် များနှင့် စုံညီ အစည်းအဝေးကို သူမအိမ်တွင် ကျင်းပခွင့်ပြုရန်၊ ပါတီဗဟို အလုပ်အမှုဆောင်များနှင့် ဆွေးနွေး ညှိနှိုင်းပြီးပါက နိုင်ငံ့အကျိုး ရှိစေမည့် ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်နိုင်ရန် အတွက် နအဖ အစိုးရ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ဆုံ ဆွေးနွေးလိုပါကြောင်း ရေးသား ဖော်ပြထားသည်။


Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့