Wednesday, April 20, 2011

မြောက်ကိုရီးယားဘဏ်ကို အမေရိကန်ပိတ်ဆို့မှု ချမှတ်

အီရန်နိုင်ငံကို တရားမ၀င် လက်နက်ရောင်းချရာမှာ ပါဝင်ပတ်သက်နေတဲ့ မြောက်ကိုရီးယား ဘဏ်တခုကို အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့အရေးယူလိုက်ပါပြီ။ Dongbang ဘဏ် ခေါ် Bank of East Land ဟာ မြောက်ကိုရီးယားရဲ့ လက်နက် ရောင်းဝယ်ရာမှာ အဓိက ငွေပေးငွေယူ လုပ်နေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန က ပြောပါတယ်။

မြောက်ကိုရီးယား လက်နက်စက်ရုံတွေကို လက်နက်ရောင်းနိုင်အောင် အီရန်ကာကွယ်ရေး ဌာနနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေကို တော်ပီဒို အမြှောက်တွေ၊ နည်းပညာ အထောက်အကူတွေ တင်ပို့နိုင်အောင် Dongbang ဘဏ်က စီစဉ် ပံ့ပိုးပေးနေတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား လက်နက်ထုတ်လုပ်ရေး Green Pine Associated Corporation အနေနဲ့ နိုင်ငံတကာက အီရန်အပေါ် ပိတ်ဆို့ထားတာတွေကို ရှောင်ကွင်းပြီး ငွေလွှဲပြောင်း လို့ရအောင် Dongbang ဘဏ်က နည်းလမ်းရှာ ကူညီနေတာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက ပြောပါတယ်။ မြောက်ကိုရီးယားဘဏ်ကို အခုလိုအရေးယူ ပိတ်ဆို့ လိုက်ခြင်းဖြင့် တရားမ၀င် လှုပ်ရှားမှုတွေ၊ ပိတ်ဆို့မှုတွေကို ရှောင်နိုင်တဲ့ ကျိုးပမ်းမှုတွေ၊ နိုင်ငံတကာဘဏ္ဍာ ငွေကြေးစနစ်ကို အလွဲသုံးစား လုပ်တာတွေကို ထိန်းချုပ်နိုင်မှာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ် David Cohen ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ပိုင်နက်နယ်မြေမှာရှိတဲ့ Dongbang ဘဏ် ခေါ် Bank of East Land ပိုင် ငွေကြေးနဲ့ အခြေပစ္စည်းအာလုံးကို ချိတ်ပိတ် ထိန်းချုပ်မှာဖြစ်သလို ကမ္ဘာတ၀န်း အမေရိကန်ဘဏ် တွေအနေနဲ့လည်း အဲဒီဘဏ်နဲ့ ငွေပြောင်းငွေလွှဲ မလုပ်ရလို့ ဒီပိတ်ဆို့မှုက တားမြစ်လိုက်ပါတယ်။

Ref;VOA

0 comments:

အပေါ်သို့