Wednesday, April 20, 2011

အထူးကိုယ်စားလှယ်ခန့်ကာ မြန်မာ့အရေး အမေရိကန် အဆင့်မြှင့် ဆောင်ရွက်

2011-04-20

မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းဆောင်ရွက်ရေး အထူး ကိုယ်စားလှယ်တဦး ခန့်ထားဖို့ အမေရိကန် သမတက အဆိုပြု ရွေးချယ်လိုက်တာဟာ မြန်မာနိုင်ငံအရေး အမေရိကန် အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို နောက်ထပ် အဆင့်တဆင့် မြှင့်တင်လိုက်တာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mark Toner က ဧပြီ ၁၉ ရက် မနေ့က ပြောလိုက်ပါ တယ်။

မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းဆောင်ရွက်ရေး အထူးကိုယ်စားလှယ်အဖြစ် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ဒုလက်ထောက် ဝန်ကြီး Derek Mitchell ကို ပြီးခဲ့တဲ့ အပတ်က ခန့်အပ်ဖို့ သမတက ရွေးချယ်လိုက်တာနဲ့ ပတ်သက်လို့ အမေရိကန်-မြန်မာဆက်ဆံရေး အပြောင်းအလဲ ရှိမရှိ မေးမြန်းရာမှာ Mr. Toner က အခုလို ဖြေလိုက် တာ ဖြစ်ပါတယ်။

သေချာတာကတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ခေါင်းဆောင်ဖို့ ဒီလို အဆင့်မြင့် အစိုးရ အရာရှိတဦးကို ရွေးချယ်လိုက်တာဟာ မြန်မာနိုင်ငံအရေး အမေရိကန်အစိုးရက ဆောင်ရွက်ချက် နောက်တဆင့် တိုးလိုက်တာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တိုက်ရိုက်ဆက်ဆံရေးနဲ့ ပိတ်ဆို့အရေးယူမှု လမ်း နှစ်သွယ် မူဝါဒကတော့ ပြောင်းလဲမှာ မဟုတ်ကြောင်း၊ မစ္စတာတိုနာက ပြောသွားတာပါ။

သူကဆက်ပြီး တိုက်ရိုက် ဆက်ဆံရေး မူဝါဒဟာ အကျိုးရလဒ် ထုးခြားမှု မရှိတာကို ဝန်ခံရမှာ ဖြစ်ပေမဲ့ ဒီမူဝါဒကို ဆက်လက် တံခါးဖွင့်ထားမှာ ဖြစ်တယ်လို့လည်း ပြောခွင့် ရသူက ပြောပါတယ်။

ဒီရာထူးအသစ်ကြောင့် မြန်မာနိုင်ငံ ဆက်ဆံရေးမှာ အခွင့်အလမ်းသစ်တွေ ထပ်တိုးလာ မယ်လို့လည်း မျှော်လင့်သလို အချုပ်အားဖြင့်ပြောရရင် မြန်မာနိုင်ငံက အာဏာရှင် အုပ်ချုပ်ရေး ယန္တရားအပေါ် အမေရိကန် အစိုးရက အထူး စိုးရိမ်ပူပန်တယ် ဆိုတာလည်း ပြသနေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ က ပြောကြားပါတယ်။

Ref;RFA

0 comments:

အပေါ်သို့