Wednesday, April 20, 2011

မြန်မာ့အင်တာနက် လွတ်လပ်မှု ဒုတိယအဆိုးဆုံး

19 April 2011

မြန်မာအစိုးရသည် သတင်း၊ ဆက်သွယ်ရေးနှင့် နည်းပညာ အခန်းကဏ္ဍများကို စီးပွားရေးနှင့် ဝါဒ ဖြန့်ချိရေးအတွက်သာ ချဲ့ထွင်ရန် လိုလားနေပြီး နိုင်ငံသားများ အင်တာနက် လွတ်လပ်စွာ အသုံးပြုခွင့်မရှိစေရန် ပြုလုပ်ထားသည်ဟု အမေရိကန်နိုင်ငံ အခြေစိုက် Freedom House အဖွဲ့က ဆိုသည်။

အင်တာနက် လွတ်လပ်ခွင့်နှင့် ပတ် သက်၍ လေ့လာထားသည့် နိုင်ငံ ပေါင်း ၃၇ နိုင်ငံအနက် မြန်မာနိုင်ငံ သည် ဒုတိယအဆိုးဆုံး ဖြစ်ပြီး ပထမအဆိုးဆုံး နိုင်ငံမှာ အီရန် ဖြစ်သည်။

အင်တာနက်လွတ်လပ်ခွင့်ကို စောင့်ကြည့်လေ့လာနေသော အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် အဖွဲ့အစည်းတခု ဖြစ်သည့် Freedom House အဖွဲ့က အဆိုပါ အကြောင်းအရာများကို အစီရင်ခံတစောင်အဖြစ် ယမန်နေ့ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ သတင်း၊ ဆက်သွယ်ရေးနှင့် နည်းပညာအခန်းကဏ္ဍသည် လွန်ခဲ့သည့် သုံးနှစ် မှစ၍ တိုးတက်ခဲ့သော်လည်း အာဏာပိုင်များသည် ပြည်ပသတင်းဌာနများနှင့် ဆက်သွယ်သူများ၊ အစိုးရဆန့်ကျင်သူများကို အဓိက ပစ်မှတ်ထားခဲ့ကြောင်း၊ ဆိုက်ဘာ တိုက်ခိုက်မှုများ၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့် အင်တာနက်မှ လှုပ်ရှားမှုများကို အစိုးရက ထိန်းချုပ်ထားသဖြင့် အင်တာနက်လွတ်လပ်မှုကို ထိခိုက်နေကြောင်း အစီရင်ခံစာက ဆိုသည်။

Freedom House ၏ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ မစ္စတာ ဒေးဗစ် ဂျေ ခရေမာ က ဒီမိုကရက်တစ် အစိုးရမဟုတ်သည့် နိုင်ငံများတွင် အစိုးရများသည် အင်တာနက် အွန်လိုင်းမှတဆင့် နိုင်ငံသားတို့၏ ထုတ်ဖော်ပြောဆိုခွင့်ကို ရည်ရွယ် ချက်ရှိရှိဖြင့် ထိန်းချုပ် နှောင့်ယှက်မှု ပိုများသည်ဟု ပြောသည်။

Freedom House သည် အကျိုးအမြတ်မရည်ရွယ်သည့် အဖွဲ့အစည်းဖြစ်ပြီး ၁၉၄၁ ခုနှစ် တွင် စတင် တည်ထောင်ခဲ့ပြီး ကမ္ဘာတဝန်းရှိ နိုင်ငံများ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီ နှင့် နိုင်ငံရေးလှုပ်ရှားမှုများကို သုတသန ပြုလုပ်ကာ နှစ်စဉ်နှစ်တိုင်း အစီရင်ခံစာ ထုတ်ပြန် နေသည်။

မြန်မာနိုင်ငံတွင် အဓိက အင်တာနက် ဆာဗာ နှစ်ခုရှိပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့တို့ ဖြစ်ကြောင်း၊ စစ်အစိုးရက တနိုင်ငံလုံးရှိ အင်တာနက်လိုင်းများကို ထိန်းချုပ်ထားပြီး ပိတ်ချခြင်း၊ နှေးကွေးစေခြင်း တို့ကို အချိန်မရွေးပြုလုပ်နိုင်ကြောင်း Freedom House ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းအဖွဲ့အစည်း၏ မှတ်တမ်းများအရ ၂၀၁၀ ခုနှစ်အထိ မြန်မာနိုင်ငံတွင် လူဦးရေ ၅၃.၄ သန်းရှိသည့် အနက် အင်တာနက် သုံးစွဲနိုင်သူများမှာ ၁ ရာခိုင်နှုန်းသာရှိပြီး တရားဝင် မှတ်ပုံတင်ထားသည့် အင်တာနက်ဆိုင် များမှာ ၅၂၀ သာရှိကြောင်း၊ အင်တာနက် ဆိုင်များမှာလည်း မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများတွင်သာ တည်ရှိကြောင်း၊ မြန်မာနိုင် ဘလော့ဂ် ၁ သောင်းကျော်ရှိပြီး မြန်မာ ဘလော့ဂါများ၏ ၅၂ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံတွင်းမှ ဖြစ်ပြီး ကျန် ၄၈ ရာခိုင်နှုန်းမှာ ပြည်ပနိုင်ငံများမှ ဖြစ်ကြောင်း သိရှိရသည်။

ရတနာပုံ တယ်လီပို့သည် ပြည်ပသတင်းဌာနများ၏ ဝက်ဘ်ဆိုဒ်များ၊ ဘလော့ဂ်များ၊ နိုင်ငံခြား သတင်းစာများ၏ ဝက်ဘ်ဆိုဒ်များနှင့် ရုပ်သံလိုင်းများ၊ လူ့အခွင့်အရေးအဖွဲ့ အစည်းများ၏ ဝက်ဘ်ဆိုဒ်များကို ကြည့်ရှု၍ မရနိုင်စေရန် ပိတ်ဆို့ထားသည်ဟုလည်း အစီရင်ခံစာတွင်ပါရှိသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် သတင်း၊ ဓာတ်ပုံနှင့် အချက်အလက်များ အင်တာနက်မှတဆင့် နိုင်ငံတကာသို့ ပေါက်ကြားပြီး နောက်ပိုင်းတွင် အင်တာနက် သုံးစွဲမှုများကို အာဏာပိုင်များက ပို၍ ထိန်းချုပ်လာခဲ့သည်။

Ref;Irrawaddy

0 comments:

အပေါ်သို့