Thursday, October 6, 2011

ပိတ်ဆို့မှု ရုပ်သိမ်းရေး မြန်မာအစိုးရ ထပ်ကြိုးစားပြရန်လို

05 October 2011

မြန်မာအစိုးရသစ်တက်လာပြီးနောက် အပြုသဘောဆောင် လုပ်ဆောင်မှုများရှိသော်လည်း အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ဖယ်ရှား ရန်အတွက်မှု ထပ်မံလုပ်ဆောင်ပြရန် လိုအပ်သေးကြောင်း အမေရိကန်အစိုးရက ပြောဆိုလိုက်သည်။

“မြန်မာပြည်မှာ တိုးတက်ပြောင်းလဲလာမှုတချို့ကို တွေ့မြင်ရပါတယ်။ ဒါပေမယ့် ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ကျမတို့ ထင်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရအမျိုးသမီး ဗစ်တိုးရီးယား နုလန်းက ယမန်နေ့ ပုံမန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။


အမေရိကန်နိုင်ငံ နယူးယောက်မြို့နှင့် ဝါရှင်တန်မြို့များသို့ လာရောက်ခဲ့သည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏ မောင်လွင်နှင့် အမေရိကန်တာဝန်ရှိသူများ နှစ်ကြိမ်ဆွေးနွေး ခဲ့ခြင်းကို ရည်ညွှန်း၍ ဗစ်တိုးရီးယား နုလန်းက သမ္မတ အိုဘားမား အစိုးရအနေဖြင့် မြန်မာအစိုးရနှင့် ဆွေးနွေး မှုများ ဆက်လုပ်နေဆဲဖြစ်သည်ဟုလည်း ပြောဆိုသွားသည်။

ယင်းဆွေးနွေးမှုများအတွင်း မြန်မာဘက်မှ တာဝန်ရှိသူ များက မြန်မာနိုင်ငံအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူ မှုများကို ရုပ်သိမ်း ပေးရန် ပြောဆိုတိုက်တွန်းခဲ့သည်။

ဦးဝဏ္ဏမောင်လွင်ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၁၆ မှ အောက်တိုဘာ ၃ ရက်နေ့အထိ အမေရိကန် သို့ သွားရောက်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ် တို့နှင့် တွေ့ဆုံခဲ့သည်။

မကြာသေးမီက အမေရိကန်ဆီးနိတ်လွှတ်တော်၌ အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ်က မိန့်ခွန်းပြောရာတွင် မြန်မာ နိုင်ငံ၏ ပြုပြင်ပြောင်းလဲလာမှုများက ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းချိန်သို့ ရောက်ရှိလာစေလိမ့်မည်ဟု မျှော်လင့်ရကြောင်း ပြောဆို ခဲ့သည်။

“မြန်မာအစိုးရအပေါ် ပိတ်ဆိုအရေးယူမှု မလိုအပ်တဲ့အချိန်ကို မကြာခင်ရောက်လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ၁၉၉၀ ဝန်းကျင်အစောပိုင်းတုန်း တောင်အာဖရိကနိုင်ငံ ဥပမာလိုမျိုးပေါ့။ မြန်မာပြည်သူတွေဟာ အစိုးရထိမ်းချုပ်မှုအောက်ကနေ လွတ် လပ်အောင် လုပ်လာနိုင်ပါလိမ့်မယ်” ဟု မစ္စတာ မစ်ခ်ျ မက်ကော်နယ်က ဆိုသည်။

၁၉၉၀ တွင် တောင်အာဖရိက အစိုးရသည် အာဖရိကအမျိုးသားကွန်ဂရက်နှင့် တခြား နိုင်ငံရေအဖွဲ့အစည်းများအား ပိတ်ပင်ထား မှုကို ပယ်ဖျက်လိုက်သည်။ ထောင် ၂၇ နှစ်ချထားသော မစ္စတာ နယ်လ်ဆင် မင်ဒဲလားကို ပြန်လွှတ်ပေးလိုက်ပြီး တွေ့ဆုံညှိနှိုင်း ရေးကို အကောင်အထည် ဖော်ခဲ့သည်။ အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်သည့် ဥပဒေပြဌာန်းခြင်း၊ နျူစွမ်းအင်ဆိုင်ရာ လက်နက် များကို ဖျက်ဆီးပစ်ပြီး နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်ကို လက်မှတ်ထိုးခြင်းများ ပြုလုပ်ခဲ့သည်။ ၁၉၉၄ တွင် ပထမဆုံး တပြည်လုံးဆိုင်ရာ ရွေးကောက်ပွဲကို ကျင်းပပြီး အာဖရိက အမျိုးသားကွန်ဂရက်က အနိုင်ရခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် အမေရိကန်၌ ခိုလှုံခွင့် တောင်းခံခဲ့သော အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယ အကြီးအကဲ ဦးကျော်ဝင်းက နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့သောစာကို ကိုးကား၍ မစ္စတာ မက်ခ်ျ ကော်နယ်က အဆိုပါစာထဲတွင် မြန်မာ အာဏာရှင်များက ပြည်သူလူထုကို ထိန်းချုပ်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်းနှင့် အမေရိကန် အကျိုးစီးပွားအတွက် မလိုလား အပ် သော နိုင်ငံခြားရေးမူဝါဒများကို ဖော်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်ဟု ပြောသည်။

“မြန်မာအစိုးရရဲ့ တရားဝင်မှုကို ပိတ်ဆို့အရေးယူမှု ဆက်လုပ်ထားခြင်းအားဖြင့် ဆက်လက်ငြင်းပယ်ထားရပါမယ်။ မြန်မာပြည်သူ တွေအတွက် စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိလာတဲ့အထိ ပိတ်ဆို့အရေးယူမှုကို ဆက်ထားရပါမယ်” ဟု မစ္စတာ မက်ခ်ျ မက်ကော်နယ် က ဆိုသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့