Wednesday, October 5, 2011

မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်ထားမှု CPI ဥက္ကဋ္ဌနှင့် အင်တာဗျူး (၁)

Wednesday, October 05, 2011

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မြစ်ဆုံဆည် စီမံကိန်းကို သူ့အစိုးရသက်တမ်း ၅ နှစ်တာ ကာလအတွင်း ဆိုင်းငံ့မယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က လွှတ်တော်မှာ မကြေညာမီ မိမိတို့ ကုမ္ပဏီအား တစုံတရာ အကြောင်းကြားခြင်း လုံးဝ မပြုလုပ်ခဲ့လို့ အင်မတန် အံ့အား သင့်ခဲ့ရကြောင်း China Power Investment Corporation (CPI) ဥက္ကဋ္ဌ မစ္စတာ လူကျိရို (Lu Qizhou) က တရုတ်နိုင်ငံပိုင် China Daily သတင်းစာကြီးကို မနေ့က ပြောကြား လိုက်ပါတယ်။ CPI ဟာ မြစ်ဆုံစီမံကိန်းမှာ ဒေါ်လာ သန်းထောင်ချီ ရင်းနှီး မြုပ်နှံထားတဲ့ တရုတ် အစိုးရပိုင် ကုမ္ပဏီ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်က CPI နဲ့ မြန်မာအစိုးရရဲ့ လျှပ်စစ်ဝန်ကြီးဌာန အမှတ် (၁)၊ အေးရှားဝေါလ် ကုမ္ပဏီတို့ စာချုပ် ချုပ်ဆိုပြီး အမေရိကန်ဒေါ်လာ သန်း ၃၆၀၀ ကုန်ကျမယ့် မြစ်ဆုံ စီမံကိန်း အပါအဝင် မေခ မလိခ မြစ်ပေါ်ရှိ ရေအားလျှပ်စစ်ဆည် ၇ ခု အတွက် ရင်းနှီးမြုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀ လောက်ရှိပါတယ်။

ဒီစီမံကိန်းတွေအတွက် ငွေအလုံးအရင်း မြှုပ်နှံထားတာကြောင့် စီမံကိန်းကို ဆက်လက်ပြီး သတ်မှတ် ကာလ အတိုင်း ဆက်လက် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း၊ စီမံကိန်းကို ရပ်တန့်လိုက်ပါက “တရုတ်ပြည်နဲ့ မြန်မာပြည်” နှစ်နိုင်ငံလုံး မဖော်ပြနိုင်လောက်အောင် ဆုံးရူံးမှုများ ကြုံတွေ့ရမှာဖြစ်ကြောင်း၊ မြန်မာ အစိုးရဖက်က စီမံကိန်းအတွက် ချေးငွေ သဘော တူညီချက်များအရ ပိုက်ဆံများလည်း ရယူ ထားပြီးဖြစ်ကြောင်း၊ ဒါ့ကြောင့် ယခုလို ရပ်တန့်လိုက်ခြင်းအတွက် မြန်မာဘက်မှ ဥပဒေကြောင်းအရ ပြဿနာများ ရင်ဆိုင် ရနိုင်ကြောင်း မစ္စတာ လူကျိရိုက ပြောထားပါတယ်။

အင်တာဗျူးက နည်းနည်းရှည်တဲ့အတွက် နှစ်ပိုင်းခွဲပြီး တင်ပြပါမယ်။ အခု တပိုင်းကို ကိုဘကောင်းက ဘာသာ ပြန်ပေးထားပါတယ်။


CPI ဥက္ကဋ္ဌ လူကျိရှို

မေး။ မြန်မာအစိုးရက ဆောက်နေဆဲ မြစ်ဆုံစီမံကိန်းကို ရပ်လိုက်တယ်လို့ သိရပါတယ်။ ဘယ်လိုကနေ ဘယ်လို ဖြစ်သွားတာ ပါလဲ ဆိုတာ ရှင်းပြပေးပါလား။

ဖြေ။ ကျနော်လည်း မီဒီယာတွေကတဆင့် ကြားတာပါပဲ။ ကြားလိုက်တော့ လုံးဝအံ့သြသွားတယ်။ ဒီလို "ဆိုင်းငံ့" တယ်လို့ မကြေညာခင် မြန်မာဘက်က ကျုပ်တို့ကို ဘာဆိုဘာမှ အကြောင်းကြားတာ မဟုတ်ဘူး။ ကျနော်တို့ CPI ရယ် မြန်မာအစိုးရရဲ့ လျှပ်စစ်ဝန်ကြီးဌာန အမှတ် (၁) ရယ်၊ မြန်မာကုမ္ပဏီ အေးရှားဝေါလ်ရယ် ၂၀၀၆ ဒီဇင်ဘာထဲက သဘောတူညီမှု သဝဏ်လွှာ ထိုးထားတာပါ။ ဒီလိုထိုးထားတဲ့ အချိန်ကစပြီး CPI ဟာ နှစ်ဦးနှစ်ဖက် အပြန်အလှန်လေးစားတဲ့မူ၊ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားယှဉ်ပြီး လုပ်ကိုင်တဲ့မူ၊ သူ့ရောကိုယ်ပါ အကျိုးရလဒ် ထွက်စေမယ့် မူဝါဒသဘောထားတွေကို အစဉ်တစိုက်ကျင့်သုံးခဲ့တာပါ။

မြန်မာနဲ့ ပူးတွဲလုပ်ကိုင်တာမို့ တရုတ်-မြန်မာနိုင်ငံ နှစ်နိုင်ငံလုံးရဲ့ ဥပဒေတွေ စည်းမျည်း စည်းကမ်း တွေကို တသွေမတိမ်းလိုက်နာခဲ့တာပါ။ ကျနော်တို့ တာဝန်ရှိတဲ့ကိစ္စမှန်သမျှ ဖြည့်ဆည်းခဲ့တာပဲ။ နိုင်ငံတကာ စံချိန်နဲ့ ကိုက်ညီတဲ့ လုပ်ငန်းပိုင်ဆိုင်ရာ Build-operate-transfer (BOT) အတိုင်း လုပ်ခဲ့တာပဲ။ မြန်မာနဲ့ တရုတ် အစိုးရနှစ်ဖက် မြန်မာပြည်မှာရှိတဲ့ ရေစွမ်းအင် အရင်းအမြစ်တွေကို ပူးတွဲ ဖော်ဆောင် လုပ်ကိုင်ရန်ဆိုပြီး ၂၀၀၉ မတ်လက မူဘောင် ချမှတ် လက်မှတ်ထိုးပြီးတော့ ဒီဧရာဝတီမြစ် အထက်ဖက် ရေအားလျှပ်စစ် စီမံကိန်းကို CPI က လုပ်ဆောင်ဖို့ အတိအလင်း ဖော်ပြထားတာပဲ။

နောက်ပြီးကျနော်တို့က ဒိတ်ဒိတ်ကြဲ ရေအားလျှပ်စစ်စွမ်းအင်ဆိုင်ရာ ဒီဇိုင်းဆွဲတဲ့ တက္ကသိုလ်တွေ၊ သုတေသန ဌာနတွေ၊ အကြံပေး အဖွဲ့အစည်းတွေ၊ တရုတ်ပြည်က ဂုဏ်သိက္ခာရှိ ပညာရှင်တွေကို (ဒီမြစ်ဆုံအပါအဝင်) ဧရာဝတီမြစ် အထက်ဖက် ရေအားလျှပ် စစ်စီမံကိန်းကို အကောင်အထည် ဖော်ဖို့ အစီအစဉ် ဆွဲတာရော၊ ဒီဇိုင်းရော၊ အသေးစိတ် လေ့လာမှုအတွက်ရော၊ စီမံ ကွပ်ကဲဖို့ အတွက်ရော ခေါ်ယူခဲ့တာပဲ။ Changjiang Institute of Survey, Planning, Design and Research ဆိုရင် ဒီစီမံကိန်း အစီအစဉ်ချဖို့ အတွက်ရော ဒီမြစ်ဆုံ ဆည်စီမံကိန်း ဒီဇိုင်းဆွဲဖို့ အတွက်ရော တာဝန်ယူ လုပ်ဆောင်ခဲ့တာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဌာနဟာ တရုတ်ပြည်က Three Gorges ဆည်ကြီးကို ဒီဇိုင်း ချပေးခဲ့တာမို့ပါ။

နောက် ကျနော်တို့ မြစ်ဆုံစီမံကိန်းကို လုပ်ပြီဆိုတော့လည်း မြန်မာအစိုးရ လျှပ်စစ် ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ပညာရှင်တွေ၊ ကျွမ်းကျင်တဲ့ အဖွဲ့အစည်းတွေက ဝိုင်းဝန်းပြီး နည်းပညာ ဆိုင်ရာမှတ်တမ်းတွေ၊ လေ့လာမှုတွေ အတူတကွ ဆွေးနွေးသုံးသပ်ခဲ့တယ်။ ဒါကြောင့် ဆည်ဆောက်လုပ်ဖို့ ထောက်ခံတဲ့ မှတ်တမ်း မှတ်ရာတွေအပြင် ဒါနဲ့ဆက်စပ်တဲ့ ဥပဒေဆိုင်ရာ အထောက်အထားစာရွက်တွေ နှစ်ဦးနှစ်ဖက် ဖက်စပ်လုပ်ဆောင်မယ့် လက်မှတ်ထိုးထားတဲ့ သက်သေ စာတမ်းတွေ၊ စီးပွားရေးလိုင်စင်တွေ၊ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက်တွေ၊ လုပ်ကိုင်ခွင့်တွေ၊ ဥပဒေပိုင်းဆိုင်ရာ တရားသူကြီးရဲ့အမြင်တွေ ဒါတွေအားလုံး မြန်မာနိုင်ငံရဲ့ နည်းဥပဒေသတွေနဲ့ တသွေမတိမ်း ကိုက်ညီအောင် လုပ်ခဲ့တာပါ။ ဒီနှစ် ဖေဖော်ဝါရီလကတင် အခုသမ္မတဖြစ်နေတဲ့ ဦးသိန်းစိန်ဟာ ယခင်အစိုးရရဲ့ ဝန်ကြီးချုပ်အဖြစ်နဲ့ ဆည်ဆောက်တဲ့ နေရာကို လာပြီး ဒီစီမံကိန်းကြီးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ ကျနော်တို့ကို လာပြောသွားသေးတာ။ အခု ဒီစီမံကိန်းကြီးကို ဗြုန်းဆို ဆိုင်းငံ့လိုက်ပြီ ဆိုတာကတော့ တကယ် နားမလည်နိုင်စရာဘဲ။ ဆိုင်းငံ့တယ်ဆိုတဲ့သဘောက ဆောက်နေတာတွေ ရပ်လိုက်ပြီလို့ဆိုတဲ့ အဓိပ္ပါယ်ထွက်ရင်တော့ ဒါဟာ ဥပဒေပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေတော့မှာပဲ။

မေး ။ CPI က ဘယ်လိုကနေဘယ်လို ဒီမြစ်ဆုံဆည်စီမံကိန်းမှာ သွားလုပ်ကိုင် ဖြစ်တာလဲ။ အခု ဆည် ဆောက်လုပ် နေတဲ့ အခြေအနေကရော၊ နောက်ပြီး တကယ်လို့ ရပ်ဆိုင်းလိုက်ပြီ ဆိုရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာမလဲ။

ဖြေ ။ ရေအားလျှပ်စစ်ဆိုတာဗျာ မျက်မှောက်ခေတ်မှာဆိုရင် နည်းပညာအရရော သိပ်ကို အဆင်ပြေပြီး စီးပွားရေး တွက်ချေကိုက်မှု အရပါ သိပ်ကိုအသုံးဝင်တဲ့ စွမ်းအင်ပါ။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဆိုရင် ရေအားလျှပ်စစ်ကို ဖော်ထုတ် အသုံးချမှုက ၆၀ % အထက်၊ အမေရိကနိုင်ငံ ဆိုရင် ၇၂ %၊ ဂျပန်မှာဆိုရင် ၆၇%၊ ပြင်သစ်မှာဆိုရင် ၉၀ %၊ အီတလီမှာ ၉၅ %၊ နော်ဝေ မှာဆိုရင် ၆၀ % အထက်မှာ ရှိနေတာပါ။ အခုကျနော်တို့ တရုတ်ပြည်မှာဆိုရင် ရေအားလျှပ်စစ် ထုတ်လုပ်မှုနှုန်းက ၅၀ % ရှိပြီ။ ၂၀၂၀ မှာဆိုရင် ၇၅ % အထက်ရောက်ဖို့ ရှိတယ်။

မြန်မာပြည်ရဲ့ စုစုပေါင်း ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ အရင်းအမြစ်ပမာဏက ၁၀၀ ဂစ်ဂါဝပ်လောက် ရှိတော့ ဒီနိုင်ငံဟာ ကမ္ဘာမှာဆိုရင် ရေအား အရင်းအမြစ် အင်မတန် ပေါကြွယ်ဝတဲ့ ရှားရှားပါးပါး နိုင်ငံတနိုင်ငံပါပဲ၊ ဒါပေမယ့် အခုဒီနိုင်ငံမှာ ရေအားလျှပ်စစ် ထုတ်လုပ် အသုံးချမှုက ၂. ၄၅ % လောက်ပဲရှိတော့ သူရှိတဲ့ ရေအား အရင်းအမြစ်နဲ့ နှိုင်းယှဉ်မယ်ဆို အဆမတန် နည်းနေတာပဲ။ ထုတ်သုံးလို့ရမယ့် အရင်းအမြစ်က အများကြီးကို ပိုလျှံနေတယ်။ အထူးသဖြင့် အခုကျုပ်တို့ လုပ်တဲ့ ဧရာဝတီမြစ် အထက်ဘက် ရေအားလျှပ်စစ် စီမံကိန်းဆိုရင် တရုတ်-မြန်မာ နယ်စပ်နဲ့လည်း နီးတယ်။ နောက်ပြီး ရလာတဲ့ လျှပ်စစ်က မြန်မာပြည် စက်မှုဖွံ့ဖြိုးရေး အတွက် အထောက်အကူ ပြုရုံတင်မကဘူး၊ တရုတ်ပြည် အတွက်လည်း သဘာဝကို မထိခိုက်တဲ့ စွမ်းအင်ကိုလည်း ရရှိနိုင်တယ်။ ဒါတွေအပေါ် တွက်ဆပြီး သူရောကိုယ်ရော နှစ်ဦးနှစ်ဖက် အကျိုးဖြစ်စေမယ့် ဒီစီမံကိန်းကြီးမှာ ရင်းနှီး လုပ်ဆောင်ဖို့ ဆုံးဖြတ် ခဲ့တာပဲဖြစ်တယ်။


အခုအားလုံး ပူပန်နေတဲ့ မြစ်ဆုံစီမံကိန်းက ဧရာဝတီမြစ်ဝှမ်းမှာ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းပဲ။ ဒါကို ကျနော်တို့ ၂၀၀၉ ဒီဇင်ဘာမှာ စဆောက်တယ်။ မြစ်ဆုံ ဒေသမှာရှိတဲ့ ဒေသခံတွေ ကိုလည်း နေရာ ရွှေ့ပြောင်းတာ ပြီးသွားပါပြီ။ ဆည်ဆောက်ဖို့ အတွက် ပြင်ဆင်တဲ့ လုပ်ငန်းတွေ (ဆည်အတွက် လမ်းတွေ၊ ရေ၊ မီး၊ ဆက်သွယ်ရေး၊ လုပ်ငန်းခွင်အတွက် မြေတွေညှိတာတွေ) အားလုံး အရှိန်အဟုန် အပြည့်နဲ့ စခဲ့ပြီးနေပြီ။ လုပ်ငန်းခွင် အတွက်လိုအပ်တဲ့ ရေသန့်စင်တဲ့ စက်ရုံတွေ၊ လောင်စာဆီ သိုလှောင်ရေးရုံတွေ တော်တော်တောင် ပြီးစီးနေပါပြီ။ ဆောက်လုပ်မယ့် ဆည်အောက်ပိုင်းက ဧရာဝတီမြစ်ကူးတံတား တခုဆိုရင် ဆောက်နေဆဲ တန်းလန်းပါ၊ နောက်ပြီး ဆည်အတွက် ရေထွက်ပေါက် အဓိကလမ်းတွေ၊ ရေလွှဲစနစ်တွေ ဆိုရင်လည်း စတောင်စပြီး နေပါပြီ။

ဆည်အကောင်အထည်စဖော်တဲ့ ကာလကနေပြီး ငွေတွေလည်း အမြောက်အမြား ရင်းနှီး မြုပ်နှံ ထားတာပါ။ ဆိုတော့ ဒါကြီးကို ဆိုင်းငံ့လိုက်ပြီဆိုရင် ဆုံးရူံးမှုက တိုက်ရိုက် ရင်းနှီး မြုပ်နှံထားတာတွေ၊ ငွေကြေး အသုံးစရိတ်တွေထက် မက ပိုပါတယ်။ ဒီစီမံကိန်းကို ကန်ထရိုက် ယူထားတဲ့ သူတွေကလည်း စီမံကိန်း ပျက်သွားတဲ့အတွက် ငွေကြေး တောင်းခံမှုတွေ၊ သတ်မှတ်ထားတဲ့ လျှပ်စစ် မထုတ်လုပ် နိုင်တော့မှာတွေ၊ ဒီမြစ်ဆုံဆည်နဲ့ အတူ ဆောက်တဲ့ တခြားဆည်တွေ အတွက် ရင်းနှီးမြုပ်နှံမှုတွေ အဆမတန် တက်လာမယ် အစရှိသဖြင့် ပြဿနာတွေ အများကြီး ရင်ဆိုင်ရမယ်။ ဒါကြောင့် ဆည် ၇ ခုပါဝင်တဲ့ ဒီဧရာဝတီ ရေအားလျှပ်စစ် စီမံကိန်းကြီးဟာ အချိန်မီ ပြီးစီးတော့မှာ မဟုတ်ဘူး။ အကျိုးဆက် အနေနဲ့ တရုတ်ရော မြန်မာရော နှစ်နိုင်ငံလုံး တိုင်းတာလို့ မရနိုင်တဲ့ ဆုံးရှုံးမှုကြီးတွေ ရင်ဆိုင် ရတော့မယ်။ ဒီနှစ်ဆန်းပိုင်းက နှစ်နိုင်ငံ သဘောတူညီချက် ရပြီး ဟိုဘက်ဒီဘက် သက်ဆိုင်ရာ ဘဏ်တွေက တရုတ်ယွမ်ငွေနဲ့ ငွေချေးစာချုပ် သဘောတူညီချက် လုပ်ခဲ့တယ်။ မြန်မာဘက်က ဒီငွေတွေပြန်ဆပ်ဖို့ အာမခံတဲ့ သဘောနဲ့ မြန်မာ အစိုးရဘက်က မြစ်ဆုံ ဆည်မံကိန်းမှာ သူတို့လည်း ရှယ်ယာ ဝင်ထည့်တယ်။

နောက်ပြီး ဒီချေးငွေစာချုပ်အရ ငွေတွေပြန်ဆပ်ဖို့ အဓိက အရင်းအမြစ် အနေနဲ့ မြန်မာဘက်က ဒီဆည်ကနေ ရမယ့် ငွေကြေး အကျိုးအမြတ်တွေကို ကြိုယူ ထားတာလည်းရှိတယ်။ ဆိုတော့ ဒီမြစ်ဆုံဆည် စီမံကိန်းကြီးသာ ဆိုင်းငံ့လိုက်ပြီဆိုရင် ပထမ လုပ်ထားတဲ့ ငွေကြးစာချုပ် သဘောတူညီချက်တိုင်း ပိုက်ဆံတွေ မြန်မာဘက်က ပြန်ပေးနိုင်ဖို့ အကြီးအကျယ် အခက်တွေ့မှာပါ။

ကျနော့်အမြင်တော့ ဒီဆည်ဆောက်ဖို့အတွက် နှစ်နိုင်ငံလုံးက လုံလောက်တဲ့ သိပ္ပံဆိုင်ရာ လေ့လာမှုတွေကို သက်သေ ပြနိုင်လောက်အောင် ပြည့်ပြည့်ဝဝ လေ့လာခဲ့ပြီးတဲ့အတွက် နှစ်နိုင်ငံလုံးရဲ့ ဥပဒေပိုင်း ဆိုင်ရာတွေ သေချာကျကျနန လုပ်ဆောင်ထားတဲ့အတွက် ဒီမြစ်ဆုံဆည်မံကိန်းကြီးဟာ သမိုင်းရဲ့ အစမ်းအသပ်ကို သေချာပေါက် ခံနိုင်မယ်လို့ ပြောချင်ပါတယ်။ နှစ်ဦးနှစ်ဘက် မဆုတ်မနစ် အားထုတ်ကြမယ် ဆိုရင်တော့ ဒီစီမံကိန်းကြီး လျာထားတဲ့ ကာလအတိုင်း ချောချောမွေ့မွေ့ အောင်အောင်မြင်မြင် ဆက်လက် လုပ်ကိုင်သွားနိုင်မယ်။ နှစ်ဦးနှစ်ဘက် အကျိုးရှိပြီး သူရောကိုရော အကျိုးရှိတဲ့ ရလဒ် (win-win result) တွေ စစ်စစ်မှန်မှန် ပေါ်ထွက်လာမယ်လို့ ကျနော် အခိုင်အမာမျှော်လင့်ပါတယ်။

မေး ။ ဒီမြစ်ဆုံစီမံကိန်းဟာ တရုတ်နိုင်ငံအတွက်ပဲ စီးပွားရေးအကျိုးအမြတ် ရလိမ့်မယ် ဆိုပြီး တချို့ ရေးတာတွေလည်း တွေ့ရတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ ။ ဒီအမြင်ဟာ တက်တက်စက် လွဲတဲ့အမြင်ပါ။ ဒီလိုမှားတဲ့အမြင်ကို ဆုပ်ကိုင်ထားတဲ့ သူတွေက ဖြစ်နေတဲ့ အခြေအနေကို နားမလည်သူတွေ ရှိသလို တချို့တွေကလည်း တမင် စေတနာဆိုးတွေ၊ မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြောဆို နေကြသူတွေလည်း ရှိပါတယ်။ ဆည်အတွက် အခြေခံ အဆောက်အအုံတွေ အကောင်အထည် ဖော်ရာမှာ Build-operate-transfer ကို အကောင်အထည်ဖော်တာ နိုင်ငံတကာမှာ ထုံးစံပါ။ ဒီ အခြေခံအရ ဧရာဝတီမြစ်ညာ အထက်ပိုင်း ရေအားလျှပ်စစ် စီမံကိန်း ပြီးစီးတာနဲ့ တပြိုင်နက် CPI ဟာ ဒီစီမံကိန်း နှစ် ၅၀ တိုင် လည်ပတ်အောင် ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ နှစ် ၅၀ ပြည့်တာနဲ့ ဒီစီမံကိန်းကို မြန်မာထံ အခမဲ့ လွှဲပေးမှာဖြစ်ပါတယ်။ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပြီးတော့ သော်လည်းကောင်း ဧရာဝတီမြစ်ညာ အထက်ပိုင်း ရေအားလျှပ်စစ် စီမံကိန်းဟာ မြန်မာပြည်ရဲ့ စီးပွားရေး အရှိန်အဟုန် တိုးတက်ဖို့ သိသိသာသာ အထောက်အကူပြုပြီး မြန်မာ့ လူ့အဖွဲ့အစည်းကိုလည်း အင်မတန် အထောက်အပံ့ဖြစ်မှာပါ။

ဒီဆည်စီမံကိန်းကြီး တခုလုံးပြီးလို့ တိုက်ရိုက်စီးပွားရေး အကျိုးအမြတ်အနေ ကတော့ မြန်မာပြည်ဟာ အခွန်က တဆင့် အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံ ရမှာတင်မကဘူး၊ လျှပ်စစ် အလကားရမယ်၊ ထွက်လာတဲ့ လျှပ်စစ် ရောင်းလို့ရတဲ့ ပိုက်ဆံတွေလည်း ခွဲဝေ ကြရဦးမယ်။ နှစ် ၅၀ အတွင်း CPI က မြုပ်နှံ လိုက်လို့ ရလာတဲ့ အကျိုးအမြတ်ထက် အဆမတန် မြန်မာဘက်က ရဦးမှာဖြစ်ပါတယ်။ အထူးသဖြင့် ဆည်ရဲ့ ဒီဇိုင်းသက်တမ်းက အနှစ် ၁၀၀ ကျော်ဆိုတော့ အနှစ် ၅၀ ပြည့်လို့ ဒီဆည်ကို လွှဲလိုက်ရင် မြန်မာဖက်က နောက်အနှစ် ၅၀ လောက် ဒီဆည်ကြီးကနေ အမေရိကန်ဘီလီယံ ဆယ်ဂဏန်းလောက် ရှိတဲ့ အကျိုးအမြတ်တွေ ရနေဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ တိုက်ရိုက် စီးပွားရေး အကျိုးအမြတ်ရော ဒီဆည်ကနေ မြန်မာဘက်က ရရှိဦးမှာပါ။ အမေရိကန် ဒေါ်လာ ဆိုတော့ နောင်မှာ ဒေါ်လာတန်ဖိုး ကျမသွားရင်ပေါ့ ဆိုတာတော့ နားလည်လောက်ပါတယ်။

နောက် တိုက်ရိုက်မဟုတ်တဲ့ အကျိုးအမြတ်တွေပြောရရင် ဒီအဆင့်မြင့်တဲ့၊ စွမ်းအင် အများကြီး ထုတ်နိုင်တဲ့ မြစ်ဆုံ ရေအားလျှပ်စစ်စက်ရုံက မြန်မာပြည်ရဲ့ လျှပ်စစ်ဓာတ်အား အဆောက်အအုံကို အလျင်အမြန် တိုးတက်အောင် လုပ်ပေးနိုင်ရုံတင် မကဘူး၊ လျှပ်စစ်ဓာတ်အား ဆောက်လုပ်ရေး၊ တပ်ဆင်ရေး၊ စီမံအုပ်ချုပ်ရေး ပညာရှင်တွေကို အမြောက်အများကို မွေးထုတ်ပေးနိုင်မှာပါ။ ဒါကြောင့် မြန်မာ့ လျှပ်စစ်ကဏ္ဍဟာ တရှိန်ထိုး အံ့မခန်း ခုန်ပျံ တိုးတက် သွားပါလိမ့်မယ်။ တနိုင်ငံလုံး စီးပွားရေးရေး ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ခိုင်မာတဲ့ လျှပ်စစ် စွမ်းအင်ကို ရရှိမှာဖြစ်ပါတယ်။

နောက်တခုက မြစ်ဆုံစီမံကိန်းပြီးရင် ဆည်အောက်ဘက်က ရေကြီးတဲ့အန္တရယ်ကိုလည်း သေသေချာချာ ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။ မြစ်ကမ်းပါး တလျှောက်မှာ နေထိုင်နေတဲ့ ဒေသခံတွေ ရေကြီးတဲ့အခါ ခံစားရတဲ့ အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးမှုကို လျော့ပါးအောင်လည်း လုပ်ပြီးသား ဖြစ်သွားမှာပါ။ မြစ်ကြီးနားမြို့မှာ ၅ နှစ်မှာ ၁ ကြိမ်လောက် ကြုံတွေ့နေရတဲ့ ရေကြီးတဲ့ဒဏ် ခံရတဲ့ အခြေအနေဟာ ဆည်ကြီးပြီးသွားရင် အနှစ် ၂၀ မှာ ၁ ခါ လောက်ပဲ ရေဘေးကို ခံရတဲ့ အခြေအနေကို ရောက်သွားမယ်။
နောက်ပြီး ကျနော်တို့က ဆည်နဲ့အတူ ၇၅၀ ကီလိုမီတာရှည်တဲ့ လမ်းကြီး တလမ်းရယ်၊ ရေ၊ မိုးလေဝသ၊ မြေငလျှင် အခြေအနေတွေ လေ့လာတဲ့ စခန်းတွေ ပေါ်ထွက်လာမယ်။ ဒီအဆောက်အအုံတွေဟာ ဒေသခံတွေ အတွက် မုချမသွေ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးပြီး စီးပွားရေး လုပ်ငန်းတွေ၊ အရင်းအနှီးတွေကို ဆွဲဆောင်နိုင်မှာမို့လို့ သူတို့ရဲ့ လူနေမှုဘဝကို မြှင့်တင်ပေးမှာပါ။

နောက်ထပ်ပြောချင်တာကတော့ ဆည်ဆောက်လုပ်ရေး အရှိန်မြင့်မြင့် အကောင်အထည် ဖော်တဲ့ အချိန်မှာ အလုပ်သမား ၄၀၀၀၀ လောက် လိုမှာမို့လို့ ဒေသခံတွေ အလုပ် ရကြဦးမှာ ဖြစ်ပါတယ်။ လောလောဆယ် မှာတော့ ဒီ (ဆည် ၇ ခုအပါအဝင်) ဆည်စီမံကိန်း ဆောက်လုပ်ရေးခွင်မှာ မြန်မာ အလုပ်သမား ၂၀၀၀ လောက် ရှိပြီး ၁၄၀၀ လောက်က မြစ်ဆုံ ဆည်ဆောက်လုပ်ရေးမှာ ဝင်လုပ် နေကြတာပါ။ သူတို့ ဒီလို ဝင်လုပ်တာရော ဒီဆည်လုပ်ငန်းမှာ လုပ်နေတဲ့ သူတွေအတွက် ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ပေးတာ ကနေ ဒေသခံတွေက အတော်ကို သူတို့ရဲ့ စီးပွားရေး အဆင့်အတန်း လူနေမှု အဆင့်အတန်းတွေ တိုးတက် သွားကြပါပြီ။

(ဆက်လက်ဖော်ပြပါမည်)


Ref: ဧရာဝတီဘလော့

0 comments:

အပေါ်သို့