Wednesday, October 5, 2011

ခဏကြီးမဟုတ်ပါဘူး၊ ခဏလေးပါ

လူထုစိန်ဝင်း
Saturday, 01 October 2011

ဦးသိန်းစိန်အစိုးရသစ် တာဝန်ယူချိန်ကစပြီး ထောက်ခံသလား၊ မထောက်ခံဘူးလား ဆိုတဲ့ မေးခွန်းက လူတိုင်းက မေးကြတယ်။ သတင်း မီဒီယာ သမားများကလည်း မေးကြတယ်။ အထူးသဖြင့် ပြည်ပ မီဒီယာတွေက ပိုမေးကြတယ်။

မူကိုင်စွဲသူဖြစ်လို့

ကိုယ်တိုင်က ဒီနယ်ပယ်သား ဖြစ်တဲ့အတွက် ကိုယ်ချင်း စာစိတ်နဲ့ မေးသမျှ ဖြေပါတယ်။ မူတစ်ခု အခိုင်အမာ ကိုင်စွဲ ရပ်တည်တဲ့ စာနယ်ဇင်းသမား တစ်ယောက် ဖြစ်တာကြောင့် ပိုပြီး သိချင်ကြတဲ့ သဘော ဖြစ်လိမ့်မယ် ယူဆတယ်။ ဘာစာရေးရေး ကိုင်စွဲထားတဲ့ မူအတိုင်းပဲ ရေးတယ်။ သတင်းသမားမို့ သတင်းရေးသလို 'လိုတိုရှင်း' ရေးတယ်။ စကားပြောတဲ့ အခါမှာလည်း ရှင်းရှင်းပြတ်ပြတ်ပဲ ပြောတယ်။ ဝေ့လည်ချောင်ပတ် ဘယ်တော့မှ မလုပ်ဘူး။ ဘယ်သူ့ မျက်နှာမှလည်း ကြည့်မနေဘူး။ နိုင်ငံရေး သမားတွေလို အလိမ္မာ ဖက်မပြောတတ်လို့ စိုးရိမ်တဲ့ စာဖတ် ပရိသတ်များကတောင် မကြာခဏလှမ်းပြီး သတိပေးကြတယ်။

ခေါင်းမာသူ

သတိပေးသူတွေကို ကျေးဇူးတင်ပေမယ့် မူနဲ့ပတ်သက်ရင်တော့ နည်းနည်းမှ အထိမခံဘူး။ ဒါကြောင့် လူအတော် များများက 'ခေါင်းမာသူ' လို့ သတ်မှတ်ကြတယ်။ တကယ်တော့ ခေါင်းမာတာ မဟုတ်ဘူး။ ရောယိမ်းလိုက် ဘသားယိမ်းလိုက် မလုပ်တာပါ။ အစိုးရက ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာ လိုက်ချိန်က စပြီး ဖြည်းဖြည်းချင်း လျော့ချ သွားတာပေါ့တို့ ၊ မရှိတာနဲ့ စာရင် ရှိတာက ကောင်းတာပေါ့တို့ ဆိုတဲ့ အသံတွေ ကျယ်လောင် လာခဲ့တယ်။ နောက်တော့ အားလုံး ယိမ်းဝင်ကကြတယ်။ အဲဒီအချိန်မှာ 'ယိမ်းကတဲ့ထဲ ၀င်မပါဘူး' ဆိုတဲ့ ခေါင်းစဉ်နဲ့ အတိအလင်း ရေးခဲ့တယ်။ တကယ်လည်း ဘာမှ မရေးခဲ့ဘူး။ ကိုယ့်မူ အတိုင်း ရပ်ခဲ့တယ်။

သတင်းသမားမူနဲ့ နိုင်ငံရေးသမားမူ

သတင်းသမားရဲ့မူက နိုင်ငံရေး သမားရဲ့ မူနဲ့ မတူဘူး။ နိုင်ငံရေး သမားရဲ့ မူဆိုတာက သူ့ပါတီက ချမှတ် ပေးတာဖြစ်တယ်။ ပါတီကို အမြဲ နာခံရတယ်။ ပါတီကဖြူရင် လိုက်ဖြူရပြီး ပါတီကမည်းရင် လိုက်မည်းရတယ်။ မလိုက်နာနိုင်ရင် ပါတီက ထွက်ပြီး အပြင်မှာ ကိုယ့်သဘောနဲ့ ကိုယ်လုပ်နိုင်တယ်။ ပါတီထဲမှာ ရှိနေသမျှ ပါတီကို နာခံရတယ်။ ဒါနိုင်ငံရေး ပါတီတိုင်း ချမှတ် ထားရမြဲ စည်းကမ်း ဖြစ်တယ်။ ဒီလိုစည်းကမ်း မျိုးမရှိရင် ပါတီပျက်မှာပဲ။ တစ်ယောက်တစ်မျိုး ထင်ရာတွေ လုပ်ကုန် ကြမှာပေါ့။

အတွင်းစိတ်က သတ်မှတ်တာ

သတင်းသမားမူဆိုတာက ပါတီ အဖွဲ့အစည်းတစ်ခုက ချမှတ်တာ မဟုတ်ဘူး။ ဘယ်ပြင်ပ ပုဂ္ဂိုလ်ကမှ ညွှန်ကြားတာလည်း မဟုတ်ဘူး။ သတင်းသမား ကိုယ်တိုင်ရဲ့ အတွင်း အဇ္ဈတ္တ စိတ်ကလေးက သတ်မှတ်တာဖြစ်တယ်။ အဲဒီ အဇ္ဈတ္တစိတ်ကလေး (Conscience) ကပဲ သူ့ကို တည်ဆောက် ပေးတယ်။ သူ့အတွက် အမှားအမှန် အကောင်းအဆိုးကို ညွှန်ပြပေးတယ်။ လောကလူသား မှန်သမျှ သူတို့ရဲ့ အဇ္ဈတ္တ စိတ်ကလေးက ဖန်တီး ပေးလိုက်တဲ့ အတိုင်း လိုက်ပါ လုပ်ဆောင် နေကြရတာ ဖြစ်တယ်။

ပြည်သူက ပြဋ္ဌာန်းပေးလိမ့်မယ်

သတင်းသမားဟာ သူ့အဇ္ဈတ္တ ကလွဲပြီး ဘယ်သူ့အမိန့်ကိုမှ မနာခံဘူး။ ဘယ်သူ့ ညွှန်ကြားချက်ကို မှလည်း စောင့်ဆိုင်း နေစရာ မလိုဘူး။ သူ့အတွင်းစိတ် ကလေးက ဖန်တီးပေးတဲ့မူကို ကိုင်စွဲပြီး လုပ်စရာရှိတာ လုပ်ရတယ်။ ဘယ်အချိန်မှာ ဘာလုပ်သင့်တယ် ဆိုတဲ့အချက်ကို သူ့ပြည်သူ လူထုက ပြဋ္ဌာန်း သတ်မှတ်လိမ့်မယ်။ သတင်းသမားဟာ သူ့အဇ္ဈတ္တနဲ့ သူ့ပြည်သူလူထုက လွဲပြီး ဘယ်သူ့ကိုမှ နာခံစရာ မလိုဘူး။ ဘယ်သူ့ မျက်နှာမှလည်း ထောက်စရာ မလိုဘူး။ ရေးစရာရှိရင် ရဲရဲရေးပြီး ပြောဖို့ လိုအပ်ရင် ပြတ်ပြတ်သားသား ပြောရမယ်။

ဘယ်အာဏာရှင်မှမကြိုက်

သိချင်လို့ မေးလာကြသူအားလုံးကို ရှင်းရှင်းပြတ်ပြတ်ပဲ ဖြေပါမယ်။ အာဏာရှင်စနစ် မှန်သမျှ တစ်ပါတီ အာဏာရှင် စနစ်ကိုလည်း မထောက်ခံဘူး။ စစ်အာဏာရှင် စနစ်ကိုလည်း မထောက်ခံဘူး။ ကလိတိတိ၊ ရိတိတိ မေးချင်သူတွေကိုလည်း ဒီကနေ အတိအလင်း ဖြေလိုက်ပါမယ်။ ကွန်မြူနစ် အာဏာရှင် စနစ်ကိုလည်း မကြိုက်ပါဘူး။ ဒါပေမဲ့ အောက်ခြေက ဆင်းရဲသား လူတန်းစားတွေ သွေးစုပ် မခံရအောင် အကာအကွယ် ပေးတဲ့ ကားလမတ်စ်ရဲ့ အတွေးအခေါ် အယူအဆ တွေကိုတော့ ဒီနေ့အထိ နှစ်နှစ်ကာကာ ယုံကြည်နေဆဲ ဖြစ်တယ်။

စောင့်ကြည့်ဆဲ

ကိုယ့်အဇ္ဈတ္တက ပြဋ္ဌာန်းပေးလိုက်တဲ့ မူအတိုင်း မြန်မာ့ဆိုရှယ်လစ် အစိုးရကို မထောက်ခံ ခဲ့သလို သူ့ကို ဆက်ခံတဲ့ အစိုးရ တွေကိုလည်း မထောက်ခံဘူး။ အမျိုးသား ညီလာခံနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မထောက်ခံဘူး ဆိုတာလည်း သတင်း မီဒီယာတွေက တစ်ဆင့် အတိအလင်း ပြောခဲ့တယ်။ ဦးသိန်းစိန် အစိုးရကိုလည်း မထောက်ခံသေးဘူး။ စောင့်ကြည့်ဆဲ အဆင့်ပဲ ရှိသေးတယ်။

ပထမဆုံးမိန့်ခွန်း

သမ္မတဖြစ်လာတဲ့ ဦးသိန်းစိန်က ပထမဆုံး ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ပြည်သူက ရွေးကောက် တင်မြှောက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒကို လေးစားရမယ်။ ပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီ စနစ်ကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ရအောင် အမြန်ဆုံး ဆောင်ရွက်မယ်။ ဒီမိုကရေစီ လိုလားသူ အားလုံးနဲ့လည်း ပူးပေါင်း ဆောင်ရွက်နိုင်အောင် လုပ်ဆောင်မယ်။ နိုင်ငံ တည်ဆောက်ရေးမှာ အရေးပါတဲ့ စတုတ္ထမဏ္ဍိုင် သတင်း မီဒီယာ လုပ်ငန်းများကို ဖွံ့ဖြိုး တိုးတက်အောင် ကူညီမယ်စတဲ့ စကားများကို ပြောသွားခဲ့တယ်။ ဒီစကားတွေဟာ အပေါင်းလက္ခဏာ ဆောင်တယ်လို့ ချက်ချင်း စိတ်ထဲမှာ မှတ်သားထား လိုက်တယ်။

ကြိုဆိုကြောင်းရေးခဲ့ပြောခဲ့

အဲဒီနောက် ဆက်တိုက်ဆိုသလို ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတယ်။ မတူတာတွေ အသာ ထားပြီး တူတာတွေ ပူးပေါင်း ဆောင်ရွက်ကြဖို့ သဘော တူခဲ့ကြတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ထုတ်ပြန်တယ်။ ပြည်ပ ရောက်သွားသူတွေ ပြန်လာနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ အတိအလင်း ကြေညာတယ်။ ဒါတင်မက ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင် သေးသူတွေနဲ့ပါ လက်တွဲ ဆောင်ရွက်နိုင်အောင် ညှိနှိုင်း ဆွေးနွေးဖို့ တံခါးဖွင့် ထားတယ်လို့ သမ္မတကိုယ်တိုင်က ပြောကြားခဲ့တယ်။ ကိုယ်တိုင်က အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်သေးသူ တွေထဲက တစ်ယောက် ဖြစ်လေတော့ ဒီစကားကို ကြိုဆိုတယ်။ ကြိုဆိုကြောင်း အတိအလင်း ရေးခဲ့ ပြောခဲ့တယ်။

တိုးတက်မှုလို့ ပြောနိုင်

အပေါင်းလက္ခဏာ ဆောင်ရုံမက တိုးတက်မှုလို့ပါ ပြောနိုင်တဲ့ အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တို့ရဲ့ တွေ့ဆုံမှုဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကြီးရှေ့မှာ ခေါင်းဆောင်နှစ်ဦး ယှဉ်တွဲ ရပ်နေတဲ့ပုံကို ရုပ်မြင်သံ ကြားမှာ ဖျတ်ကနဲ မြင်တွေ့ လိုက်ရတော့ ပြည်သူတွေ အားလုံး အံ့အားသင့်ပြီး ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြတယ်။ နောက်နေ့ မနက် ထွက်တဲ့ သတင်းစာတွေရော၊ ဂျာနယ်တွေပါ ၀ယ်မရတဲ့ အထိ ဖြစ်သွားတယ်။ ပြည်သူအားလုံး ၀မ်းသာ ကြိုဆိုကြတယ်။

အရှိကိုအရှိအတိုင်း

အဲဒီနောက်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ ဓာတ်ပုံတွေကို ဂျာနယ်တွေမှာ ဖော်ပြခွင့် ရလာတယ်။ ဦးဝင်းတင်ရဲ့ စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ် ထုတ်ဝေခွင့် ရလာလို့ လူတွေက အလုအယက် ၀ယ်ဖတ်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးတွေ ထည့်ခွင့်သာမက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးကို ဖော်ပြခွင့် ရလာတယ်။ ဒါတွေ အားလုံးဟာ လွန်ခဲ့တဲ့ ခြောက်လကျော် က အိပ်မက်တောင် မမက်နိုင်တဲ့ အရာတွေ ဖြစ်တယ်။ အပေါင်းလက္ခဏာ ဆောင်တာတွေချည်း ဖြစ်တယ်။ သတင်းသမား ဆိုတာ အရှိကိုအရှိ အတိုင်း တင်ပြရတယ်။ ဒါတွေဟာ လက်တွေ့ မြင်တွေ့ နေရတဲ့ အရှိတရားတွေ ဖြစ်ပြီး အကောင်းဘက်ကို ဦးတည် နေကြတယ်။

အနှုတ်လက္ခဏာဆောင်တာတွေ

အကောင်းဘက်ကို ဦးတည်နေတာဖြစ်တယ်။ အကောင်းဘက်ကို ရောက်သွားတာတော့ မဟုတ်သေးဘူး။ မဖယ်ရှား သေးတဲ့ အနှုတ် လက္ခဏာ ဆောင်တာတွေ ရှိနေသေးတယ်။ တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ ကိစ္စ၊ ၈၈ လူငယ် တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအ၀င် လူပေါင်းများစွာကို ပြန်မလွှတ် ပေးသေးတဲ့ ကိစ္စ၊ တောင်သူ လယ်သမားတွေရဲ့ စိုက်ပျိုး လယ်ယာမြေတွေကို အကြောင်း အမျိုးမျိုးနဲ့ သိမ်းယူကြတဲ့ ကိစ္စ၊ တိုင်းပြည်ရဲ့ အဖိုးတန် သယံဇာတတွေကို ပုံစံ အမျိုးမျိုးနဲ့ 'အေးဓားပြ' တိုက်ယူ နေတာတွေကို ကာကွယ် တားဆီး မလုပ်နိုင်သေးတဲ့ ကိစ္စ စတဲ့ ကိစ္စတွေ အတော်များများ ကျန်ရှိ နေသေးတယ်။

အကဲခတ်ဆဲ

ဒီကိစ္စတွေကို အမြန်ဆောင်ရွက်ဖို့ တိုက်တွန်း နှိုးဆော်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တို့ဟာ ဒီအရေး ကိစ္စတွေကို ဆွေးနွေး ညှိနှိုင်း နေကြတယ်လို့ ယူဆတယ်။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် အကဲခတ် နေကြပုံရတယ်။ အကဲ ခတ်ဖို့ လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း အနှစ် နှစ်ဆယ် လုံးလုံး ဆန့်ကျင်ဘက်မှာ ရှိနေတဲ့ သူတွေက ရုတ်တရက် ချက်ချင်းကြီး ပြောင်းလဲ လာတယ်ဆိုတာ သံသယ ဖြစ်မှာပဲ။ ဒါ သဘာဝ ကျတယ်ဆို တာကို တစ်ဖက်က နားလည် ပေးသင့်တယ်။ အလားတူပဲ သမ္မတ ဦးသိန်းစိန် အစိုးရဟာ အရပ်သား အစိုးရအဖြစ် အသွင်သဏ္ဌာန် ပြောင်းလာပေမယ့် သူတို့ရဲ့ မူလဇစ်မြစ်က နှစ်ပေါင်း ငါးဆယ်လုံးလုံး အုပ်ချုပ်လာခဲ့တဲ့ စစ်အစိုးရဆိုတာ သဘောပေါက် ထားကြရမယ်။

သံသယစိတ်နဲ့

ဦးသိန်းစိန်ကိုယ်တိုင်က အရင် အစိုးရအဖွဲ့မှာ ၀န်ကြီးချုပ် ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဖြစ်တယ်။ စစ်တပ်များရဲ့ သဘော သဘာဝ ကိုလည်း နားလည် ထားကြဖို့ လိုတယ်။ စစ်တပ်ရဲ့ သဘာဝက လုံခြုံရေးကို အဓိက ဦးစားပေးတယ်။ ဘယ်ကိစ္စမျိုး မဆို လုံခြုံရေး မျက်စိနဲ့ ကြည့်တယ်။ ချဉ်းကပ်လာသူ မှန်သမျှကို မသင်္ကာတဲ့ အကြည့်နဲ့ ကြည့်တယ်။ ရန်သူ ဖြစ်နေမလား ဆိုတဲ့ သံသယစိတ်နဲ့ စစ်ဆေး စမ်းသပ်တယ်။ ရာနှုန်းပြည့် စိတ်ချရမှ သူတို့နား အကပ်ခံတယ်။ ဒါ သူတို့ရဲ့ သဘာဝပဲ။ စစ်မြေပြင်မှာ ဒီလိုမလုပ်ရင် ချေမှုန်း ခံရမှာဖြစ်တယ်။ စစ်တပ်က ပြည်သူတွေကြားထဲ ၀င်ရောက် နေထိုင်ပြီး ပြည်သူတွေရဲ့ အရေးကို ဆောင်ရွက်ရာမှာ စစ်မြေပြင်မှာ ကျင့်သုံးသလို ကျင့်သုံးလို့ မရဘူးဆိုတာ အခုမှ နားလည်စ ပြုလာချိန် ဖြစ်တယ်။

ထိလွယ် ရှလွယ်

ဒီလိုနားလည်စပြုလာတာကို ကြိုဆိုပြီး ပိုနားလည်လာအောင် ပြည်သူလူထုက ကူညီရမှာ ဖြစ်တယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွးမှုကို အချိန် နည်းနည်းယူပြီး စောင့်ကြည့်ရမယ်။ ခုအချိန်ဟာ အင်မတန်မှ နူးညံ့သိမ် မွေ့တဲ့ ထိလွယ် ရှလွယ် အခြေအနေ ဖြစ်တယ်။ အကောင်းဘက်ကို ရောက်သွား နိုင်သလို ရုတ်တရက် ချက်ချင်း အဆိုးဘက် ရောက်ပြီး ဒုံရင်း ပြန်ဖြစ်သွားနိုင်တယ်။ နှစ်ဖက်စလုံးက ခြေလှမ်း မမှားအောင် သတိကြီးစွာ ထားပြီး ဆောင်ရွက်ကြဖို့ လိုတယ်။ ဒုံရင်း ပြန်ရောက်သွားရင် ထိခိုက် နစ်နာမှာက ပြည်သူတွေဖြစ်တယ်။

ခဏစောင့်ကြည့်

ဒုံရင်းပြန်မရောက်အောင် တားနိုင်တာလည်း ပြည်သူတွေဖြစ်တယ်။ ဒီမိုကရေစီစနစ်ကြီး အောင်မြင်အောင် တည်ဆောက် နိုင်တာကလည်း ပြည်သူတွေ ဖြစ်တယ်။ ပြည်သူတွေရဲ့ ပြဋ္ဌာန်းချက်ကို အကောင်အထည် ဖော်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့က ကြိုးစား နေကြတာဖြစ်တယ်။ သူတို့နှစ်ယောက် အခုမှ တစ်ကြိမ်ပဲ တွေ့ရသေးတယ်။ တစ်ကြိမ် တွေ့ရုံနဲ့ 'ဟပ်ချလောင်း' ဆိုပြီး ချက်ချင်း ပြောင်းမသွား နိုင်ဘူးဆိုတာ နားလည် ပေးသင့်တယ်။ သူတို့ကို အချိန် နည်းနည်း ပေးသင့်တယ်။ ခဏလေး စောင့်ကြည့် သင့်တယ်။

ခဏကြီး၊ ခဏလေး

ခဏလေးဆိုတာက နှစ်ငါးဆယ်ကြာတဲ့ ခဏကြီးကို ပြောတာ မဟုတ်ပါဘူး။ ခဏကြီးကတော့ ရှည်ကြာ လွန်းပြီး ခါးသီး လှပါတယ်။ ရှေ့တိုးမလား၊ နောက်ဆုတ်မလား၊ ပြောင်းမလား၊ မပြောင်းဘူးလား ဆိုတာကို 'စံနှစ်ခု' နဲ့ ချိန်ထိုး ကြည့်နိုင်တယ်။ (၁) ထောင်ထဲက လူတွေ လွှတ်၊ မလွှတ်ဆိုတဲ့ စံ။ (၂)တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရအောင်လုပ်မယ် ဆိုတဲ့ စံ။

နှစ်ချက်စလုံးဆောင်ရွက်ဆဲ

ဒီစံနှစ်ခုအနက် ပထမအချက် လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စကို လွှတ်တော်က ထောက်ခံ ထားပြီး ဖြစ်တယ်။ တပ်မတော်သား ကိုယ်စားလှယ် များကပါ ထောက်ခံတယ်။ တပ်မတော်သား ဆိုတာ အထက် အမိန့်အတိုင်း တစ်သဝေ မတိမ်း လိုက်နာရတာ ဖြစ်တဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်က ထောက်ခံတယ် ဆိုတာဟာ တပ်မတော် တစ်ခုလုံးက ထောက်ခံတယ် လို့ပဲ မှတ်ယူ နိုင်တယ်။ ဒုတိယအချက် ငြိမ်းချမ်းရေး စံလည်း ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ထုတ်ပြန်ပြီး ဆောင်ရွက်နေတာ တွေ့ရတယ်။

နည်းနည်းအချိန်ပေးပါ

ဒီအချက် နှစ်ချက်လုပ်၊ မလုပ် မကြာမီမှာပဲ အဖြေသိရမယ်လို့ ယူဆတယ်။ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး ဒီအချက် နှစ်ချက် စလုံးကို ငြင်းပယ်မယ် ဆိုရင်တော့ ပြည်သူတွေက ကောင်းကောင်းကြီး ဒဏ်ခတ်မှာ သေချာပါတယ်။ ပြည်သူ့စွမ်းအား (People Power) ကို အကြွင်းမဲ့ ယုံတယ်။ အခုတော့ ခဏလေး စောင့်လိုက်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တို့ကို နည်းနည်းလေး အချိန် ပေးလိုက်ပါ။ ခဏကြီး မဟုတ်ပါဘူး။ ခဏလေးပါ။

Ref: EMG News

0 comments:

အပေါ်သို့