Sunday, July 12, 2009

နေ့စဉ်သတင်းများ (၁၁- ၇- ၀၉)

ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းမှားများ ပျံ့နှံ့ သတင်း
MRP ခွဲထွက်အဖွဲ့ အစည်းအဝေးတက်ရန် နယ်စပ်တို့ တက်လာချိန်တွင် တိုက်ခိုက်ခံရ သတင်း
ကေအန်ယူကို လက်နက်ကြီးဖြင့် ဒီကေဘီအေ ပစ်ခတ်ခြောက်လှန့် သတင်း
ဖားကန့်မြေပြိုမှုနောက်ပိုင်း ရောဂါဘယဖြစ်မှာ စိုးရိမ်နေကြ သတင်း
မစ္စတာဘန်ကီမွန်းခရီးစဉ် လုံခြုံရေးကောင်စီမှာ ရှင်းလင်းမည် သတင်း
စပါးစိုက်တောင်သူများကို ကျေးရွာဥက္ကဋ္ဌ ငွေပိုကောက်ခံနေ သတင်း
တာချီလိတ်မြို့မှာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ သတင်း
ရှင်ဂျန်း မူစလင် အိမ်အပြင် မထွက်ရဲ သတင်း
အိုဘားမား အာဖရိက ပထမဆုံးခရီးစဉ်အဖြစ် ဂါနာနိုင်ငံရောက်ရှိ သတင်း
ဟန်တရုတ်-၀ီဂါ အဓိကရုဏ်းနှိမ်နင်းမှု အမေရိကန်ရှုတ်ချဖို့ လွှတ်တော်မှာတိုက်တွန်း သတင်း
အုပ်ချုပ်မှုကောင်းမှ ဖွံ့ဖြိုးမည်၊ အာဖရိကရောက် အိုဘားမား ပြော သတင်း
အာဖရိက အရေးပါကြောင်း အိုဘားမား ပြော သတင်း
မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စာရင်းအင်းများကို လေ့လာသုံးသပ်ခြင်း (ဆောင်းပါး)
စစ်ကားတိမ်းမှောက်၍ စစ်သား (၂) ဦးသေ၊ (၄) ဦး ဒဏ်ရာရ သတင်း
မွန်ပြည်နယ်တွင် မျက်နှာဖုံးအုပ် ရောဂါကူးစက်ကာကွယ်မှု အလွန်နည်းပါး သတင်း
ကရင်ပြည်နယ်ရှိ မွန်ရွာတချို့ တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း မြင့်မား သတင်း
မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးရောဂါရှိသူ နောက်တဦးတွေ့ရှိ သတင်း
တုပ်ကွေးကြောင့် ထိုင်းလူမျိုး (၁၂၀၀) လောက်ထိ သေဖို့များ၊ (၃) နှစ်ကျော်အတွင်းမှာ လူပေါင်း သန်း (၃၀) ဗိုင်းရပ်စ်ပိုး ကူးစက်နိုင် သတင်း
ရတနာပုံကလပ် အွန်လိုင်းပေါ်ရောက် သတင်း
ယူနိုက်တက်လေကြောင်းကို သီချင်းနဲ့တုန့်ပြန် သတင်း
ဒေါ်အောင်ဆန်းစုကြည်သာ ယုံကြည်မျှော်လင့်ချက် (ဆောင်းပါး)
မီးစင်ကြည့်ကရင်း မီးလောင်ပြာကျတော့မယ့် စစ်အာဏာရှင်အစိုးရ (ဆောင်းပါး)
ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီးရဲ့ ခြောက်ဆယ်စုနှစ်ပုံရိပ်များ (ဆောင်းပါး)
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ (ဆောင်းပါး)
တချက်ခုတ် နှစ်ချက်ပြတ် (ဆောင်းပါး)

Read More...

ဟိုတစ ဒီတစ တပ်တွင်း အက်ကွဲစများ – အပိုင်း (၃)

07.12.09

ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိ တစ်ဦး)

လေတပ်ထဲက အဖြစ်အပျက်များစွာကို ပြည်သူထံ တင်ပြနေသော ဝေဟင်ကို လေတပ်ထဲက ဘယ်သူလဲလို့ သိချင်သူတွေ များလာသလို သိနေတဲ့ အရာရှိနဲ့ စစ်သည် အချို့အတွက် တရုတ်ကြီးမှာ ဘာတွေ အသစ် တင်ထားပြန်ပြီလဲ ဆိုတာဟာ နှုတ်ဆက်စကား တစ်ခွန်း ဖြစ်လာနေပါပြီ။ ကိုယ့်ပေါင်ကို လှန်ထောင်းပြီး လေတပ် သိက္ခာ ချနေတာဟု ဆိုသူရှိသလို ဒီ့ထက်ဆိုးတာတွေ ရှိသေးတာကို လျှော့လျှော့ ပေါ့ပေါ့လေး ရေးနေတယ်၊ ရေးတဲ့ သူကို လေးစားပါတယ်၊ ငါတို့လည်း ရေးချင်ပေမယ့် ကြောက်တယ်ဟု ဆိုသူများလည်း ရှိကြောင်း တွေ့လာ ရပါသည်။

Comments မှာ ၀င်ရေးချင်ကြသော်လည်း Gmail Account တစ်ခုလုပ်ရန်ပင် ခက်ခဲ နေကြသော လေတပ်မှ ညီနောင်များ အဖို့ မ၀ံ့မရဲ ဖြစ်နေကြပါသည်။ နောက်ကြောင်း မရှင်းပဲ IP Address မှ တဆင့် ထောက်လှမ်းရေးမှ ခြေရာခံနိုင်သည်ဟု ခြိမ်းခြောက် စကားဆို သူများကြောင့်လည်း ကြောက်နေ ကြရပါသည်။ တကယ်တော့ လေချုပ်ကြီး အပါအ၀င် လေတပ်မှ ညီနောင်များစွာသည် သူတို့ရင်ထဲမှ စကားများစွာ ဖြစ်ရပ်များစွာတို့ ပါဝင်သော ဝေဟင်၏ တင်ပြချက်များကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း စောင့်ကြည့် နေကြသည်သာ ဖြစ်ပါသည်။

လေတပ်မှ အရာရှိ ၉၀% ခန့်မှာ ကျွန်တော်၏ တင်ပြချက်များအပေါ် စိတ်ဝင်တစား စောင့်ကြည့် ဖတ်ရှုကြပြီး တိုးတိုး တိတ်တိတ် ဆွေးနွေး လာမှုများသည် ကောင်းသော လက္ခဏာ အဖြစ် ကျွန်တော် ၀မ်းသာမိပါသည်။ သို့သော်လည်း ဒီအဆင့်မျှဖြင့် လေတပ်ကြီး ကောင်းမလာနိုင်သလို နိုင်ငံတော်နှင့် ပြည်သူများ အတွက်လည်း ကောင်းကျိုး ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ အမှန်တရားကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ရမည် ဖြစ်သလို အမှန်လမ်းကိုလည်း လျှောက်ရဲကြရပါမည်။ မေးစရာတော့ ရှိပါသည်။ အမှန် လမ်းလျှောက်နိုင်ရန် လက်တွဲ ခေါ်ယူမည့်သူ ဦးဆောင် ခေါ်ယူမည့်သူများ ဘက်ကတော့ အဆင်သင့်ရှိဖို့ လိုပါသည်။

ညီနောင်တစ်ဦး ပြောသလို တပ်ထဲမှ အရာရှိ/စစ်သည် များသည် နအဖ လက်အောက်တွင် အဆင် ပြေသဖြင့် ငြိမ်နေခြင်း မဟုတ်ပါ။ ကန့်သတ် ချုပ်ခြယ်မှုများ၊ နည်းပညာ အခက်အခဲများ အကြောက် တရားများ အပြင် မည်သူ့ကို အားထား ယုံကြည် လက်တွဲရမည် မသိခြင်းများ ကြောင့်သာ ပြည်သူနှင့် မပေါင်းစည်း မိခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ ရည်ရွယ်ချက်မှာ လေတပ်မှ အစပြုကာ တပ်မတော်သားများ အားလုံး ပြည်သူနှင့် နီးကပ် လာစေရန် ဖြစ်ပါသည်။ ကျန်ညီနောင်များ အနေနှင့်လည်း မိမိစွမ်းနိုင်သမျှ ပူးပေါင်း ဆောင်ရွက် ပေးပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။

ယခုဆောင်းပါးတွင် လေတပ်တွင်းမှ စားဝတ်နေရေး ပြဿနာတချို့ကို ရင်ဖွင့်ပါမည်။ မည်သည့် တပ်မတော်နှင့်မှ မတူသော မြန်မာ့တပ်မတော်တွင် လေတပ် စစ်သည်များ လိုင်းခန်း လျှောက်ရာ၌ပင် လာဘ်ပေးကြရပါသည်။ အခြားသော တပ်ဖွဲ့များတွင်တော့ မသိပါ။ ပြောင်းရွှေ့ရောက်ရှိသည်ဖြစ်စေ၊ လိုင်းခန်း လစ်လပ်၍ ဖြစ်စေ မိမိရယူ လိုသော လိုင်းခန်းနေရာအတွက် ဆောက်လုပ်ရေး တာဝန်ခံ အကြပ်ကြီးနှင့် ကြိုတင် လက်ဝါးရိုက် ပေးကမ်း စွန့်ကြဲ လိုင်းဝင် ထားရပါသည်။

ထို့နောက် လိုင်းခန်းနေရာချထားရေး ဘုတ်ခေါ် အုပ်ချုပ်ရေးမှူးနှင့် တပ်ရေးများ တပ် တာဝန်ခံ အရာခံဗိုလ်များဖြင့် အဆင့်အလိုက် လိုင်းအလိုက် နေရာချ ပေးသော အခါတွင် ကြိုတင် ပေးကမ်းထားသူ အတွက် အကောင်းဆုံး လိုင်းခန်းကို လှည့်ပတ် ရရှိစေပါသည်။ တပ်မှူး၊ တပ်ရေးများနှင့် အဆင်ပြေသူများက သင့်ရာ သင့်ရာ ရကြပြီး သာမန် စစ်သည်များ အဖို့မူ ရွေးကျန် အခန်းများသာ ရကြပါသည်။ ဒီလိုဖြစ်ရခြင်းမှာ တပ်တွင်း လိုင်းခန်းများ၏ တည်ဆောက်ပုံ စနစ်မကျခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းမှု မရှိခြင်းက စခြင်းဖြစ်ပါသည်။ လိုင်းခန်းကကျဉ်း၊ အမိုးကမလုံ၊ ရေ မီး မိလ္လာစနစ် မကောင်းလျှင် ကိုယ်ထူကိုယ်ထပြင် စသော ထုံးစံများကြောင့် ကောင်းမွန်သော လိုင်းခန်းရရှိရေး အတွက် ယခုလို လာဘ်ပေးလာဘ်ယူမှုများ ဖြစ်လာရပါတော့သည်။

တိုးချဲ့ဖွဲ့စည်းသော ခြေလျင်တပ်များတွင် အရာရှိများပင် ၀ါးခင်း၊ ဓနိမိုး တဲတန်းလျားဖြင့်နေနေကြရသော မြန်မာ့ တပ်မတော်ကြီးအဖို့ နိမ့်ကျလှသော စစ်သည်များ၏ နေထိုင်မှု အခင်းအကျင်းသည် ပြောရမှာပင် ရှက်ဖို့ အလွန်ကောင်းလှပါသည်။ မြို့နှင့်ကပ်ပြီး နေနေရသော လေတပ်သားတို့အဖို့ မိမိအိမ်သို့ ဧည့်သည် လာမှာကိုပင် ရှက်မိပါသည်။ ၁၀ ပေ ၂၀ပေ အခန်းကျဉ်းလေး ဆောက်ထားရသလို အိမ်သာကိုလည်း ကိုယ်ထူကိုယ်ထ ဆောက်ရ ပါသည်။ တခါတရံ စည်း/ကော် (ခေါ်) တပ်တွင်း စည်းရုံးရေး ကော်မတီမှ စစ်ဆေးရေး ၀င်မည်ဆိုကာ မိမိအစီအစဉ်ဖြင့် ဆောက်ထားသည်များကို ဖျက်ပေး ရပြန်ပါသည်။

အိုမင်းဟောင်းနွမ်းနေသော လိုင်းခန်းများကို ဖျက်သိမ်းခွင့်ကျသည့်တိုင် မဖျက်သေးပဲ အသစ်ဆောက်ခွင့် ကျသည့် ဘတ်ဂျက်ငွေများ ပြင်ဆင်စရိတ်များသည် အုပ်ချုပ်ရေးတပ်မှူး၊ ဆောက်လုပ်ရေး ၀န်ထောက်များနှင့် လေတပ်စခန်းမှူးတို့၏ အိပ်ထဲသို့သာ ရောက်ကုန်ကြပါသည်။ စစ်သည်များ၏ လိုင်းခန်းများသာ မဟုတ်ပါ။ အရာရှိ လိုင်းများလည်း ထိုနည်းတူစွာ ဖြစ်ပါသည်။ မီးလိုင်း၊ ရေလိုင်း၊ သွယ်တန်းမှု အားလုံးသည် မိမိစရိတ်ဖြင့်သာ ဖြစ်ပါသည်။ အမိုးအကာရှိသော အိမ် အလွတ် တစ်လုံးကိုသာ ခံစားရရှိသလို ဖြစ်နေပါသည်။

အိမ်ထောင်သည်များသာ မဟုတ်ပဲ လူပျိုရိပ်သာသည်လည်း ထိုနည်း လည်းကောင်းပင်၊ သောက်ရန် ထုတ်ပေး သည် ဆိုသော Army Rum မှာ တပ်သို့ပင် ရောက်မလာပါ။ ရိပ်သာ အပိုဆောင်းကြေးဟုဆိုကာ တစ်လလျှင် အနည်းဆုံး ၃၀၀၀ ကျပ် ထပ်ဆောင်းစားရသည့်တိုင် အသားဟင်း တစ်နပ်ပင် အနိုင်နိုင်ပါ။ ရေမီးကိစ္စလည်း အဆင်ပြေစေရန် စုပေါင်းဖြေရှင်း ကြရပါသည်။ ဒါဘာ (ခေါ်) ဆန္ဒဖော်ထုတ်ပွဲများတွင် အခက်အခဲကို တင်ပြရန် ကြိုးစားမိသူသည် မကြာမီ တပ်ပြောင်းရွှေ့ခြင်း (သို့မဟုတ်) စိုက်ပျိုးရေး /မွေးမြူရေး လုပ်ငန်းများ ရှိရာသို့ ချောင်ထိုး ခံရခြင်း ဖြစ်ပါတော့သည်။

ရိက္ခာကဒ်ပေါင်ခြင်း၊ လစာကြိုတင်ရောင်းခြင်း၊ Duty အဌားစောင့်ခြင်း စသော နည်းလမ်းများဖြင့် စစ်သည်များ၏ စားဝတ်နေရေး ပြဿနာများကို ဖြေရှင်းနေရခြင်းကို နိုင်ငံတော်အကြီးအကဲဟု ကင်ပွန်း တပ်ထားသူများ သိရှိရန် မည်သူမျှ မတင်ပြရဲပါ။ တပ်ရင်းရံပုံငွေ သိန်းမည်မျှ ရှိသည်၊ တပ်သက်သာ ချောင်ချိရေး အတွက် မည်မျှ ထောက်ပံ့နိုင်သည်၊ စည်း/ကော်ကိစ္စများ မည်မျှအောင်မြင်သည် စသော လေးလပတ်တိုင်းတွင် မျက်နှာရရန်သာ On Paper Work များဖြင့် ဂုဏ်ယူ တင်ပြနေကြသော်လည်း တကယ်တမ်းတွင် တင်ပြသည့် ဤဖြစ်စဉ်များ အမှန်မဟုတ်ပါ။ အမှားတင်ပြသူ၊ အမှားကို လက်ခံသူနှင့် အမှန်တရားကို မြတ်နိုးသူတို့၏ လောကကြီးသည် အမှန်တကယ် သာယာနိုင်ပါမည်လော။

တပ်မိသားစုများ အနေနဲ့ ရိက္ခာနှုန်းထား လျှော့ပေးလာမှုကြောင့် ယခင်လို ဈေးမရတော့သလို ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် လစာကလည်း မလောက် ငနိုင်ကြတော့ပါ၊ စည်း/ကော်တွေ စည်း/ထိန်းတွေရဲ့မူမှာ မိသားစုဝင်တွေ အလုပ်အကိုင် ရရှိရေး ဆောင်ရွက်ပေးရန်ဟု ပါသော်လည်း လက်တွေ့မှာ အလုပ်ရှာပေးဖို့ထက် အဲဒီအစည်းအဝေးတွေ သင်တန်းတွေနဲ့တင် မိသားစုဝင်တွေမှာ ရှိပြီးသား အလုပ်တောင် ခွင့်ယူရလွန်းလို့ ပြုတ်လုလု ဖြစ်နေကြသူတွေ ရှိပါသည်။ မိသားစု စစ်ပညာသင်တန်းကစလို့ သင်တန်းပေါင်းစုံကို တင်ပြလို့ကောင်းအောင် ဖွင့်နေတာမှာ လူကုန်လို့ ၂ခါ၃ခါမက တက်နေရလည်း ဖွင့်နေဆဲပင် ဖြစ်ပါသည်။

ဒီဖြစ်ရပ်တွေကို လေတပ်ရဲ့ ခေါင်းဆောင်ပိုင်းကတော့ တစွန်းတစ သိလောက် ပါသည်။ သို့သော်လည်း တပ်ချုပ်ကြီးရဲ့ သားမက်တော် ဗိုလ်မှူးချုပ် သိန်းနိုင် ကိုယ်တိုင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှူး အနေနဲ့ ရှိနေလေတော့ နအဖမှာ အငယ်ဆုံးထဲပါတဲ့ ကိုမြတ်ဟိန်းလည်း နိုင်ငံတော်အကြီးအကဲ မျက်နှာ ညိုအောင် ဘယ်လုပ်ဝံ့ပါ့မလဲ။ အားလုံး ကောင်းပါသည်ဘဲပေါ့။

ညီနောင်များ ခင်ဗျား.. ကျွန်တော့်အနေနဲ့ သိမြင်ကြားသမျှ ပြည်သူထံ တင်ပြရင်း တပ်တွင်းက နိမ့်ကျသော ဘ၀များစွာကို ဖော်ထုတ်ပေးခဲ့ပါပြီ။ အခြားသော သိမြင်သမျှ ဘ၀များကိုလည်း ညီတော် နောင်တော်တို့ မှ ဆက်လက် ပြောပြပေးကြပါဦးဗျာ။

Ref: ဖိုးတရုတ်

Read More...

Saturday, July 11, 2009

နေ့စဉ်သတင်းများ (၁၀- ၆- ၀၉)

ဖားကန့်မြေပြိုမှု ထိရောက်တဲ့ အကူအညီမရ သတင်း
ဆင်းရဲတဲ့နိုင်ငံတွေကို ဒေါ်လာ (၂၀) ဘီလီယံ ကူဖို့ G-8 ခေါင်းဆောင်တွေ ဆုံးဖြတ် သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးအဆင့် ထုချေဖို့ ဇူလိုင် (၂၄) ရက် ချိန်း သတင်း
မြန်မာနိုင်ငံမှာ ၀က်တုပ်ကွေးကူးစက်သူ နောက်တဦး တွေ့ သတင်း
ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံကို သွားရေး ညှိနှိုင်း သတင်း
ချဲထီလောင်းကစားကြောင့် အကျင့်ပျက် ရာဇ၀တ်မှုတိုးပွား သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု ရုံးချိန်းနေ့တိုင်း ဆုတောင်းပွဲများ ပြုလုပ် သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှုမှာ သက်သေ ဒေါ်ခင်မိုးမိုးကို စစ်ဆေး သတင်း
အာဖန်ဂန်မှာ ကျဆုံးသူ ဗြိတိသျှစစ်သား (၁၈၄) ယောက်ရှိပြီ သတင်း
ရေနံရောင်းဝယ်သူများထံမှ အာဏာပိုင်များက ငွေကြေး ပိုမိုကောက်ခံနေ သတင်း
အာဏာပိုင်များဦးစီးကာ လောင်းကစားလုပ်ငန်းကို ကျယ်ပြန့်စွာ လုပ်ဆောင်နေ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးလျှောက်လဲရက် သတ်မှတ် သတင်း
နာဂစ်စတိတ်ရှိုး လန်ဒန်တွင် လုပ်မည် သတင်း
ဝက်တုပ်ကွေး ရောဂါပိုးရှိသူ (၂) ဦးထက် ပိုနိုင် သတင်း
ဟောင်သရော ခေါင်းဆောင်ကို ဖမ်းဆီးတာ မဟုတ်ဟု KNU ငြင်းဆို သတင်း
ဒုတိယမြောက် A(H1N1) ကူးစက်ခံရသူ မြန်မာပြည်တွင်တွေ့ရှိ သတင်း
မော်လမြိုင်ကလေးအထူးကုဆေးရုံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ များပြား သတင်း
ကေအန်ယူ (KNU) ကို အမြစ်ဖြတ်တိုက်မည်ဟု မြန်မာစစ်အစိုးရ ပြော သတင်း
ကရင်ပြည်နယ်ရှိ မွန်ရွာတချို့ တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း မြင့်မား သတင်း
မြန်မာမိသားစုအသိုင်းအ၀ိုင်းသတင်းများ သတင်း

Read More...

အလှမ်းကျယ်၍ အလယ်လပ်နေသော လေတပ်၏ UAV RESEARCH SQUADRON

07.11.09
ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိ တစ်ဦး)

လေတပ်အကြောင်းတွေ အတော်များများပါလာတော့ လေချုပ်ကြီး စိန်မျက်ခုံး အတော် ဒေါကန်နေသလို သူအမြဲ မျက်နှာချို သွေးနေရတဲ့ နအဖ ထိပ်သီး တွေရဲ့ မျက်နှာ စူပုပ်ပုပ်ကြီး တွေကိုလည်း ရင်ဆိုင်ရခက် နေရှာပေပြီ။ ဒါပေမယ့်လည်း တပ်တွင်း အဖြစ်မှန်တွေ ပြည်သူ့ထံ ရောက်ဖို့နဲ့ ပြည်သူထဲက လေတပ်သားများရဲ့ ဘ၀အမှန်ကို ဖော်ထုတ်ဖို့ အတွက် ရေးသား နေရဦးမှာပါ။

လေတပ်ထဲကရော အပြင်ရောက်နေသော ညီနောင်များကလည်း မိမိတို့ရဲ့ ရင်တွင်း ဖြစ်အင်များကို ဖော်ပြပြီး ဖြစ်ရပ်မှန်များကို ကူညီတင်ဆက် ပေးကြ စေချင်ပါတယ်။ မကြာခင်က အဆင့်တိုး မပါလို့ တပ်မတော်ရဲ့ သဘောထား အမှန်ကို သိမြင်လာခဲ့ပြီး ထွက်စာတင်ဖို့ ပြင်ဆင်နေသူ ခွက်ပျောက် စစ်ဗိုလ် အသစ် ညီငယ်လေးများကိုလည်း ရင်ဖွင့်ကြဖို့ ဖိတ်ခေါ်ပါတယ်။

ဒီတစ်ခါတော့ လေတပ်ရဲ့ မဟာစီမံကိန်းကြီးဖြစ်တဲ့ UAV RESEARCH SQUADRON ခေါ် မောင်းသူမဲ့ လေယာဉ် စီမံကိန်းရဲ့ တလွဲချော်မှုများကို ပြောပြပါမယ်။ လေယာဉ် ထုတ်လုပ်ပြင်ဆင်ရေး ဌာနချုပ်လို့ နာမည် တပ်ထားပေမယ့် လေယာဉ် အဟောင်းကို Overhaul လုပ်ဖို့တောင် လုပ်ငန်းပေါင်းစုံ အတွက် အဆင်သင့် မဖြစ်သေးတဲ့ မြန်မာ့ လေတပ်ဖွဲ့ အတွက် အသက်ရူပေါက် အဖြစ် UAV စီမံကိန်း စခဲ့ပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး Remote Control လေယာဉ်ငယ်များအပေါ် ရူးသွပ်သူ လေသူရဲ ဒုဗိုလ်မှူးကြီး တစ်ဦး ခေါင်းဆောင်ကာ လေသူရဲနဲ့ အင်ဂျင်နီယာ အရာရှိ စုစုပေါင်း (၃၀) နီးပါး စုဖွဲ့ခဲ့ကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ သားမက် ဗိုလ်မှူးချုပ် သိန်းနိုင်ရဲ့ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှာ UAV RESEARCH SQUADRON ဆိုပြီး နာမည် ပေးလိုက်ပါတယ်။

အကျိုးမျှော်ကိုးသူ အရပ်သားလုပ်ငန်းရှင် အချို့က Spenser ပေးကာ လုပ်ငန်း စခဲ့ ပါတယ်။ UAV နဲ့ Remote Control နည်းပညာ ကွာခြားတာကို မသိကျိုးကျွံလုပ်ကာ ကိုယ်ပိုင် UAV ဆောက်ရေး ဆိုတဲ့ မဟာအိပ်မက်ကြီး မက်ခဲ့ကြပါတယ်။ တရုတ် ကုမ္ပဏီ တချို့ထံကလည်း UAV ရောင်းချရေး ကမ်းလှမ်းလာတာကို လက်ခံလို့ Mainframe နဲ့ Engine ကို ကိုယ်တိုင် တည်ဆောက်ရုံသာမက Control Programme ကိုပါ ကိုယ်တိုင် ရေးမယ်ဆိုပြီး ခြေလှမ်း ပြင်ကြပါတယ်။

တကယ်တော့ UAV မှာ Auto pilot, GPS, Communition Accessories တွေရဲ့ နည်းပညာနဲ့ ဒီအရာတွေကို ထိန်းချုပ်မယ့် Control Programme ဆိုတာ ဒီလောက် လွယ်ပါ့မလား၊ ပြီးတော့ရော မြန်မာ့လေတပ်မှာ Software Engineer ရောရှိလို့လား ဆိုတာကို မစဉ်းစားခဲ့ ကြပါဘူး။ လေတပ်ရဲ့ အင်ဂျင်နီယာ အရာရှိများဟာ တူတွေ၊ လွှတွေ ဆွဲ လို့ UAV Airframe ကို တည်ဆောက်ပြီး ချိန်မှာတော့ Control Programme ကိစ္စ ခေါင်းခဲရပါပြီ။ UAV ရောင်းချရေး ကမ်းလှမ်းလာတဲ့ တရုတ် ကုမ္ပဏီတွေ ကလည်း သူတို့ နည်းပညာကို User အနေနဲ့ပဲ ရောင်းမှာပါ။ Programme ရဲ့ Application ဖိုင်ပဲ ပေးမှာ ပေါ့။ ရေးနည်း ဘယ်ပေးပါ့မလဲ၊ ဒီတော့မှ လေတပ်ထဲမှာ Programmer ရှာပုံတော် ဖွင့် ပါတော့တယ်။

ကွန်ပျူတာနဲ့ နီးစပ်တဲ့ စာရင်းကောက်ပြီး ကံဆိုးသူ မောင်ရှင် ရှာပါတော့တယ်။ ဒီမှာတင် မအူမလည်နဲ့ လေသူရဲပြုတ် လက်နက် အရာရှိ ခွက်ပျောက်စစ်ဗိုလ် စာရင်းဝင် ကွန်ပျူတာရူး ဗိုလ်ကြီး တစ်ဦးခေါင်းဆောင်တဲ့ အင်ဂျင်နီယာ အရာရှိငယ် (၅)ဦးဟာ စစ်သည်(၅)သိန်း သဖွယ် အရပ်ဘက်မှာ Programming သင်ခိုင်းခြင်းကို ခံရပါတော့တယ်။ ဒီပညာရှင်များသည် Control Programme ပဲ ရေးတတ် လာမလား၊ သူတို့ တက်နေသော Computer Center မှ ဆရာမ လေးများကပဲ တိုင်စာ ရေးမလားဟု ဆရာကောင်းရှိသူ လေတပ်မှ Computer PhD, Master ရထားသူများက ဝေးဝေးကသာ စောင့်ကြည့် အားပေး နေကြပါတယ်။

အကျိုးဆက်ကတော့ ယခုထိတိုင် တရုတ်မှ ကူညီသော UAV ရော မြန်မာ တပ်မတော်(လေ)၏ UAV ရော ရုပ်လုံးပေါ်ရန် ခက်ခဲနေဆဲ ဖြစ်နေပါတယ်။ မောင်းသူမဲ့ လေယာဉ် ဖြစ်သည်နှင့် အညီ မောင်းသူများကတော့ မဲ့နေရှာပါတယ်။ ဆီစားနှုန်းကလည်း ဆိုင်ကယ် တစ်စီးစာပင် မရှိတော့ မောင်းသူ မဲ့လောက်ပါတယ်။ UAV Research Squadron သည်လည်း နေရာ အတည်တကျ မရှိပဲ လွင့်နေရာ ယခုအခါ လေကြောင်း အတတ်သင် လေတပ် စခန်း (ရှမ်းတဲ) နှင့် ဒလခ ကြား ကူးချည် သန်းချည် ဖြစ်နေရှာ ပါတော့တယ်။

စဉ်းစားစရာမှာ ဘာအတွက် လေတပ်သည် UAV တီထွင် စမ်းသပ်နေပါသနည်း။ မြန်မာနိုင်ငံ အနေ အထားနှင့် လိုအပ်ပါသလော၊ ပုဂ္ဂိုလ်ရေး ထင်ပေါ်မှု အတွက် လေတပ်တွင်း အားပြိုင်မှုတစ်ခုရော ဖြစ်နိုင်ပါသလား…စသည်ဖြင့် လေတပ် အတွင်းမှာပင် မှန်းဆရခက် နေကြရတဲ့ အကြောင်း ဗဟုသုတ အဖြစ် တင်ပြလိုက်ရ ပါတယ်။ ကြည်း၊ ရေ ၊ လေ တပ်မတော် အတွင်းက ညီတော် နောင်တော်တွေ အားလုံး အမှန်တကယ် အကျိုးရှိရှိ လုပ်ရပ်၊ ဂုဏ်သိက္ခာရှိရှိ ဆုံးဖြတ်၊ တိုင်းပြည် ဘဏ္ဍာငွေတွေ အလွဲသုံးစား လုပ်ခြင်းက အဆုံးသတ်၊ အတ္တနဲ့ အာဏာကို ကိုယ်ကျင့်တရားနဲ့ မလဲအပ်၊ တိုင်းပြည်အတွက် ခေါင်းဆောင် ကောင်းတွေသာ ဖြစ်ထိုက် ကြပါစေ ခင်ဗျား။

Ref: ဖိုးတရုတ်

Read More...

Friday, July 10, 2009

နေ့စဉ်သတင်းများ (၉- ၇- ၀၉)

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် အပြင်ထွက်ခွင့်ရ သတင်း
နေအိမ်အကျယ်ချုပ်ကျ ဝန်ကြီးချုပ်ဟောင်း နာရေးသတင်းထွက်မေး သတင်း
မြန်မာ့အရေး လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ဖို့ ဗြိတိန်နဲ့ အမေရိကန်တောင်းဆို သတင်း
ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သို့ သွားရောက်ရန် ကမ်းလှမ်း သတင်း
ဘန်ကီမွန်းနှင့်တွေ့ဆုံရမှု အားရမှုမရှိကြောင်း အန်အယ်လ်ဒီ ကြေညာချက်ထုတ် သတင်း
မဲကသာတောအတွင်း ကေအန်ယူနှင့် ဒီကေဘီအေ တိုက်ပွဲဖြစ် သတင်း
SNLD ဥက္ကဌ ခြေထောက်ယောင်ရောဂါ သောက်ဆေးပို့ဖို့ ခက်ခဲ သတင်း
မြန်မာ့ဆက်သွယ်ရေး ကြေးနန်းရိုက်စနစ်သစ် သုံးမည် သတင်း
ရန်ကုန်တွင် မိုးရာသီ၌လည်း လျှပ်စစ်မီး အပြည့်အ၀မရ သတင်း
ပန်ဆိုင်းရဲများ ပစ်ခတ်၍ ကယ်ရီသမားလူငယ် (၂) ဦး သေဆုံး သတင်း
နယ်မြေခံစစ်တပ်က လူငယ်တဦးကို ခြိမ်းခြောက်ကာ တပ်ထဲဝင်ရန် ခေါ်ဆောင် သတင်း
ဘင်္ဂလားနယ်စပ်တွင် ဘိန်းဖြူ (၂) ကီလို ဖမ်းဆီးရမိ သတင်း
လက်ဖက်အချို့ ဈေးကွက်အတွင်း ပြန်လည်ရောင်းချခွင့်ပြု သတင်း
ထိုင်းသွားချင်သူများ ကော့သောင်းတွင် ဘတ် (၃၀၀၀) ထိ ပေးရ သတင်း
မူဆယ်တွင် နိုင်ငံကူးစာအုပ် ထုတ်ပေး သတင်း
ဗန်းမော်မြို့မှာ ရွှေဆိုင်ဓားပြတိုက်မှုဖြစ်ပွား၊ တရားခံ မဖမ်းမိ သတင်း
ဂျိုင်းတံတားပျက်စီးနေမှုကြောင့် တံတားဖြတ်ကျော်ရန် ကုန်တင်ကားတန်ချိန် အလျှော့ချခံရ သတင်း
၂၀၀၉ နိုင်ငံရေးစစ်တမ်း အပိုင်း (၅)
အငြင်းပွားစရာကောင်းတဲ့ မြန်မာ့ဘောလုံးနဲ့ မြန်မာ့သူဌေးကြီးများ သတင်း
လူတုပ်ကွေး၊ သတင်းစာကျင့်ဝတ်၊ ဘန်ကီမွန်းနှင့် အင်တာနက် သတင်း
၂၀၀၉ ခုနှစ် အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲ သတင်း
အီရန်နိုင်ငံတွင်း အကြမ်းဖက်မှု၊ စက်မှုထိပ်သီး (၈) နိုင်ငံ ဝေဖန်ရှုတ်ချ သတင်း
အမေရိကန်နဲ့ တောင်ကိုရီးယားအစိုးရ အင်တာနက်စာမျက်နှာများ တိုက်ခိုက်ခံရ သတင်း

Read More...

တပ်တွင်းက နေရာယူမှုပြဿနာနဲ့ ဆက်ဆံရေး အခက်အခဲများ

ဗိုလ်ထက်မင်း
၉ ဇူလိုင် ၂၀၀၉

ဗိုလ်သန်းရွှေအနေနဲ့ စစ်တပ်အရာရှိတွေကို နေရာခွဲဝေချထားမယ့် အပိုင်းမှာ တော်တော်လေး ခေါင်းစားနေသလို မထင်မှတ်တဲ့ အခက်အခဲ တွေနဲ့လည်း ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ကိုယ့်ရူး ကိုယ်ပတ်မယ့် သဘောမျိုးကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပဖို့ အချိန် နီးကပ်လာလေလေ မထူးဇာတ် ခင်းဖို့ နေမြင့်လေ အရူးရင့်လေလေ ဖြစ်နေပါတယ်။ တပ်မတော်ဟာ ပြည်သူ့ အကျိုးအတွက် ရပ်တည်ပြီး ပြုပြင် ပြောင်းလဲရေး လုပ်ဖို့ လိုအပ်ကြောင်းနဲ့ ကျစ်လျစ်ခိုင်မာ နိုင်ငံတကာက လေးစားတဲ့ ဂုဏ်သိက္ခာရှိရှိ တပ်မတော် ဖြစ်စေလိုကြောင်း တပ်တွင်းက လက်ရှိ တာဝန် ထမ်းဆောင်နေသော အရာရှိကြီး တချို့ မှလည်း နားလည် သဘောပေါက်နေပါတယ်။

န၀တနဲ့ နအဖခေတ်မှာ စစ်တပ်အင်အားကို တိုးချဲ့ ဖို့ အရာရှိအများအပြားကို မွေးထုတ် ခဲ့ပါတယ်။ ဒါကြောင့် ယနေ့ခေတ် အချိန်မှာ ဗျူဟာမှူး ဆိုတဲ့ ဗိုလ်မှူးကြီးအဆင့်မှာ ယခင်ကလို ရာထူးတက်လမ်း မလွယ်ကူတော့ဘဲ တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူး များဖြစ်တဲ့ တပ်မမှူး၊ တိုင်းမှူး ရာထူးတွေကို တက်နိုင်ဖို့အ တွက် အမြောက်အမြား ရှိနေတဲ့ ဗျူဟာမှူးများ အကြားက ခက်ခက်ခဲခဲ ထိုးဖောက် ထွက်ရတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။

ဒီလိုမှ မထိုးဖောက်နိုင်ရင် ဗျူဟာမှူးတွေဟာ ဦးဆောင်ညွှန်ကြားရေးမှူး ဆိုတဲ့ နှစ်သိမ့်ဆုကို ရရင်ရ၊ ဒါမှမဟုတ် ဒကစမှူး၊ တိုင်းဦးစီး ဗိုလ်မှူးကြီး၊ ဒု-တိုင်းမှူးဆိုတဲ့ ချောင်ထိုးထားတဲ့ နေရာများကိုသာ ရောက်သွား တတ်ပါတယ်။ အခုအချိန်မှာ ဗျူဟာမှူး အဆင့်တောင် အဲဒီလို မရေရာ မသေချာမှုကို ရင်ဆိုင်နေရတဲ့ လမ်းဆုံ လမ်းခွ နေရာကြီး ဖြစ်နေပါတယ်။ ဒါ့အပြင် တပ်မမှူးနဲ့ တိုင်းမှူးတွေက လုပ်ပိုင်ခွင့် အားလုံးကို ချုပ်ကိုင်ထားတာမို့ ဗျူဟာမှူးတွေဟာ တပ်ရင်းမှူး လောက်တောင် မစိုပြည်လှဘဲ ယောင်လည်လည် ဖြစ်နေ ရတာမျိုးနဲ့လည်း ရင်ဆိုင် နေရပါတယ်။

ရှေ့တန်းစစ်ဆင်ရေးထွက်တဲ့ အချိန်ကြမှသာ တပ်ရင်းတပ်ဖွဲ့များက ဗျူဟာမှူးနဲ့ အဖွဲ့ကို ကြောက်ရွံ့ကာ “ဖား” ကြရလို့ လုပ်ပိုင်ခွင့် အာဏာ အသင့်အတင့် ရှိပါတော့တယ်။ တခါ ဗျူဟာမှူးတွေဟာ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေကို စစ်ဆေးရတဲ့ အခါကျမှသာ ဝမ်းဗိုက် စိုပြည်ရတဲ့ အခြေအနေမျိုးလည်း ရောက်နေပြီ ဖြစ်ပါတယ်။ ရှေ့တန်းစစ်ဆင်ရေး မရှိတော့ရင် ဗျူဟာမှူး ဘ၀က အငှားတရားခံ ရောက်မှန်းမသိ ရောက်နေပါတယ်။ အမှုစစ်ဆေး ခိုင်းတာမျိုးနဲ့ တပ်မမှူး၊ တိုင်းမှူး အစည်းအဝေး သွားရင် ခေတ္တ တပ်ကိုင်ရတာ မျိုးတွေကို ဗျူဟာမှူးက သတိထား လုပ်ကိုင် နေရတာကြောင့် ဖြစ်ပါတယ်။

တချို့ ဗျူဟာမှူးတွေဟာ တပ်ရင်းတွေကို စစ်ဆေးတဲ့အခါကျရင် ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်၊ စီမံချက်များဟာ လက်တွေ့မှာ လိုက်လုပ်နိုင်စွမ်း မရှိမှန်းကို မိမိကိုယ်တိုင် တပ်ရင်းမှူး ဘဝမှာ ကြုံတွေ့ခဲ့ရမှန်း သိလျက်နဲ့ ဇွတ်အတင်း ဖိနှိပ်တာမျိုးလည်း ရှိနေလို့ တပ်ရင်းမှူးတွေနဲ့ ပဋိပက္ခဖြစ်နေတာကို လည်း တွေ့ရပါတယ်။

ဒေသကွပ်ကဲမှု စစ်ဆင်ရေးဌာနချုပ် ဆိုတဲ့ ဒကစ ဆိုတာကတော့ ရှေ့တန်း နယ်အစွန် အဖျား ပြည်မနဲ့ အလှမ်း ဝေးတာမို့ စီမံခန့်ခွဲမှု အာဏာ၊ တရားစီရင်မှု အာဏာ၊ ရိက္ခာထုတ်ပေးမှု အာဏာ စသဖြင့် အတော်အတင့် ရထားတဲ့ ဌာနဖြစ်ပါတယ်။ ဒါပေမယ့် စစ်ဦးစီးပိုင်း ဆိုင်ရာကိုတော့ တိုင်းမှူးထံ တင်ပြရပါသေးတယ်။ ဒကစမှူးဟာ တပ်မမှူးနဲ့ စကခမှူးတို့ထက် အနည်းငယ်နိမ့်ပြီး ၎င်းမှ တိုင်းမှူးဖြစ်တဲ့ ထုံးစံမရှိတာကို တွေ့ရပြီး ဒကစမှူး ဖြစ်ရင်တောင် ၀မ်းမသာနိုင်တဲ့ အနေအထားကို ရောက်နေပါတယ်။

တဖန် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ဆိုတဲ့ စကခ ဆိုတာကတော့ နိုင်ငံတကာ ကန့်ကွက်မှာ စိုးရိမ်လို့ တပ်မ အသွင်ပြောင်း ထားတဲ့ အဖွဲ့တခုသာ ဖြစ်ပါတယ်။ တပ်မများနဲ့ စကခများဟာ ကကကြည်း (စစ်ဆင်ရေး) ရဲ့  တိုက်ရိုက် ကွပ်ကဲ စီမံထားတဲ့ တပ်များဖြစ်လို့ စစ်ဆင်ရေးခွင် ပုံသေမရှိဘဲ ရန်သူအင်အားပေါ် မူတည်ပြီး လိုအပ်သလို စစ်ကစားနိုင်ဖို့ စီစဉ်ထားခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ တပ်မမှူးများနှင့် စကခမှူးတွေဟာ တိုင်းမှူးများနှင့် ဆက်ဆံရေး သဟဇာတ မဖြစ်တာကိုလည်း တွေ့ရပါတယ်။ ၁၉၈၈ ခုနှစ်က မဲသဝေါစခန်း ကျသွားတဲ့အချိန်မှာ တိုက်နေရတဲ့ တပ်မ (၆၆) တပ်မမှူးနှင့် ဒု-တပ်မမှူးတွေဟာ ရတခ တိုင်းမှူးရဲ့ မသိကျိုးကျွံ ပြုမှုကြောင့် အခက်အခဲတွေ ကြားမှာ ရုန်းကန်နေရတာကို စစ်ရုံးမှ မှန်ကန်စွာ မသုံးသပ်နိုင်တာကြောင့် သူတို့ဟာ ရာထူးမှ ဖယ်ရှားခြင်း ခံလိုက်ရပါတယ်။ ဒု-တပ်မမှူး ကိုယ်တိုင် ရှေ့တန်းမှာ သူ့ရဲ့  ပခုံးပေါ်က အပွင့်များကို ဆွဲဖြုတ်ပြီး ပစ်တင်ကာ ထွက်သွားတဲ့အထိ တင်းမာမှု ပြဿနာ ဖြစ်ပွားခဲ့ပါတယ်။

အလားတူ နဝတ တက်လာပြီးနောက် ရန်ကုန်မြို့ လုံခြုံရေး ဝင်နေတဲ့ တပ်မ (၂၂) ဟာ ကကကြည်းသို့ တိုက်ရိုက် ခွင့်တောင်းပြီး ၎င်းတပ်များကို လိုအပ်သလို ရွှေ့ပြောင်းခဲ့မှု အပေါ် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက မသိလိုက်လို့ တိုင်းမှူးနှင့် တပ်မမှူးတို့ ပဋိပက္ခ ဖြစ်ပွားခဲ့ရပါတယ်။ တိုင်းမှူးတွေဟာ ကကကြည်းနဲ့ တပ်မမှူးများ မသိလိုက်ရဘဲ နောက်တန်းမှာ ပြန်လည်စုဖွဲ့ အနားယူနေတဲ့ တပ်မလက်အောက်ခံ တပ်ရင်းများကို တိုင်းဧရိယာအတွင်းရှိ ရန်သူများအား တိုင်းလက်အောက်ခံ တပ်များနဲ့ နိုင်အောင် မတိုက်နိုင်တိုင်း ဗိုလ်ကျကာ အတင်း ဆွဲသုံးတာကိုလည်း တွေ့ရပါတယ်။

အဲဒီအခါမှာ တပ်ရင်းမှူးတွေဟာ တိုင်းမှူးက Promotion ရာထူးတိုးမြင့်ခွင့် ကိုင်ထားတဲ့ အာဏာကို ကြောက်ရွံ့လို့ စိတ် မပါ့တပါနဲ့ တပ်မမှူးကို သတင်းမပို့တော့ဘဲ လုပ်ပေးလိုက်ရတာမျိုး ရှိခဲ့ပါတယ်။ အဲဒီလိုလုပ်ခဲ့ရလို့ တပ်မမှူးနှင့် တိုင်းမှူး ပဋိပက္ခဖြစ်တာ လည်း တွေ့ရပါတယ်။ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ကကကြည်း မသိဘဲ တိုင်းမှူးတွေခိုင်းတိုင်း တပ်ရင်းမှူးတွေ လိုက်မလုပ်ဖို့ ပြောလာတဲ့အထိ တင်းမာမူကို ထိန်းခဲ့ရပါတယ်။

တပ်မမှူးတွေလည်း ယခင် မဆလခေတ်က တိုင်းမှူးဖြစ်လာမယ်လို့ ကြိမ်းသေမှန်းလို့ ရပေမယ့် ယနေ့ နအဖ ခေတ်မှာတော့ မသေချာတော့ဘဲ ဒု-ဝန်ကြီး ရာထူးနဲ့သာ အဆင်မသင့်ရင် ချောင်ထိုး ခံရတတ်ပါတယ်။ တိုးချဲ့လာတဲ့ တပ်မအရေအတွက် ဟာလည်း များပြားလာတာမို့ တပ်မမှူး အချင်းချင်း ပြိုင်ဆိုင်နေကြသလို ဒု-ချုပ်နဲ့တပ်ချုပ်ထံ ၎င်းတို့ရဲ့ ဇနီးသည်များကို မကြာခဏ စေလွှတ်ကာ လူကြီးသိအောင် “ဖား” နေရတာ အမောတကော ဖြစ်နေကြရပါတယ်။

တိုင်းမှူးတွေနဲ့ ဆက်ဆံရေးပြဿနာ နောက်တခုမှာ ဝန်ကြီးဌာနများနဲ့ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့ မူဝါဒ စီမံကိန်းများနဲ့ တွက်ချက်ပြီး တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ ဦးစီးမှူးအရာရှိများကို ညွှန်ကြားကာ အကောင်အထည်ဖော်နေပေမယ့် တိုင်းမှူးတွေရဲ့ ဝင်ရောက်စွက်ဖက်မူကို မကြာခဏ ကြုံတွေ့နေရပါတယ်။ တိုင်းမှူးတွေဟာ ဝန်ကြီးဌာနတွေရဲ့ စီမံကိန်း ဖွံ့ဖြိုးတိုးတက်မူ ဆောင်ရွက် ရတာမျိုးနဲ့ ပညာရှင်တွေရဲ့ နည်းပညာတွေကို လုံးဝ နားမလည်ဘဲ ဝင်ရောက် စီမံ ကွပ်ကဲနေတာမို့ တိုင်းနဲ့ ပြည်နယ်က ဝန်ထမ်းများစွာ စိတ်ညစ်ကာ အလုပ်က ထွက်တဲ့ အထိ ဖြစ်ကြရပါတယ်။

တိုင်းမှူးတွေ လက်သုံးစကားတခုက “မင်းတို့ ဝန်ကြီးတွေဟာ ဌာနဆိုင်ရာ အကြီး အကဲသာ ဖြစ်တယ်၊ တိုင်းမှူး ဖြစ်တဲ့ငါဟာ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းဖြစ်လို့ ငါဆုံးဖြတ်တာကို ဦးစားပေးရမယ်” လို့ ငေါက်ငမ်းခဲ့ပါတယ်။ တိုင်းမှူးတွေဟာ သူတို့ရဲ့ သတင်းတွေကို TV နဲ့ သတင်းစာတွေမှာ ပါချင်ကြတာမို့ ဝန်ကြီးဌာန လက်အောက်ခံ စက်ရုံ၊ တံတား၊ ဆည်ဖွင့်ပွဲတွေမှာ ဖိတ်စာကို သူတို့ထံ ဂရုတစိုက် သွားရောက် ဖိတ်ကြားရပါတယ်။ ဖိတ်စာပေးဖို့ ပျက်ကွက်ခဲ့လို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟာ စက်ရုံမှူးတဦးကို ဖိအားပေး ဆူပူခဲ့တာ သိရပါတယ်။ တိုင်းမှူးတွေဟာ အမှန်တော့ သတင်းလာရင် ဖွင့်ကြည့်နေတဲ့ တပ်ချုပ်နဲ့ ဒု-ချုပ်တွေကို သူတို့အလုပ်တွေ ကြိုးစား လုပ်နေဟန် အမှတ်ယူတဲ့ သဘော ပြချင်တာပဲ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးဖွဲ့မှူးဆိုတဲ့ ကစထမှူးတွေက တမှောင့်၊ ဝန်ကြီးဌာန တွေက အကောင် အထည်ဖော် ရတဲ့ စီမံကိန်းတွေ လမ်း၊ တံတား၊ စက်ရုံ၊ ဆည်တွေကို နအဖရုံးက စစ်ခိုင်းလို့စစ်ရာမှာ ဌာန ဆိုင်ရာတွေကတော့ သူတို့တွေ လာရင် “သတ်မှတ်ရက်ထက် ဆောလျင်စွာ ပြီးစီးဖို့၊ အရည်အသွေး ကောင်းမွန်ဖို့ဆိုတဲ့” “အပ်” ကြောင်းထပ်တဲ့ စကားလုံးတွေသာ ပြောနေလို့ စိတ်ညစ် နေရကြောင်း သိရပါတယ်။ လိုအပ်တာ ဖြည့်ဆည်းပေးဖို့ထက် ပြဿနာရှာဖို့၊ နားမလည်တာကို နားလည် လေဟန် ဆရာပဲ လုပ်တတ်တာမို့ ဌာနဆိုင်ရာတွေ အနေနဲ့ စိတ်ညစ်ရတာ ဖြစ်ပါတယ်။ တခါတရံ တိုင်းမှူးရဲ့ အမှတ်ယူမယ့် စစ်ဆေးဖို့ လျာထားတဲ့ စီမံကိန်း လုပ်ကွက်တွေကို ကစထမှူးတွေက အမှတ်ယူကာ ဝင်ရောက် စွက်ဖက် စစ်ဆေးနေတာမို့ ကစထမှူးနဲ့ တိုင်းမှူးတချို့ဟာ မကျေလည်မှုတွေ ဖြစ်နေပါတယ်။

မှားယွင်းတဲ့ မူဝါဒတွေကြောင့် နိုင်ငံတော်မှာ ယိုယွင်းပျက်စီးနေတဲ့ သဘော သဘာဝကို နားလည်မှု ရှိရှိ လက်တွေ့ကျကျ ပြုပြင် ပြောင်းလဲဖို့ ထိပ်ပိုင်း စစ်အာဏာရှင်များက မကြိုးစားကြဘဲ အမိန့်နဲ့ အာဏာကိုချည်း တဖက်သတ် သုံးစွဲနေလို့ လက်တွေ့ မှာ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်က တိုးတက်မှု သုံည အမှတ်မှာသာ ရှိပါကြောင်းနဲ့ တပ်တွင်း စည်းလုံး ညီညွတ်မှုဟာ ၂၀၁၀ နောက်ပိုင်းမှာ အာဏာခွဲဝေမှု ပြဿနာနဲ့အတူ ပိုမို ဆိုးဝါးလာဖို့သာ ရှိပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

Ref: ခေတ်ပြိုင်

Read More...

Thursday, July 9, 2009

နေ့စဉ်သတင်းများ (၈ - ၀၇ - ၀၉)

အပြီးသတ်လျှောက်လဲချက် မူကြမ်း ရှေ့နေအကျိုးဆောင်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးလျှောက်လှဲချက်တင်ဖို့ ပြင်ဆင် သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို အောက်စတာတက္ကသိုလ်က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့် သတင်း
မစ္စတာဘန်နှင့် တွေ့ဆုံမှုအပေါ် NLD ခေါင်းဆောင်များ အားမရ သတင်း
“မနူးမနပ်” နိုင်ငံရေးသမားများကို မောင်စူးစမ်း ထိန်းကျောင်းခဲ့ရဟုဆို သတင်း
ဖားကန့်မြေပြိုမှု လူအနည်းဆုံး (၃၀) သေဆုံး သတင်း
KNLA တပ်မဟာ (၇) နယ်မြေ လေးပုံတပုံ လက်လွှတ်ဆုံးရှုံး သတင်း
တောင်တွင်းကြီး ဝမ်းပျက်ဝမ်းလျှော ကလေးငယ် (၄) ဦး သေဆုံး သတင်း
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး လန်ဒန်အနုပညာပွဲမှာ တောင်းဆို သတင်း
နာဂစ်မုန်တိုင်းသင့် လယ်သမားအချို့ စိုက်ပျိုးစရိတ်ချေးငွေရဖို့ ခက်ခဲနေ သတင်း
ထောင်တွင်းဆန္ဒပြန်ရန် ကြိုးပမ်းသူ (၄) ဦးကို ဗန်းမော်ထောင်သို့ ပြောင်းရွှေ့ သတင်း
လမ်းတံတားဂိတ်ကြေး များပြား၍ ကားသမားများ အခက်တွေ့ သတင်း
လယ်သမားများ၏ စိုက်ပျိုးစရိတ်ချေးငွေကို ရယကဥက္ကဋ္ဌ ခေါင်းပုံဖြတ် သတင်း
(၇) ဇူလိုင်အထိမ်းအမှတ် လန်ဒန်မြို့တွင် ဆန္ဒပြ သတင်း
စစ်အစိုးရကို စောင့်ကြည့်ရဦးမည်ဟု ဘန်ကီမွန်း ပြော သတင်း
ဘန်ကီမွန်းခရီးစဉ် ရလဒ်အပေါ် ဒီမိုကရေစီအင်အားစုများ၏ အမြင်များ သတင်း
နအဖအစိုးရ ဒု-၀န်ကြီးတဦး ဆူဒန်နိုင်ငံတွင် ရောက်ရှိနေ သတင်း
အင်တာနက် စိစစ်ဖြတ်တောက်မှုအပြင် စစ်ဆေးစောင့်ကြည့်မှု ပိုများလာ သတင်း
စမုညင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာအကျဉ်းသားအချို့ ပြန်လွတ် သတင်း
အဓိကရုဏ်းတွေဖြစ်နေတဲ့ ရှင်ကျန်ပြည်နယ် နောက်ခံအကြောင်း သတင်း
ဂျီမေးလ်နဲ့ ဂျီတော့ခ်များ သုံးစွဲရခက်ခဲနေ သတင်း
သမဂ္ဂအဆောက်အဦး ဗုံးခွဲခံရမှု နှစ်လည်နေ့ သံရုံးများရှေ့တွင် ဆန္ဒပြ သတင်း
G-8 ထိပ်သီးညီလာခံ ကမ္ဘာ့စီးပွားရေး ဦးစားပေး ဆွေးနွေးမည် သတင်း
အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရဖွယ်ရှိ သတင်း
ဖားကန့်ရေဘေး ကယ်ဆယ်ရေး မလုပ်နိုင်သေး၊ ရေဘေးဒုက္ခသည်များ အခက်ခဲကြုံနေရ သတင်း
ရန်ကုန်မြို့ မင်္ဂလာဈေးမှ ပြည့်တန်ဆာဈေးကွက် ကြီးမားကျယ်ပြန့်လာ သတင်း
ဗန်းမော်မှာ ရွှေဆိုင် ဓားပြတိုက်ခံရ သတင်း
အင်တာနက်အသုံးပြုမှု အဆင်မပြေသည့်အတွက် စီးပွားရေးသမားနှင့် ကျောင်းသားများ အခက်တွေ့ သတင်း
တရုတ်-မြန်မာနယ်စပ်ရှိ လက်မှတ်မဲ့ မြန်မာများ ဆေးဖြတ်စခန်းသို့ ပို့ခံရ သတင်း
နယ်လှည့်စစ်ကြောင်း မှာယူစားသောက်သမျှ ရပ်ရွာလူထု လိုက်ရှင်းပေးရ သတင်း
ငွေအကြွေ ရှားပါးမူကြောင့် တိုကင်ပြားများကို ထုတ်လုပ်သုံးစွဲ သတင်း
တံတားကျိုးပျက်၍ တောင်ကုတ်-သံတွဲ ကားလမ်း အသွားအလာ ရပ်ဆိုင်း သတင်း
ကကြီးရေ ... က (ဆောင်းပါး)
သမဂ္ဂစိတ်ဓာတ် (ဆောင်းပါး)
ကြောက်မွေးပါ ဇာဂနာနဲ့ နှုတ် (ဆောင်းပါး)

Read More...

Wednesday, July 8, 2009

ဖိအားပေါင်းစုံအကြားမှာ နအဖအစိုးရဟာလည်း ဆူးကြား ဘူးသီးသလို ဖြစ် နေတယ်

ရဲဘော်ဖိုးသံချောင်း
၆ ဇူလိုင် ၂၀၀၉

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း တပ်ခေါက်သွားပြီ။ တပ်လန်ပြီး ဆုတ်သွားရတယ် ဆိုရင် ပိုမှန် မလားပဲ။ သူတပ်လန်သွားတယ် ဆိုတဲ့အတွက် နအဖ ဗိုလ်ချုပ်တွေ နိုင်လိုက်တယ်လို့ ဆိုနိုင်မလား။ စစ်ဆိုတာ တဖက်က လန်ထွက် သွားတာနဲ့ ကိုယ်က နိုင်လိုက်ရောလို့ မပြောနိုင်ပါဘူး။ ကိုယ့်ဘက်မှာ သေကျေ ကျန်ရစ်တာ၊ နောက်တပွဲ တိုက်စရာ အင်အား မကျန်တာ စတဲ့ အချက်တွေဟာ နိုင်တဲ့လက္ခဏာ မဟုတ်ပါဘူး။ အလွန်ဆုံး အားဖြင့် တကွေ့တော့ ကျော်သွားပါပကောလို့သာ ပြောနိုင်ပါတယ်။

အခုလည်း မစ္စတာဘန်ကီမွန်းပြောသွားတဲ့ နောက်ဆုံးမှတ်ချက် စကားကို နားထောင်ကြည့်ပါ။ “သိပ်စိတ်ပျက် ရတယ်” တဲ့။ နောက်ပြီး “သူတို့ (နအဖအစိုးရ) နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အဆက်အသွယ် ရဖို့အတွက် အခွင့်အရေးကောင်း တခု လွတ်သွားပြီ” တဲ့။ ငယ်တုန်းက သမိုင်းစာအုပ်ထဲမှာ ပါတဲ့ ကျန်စစ်သားက စောလူးမင်းကို ပြောတဲ့ “ခွေးသေဝက်သေ သေရစ်” ဆိုတဲ့စကားကို သတိ ရစရာပါပဲ။ ဒီတပွဲမှာ နအဖလည်း မနိုင်လိုက်တာ သေချာပါတယ်။ ဒါဟာ နအဖအဖို့ နောက်ဆုံး ရထားကို လွတ်သွားတာလား ဆိုတာကတော့ စောင့်ကြည့် ရမှာပဲ ဖြစ်ပါတယ်။

မစ္စတာဘန်ကီးမွန်း ရောက်လာတာ၊ နအဖဗိုလ်ချုပ်တွေနဲ့ စကားပြောတာ၊ ပြန်သွားတာ စတဲ့ ကမ္ဘာက အာရုံစိုက်တဲ့ ဖြစ်စဉ်ကြီး ဖြစ်ပေါ်နေတာနဲ့ တချိန်တည်းမှာပဲ ဗမာပြည်မှာ လူအများ အာရုံစိုက်ရတဲ့ အဖြစ်အပျက် တခုဟာလည်း တရွေ့ရွေ့ လှုပ်ရှားပြီး ပုံ ပီပြင်လာနေပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဖမ်းချုပ်ပြီး ရုံးတင် တရားစွဲနေတဲ့ အမှုပါပဲ။ စကာစတုန်းက ဖုတ်ပူမီးတိုက် နောက်က ကျားလိုက်နေသလို စစ်ဆေးခဲ့တဲ့ အမှုဟာ အခုတလောမှာ ရုံးချိန်တွေ ရွှေ့ပြီးရင်းရွှေ့ နေတာကို သတိပြုမိကြမယ် ထင်ပါတယ်။ သေချာ နေတာကတော့ နအဖ စစ်ဗိုလ်တွေဟာ အကြံပုပ်ဉာဏ်ယုတ်တွေ ထုတ်နေ ကြပြန်ပါပြီ။ သူတို့ အချိန်ဆွဲတဲ့ နည်းပရိယာယ်ကို ပြန်သုံးနေပါတယ်။ ဒီအမှုကို အချိန်ဆွဲချင် နေကြပါတယ်။ ဒါ ဘာကြောင့် ဖြစ်နိုင်ပါသလဲ။

သေချာနေတဲ့ အချက်နှစ်ချက်ရှိပါတယ်။ တချက်က နအဖစစ်အစိုးရ ဖန်တီးလိုက်တဲ့ ဒီအမှုဟာ ဆင်ကွက်မှန်း၊ လိမ်ဆင်မှန်း အထင်းသား ပေါ်လွင် သွားတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထားတဲ့ရက် အချိန်စေ့တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာတဲ့ အမှုမို့ အမှုစကတည်းက ပြည်တွင်းပြည်ပ လူတိုင်းက သံသယ ရှိကြပါတယ်။ အဲဒီနောက် ဂျွန်ယက်တောက ရုံးမှာ ထွက်ဆိုလိုက်တဲ့ အခါကျတော့ ကိစ္စ အားလုံးဟာ ဗူးပေါ်သလို ပေါ်ကုန်ပါတယ်။ ဒါ့အပြင် ကြာလေ ပိုပေါ်လာလေလိုလည်း ဖြစ်လာနေပါတယ်။ ဒါကြောင့် လက်ရှိရုံးပေါ်က ထွက်ချက်တွေ အတိုင်းသာ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ဒဏ် ချရရင် သူတို့ မတရားတာဟာ သိပ်ကို ပေါ်လွင် နေတော့မှာ ဖြစ်နေပါတယ်။

နောက်အကြောင်းတချက်က ဒီအမှုနဲ့ပတ်သက်လို့ ပြည်တွင်း ပြည်ပရဲ့ တုံ့ပြန်မှုပါ။ တုံ့ပြန် ကြတာဟာ နအဖ မျှော်လင့် မထားတဲ့ အတိုင်းအတာ ဖြစ်ပါတယ်။ ဒါကို ခေတ်စကားနဲ့ ရှင်းအောင် ပြောရရင် နအဖ ဗိုလ်ချုပ်တွေ အရမ်း ဖျားသွားပါတယ်။ လုံးဝ မကျေနပ်နိုင်တဲ့ လူတွေဟာ အင်းစိန် ထောင်ဘူးဝမှာ သာမကပဲ မြို့ပေါင်း များစွာမှာ လမ်းပေါင်းများစွာမှာ သူတို့ရဲ့ ဆန္ဒတွေကို နည်းလမ်း ပေါင်းများစွာနဲ့ ဖော်ပြခဲ့ကြပါတယ်။ ဆက်ချမယ်လို့ တာစူ နေတာတွေလည်း အမြောက်အမြား ပေါ်လာခဲ့ပါတယ်။ ဒီအခါမှာ နအဖ စစ်ဗိုလ်တွေ အဖို့ သူတို့ ဘက်က နောက်တဆင့် လှမ်းလိုက်ရင် ဘာဖြစ်မယ် ဆိုတာကို တွက်ဆလို့ မရနိုင်အောင် ဖြစ်သွားပါတယ်။

တဖန်တပ်တွင်းမှာလည်း ဒီကိစ္စအပေါ် မကျေနပ်သံတွေဟာ မကြားချင် အဆုံး ကြားလာရပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ဥပဒေတောင် မထုတ်ပြန်နိုင် သေးဘဲ ခေါင်းခြောက် နေရတဲ့ အချိန်၊ ငြိမ်းအဖွဲ့တွေ ကလည်း သူတို့နဲ့ ကီးမကိုက် ဖြစ်နေလို့ စိတ်ညစ်နေရတဲ့ အချိန်မှာ နအဖ စစ်ဗိုလ်တွေ မြို့ပေါ်၊ လမ်းမပေါ်က ပြဿနာတွေ မပေါ်စေချင်ပါဘူး။ ဒါက ပြည်တွင်းမှာပါ။

ပြည်ပမှာ နိုင်ငံတကာအဝန်းအဝိုင်းက တုံ့ပြန်မှုတွေဟာလည်း နအဖ ဗိုလ်ချုပ်တွေကို ဗမာပြည် သမိုင်းမှာ ဘယ်အစိုးရမှ မကြုံ တွေ့ဖူးသေးတဲ့ ဆန့်ကျင်သဘောထား တွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒါသာမက သူတို့က နအဖရဲ့ ခြေလှမ်းကို စောင့်ကြည့်နေ ဦးမယ်၊ ဆက် အရေးယူတန်တာ ယူဦးမယ်ဆိုတာကို အသံပြုလို့ တမျိုး၊ အသံမပြုဘဲ တနည်း အမျိုးမျိုး ဖော်ပြခဲ့ကြပါတယ်။ တင်းတင်းမာမာ သတိပေးခဲ့တဲ့ အစိုးရတွေ ရှိသလို ဘာကြိတ်ပြောလိုက်မှန်း မသိရတဲ့ တရုတ်လို အစိုးရတွေလည်း ရှိနေပါတယ်။

ကုလသမဂ္ဂခန်းမထဲမှာ ဗမာပြည်ရဲ့အရေး ရောက်သွားတယ် ဆိုတာဟာ သမိုင်းမှာ အရင်က တခါတည်း ရှိခဲ့ဖူးပါတယ်။ အဲဒါက ၅ဝ စုနှစ်များ အစောပိုင်းတုန်းက ဗမာပြည်ကို တရုတ်ဖြူ (ကေအမ်တီ) တွေ ကျူးကျော်တဲ့ ကိစ္စတုန်းကပါ။ သတိထား သင့်တာက အဲဒီတုန်းက ဗမာပြည် အစိုးရဟာ တရားလိုပါ။ အခုတော့ နအဖ ဗိုလ်သန်းရွှေတို့ လက်ချက်ကြောင့် ဗမာပြည်ဟာ တရားခံ အဖြစ်နဲ့ ဝက်ခြံထဲမှာ ရောက်နေရပါတယ်။ နောက်ပြီး သူတကာ လက်ညှိုးငေါက်ငေါက် ထိုးတာလည်း ခံနေရပါတယ်။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ဘယ်တုန်းကမှ အခုကာလလောက် မကျဆင်းခဲ့ ဖူးပါဘူး။

နောက် ထောက်ပြသင့်တဲ့တချက်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို ဗိုလ်သန်းရွှေ တယောက် လက်ခံ တွေ့ဆုံတယ် ဆိုတာဟာ တခြားတနိုင်ငံက နားချလို့ ဖြစ်တယ်ဆိုတဲ့ ကိစ္စပါ။ ဒီအချက်ကို ထောက်ရင် ပြည်တွင်းမှာ မောက်မာလှတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ပြည်ပမှာကျတော့ အမြီးကုပ် ခေါင်းငုံ့ နေရတာကို ဖော်ပြ နေပါတယ်။ ဗမာပြည်ကို နိုင်ငံတကာ အသိုင်း အဝိုင်းက ပုံမှန် ချဉ်းကပ်လို့၊ ဆက်ဆံလို့ မရတဲ့ နိုင်ငံတခု အဖြစ် သဘောထားခံရတာကို ဒင်းတို့တတွေ ဂုဏ်ယူစရာလို့ အောက်မေ့ နေသလားလည်း မပြောတတ်ပါ။

အခု နအဖစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်လိုက်တဲ့ အတွက် ဒီလို ပြည်တွင်း ပြည်ပက ဆန့်ကျင်မှုတွေ အုံကြွ ပေါ်ပေါက်လာတာကို အာရုံလွှဲဖို့၊ အေးသွား၊ ငြိမ်သွားအောင် လုပ်ဖို့ နည်းနာပေါင်းစုံ ရှာနေပါတယ်။ ဘော့လုံးပွဲတွေထဲ၊ ချဲထီတွေ၊ နှစ်လုံးထီ၊ သုံးလုံးထီတွေထဲ အာရုံ ပြောင်းသွားအောင် လုပ်နေ ပါတယ်။ အဲဒီလို တနပ်စား နည်းပရိယာယ်တွေ ထဲမှာ အမှုကို အချိန်ဆွဲပြီး အကြာကြီး စစ်ဆေးတာလည်း ပါတယ်လို့ ပြောလို့ရပါပြီ။ ဒီအချက်ကို ကြည့်လိုက်ရင်ပဲ ဒီအမှုဟာ အစကနေ အဆုံး ရာဇဝတ်မှု မဟုတ်ဘဲ နိုင်ငံရေး လုပ်ကြံမှုတရပ် ဖြစ်တယ်ဆိုတာ ထင်ရှားသထက်၊ ထင်ရှားလာနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးတာကို ပြည်တွင်းပြည်ပက အပြင်းအထန် တုံ့ပြန် လာမှာစိုးလို့ အချိန်ဆွဲနေတာ ဆိုရင် သူတို့က ဘယ်လို ပြစ်ဒဏ်ချမှာ မို့လဲလို့ မေးစရာ ဖြစ်လာပါတယ်။ ပြစ်ဒဏ် အကြီးကြီး ပေးဖို့ ကြံစည်ထားတာမို့ ဒီလို အကြီးအကျယ် စိုးရိမ်ကြောင့်ကြ နေတာလား၊ လွှတ်ပေးမှာ ဆိုရင် ဘာမှ ကြောက်နေစရာ မလိုဘူး မဟုတ်လားလို့ စောဒက တက်စရာ ရှိပါတယ်။ ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ဒီအမှုဟာ နိုင်ငံရေးအမှု ဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပ နိုင်ငံရေး ဖြစ်ပေါ်မှုတွေနဲ့ ဆက်နေမယ်လို့ ဆိုရပါမယ်။ သူတို့ဟာ ပြစ်ဒဏ်မချခင် ပြည်တွင်းပြည်ပ အနေအထားတွေကို ထည့်သွင်း သုံးသပ်တာ မလုပ်ဘဲ နေလို့ မရပါဘူး။

ဒီလိုဆိုတဲ့အတွက် ပြည်သူလူထုအနေနဲ့ ဒီအမှုကို နအဖက အမြန်စစ်ပါ၊ တရားစီရင်ပါလို့ တောင်းဆိုလို့ မဖြစ်ပါဘူး။ ဒီအမှုဟာ မတရားဆင်ထားတဲ့ အမှုဖြစ်တဲ့ အတွက် “ရုံးတင် စစ်ဆေး နေတာတွေကို ချက်ချင်း ရပ်ဆိုင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ချက်ချင်း လွှတ်ပေးရမယ်” ဆိုတာကနေ တပြားမှ လျှော့လို့ မဖြစ်ပါဘူး။ ဒီအတိုင်းပဲ အစအဆုံး ရပ်တည်ရမှာပါ။ ဒီအတောအတွင်းမှာ နအဖက အချိန်ဆွဲ နေတာဟာ ကိုယ့်ဘက်က ပြင်ဆင်ရမှာတွေကို ပြင်ဆင်ဖို့ အတွက် အချိန်ရတာပဲလို့ သဘောထားပြီး ပြင်ဆင်မှုတွေ လုပ်ကြရပါမယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဘီလူးစည်း လူစည်း ကွဲတော့မှာ ဖြစ်တဲ့အတွက် အဲဒီအတွက် ပြင်ဆင်တာလည်း တပါတည်း ဖြစ်သွားနိုင်ပါတယ်။


ရဲဘော်ဖိုးသံချောင်း

Ref: ခေတ်ပြိုင်

Read More...

နေ့စဉ်သတင်းများ (၇- ၇- ၀၉)

စစ်အစိုးရကို ဖိအားတိုးဖို့ အမေရိကန်လုပ်ငန်းရှင်တချို့ တောင်းဆို သတင်း
မြန်မာစစ်အစိုးရကို အထီးကျန်ဖြစ်မည်ဟု မစ္စတာဘန်ကီမွန်း သတိပေး သတင်း
ကုလအတွင်းရေးမှုး မြန်မာခရီးစဉ်ရလဒ်အပေါ် သုံးသပ်ဆွေးနွေး သတင်း
ဘန်ကီမွန်းခရီးစဉ်ကနေ မြန်မာ့နိုင်ငံရေးအကျပ်တည်း ထွက်ပေါက်ရနိုင်မလား (တိုက်ရိုက်လေလှိုင်း)
ကုလအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံခဲ့ခြင်းကို NLD ရှင်းလင်းပွဲ ကျင်းပ သတင်း
မစ္စတာဘန်ကီမွန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ သတင်း
ဝက်တုပ်ကွေးလူနာကို ဆေးရုံမှ ဆင်းခွင့်ပေးတော့မည် သတင်း
A (H1N1) တုပ်ကွေးက မြန်မာ့ခရီးသွားလုပ်ငန်းကို ထိခိုက်စေမလား သတင်း
ထိုင်းရောက် မြန်မာအလုပ်သမားများ အလုပ်လုပ်ခွင့်အတွက် ဆေးစစ်နေ သတင်း
အရောင်းစားခံ မိန်းကလေးငယ်တွေရဲ့ အဖြည့်ခံဘ၀အကြောင်း တစေ့တစောင်း သတင်း
ဇူလိုင် (၇) ရက် လှုပ်ရှားမှုများ ပြည်တွင်းမှာ လျှို့ဝှက်ပြုလုပ် သတင်း
ဆဲဗင်းဂျူလိုင် သွေးစွန်းသောနေ့ ဆန္ဒပြပွဲများ ပြည်ပမှာ ပြုလုပ် သတင်း
(၄၇) နှစ်မြောက် (၇) ဇူလိုင် အထိမ်းမှတ်အခမ်းအနား ကျင်းပ သတင်း
7th July အထိမ်းအမှတ်ပွဲများ ထိုင်းနိုင်ငံတွင် ကျင်းပ သတင်း
တိုင်းပြည်အတွက် ကျောင်းသားလူငယ်များ တာဝန်ယူစေလို (အင်တာဗျူး)
မြောက်ကိုရီးယားသင်္ဘော Kang Nam ပြည်တော်ပြန်ပြီ သတင်း
ရန်ကုန် ဂျီမေးလ်အသုံးပြုသူများ အခက်ကြုံ သတင်း
FM လိုင်းသစ်နှစ်လိုင်း အသစ်တိုးချဲ့မည် သတင်း
ဗမာစစ်အစိုးရနဲ့ ကုလသမဂ္ဂ (မျက်မှောက်ရေးရာ)
အမေရိကန်နဲ့ ရုရှား တပြေးညီ ဦးတည်ချက်တွေ အိုဘားမား ချပြ သတင်း
မိုက်ကယ်ဂျက်ဆင်ရဲ့ နောက်ဆုံးခရီး သတင်း
မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု လုံခြုံရေးကောင်စီ အပြင်းအထန် ရှုတ်ချ သတင်း
မငြိမ်မသက်ဖြစ်နေတဲ့ တရုတ် ရှင်ဂျန်းပြည်နယ် နေ၀င်မီးငြိမ်းအမိန့်ထုတ် သတင်း
တရုတ်နိုင်ငံ ရှင်ဂျန်းပြည်နယ် မငြိမ်သက်မှု အမေရိကန်စိုးရိမ် သတင်း
အမေရိကန် ရုရှား ဒုံးလက်နက်အစီအစဉ် လျော့ချရေး သဘောတူ သတင်း
မော်စကိုထိပ်သီးညီလာခံ ထူးခြားတဲ့ တိုးတက်မှုတွေရှိဖို့ အိုဘားမား မျှော်လင့် သတင်း
အမေရိကန်တိုက်ခိုက်ရေးတပ်တွေ အီရတ်မြို့ကြီးတွေက ရုတ်သိမ်း သတင်း
အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ ဒီနေ့စ၊ ယူဒိုယူနို ရှေ့ကပြေး သတင်း
ရှင်ကျန်က မငြိမ်သက်မှု သတင်း

Read More...

Tuesday, July 7, 2009

မြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံရေး အခွင့်အလမ်းများ ဆုံးရှုံးဟု ကုလသမဂ္ဂ အကြီးအကဲ ဘန်ကီမွန်း ပြောကြား

NEJ / ၆ ဇူလိုင် ၂၀၀၉

နိုင်ငံရေးအရ ပွင့်လင်းမှုရှိကြောင်း ပြသနိုင်သည့် အခွင့် အလမ်းများကို မြန်မာ စစ်အစိုးရ အနေဖြင့် လက်လွတ် ဆုံးရှုံးခဲ့ရသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည့် ဇူလိုင် (၃) ရက်နှင့် (၄) ရက် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းခဲ့သည်ကို နအ ဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်မခံဘဲ ငြင်းပယ်ခဲ့သည့် အတွက် မစ္စတာ ဘန်ကီမွန်းက သတင်းထောက်များအား ယင်းသို့ ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရသည့်အတွက် အလွန် စိတ်ပျက် မိကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်အား တွေ့ဆုံခွင့် မပေးခြင်းသည် မှားယွင်းသည်ဟု ၎င်းအနေဖြင့် ယူဆကြောင်း ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန် ထွန်းက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “အမှန်က ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဆိုတာ ကမ္ဘာ့နိုင်ငံပေါင်း မြောက်မြားစွာက ထောက်ခံ တင်ပြထားတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တယ်။ ဒါကြောင့် တကယ်ကို တွေ့သင့် တွေ့အပ်တဲ့၊ တကယ်လည်း တွေ့ခွင့် ပေးသင့်တဲ့ ကိစ္စလို့ ယူဆပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မပေးဘူးဆိုတဲ့ လုပ်ရပ်ဟာ တင်းမာလွန်းတဲ့သဘော သက်ရောက်သွားတဲ့ အတွက် တိုင်းပြည် အတွက်ရော၊ ခေါင်းဆောင် တယောက် အနေနဲ့ရော ကမ္ဘာက အထင်မြင်သေးစရာ တခုလို့ ယူဆမိပါတယ်” ဟု ပြောသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံ ခရီးစဉ် အတွင်း သူ့အနေဖြင့် သူ့တာဝန်သူ ထမ်းဆောင်သည့် သဘော သက်ရောက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နအဖက တွေ့ခွင့် မပေးသည့်အတွက် ကျန်သည့် တွေ့ဆုံဆွေးနွေး ရေးကိစ္စ၊ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရေး ကိစ္စတို့တွင် စစ်အစိုးရ အနေဖြင့် ပိုမိုတင်းမာလာမည့် သဘောမျိုး ရှိမည်ဟုလည်း သခင်ချန်ထွန်းက ပြောသည်။

မစ္စတာဘန်ကီမွန်းကမူ နအဖစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် မပေးသည်မှ လွဲ၍ ကျန်သည့် အဆိုပြုချက်များကို အလေးအနက် ထားပြီး စဉ်းစားနေသည်ဟု ယူဆကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို အများက လက်ခံနိုင်ရန် လုပ်ဆောင်လိုသည့် ဆန္ဒ ရှိကြောင်း ပြသရန် အရေးကြီးကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ထည့်သွင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်၊ အမျိုးသား ရင်ကြားစေ့ရေး အတွက် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန်နှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်စေရန် တို့အတွက် မစ္စတာ ဘန်ကီမွန်းက ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံရာတွင် တိုက်တွန်းခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲ ကို တရားမျှတမှု ရှိစေပါမည်ဟု ကတိပေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးက ယင်းသို့ ကတိပေးခဲ့သော်လည်း နအဖ ပြုလုပ်မည့် ရွေးကောက်ပွဲသည့် ဓားမိုးပြီး လုပ်သည့် ရွေးကောက်ပွဲမျိုး ဖြစ်နိုင်ခြေ များနေသည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ (အန်စီဂျီယူဘီ) ၏ ကုလသမဂ္ဂဆိုင်ရာတာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောသည်။

၎င်းက “ရွေးကောက်ပွဲမတိုင်ခင်မှာကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲနဲ့ လျော်ညီတဲ့ နိုင်ငံရေး ၀န်းကျင် ဖန်တီးပေး ရမယ်။ ပါတီ အဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်တွေ၊ ပြောဆို ဆွေးနွေးခွင့်တွေ၊ မဲဆွယ်ခွင့်တွေ နိုင်ငံရေး အကျဉ်းသား (၂,၀၀၀) ကျော်က ထောင်ထဲမှာ ရှိနေပြီးတော့ အရေးကြီးတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ ထောင်ထဲမှာ ရှိနေရင် ရွေးကောက်ပွဲ အနေနဲ့ အင်အားစု အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲမျိုး မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ကုလသမဂ္ဂအကြီးအကဲအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သဘောထား အကြံပြုချက် များကို ပွင့်ပွင့် လင်းလင်း ပြောသွားပြီးသည့်နောက် စစ်အစိုးရဘက်မှ အမှန်တရားကို ရှုမြင်ပြီး တုံ့ပြန်ရန်သာ လိုအပ်သည်ဟု ဒေါက်တာသောင်းထွန်းက ပြောသည်။

“ဒါပေမယ့် အခု ဘန်ကီမွန်းရဲ့ခရီးစဉ်မှာတော့ တိတိကျကျ ရလဒ် မရရုံတင် မကဘူး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကုလသမဂ္ဂရဲ့ ကြားဝင် ဖျန်ဖြေမှုကို သိပ်ပြီး အလေးမထားဘူး။ နောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တကယ် ဖော်ဆောင်ချင်တဲ့ နိုင်ငံရေး အာသီသ မရှိဘူးဆိုတာ ပြနေတယ်။ နောက် ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ နိုင်ငံတကာရဲ့ သဘောထားကိုလည်း ငြင်းပယ်တဲ့ သဘောရှိတယ်” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် စည်းနှောင်မှု ရှိသည့် ဆုံးဖြတ်ချက် တခု ချမှတ်ရန် လိုအပ်နေပြီး ကောင်စီ အနေဖြင့် တစုံတရာ တုံ့ပြန်မှု ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ခေတ်ပြိုင်သို့ ပြောကြားခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

နေ့စဉ်သတင်းများ (၆ - ၇- ၀၉)

တရုတ်နိုင်ငံ ရှင်ကျန်ပဋိပက္ခ လူ (၁၄၀) ကျော် သေဆုံး သတင်း
A (H1N1) တုပ်ကွေးပိုး ကူးစက်ခံရသူ ထိုင်းမှာ (၂၂၇၂) ဦး ရှိပြီ သတင်း
သွေးလွန်တုပ်ကွေးလူနာများ ဆေးရုံမဆန့်အောင် များပြားနေ သတင်း
မြန်မာနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး ထိုင်းအစိုးရ တောင်းဆို သတင်း
သံဃာများက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ရွှေတိဂုံမှာ ဆုတောင်း သတင်း
သံဃာတော်များဦးဆောင်၍ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းပွဲပြုလုပ် သတင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မြို့ရွာများမှာ ဆုတောင်း သတင်း
စစ်အာဏာရှင် ဆက်လက်ဆန့်ကျင်ရေး တိုက်ပွဲခေါ်သံ ထုတ်ပြန် သတင်း
မြန်မာ့အရေး ဘန်ကီမွန်းဆောင်ရွက်မှုအတိုင်းအတာ ကုန်ဆုံးပြီ ဝေဖန် သတင်း
ဘန်ကီမွန်းမိန့်ခွန်း စစ်အစိုးရမီဒီယာတွင် မဖော်ပြ သတင်း
ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေရချိန်မှာ ဘန်ကီမွန်းနဲ့တွေ့ပေးဖို့ မဖြစ်နိုင်ဟု စစ်အစိုးရအကြောင်းပြ သတင်း
စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း မြင်းခြံခရိုင်အတွင်း စည်းရုံးရေးဆင်း သတင်း
ဓမ္မစကြာအခါတော်နေ့ အိန္ဒိယနဲ့ ထိုင်းမှာလည်း ကျင်းပ သတင်း
ထိုင်းနိုင်ငံမှ ဆားတင်သွင်းမှု နည်းပါးလာ သတင်း
စစ်တပ်အရာရှိ လက်ထပ်ပွဲအတွက် အရပ်သားများထံမှ လက်ဖွဲ့ငွေများ သတ်မှတ်ကောက်ခံ သတင်း
မြန်မာအစိုးရအာဏာပိုင်မှ လယ်သမားများကို အသေးစားချေးငွေ ထုတ်ယူရန် ပိုမိုတိုက်တွန်း သတင်း
ကျောင်းသားများသဖြင့် မိဘမဲ့ကျောင်း လက်ခံရန် ခက်ခဲ သတင်း
ကျောင်းသားသမဂ္ဂ မရှိသဖြင့် ဆုံးရှုံးမှုများစွာ ရင်ဆိုင်ခဲ့ရ သတင်း
မော်စကိုထိပ်သီးညီလာခံ ထူးခြားတဲ့တိုးတက်မှုတွေရှိဖို့ အိုဘားမားမျှော်လင့် သတင်း
မြောက်ကိုရီးယားသင်္ဘော လှည့်ပြန်မှုအပေါ် အမေရိကန်ရေတပ် အကြီးအကဲ ကြိုဆို သတင်း
ဖြုတ်ချခံ ဟွန်ဒူးရပ်စ်သမ္မတ ပြည်တော်ပြန်ခွင့်မရ သတင်း
ဟွန်ဒူးရပ်စ်ကို အမေရိကတိုက်နိုင်ငံများ အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်း သတင်း
မြန်မာနေရှင်နယ်လိဂ်ဖလားပွဲ ရတနာပုံ FC ဗိုလ်စွဲ သတင်း
ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သွားမည် သတင်း
ရန်ကုန်တွင် ဘန်ကီမွန်း သတင်းစာရှင်းလင်းပွဲလုပ်၊ ပြည်တွင်းမီဒီယာများ မေးမြန်းခွင့်မရ သတင်း
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး နှင်းဆီပန်းဝေသူ အဖွဲ့ချုပ်ဝင် (၂) ဦး ခေါ်မေးခံရ သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ သက်သေ ဒေါ်ခင်မိုးမိုးကို မစစ်ဖြစ်ဘဲ နောက်တပတ်ထပ်ချိန်း သတင်း

Read More...



ကိုယ်စွမ်းသလောက်တော့ ကိုယ်ကြိုးစားခဲ့ပါတယ် …
(ကာတွန်း ဟန်လေး၊ ဧရာဝတီဝက်ဘ်ဆိုက်)

Read More...

စစ်အာဏာရှင်နှင့် ဆဲဗင်းဂျူလိုင်

July, 7, 09


ဇူလိုင် (၈)ရက်နံနက်လင်းအားကြီးအချိန်တွင် စစ်တပ်က ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည် သမဂ္ဂ အဆောက်အဦး

မြန်မာ့သမိုင်းမှာ ကျောင်းသား သမဂ္ဂတွေရဲ့ တိုက်ပွဲတွေဟာ ပညာရေးရည်မှန်းချက်၊ မျိုးသားရေး လွတ်မြောက်ရေး ဒီမိုကရေစီ ရည်မှန်းချက် စသဖြင့် အမျိုးမျိုး ရှိခဲ့ပါသည်။ ၁၉၂၀ သပိတ်၊ ၁၉၃၅-၃၆ သပိတ်၊ ၁၉၃၈ ခုနှစ်တွင် အမျိုးသား လွတ်မြောက်ရေးကို တောင်းဆိုတဲ့ ပြည်လုံးကျွတ် အထွေထွေ သပိတ်ရဲ့ အစိတ်အပိုင်း ဖြစ်သည်။

၁၉၆၂ခုနှစ် မတ်လ (၂) ရက် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကောင်စီက မေလ (၉) ရက်နေ့မှာ တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းတဲ့ အမိန့်ကို ထုတ်ပြန်လိုက်ပြီး တော်လှန်ရေး ကောင်စီက တက္ကသိုလ် အုပ်ချုပ်ရေး တာဝန်အားလုံးကို ချုပ်ကိုင်လိုက်ပါတယ်။ မေလ (၁၀)ရက်နေ့မှာ ဦးနေ၀င်းက တက္ကသိုလ် ကောင်စီဝင်တွေကို ခေါ်ယူတွေ့ဆုံပြီး တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီလို့ ပြောလိုက်ပါတယ်။ တက္ကသိုလ် အက်ဥပဒေအရ မဲပေးခြင်းစနစ်ကို ဖျက်သိမ်းလိုက်ပြီလို့ နဲ့ ရွေးချယ်ခန့်ထားတဲ့ ပါမောက္ခ ဦးကာကို ပေါမောက္ခချုပ် အဖြစ် တချက်လွှတ် အမိန့်နဲ့ ခန့်လိုက်တယ်။ အဲဒီအချိန်ကစပြီး တက္ကသိုလ် ကျောင်းသားတွေနဲ့ ဆရာတွေကို ချုပ်ချယ်တဲ့ ဥပဒေစည်းမျဉ်းသစ် ဆိုတာတွေကို တခုပြီး တခု ထုတ်ပြန်လာတယ်။

တက္ကသိုလ်ကျောင်းဆောင်တွေကိုည(၈)နာရီမှာ သော့ခတ် ပိတ်မည် ဆိုသည့်အမိန့် ထွက်လာသည့်အခါ ကျောင်းသားတွေ အနေနဲ့ ကန့်ကွက် ဆန့်ကျင်မှုတွေကို စရတော့သည်။ ဂျူလိုင်လ (၇)ရက်နေ့ (၁)နာရီချိန်မှာ တကသ ဥက္ကဌ ကိုဗဆွေလေး လက်မှတ်နဲ့ ကြေငြာ ဖိတ်ခေါ်ထားတဲ့ ကျောင်းသားထု အစည်းဝေးစတယ်။ ပညာရေး တောင်းဆိုချက်၊ ဒီမိုကရေစီရေးတောင်းဆိုချက်တွေ ဆုံးဖြတ်ပြီး တက္ကသိုလ် ၀န်းထဲမှာ လှည့်လည် ဆန္ဒပြကြပါတယ်။ မွန်းလွဲ သုံးနာရီကျော်လောက်မှာ ဆန္ဒပြပွဲပြီးလို့ လူစုခွဲကာ အေးအေးဆေးဆေး ရှိနေပြီးမှ တော်လှန်ရေး ကောင်စီတွေက ရဲတပ်ဖွဲဝင်တွေကို စေလွှတ်ပြီး ကျောင်းသားတွေကို ဖမ်းရာမှ စပြီး တဖက်နဲ့ တဖက် ရင်ဆိုင် တိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။ ကျောင်းသားတွေက အနာခံပြီး သတ္တိရှိရှိ ရင်ဆိုင်တိုက်ကြလို့ ရဲတွေ နောက်ဆုတ်ကြရတယ်။

ရဲတွေနေရာမှာ စစ်သားတွေ ရောက်လာတယ်။ ဒုတိယဗိုလ်မှုးကြီး စိန်လွင်က ဦးဆောင်တယ်။ ၅ နာရီခွဲလောက်မှာ အထက်အမိန့်ကို ရရှိတဲ့ စိန်လွင်က ပစ်မိန့်ပေးလို့ စစ်သားတွေနဲ့ လက်တကမ်း လောက်အကွာမှာ ရှိနေတဲ့ ကျောင်းသား ထောင်ပေါင်းများစွာကို G3 သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ကြလို့ ၁၅၀ ကျော်ကျော်လောက် ကျဆုံးခဲ့ရတယ်။ နောက်နေ့မနက် ၅နာရီခွဲ လောက်မှာ တကသ အဆောက်အအုံကို မိုင်းခွဲဖျက်စီးပစ်ကြတယ်။

ဦးနေ၀င်းကတော့ ဇူလိုင်(၇)ရက် အရေးအခင်းကို ဖြေရှင်းခဲ့တာဟာ ကျုပ်အမှား မဟုတ်ဘူး၊ ဗိုလ်အောင်ကြီးရဲ့ အမှားသာ ဖြစ်တယ်လို့ (၁၉၈၈)ခုနှစ် ဇူလိုင်(၂၃)ရက်နေ့ ကျိုက္ကဆံ ညီလာခံ မိန့်ခွန်းမှာ ရှောင်ထွက်ဖို့ ကြိုးစားပြီးတဲ့နောက် ဦးအောင်ကြီးကလည်း သူ့တာဝန် မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြန်ပါတယ်။

ထို့ကြောင့်စစ်အာဏာရှင်တွေအနေနဲ့ အဖြစ်မှန်ကို ဖုံးဖိထားပြီး အမှားတွေ ကျူးလွန်ကြတာ ဒီနေ့အထိ အတောမသတ်ကြ သေးပါဘူး။

ဒီနှစ်မှာဆိုရင် ဇူလိုင်လ(၇)ရက် ဖြစ်ပွားခဲ့တာ (၄၇)နှစ် ရှိသွားပါပြီ အဲဒီ အရေးအခင်းတုန်းက တက္ကသိုလ်မှာ အငယ်ဆုံး ကျောင်းသားတွေဟာ အသက်(၁၆)နှစ် ရှိခဲ့တာမို့ အခုအချိန်မှာ အသက်(၆၃)နှစ် ရှိနေကြပါပြီ။

ခုထိဘာတွေမှားခဲ့သလဲ ဘာလုပ်ရပ်တွေဟာ အလွန်အကျွံလဲ၊ သေဆုံးသူ အရေအတွက်တွေက အမှန်တကယ် ဘယ်လောက် ရှိခဲ့သလဲ၊ သေဆုံးသူ စာရင်းထဲမှာ မထည့်သွင်း မကြေညာဘဲ ထားတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ မိဘဆွေမျိုး ညီအစ်ကို မောင်နှမ တူ၊ တူမတွေဟာ မိမိတို့ရဲ့ သားသမီး အကို၊အမတွေ ရန်ကုန် တက္ကသိုလ် ၀န်းထဲကနေ ဘယ်ကို ရောက်သွားသလဲ ဘယ်နည်းနဲ့ ပျောက်ဆုံးသွားသလဲ ခုထိ မသိကြသေးပါ။ ဒီအဖြစ်အပျက်တွေကို သင်္ခန်းစာယူပြီး နောက်နောင် ဒါမျိုး မဖြစ်ပွားအောင် ဘယ်လို ထိန်းသိမ်းကြမလည်း ဆိုသည့် ကောက်ချက်မျိုး မရှိသေးပါဘူးး။

ထို့ကြောင့်ကျောင်းသားတွေရဲ့သမိုင်းတွေအဖြစ်မှန်တွေကို မမေ့ မပျောက်ကွယ်သွားအောင် အမှန်တရားတွေကို ဖော်ထုတ်ဖို့ရာ ပေးဆပ်ခဲ့ကြသော၊ ပေးဆပ်နေဆဲ ဖြစ်ကြသောသူတွေအတွက် သမိုင်းတာဝန် ကျေပြွန်စေဖို့ရာ အနာဂတ် မျိုးဆက်သစ် လူငယ်များရဲ့ တာဝန်ဖြစ်သာ ဖြစ်တယ်။

ပြည့်စုံ

Read More...

Monday, July 6, 2009

နေ့စဉ်သတင်းများ (၅- ၇- ၀၉)

လွိုင်ကော်မြို့ လောင်းကစားဝိုင်းများကြောင့် ဒေသခံများ အကျင့်ပျက် သတင်း
ဂန္ဒီခန်းမ အစည်းအဝေး (မှတ်စုမှတ်တမ်း)
ဒေါ်စုနဲ့ မတွေ့ရဘဲ ဘန်ကီမွန်း မြန်မာပြည်ကနေ ပြန်ပြီ သတင်း
ဘင်္ဂလာ လက်ကိုင်ဖုံး စစ်ဆင်ရေး ဝန်ထမ်းများဆီသို့ ဦးလှည့် သတင်း
အမ်းအနီး ခရီးသည်တင် ဘတ်စ်ကား တိမ်းမှောက်
တဦးသေ အများအပြား ဒဏ်ရာရ
သတင်း

Read More...

Sunday, July 5, 2009

နေ့စဉ်သတင်းများ (၄- ၇- ၀၉)

ဘန်ကီမွန်းခရီးစဉ် ထူးခြားတဲ့အောင်မြင်မှု မရှိ သတင်း
မြန်မာခရီးစဉ် ဘန်ကီမွန်း စိတ်ပျက် သတင်း
ကုလအတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ငြင်းပယ်ခံရ (ဗွီဒီယိုအထူးသတင်း)
မစ္စတာဘန်ကီမွန်းခရီးစဉ်အပေါ် သူတို့အမြင် သတင်း
မစ္စတာဘန်ကီမွန်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ထပ်မံတွေ့ဆုံမည် သတင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ရဘဲ ဘန်ကီမွန်း မြန်မာပြည်ကနေ ပြန်ခဲ့ရ သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ဘန်ကီမွန်းက စစ်ဗိုလ်ချုပ်များကို အပြစ်တင် သတင်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ခရီးစဉ် ပြီးဆုံး သတင်း
ဝ နှင့် မိုင်းလားဒေသသို့ တပ်မတော်အရာရှိများ သွားနေတော့မည်ဟု တြိဂံတိုင်းမှူး ပြော သတင်း
ပြီးခဲ့သည့်လက ထိုးစစ်တွင် သေဆုံး၊ ဒဏ်ရာရသူ DKBA ကရင် တပ်ဖွဲ့ဝင် (၂၅၀) ကျော်ရှိ သတင်း
ပဲခူးမှာ ကလေးသူငယ်များ သွေးလွန်တုပ်ကွေး ဖြစ်ပွား သတင်း
မြောက်ကိုရီးယား ရန်စမှုကို တောင်ကိုရီးယား တုံ့ပြန်ရန်အသင့် သတင်း
စိန်ခေါ်မှုတွေ အမေရိကန် ရင်ဆိုင်နေရဆဲ သတင်း
Weekly Eleven က RFA နှင့် မဇ္ဈိမကို တိုက်ခိုက် သတင်း
နာမည်ကျော် စာရေးဆရာမ လွန်းထားထား သမီး မွေးနေ့အတွက် ဆွမ်းကပ် သတင်း

Read More...

အပေါ်သို့