22 August 2011
ဗိုလ်မှူး ကျော်ကျော်ခိုင်
အထက်ဖေါ်ပြပါ အလှည့်ကျအကျိုးပေးမည့်ကံအရ ပြည်သူသာအမိ၊ပြည်သူသာအဖ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်၊ နေ့စဉ်နေ့တိုင်း ရွတ်ဆိုနေကြ သစ္စာလေးချက်ထဲက တစ်ချက်ဖြစ်တဲ့ ပြည်သူလူထုက ကျွေးသော ထမင်းနှင့် ဟင်းကို စား၍ ပြည်သူလူထု၏ ကျေးဇူးသစ္စာကို စောင့်ရှောက်ပါမည်ဟု ကတိသစ္စာပြုထားကြသော မိမိတို့စစ်သည် များသည် မမှန်ကန်သော အမိန့်တခုအားဖြင့် ပြည်သူလူထုကို ရိုက်နှက် ပစ်ခတ်သတ်ဖြတ် စော်ကားခြင်းမှာ အမိသတ်အဖ သတ်ကံ နှင့် အလားတူဖြစ်နေ၍ အပြစ်အကြီးဆုံး ဂရုကကံ အကျိုးပေးအတွင်း သက်ဆင်းကာ မဟာအဝီစိငရဲသို့ တိုက်ရိုက် သက် ဆင်းနိုင်ပေသည်။ အထက်အကြီးအကဲကို သစ္စာစောင့်သိ ရိုသေရာတွင် တော်တည့်မှန်ကန်စွာ သစ္စာရှိရမည် ဆိုတဲ့ ပညတ် ချက် ရှိသည်ကို တပ်မတော်သားတိုင်း သတိပြုရပေမည်။
ဘဝတသက်တာတွင်လည်း သင်တန်းတက်ချိန်ကလေးတွင်သာ သစ္စာလေးပါးကို ရွတ်ဆို ဦးထိပ်ထားနိုင်ခဲ့သော်လည်း တပ်ရင်း တပ်ဖွဲ့ ရောက်ပြီဆိုသည်နှင့် သစ္စာလေးပါးကို ပစ်ချကာ နေ့တဓူဝ အဆူအဆဲ အကြိမ်းအမောင်းများအကြား၊ စစ်သားတို့၏ သဘာဝ တပ်မတော်က ထုတ်ပေးသည့် Army Rum ဒေသန္တရ ယမကာရရာ မှီဝဲ၍ မူးယစ်သောက်စား ရမ်းကားခြင်းများ၊ လောင်းကစား ကြိတ်ဝိုင်းလေးများ ၊ မတရားပေါ်တာဆွဲ၍ ရိုက်နှက်ညှင်းပန်းခြင်းများ၊ ပေါ်တာပြန်ပေးဆွဲခြင်းများ၊ အိမ်ထောင် သည်လိုင်း/ လူပျိုလိုင်းတို့မှ ထူးခြားပြဿနာများ၊ စိုးရိမ်ပူပန်မှု ဒေါသ ပေါက်ကွဲမှုများဖြင့် ပြည့်နှက်နေသည့် တိုက်ပွဲများ၊ ပစ်ခတ် သတ်ဖြတ်မှုများ စသည်စသည် ဇယားချစီစစ်လိုက်တော့ နေ့စဉ် ပြုနေကျမို့ အာရုံမှာစွဲနေမည့် အာစိဏ္ဏကံကလည်း မကောင်း မှု အကုသိုလ်များသာ ဖြစ်နေသည်။
သေကာနီးကပ်၍ပေါ်လာမည့် အာသန္နကံကလည်းမကောင်းမှု အကုသိုလ်များသာ ဖြစ်နေတော့ ဘယ်သို့မျှ ရဲသော်မသေ သေ သော်ငရဲမလား၊ နတ်ပြည်လားရန် အကြောင်းကို မမြင်မိပါချေ။ ပြည်သူလူထုက မေတ္တာပို့ဆိုနေသလို ရဲဘော်သေ၊ သေသော် ငရဲသွားဖြစ်ဖို့က လမ်းများလှ၏။ အဖစစ်အာဏာရှင် ဗိုလ်သန်းရွှေ၏ ကောင်းမှုကြောင့် သံဃာတော်များကို ရိုက်နှက်သတ်ဖြတ် ထားသည့် ပြစ်မှုကလည်း တိုးထားသေးသည်။ မတရားဖမ်းဆီးထောင်ချ နှိပ်စက်ညှင်းပန်းခြင်းများကလည်း ဝဠ်မှာအမြဲ ငရဲ မှာ အပ လိုက်လာမည့် ဝဠ်ကြွေးများ ဖြစ်လာချေပြီ။ ဒိဌဓမ္မဝေဒနီယကံက ယခုလက်ငင်းပစ္စုပ္ပန်ဘဝတွင် အကျိုးမပေးသေးပေမဲ့ ဥပပဇ္ဇဝေဒနီယကံ ဒုတိယဘဝနှင့် အပရာပရိဝေဒနီယကံခေါ် တတိယဘဝမှ နိဗ္ဗာန်မရမချင်း လှည်းနောက် လှည်းဘီးရာ လိုက် သကဲ့သို့ အကုသိုလ်ဆိုးကျိုး လိုက်ပေးပေတော့မည်။ ယခုဘဝမှာပင် နေ့စံညခံ နေစံညခံ နေ့စဉ်ခံပြိတ္တာမျိုးနှင့် တူလှစွာသော စစ်သားဘဝမှာပင် ဒုက္ခပင်လယ် ဝေနေတာကို သိမြင်နားလည်လျင် ဘဝသံသရာမှာ ငရဲမှလွတ်ပြီးလူဖြစ်တောင် လူဖြစ်ရှုံးရဦး မည်ကို သဘော ပေါက်သင့်သည်။ ဗိုလ်မှူးချုပ်ဟောင်း စိန်ဝင်းက သူရေးသားသော ဘာသာရေး စာအုပ်တအုပ်တွင် ငယ်စဉ် ကသေမှာ လုံးဝ မကြောက်တတ် ခဲ့ဖူးကြောင်း၊ ယခုအသက်အရွယ်ရလာပြီး တရားဓမ္မများကို လေ့လာနားလည်လာချိန်တွင်မူ သေမှာ ကြောက်တတ်နေပြီဖြစ်ကြောင်း ဖေါ်ပြထားသည်မှာ လေးစားချီးကျူးရသကဲ့သို့ သံဝေဂရဖွယ်ရာလည်း ကောင်းလှသည်။
ဗိုလ်သန်းရွှေ၏ စစ်အာဏာရှင်ကြီးများကတော့ အာဏာရာထူးနှင့် အာဏာနောက်က ပါလာသော ငွေကြေးစီပွားများဖြင့် မာန်တက်၍ ကောင်းတုန်းဖြစ်နေသည်။ အရာရှိစစ်သည်များ အနေနှင့် စစ်အာဏာရှင်ကြီးများ ခေါ်ဆောင်ရာ အပါယ်ဘုံဘဝ များသို့ ၎င်းတို့နှင့်အတူ လိုက်ပါမသွားမိကြဖို့ လိုပါသည်။ စစ်အာဏာရှင်ကြီးများ အချို့အရာရှိကြီးများက စစ်သားလုပ်မှာလား၊ ဘုန်းကြီး လုပ်မှာလားဟူ၍ မေးတတ်ကြသည်။ ထေရဗုဒ္ဓဘာသာ အဆုံးအမကို စေ့စေ့စပ်စပ် လေ့လာသိရှိထားပါလျင် ထိုအမေး မျိုး မည်သူမျှ မေးလိမ့်မည်မထင်။ အမှန်စင်စစ် အဆိုပါ အချို့ အရာရှိကြီးများက ရှေ့တန်းထွက်ချိန်ဆိုရင်တော့ ပုတီးကို လက်က မချတော့၊ ပါးစပ်က ဂယောင်ကတမ်း ဘုရားစာ ရွတ်နေသူများဖြစ်သည်။ လေထီးခုန် သင်တန်းမှာတုန်းက မနက်ဖြန် လေယာဉ် ပေါ်မှ ခုန်ချရမည်ဖြစ်၍ ဒီနေ့ည အသံကျယ်ကျယ်နှင့် သူငယ်ချင်း၏ ဘုရားရှိခိုးသံကြီး ကြားရသည်။ မြေပြင် လေ့ကျင့်ချိန်တွင် တကြိမ်တခါမှ ဘုရားရှိခိုးတာ မတွေ့ဖူးသဖြင့် နောက်မိရာက အသတ်ခံရမည့်ကိန်း ဆိုက်ခဲ့ရဖူး၏။ လူဆိုသည်မှာ ကျန်းမာရေး ကောင်းချိုန် ကျန်းမာရေးကို ဂရုမပြုတတ်သလို ဘဝသံသရာဘေးကို မတွေးမိသေး သေဘေးဝေးနေချိန်မှာ လောဘဒေါသ မောဟ ရာဂမီးတွေလောင်ပြီး ဘုရားတရားသံဃာကို မေ့လျော့ နေတတ်ကြသည်။ အချို့က စစ်သားဆိုတာ လူသတ်ရတယ် စစ်သားဆိုကြမ်းမှရမ်းမှ၊ စစ်တပ်ဆိုတာ လူသတ်ဖို့ ဖွဲ့ထားတာဆိုတာမျိုး ထင်မှတ်ပြောဆို နေသူများကိုလည်း တွေ့ခဲ့ရဖူးပါသည်။ စစ်တပ်နှင့် စစ်တပ်၏ လုပ်ငန်းတာဝန်သဘောကို အသေအချာ နားမလည်မှုကြောင့် နားလည်မှုလွဲခြင်း ဖြစ်၏။
အစွဲပြုတ်ချင်လျင် တရားရိပ်သာသွား ဟူသော အလွန်အကျွံသမားများကလည်း လောကကြီးအကြောင်း ကောင်းစွာ သိသလိုလို ထအော်တတ်တာ တွေ့ရသည်။ အမှန်မှာ ဤ သေသော်ငရဲမလား ဆိုသော စာကြောင်းကို ရှေးစာဆို ရဟန်းရှင်လူပညာရှိများက လက်လွတ်စပါယ် ရေးသားဖွဲ့ဆိုထားခဲ့ခြင်းတော့ မဟုတ်ပါချေ။ စာပေကျမ်းဂန်များနှင့် ညှိနှိုင်းကာရေးသားခဲ့ခြင်း ဖြစ်၍ လုံးဝမှား ပါသည်ဟုလည်း မဆိုလိုနိုင်။ ရှေးခေတ်ကာလကပင် စစ်တပ်ဆိုတာရှိခဲ့သည်။ နိုင်ငံကို ထိပါးနှောက်ယှက်နေသော လူဆိုးသူခိုး သူပုန်ဓါးပြများကို နန်းတော်က အိမ်ရှေ့မင်းသား၊ စစ်သူကြီးများ ဦးစီးသော စစ်တပ်ကို စေလွှတ်နှိမ်နှင်း စေခိုင်းရတာ တွေ့ရ သည်။
အချို့သော ရှင်ဘုရင်စစ်သူကြီးများလည်း ဒိဌိပြုတ်၍ သောတာပန်အဖြစ်နှင့်ပင် တိုင်းပြည်အရေး ဆောင်ရွက်ခဲ့ကြသည်။ ဗုဒ္ဓ မြတ်စွာဘုရားရှင်လက်ထက်တော်တွင်ပင် ကောလိယနဲ့ ကပိလ၀တ် နှစ်နိုင်ငံတို့ ရောဟိဏီမြစ်ကို လုကြရာမှ သွေးချောင်းစီး မယ့် စစ်ပွဲကို ဘုရားရှင်သည် ငြိမ်းချမ်းသော အသံတော်ဖြင့် ငြိမ်းချမ်းရေးတရားဟောခြင်းဖြင့် ပြေလည်အောင် ဖြေရှင်းတော်မူ ခဲ့ရ၏။ တိုက်ပွဲများစွာ ဆင်နွဲဖူးသော စစ်သူကြီးတွေလည်း ဘုရားရှင်ထံတော်ဝယ် ရဟန်းပြုတရားရှာကာ ဘဝသံသရာမှ လွတ် မြောက်ခဲ့ဖူးကြ၏။ ဗုဒ္ဓပွင့်ထွန်းလာမှသာ ကုသိုလ်၊ အကုသိုလ် အလုပ်များနှင့် ဘဝသံသရာ အကြောင်းတရားများ သိရှိလာနိုင် ကြခြင်း ဖြစ်၏။ ဗုဒ္ဓသည် သူတပါးအသက် သတ်ဖြတ်ခြင်း၏ အပြစ်ကို ပါဏာတိပါတကံဖြင့် ဟောကြားဆုံးမထားခဲ့၏။
[B]အပိုင်း (၃) ကို နောပ်တစ်ပတ်တွင် ဆက်လက်ဖော်ပြသွားပါမည်...
Ref: ဖိုးတရုတ်
Wednesday, August 24, 2011
ရဲသော်မသေ၊ သေသော်ငရဲမလား - အပိုင်း (၂)
ပြည်ချစ်ဝါဒ သင်ခန်းစာကို ဟောင်ကောင် ကျောင်းဆရာများ ခါးခါးသီးသီးပယ်ချ
23 August 2011
မောင်မောင်သန်း
ဟောင်ကောင်၏ အကြီးဆုံး ကျောင်းဆရာ သမဂ္ဂက မသင်မနေရ တရုတ်ပြည်ချစ်ဝါဒ သင်ကြားရေး အစီအစဉ်ကို လက်မခံရန် မြို့အာဏာပိုင်များအား ဗုဒ္ဓဟူးနေ့က မေတ္တာရပ်ခံခဲ့သည်။
ဤနှစ်ဆန်းပိုင်းတွင် မြို့တော်၏ ထိပ်တန်း ပညာရေး အာဏာပိုင်များက ကျောင်းသားငယ်များအတွက် အဆိုပါ အငြင်းပွားဖွယ် သင်ခန်းစာများ မသင်မနေရ သင်ကြားရေး အစီအစဉ်ကို တင်ပြခဲ့ရာ၊ နိုင်ငံရေး အတွေးအခေါ် ရိုက်သွင်းမှုများ ဖြစ်ပွား တော့မည် လောဟူသော စိုးရိမ်စိတ်များ ပေါ်ပေါက်စေခဲ့သည်။
ဟောင်ကောင် ကျောင်းဆရာများ သမဂ္ဂ၏ ပြောရေးဆိုခွင့် ရှိသူတဦး ဖြစ်သော ဂျိမ်းဟွန်က ဤအစီအစဉ်ကို ခါးခါးသီးသီး ပယ်ချ ခဲ့သည်။
“ဒါက (ကျနော်တို့ရဲ့ ပညာရေး စနစ်ထဲကို) နိုင်ငံရေးအရ ဝင်စွက်ဖက်တာပဲဆိုတာ ရှင်းနေပါတယ်။” ဟု သူက ဆိုပါသည်။ ထို့နောက် “ကျောင်းသားတွေရဲ့ ဘက်စုံ ဖွံ့ ဖြိုး တိုးတက်မှုကို အနှောင့်အယှက် ဖြစ်စေပါလိမ့်မယ်။” ဟုလည်း သူက ဆက် ပြောခဲ့သည်။
ယခင်က ဗြိတိသျှ ကိုလိုနီဖြစ်ခဲ့ပြီး၊ (၁၉၉၇) ခုနှစ်က တရုတ်ပြည်သို့ ပြန်လည် လွှဲပြောင်း ပေးခဲ့သော ဟောင်ကောင်သည် ၄င်း၏ နိုင်ငံရေးနှင့် တရား ဥပဒေရေးရာ စနစ်ကို ဆက်လက် ထိန်းသိမ်းခွင့် ရထားသော တဝက်တပျက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေ ဖြစ်ပြီး၊ ပြည်မကြီးမှာ မရရှိနိုင်သော ပြည်သူ့ အခွင့်အရေးများ ရနေသည်။
လူဦးရေ (၇) သန်းရှိသော ဟောင်ကောင်၌ ဘေဂျင်း အစိုးရအား မကြာခဏ ဆိုသလို ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပွားလေ့ရှိသည်။
ဤသင်ကြားရေး အစီအစဉ် အရဆိုလျှင် ကျောင်းသားများသည် “အမျိုးသား သင့်မြတ်မှု၊ အမျိုးသား လက္ခဏာနှင့် အမျိုးသား သွေးစည်းမှု တည်ဆောက်ရေး” တို့အပေါ် အခြေခံသော သင်ခန်းစာများကို တနှစ်လျှင် နာရီပေါင်း (၅၀) သင်ယူကြရမည် ဖြစ် သည်။
ကွန်ရက် စာမျက်နှာမှာ တင်ထားသော ပညာရေး ဗြူရို၏ လမ်းညွှန်ချက်များ အရဆိုလျှင် စာမေးပွဲများ ရှိမည် မဟုတ်သော်လည်း ကျောင်းသားများအနေနှင့် “တရုတ်လူမျိုး ဖြစ်ရသည်ကို ကျေနပ်ခြင်းရှိ၊ မရှိ” (သို့မဟုတ်) “မိမိတို့၏ အနာဂတ် အတွက် အစီ အစဉ် ချမှတ်ရာ၌ တိုင်းပြည်၏ လိုအပ်ချက်များကို ထည့်သွင်း စဉ်းစားခြင်းရှိ မရှိ” သင်ခန်းစာ သင်ကြားရာ၌ အကဲဖြတ်သွားမည် ဖြစ်သည်။
ကျောင်းသားများအနေနှင့် ဤသင်ခန်းစာများက သူတို့အား “မိမိသည် တရုတ်ပြည်မကြီးမှာ အကြုံး ဝင်သည်ဟူသော အသိကို ရရှိစေမည်”၊ “အမျိုးသား အားကစားအသင်းများကို အားပေးလာစေမည်”၊ “တရုတ် ယဉ်ကျေးမှုကို တန်ဖိုး ထားလာစေမည်” ဟု ဤသင်ခန်းစာများကို လိုလားသူများ ဆိုပါသည်။
အဖွဲ့ဝင် ရှစ်သောင်းကျော် (၈၀ ဝ၀ဝ) ရှိ (ဟောင်ကောင်ရှိ ကျောင်းဆရာ၊ ဆရာမများ၏ ၉၀ ရာခိုင်နှုန်း) သော ဤကျောင်းဆရာ များ သမဂ္ဂ၏ စစ်တမ်း ကောက်ယူရရှိချက်၌ လေ့လာ တွေ့ရှိထားသည်မှာ ဤသင်ခန်းစာများကို အဖွဲ့ဝင် ၇၀ ရာခိုင်နှုန်းက ဆန့် ကျင် သည် ဟူ၍ဖြစ်သည်။
ကျောင်းသားများအား ဤသာသာရပ်ဖြင့် နိုင်ငံရေး အတွေးအခေါ်များ ရိုက်သွင်းမည်ကို ၆၇ ရာခိုင်နှုန်းက “စိုးရိမ်” သို့မဟုတ် “အလွန် စိုးရိမ်” ကြောင်း စစ်တမ်း ကောက်ယူရရှိချက်က ဖေါ် ပြထားသည်။
ဤအစီအစဉ်ကို အတည်ပြု ဖြစ်ပါက ဤသင်ခန်းစာများကို မူလတန်းကျောင်းများ၌ လာမည့်နှစ်တွင်၎င်း၊ အလယ်တန်းကျောင်း များ၌ (၂၀၁၃) ခုနှစ် တွင်၎င်း စတင် သင်ကြားသွားမည် ဖြစ်သည်။
Ref: မောက္ခ
ရေကြီးမှုကြောင့် ကျောင်းပိတ် ထားရသည့် ဒုက္ခသည်ကလေးများ စာသင်နေပြီ
23 August 2011
နန်းသူးလေ
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရင်းမြို့နယ်ရှိ မယ်ရာမိုနှင့် မယ်လအူး ဒုက္ခသည်စခန်းများကို ယခုလဆန်းပိုင်းက မှိုင်းလုံး ကြီး (မူယူချောင်း) ရေနစ်မြုပ်ခဲ့သည့်အတွက် ပိတ်ထားခဲ့ရသည့် စခန်းတွင်းရှိ စာသင်ကျောင်းများမှာ ယခုအချိန်တွင် ပြန် လည် ဖွင့်လှစ်ကာ စာသင်နေပြီဖြစ်ကြောင်း စခန်းမှ လာသည့်သတင်များအရ သိရသည်။
စခန်းတွင်း ရေလွှမ်းမိုးမှုကြောင့် သြဂုတ်လ ၂ရက်နေ့မှစ၍ စာသင်ကျောင်းများကို စတင်ပိတ်ခဲ့ရပြီး ယခုအခါ ချောင်းရေများ ပြန်ကျသွားပြီဖြစ်သောကြောင့် ပြီးခဲ့သည့် ၁၇ရက်နေ့တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ကရင်ဒုက္ခသည် ကော်မတီ-KRC ဥက္ကဌ စောရောဘတ်ထွေးက ကေအိုင်စီကို ပြောသည်။
၎င်းက “စခန်းထဲမှာ ရေကြီးလို့ အိမ်တွေ ရေမြုပ်ကုန်တယ်။ ဒါကြောင့် ကျောင်းသား ၆၀၀ကျော်လောက်က သူတို့ရဲ့ကျောင်း သုံးစာအုပ်တွေနဲ့ ပစ္စည်းတွေအားလုံး ရေထဲမှာ ပါသွားတယ်၊ အခုတော့ စခန်းထဲမှာ ကျောင်းသုံးပစ္စည်းတွေကို ဝေငှသုံးစွဲနေ ကြပြီး ကျောင်းတွေတော့ ပြန်တက်နေကြပါပြီ။”ဟု ပြောသည်။
မယ်ရာမိုစခန်းတွင် ကျောင်းသားကျောင်းသူဦးရေ ၈ထောင်ကျော်ရှိကာ မူကြိုကျောင်းမှ အထက်တန်းလွန်ကျောင်းအထိ စုစု ပေါင်းကျောင်း ၂၀ကျော်ရှိပြီး မယ်လအူးစခန်းတွင် ကျောင်းသားကျောင်းသူဦးရေ ၆ထောင်ကျော်ရှိကာ မူလတန်းမှ အထက် တန်းလွန်ကျောင်းအထိ စုစုပေါင်း ကျောင်း ၁၀ကျောင်း ရှိသည်။
မယ်ရာမိုစခန်းတွင် အိမ်ပေါင်း ၃၀၀ကျော် ပျက်စီးခဲ့ရပြီး မယ်လအူးစခန်းတွင်လည်း အိမ်ပေါင်း ၆၀ကျော် ပျက်စီးခဲ့ကာ ယခုအ ခါတွင် ထိုဒုက္ခသည်များသည် ယာယီ တဲအိမ်များ ဆောက်လုပ်ကာ နေထိုင်နေရကြောင်းနှင့် ၎င်းတို့အား NGO နှင့် KRC မှ တာဝန်ရှိသူများက ကြိုး၊ အ၀တ်အစား၊ရေပုံး၊ ဇလုံနှင့် အိမ်သုံးပစ္စည်းအချို့ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မဲ့စရင်းမြို့မှ KRC ၀န်ထမ်းတစ်ဦးက ပြောဆိုသည်။
ယခုအချိန်တွင် ရေကြီးမှုကြောင့် ကျိုးကျသွားသည့် မယ်ရာမိုစခန်း၏ ရပ်ကွက်(၇)အတွင်းရှိ ကြိုးတံတားမှာ ပြန်လည်ပြုပြင် နိုင်ခြင်းမရှိသေးသည့်အတွက် ကျောင်းသူကျောင်းသားများမှာ စက်လှေဖြင့်သည ချောင်းဖြတ်ကူးနေကြရသည်ဟု သိရသည်။
ဒုက္ခသည်စခန်းနှစ်ခုတွင် ဒုက္ခသည် ၂,၀၀၀ကျော် ရေဘေးသင့်ခဲ့ပြီး ရိက္ခာဂိုဒေါင်များ ပြိုကျပျက်စီးကာ အစားအစာရိက္ခာ၊ အိမ် ခြေ၊ တံတားနှင့် ကျောင်းများ ပျက်စီးဆုံးရှုံးခဲ့ရာ တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေသန်းတစ်ထောင်ကျော်ရှိသည်ဟု သိရှိရသည်။
Ref: ကေအိုင်စီ
မြန်မာစစ်တပ် ပစ်ခတ်၍ ပလောင်ရွာသားတဦး သေဆုံး
23 August 2011
စောခါးစူး
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုန်မြို့နယ် လွယ်ဆောင်ရွာတွင် မြန်မာစစ်တပ်က ပစ်ခတ်သည့်အတွက် ပလောင်အမျိုးသား တဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
သြဂုတ် ၁၆ရက်နေ့က မန်တုန်မြို့အခြေစိုက် ဗိုလ်မှူးကျော်ဇေယျာထွန်း ဦးဆောင်သည့် မြန်မာအစိုးရ ခြေလျင်တပ်ရင်း-ခလရ (၁၃၀)သည် လွယ်ဆောင်ရွာ (ပလောင်ရွာ) သို့ ခေတ္တ ၀င်ရောက်ရပ်နားခိုစဉ် အသက် ၂၇နှစ်အရွယ် မိုင်းအိုက်ဆမ်ပီးကို ကချင် (သို့မဟုတ်) သျှမ်းလက်နက်တပ်ဖွဲ့ဝင်ဟု ထင်မှတ်ကာ မှားယွင်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတဦးဖြစ်သူ လွေး အမ်က ကေအိုင်စီကို ပြောသည်။
၎င်းက “စစ်တပ်(မြန်မာအစိုးရတပ်)က အဲဒီရွာထဲကို ၀င်လာတဲ့အခါ အိုက်ဆမ်ပီးက သူ ပေါ်တာ အဆွဲခံရမှာကို ကြောက်ပြီး ပုန်း တယ်လေ။ ပုန်းတာကို စစ်တပ်က တွေ့တော့ သေနတ်နဲ့ ပစ်လိုက်တာ သုံးချက်မှန်ပြီး သေသွားတယ်။”ဟု ပြောသည်။
မတ်လမှစ၍ မြန်မာစစ်တပ်နှင့် ကချင်၊ သျှမ်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် မန်တုန်ဒေသတ၀ိုက်၌ ကချင်နှင့် ရှမ်းတပ် ဖွဲ့များ ၀င်ရောက်လှုပ်ရှား ခိုအောင်းနေသည်ဟု ယူဆကာ မြန်မာစစ်တပ်က လိုက်လံရှာဖွေမှုများ ပြုလုပ်နေသည်ဟု ၎င်းက ဆက် ပြောသည်။
ယခုလို လွယ်ဆောင်ရွာသား ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ထိုင်း-မြန်မာအခြေစိုက် ပလောင်(တအာင်း) အမျိုးသမီး အစည်း အရုံး-PWO မှ သြဂုတ်လ ၂၂ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်အရ ပစ်သတ်ခံရသူကို စစ်တပ်က လျော်ကြေးငွေ ၅၀၀၀ကျပ်သာ ပေးခဲ့သည်ဟု သိရှိရသည်။
PWO ၏ အတွင်းရေးမှူး လိုည်းနွေနှောင်းက “စစ်တပ်က သူ(မိုင်းအိုက်ဆမ်ပီး)ရဲ့မိဘတွေကို ပိုက်ဆံအဲလောက်ပဲ ပေးတယ်။ အခြားဘာမှကူညီခဲ့တာ မရှိဘူး။ ဒီကိစ္စကို ရွာသားတွေ မကျေနပ်တာတွေ ရှိပေမယ့် ကြောက်တော့ ဘာမှ ပြန်မပြောရဲကြဘူး။ ”ဟု ပြောသည်။
မန်တုန်မြို့နယ် လွယ်ဆောင်ရွာ အနီးအနားတွင် မိုင်းမော်၊ တောနေ စသည့် ပလောင်ရွာများ တည်ရှိပြီး တရွာတရွာလျင် အိမ်ခြေ ၈၀မှ ၁၀၀အကြားတွင် ရှိသည်။ အဆိုပါဒေသတွင်း လှုပ်ရှားနေသည့် မြန်မာစစ်တပ်များသည် ဒေသခံရွာသားများအား ရံဖန်ရံခါ ပေါ်တာဆွဲမှုများ ရှိနေသည်ဟု ပလောင်ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
Ref: ကေအိုင်စီ
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး လွှတ်တော်မှာ ကင်တားနား တိုက်တွန်း
23 သြဂုတ် 2011
မသင်းသီရိ
မြန်မာနိုင်ငံမှာ တိုးတက်တဲ့ နိုင်ငံရေးဖြစ်စဉ် တချို့ကို တွေ့ရပေမဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်ကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ လိုနေသေးတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) က ပြောလိုက်ပါတယ်။ မစ္စတာ ကင်တားနားက နေပြည်တော်မှာ လွှတ်တော်ကိုယ်စားလှယ် တချို့နဲ့ တွေ့ဆုံစဉ်အတွင်း အခုလို ပြောဆိုလိုက်တာ ဖြစ်သလိုပဲ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နဲ့လည်း တွေ့ဆုံခဲ့တဲ့အပြင် နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်ကိုလည်း ၀င်ရောက် လေ့လာခဲ့ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်၊ တနင်္ဂနွေနေ့ ကတည်းက မြန်မာနိုင်ငံကို ရောက်နေတဲ့ မစ္စတာ ကင်တားနားဟာ သူ့ရဲ့ခရီးစဉ် ၃ ရက်မြောက်ဖြစ်တဲ့ ဒီကနေ့ မနက်မှာတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ နေပြည်တော်မှာ အရင်ဆုံး တွေ့ပါတယ်။ နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့အတူ အခု နေပြည်တော်မှာ ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် တချို့နဲ့လည်း တွေ့ဆုံပါတယ်။ ဒီ့နောက် မစ္စတာ ကင်တားနားဟာ လွှတ်တော်အစည်းအဝေးထဲ ၀င်ရောက်ပြီး လေ့လာခဲ့တယ်လို့ မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်တွင်း အတူလိုက်ပါနေတဲ့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောပါတယ်။
“ကျနော် အတိအကျတော့ မပြောပါရစေနဲ့၊ ဒါပေမဲ့ ဒီနေ့မနက် မစ္စတာ ကင်တားနားက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နဲ့ တွေ့ခဲ့ပါတယ်။ ပြီးတော့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့လည်း တွေ့တယ်။ ပြီးတော့ တချို့ လွှတ်တော်ကိုယ် စားလှယ် တွေနဲ့လည်း တွေ့ခဲ့ပါတယ်။ ပြီးတော့ လွှတ်တော်ထဲဝင်ပြီးတော့ လေ့လာကြည့်ပါတယ်။ လွှတ်တော်မှာ လွှတ်တော် အမတ်တွေ ဆွေးနွေးနေတာ မစ္စတာ ကင်တားနားကိုယ်တိုင် ကြားခဲ့ရပါတယ်။”
နေ့လယ်ပိုင်းမှာတော့ မစ္စတာ ကင်တားနားဟာ ရွေးကောက်ပွဲ ကော်မရှင်ရုံးကိုလည်း သွားခဲ့သလို ပြည်ထဲရေး ၀န်ကြီးဌာနမှာ ပြုလုပ်နေတဲ့ လူ့အခွင့်အရေး သင်တန်းအတွင်းမှာ တနာရီနီးပါးကြာ လူ့အခွင့်အရေးသင်တန်း ပို့ချခဲ့ပါတယ်။
“ပြည်ထဲရေး ၀န်ကြီးဌာနမှာ လူ့အခွင့်အရေးသင်တန်း ကျင်းပနေတာ ရှိပါတယ်။ အဲဒီမှာ မစ္စတာ ကင်တားနားရော၊ နောက် UNICEF က မစ္စတာ ရာမစ်ရှ်ရော သူတို့ သင်တန်းပို့ချခဲ့တာပေါ့။ မစ္စတာ ကင်တားနားရဲ့ လက်ချာအပြီးမှာ ကျနော်တို့ ရန်ကုန် ပြန်မှာပါ။”
ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒီလို တွေ့ဆုံမှုတွေအတွင်း တိုးတက်တဲ့ နိုင်ငံရေး အခြေအနေ တချို့ကို သူတွေ့ရတာ ၀မ်းသာပြီး လက်ခံပေမဲ့ နိုင်ငံရေး အကျဉ်း သားတွေကို အမြန်လွှတ်ပေးရေးဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အရေးအကြီးဆုံး ဖြစ်တယ်လို့ လွှတ်တော် ကိုယ် စားလှယ်တွေနဲ့ တွေ့ဆုံစဉ် အတွင်းမှာ ပြောဆိုလိုက်တဲ့အကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ပြောပြပါတယ်။
“အပြုသဘော တော်တော်ဆောင်ပါတယ်။ သူကလည်း လွှတ်တော် ၂ ရပ်ကို အောင်အောင်မြင်မြင်နဲ့ အဆင်ပြေပြေ ကျင်းပနိုင်တာကို ၀မ်းသာတဲ့ အကြောင်းတွေလည်း ပြောတာပေါ့ဗျာ။ နောက် နိုင်ငံရေး အကျဉ်းသားကိစ္စ ပြောတယ်။ ဒေါ်အောင်ဆန်းစု ကြည် ကို လွှတ်ပေးတာ ကျေးဇူးတင်တဲ့ အကြောင်းတွေလည်း ပြောတယ်။ ဒီ့ထက်မက ဆွေးနွေး ညှိနှိုင်းနေကြတာကို တွေ့လို့ ၀မ်းသာတဲ့ အကြောင်းတွေလည်း သူပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့လည်း သူက ဆောင်ရွက်ပေးစေ ချင်တဲ့ သဘောပေါ့ဗျာ။ ကျနော်တို့ဘက်ကလည်း လွှတ်တော်အဆင့်ဆင့်ကို ဆွေးနွေးကြတာ ရှိပါတယ်။”
နေပြည်တော်က လွှတ်တော် အစည်းအဝေးကို တက်နေတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ပြောပြ ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ကင်တားနားနဲ့ အဖွဲ့ဟာ မနက်ဖြန် သြဂုတ်လ ၂၄ ရက် ဗုဒ္ဓဟူးနေ့မှာတော့ ရန်ကုန်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ မှာ ဖြစ်ပါတယ်။
ဒါ့အပြင် အင်းစိန် အကျဉ်းထောင်တွင်း သွားရောက်လေ့လာပြီး နိုင်ငံရေး အကျဉ်းသား တချို့နဲ့ တွေ့ဆုံတာ၊ တခြား နိုင်ငံရေး ပါတီတွေနဲ့အတူ တိုင်းရင်းသား အဖွဲ့တွေနဲ့ရော တွေ့ဖို့ အစီအစဉ်တွေကို အခုအချိန်မှာ ကြိုတင် မပြောပြနိုင်သေးပေမဲ့ မစ္စတာ ကင်တားနားဟာ လိုအပ်တဲ့သူ အားလုံးနဲ့ စုံစုံလင်လင်တွေ့ဖို့ အစီအစဉ် ရှိတယ်လို့ ကုလသမဂ္ဂရဲ့ ပြန်ကြားရေး အရာရှိ ဦးအေး ၀င်းက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားဟာ သြဂုတ် လ ၂၁ ရက် တနင်္ဂနွေနေ့မနက်က မြန်မာနိုင်ငံကို ရောက်ခဲ့ပြီး တိုက်ရိုက် နေပြည်တော်ကို သွားခဲ့ရာ အဲဒီနေ့မှာပဲ မြန်မာ နိုင်ငံ ခြားရေးဝန်ကြီး၊ ပြည်ထဲရေး ၀န်ကြီးတွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။
တခါ မနေ့ သြဂုတ်လ ၂၂ ရက် တနင်္လာနေ့ကလည်း ပြည်ထောင်စု တရားသူကြီး၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ်၊ မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့အတူ ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး အပြင် နိုင်ငံတော် အကြံပေးအဖွဲ့ ၃ ဖွဲ့နဲ့လည်း ထပ်မံတွေ့ဆုံပြီး လူ့အခွင့်အရေး အခြေအနေတွေ၊ နိုင်ငံရေး အကျဉ်းသား ကိစ္စတွေကို ပြောဆို ဆွေးနွေးခဲ့ပါတယ်။
မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို သြဂုတ်လ ၂၁ ရက်နေ့က ရောက်နေတာဖြစ်ပြီး ၂၅ ရက် ကြာသပတေးနေ့အထိ ၅ ရက်ကြာ နေထိုင်မယ့် သူ့ခရီးစဉ် အတွင်းမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာမှာ ဖြစ်သလို သူပြန် တဲ့နေ့မှာလည်း ရန်ကုန်လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပါမယ်။
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ အရင် စစ်အစိုးရ လက်ထက်က ၃ ကြိမ် မြန်မာနိုင်ငံကို လာခဲ့ဖူးသလို တိုင်းရင်းသား ဒေသတွေမှာ စစ်ခေါင်းဆောင်တွေ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်တခုဖွဲ့ပြီး စုံစမ်းဖို့ မစ္စတာ ကင်တားနားက လူ့အခွင့်အရေး ကော်မရှင်ကို အကြံပြုထားသူလည်း ဖြစ်ပါတယ်။
Ref: ဗွီအိုအေ
လူ့အခွင့်အရေး ကိုယ်စားလှယ် ရောက်ရှိစဉ် တကိုယ်တော် ဆန္ဒပြ
23 သြဂုတ် 2011
မအေးအေးမာ
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာနိုင်ငံကို ရောက်နေတဲ့ အချိန်နဲ့ ကိုက်ပြီး ဒီနေ့ မှာပဲ တွံတေးမြို့က နိုင်ငံရေး အကျဉ်းသားဟောင်း ကျူရှင်ဆရာ ဦးအောင်ဖေဟာ အကျဉ်းသားဝတ်စုံ ၀တ်ဆင်ပြီး နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းသည် အရေးကြီးဆုံး လူ့အခွင့်အရေးဖြစ်သည် ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး မြို့ပတ် ဆန္ဒပြခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
နိုင်ငံရေး တက်ကြွမှုတွေကြောင့် မကြာခဏ ထိန်းသိမ်းခံခဲ့ရတဲ့ တွံတေးမြို့က ကျူရှင်ဆရာ ဦးအောင်ဖေဟာ လူ့အခွင့်အရေး ကိုယ်စားလှယ် လာရောက်ချိန်မှာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ အနေနဲ့ ဆန္ဒပြခဲ့တာဖြစ်ကြောင်း အခုလို ပြောပါတယ်။
“လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားက မြန်မာပြည် ရောက်နေတဲ့ အချိန်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သူ သိချင်တယ်ပေါ့။ ရှိလား၊ မရှိလား လာရောက် စုံစမ်းတာတွေ ပါပါတယ်။ ကျနော် ဒါ မိမိရဲ့ဆန္ဒကို နိုင်ငံသားတယောက် အနေနဲ့ ထုတ်ဖော် ပြသခြင်း ဖြစ်ပါတယ်။
“ဒီမနက် ၉ နာရီလောက်မှာ ကျနော် နိုင်ငံရေး အကျဉ်းသားဝတ်စုံ အပြာရောင် အပေါ်အပြာ၊ အောက်အပြာ ၀တ်ဆင်တယ်၊ ၀တ်ဆင်ပြီးတော့ ၃ ပေ၊ ၂ ပေ ဆိုင်းဘုတ်မှာ အပြာရောင် စာလုံးနဲ့ ရေးတယ်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ခြင်းသည် အရေးအကြီးဆုံးသော လူ့အခွင့်အရေးဖြစ်သည် ဆိုပြီးတော့ အဲဒီစာကို ရေးတယ်၊ ရေးပြီးတဲ့အခါ ကျောက်တိုင်ကနေ စပြီးတော့ မြို့ထဲ လူစည်ကားတဲ့ နေရာကို ပတ်ပါတယ်။
“ဈေးအပါအ၀င်ပေါ့၊ ကမ်းနားပိုင်း၊ ရဲစခန်းရှေ့ အပါအ၀င် ကျနော် လျှောက်ပြီး ပတ်ပါတယ်။ လူထုက အကုန်လုံး ၀ိုင်းဝန်းကြည့်ရှု ပြီး အားပေးကြတာ တွေ့ရတော့ အတော် ပီတိဖြစ်မိပါတယ်။ နောက် လူထုကလည်း နိုင်ငံရေး အကျဉ်းသားတွေလွှတ်ဖို့ သူတို့ လိုလားကြတာကိုး။ SB တို့ ရဲတို့ နောက်ကနေ ဆယ့်လေးငါးယောက်လောက် ဓာတ်ပုံလိုက်ရိုက်တာတွေ ရှိပါတယ်။”
ဦးအောင်ဖေဟာ မကြာခဏ ထိန်းသိမ်းခံရမှုတွေ ရှိခဲ့ပါတယ်။ ဒီတကြိမ် ထူးခြားတာကတော့ သူ့ကို အာဏာပိုင်တွေက ဓာတ်ပုံ ရိုက်တာမျိုးတွေကိုသာ လုပ်ခဲ့ပေမဲ့ ဖမ်းဆီးတာမျိုးတွေ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။
“ကျနော့်အထင်တော့ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့၊ ကျနော်တို့ အရင်တုန်းက တောင်းဆိုဖူးတယ်၊ အမျိုးသား ရင်ကြားစေ့ရေး၊ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုဖူးတယ်။ အခု တွေ့ဆုံဆွေးနွေးရေးဆိုပြီး သူတို့ ခုတုံးလုပ်ထားတဲ့ လမ်းစကို လုပ်နေတဲ့ အခါကျ တော့ ဒီလိုမျိုး ဖမ်းလိုက်မယ်၊ ထိန်းသိမ်းလိုက်မယ်ဆိုရင် ပြောစရာဖြစ်မှာ စိုးတာပေါ့။ အတုအယောင် ဒီမိုကရေစီပဲပေါ့၊ ဒီမိုက ရေစီ လမ်းကြောင်းကိုလည်း သူတို့က ပျက်ယွင်းမှာ စိုးရိမ်တဲ့အတွက် ဖမ်းဆီးတာ မလုပ်ဘူးလို့ ထင်တယ်။ ခါတိုင်းဆိုရင်တော့ ဒီအချိန်ဟာ ကျနော် ပြန်အဖမ်းခံရမယ့် အချိန်မျိုးပါပဲ။”
လက်ရှိ မြန်မာအစိုးရနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံမှုတွေဟာ ယုံကြည်ဖွယ်ရာ မရှိဘူးလို့လည်း ဆိုလိုက်ပါတယ်။
“အလွယ်ဆုံး သုံးသပ်မယ် ဆိုရင်တော့ ဟန်ပြ ဒီမိုကရေစီကို သူတို့တွေက ဖန်တီးတာ သိသာတယ်။ သူနဲ့ သမ္မတ ဦးသိန်စိန်နဲ့ စကားပြောတဲ့ အချိန်မှာ ဒေါ်စုက ဧည့်သည်တယောက်လို ဖိတ်ထားတာမျိုး၊ ဒါကျတော့ ကျနော်တို့ သဘောမကျဘူး။ ဒေါ်စုက ကျနော်တို့ရဲ့ လူထုခေါင်းဆောင်ဖြစ်တယ်၊ ဒီလိုမျိုး ဒေါ်စုနဲ့ ဆွေးနွေးတဲ့ အခါမှာ ဧည့်သည်တယောက် အနေနဲ့ ဆွေးနွေးစရာ အကြောင်း မရှိဘူး။ သူတို့ပြောတဲ့ အတိုင်းပဲ ဒေါ်စုကို ဧည့်သည်တယောက် အနေနဲ့ သူက သွားတွေ့တဲ့ သဘောမျိုး ဖြစ်နေတယ်။ ကျနော်တို့က လက်မခံပါဘူး၊ အခုအချိန်ထိပါပဲ။”
၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလမှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မှာ သူနဲ့အတူ ကျောင်းသား ၃၀ ကျော် ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့သီချင်း ဆိုတာကြောင့်ရော၊ လွတ်လပ်ရေး ဖခင်ကြီးအကြောင်း ဟောပြောလို့ဆိုပြီး သူဟာ ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ် ၃ နှစ် ချခံခဲ့ရပါတယ်။ ဒီ့နောက် ၂၀၀၈ ခုနှစ် မေလ ၂၇ ရက်နေ့မှာလည်း မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ဘက်ကို ချီတက် လမ်းလျှောက်တဲ့အတွက် ၁၄ ရက်ကြာ ထိန်းသိမ်းခံရပါ တယ်။ ဒီ့နောက် သူ့ကို နေအိမ်ပတ်ဝန်းကျင်ကနေ ဘယ်မှမသွားရဘူးဆိုပြီး ခြေချုပ် လုပ်ထားတာကို ခံခဲ့ရပါတယ်။
ခြေချုပ်လုပ်ထားချိန်မှာပဲ ၂၀၀၉ ခုနှစ်မှာ ကျရောက်တဲ့ တော်လှန်ရေးနေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့မှာ စည်းဝိုင်း လုပ်ပြီး တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ နိုင်ငံရေး အကျဉ်းသား တွေ လွတ်မြောက်ရေး တောင်းဆိုခဲ့ပြီး တပြည်လုံးက NLD ရုံးတွေ ပြန်ဖွင့်ပေးဖို့ တောင်းဆိုတဲ့အတွက် သာယာဝတီထောင်မှာ ထောင်ဒဏ် ၁ နှစ် ချခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ရှိပြီး နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားတို့က မြန်မာအစိုးရကို တောင်းဆိုနေတာ လည်း ဖြစ်ပါတယ်။
Ref: ဗွီအိုအေ
လွှတ်တော်မှာ သတင်းယူခွင့် တိုးတက်မှုတချို့ မြင်တွေ့ရ
23 သြဂုတ် 2011
ဦးကျော်ထင်
နေပြည်တော်မှာ မနေ့က စတင်ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေမှာ ပြည်တွင်းပြည်ပ သတင်းထောက်တွေ သတင်းယူခွင့်ရှိတယ် ဆိုပေမဲ့ အကန့်အသတ်တွေကတော့ ရှိနေဆဲလို့ ဆိုပါတယ်။ ဒီလို ကန့်သတ်မှုတွေ ရှိနေပေမဲ့ အရင်ကထက် စာရင်တော့ တိုးတက်လာတဲ့ အနေအထား ဖြစ်တယ်လို့လည်း သတင်းသမားတွေက ပြောကြပါတယ်။ အပြည့်အစုံကို စုံစမ်း ထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။
သတင်းလွတ်လပ်ခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ မြန်မာအစိုးရဟာ မနေ့က ထပ်မံပြုလုပ်တဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးတွေကစပြီး ပြည်တွင်းပြည်ပ သတင်းထောက်တွေကို သတင်းယူခွင့် ပေးလိုက်တာပါ။ ဒီအစည်းအဝေးကို သတင်းထောက် ၅၀ နီးပါး တက်ရောက် သတင်းယူနေကြတယ်လို့ သိရပါတယ်။
မနေ့ကတော့ လွှတ်တော်ခန်းမထဲအထိ ၀င်ပြီး ဓာတ်ပုံရိုက်ခွင့် ရှိခဲ့ပေမဲ့ သတင်းယူတာကိုတော့ သီးသန့် မှန်ခန်းထဲကနေ ယူရ တာ ဖြစ်ပါတယ်။ ဒီကနေ့တော့ လွှတ်တော်ခန်းမထဲ ၀င်ပြီး သတင်းယူခွင့် ရှိလာတယ်လို့ ပြည်တွင်း သတင်းသမား တယောက်က ဆိုပါတယ်။
“စစ်ဆေးတာက ဂိတ်မှာကတည်းက စစ်ဆေးတယ်လေ၊ ဘာမှမယူရဘူး၊ ဟိုဟာ မယူရဘူး၊ ဒီဟာ မယူရဘူး။ ပြီးတော့ ကိုယ်စား လှယ်တွေကို အင်တာမဗျူးရဘူး၊ သူတို့ သတ်မှတ်ထားတဲ့ နေရာမှာ နေရမယ်။ ကန့်သတ်ချက်တွေကတော့ အများကြီးပဲ။ ဒီနေ့ တော့ ခန်းမထဲ ပေးဝင်ပြီး ကျနော်တို့ကို သတင်းယူခွင့်ပေးတယ်။ ပထမရက်က မှန်ခန်းထဲကနေ ယူရတာလေ။ ဒီနေ့တော့ ကျနော် တို့ကို လွှတ်တော်ခန်းမထဲထိ ပေးဝင်တယ်။ သတင်းယူခွင့် ပေးတယ်။ သိပ်တော့ ဟိုလိုမျိုး မရှိဘူး။ အရင်တုန်းကထက် တော့ နည်းနည်းချောင်တယ်လို့ ပြောရမှာပေါ့။”
လွှတ်တော်သတင်းယူမယ့် သတင်းသမားတွေအတွက် ဓာတ်ပုံရိုက်တာ၊ အင်တာဗျူးတာတွေ အပါအ၀င် ကန့်သတ်မှု ၁၆ ချက်ကို လိုက်နာရမယ်လို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။ လွှတ်တော်သတင်းတွေကို ယူရတာ အရင်ကနဲ့စာရင် နည်းနည်း ပိုပြီး လွတ်လပ်လာတယ် ဆိုပေမဲ့ ဘယ်လောက်ထိ တင်ပြခွင့်ရှိမယ် ဆိုတာကလည်း မေးခွန်းတခုလို့ သူက ဆက်ပြောပါတယ်။
“ကျနော်တို့က ဘယ်လောက် အတိုင်းအတာထိ ရေးခွင့်ရမလဲဆိုတာ ရှိသေးတယ်။ စိစစ်ရေးနဲ့ သွားနေရတဲ့ အခါကျတော့ အရင်နဲ့ စာရင်တော့ ကောင်းလာပြီ၊ ဒါပေမဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ဆိုရင်တော့ အများကြီး လိုပါသေးတယ်။”
၁၉၆၂ ခု စစ်အာဏာ မသိမ်းခင်က လွှတ်တော် အစည်းအဝေးတွေမှာ သတင်းထောက်တွေ လွတ်လွတ်လပ်လပ် သတင်းယူခွင့် ရှိခဲ့ပြီး လွှတ်တော် ဆွေးနွေးချက်တွေကို ရေဒီယိုက တိုက်ရိုက် ထုတ်လွှင့်ပေးတာတွေ၊ လွှတ်တော်မှတ်တမ်းကို ထုတ်ဝေတာတွေ ရှိခဲ့ပါတယ်။
ဝါရင့် သတင်းစာဆရာကြီး ကြေးမုံ ဦးသာဘန်းက အရင်က အခြေအနေနဲ့ မတူပေမဲ့ လက်ရှိမှာ နည်းနည်း ပြောင်းလာတယ်လို့ ပြောပါတယ်။
“အရင်လွှတ်တော်တွေနဲ့တော့ မနှိုင်းနဲ့တော့ပေါ့ဗျာ။ ဒါပေမဲ့ အခု န၀တကလုပ်တဲ့ ရွေးကောက်ပွဲအပြီး ပထမကျင်းပတဲ့ လွှတ် တော် မှာ သတင်းသမားတွေ သတင်းယူခွင့် မရတာတော့ ခင်ဗျားတို့အားလုံး သိပြီးသားပဲပေါ့ဗျာ။ အခုမှာတော့ သတင်းသမား တွေ သတင်းယူခွင့်ရှိတယ်၊ ပြောဆိုခွင့်ရှိတယ်၊ သတင်းသမားတွေကို နေရာပေးတယ် ဆိုတာကတော့ နည်းနည်း ပြောင်းလာ တယ်လို့ပဲ ပြောရမှာပေါ့ဗျာ။ သတင်းကို ဦးစားပေးမယ် ဆိုတဲ့သဘောနဲ့ စတုတ္ထမဏ္ဍိုင်ကို လေးစားတယ်ဆိုတဲ့ သဘောလောက် တော့ ပြောလို့ရမှာပေါ့။ အဲဒီထက်တော့ သိပ်မထူးပါဘူး။”
မြန်မာ့သတင်းသမဂ္ဂရဲ့ ဒု-ဥက္ကဋ္ဌ ဦးဇင်လင်းက သမ္မတ ဦးသိန်းစိန်ရဲ့ သတင်းမီဒီယာအပေါ် အမြင်ကို စောင့်ကြည့်သင့်တယ်လို့ ဆိုပါတယ်။
“သာမန်အားဖြင့်တော့ သတင်းထောက်တွေ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့ သဘောမျိုး သမ္မတ မိန့်ခွန်းထဲမှာ ထည့်ပြော ထားတာ တွေ့ရတယ်။ သတင်းမီဒီယာ စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍကို လေးစားရမယ်၊ သတင်းစာတွေကပြောတဲ့ ပေးတဲ့ အကြံဉာဏ်ကိုလည်း ယူကြရမယ်လို့ မနေ့က လွှတ်တော် အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန်က ဒီလိုပြောသွားတာတော့ ရှိ တယ်။ ဘာပဲပြောပြော အကောင်းမြင်နဲ့တော့ ကြိုဆိုရမှာပေါ့လေ။ ဒါပေမဲ့ လက်တွေ့ အနှစ်သာရအရ ဘယ်လောက် ဖြစ်လာ မလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမယ့် အနေအထားလို့ မြင်တယ်။ ဒါကြောင့် ထိုင်းနိုင်ငံရဲ့ သတင်းစာ လွတ်လပ်ခွင့်နဲ့ နှိုင်း ယှဉ်ရင်တော့ မြန်မာနိုင်ငံက အခုမှ ကကြီးရေ ကလို့ပဲ ပြောရမှာ ဖြစ်တယ်။”
တချိန်တည်းမှာပဲ ထိုင်းနိုင်ငံရဲ့ အောက်လွှတ်တော် အစည်းအဝေးကို ဒီကနေ့ ထပ်မံ ကျင်းပနေပါတယ်။ ဒီအစည်းအဝေးကို ရေဒီယို၊ ရုပ်မြင်သံကြား တချို့က တိုက်ရိုက် ထုတ်လွှင့်နေပြီး ၀န်ကြီးချုပ် ယင်လတ် ရှင်နာဝပ် (Yingluck Shinawatra) အစိုးရ ရဲ့ သက်တမ်းထဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့် အစိုးရရဲ့ မူဝါဒတွေအပေါ် အတိုက်အခံတွေက အပြန်အလှန် ထောက်ပြ ဆွေးနွေးနေကြတာကို တွေ့နေရပါတယ်။
Ref: ဗွီအိုအေ
လစ်ဗျားမှာ နေတိုးတာဝန် မပြီးဆုံးသေး
23 သြဂုတ် 2011
လစ်ဗျားနိုင်ငံ ထရီပိုလီ (Tripoli) မြို့တော်မှာရှိတဲ့ လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ရဲ့ နေအိမ်ဝန်း နားမှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာမို့ နေတိုးရဲ့ လစ်ဗျားနိုင်ငံဆိုင်ရာ တာဝန်တွေဟာ မပြီးဆုံးသေးဘူးလို့ နေတိုး မဟာမိတ် တပ်ဖွဲ့က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
နေတိုးတပ်ဖွဲ့ ပြောခွင့်ရ အမျိုးသမီး အိုနာ လန်ဂက်စ်ကူ (Oana Lungescu) က ဘရပ်ဆဲလ် (Brussels) မှာ သတင်းထောက် တွေကို အခုလို ပြောကြားလိုက်တာပါ။
လစ်ဗျားနိုင်ငံမှာ အရပ်သားတွေ တိုက်ခိုက်ခံနေရမှုတွေ ရပ်ဆိုင်းသွားတဲ့အထိ၊ ခြိမ်းခြောက်မှုတွေ မရှိတော့တဲ့ အချိန်အထိ နေတိုးတပ်ဖွဲ့က ဆက်လက် တာဝန်ယူထားမှာဖြစ်ကြောင်း ပြောကြားပါတယ်။
နေတိုး မဟာမိတ်တပ်တွေ အနေနဲ့ မစ္စတာ ဂဒါဖီကို အထူးပစ်မှတ်ထား တိုက်ခိုက်တာမျိုး မဟုတ်ဘဲ လစ်ဗျား အရပ်သားတွေကို အကာအကွယ် ပေးနိုင်ဖို့ လိုအပ်တဲ့ ဘယ်တိုက်ခိုက်မှုမျိုးကိုမဆို လုပ်ဆောင်မယ်လို့ နေတိုးတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး ရိုလန် လဗွိုင်း (Roland Lavoie) က ပြောပါတယ်။
ပြင်းထန်တဲ့ တိုက်ပွဲတွေဟာ မစ္စတာ ဂဒါဖီရဲ့ ဘပ်ဘ် အယ်လ် အဇီဇီယား (Bab al-Aziziya) နေအိမ်ဝန်းနားမှာ အဓိက ဖြစ်ပွား နေတာပါ။
သူပုန်တွေက သူတို့ ထိန်းချုပ်နိုင်ပြီလို့ ကြေညာထားတဲ့နေရာ အတော်များများမှာ သေနတ်နဲ့ ပစ်ခတ်မှုတွေ၊ ပေါက်ကွဲသံတွေ ကြားနေရပါတယ်။
အင်္ဂါနေ့အထိ မစ္စတာ ဂဒါဖီတယောက် ဘယ်ရောက်နေတယ်ဆိုတာ မသိရသေးပါဘူး။ တချိန်တည်းမှာပဲ လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီရဲ့ အရိုက်အရာကို ဆက်ခံတယ်လို့ ယုံကြည်ထားကြတဲ့ မစ္စတာ ဂဒါဖီရဲ့သား ဆာအိဖ် အစ္စလမ် (Seif al-Islam) ကတော့ သူ့ဖခင်ရဲ့ အစိုးရဟာ မြို့ကို ထိန်းချုပ်ထားဆဲ ရှိပါသေးတယ်လို့ အင်္ဂါနေ့ အစောပိုင်းမှာပဲ ထရီပိုလီမှာ သတင်းထောက် တွေကို ပြောကြားခဲ့ပါတယ်။
Ref: ဗွီအိုအေ
နိုင်ငံရေးအမှုသည် လူငယ်နှစ်ဦး မိသားစုနှင့်တွေ့ခွင့်မရ
August 23, 2011
နေသွင်
မတရား အသင်းနှင့် ဆက်သွယ်မှု (၁၇၊၁) ပုဒ်မနဲ့ တရားစွဲခံရဖွယ်ရှိတဲ့ လူငယ် ၂ ဦးကို မိသားစုက အခုထိ တွေ့ခွင့်မရဘူးလို့ သိရပါတယ်။
ပြည်မြို့က မောင်ဇာနည်ထွန်းနဲ့ အုတ်ဖိုက မောင်ဝေဖြိုးတို့ကို သဲကုန်းမြို့နယ်အပိုင် အင်းမမြို့မှာ အာဏာပိုင်တွေက ခုလ ၁၂ ရက် မှာ ဖမ်းဆီးသွားခဲ့ပြီး ဘာကြောင့်ဖမ်းဆီးသွားသလဲဆိုတာကို မိသားစုက ခုထိ မသိပါဘူး။
သူတို့နှစ်ဦး စလုံးကို ပြည်ထောင်မှာ ချုပ်နှောင်ထားပြီး မိသားစုနဲ့လည်း တွေ့ခွင့် မရဘူးလို့ ဒီနေ့ တွေ့ဖို့သွားရောက်ခဲ့တဲ့ မောင်ဇာနည်ထွန်းရဲ့ မိသားဝင်တဦးက ပြောပြပါတယ်။
“၁၅ ရက်နေ့မှာ ပြည်အမှတ် ၁ ရဲစခန်းကို ရောက်နေတယ်ဆိုတော့ ဒီလောက်ကြီးလည်း ဖြစ်လိမ့်မယ်မထင်လို့ ပေါ့ဆလိုက်တာ။ ၁၆ ရက်နေ့ ရုံးထုတ်တာကို သွားမတွေ့လိုက်ဘူး။ ၁၇ ရက်နေ့မှာ ထောင်ကြီးအချုပ်ထဲ ရောက်သွားပြီဆိုတော့ ထောင်ကိုသွားတွေ့တယ်။ တွေ့ခွင့်မရဘူး။ ပစ္စည်း၊ အစားအသောက်၊ အဝတ်အစား ဘာမှပေးမရဘူး။ အဲဒါကြောင့် အခု ၂၃ ရက်နေ့မှာ ရှေ့နေပါဝါလွှဲဖို့ လက်မှတ်သွားထိုးခိုင်းတယ်။ ၂ နာရီထိုးမှာချိန်းလို့ သွားတော့လည်း မရဘူး။ တွေ့ ခွင့်လည်း မပေးဘူး။ လက်မှတ် လည်း ထိုးခိုင်းလို့ မရခဲ့သေးဘူး။ ထောင်ပိုင်အစည်းအဝေး သွားနေလို့ဆိုပြီး မနက်ဖြန် ၈ နာရီထိုး ပြန်ချိန်းထားတယ်။”
သူတို့ နှစ်ဦးကို ဖမ်းဆီးသွားတဲ့ ၁၂ ရက်နေ့မှာပဲ ပြည်မြို့က မောင်ဇာနည်ထွန်းရဲ့ နေအိမ်ကို ရဲ နှစ်ဦးနဲ့ အရပ်ဝတ် စုစုပေါင်း အယောက် ၂၀ လောက် ဝင်ရောက်ရှာဖွေခဲ့ပေမယ့် ဘာသက်သေအထောက်အထားမှ တွေ့သွားတာမရှိဘူးလို့ မိသားစုဝင်က ပြော ပါတယ်။
လာမယ့် ၃၁ ရက်နေ့မှာတော့ မောင်ဇာနည်ထွန်းကို မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မနဲ့ တရားရုံးထုတ်ဖို့ရှိနေတာကို သိခဲ့ရတယ်လို့ မိသားစုဝင်က ဆိုပါတယ်။
“ဘယ်နေ့ရုံး ထုတ်မလဲလို့ သွားကြည့်တာ ၁၇/၁ နဲ့ စွဲထားတယ်လို့ ပြောတယ်။ ဒီလကုန် ရုံးထုတ်မယ်လို့ ရေးထားတယ်။ ရုံးထုတ်ရက်ကို မသိလို့ သွားစုံစမ်းတာ၊ အခုလောလောဆယ်တော့ သူ့ကိုတွေ့ချင်တယ်၊ စိတ်ပူတယ်၊ ဘယ်လိုနေရထိုင်ရလည်း သိချင်တယ်။ ကျန်းမာရေးကအစပေါ့။ လူချင်းလည်း တွေ့ချင်တယ်၊ ပစ္စည်းတွေလည်း ပို့ချင်တယ်။”
အခု အဖမ်းခံထားရတဲ့ အသက် ၂၄ နှစ်အရွယ် မောင်ဇာနည်ထွန်းရဲ့ သူငယ်ချင်း မောင်ဝေဖြိုးက အုတ်ဖိုမှာ နေတာဖြစ်ပြီး အမှု လိုက် ရှေ့နေပါဝါလွှဲဖို့ မိသားစုက ဒီနေ့ ထောင်ကို သွားရောက်ခဲ့ပေမယ့် တွေ့ခွင့်မရခဲ့တာပါ။
Ref: ဒီဗွီဘီ
လွတ်လပ်သည့် လူ့အခွင့်အရေးကော်မတီ ဖွဲ့ရန် ကင်တားနားကို လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆို
August 23, 2011
အံ့ဘုန်းမြတ်
မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ လူ့အခွင့်အရေးကော်မတီတရပ်ဖွဲ့စည်းဖို့ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေက ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးသူ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကို တောင်းဆိုလိုက်ပါတယ်။
မစ္စတာကင်တား နားနဲ့ ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးတို့ နေပြည်တော်၊ ဇမ္ဗူသီရိခန်းမမှာ ဒီနေ့ မနက် (၁၀) နာရီခွဲကနေ (၁၂ နာရီခွဲအထိ တွေ့ဆုံစဉ် လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြလိုက်ကြတာလို့ တသီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ် ဦးသန်းညွန့်က ပြောပြပါတယ်။
“ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီနဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ ထိထိရောက်ရောက်နဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးတွေကို အမြင်ဖလှယ်နိုင်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ လူ့အခွင့်အရေး ကော်မတီတခုဖွဲ့ရမယ်။ အရင်တုန်းက လူ့အခွင့်အရေး ကော်မတီဆိုတာ အစိုးရ ဝန်ထမ်းတွေချည်းပဲ။ အများပြည်သူယုံကြည်သော လေးစားသော အများက လက်ခံနိုင်တဲ့ပုဂ္ဂိုလ် နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မတီကို ဖွဲ့ပါ။ အဲဒီထဲမှာ အစိုးရဝန်ထမ်းလည်း တစိတ်တဒေသ ပါချင် ပါနိုင်တယ်၊ အစိုးရ ဝန်ထမ်းချည်းပဲ ဖွဲ့တဲ့လူ့အခွင့်အရေး ကော်မတိဆိုရင်တော့ အများပြည်သူ မယုံကြည်ဘူးဆိုတာ အဲဒီအချက်ကို ကျနော်ပြောခဲ့တယ်။ သူနဲ့ သူ့အဖွဲ့ရဲ့ တုံ့ပြန်ပုံကလည်း ကျနော်တင်ပြတဲ့အပေါ်မှာ သဘောပေါက်ပါ တယ်။”
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကိစ္စနဲ့ပတ်သက်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေတွေ ထုတ်ပြန်လာအောင် အစိုးရကိုတိုက်တွန်းဖို့လည်း ဦးသိန်းညွန့်က တောင်းဆိုခဲ့ တယ်လို့ ပြောပြပါတယ်။
“လူ့အခွင့်အ ရေး အခြေအနေကောင်းမွန်ဖို့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်ရမယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးကြေ ညာစာတမ်း ဖြန့်ဝေတဲ့လူတွေကိုတောင် လုံခြုံရေးအဖွဲ့အစည်းတွေက ဖမ်းဆီးအရေးယူခဲ့ တာတွေ ကြုံခဲ့ဖူးတယ်။ နောက်တခု အကျဉ်းထောင်နဲ့ပတ်သက်ရင် အချက်၂ ချက် ထောက်ပြတယ်။ အခုလက်ရှိ အကျဉ်းထောင်ဥပဒေမှာ ပါတဲ့အခန်း ၁၅ ကို ရုပ်သိမ်းထားတယ်။ ဒီအခန်း ၁၅ ကိုသာ မရုပ်သိမ်းဘူးဆိုရင် အဲဒါက နိုင်ငံရေး အကျဉ်းသမားတွေကို ဒဏ်ပေးတာ။ မိမိယုံကြည်ချက်၊ အစိုးရကို ပြောင်းလဲအောင် အစိုးရကို ဝေဖန်လို့ အပြစ်ပေးထားတဲ့သူ အားလုံးဟာ နိုင်ငံရေး ပြစ်မှုပဲဆိုတဲ့ အိန္ဒိယ ဥပဒေ ဖွင့်ဆိုချက်ပါ၊
“သူ့ကို ကျနော် နမူနာအနေနဲ့ ဘာပြောလိုက်လည်းဆိုတော့ မင်းကိုနိုင်ကို အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ်ချလိုက်တယ်။ သို့သော် သူ့ကို အင်မတန်ဝေးလံတဲ့ ကျိုင်းတုံကို ပို့လိုက်တဲ့အတွက် မင်းကိုနိုင်ကိုတင် အပြစ်ဒဏ်ပေးတာမဟုတ်ပဲနဲ့ သူ့မိသားစု ထောင်ဝင်စာသွားတွေ့တဲ့ သူတွေကိုပါ ထိခိုက်တဲ့အတွက် ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်တာပါ။ ထောင်ထဲမှာ လောလော ဆယ် လွတ်ငြိမ်းချမ်းသာခွင့် မပေးခင်မှာ အနီးအနား ပြန်ထားပါ။ အဝေးထောင်ရောက်နေတဲ့သူတွေကို ပြန်ခေါ်ပါ။”
တွေ့ဆုံဆွေး နွေးမှုထဲမှာပါဝင်တဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေက လည်း တိုင်းရင်းသားဒေသတွေက လက်နက် ကိုင်ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ပတ်သက်ပြီး တင်ပြဆွေးနွေးကြပါတယ်။
မစ္စတာကင်တား နားဟာ ဒီနေ့မှာ လွှတ်တော်အစည်းဝေးကျင်းပတာတွေကို လေ့လာပြီး အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံပါတယ်။ မနက်ဖြန်မှာတော့ ပါတီရပ်တည်မှု ပျက်ပြယ်ပြီလို့ အစိုးရက သတ်မှတ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ရှိပြီး အင်းစိန်အကျဉ်းထောင်ကို သွားရောက်ဖို့ရှိပါတယ်။
မြန်မာနိုင်ငံကို တနင်္ဂနွေနေ့က စတင်ရောက်ရှိတဲ့ မစ္စတာကင်တားနားဟာ ပြည်ထောင်စု တရားသူကြီးချုပ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာနဝန်ကြီး၊ ဒုတိယရဲချုပ်၊ အလုပ်သမား ဝန်ကြီးဌာနဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ အစိုးရအကြံပေးအဖွဲ့ဝင်တွေ စတဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမှုတွေ့ဆုံပြီးဖြစ်ပါတယ်။
Ref: ဒီဗွီဘီ
ဆင်းရဲသားချေးငွေ ဆင်းရဲသားလက်ထဲမရောက် ဖြစ်နေ
August 23, 2011
နေသွင်
လယ်သမား တွေနဲ့ ဆင်းရဲသားတွေအတွက် အစိုးရကထုတ်ချေးပေးနေတဲ့ ချေးငွေနှစ်မျိုး ကို ကျေးရွာအဆင့်မှာ လက်သင့်သလို ထုတ်ယူနေတာကြောင့် တကယ့်ဆင်းရဲသားတွေ လက်ထဲ မရောက်ဘူးလို့ သိရပါတယ်။
အခုရက်ပိုင်း ပဲခူးတိုင်း သာယာဝတီခရိုင်မှာ ဆင်းရဲသားတဦးကို ကျပ်တသိန်းစီ ထုတ်ချေး တာကို ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်ပေးခဲ့သူတွေနဲ့ ငွေကြေးတတ်နိုင်သူတွေ ပဲ အများစု ရသွားကြတယ်လို့ သာယာဝတီမြို့ခံတဦးက ပြောပါတယ်။
“ဆင်းရဲတဲ့ လူတွေက တန်းတူအခွင့်အရေးမရတဲ့ သဘောဖြစ်နေပါတယ်။ သူတို့နဲ့နီး စပ်ရာလူတွေကို ချေးတယ်၊ တမြို့နယ်လုံးမှာရှိတဲ့ ဆင်းရဲသားတွေကို ကူညီတဲ့ပုံစံမဖြစ် ဘူး။ သာယာ ဝတီမြို့နယ်မှာ လယ်သမားဦးရေ ဥပမာ၊ ငါးသောင်းလောက် ရှိတယ် ဆိုပါတော့။ အကုန်လုံးကိုချေးငွေထုတ်ပေးတာ မဟုတ်ဘဲနဲ့ သူတို့အောင်နိုင်ရေးတုန်းက တက်ကြွစွာ ပါဝင်ကူညီခဲ့တဲ့ ကျေးရွာကြီးတွေကိုပဲ ချေးငွေထုတ်ပေးပြီး ကျန် တဲ့ ဆင်းရဲတဲ့ရွာတွေကို ချန်လှပ်ထားတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့။”
ဆင်းရဲမှု လျှော့ချရေး ချေးငွေတွေကို တောင်သူလယ်သမား၊ လက်လုပ်လက်စား၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေကို နှစ်ကျပ် တိုး ဝိုင်းကြီးချုပ်စနစ်နဲ့ ချေးပေးနေတယ်လို့ အာဏာပိုင်တွေက ဆိုပေမယ့် အောက်ခြေမှာတော့ ခုလို ပုံစံမကျတာတွေ ဖြစ်နေတာပါ။
ချေးငွေတွေကို ကြံ့ခိုင်ရေးတွေ ယူသွားတဲ့အကြောင်း သာယာဝတီနယ်ခံတဦးက လည်း ပြောပါတယ်။
“အဲဒီလူတွေက အဓိက သွားတာပေါ့။ နောက်ပြီးတော့ သာယာဝတီမှာ ကျေးရွာအုပ်စု ၄၈ အုပ်စုရှိတာကို သူတို့က ကျေးရွာပေါင်း ၂၀၀ ကျော်ရှိတယ်။ အိမ် ၁,၀၀၀ မှာ လူ ၄၀၀ နဲ့ ၆၀၀ လောက်ပဲ ရတယ်။ သူတို့က ဘယ်လိုသတ်မှတ်ထားလဲ ဆိုတော့ သူတို့နဲ့ မြို့မိမြို့ဖတွေနဲ့ လက်သင့်တဲ့ ကြံ့ခိုင်ရေးက လူတွေနဲ့ အုပ်ချုပ်ရေးမှူး တွေက တဆင့် နီးစပ်ရာကို ထုတ်ပေးတယ်။ ”
ပြီးခဲ့တဲ့ တပတ် နေပြည်တော် အစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က ဆင်းရဲမှုတိုက်ဖျက်ရေးအတွက် တောင်သူလယ်သမားတွေကို စိုက်ပျိုးရေးစရိတ် တဧက ကျပ်နှစ်သောင်းနှုန်းကနေ လေးသောင်းထိ တိုးချေးပေးနေတယ်လို့ ဆိုခဲ့ပါတယ်။
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်က လယ်သမားတွေကလည်း သမ္မတပြောတဲ့ စိုက်ပျိုးရေးစရိတ်ချေးငွေကို အခုချိန်မှ မရရင်၊ စိုက်ပျိုးရေးလုပ်ကိုင်ဖို့ အချိန်နှောင်း သွားတော့မယ်လို့ ဆိုပါတယ်။
“ပေး မယ်ဆိုပြီး သတင်းထွက်နေတယ်။ ညောင်လေးပင်မြို့နယ်လည်း ပေးမယ်လို့ ကြားရတယ်။ ရွှေကျင်မြို့နယ်လည်း ပေးမယ်လို့ ကြားတယ်။ ကျောက်တံတားမြို့နယ်လည်း ကြားတယ်။ ကြားတာပဲရှိတာ။ တကယ်ပေးမယ်ဆိုရင် မိုးစပါးလုပ်ဖို့ပေးတယ်ဆိုရင် မိုးစပါးအတွက် တကယ်လိုအပ်တဲ့အချိန်မှာ ပေးရင်ကောင်းတာပေါ့။ ဘာလို့လဲဆိုတော့ ဒီအချိန်မှာ စိုက်ပြီးရင် ဒီအချိန်မှာ အောင်မြင်ပြီးရင် မြေဩဇာ လိုတဲ့အချိန်ပေါ့။”
နေပြည်တော် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲမှာလည်း သမ္မတဦးသိန်းစိန်က လယ်သမားတွေဘဝ အဆင်ပြေဖို့အတွက် အစိုးရမှာ တခြားအစီအစဉ်တွေရှိတယ်လို့ ပြောခဲ့ကြောင်း အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဇေကမ္ဘာဦးခင်ရွှေက ပြောပြပါတယ်။
“လယ်သမားတွေ စိုက်တာပျိုးတာ သူတို့စားဖို့သောက်ဖို့ လောက်တဲ့အထိ ဥပမာ ဆန်တတန်ကို လေးသိန်းလောက်ဆိုရင် သူတို့အတွက် အသက်ရှူချောင်တာပေါ့။ လေးသိန်းလောက်ကို နိုင်ငံတော်ကနေ သတ်မှတ်ပြီး ဝယ်ဖို့သဘောကို မူချလိုက်ပါတယ်။ ဆန်ကုန်သည်ကြီးများအသင်းနဲ့ ပေါင်းပြီးတော့ နိုင်ငံတော်သမ္မတကနေ အဲလောက်ပြောပြီးပြီ အသေးစိတ်ကိုတော့ သက်ဆိုင်ရာ ကနေ ဆွဲကြတော့မှာပါ။”
အစိုးရရဲ့ အစီအစဉ်တွေ မရေရာသေးပေမယ့် ဒီနှစ် စပါးတင်း ၁၀၀ ကို ကျပ်သုံးသိန်း အောက် ဈေးကျနေတာ၊ စိုက်ပျိုးချိန်မှာ မိုးများရေလျှံလို့ ပျက်စီးသွားတဲ့ လယ်တွေကို စိုက်ပျိုးစရိတ်တွေမရှိလို့ ပြန်မစိုက်နိုင်တာတွေကြောင့် နောင်နှစ်မှာလည်း စပါးအ ထွက် ကျပြီး လယ်သမားတွေဘဝ နာလန်မထူမှာ သေချာတယ်လို့ လယ်သမားတွေက ဆိုကြပါတယ်။
Ref: ဒီဗွီဘီ
အလုပ်သမားအခွင့်အရေး နစ်နာမှု စက်မှုဇုန်လုပ်သားများက ဆွီဒင်အဖွဲ့ကို ပြော
August 23, 2011
အလုပ်သမား အခွင့်အရေး ဆုံးရှုံးနစ်နာနေတယ်လို့ စက်မှုဇုန်အလုပ်သမားတွေက ဆွီဒင်အလုပ်သမားရေးရာ အရာရှိတွေကို ပြောကြားလိုက်ပါတယ်။
ရန်ကုန် စက်မှုဇုန် အလုပ်သမား ၂၀ က ဆွီဒင် အလုပ်သမားရေးရာအရာရှိတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ ဒီနေ့ တွေ့ဆုံခွင့်ရစဉ် ပြောကြားလိုက်တာပါ။
ဒါ့အပြင် လုပ်ငန်းခွင်အဆင်မပြေမှုတွေနဲ့ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂ ပေါ်ပေါက်ရေးတွေကိုပါ ပြောဆိုခဲ့ကြတယ်လို့ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်ကြိုင်က ပြောပြပါတယ်။
“အလုပ်ခွင်မှာ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ သူတို့ ကြုံတွေ့နေရတဲ့ အလုပ်သမား အခွင့်အရေး ဆုံးရှုံးနစ်နာနေမှုတွေကို တင်ပြတယ်။ နောက်ပြီးတော့ အလုပ်သမားသမဂ္ဂတွေ ပေါ်ပေါက်ရေးအတွက် သူတို့လည်း အလိုဆန္ဒ ပြင်းပြစွာ သူတို့နည်းနဲ့သူတို့ ကြိုးပမ်းနေတဲ့အကြောင်း တင်ပြကြပါတယ်။”
ဆွီဒင်နိုင်ငံက သစ်တောနဲ့ သစ်ထုတ်လုပ်ရေးလုပ်ငန်းနဲ့ ပရိဘောဆိုင်ရာ လုပ်ငန်း အလုပ်သမားသမဂ္ဂအရာရှိရဲ့ အပြည်ပြည်ဆိုင် အတွင်းရေးမှူး၊ ဆွီဒင်အလုပ်သမားသမဂ္ဂ အရာရှိအပါအဝင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီက အရာရှိတို့ သုံးဦး အဖွဲ့ချုပ်ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။
အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တွေ့ဆုံမှုအတွင်း ဆွေးနွေးချက်နဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလို ရှင်းပြပါတယ်။
“သူတို့ဘက်က အခုလိုလာတာက အလုပ်သမားသမဂ္ဂတွေနဲ့ သူတို့ဆွီဒင်မှာ ရှိတဲ့ အလုပ်သမားသမဂ္ဂများ ဥရောပ အတွင်းမှာရှိတဲ့ အလုပ်သမား သမဂ္ဂများ အပြန်အလှန် ရိုင်းပင်းစွာ အလုပ်သမားရေးရာ အကျိုးစီးပွားအတွက်၊ အလုပ်သမားတွေ ဘဝအခြေအနေ တိုးတက်စေရေးအတွက် အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ ပြည့်ပြည့်ဝဝ ရရှိဖို့အတွက် ကူညီဆောင်ရွက်နိုင်ဖို့ အလုပ်သမားအချင်းချင်း ကြည့်ဖို့ဆိုတဲ့ အချက်အလက်တွေ ရှာဖို့လာတာဖြစ်တယ်။
“အလုပ်သမား ရေးရာ ကိစ္စနဲ့ ပတ်သက်လို့တော့ အဖွဲ့ချုပ်ရဲ့ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ အလုပ်သမား အကျိုးစီးပွားကိုပဲ ဖော်ဆောင်မယ့် ဘယ်ပါတီရဲ့ ဩဇာခံမှမဟုတ်တဲ့ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ ပေါ်ပေါက်ရေးအတွက် အဖွဲ့ချုပ်ရဲ့ သဘောထား ထားရှိပုံ အဲဒါကို မေလ ၁ ရက်နေ့က ထုတ်ပြန်ကြေညာပြီး ဖြစ်တယ် စတာတွေပေါ့။”
လက်ရှိအခြေအ နေမှာတော့ မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုတွေ၊ လုပ်ခလစာနည်းပါးမှုတွေ၊ လုပ်ငန်းခွင် အဆင် မပြေမှုတွေကြောင့် အလုပ်သမားဆန္ဒပြပွဲတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပါတယ်။
ဒီကိစ္စတွေကို အာဏာပိုင်အဖွဲ့အစည်း၊ အလုပ်ရှင်နဲ့ အလုပ်သမား သုံးပွင့်ဆိုင် ဖြေရှင်းမှုတွေရှိနေပေမယ့်လည်း အတိုင်းအတာ တခုအထိသာ အောင်မြင်မှုရ ရှိနေပြီး အလုပ်သမားတွေအရေး ပြည့်ပြည့်ဝဝ ဆောင်ရွက်ပေးနိုင်မယ့် အလုပ်သမားသမဂ္ဂတွေတော့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ရှိတဲ့ အခြေအနေမျိုးတွေ ပေါ်ပေါက်လာတာမျိုး မရှိသေးပါဘူး။
Ref: ဒီဗွီဘီ
လိုင်စင်သိမ်းခံရသည့် ရှေ့နေများ လိုင်စင်ပြန်ရရေး သတင်းစာရှင်းလင်းပွဲလုပ်မည်
August 23, 2011
အေးနိုင်
တပ်မ တော်အာဏာသိမ်းအုပ်ချုပ်စဉ်ကာလအတွင်း နိုင်ငံရေးလှုပ်ရှား မှုနဲ့ ဆက်နွှယ်ပြီး ရှေ့နေလိုင်စင် ရုပ်သိမ်းခံရသူတွေက သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ပြင်ဆင်နေပါတယ်။
ရှေ့နေများကွန်ရက်က ဒီသတင်းစာရှင်းလင်းပွဲကို ခုလ ၂၅ ရက်မှာ လုပ်ဖို့စီစဉ် ထားတယ်လို့ ဦးဆောင်စီစဉ်သူတွေက ပြောပါ တယ်။
၁၉၈၈ ခုနှစ်အပြီး စစ်တပ်အုပ်ချုပ်တဲ့ကာလ ရှေ့နေလိုင်စင်ရုပ်သိမ်းခံရသူတွေထဲက ရန်ကုန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး၊ အဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့က ဦးအောင်သိန်းနဲ့ ဦးခင်မောင်ရှိန် အပါအဝင် ၆ ဦး၊ မန္တလေးက ၃ ဦး၊ ကျောက်ဆည်၊ မုံရွာ၊ မြစ်သား၊ သာစည်၊ ကလေး၊ ပဲခူး၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ လားရှိုး၊ လပွတ္တာ စတဲ့မြို့တွေက ဗဟို တရားရုံးရှေ့နေ ၂၀ ကျော် စာရင်းရရှိထားပြီး တချို့ရှေ့နေတွေဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။
လိုင်စင်သိမ်းခံရတဲ့ အထက်တန်းရှေ့နေစာရင်းကိုလည်း ရှေ့နေကွန်ရက်အဖွဲ့က စာရင်းကောက်ယူနေပါတယ်။
သတင်းစာရှင်းလင်းပွဲ ရည်ရွယ်ချက်ကို လိုင်စင်သိမ်းခံထားရသူ တရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်းက ပြောပြပါတယ်။
“‘ဒီလူတွေဟာ နိုင်ငံရေးအရ ထောင်ချခံရပြီးနောက်မှာ သူတို့ရဲ့ ရှေ့နေလိုင်စင် အသီးသီးလည်း အသိမ်းခံရတယ်။ အကြောင်းချင်းရာ တခုတည်းပေါ်မှာ မူတည်ပြီးတော့ ပြစ်ဒဏ် နှစ်ခါပေးသလို ဖြစ်နေတယ်။ ထောင်လည်း အကျခံရတယ်။ သူ့ရဲ့ အသက်မွေး ဝမ်းကျောင်း ရပ်တည်ပိုင်ခွင့်လည်း ထိခိုက်ခံရတယ်။ ဒီကိစ္စတွေကို တရားဝင် စာတင်ဖို့ အစီအစဉ်လုပ်တာပဲ။”
ဒီသတင်း စာရှင်းလင်းပွဲလုပ်မယ့်အချိန်ဟာ ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနား မြန်မာပြည်ကို ရောက်ရှိနေချိန်ဖြစ်ပြီး သူ့ကိုလည်း တင်ပြသွားဖို့ ရှေ့နေကွန်ရက်က ပြင်ဆင်နေပါတယ်။
ပဲခူးမြို့က ဗဟိုတရားရုံးရှေ့နေ ဦးမြတ်လှဟာလည်း ၁၉၉၀ ရွေးကောက်ပွဲအပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရ အပြီးမှာ သူအပါအဝင် ရှေ့နေသုံးဦးကို အာဏာပိုင်တွေက တရားစွဲပြီး ရှေ့နေလိုင်စင်ရုပ်သိမ်းခဲ့ပါတယ်။ တရားရုံးက ပြစ်ဒဏ်မချ ပေမယ့် လိုင်စင်ပြန်မပေးပါဘူး။
ဦးမြတ်လှက “ကျနော်တို့က ပညာနဲ့လုပ်စားချင်တဲ့လူတွေ၊ ကျနော်တို့က ကျောင်းဆရာလုပ်တယ်၊ ရှေ့နေလုပ်တယ်ဆိုတာ ပညာ အရင်းခံပြီး လုပ်စားရတာ၊ မိသားစုကလည်း ချမ်းသာတဲ့မိသားစုမှ မဟုတ်တာ၊ အခုလို ရှေ့နေလိုင်စင်သိမ်းခံရတော့ ဒုက္ခတွေ ရောက်ကုန်တာပေါ့” လို့ ပြောပါတယ်။
Ref: ဒီဗွီဘီ
အစိုးရ ဘတ်ဂျက်လိုငွေ ဘီလျံ ၂၀၀၀ ကျော်ရှိ
23 August 2011
ယနေ့ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ နှစ်ပေါင်း ၂၄ နှစ် ကျော်ကြာမှ ပထမဆုံး ကြေညာသည့် မြန်မာ နိုင်ငံ အထွေထွေ ရသုံးခန့်မှန်းငွေစာရင်း တင်သွင်းရာတွင် ၂၀၁၁ -၂၀၁၂ ခုနှစ် စာရင်း အတွက် ကျပ် ဘီလီယံပေါင်း ၂ ထောင် ကျော် လိုငွေပြနေကြောင်း သိရသည်။
နှစ်စဉ်အလိုက် ကြေညာရသော ရသုံးမှန်းခြေစာရင်းအရ နိုင်ငံတော် တရပ်လုံး၏ ရငွေ စုစုပေါင်း ပမာဏမှာ ၅၇၈၁. ၇၃၈ ဘီလျံ ဖြစ်ပြီး စုစုပေါင်း သုံးငွေ ပမာဏမှာ ၇၉၈၃.၁၈၈ ဘီလျံ ဖြစ်သည့်အတွက် ဘတ်ဂျတ် (ရသုံးမှန်းခြေ) လိုငွေပြမှုသည် ၂၂၀၁. ၄၅၀ ဘီလျံ ဖြစ်နေသည်။
ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာ အမှတ်စဉ် ၁/၂၀၁၁ ကို ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက ယနေ့ နံနက် ၁၁ နာရီက ဖတ်ကြား တင်သွင်းခဲ့ကြောင်း သိရသည်။ မည်သည့်အတွက်ကြောင့် လိုငွေပြမှု ဖြစ်ပေါ်ခဲ့ကြောင်း ရှင်းလင်းစွာ ဖော်ပြမှု မရှိပေ။
“နိုင်ငံခြားငွေလဲလှယ်နှုန်းက ၆ ကျပ်နဲ့ ဘဏ္ဍာငွေ ဖွင့်ထားလို့ အခုလို လိုငွေပြနေတာလို့ ပြောတယ်။ တိုင်း၊ ပြည်နယ် အားလုံး လိုငွေတွေပဲ ပြနေတယ်။ လိုငွေ မပြတာ တခုမှမရှိဘူး” ဟု ပြည်သူ့လွှတ်တော် တက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောသည်။
တိုင်းပြည် အသုံးစရိတ်များတွင် ပညာရေး၊ ကျန်းမာရေး ဌာနတို့အတွက် အသုံးစရိတ်မှာ ရာခိုင်နှုန်းအလွန် နည်းပါးပြီး ကာကွယ် ရေး ၀န်ကြီး ဌာနအနေဖြင့် မည်၍ မည်မျှ သုံးစွဲကြောင်း တင်ပြသွားခြင်း မရှိကြောင်း သိရသည်။
သို့သော် ယခုနှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့သော ၀န်ကြီးဌာနများနှင့် နိုင်ငံတော် အဖက်ဖက်က အသုံးစရိတ်ပြ ပြည်ထောင်စု မြန်မာ နိုင်ငံ ပြန်တမ်း အရ ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်သည် ကျပ်ငွေ ၁၃၁၈ ဘီလျံ ဖြစ်သည်။ ထိုနှစ် နိုင်ငံတော်၏ စုစုပေါင်း ၀င်ငွေ ကျပ် ၆၇၇၂ ဘီလျံကျော်ရှိရာ ရာခိုင်နှုန်း ၂၀ ကျော် သုံးစွဲထားခြင်း ဖြစ်သည်။
ထိုနှစ် စာရင်းအရပင် ပညာရေးအတွက် အသုံးစရိတ်မှာ ၄.၅၇ ရာခိုင်နှုန်း၊ ကျန်းမာရေးအတွက် ၁.၃၁ ရာခိုင်နှုန်း၊ လူမှုရေး၊ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးတို့အတွက် ၀. ၂၆ ရာခိုင်နှုန်းသာ သုံးစွဲကြောင်း ဖော်ပြထားသည်။
“နေ့လယ်ပိုင်း ၁ နာရီမှာ စတဲ့ အချိန်မှာ ရန်ကုန်တိုင်း၊ မဲဆန္ဒနယ် ၁၁ က ဦးတင်ယုက မေးမြန်းတယ်။ တိုင်း၊ ဒေသကြီးများနဲ့ ပြည်နယ်များရဲ့ ဆေးရုံများမှာ ဆေးဝါး မလုံလောက်စွာဖြင့် ပြည်သူလူထုအား ကျန်းမာရေး ကာကွယ် စောင့်ရှောက်ရေးနဲ့ ပတ်သက်တာကို မေးပါတယ်၊ အဲဒါကို ပြည်ထောင်စု ၀န်ကြီးက ဒေါက်တာဖေသက်ခင်က ရှင်းပါတယ်။ ဘတ်ဂျက် အခြေအနေ အရ လုပ်မပေးနိုင်တဲ့ အကြောင်းပေါ့” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သူ ဇေကမ္ဘာဦးခင်ရွှေက ဧရာဝတီကို ပြောသည်။
ယခင်စစ်အစိုးရလက်ထက်က ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ် အလွန် များပြားခဲ့ပြီး လက်နက် ခဲယမ်းများ၊ ရဟတ်ယာဉ် များ၊ တိုက်လေယာဉ်များ ၀ယ်ယူခြင်း၊ အနုမြူစီမံကိန်းနှင့် နေပြည်တော် မြို့သစ် စီမံကိန်းများ အကောင်အထည် ဖော်ခြင်း တို့ ကြောင့် ယခုတက်လာသော အရပ်သားအစိုးရလက်ထက်တွင် ပမာဏကြီးမားသည့် နိုင်ငံတော် ရသုံးမှန်းခြေ( ဘတ်ဂျက်) လိုငွေ ပြနေခြင်းဖြစ်သည်ဟု လေ့လာသူများက ထောက်ပြကြသည်။
Ref: ဧရာဝတီ


BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88