Wednesday, December 17, 2008

ကုလသမဂ္ဂက အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုရန်စီစဉ်

အင်္ဂါနေ့၊ ဒီဇင်ဘာလ 16 2008

နယူးဒေလီ (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ နှစ် ၁ဝဝ ပြည့် မွေးနေ့ အထိမ်း အမှတ်အဖြစ် ကုလသမဂ္ဂ စာပို့တိုက် အုပ်ချုပ်ရေးဌာနက ရှေ့နှစ်ဆန်းတွင် တံဆိပ်ခေါင်းသစ် ၃ မျိုး ထုတ်ဝေ သွားမည် ဖြစ်သည်။

US$ 0.94, CHF 1.30 နှင့် EUR 1.15 တန် တံဆိပ်ခေါင်းသစ် ၃ မျိုးကို "ဦးသန့်ရာပြည့်" တွင် အထိမ်း အမှတ်အဖြစ် ၂ဝဝ၉ ခုနှစ် ဖေဖေါ်ဝါရီလဆန်း၌ ထုတ်ဝေသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ ဦးသန့်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတွင်းရေးမှူးချုပ်အဖြစ် တညီတညွတ်တည်း ခန့်အပ်ခဲ့ကြပြီး ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်သွားခဲ့သည်။

ဦးသန့်သည် ဤကမ္ဘာ့အဖွဲ့အစည်းကြီး၌ ဤရာထူးကို ထမ်းဆောင်သည့် ပထမဆုံး အာရှတိုက်သားဖြစ်ပြီး၊ နောက်ထပ် ဤရာထူးကို ရရှိသူမှာ တောင်ကိုရီးယားနိုင်ငံမှ လက်ရှိအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ဖြစ်သည်။

ဦးသန့်ကို မြန်မာနိုင်ငံ ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် ၁၉ဝ၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က မွေးဖွားခဲ့ပြီး၊ အဆုတ်ကင်ဆာရောဂါဖြင့် ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က ကွယ်လွန်ခဲ့သည်။

အတွင်းရေးမှူးချုပ်အဖြစ် သူ၏ ရာထူးသက်တမ်းအတွင်း ဦးသန့်သည် ဖြစ်ပွားလာဖွယ်ရှိသော စစ်ပွဲများကို စေ့စပ်ဖြန်ဖြေ၍ အောင်မြင်စွာ တားဆီးပေးနိုင်ခဲ့သည်။ ထိုသို့ မတားဆီးနိုင်ခဲ့ပါက ၁၉၆၂ ခုနှစ် ယီမင်နိုင်ငံ၊ ၁၉၆၈ ဘာရိန်းနိုင်ငံတို့တွင် ပိုမိုကျယ်ပြန့်သော ဒေသဆိုင်ရာ ပဋိပက္ခများအထိ ဖြစ်ပွါးလာခဲ့မည် ဖြစ်သည်။

ဤသို့ ကျော်ကြားထင်ရှားခဲ့သူ ဖြစ်သော်လည်း၊ မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်က သွေးထွက်သံယို မရှိသော အာဏာသိမ်းပွဲဖြင့် အာဏာရလာသူ ဗိုလ်ချုပ်ကြီးနေဝင်းက ဦးသန့်၏ ရုပ်အလောင်းကို နယူးရောက်မြို့မှ လေယာဉ်ဖြင့် သယ်လာသောအခါ နိုင်ငံတော်ဈာပနဖြင့် ဂုဏ်ပြုရန် ငြင်းဆန်ခဲ့သည်။

ဗိုလ်ချုပ်ကြီးနေဝင်း၏ လုပ်ရပ်က ရန်ကုန်တက္ကသိုလ် ကျောင်းသားများကို ချက်ချင်းပင် ဆွပေးလိုက်သလို ဖြစ်သွားပြီး၊ ကြီးကျယ်သော ဈာပနအခမ်းအနား ကျင်းပ၍ ဂုဏ်ပြုရန် ဦးသန့်၏ ရုပ်အလောင်းကို လုယူကာ တက္ကသိုလ်နယ်မြေသို့ သယ်ဆောင်သွားကြသည်။ သို့သော် ဗိုလ်ချုပ်ကြီးနေဝင်းက တက္ကသိုလ်နယ်မြေ အတွင်းသို့ စစ်တပ်များစေလွှတ်ကာ ကျောင်းသားများကို သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ပါသည်။

ဦးသန့်အား နိုင်ငံတော်ဈာပနဖြင့် ကျင်းပဂုဏ်ပြုရန် တောင်းဆိုရာမှ စတင်ခဲ့သော ဤအဖြစ်အပျက်သည် နောင်အခါတွင် မြန်မာ့ခေတ်သစ်သမိုင်း၌ "ဦးသန့်အရေးအခင်း" အဖြစ် လူသိများခဲ့သည်။ ဤအရေးအခင်း ကို စစ်တပ်က သွေးထွက်သံယို နှိမ်နင်းအပြီးတွင် ကျောင်းသားများ အရပ်သားများ အများအပြားသည် ရန်ကုန်မြို့ လမ်းမများပေါ်တွင် ချီတက်၍ ဦးနေဝင်းနှင့်သူ၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ဆန္ဒပြခဲ့ကြ သည်။

ကုလသမဂ္ဂ စာတိုက်ဌာန၏ အဆိုအရ နိုင်ငံလဲမဟုတ်၊ ပိုင်နက်နယ်မြေတခုလဲ မဟုတ်ဘဲ တံဆိပ်ခေါင်း ထုတ်ဝေခွင့်ရသည့် အဖွဲ့အစည်းမှာ ကမ္ဘာပေါ်တွင် ကုလသမဂ္ဂအဖွဲ့ တခုထဲသာရှိသည်ဟု ဆိုသည်။

အလားတူပင် ကုလစာတိုက်ဌာနသည် အမေရိကန်ဒေါ်လာ၊ ဆွစ်ဖရန့်နှင့် ယူရို ငွေကြေး ၃ မျိုးဖြင့် တံဆိပ် ခေါင်းများ ထုတ်ဝေသည့် တခုတည်းသော စာပို့တိုက် အာဏာပိုင်အဖွဲ့လည်း ဖြစ်သည်။


ဆလိုင်းပီးပီး
REF:မဇ္ဈိမ

0 comments:

အပေါ်သို့