Tuesday, December 16, 2008

ဒေါ်ခင်စန္ဒာဝင်းကို လွှတ်ပေးလိုက်ပြီ

မြန်မာပြည်၏ စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ သမီး ဒေါ်ခင်စန္ဒာဝင်းကို နေအိမ် အကျယ်ချုပ်မှ လွှတ်ပေး ခဲ့သည့်သတင်းက မြန်မာအသိုင်းအဝန်းအတွက် အံ့သြတကြီး မဖြစ်ခဲ့ကြောင်း တွေ့ရသည်။

အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်သော ဒေါ်ခင်စန္ဒာဝင်းကို အကျယ်ချုပ်ချထားသည့် အင်းလျားကန်စောင်း နေအိမ်တွင် ၎င်းကို လွှတ်ပေးသည့် ဒီဇင်ဘာ ၁၂ ရက်နေ့ မတိုင်မီ လအနည်းငယ်အကြာကတည်းက စစ်ဗိုလ်ချုပ်တချို့တို့ သွားရောက်တွေ့ဆုံခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

ဒေါ်ခင်စန္ဒာဝင်းကို ဖခင် ဦးနေဝင်း၏ အသက် ၉၀ ပြည့် မွေးနေ့ပွဲတွင်
အတူတွေ့ရစဉ် (ဓာတ်ပုံ - longwalktofreedom.blog.com)

တချို့သော သတင်းရပ်ကွက်များ၏ အဆိုအရ ဒေါ်စန္ဒာဝင်းသည် အကျယ်ချုပ်အဖြစ် ကျခံနေစဉ် အလွန် အထီးကျန်ဆန်ခဲ့ပြီး ၎င်းနေအိမ် ပြူတင်းပေါက်မှနေ၍ ဖြတ်သန်း သွားလာသူများကို လက်ဝှေ့ရမ်းပြခဲ့ ကြောင်း သိရသည်။

ဒေါ်စန္ဒာဝင်း နေအိမ်အကျယ်ချုပ် ကျခံရသော ပထမနှစ်တွင် ခြံဝင်းအတွင်း၌ ၎င်း၏ ခွေးနှင့်အတူ လမ်းဆင်း လျှောက်နေခဲ့သည်ကို အိမ်နီးချင်းများက မြင်တွေ့ခဲ့ရသည်။ အကျယ်ချုပ်ကာလအတွင်း ထမင်းချက် တဦး တည်းနှင့်သာ တွေ့ဆုံခွင့်ရခဲ့၏။

ဒေါ်ခင်စန္ဒာဝင်း၏ ခင်ပွန်း ဦးအေးဇော်ဝင်းနှင့် သား ၃ ဦးကို ၂၀၀၂ ခုနှစ်က နိုင်ငံတော်ပုန်ကန်မှုဖြင့် သေ ဒဏ်ချမှတ်ခဲ့သော်လည်း ၎င်းကိုမူ နေအိမ်အကျယ်ချုပ်အဖြစ်သာ ကျခံစေခဲ့သည်။

နေအိမ်အကျယ်ချုပ် ဥပဒေအရ သက်မှတ်ထားသည့် နှစ်စေ့လျှင် လွှတ်ရသည့် သဘောရှိသောကြောင့် ဒေါ်ခင်စန္ဒာဝင်းကို လွှတ်လိုက်ခြင်း ဖြစ်ဟန်ရှိသည်။

နေအိမ်အကျယ်ချုပ်ပုဒ်မ ၁၀ (ခ) အရ ၅ နှစ်အထိသာ ချုပ်နှောင်ထားရန် အကျုံးဝင်သော်လည်း လက်ရှိ စစ် အစိုးရက ၆ နှစ်ဟု သတ်မှတ်ခဲ့သည်။

စစ်အစိုးရ၏ သတ်မှတ်ချက်အရဆိုလျှင် ၂၀၀၃ ခုနှစ်က စတင်၍ နေအိမ်အကျယ်ချုပ် ချထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၆ နှစ်သက်တမ်းစေ့သည့် လာမည့် ၂၀၀၉ မေလတွင် ပြန်လည် လွှတ်ပေး ရမည် ဖြစ်သည်။

ဒေါ်စန္ဒာဝင်းကို လွှတ်ပေးခဲ့သော်လည်း ၎င်း၏ ခင်ပွန်းသည်နှင့် သား ၃ ဦးတို့မှာ အင်းစိန်ထောင်တွင်း၌ပင် ရှိ နေသေးသည်။

ဦးအေးဇော်ဝင်းနှင့် သား ၃ ဦးကို အင်းစိန်ထောင်တွင်းရှိ သီးသန့် တိုက်ငယ် ၄ ခုတွင် သီးခြားစီ ချုပ်ထား ကြောင်း သူတို့ကို မြင်တွေ့ခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ပြောပြသည်။ ဦးအေးဇော်ဝင်း သည် နေ့စဉ် ဘုရားတရား အလုပ်များကိုလုပ်နေသည်ဟု မြင်တွေ့ခဲ့သူက ဆိုသည်။

ဒေါ်ခင်စန္ဒာဝင်းသည် ၎င်း၏ မိခင် ဒေါ်ခင်မေသန်း ကွယ်လွန်ပြီးနောက်ပိုင်းတွင် အာဏာရှင် ဦးနေဝင်း၏ သားသမီးများအနက် နာမည်အကြီးဆုံးဖြစ်သည်။

< ကြိမ်တိုင်တိုင်လက်ထပ်ခဲ့သော ဦးနေဝင်းသည် ဒေါ်ခင်မေသန်းနှင့် စန္ဒာဝင်း၊ ကြေးမုံဝင်းနှင့် ဖြိုးဝေဝင်း ဟူ၍ သားသမီး ၃ ဦး ရရှိခဲ့ပြီး ဒေါ်ခင်စန္ဒာဝင်းက ဦးနေဝင်း၏ အချစ်ဆုံးသမီးဖြစ်သည်။ သမီးဖြစ်သူ စန္ဒာဝင်းကို ဦးနေဝင်းက နိုင်ငံခြားခရီးစဉ်များစွာ ခေါ်သွားလေ့ရှိသည်မှာ ၁၉၉၇ ခုနှစ်က သွားခဲ့သည့် ၎င်း၏ အင်ဒိုနီးရှားနိုင်ငံသို့ အလည်အပတ် ခရီးစဉ်အထိပင်ဖြစ်သည်။ ထိုစဉ်က အင်ဒိုနီးရှား သမ္မတ ဆူဟာတိုက ဖိတ်ခေါ်သဖြင့် ဦးနေဝင်းက အလည်အပတ် သွားခဲ့ခြင်းဖြစ်၏။ အာဏာလက်ဝယ် ယူမထားသော်လည်း ဦးနေဝင်းမှာ ထိုအချိန်ထိ မြန်မာစစ်တပ်အတွင်း သြဇာလွှမ်းမိုးဆဲ ဖြစ်ကာ ချယ်လှယ်နေခဲ့သူဖြစ်သည်ဟု နိုင်ငံရေးအသိုင်းအဝန်းက ယုံကြည်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ်က စစ်တပ်အတွင်း ဆရာဝန်တဦးအဖြစ် တာဝန်ထမ်းဆောင်ဆဲဖြစ်သော ဒေါ်ခင်စန္ဒာဝင်းကို အများက ၁၉၈၈ ခုနှစ် အရေးတော်ပုံကို နှိမ်နင်းရာ၌ အဓိကနေရာမှ ဦးဆောင်ခဲ့သူတဦး ဖြစ်သည်ဟု သိရှိ ထားကြသည်။ ဦးနေဝင်းသည် ၈၈ လူထုလှုပ်ရှားမှုကြီးကို နှိမ်နင်းရန် ၎င်း၏ စစ်ဗိုလ်ချုပ်များနှင့် အင်းလျားလမ်းနေအိမ်၌ တိုင်ပင်သည့်အခါတိုင်း သမီးဖြစ်သူ စန္ဒာဝင်းမှာ ဦးနေဝင်း၏ နံဘေး၌ အရေးကြီးသော ဆုံးဖြတ်ချက်များကို ပါဝင်ဆွေးနွေး၊ အကြံပေးခဲ့သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူများက ခန့်မှန်းခဲ့ကြသည်။ ဦးနေဝင်း၏ အယုံကြည်ရဆုံး တပည့်တဦးဖြစ်သူ လက်ရှိအထိန်းသိမ်းခံထားရသည့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် အာဏာရှိစဉ်ကာလတွင် ဒေါ်ခင်စန္ဒာဝင်းသည် နဝရတ်ဟိုတယ် အပါအဝင် ကုမ္ပဏီပေါင်း များစွာ ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်လာသည်။ နဝရတ်ဟိုတယ်တွင် ရန်ကုန်မြို့၏ အချက်အချာ ကျသော နိုက်ကလပ်များပါဝင်သည်။ အထိန်းအသိမ်း မခံရမီ ၃ လခန့်အလိုက ဒေါ်စန္ဒာဝင်းနှင့် ၎င်းခင်ပွန်းတို့၏ မင်္ဂလာနှစ်ပတ်လည်ကို ခမ်းနား စွာ ကျင်းပခဲ့သေးသည်။ ၎င်းအခမ်းအနားသို့ တက်ရောက်သူအားလုံးကို အနောက်တိုင်းဝတ်စုံ ပြည့်စုံ စွာ ဝတ်ဆင်ခဲ့ရန် ဖိတ်ကြားစာ၌ ထည့်သွင်းပန်ကြားခဲ့သည်။ ဒေါ်ခင်စန္ဒာဝင်းနှင့် ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့မှာ အင်းလျားကန်၏ တဘက် တချက်ရှိ ၎င်းတို့၏ နေအိမ်ကြီးများ၌ လပိုင်းသာခြား၍ အကျယ်ချုပ်ကျခံကြရသူများဖြစ်သည်။ နှစ်ဦးစလုံးမှာ မြန်မာ့တပ်မတော်ခေါင်းဆောင်ကြီးများ၏ သမီးများဖြစ်ကြသည်။ တခု ကွာခြားသည်မှာ ဒေါ်အောင်ဆန်း စုကြည်က လွတ်လပ်ရေး၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ပြီး ဒေါ်ခင်စန္ဒာဝင်းက မြန်မာပြည်ကို နှစ်ပေါင်းများစွာ နှိပ်ကွပ်ခဲ့သည့် စစ်အာဏာရှင် ဦးနေဝင်း၏ သမီးဖြစ်နေခြင်းပင်။ ယခုအခါ ဒေါ်ခင်စန္ဒာဝင်းကို စစ်အစိုးရက လွှတ်ပေးလိုက်ပြီဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် မေလတွင် လွှတ်ပေး၊ မပေးကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။


အေးချမ်းမြေ့
REF: ဧရာဝတီ

0 comments:

အပေါ်သို့