Tuesday, December 16, 2008

နိုင်ငံရေးအကျဉ်းသားများ အမှုလိုက်ရှေ့နေ ထိုင်းနိုင်ငံသို့ ရှောင်တိမ်း

နိုင်ငံရေး အကျဉ်းသားများ၏ အမှုလိုက်ရှေ့နေ ကိုစောကျော်ကျော်မင်းသည် စစ်အာဏာပိုင်များ၏ မတရား ဖမ်းဆီး အရေးယူမှုမခံရရန် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ တိမ်းရှောင်ခဲ့မှုနှင့် ပတ်သက် ပြီး ကိုစောကျော်ကျော်မင်းက ရှင်းလင်းပြောကြားသည်။

ကိုစောကျော်ကျော်မင်းက “တရားရုံးက အမိန့်ချလိုက်ချိန်မှာ ကျနော်က ဒီလိုမျိုး မတရား ဖမ်းဆီးချူပ်နှောင်မှု ကို မခံမရပ်နိုင် ဖြစ်တဲ့အတွက် ထွက်ပြေးတိမ်းရှောင် လာရခြင်းဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ အသက်၂၉ နှစ်ရှိ ကိုစောကျော်ကျော်မင်းနှင့် အတူ လူငယ်ရှေ့နေ ကိုညီညီထွေးတို့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက ပြစ်မှု ဥပဒေပုဒ်မ ၂၂၈ အရ တရား စီရင်မှုကို အနှောင့်အယှက်ပေးသည့် ပြစ်မှုဥပဒေဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရသည်။ ယင်းသို့ ထောင် ဒဏ် ချမှတ်လိုက်ချိန်တွင် ကိုစောကျော်ကျော်မင်းက ယခုကဲ့သို့ တိမ်းရှောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီဘက်မှာ နိုင်ငံရေးအင်အားစုတွေနဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး လွတ်လပ်မျှတတဲ့ အထိရဖို့အတွက်ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်”ဟုလည်း ကိုစောကျော်ကျော်မင်းက ဆက်ပြောသည်။

ကိုစောကျော်ကျော်မင်းသည် လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့(HRDP) ခေါင်းဆောင် ဦးမြင့်အေး အပါအဝင် အန်အယ်လ်ဒီအဖွဲ့ဝင်များနှင့် နိုင်ငံရေးလှုပ်ရှားသူ ၂၀ ခန့် တို့၏ အမှုများကို လိုက်ပါဆောင်ရွက် ပေးခဲ့သူဖြစ်သည်။

ယင်းကိုစောကျော်ကျော်မင်းက ၈၈မျိုးဆက်ကျောင်းသားများအပါအဝင် နိုင်ငံရေးလှုပ်ရှားသူများအား ထောင် ဒဏ် နှစ်ရှည်ချမှတ်လိုက်ခြင်းအပေါ် ယခုလို ထင်မြင်ကြောင်းလည်း ဆက်လက်ပြောဆိုသည်။

“ပြည်သူလူထုကို ကိုယ်စားပြုတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေဟာ အုပ်ချူပ်ရေးယန္တရားတွေကို ထိခိုက်လာနိုင် တဲ့အတွက် ရန်ငြိုးအာဃာတနဲ့ နှစ်ရှည် ထောင်ဒဏ်ချလိုက်ခြင်းဖြစ်တယ်လို့ မြင်ပါတယ်။ ကိုစည်သူမောင်၊ ရဲမြတ်ဟိန်း၊ ပြည့်ဖြိုးလှိုင်တို့လို ကျောင်းသားလူငယ်တွေကို နှစ်ရှည်ထောင်ချခြင်းဟာ နိုင်ငံရေးမျိုးဆက်တွေ ကိုဖြတ်တောက်တာ၊၂၀၁၀ ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်မလာစေရန် ကြိုတင်တားဆီးတဲ့အနေနဲ့ နှစ်ရှည်ချခြင်းဖြစ်တယ်လို့မြင်တယ်”ဟု သူက ပြောသည်။

နိုင်ငံရေးလှုပ်ရှားသူများ၏ အမှုများကို လိုက်ပါဆောင်ရွက်ရာတွင် အာဏာပိုင်များက ရှေ့နေများထက် ကာယကံရှင် မိသားစုများကို ပိုမိုဖိအားပေးမှုများရှိကြောင်းလည်း ကိုစောကျော်ကျော်မင်းက ပြောပြသည်။

“အဓိကအားဖြင့်တော့ ရှေ့နေတွေအခက်အခဲက နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်မယ်ဆိုရင် ရှေ့နေ တွေထက် နိုင်ငံရေးအကျဉ်းသား မိသားစုတွေက ပိုပြီးဖိအားပေးခံရတယ်၊ ဒီရှေ့နေတွေကို ဘာကြောင့် ငှား တာလည်း ဘယ်လို အဆက်အသွယ်မျိုးနဲ့ ငှားတာလဲဆိုတဲ့ ဖိအားပေးခြင်းမျိုးခံရတယ်” ဟု ၎င်းက ပြော သည်။

၈၈မျိုးဆက်သစ်ကျောင်းသားအဖွဲ့ဝင်များ၊ လူရွင်တော်ဇာဂနာ၊ မစုစုနွေး၊ အရှင်ဂမ္ဘီရ အစရှိသူတို့၏ အမှု လိုက်ရှေ့နေကြီး ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ဗဟိုတရားရုံးချူပ်က နိုဝင်ဘာလ ၇ ရက်နေ့ တွင် ထောင်ဒဏ် ၄ လ စီ ချမှတ်ပြီးနောက် ၁၀ ရက်အကြာတွင် ဦးအောင်သိန်းအား ပုသိမ်ထောင်နှင့် ဦးခင်မောင် ရှိန်အား မြောင်းမြထောင်သို့ ပြောင်းရွှေ့ခဲ့မှုများနှင့် ပတ်သက်၍လည်း ဥပဒေကို အလွဲသုံးစားပြု ကျူးလွန် နေခြင်းဖြစ်သည်ဟု ၎င်းကပြောဆိုသည်။

“အခုလို ပြုလုပ်ခြင်းအားဖြင့် တဘက်ကကြည့်ရင် စွပ်စွဲခံရတဲ့ သူတွေကို ရှေ့နေတွေနဲ့ လိုက်ပါဆောင်ရွက် ခွင့် ဥပဒေအရပြုထားတယ်ဆိုတာကို ပြထားပေမယ့်လို့ အမှန်တကယ်မှာ ရှေ့နေတွေအနေနဲ့ ခုခံချေပဖို့ အခွင့်အရေးတွေ နည်းပါးသထက်နည်းပါးအောင် ဥပဒေကို လက်တလုံးခြားလုပ်တဲ့ အနေအထားတွေ ပေါ်လွင်နေပါတယ်”ဟု ကိုစောကျော်ကျော်မင်းက ဆိုသည်။

ထို့အပြင် ရှေ့နေတဦးက နိုင်ငံရေးအကျဉ်းသား တယောက်အတွက် လိုက်ပါဆောင်ရွက်မည် ဆိုလျှင်လည်း ရှေ့နေပါဝါ တင်သည့်အချိန်တွင် သာမန်အမှုများထက် ၁၀ ရက် ခန့်ကြာသည်အထိ စောင့်ဆိုင်းရကြောင်း၊ နိုင်ငံရေးအမှုလိုက်ရှေ့နေက အကြောင်းအမျိုးမျိုးကြောင့် တရားရုံးသို့ နောက်ကျမှ ရောက်မည်ဆိုလျှင် လည်း တရားရုံးက အမှုစစ်ဆေးပြီးနေကြောင်း စသည့်အခက်အခဲများဖြင့် ရင်ဆိုင်ရသည်ဟုလည်း ကိုစော ကျော်ကျော်မင်းက ပြောဆိုသည်။


အေးလဲ့
REF: ဧရာဝတီ

0 comments:

အပေါ်သို့