Tuesday, December 16, 2008

ဘန်ကီမွန်း မြန်မာနိုင်ငံသွားသင့်ဟု အီးယူကိုယ်စားလှယ်ယူဆ

၁၅ ဒီဇင်ဘာ ၂၀၀၈
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်သည် နအဖစစ်အစိုးရနှင့် အတိုက်အခံများ အကြား ဆွေးနွေးနိုင်ရေးအတွက် တွန်းအားဖြစ်နိုင်သဖြင့် အကျိုးရှိမည့်ရလဒ် ပေါ်ထွက်လာနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ် Piero Fassino က ယနေ့ပြောသည်။

“ခုထက်ထိ ဖြစ်ပေါ်မလာသေးတဲ့ အတိုက်အခံ ဒီမိုကရက်၊ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ စစ်အစိုးရတို့ အကြား အရေးပါတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဘန်ကီမွန်းရဲ့ ပုဂ္ဂိုလ်ရေးအရ ချဉ်းကပ်မှုတွေကနေတဆင့် ဖြစ်ပေါ်လာနိုင်မယ်လို့ ကျနော်တို့က ယုံကြည်ကြပါတယ်” ဟု Piero Fassino က ဂျပန်နိုင်ငံ တိုကျိုမြို့၌ သတင်းထောက်များကို ပြောခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အခြေအနေသည် သွားရောက်လည်ပတ်ရန် အဆင်သင့် မဖြစ်သေးကြောင်း မစ္စတာ ဘန်ကီမွန်းက ယခင်ရက်ပတ် သောကြာနေ့၌ ပြောကြားခဲ့မှုကို သဘောတူသော်လည်း မစ္စတာဘန်ကီမွန်း အနေဖြင့် ဤခရီးစဉ်အား “ပြည့်စုံသည့် ပြင်ဆင်မှု” များပြုလုပ်၍ သွားရမည်ဖြစ်သည်ဟု အီတလီနိုင်ငံခြား ရေး ၀န်ကြီးဟောင်းလည်းဖြစ်သူ Piero Fassino က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် မြန်မာနိုင်ငံသို့ တကြိမ် မျှ မရောက်ရှိသေးသော Piero Fassino သည် ၎င်း၏ အာရှနိုင်ငံများခရီးစဉ်၏ တစိတ်တပိုင်းအဖြစ် ဂျပန် နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

နအဖက ပြုလုပ်မည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် တရားမျှမှုရှိသည့် ရွေးကောက်ပွဲတခုဖြစ်လာစေ ရေးအတွက် ကမ္ဘာ့အသိုင်းအ၀န်းအနေဖြင့် ၀ိုင်းဝန်းလုပ်ဆောင်ကြရန်လည်း Piero Fassino က တိုက်တွန်းခဲ့ သည်။

Piero Fassino က “ကျနော်တို့ ဒီအတိုင်းရပ်ကြည့်နေလို့မဖြစ်ပါဘူး။ ဒီမိုကရေစီဆိုင်ရာ အာမခံချက်တွေ ရဖို့အတွက် အခုပဲ စတင်လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ မြန်မာလူထုနဲ့ ပြည်သူပြည်သားတွေအနေနဲ့ သူတို့ ရဲ့ အနာဂတ်အတွက် သူတို့ကိုယ်တိုင် ဆုံးဖြတ်ကြဖို့ကို ကျနော်တို့ လိုလားပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို လည်း လွတ်လပ်ပြီး တရားမျှတစွာနဲ့ ကျင်းပတာကို လိုလားပါတယ်” ဟု ပြောသည်။

ယခုလဆန်းပိုင်းကလည်း နေအိမ်အကျယ်ချုပ်ခံနေရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရေး စစ်အစိုးရကို တောင်းဆိုရန် အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေဖြင့် မြန်မာနိုင်ငံသို့ ယခုလမကုန်မီ သွားရောက်ရန် ကမ္ဘာ့နိုင်ငံပေါင်း (၅၀) ကျော်မှ သမ္မတဟောင်းနှင့် ၀န်ကြီးချုပ်ဟောင်း (၁၁၂) ဦးက စာရေးတိုက်တွန်းခဲ့ သေးသည်။

ထို့အပြင် မြန်မာနိုင်ငံရေးနှင့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်မှုမရှိခြင်းအပေါ် စိုးရိမ်သည့် တောင်ကိုရီးယား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဂျပန်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် အင်ဒိုနီးရှားတို့မှ လွှတ်တော်အမတ် (၂၄၁) ဦးကလည်း အလားတူ တောင်းဆိုမှု ပြုလုပ်ခဲ့သည်။



REF: ခေတ်ပြိုင်


0 comments:

အပေါ်သို့